ယွမ်ရှဂြိုဟ်ပေါ်တွင် ဝမ်လင်းက ကြာပွင့်သဏ္ဌာန်ထိုင်နေသည်။သူ့မျက်လုံးများက တောက်ပလျက် ရှိ၏။ တစ္ဆေလောကမြစ်၏ စွမ်းအားက အရိုး၏ တစ်ဖက်တစ်ချပ်စီကို ဖုံးအုပ်ထားလျက် ရှိသည်။ထိုအခိုက်အတန့်၌ အရိုးပေါ်ရှိ ခပ်နက်နက်အက်ကွဲကြောင်း၏ ဟိုဘက်သည်ဘက် နှစ်ခြမ်းလုံးသည် ပြင်းထန်စွာ တုန်ယင်လာသည်။
လမြွေနဂါးကလည်း ခုချိန်၌ ထိုသို့သော အခြေအနေသို့ ဆိုက်ရောက်နေသည်။
ဂြိုဟ်တစ်ခုလုံးသည် ပြင်းပြင်ထန်ထန် စတင်တုန်ခါလာသည်။ဝမ်လင်း ပတ်လည်ရှိ ဧရိယာသည်လည်း ပြင်းထန်စွာ တုန်ခါနေသည်။သို့သော် သူ့ခန္ဓာကိုယ်က ထိုနေရာ၌ အမြစ်တွယ်နေသကဲ့သို့ မလှုပ်မယှက် ရှိနေ၏။
အံ့မခန်းနာကျင်မှုက သည်ဧရာမလမြွေနဂါးကြီး ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့လာခဲ့သည်။ သို့သော် ကောင်းကင်ဘုံတက်ခြင်းသစ်သီး ပမာဏများစွာ၏ သက်ရောက်မှုကြောင့် နာကျင်မှုသည် ထုံထိုင်း လျော့နည်းသွားစေသည်။တစ်နည်းအားဖြင့် ထိုနာကျင်မှုက စိတ်လှုပ်ရှားမှုအာရုံသို့ ပြောင်းသွားခြင်းလည်း ဖြစ်၏။
ဂြိုဟ်ကို ဖုံးအုပ်နေသော လက်တံများထံမှလည်း အနီရောင်မြူများ ပေါက်ကွဲထွက်လာသည်။ ထိုလက်တံများကလည်း ပြင်းပြင်းထန်ထန် တုန်ယင်ကာ ဂြိုဟ်ထံကနေ ခပ်အုပ်အုပ် အသံများပင် ထွက်ပေါ်လာခဲ့သည်။
ယွမ်ရှဂြိုဟ်၏ အတွင်း အနက်ပိုင်းထဲ၌ ဝမ်လင်းမျက်လုံးက ပို၍ တောက်ပလာခဲ့သည်။ သူ့လက်နှစ်ဖက်ထံကနေ အတောမသပ်နိုင်သော စုပ်အား တစ်ခု ထွက်ပေါ်လာကာ အရိုးနှစ်ပိုင်းအပေါ် သက်ရောက် ပျံ့နှံ့နေသည်။ ထိုစုပ်အားက အရိုးကို လမြွေနဂါး၏ ခန္ဓာကိုယ်ကနေ ဓားဖြင့် ပိုင်းယူနေခြင်းနှင့် ဆင်တူသည်။
သည်ဖြစ်စဉ်အတွင်း သည်လမြွေနဂါးကြီးသည် ပို၍ ပြင်းထန်စွာ လှုပ်ယမ်းခါလာခဲ့သည်။ ဂြိုဟ်မျက်နှာပြင်ပေါ်၌လည်း မရေမတွက်နိုင်သောအက်ကွဲကြောင်းများ ပေါ်လာခဲ့၏။ လက်တံများကလည်း ပို၍ ဆန့်ထွက်လာခဲ့သည်။ တစ်ချိန်တည်းမှပင် လမြွေနဂါး၏ ကိုယ်ပေါ်မှ မြောက်များစွာသော မြေစိုင်မြေခဲအမှုန်အမွှားများက ကျဆင်းလာခဲ့၏။
ထိုမြေစိုင်အမှုန်များ ကျဆင်းလာနေရင်း ဂြိုဟ်အတွင်းဘက်ကနေ ရှေးဟောင်းအော်ရာတစ်ခုသည် ဖြည်းဖြည်းချင်း ပျံ့နှံ့လာခဲ့သည်။ယင်းအရာက နှစ်ပေါင်းမရေမတွက်နိုင်အောင် အိပ်ပျော်နေခဲ့သော ကြမ်းကြုတ်သည့်သားရဲကြီးက တဖြည်းဖြည်းချင်း နိုးလာလာနေခြင်းသာ ဖြစ်တော့၏။
တုန်ခါမှုက ပိုပို၍ ပြင်းထန်လာနေသည်။ လက်တံများထံမှ အနီရောင်မြူကလည်း ပို၍ ထွက်ပေါ်နေသည်။အနီရောင်မြူနှင့် အပြင်ဘက်ရှိ မြူလွှာတို့က ရောနှောသွားကာ သိပ်သည်းသော ပိုးအိမ်တစ်ခုလို ဖြစ်လာသည်ဟု ထင်မှတ်ရ၏။
ဝမ်လင်းမျက်လုံးများကလည်း ပို၍ပို၍ပင် တောက်ပလာခဲ့သည်။ မြေပြင်က အရင်ထက် တုန်ခါလာကာ ဘေးကပ်ဆိုးအာရုံက နေရာအနှံ့ကနေ သူ့ထံသို့ တိုးဝင်လာနေခဲ့သည်။
ဝမ်လင်းက ရုတ်တရက် မတ်တပ်ထရပ်လိုက်ကာ အလင်းတန်းအလား လှုပ်ရှားလိုက်၏။ ခုချိန်၌ သူ့မျက်လုံးထဲတွင် မိုးကြိုးခွန်အားတို့ ပါဝင်နေခဲ့သည်။ သူက ချက်ခြင်းပင် အရိုးဘယ်ဘက်ပိုင်းသို့ ရောက်သွား၏။ထို့နောက် သူက လက်နှစ်ဖက်လုံးဖြင့် ထိုအရိုးကို ဆွဲမကာ အော်ပြောလိုက်သည်။ “မြောက်တက်လာစမ်း..”
ဝမ်လင်း လက်မောင်းပေါ်ရှိ သွေးကြောများပင် ဖောင်းကြွလာခဲ့သည်။ သူ့ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် လှည့်ပတ်နေမှုကနေလည်း မရေမတွက်နိုင်သော စာလုံးများက တဖျပ်ဖျပ်ပေါ်လာခဲ့ချေ၏။
သူ့လက်နှစ်ဖက်ဖြင့် အရိုးဘယ်ဘက်ပိုင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။သူ့မျက်လုံးများကလည်း ရူးသွပ်သည့်အရိပ်အမြွက်တို့ ပြသလာခဲ့သည်။ ထိုရူးသွပ်မှုထဲ၌ သာမန်ထက်ပိုသော တည်ငြိမ်မှုတစ်ခု ပါရှိနေ၏။
“ငါ့အတွက် ကြွတက်လာစမ်း…” ဝမ်လင်းက နောက်တစ်ဖန် ထပ်အော်သည်။ သူက သူ့လက်နှစ်ဖက်ဖြင့် အရိုးကို ဆွဲယူသည်။ မြေပြင်က ပိုပို တုန်ခါလာကာ နာကျင်စွာအော်သံ၊ဟိန်းသံများက မြေကြီးတစ်လျှောက် ပျံ့နှံ့လာခဲ့သည်။သို့ရာတွင် ကောင်းကင်ဘုံတက်ခြင်း သစ်သီး၏ စွမ်းအားကြောင့် ဧရာမလမြွေနဂါးကြီးသည် ထိုခံစားချက်က မည်သည့်အရာဖြစ်မှန်း သေချာပိုင်းဖြတ်နိုင်စွမ်းမရှိ ဖြစ်နေ၏။
ဝမ်လင်းက လမြွေနဂါး၏အရိုးတစ်ဝက်ကို ၎င်း၏ခန္ဓာကိုယ်ကနေ သုံးလမခန့် မြောက်ကြွလာအောင် ပြုလုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
တစ်လက်မ ကြွတက်လာမှုကပင် အလွန်အရေးကြီးလှ၏။ ဝမ်လင်းက သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များအားလုံးကို ချက်ခြင်းအသက်သွင်းကာ အရိုးကို ဆွဲယူလိုက်ပြန်သည်။ မြေကြီးထဲမှ အတောမသပ်နိုင်သော တုန်ယင်သံများ ထွက်ပေါ်လာကာ အရိုးသည်လည်း ဆက်တိုက် ဆွဲထုတ်ယူခံနေရသည်။
ခုနစ်လက်မ၊ ဆယ်လက်မ၊ပေသုံးဆယ်၊ခြောက်ပေ၊ ဆယ်ပေ၊ ပေတစ်ရာ…။
ထိုပွတ်တိုက်မှုမှ ထွက်ပေါ်လာသည့်အသံက လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို တုန်ခါသွားစေဖို့ လုံလောက်နေသည်။ဝမ်လင်းက ထိုအရိုးတစ်ဝက်ကို ပိုပိုမြန်သထက်မြန်အောင် ဆွဲထုတ်နေသည်။
ဝမ်လင်းမျက်နှာကလည်း ကြမ်းတမ်းနေ၏။ သူ့ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည်လည်း အရူးအမူး မြင့်တက်လာနေသည်။ သူကသာ အာဏာတက်ခြင်းနောက်ဆုံးအဆင့်သို့ မရောက်ခဲ့ပါက သူ့ခန္ဓာကိုယ်သည် ထိုမျှကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် သုံးစွဲမှုကို ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် လှည့်ပတ်သွားတိုင်း ဝမ်လင်းခွန်အားက ကြီးစွာ တိုးတိုးလာခဲ့သည်။သူ့မျက်လုံးများက နီရဲနေကာ သူက မာန်သွင်းလိုက်၏။
ဝမ်လင်း၏ခွန်အားက အထွတ်အထိပ်သို့ ရောက်လာခဲ့ချေပြီ။
ဝမ်လင်းက ထိုအရိုးပိုင်းနှင့်အတူ မျက်နှာပြင်ပေါ်သို့ တဟုန်ထိုး ထိုးတက်နေစဉ်တွင် ကျယ်လောင်သော တော်လဲသံ တစ်ခု မြည်ဟိန်းလာသည်။
နှိုင်းယှဉ်လျှင် ပုံရိပ်ယောင်ယင်အဆင့်ရှိ ကောင်းကင်ဘုံသက်တော်စောင့်က ဝမ်လင်းထက် များစွာ သန်မာနေ၏။ ၎င်းက ညာဘက်ပိုင်းရှိ အရိုးဘေးသို့ ရောက်သွားခဲ့သည်နှင့် လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်ကိုင်လိုက်သည်။ ကောင်းကင်ဘုံသက်တော်စောင့်က နောက်ထပ် အရိုးတစ်ပိုင်းကို ဆွဲမလိုက်ချိန်၌ မြေကြီးများက ပိုမို တုန်ဟီးတုန်ယင်လာခဲ့သည်။
ကောင်းကင်ဘုံသက်တော်စောင့်က အရိုးကို ကိုင်ထားရင်း ၎င်း၏ခန္ဓာကိုယ်က အနီရောင်ရောစပ်နေသော ရွှေရောင် တောက်ပလာခဲ့သည်။၎င်းက အရိုးကို တရွတ်တိုက်ဆွဲလာကာ ဝမ်လင်းနောက်သို့ နီးကပ်စွာ လိုက်လာခဲ့သည်။
ဝမ်လင်းနှင့် ကောင်းကင်ဘုံ သက်တော်စောင့်တို့သည် အရိုးတစ်ပိုင်းချင်းစီကို ဆွဲယူကာ သူတို့ရှေ့ရှိ မြေကြီးကို ဖြတ်သန်းချိုးဖျက်လာကြကာ မြေမျက်နှာပြင်ထက်သို့ ဦးတည် တက်လာကြသည်။
သူတို့က မြန်ဆန်လှ၏။ ဝမ်လင်းက သူ့အမြန်နှုန်းအားလုံးကို အသုံးပြုနေခဲ့သည်။ ပထမ၌ သူက အလွန်မမြန်သေးသော်လည်း နောက်ပိုင်းတွင် အရှိန်ရလာကာ မြန်သထက် မြန်လာခဲ့ပေသည်။
မြေပြင်က တုန်ခါ၏။ လမြွေနဂါး၏ ဟိန်းဟောက်သံက ပို၍ပင် ကျယ်လောင်လာခဲ့သည်။ လက်တံများကလည်း အနီရောင်မြူကို ပိုထုတ်လွှတ်လာခဲ့သည်။ နာကျင်မှု၏ လှုံ့ဆော်မှုအောက်တွင် လမြွေနဂါးသည် ၎င်း၏ တတိယပုံစံသို့ မြန်ဆန်စွာ ပြောင်းလဲသွားခဲ့သည်။
သို့ရာတွင် ကောင်းကင်ဘုံတက်ခြင်းသစ်သီးများ၏ အာနိသင်ကြောင့် ထိုပြောင်းလဲမှုဖြစ်စဉ်က အတော်လေး နှေးကွေးသွားခဲ့သည်။ လမြွေနဂါးသည် ၎င်း၏ နာကျင်မှုက ၎င်းခန္ဓာကိုယ်ပေါ်ရှိ မည်သည့်နေရာကနေ ထွက်ပေါ်လာမှန်း ပြောပြနိုင်စွမ်းမရှိ ဖြစ်နေ၏။
တကယ်တော့ ၎င်း၏ ခန္ဓာကိုယ်က ကြီးမားလွန်းလှသည် မဟုတ်လား။၎င်းက တဖြည်းဖြည်းဖြင့် နိုးထာလာနေသော်လည်း ငိုက်မျဉ်းသော အခြေအနေတွင်သာ ရှိလို့နေဆဲပင်။
မြေပြင်က တုန်ခါနေရင်း ဝမ်လင်းကလည်း ထိုးထွက်လာသည်။ သူ့မျက်လုံးထဲရှိ ရူးသွပ်မှုကလည်း ပို၍ ပြင်းထန်လာခဲ့သည်။သူက မြေအောက်ထဲကနေ အရိုးကို ကြမ်းတမ်းရက်စက်စွာ ဆွဲထုတ်လာခဲ့ခြင်းပင်။
ထိုအရိုးတစ်ပိုင်းကပင် အလွန်ကြီးမားလှရာ တောင်တန်းများကို အတော်မသတ်နိုင်အောင် ဆန့်ထုတ်ပစ်သကဲ့သို့ ဖြစ်နေ၏။ အကွာအဝေးတစ်ခုမှကြည့်ပါက ထိုအရိုးကြီးသည် ဧရာမ၊ ရွှေရောင်မီးနဂါးကြီး တစ်ကောင်လို ထင်ရပေမည်။
ထိုအရိုးက သိုလှောင်အိတ်ထဲသို့ ထည့်သွင်းရန်လည်း ကြီးမားလွန်းလှ၏။ထို့ကြောင့် ဝမ်လင်းက အရိုးကို တရွတ်တိုက်ဆွဲကာ ကောင်းကင်ထက်သို့ ပျံသန်းတက်နေခြင်း ဖြစ်သည်။
သူ့ပုံရိပ်က အရိုးနှင့် ယှဉ်လျှင် မထင်မရှား ဖြစ်သွားသည်။လူတစ်ယောက်က သေချာမကြည့်ပါက သူ့ကို မြင်ပင်မြင်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုအခိုက်အတန့်၌ မြေပြင်က နောက်တစ်ဖန် တုန်ယင်လာကာ ကောင်းကင်ဘုံသက်တော်စောင့်ကလည်း ထိုးထွက်လာခဲ့သည်။၎င်းကလည်း ကျန်အရိုးတစ်ဝက်ကို သယ်ဆောင်ကာ ဝမ်လင်းနောက်သို့ နီးကပ်စွာ လိုက်လာသည်။
ဝမ်လင်းမျက်လုံးများက နီရဲတွတ်နေသည်။သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်အင် လှည့်ပတ်မှုကလည်း သူ့အကန့်အသတ်ကို လွန်လာခဲ့လေပြီ။ အချို့ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များဆိုပါက သူ့ခန္ဓာကိုယ်ထဲကပင် စိမ့်ထွက်ကုန်ကာ သူ့ကို ပြင်းပြင်းထန်ထန် နာကျင်စေသည်။ သို့ရာတွင် လမြွေနဂါး၏အရိုးကို ရတာနှင့် နှိုင်းယှဉ်ပါက ထိုနာကျင်မှုသည် ထိုက်တန်ပေ၏။
ဝမ်လင်းက သူသည် မြန်နိုင်သမျှမြန်မြန် ထွက်သွားရမည်ကို သိသည်။သူက အနည်းငယ် နှေးကွေးသွားခဲ့လျှင် အရာအားလုံး ပျက်စီးသွားမည် ဖြစ်ကာ သူ့အသက်ပင် သည်နေရာ၌ ဆုံးရှုံးသွားနိုင်ပေသည်။
သူက လေမြွေနဂါးသည် ၎င်း၏ အရိုးကို ဆွဲထုတ်ယူသွားသည့်လူကို လက်လွှတ်ပေးလိမ်မည် မဟုတ်ပေ။ လမြွေနဂါးက သူ့ကို ဝါးမြိုသွားသည်နှင့် သူက သံသယမရှိ သေဆုံးသွားရပေလိမ့်မည်။
လက်တံများက သူ့တို့ပတ်လည်၌ ထွေးပတ်ချင်ကြသော်လည်း ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ သက်ရောက်မှုကြောင့် ထိုလက်တံများ၏ လှုပ်ရှားမှုက နှေးကွေးနေခဲ့သည်။ သို့ရာတွင် အရိုးက အလွန်ကြီးမားသည် ဖြစ်သဖြင့် လက်တံများက နှေးကွေးသည် ဖြစ်လင့်ကစား ထိုလက်တံများက အရိုးပတ်လည်၌ ထွေးခြုံပတ်လာကြဆဲပင်။
ဝမ်လင်းက သိုလှောင်အိတ်ထဲကနေ အတားအဆီးအလံကို ထုတ်ယူလိုက်၏။ သူ့မျက်လုံးထဲ၌ နှမြောတသ နာကျင်ဟန် ဖြစ်ပေါ်လာခဲ့သည်။သို့သော် သူက ထိုအလံနှင့် ပတ်သတ်၍ စိတ်ပူပန်နေရန် အချိန်မရှိတော့ပေ။ ထို့ကြောင့် သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ အတားအဆီးအလံထံသို့ ညွှန်လိုက်၏။
ထိုအလံက ရုတ်တရက် တုန်ယင်သွားကာ ဝမ်းနည်းဖွယ်အသံ ထုတ်လွှတ်လာသည်။တကယ်တော့ ၎င်းက ဝမ်လင်းနှင့် နှစ်ပေါင်းများစွာ အတူရှိနေခဲ့ကာ ၎င်းကို နှစ်ပေါင်းကိုးရာကျော် သန့်စင်မွန်းမံပြီးသည့်နောက် ဉာဏ်ရည်ပုံစံအချို့ ဖြစ်ပေါ်ခဲ့ပေသည်။
ထိုအလံ၏ ဝမ်းနည်းဖွယ်အသံထဲ၌ ပြတ်သားမှု အရိပ်အမြွက်လည်း ပါဝင်နေသည်။ အတားအဆီးအလံက ပြိုပျက်သွားကာ မရေမတွက်နိုင်သော အတားအဆီးများစွာက အနက်ရောင်ကြယ်ပျံတစ်စင်းအဖြစ်သို့ စုစည်းသွားသည်။ထို့နောက် ၎င်းက အရိုးပတ်လည်ရှိ ထွေးခြုံထားသော လက်တံများပေါ်သို့ ကျဆင်းသွားသည်။
အတားအဆီးအလံ၏ ကိုယ့်ဟာကိုယ် ဖျက်စီးပစ်လိုက်ခြင်းသည် ပြင်းထန်သောအားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ထိုအခိုက်အတန့်၌ ကြီးမားသောအတားအဆီးကြီး တစ်ခု ပေါ်ထွက်လာကာ ထိုအတားအဆီးထဲ၌ စိတ်ဝိညာဉ်တစ်ခု ပါဝင်နေသည်။
ထိုစိတ်ဝိညာဉ်က ဝမ်လင်းကြောင့် ဖြစ်ပေါ်လာသလို ယခုလည်း ဝမ်လင်းအတွက် ပြန်ပျောက်ကွယ်တော့မည် ဖြစ်သည်။
အတားအဆီးကြီးက စိတ်ဝိညာဉ်တစ်ခုကိုပါ သယ်ဆောင်ထားသည့်အတွက်ကြောင့် ၎င်းက အတောမသပ်သောစွမ်းအားကို ထုတ်လွှတ်လာသည်။၎င်းက လက်တံများပေါ်သို့ ကျရောက်သွားသည့်အချိန်၌ ချက်ခြင်းပင် အရှိန်လျော့ကျသွားသည်။
လမြွေနဂါးက အလွန်တရာ စွမ်းအားကြီးလှ၏။ အတားအဆီးအလံ ကိုယ့်ကိုကိုယ် ဖျက်စီးလိုက်တာတောင်မှ လက်တံများကို ဖျက်တောက်လိုက်နိုင်ခြင်းမရှိဘဲ အချိန်ခဏသာ နှောင့်နှေးသွားစေ၏။
ဝမ်လင်းက ကြိတ်၍ သက်ပြင်းချမိသည်။သို့သော် သူက ချက်ခြင်းပင် အရိုးကို ကြမ်းတမ်းစွာ ဆွဲယူလိုက်၏။ ထို့နောက် သူက အရိုးကို သယ်ဆောင်ထားရင်း ကောင်းကင်ထက်ရှိ မြူထုထဲသို့ တဟုန်ထိုး တိုးဝင်သွားသည်။
ကောင်းကင်ဘုံတမန်တော်ကလည်း ထို့အတူ အရိုးကို ဆွဲယူလာခဲ့သည်။ အတားအဆီးအလံ၏ ပေါက်ကွဲမှုက လက်တံများကို နှောင့်နှေးသွားစေသည့်အတွက် ၎င်းက အရိုးကို လွတ်လွတ်လပ်လပ် ဆွဲယူလာနိုင်ခဲ့ကာ ဝမ်လင်းနောက်သို့ တရကြမ်းလိုက်ပါသွားသည်။သူတို့က မြူလွှာကို ထွင်းဖောက် ဖြတ်ကျော်ပြီးလျှင် အဆုံးအစမဲ့သည့် အာကာသဟင်းလင်းပြင်ထဲသို့ ရောက်သွားပေလိမ့်မည်.
သို့ရာတွင် ထိုအခိုက်အတန့်၌ မြေပြင်တုန်ခါမှုက အထွတ်အထိပ်သို့ ရောက်လာခဲ့ကာ ကြီးမားသည် အက်ကွဲရာအဟ တစ်ခုက ပေါ်ထွက်လာခဲ့သည်။၎င်းက ပါးစပ်ကြီးနှင့် ဆင်တူကာ ကောင်းကင်နှင့်မြေကြီးကိုပင် တုန်ခါသွားစေနိုင်သော ဟိန်းသံကြီးက ထိုပါးစပ်ကြီးထဲကနေ ထွက်ပေါ်လာခဲ့သည်။
ဝမ်လင်း ခန္ဓာကိုယ်က တုန်ယင်သွားကာ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်အားလုံးက ပြိုပျက်လာခဲ့သည်။သူ့မျက်နှာက နာကျင်မှုနှင့် ပြည့်နေကာ သူက ပါးစပ်အပြည့် သွေးအန်ထုတ်လိုက်ရသည်။
***