ဝမ်လင်းက သိုလှောင်အိတ်ထဲကနေ ကောင်းကင်ဘုံတက်ခြင်းသစ်သီးများစွာကို ထုတ်ယူလိုက်သည်။သူက လက်တံများကြား ရုန်းကန်နေသော မိုးကြိုးသားရဲထံသို့ တည်ငြိမ်စွာ ကြည့်လိုက်၏။ယင်းသားရဲက ဆက်လက်၍ ဟိန်းသံမပြုဝံ့တော့ပေ။
ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သစ်သီးများအားလုံးသည် အရည်အဖြစ်သို့ ကြေမွသွားသည်။သူ့မူလစွမ်းအင်နှင့် သန့်စင်ပြီးသည့်နောက် ထိုအရည်က အနီရောင်မြူ ဖြစ်လာခဲ့သည်။ဝမ်လင်းက ထိုအနီရောင်မြူနှင့်အတူ ရှေ့သို့ တိုးလိုက်ရာ ပိတ်လှောင်ခံထားရသော မိုးကြိုးသားရဲ အနား၌ ပေါ်လာ၏။သူက ထိုအနီရောင်မြူကို ကြမ်းတမ်းစွာ အောက်သို့ ဖိသိပ်ချလိုက်သည်။
ထိုအခါ အနီရောင်မြူက လက်တံများ၏ ချုပ်နှောင်ထားမှုကို အနည်းငယ် ပြေလျော့သွားစေကာ ကြက်သွေးရောင်သို့ စတင်ပြောင်းလဲသွားစေသည်။
ထိုအခိုက်ကို အသုံးပြု၍ မိုးကြိုးသားရဲက ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကို ကျုံ့လိုက်ကာ စစ်ရထားထဲသို့ ပြန်ဝင်လိုက်ပြီး နောက်ဆုံးတွင် ထိုးထွက်လာနိုင်ခဲ့သည်။
ဝမ်လင်းက သူ့ဘယ်လက်ကို ဆန့်ထုတ်ကာ နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားကို ဖမ်းယူ၍ သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်၏။
မိုးကြိုးသားရဲ၏ ကြောက်လန့်မှုက ထင်ရှားနေ၏။ ပုံမှန်ဆို ၎င်းက သိုလှောင်အိတ်ထဲသို့ ဝင်လိုခြင်း မရှိပေ။
မိုးကြိုးသားရဲကို ပြန်သိမ်းဆည်းလိုက်ပြီးနောက် ဝမ်လင်းက ရှေ့သို့ ဆက်ရွှေ့လာ၏။သူက အနီရောင်မြူကို သုံးကာ လက်တံများကို ယာယီအားပျော့သွားစေပြီးနောက် ထိုလက်တံများ၏ ရင်းမြစ်များ၌ သစ်သီးအရည်စက်များကို ချိပ်ပိတ်ထားခဲ့ပေသည်။
သူက ထိုအရာကို ထပ်ခါ ထပ်ခါ ဆက်လုပ်နေ၏။ ကံကောင်းသည်မှာ ဝမ်လင်းတွင် သူလိုသည့် ကောင်းကင်ဘုံတက်ခြင်းသစ်သီးပမာဏများစွာထက် ပိုရှိနေသောကြောင့် ဖြစ်သည်။ မဟုတ်လျှင် သူသည် အစောပိုင်းကတည်းက ထွက်ပြေးနေရလောက်ပြီ ဖြစ်သည်။
ရက်အနည်းငယ် ကြာမြင့်ပြီးနောက် သူက ကောင်းကင်ဘုံတက်ခြင်းသစ်သီးအရည်များကို ဂြိုဟ်၏ လက်တံအများစုအထဲသို့ ပေါင်းစပ် ပျော်ဝင်စေနိုင်ခဲ့ပြီ ဖြစ်သည်။
“ဒီလမြွေနဂါးရဲ့ လက်တံတွေ (၇၀)၊(၈၀) ရာခိုင်နှုန်းလောက်ထဲမှာ ကောင်းကင်ဘုံတက်ခြင်းသစ်သီးအရည်အစက်တွေ ချိပ်ပိတ်ပြီးသွားပြီ။ ငါက ဒီချိပ်ပိတ်ထားတဲ့အတားအဆီး အားလုံးကို အသက်သွင်းလိုက်တာနဲ့ ဒီချိပ်တံဆိပ်တွေက ပျက်စီးသွားလိမ့်မယ်။ အဲ့အခါကျရင် လမြွေနဂါးရဲ့ ခန္ဓာကိုယ်ကြီးထဲကို ဒီသစ်သီးအရည်တွေက ပျော်ဝင်သွားလိမ့်မယ်။ ကံမကောင်းစွာနဲ့ ခု ကောင်းကင်ဘုံသစ်သီးက အားလုံးကုန်သွားခဲ့ပြီ…”
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ကောင်းကင်ဘုံတက်ခြင်းသစ်သီးထပ်ရှာဖွေမည့် အကြံကို လက်လျော့လိုက်သည်။ သည်နေရာက လွန်စွာ ထူးဆန်းလှ၏။ သူက နောက်တစ်ကြိမ်သူ ထပ်လာလျှင် ပြောင်းလဲမှုအသစ်တွေ ဖြစ်ပေါ်နေမည်ကို စိုးရွံ့နေမိပေသည်။
သည်လမြွေနဂါးက အမှန်တကယ် နိုးထလာပြီးပါက ကောင်းကင်ဘုံသစ်သီးများသည် ၎င်းပေါ်၌ သက်ရောက်မှု ရှိမှာ၊အသုံးဝင်တော့မှာ မဟုတ်ပေ။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက မြေကြီးထဲသို့ နစ်ဝင်လိုက်သည်။ မြေအောက်ထဲ၌ ပျစ်ချွဲချွဲ နံစော်စော် အရည်များနှင့် ပြည့်နေသည်။ထို့ကြောင့် သူက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ ယင်းအရည်များကို အဝေးသို့ တွန်းထုတ်ထားရသည်။
ဝမ်လင်းက မြေကြီးအောက်ထဲရှိ သတ္တုကြော ရှိရာသို့ သတိထား၍ တိုးဝင်လာနေသည်။ အနည်းငယ် ဆင်းသက်လာပြီးနောက် ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သူက ပတ်ပတ်လည်သို့ သေချာ ကြည့်ရှုလိုက်၏။
ဝမ်လင်းက သည်နေရာပတ်လည်ရှိ အမှုန်အမွှားများအတွင်း၌ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် တုန်ခါလှိုင်းများကို တွေ့လိုက်ရ၏။ ထိုစွမ်းအင်က ပျစ်ချွဲချွဲအရည်ထဲ၌ ပိတ်လှောင်ထားခြင်း ခံနေရသည်။
“ကြည့်ရတာ ဒီနေရာကို လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်း တစ်ယောက်ယောက်လာခဲ့တာပဲ။ ဒီလူတွေက လမြွေနဂါးရဲ့ အနက်ပိုင်းထိ ရောက်လာခဲ့ပြီး ပြင်းထန်တဲ့မန္တာန်တစ်ခုကို အသုံးပြုခဲ့တာ ဖြစ်ရမယ်။ ဒါ့ကြောင့်လည်း ဒီအမှုန်အမွှားတွေ၊ အရည်တွေထဲမှာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်လှိုင်းတွေ ကျန်ရစ် ပိတ်နေမိတာ။ ဒါ့ကြောင့်ပဲ လမြွေနဂါးကလည်း ၎င်းရဲ့ဒုတိယပုံစံကနေ တတိယပုံစံကို ဖြည်းဖြည်းချင်း ပြောင်းလဲနေခဲ့တာ ဖြစ်ရမယ်…”
ဝမ်လင်းက စဉ်းစားကြည့်နေရင်း အောက်သို့ ဆက်ဆင်းနေ၏။ အချိန်မည်မျှကြာသွားမှန်း မသိပြီးနောက် သူက လမြွေနဂါး၏ အရိုးနှင့် ပြုလုပ်ထားသော သတ္တုကြောရှိရာသို့ ရောက်လာခဲ့ပေသည်။
မီးတောက်တစ်ခု ပေါ်လာကာ ထိုအရိုးပတ်လည်ရှိ အမှောင်ထုကို ထိန်ညှိလင်းလက် သွားစေသည်။ ဝမ်လင်း မျက်လုံးများကလည်း တောက်ပလျက် ရှိနေ၏။ သူ သည်နေရာသို့ လာခဲ့ရသည့် ရည်ရွယ်ချက်က ယခု အရိုး သတ္တုကြောကြောင့်ပင် ဖြစ်သည်။
သူက ညာလက်ကို အရိုးပေါ်သို့ တင်လိုက်က စတင်စုပ်ယူရန် ပြင်လိုက်၏။သို့ရာတွင် သူက ချက်ခြင်း တုံ့ခနဲ ပြန်ရပ်ကာ စတင် စဉ်းစားကြည့်သည်။
“လမြွေနဂါးကို ဒီလိုပြောင်းလဲမှု ဖြစ်အောင် လုပ်နိုင်တဲ့အတွက် ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က တုန်လှုပ်စရာ ကောင်းလိမ့်မဘ်။ ဒီလူက သေသွားခဲ့ရင်တော့ ပြဿနာ မရှိတော့ဘူး။ ဒါပေမဲ့လည်း သူက ပုန်းနေရာ ဒါမှမဟုတ် ဒီနေရာမှာ ပိတ်မိနေတာဆိုရင်တော့ ငါ အရိုးကို ယူတဲ့အချိန်၊ ကောင်းကင်ဘုံသစ်သီးအရည်တွေကို ထုတ်လွှတ်တဲ့အခါကျရင် ဒီလူက ပေါ်လာနိုင်တယ်။ ဒီလိုသာ ဖြစ်လာခဲ့ရင် ပြောင်းလဲမှုတွေအများကြီး ဖြစ်သွားနိုင်တယ်…”
ဝမ်လင်းက သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။အနည်းငယ် စဉ်းစားပြီးနောက် သူက အရိုးတစ်လျှောက် ပျံသန်းလာခဲ့သည်။ သူက သည်နေရာပတ်လည်တွင် အခြားကျင့်ကြံသူတစ်ယောက်ယောက်ရှိနေမလားဟု ရှာဖွေကြည့်ရန် ဆုံးဖြတ်လိုက်ပေသည်။
ဝမ်လင်းက အမြဲလိုလို သတိထားတက်သည့်သူ မဟုတ်လား။အထူးသဖြင့် သည်လို သူ အလွယ်တကူ သေသွားနိုင်သည့် နေရာမျိုးတွင် သူက ပို၍ သတိထား ဂရုစိုက်ပေသည်။
သူက အရိုးအတိုင်း ဆက်၍ ရှေ့သို့ ရွှေ့လျားနေသည်။ အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက ရုတ်တရက် ရပ်တန့်လိုက်သည်။ သူ့မျက်လုံးများက တောက်ပသွာကာ သူ့ရှေ့ရှိ အရိုးကို စူးစိုက်ကြည့်လိုက်သည်။
ထိုနေရာရှိ အရိုးပေါ်တွင် ကြီးမားသည့် အက်ကွဲရာတစ်ခု ရှိလိုနေသည်။ ၎င်းက အရိုးကို ထက်ပိုင်း ဖြစ်သွားစေလိုက်သည့်အထိ မလုံလောက်သော်လည်း ထိုအက်ကွဲရာက အရိုးပေါ်၌ ခပ်နက်နက် ရှိနေသည်။
ဝမ်လင်းက ထိုအက်ကွဲကြောင်းသည် သူ ဒီနေရာကို အရင်လာခဲ့တုန်းက မတည်ရှိသေးမှန်း ရှင်းလင်းစွာ မှတ်မိနေသည်။
ရှေ့သို့ သတိထား၍ ဆက်တိုးသွားကာ ထိုအက်ကွဲရာကို သေချာကြည့်လိုက်သည့်အခါ သူ့မျက်လုံးများက အလေးအနက် ဖြစ်လာခဲ့သည်။
“လမြွေနဂါးက တတိယပုံစံကို ပြောင်းလာတာ အံ့အားသင့်စရာ မရှိတော့ဘူးပဲ။၎င်းရဲ့ အရိုးပေါ်မှာ ရှိတဲ့ ဒီလို ဒဏ်ရာမျိုးက ဖြစ်စေတဲ့ နာကျင်မှုက ၎င်းကို ဒေါသထွက်သွားစေဖို့ လုံလောက်နေပြီ။ ဒီ ဒဏ်ရာကို ရစေခဲ့တဲ့လူက လမြွေနဂါးနဲ့ ပတ်သတ်လို့ ဘာမှ မသိတာ ဖြစ်ရမယ်။ မဟုတ်ရင် အဲ့လူက ဒီလိုမျိုး လုပ်ဝံ့မှာ မဟုတ်ဘူး…”
ဝမ်လင်းက နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် သူက ထိုအရိုးပေါ်ရှိ အက်ကွဲရာကိုပတ်၍ ရှေ့သို့ ဆက်ရွှေ့လျားသည်။ သို့ရာတွင် သူက ရုတ်တရက် ရပ်တန့်ကာ ထိုအက်ကွဲရာအား ခေါင်းလှည့်၍ နောက်တစ်ကြိမ် ကြည့်လိုက်ပြန်သည်။သူက တစ်ခုခုမှားနေသည်ဟု ခံစားမိနေသည်။
အနည်းငယ် စဉ်းစားပြီးနောက် သူက အက်ကွဲရာ ရှိရာသို့ ပြန်လှည့်လာခဲ့ကာ သူ့မျက်လုံးက ထိုအက်ကွဲရာပေါ်ရှိ ခြောက်သွေ့နေသော ပျစ်ချွဲချွဲအရည်များကို တောက်လျှောက် ကြည့်လာသည်။ အချိန်အတန်ကြာမြင့်ပြီးနောက် သူ့မျက်လုံးက လက်ခနဲ တောက်ပသွားကာ သူက ညာလက်ဖြင့် ထိုခြောက်ကပ်နေသော ပျစ်ချွဲချွဲအရည်များထံသို့ ဝှေ့ယမ်းလိုက်၏။
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်က ချက်ခြင်း ထွက်ပေါ်လာကာ လေပြင်းတစ်ခု တိုက်ခတ်သွားစေသည်။ ထိုအခါ ခြောက်ကပ်ကပ် ပျစ်ချွဲချွဲအရည်များက ပျော်ဝင်သွာကာ ၎င်းအောက်ရှိ နက်ရှိုင်းသော အက်ရာတစ်ခု ပေါ်ထွက်လာချေသည်။
ထိုအက်ရာ၏ အနက်ပိုင်းတွင် ကြီးမားသည့်တောင်ကြီး တစ်ခု ရှိနေသည်။
လမြွေနဂါး အရိုးနှင့် တစ်သားတည်းလို ဖြစ်နေသော တောင်ကို စူးစိုက်ကြည့်နေရင်း ဝမ်လင်းမျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ပေါ်လာခဲ့သည်။
“လောဘကြီး…” ဝမ်လင်းအသွင်က ရှုံ့မဲ့သွားသည်။
ဝမ်လင်းက ထိုတောင်ကို အရင်ကတည်းက မြင်တွေ့ခဲ့ဖူးပေသည်။ ထိုတောင်က လောဘကြီး၏ ရတနာ ဖြစ်ကာ ယင်းတောင်ထံကနေ တောင်စိတ်ဝိညာဉ်ကိုပါ သူက ထုတ်ယူခဲ့ပေသည်။
“သူတို့က ငါ့နောက်ကို တကယ်လိုက်လာတာပဲ…” ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်နေ၏။ ခုချိန်တွင် သူက လမြွေနဂါးအရိုးနှင့် ပတ်သတ်၍ ဆက်လက်စိုးရိမ်နေခြင်း မရှိတော့ပေ။
“သူတို့အားလုံး ရောက်လာတာလည်း ဒါမှမဟုတ်…အနည်းငယ်ပဲ ရောက်လာတာလား၊ ဒါမှမဟုတ် လောဘကြီးတစ်ယောက်တည်းပဲ ရောက်လာတာလား…ငါ သေချာမသိဘူး…”
ဝမ်လင်းက ထိုတောင်ကို ကြည့်၍ သူ့မေးစေ့ကို ပွတ်ကာ စဉ်းစားနေသည်။ ထို့နောက် သူက အက်ကွဲရာထံသို့ တိုက်ရိုက် လာခဲ့သည်။
“ကြယ်ခုနစ်ခုဓားအစီအရင်က ဒီလက်တံတွေရဲ့ ယူဆောင်သွားခြင်းကို ခံလိုက်ရပြီး ငါက ဒီအစီအရင် ဘယ်နေရာမှာ ရှိနေမလဲ မသိနိုင်ဘူး။ ဒါပေမဲ့လည်း ငါက ဒီတောင်ကိုလည်း ဒီအတိုင်း ထားမခဲ့နိုင်ဘူး။ လောဘကြီးရဲ့ အဆင့်အတန်းနဲ့ အကျင့်အတိုင်းဆိုရင် သူ့ရတနာတွေက ရိုးရှင်းမှာ မဟုတ်ဘူး…”
ဝမ်လင်း မျက်လုံးထဲမှ ထူးဆန်းသောအလင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။သူက ပတ်ဝန်းကျင်သို့ သေချာကြည့်ရှုကာ ထိုတောင်အနားသို့ ရောက်လာခဲ့သည်။
တောင်အနားစွန်းက အရိုးနှင့် တစ်သားတည်း ဖြစ်နေကာ အစိတ်အပိုင်းနှစ်ခုဟူ၍ပင် ပြော၍ မဖြစ်နိုင်ပေ။ လူတစ်ယောက်က ထိုတောင်အတွင်းကနေ သတ္တုမီးတောက်တစ်ခု ပေါ်ထွက်နေသည်ကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ပေသည်။
“ဒီလို အရိုးနဲ့ တစ်သားတည်း ဖြစ်နေတာက ဒီတောင်ကို ထုတ်ယူဖို့ အခက်အခဲ ဖြစ်နေတယ်။ ငါက ခုချိန်မှာ ကောင်းကင်ဘုံတက်ခြင်းသစ်သီးတွေကိုလည်း အသုံးမပြုနိုင်သေးဘူး..”
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သူ့လက်ချောင်းများကို ဓားအသွင် ဖြစ်ပေါ်စေ၍ တောင်၏ မာကျောမှုကို စမ်းသပ်လိုက်သည်။ ထိုတောင်က အလွန်တရာ မာကျောလှ၏။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နှင့် ပြည့်နေသော သူ့လက်ချောင်းဖြင့်ပင် အရာတစ်ခုကိုမျှ ထင်ကျန်အောင် မလုပ်နိုင်ခဲ့ပေ။သူ့မျက်လုံးက လက်ခနဲ တောက်ပသွားသည်။သူက လင်းထျန်ဟူ၏ ဓားစွမ်းအင်ထဲမှ အချို့ကို သူ့လက်ချောင်းထိပ်ထံသို့ ကူးပြောင်းလိုက်၏။ သူက တောင်တစ်ခုလုံး ရယူခြင်းကို လက်လျော့လိုက်၏။ ထိုအစား သူက အရိုးနှင့် သဟဇာတ ဖြစ်နေသော အပိုင်းပတ်လည်သို့သာ ဝှေ့ယမ်း ခုတ်ပိုင်းလိုက်သည်။
တောင်ပေါ်၌ အက်ကွဲရာတစ်ခု ပေါ်လာကာ ဖြည်းဖြည်းချင်း ပျံ့နှံ့လာခဲ့သည်။
ထိုအနေအထားက ဝမ်လင်းအတွက် ကတ်သီးကတ်သတ် နိုင်လွန်းလှ၏။ သူက သဟဇတ ဖြစ်နေသောအပိုင်းကို ရှောင်၍ တောင်သီးသန့်ပေါ်သို့သာ ခုတ်ပိုင်းလိုက်ရခြင်း ဖြစ်သည်။ထို့ကြောင့် သူက လမြွေနဂါးအား လှုံ့ဆော်မိသွားစေခြင်း မဖြစ်တော့ပေ။
ထို့နောက် ဝမ်လင်းလက်ချောင်းများက တောင်ပတ်လည်၌ သေချာ ဂရုတစိုက် လှုပ်ရှားနေကာ ဖြည်းဖြည်းချင်းဖြင့် အရိုးနှင့် သဟဇာတ ဖြစ်နေသော အပိုင်းကို ရှောင်စေခဲ့သည်။ သူက တောင်ကို လုံးဝ ဖယ်ရှားခါနီး အချိန်မှာပင် သူ့အနောက်မှ အေးစက်မှုကို ရုတ်တရက် ခံစားလိုက်ရကာ သူ့ဦးရေပြားပင် တင်းကြပ်သွားသည်။
သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်ဝံ့ခြင်း မရှိပေ။ ထိုအေးစက်စက် အော်ရာအောက်၌ သူက သူ့မျက်ခုံးနှစ်ခုကြားသို့ ဓားဖြင့်ထောက်ထားသကဲ့သို့ ခံစားနေရ၏။
ထိုအေးစက်စက် ခံစားချက်က ပိုရှင်းလင်းလာသည်။ ဝမ်လင်းမျက်လုံးများကလည်း အေးစက်လာကာ သူက ညာလက်ဖြင့် ထုတ်ယူပြီးသော တောင်ကို ဆုပ်ကိုင်ထားလိုက်၏။ သည့်နောက် ချက်ခြင်းပင် သူက ရှေ့သို့ ထိုးတက်လိုက်ကာ ဘယ်လက်ဖြင့် သူ့နောက်သို့ လက်ပြန် ညွှန်လိုက်သည်။
“ရပ်တန့်ခြင်းမန္တာန်…”
ထိုအရာများအားလုံးက ချက်ခြင်းလိုလို ဖြစ်ပျက်သွားခဲ့ခြင်းပင်။ ဝမ်လင်း လှုပ်ရှားလိုက်သည်နှင့် သူ့နောက်မှ ဟိန်းသံတစ်ခုက ဆက်တိုက်လိုလို ထွက်ပေါ်လာခဲ့ပေသည်။
ဝမ်လင်းက တောင်ကို ဆွဲယူပြီးနောက် မြန်ဆန်စွာ ပျံသန်းထွက်လာသည်။ သူက ချက်ခြင်းပင် ထိုတောင်ကို သူ့သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ကာ မြေကြီးထဲ၌ တိုးဝင်သွားသည်။တုံ့ဆိုင်းခြင်းမရှိဘဲ ဝမ်လင်းက အဘိုးအိုထံမှ သူ သင်ယူထားသည့် လွတ်မြောက်ခြင်းမန္တာန်တစ်ခုကို အသုံးပြုလိုက်သည်။ သူ့နောက်ဘက်တွင်တော့ ဟိန်းသံများ ပဲ့တင် ထပ်နေ၏။ သူက ပျံသန်းနေရင်းဖြင့် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်သည်။ ထိုအခါ သူက ၎င်းခန္ဓာကိုယ်၏ ပေတစ်ရာလောက်ရှိသော လမြွေနဂါးအသေးတစ်ကောင်ကို တွေ့မြင်လိုက်ရသည့်အတွက် ကြောက်လန့်မိသွားပေသည်။
ဒီလမြွေနဂါးငယ်သည် ရပ်တန့်ခြင်းမန္တာန်၏ ဝန်းရံထားခြင်းကို ခံထားရသည်။ ထို့ကြောင့်သာ ဝမ်လင်းအတွက် ထွက်ပြေးရန် အကောင်းဆုံးအခွင့်ရေးကို ရသွားခဲ့ခြင်း ဖြစ်၏။ ဝမ်လင်း ပျောက်ကွယ်သွားသည့်နောက် ထိုလမြွေနဂါးငယ်က ထိန်းချုပ်မှု ပြန်ရသွား၏။သို့သော် ၎င်း၏ မျက်လုံးများကတော့ ရဲရဲနီနေသည်။၎င်းက မာန်သွင်းလိုက်ပြီးနောက် မြေကြီးထဲသို့ ပြန်တိုးဝင် ပျောက်ကွယ်သွားသည်။
ဝမ်လင်းက မြေကြီးတစ်လျှောက် အလွန်မြန်ဆန်စွာ ရွှေ့လျားနေရင်းဖြင့် တော်တော်ဝေးဝေးသို့ ရောက်သွားခဲ့သည်။ထိုအဖြစ်က သူ့ကို သည်နေရာနှင့် ပတ်သတ်၍ မည်မျှ အန္တရာယ်များကြောင်း သတိပိုပေးလိုက်သလို ဖြစ်စေ၏။
“ဒီနေရာမှာ လမြွေနဂါး ဘယ်နှစ်ကောင်များ ရှိနေတာလဲ…” ဝမ်လင်းအသွင်က သုန်မှုန်နေ၏။
သူ့ကို ထိတ်လန့်မိစေဆုံးက လမြွေနဂါး၏ ပုံပန်းသဏ္ဌာန်ပင်။ ၎င်း၏ အသွင်က အလွန်ထူးဆန်းနေသည်။
“ဒီလမြွေနဂါးက ၎င်းရဲ့ တိုက်ခိုက်ရေးပုံစံ (တတိယပုံစံ)မှာ ရှိနေတာပဲ…။ ဒီ သောက်လောဘကြီးက ဘာတွေများ သွားလုပ်ခဲ့ရတာလဲ။ သူက လမြွေနဂါးကြီးရဲ့ အရိုးကို ထိုးစိုက်ခဲ့မယ် ဆိုရင်တောင် ခုလောက် ဆိုးဆိုးရွားရွား ဖြစ်နေမှာ မဟုတ်ဘူး…”
ဝမ်လင်းက ထွက်ပြေးနေရာကနေ ရုတ်တရက် ရပ်တန့်လိုက်သည်။သူက တစ်ခုခုကို တွေးမိသွားသည့်ပုံပင်။ သူ့ပုံစံကလည်း ပိုမို၍ပင် သုန်မှုန်လာခဲ့တော့၏။
“ဖြစ်နိုင်တာက…”
***