သူ၏ ဂိုဏ်းတူအစ်ကိုဂိုဏ်းခေါင်းဆောင် ပြောပုံအရဆိုလျှင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက စစ်ပွဲတွင်ရှုံးနိမ့်ခဲ့လျှင်ပင် သူအသက်ရှင်နေနိုင်မည့် နည်းလမ်းတစ်ခုရှိသေးကြောင်း သိရလေသည်။
သူ၏ ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့် ကျင့်ကြံခြင်းအခြေခံကြောင့် ဘေးကင်းစေရန် ရွေးချယ်ထားသည့် လူအုပ်စုထဲသို့ သူက ရောက်နေပြီဖြစ်သည်။ သို့သော်လည်း တိုက်ပွဲအတွင်းတွင် သွေးသခင်များကို သတ်ဖြတ်နိုင်ပါက သူ၏ ရာထူးမှာ ပို၍ ကြီးမားလာမည်ဖြစ်သည်။
” မင်းက အခုမှပြန်ရောက်တာမလား။ ငါတို့ရဲ့ဆရာကို သွားပြီး အရိုအသေပေးလိုက်ဦး။ ပြီးတော့ နည်းနည်းပါးပါး အနားယူလိုက်။ တိုက်ပွဲအတွက် အစီအစဥ်က မင်းကို လေးခုမြောက်အသုတ်မှာ ထည့်ထားတယ်။” ကျိန်းယွမ်သုန်က ဖြည်းညင်းစွာ ဆိုသည်။
ပိုင်ရှောင်ချန်းမှာ အသက်ပြင်းပြင်းရှူလိုက်သည်။ ကျိန်းယွမ်သုန်ကို လက်ဆုပ်ကာ အရိုအသေပေးပြီး သူက ချက်ချင်း ထွက်မသွားသေးပဲ လီချင်းဟောက် အကြောင်း မေးလိုက်လေသည်။ လီချင်းဟောက်က တံခါးပိတ်ကျင့်စဥ်မစမီ သူ့ကို သေချာမရှင်းပြခဲ့၍ ထိုစဥ်တုံးက ပိုင်ရှောင်ချန်းက ပုံမှန် ကျင့်ကြံနေသည်ဟူ၍သာ ထင်ခဲ့သည်။ သူက ရွှေအမြုတေအဆင့်သို့ ဖောက်ထွက်ရန်ကြိုးပမ်းနေမည်ဟု သူလုံးဝမထင်မိချေ။ ထိုအရာမှာ လွယ်ကူရိုးရှင်းသည့် အရာတစ်ခု မဟုတ်ပေ။
” မင်းရဲ့ ဦးလေးလီက ရွှေအမြုတေအဆင့်ကို ရောက်သွားပြီကွ။ ” ကျိန်းယွမ်သုန်က ပြုံးကာဆိုသည်။
” သူက အခု အမွေဆက်ခံသူအဆောင်မှာ။ အခုလောလောဆယ် သူ အင်အားပြန်ဖြည့်နေလို့ မကြာခင်ထွက်လာလိမ့်မယ်။”
ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည့် မျက်ဝန်းများနှင့် လက်ဆုပ်ကာ လျင်မြန်စွာ ထွက်ခွာသွားလေသည်။
ခန်းမကြီးထဲမှ ထွက်ပြီးနောက် ပိုင်ရှောင်ချန်းက သူ့ဆရာ၏ ရုပ်ပုံကို အရိုအသေပေးရန် သွားလိုက်သည်။ ထို့နောက် သူက တာအိုသစ်စေ့တောင်ပေါ်ရှိ သူ၏ အင်မော်တယ်ဂူသို့ ပြန်သွားလေသည်။ ဘရူဆာက သူ့ကို ထိုနေရာတွင်စောင့်နေပြီး သူရောက်လာသောအခါ ချက်ချင်းပင် ထပြေးကာ သူ၏ ခြေထောက်နားတွင် လူးလိမ့်နေလေသည်။
” ငါ နောက်ဆုံးတစ်ခေါက် ဒီကိုလာခဲ့တုံးက ငါ့ကိုမှတ်မိလား။ ” ပိုင်ရှောင်ချန်းက ဘရူဆာကို ပွတ်သတ်ကာ မေးလိုက်သည်။
ဘရူဆာက ခေါင်းညိတ်ကာ ပျော်ရွှင်စွာ အော်ဟစ်ပြလိုက်သည်။
” ကဲ ဘယ်လိုထင်လဲ။ မင်းရဲ့ အဖေ တော်တယ်မလားကွ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းထဲမှာ ငါက အပြတ်ကြမ်းလာတာကွ။ အဲ့ကဘယ်သူမှ ငါ့ကိုရန်မစရဲကြဘူး။”
ပိုင်ရှောင်ချန်းမှာ သူ၏ အောင်မြင်မှုများအကြောင်းကို ကြွားဝါရင်း ကျေနပ်နေတော့သည်။ သို့သော်လည်း ထိုအချိန်တွင် ဘရူဆာမှာ ပို၍ရင့်ကျက်လာကြောင်း သူက သတိထားမိလိုက်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ ကြောက်မက်ဖွယ်ပင် နှောင်းပိုင်းအခြေခိုင်မာခြင်းအဆင့်သို့ ရောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ စိတ်ထဲတွင် ကသိကအောက်ဖြစ်သွားတော့သည်။
” မင်းရဲ့ ကျင့်ကြံခြင်းက မြန်လှပါလားကွ။” သူက ဆိုလိုက်သည်။ သူကမူ မျှတမှုမရှိကြောင်း တွေးနေလေ၏။ သူက အချိန်ကြာမြင့်စွာ ကြိုးစားပြီး သူ၏ အသက်ကိုပင်စတေးကာ အလယ်ပိုင်းအခြေခိုင်မာခြင်းအဆင့်သို့ ရောက်ရန်လုပ်ခဲ့ရသည်။ ဘရူဆာကမူ နေ့စဥ်ဆော့ကစားကာ ထိုကဲ့သို့ရလဒ်ကို ရရှိခဲ့ခြင်းပင်။
ဘရူဆာမှာ သူ့ကိုယ်သူဂုဏ်ယူလျက်ရှိသည်။ ပိုင်ရှောင်ချန်းကိုကြည့်ရင်း သူ့ကိုမွေးမြူခဲ့သည့် ပိုင်ရှောင်ချန်းမှလွဲ၍ အခြားလူများနားမလည်နိုင်မည့် အသံဖြင့် ဟောင်လိုက်လေသည်။ ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ပြူးသွားပြီး မှင်တက်နေတော့သည်။
” ယန်ဝေ့တောင်က ဂိုဏ်းချုပ်သခင်က မင်းကို ဆေးလုံးတွေ နေ့တိုင်းကျွေးနေတာ ဟုတ်လား။ ဂိုဏ်းတည်ထောင်ခဲ့တဲ့ ခေါင်းဆောင်ကြီးက မင်းရဲ့ချီလမ်းကြောင်းတွေကို ပြုပြင်ပေးသေးတာ ဟုတ်လား။ နဂါးအိုကြီးကလာပြီး သူ့ရဲ့သက်စောင့်သွေးတွေကို တိုက်ခဲ့သေးတာ ဟုတ်လား။”
” ဘာ..ဘာ… လျှို့ဝှက်နယ်မြေထဲသွားခဲ့တာ ဟုတ်လား။ မင်း…မင်း….” ပိုင်ရှောင်ချန်းမှာ ဘရူဆာကို မနာလိုမှုများဖြင့်ပြည့်နှက်နေသည့် မျက်လုံးပြူးကြီးများဖြင့် ကြည့်နေတော့သည်။
” ဟုတ်ပြီ။ မှန်မှန်ပြောစမ်း။ မင်း ငါမရှိတုံး အတွင်းခံတွေ ခိုးခဲ့သေးလား။”
ဘရူဆာမှာ ထိုမေးခွန်းအား လေသံပျော့ပျော့လေးဖြင့် ညည်းကာဖြေလိုက်လေသည်။ သူတို့နှစ်ယောက်မှာ ညနေခင်းရောက်သည်အထိ စကားများပြောနေကြသည်။ သို့သော်လည်း ဘရူဆာက သူ၏ ကျင့်ကြံခြင်းအခြေခံကို ကျော်တက်သွားမည် စိုးသဖြင့် ပိုင်ရှောင်ချန်းက စကားဖြတ်ကာ သူ၏ ခရမ်းရောင်ချီ ကောင်းကင်တံတား မန္တန်ကို ထိုင်ကျင့်လိုက်တော့သည်။
နောက်ရက်များတွင် လူအနည်းငယ်က သူ့ဆီလာလည်ကြပြီးနောက် ကိစ္စများမှာ ငြိမ်သက်သွားတော့သည်။
မိတ်ဆွေများစွာဖြင့် အတိတ်အကြောင်းများကို ပြောဆိုပြီးနောကိ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ သူမရှိစဥ်တုံးက ပြောင်းလဲသွားကြောင်း ပိုင်ရှောင်ချန်းက သိသွားတော့သည်။
သူထွက်မသွားခင်က လူတိုင်းမှာ သူတို့၏ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေကြခဲ့သည်။ ကတောက်ကဆများနှင့် ယှဥ်ပြိုင်မှုများရှိပါသော်လည်း လူများက ပျော်ရွှင်စွာ စကားပြောဆိုနေသည်ကို မြင်နိုင်ခဲ့သေးသည်။ သို့သော်လည်း ယခုတွင်မူ အရာရာက ဆိတ်ငြိမ်နေပြီး ဂိုဏ်းအပေါ်တွင် ဖိအားများ သက်ရောက်နေတော့သည်။
စစ်ပွဲဟူသော မုန်တိုင်းတစ်ခုက ချဥ်းကပ်လာနေပြီဖြစ်ပြီး လူတိုင်းမှာ ထိုအတွက်ပြင်ဆင်ရင်း အလုပ်ရှုပ်နေကြသည်။
ထို ဖိအားနှင့် ပြင်းထန်မှုများကြောင့် ကျင့်ကြံသူများ၏ သတ်ဖြတ်လိုစိတ်များမှာ ပို၍ အားပြင်းလာတော့သည်။ သူတို့ဂိုဏ်း၏ ရှင်သန်မှုမှာ အန္တရာယ်ထဲသို့ ကျရောက်နေပြီဖြစ်ပြီး ကျင့်ကြံသူများခံစားနေရသည့် ဖိအားများမှာ တိုက်ပွဲထဲတွင် ကြမ်းတမ်းမှုများအဖြစ် ပြောင်းလဲသွားမည်သာ ဖြစ်သည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ အတိတ်ကာလများထက် စွမ်းအားပို၍ကြီးမားနေပြီဖြစ်သည်။
ဂိုဏ်းအပြင်ဘက်ရှိ စျေးထဲမှ ပစ္စည်းအားလုံးမှာ ရောင်းထွက်သွားကြပြီဖြစ်သည်။ ထို့အပြင် ဂိုဏ်းသားများစွာက ပစ္စည်းများကို အလုအယက်ဝယ်နေကြသဖြင့် စျေးများမှာလည်း တက်ကုန်ကြပြီဖြစ်သည်။
စိတ်စွမ်းအင်ဆေးများ၊ အဆောင်လက်ဖွဲ့စာရွက်များနှင့် စစ်ပွဲအတွက်လိုအပ်သည့် အခြားပစ္စည်းများမှာ ပို၍ပင် စျေးတက်နေတော့သည်။ မှော်ပစ္စည်းများမှာလည်း ရောင်းကုန်သွားကြပြီဖြစ်သည်။ ခရမ်းဒယ်အိုးတောင်မှ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း လုပ်နိုင်သည့် ဂိုဏ်းသားများမှာ အလုပ်ရှုပ်နေကြပြီး သူတို့ကို စောင့်နေသည့် လူတန်းကြီးမှာလည်း ရှည်လာသည်။
လူအနည်းငယ်ကမူ ပိုင်ရှောင်ချန်းထံသို့လာ၍ ဆေးဖော်စပ်ရန်တောင်းဆိုကြသည်။ ကြောက်မက်ဖွယ်အရာများဖြစ်လာနိုင်သည်ကို သူတို့ကသိပါသော်လည်း သူ၏ အကူအညီကို လိုချင်နေဆဲပင်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှအခြေအနေကို ပိုင်ရှောင်ချန်းက ပို၍နားလည်လာသောအခါ သူက ပို၍ စိတ်ညစ်လာပြီး မျက်မှောင်ပိုကြုတ်လာတော့သည်။ယခုတွင်မူ သူက ဂိုဏ်းတစ်ခုလုံးကို အပေါ်စီးမှမြင်နိုင်သည့် သူ၏ အင်မော်တယ်ဂူအနားရှိ ကျောက်ဆောင်ကြီးပေါ်တွင် ထိုင်နေလေသည်။
ရင်းနှီးသောတောင်တန်းများနှင့် တရွေ့ရွေ့စီးဆင်းနေသည့် ကောင်းကင်တံတားမြစ်ကို သူက မြင်လိုက်သောအခါ စစ်ပွဲမှဖြစ်လာမည့် ရလဒ်ကို သူက သိချင်နေတော့သည်။
” အလယ်ဒေသတွေ ပြီးတော့ ကုံမြစ်ဂိုဏ်းခွဲ…..” သူက ရေရွတ်နေတော့သည်။ ကုံမြစ်ဂိုဏ်းခွဲက သိမ်းပိုက်ထားသည့် နေရာကို ရယူနိုင်မည့် အခွင့်အရေးကြောင့် အောက်ပိုင်းဒေသများရှိ ဂိုဏ်းများထဲတွင် ဖော်ပြ၍မရနိုင်သည့် ဆာလောင်မွတ်သိပ်မှုများ ပေါ်လာတော့သည်။
” တကယ်ရော ပေးဆပ်ရတာနဲ့ တန်လို့လား။” သူက သက်ပြင်းချနေတော့သည်။ သူ၏ နှလုံးသားထဲတွင် ဤဂိုဏ်းနှစ်ခု စစ်မတိုက်စေရန် မျှော်လင့်နေသည်။ အခြားသူများက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို ကြမ်းတမ်းရက်စက်ကာ မိစ္ဆာဆန်သည့် ဂိုဏ်းတစ်ခုကဲ့သို့ မြင်ကြသည်။ သို့သော် ပိုင်ရှောင်ချန်း၏အမြင်တွင် ထိုဂိုဏ်းက သူ့ကို ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။
ပိုင်ရှောင်ချန်းမှာ သက်ပြင်းချနေစဥ် သူ၏ နောက်မှ ခပ်တိုးတိုးလေသံတစ်ခု ထွက်လာသည်။
” ကုံမြစ်ဂိုဏ်းခွဲက တကယ်လည်း တန်ချင်မှတန်မှာပေါ့။ ဒါပေမဲ့ ခေါင်းဆောင်ကြီးတွေရဲ့ နောက်တစ်ဆင့်တက်ချင်တဲ့ အလိုဆန္ဒတွေက ပါနေတာကွ။ ပြီးတော့ ဂိုဏ်းက ပိုအစွမ်းထက်လာဖို့ အခွင့်အရေးတွေရမှာ။ အလယ်ဒေသရဲ့ စိတ်စွမ်းအင်ကို အခုလက်ရှိ ကျင့်ကြံသူတွေ သုံးစွဲခွင့်ရှိသွားပြီဆိုရင် နှစ်ပေါင်းဒါဇင်အနည်းငယ်အတွင်း သူတို့ရဲ့ ကျင့်ကြံခြင်းအခြေခံတွေက လျင်မြန်စွာ တိုးတက်လာမှာကွ။ အဲ့အချက်တွေပါ ထည့်တွေးလိုက်ရင် မင်းရဲ့အမြင်တွေ ပြောင်းသွားတယ်မလား။”
ပိုင်ရှောင်ချန်းမှာ အံ့သြသွားသဖြင့် နောက်သို့လှည့်ကြည့်လိုက်သောအခါ အစိမ်းရောင် ဝတ်ရုံရှည်ဝတ်ဆင်ထားပြီး အင်အားကြီးစွမ်းအင်များထွက်နေသည့် လူတစ်ယောက် ပြုံးနေသည်ကို မြင်လိုက်ရသည်။ ထိုသူမှာ လီချင်းဟောက်ဖြစ်သည်။
ပိုင်ရှောင်ချန်း မှတ်မိခဲ့သည့်ပုံစံနှင့် လီချင်းဟောက်မှာ လုံးဝ မတူတော့ပေ။ သူ၏အသွင်အပြင်မှာ ပို၍ အဆင့်မြင့်ကာ ကျက်သရေပိုရှိနေသည်။ ပိုင်ရှောင်ချန်းက သူ့ကိုကြည့်လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်အတွင်းထဲရှိ လေဝဲကြီးကို သူထုတ်သုံးလိုက်ပါက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တုန်ခါသွားစေနိုင်ကြောင်း ခံစားလိုက်ရသည်။
ဂိုဏ်းစောင့်အကြီးအကဲများထံမှ ထိုသို့ အငွေ့အသက်မျိုးကို ပိုင်ရှောင်ချန်း တစ်ခါမှ မခံစားဖူးချေ။ မျက်လုံးပြူးကြီးများဖြင့် သူက အော်လိုက်လေသည်။
” ဦးလေးလီ။”
ထိုသို့အော်ကာ သူက မတ်တတ်ထပြီး လီချင်းဟောက်ကို ပြေးဖက်လိုက်သည်။
လီချင်းဟောက်မှာ ရယ်မော၍ သူ၏ဆံပင်ကို ထိုးဖွလိုက်လေသည်။
” အော်..မင်းတောင် နည်းနည်းကြီးလာပြီပဲ။” လီချင်းဟောက်၏မျက်ဝန်းထဲတွင် ပိုင်ရှောင်ချန်းမှာ တောင်ထိပ်ပေါ်တွင် အမွှေးတိုင်ကို ဆယ့်သုံးကြိမ်တိတိ မီးညှိခဲ့သည့် ကောင်လေးသာ အမြဲတမ်း ဖြစ်နေမည်ဖြစ်သည်။
လီချင်းဟောက်၏ စကားသံများကြောင့် ပိုင်ရှောင်ချန်းမှာ မျက်ရည်များပင် စို့နေတော့သည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် သူ၏ သရုပ်အမှန်ကို ဖုံးကွယ်ထားရပါသော်လည်း လီချင်းဟောက်နှင့် သူ၏ ကြင်နာမှုများကို မည်သည့်အခါမှ မမေ့ချေ။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ ပြန်ရောက်လာချိန်တွင်လည်း လီချင်းဟောက်၏ ဂူပိတ်ကျင့်ကြံခြင်း မှားယွင်းသွားမည်ကို သူက စိတ်ပူနေခဲ့သည်။ သို့သော်လည်း ယခုအခါ သူက ရွှေအမြုတေအဆင့်သို့ ရောက်သွားသည်ကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ အဆင့်မြင့် ဆေးလုံးတစ်လုံးဖော်စပ်နိုင်သည်ထက်ပင် ပို၍ စိတ်လှုပ်ရှားနေတော့သည်။
” ရှောင်ချန်းရေ။ ဒီစစ်ပွဲက မင်းထင်သလို မရိုးရှင်းဘူးကွ။ ” လီချင်းဟောက်က ထိုင်လိုက်သည့်အခါ ပိုင်ရှောင်ချန်းကလည်း သူ၏ဘေးတွင် ထိုင်လိုက်လေသည်။
” ငါစောစောက ပြောတဲ့အချက်တွေအပြင် ဂိုဏ်းမှာရှိတဲ့ သီးသန့်စွမ်းအားတွေကိုလည်း မမေ့နဲ့။ အောက်ပိုင်းဒေသတွေကို ထိန်းချုပ်နိုင်တဲ့အခါ ရမဲ့ ဂုဏ်အရှိန်အဝါတွေစတဲ့ အချက်တွေအများကြီးကို ထည့်စဥ်းစားရတယ်ကွ။”
” ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနဲ့ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့ကြားက စစ်ပွဲက ပြီးတော့မှာ။ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက အများကြီး ဆုံးရှုံးသွားပြီ။ ပြီးတော့ သူတို့ရဲ့ ဂိုဏ်းသားတစ်ဝက်ကျော်ကသစ္စာဖောက်ပြီး ဆန်းကြယ်နတ်ရေစင်ဂိုဏ်းဘက်ကို ပြောင်းသွားကြပြီ။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကလည်း အထိနာထားပေမဲ့ သူတို့က အားအင်ပြန်ဖြည့်နေပြီ။ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက သူတို့ရဲ့ ဂိုဏ်းဌာနချုပ်ဆီ ပြန်ဆုတ်သွားပြီ။ မကြာခင် အဲ့ဂိုဏ်းနှစ်ဂိုဏ်းက တစ်ဂိုဏ်းထဲဖြစ်သွားပြီး အရင်ကထက် ပိုစွမ်းအားကြီးလာတော့မှာကွ။”
” ဒီအချိန်မှာ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းက ပြဿနာနှစ်ခုနဲ့ ကြုံနေရမှာ။ ပထမတစ်ခုက သူတို့က ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို အပြီးတိုင်ချေမှုန်းရမှာ။ ဒုတိယတစ်ချက်က သူတို့ရဲ့ ဂိုဏ်းကို သေချာပြန်စီစဥ်ပြီး အတွင်းပိုင်း ပဋိပက္ခတွေကို ပျောက်အောင်လုပ်ရမှာ။ ဒီအချိန်မှာ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းက အားအနည်းဆုံးဖြစ်နေလို့ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို ချေမှုန်းဖို့ အားအကုန်ထုတ်ရုံကလွဲပြီး မရှိတော့ဘူး။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကတော့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက သူတို့တောင်းဆိုတာတွေကို လိုက်လျောပြီး ဂိုဏ်းကို ပိတ်ဖို့ လက်ခံတာကို စောင့်နေလို့ အချိန်ဆွဲနေတာ။”
ပိုင်ရှောင်ချန်းမှာ ခေတ္တမျှ တုန့်ဆိုင်းသွားပြီး အကြောင်းအရာတစ်ခုကို ပြောရန်၊မပြောရန် တွေးနေသည်။
” ကျွန်တော်တို့ တကယ်ပဲ တိုက်ခိုက်ရမှာလားဗျာ။ အခြားနည်းလမ်းမရှိတော့ဘူးလား”
” အရာရာတိုင်းကို လေးလေးနက်နက်ကြီး မတွေးနဲ့။ ဒီစစ်ပွဲက ရှောင်လွှဲလို့မရဘူး။ အလယ်ဒေသကိုသွားချင်တဲ့ ဂိုဏ်းတိုင်း နောက်ဆုံးမှာ စစ်တိုက်ရမှာပဲ။ အခု ငါတို့က မတိုက်ပဲနဲ့ ညှိနှိုင်းမှုတွေကို လက်ခံလိုက်ရင် အနာဂတ်မှာ ငါတို့ဘဝပျက်မှာကွ။ နှစ်ပေါင်းတစ်ထောင်ကျော်လောက် သေမင်းတံခါးဝဆီကို ချိချိနဲ့နဲ့ နဲ့သွားနေတဲ့အတိုင်းဖြစ်သွားမှာ။ အဲ့တာနဲ့ တိုက်ပွဲမှာ ဂုဏ်ရှိရှိ ထွက်တိုက်တာနဲ့ ဘယ်နေရာယှဥ်လို့ရသလဲ။”
” ဒီစစ်ပွဲမဖြစ်အောင် ငါတို့တားလို့မရဘူး။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကလည်း တားလို့မရဘူး။ အခြားရွေးချယ်စရာကို မရှိတော့တာ။ ငါတို့ဂိုဏ်းကို ပိုကောင်းအောင်လုပ်နိုင်မဲ့ အခွင့်အရေးကို လက်လွှတ်လိုက်မယ်ဆိုရင် လူတွေက ငါတို့ကို ယုံကြည်မှာ မဟုတ်တော့ဘူး။ ဂိုဏ်းအချင်းချင်းကြားက ဆိုထားတဲ့ သစ္စာတရားတွေတောင်မှ အရေးပါတော့မှာမဟုတ်ဘူး”
” စစ်မခင်းပဲနဲ့ အဆုံးသတ်ဖို့ဆိုရင် ဒီလို သေလုမတတ်အရေးကြီးတဲ့အချိန်မှာ ဂိုဏ်းနှစ်ဂိုဏ်းက တစ်ဂိုဏ်းကိုတစ်ဂိုဏ်း ယုံကြည်ဖို့ပဲ။”
” ဒါပေမဲ့ အဲ့လိုမျိုးကလည်း မဖြစ်နိုင်ပါဘူးကွာ။ ” လီချင်းဟောက်မှာ ခေါင်းယမ်းကာ ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်သည်။
” အရမ်းကြီးတွေးမနေနဲ့။ မှတ်ထား။ တိုက်ပွဲစရင် ငါ့နောက်မှာပဲနေ။ လူအများကြီး သေမှာတော့ အမှန်ပဲ….”
လီချင်းဟောက်က ညင်သာစွာဆိုကာ မတ်တတ်ထရပ်လိုက်သည်။ ပိုင်ရှောင်ချန်းမှာ အတွေးများထဲတွင် နစ်မြောနေသည်ကိုမြင်သဖြင့် သူက သူ၏ပခုံးကို ဆုပ်ကိုင်လိုက်သည်။
” လာ သွားစို့။ ဝါရင့်ဂိုဏ်းက လူတစ်ယောက်နဲ့ မင်းကိုငါ ပေးတွေ့ချင်လို့။ ငါ့ရဲ့ ဆရာလေ။”
ပိုင်ရှောင်ချန်းက တအံ့တသြ မော့ကြည့်လိုက်သည်။ လီချင်းဟောက်တွင် ဆရာရှိကြောင်း ကြားဖူးသည်မှာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ သူသိသလောက်ဆိုလျှင် လီချင်းဟောက်၏ ဆရာဖြစ်နိုင်မည့်လူမှာ ဂိုဏ်းစောင့်အကြီးအကဲသို့မဟုတ် ခေါင်းဆောင်ကြီးငါးယောက်ထဲမှ တစ်ယောက်ပင် ဖြစ်နိုင်မည်ဟု သူက ယူဆလိုက်သည်။
သူ့ကိုသူ ပြန်လည်စိတ်ထိန်းလိုက်ပြီးနောက် လီချင်းဟောင်နောက်သို့လိုက်ကာ တာအိုသစ်စေ့တောင်မှ ထွက်သွားလေသည်။ သူတို့အထက်ပိုင်းသို့ ရောက်သွားသောအခါ တာအိုသစ်စေ့တောင်၏နောက်ဘက်ရှိ လေထုထဲသို့ လီချင်းဟောက်က ပျံသန်းသွားသည်ကို ပိုင်ရှောင်ချန်းက မြင်လိုက်ရသဖြင့် အံ့သြနေတော့သည်။
တာအိုသစ်စေ့တောင်၏ နောက်ဘက်တွင်တရွေ့ရွေ့ စီးဆင်းနေသည့် ကောင်းကင်တံတားမြစ်ရေများမှလွဲ၍ မည်သည့်အရာမှ ရှိဟန် မပေါ်ချေ။