Switch Mode

အပိုင်း(၇၅၉)

စတုတ္ထအဆင့်ကျင့်ကြံခြင်း တည်ရှိလား…

မိုးကြိုးလျှပ်စီးတန်းတစ်ခုက ကြယ်များကြား၌ ဖြတ်သန်းနေသည်။ထိုမိုးကြိုးတန်းထဲ၌ ရွှေရောင်ရောယှက်နေသော ငွေရောင်ဦးချိုနှင့် မိုးကြိုးသားရဲတစ်ကောင် ရှိနေသည်။၎င်း၏ ခန္ဓာကိုယ်က လျှပ်စီးများဖြင့် တဖျပ်ဖျပ်လင်းလက်နေသည်။

ဝမ်လင်းက ထိုမိုးကြိုးသားရဲ၏ ကျောပေါ်၌ ကြာပွင့်သဏ္ဌာန်ထိုင်နေသည်။ သူ့မျက်လုံးများကလည်း တောက်ပလျက် ရှိနေ၏။သူ့အသွင်က သာမန်သာ ဖြစ်သော်လည်း ထူးကဲသော အော်ရာကို ပေးစွမ်းနေသည်။

တစ်ယောက်ယောက်ကသာ ခုချိန်၌ သူ့ကို တွေ့မြင်လျှင် သူ့အား မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်တစ်ယောက်ဟု သံသယဖြင့် တွေးထင်မိပေလိမ့်မည်။

နှစ်ကိုးရာကျော် ကျင့်ကြံပြီးနောက် ဝမ်လင်းက အာဏာတက်ခြင်းနောက်ဆုံးအဆင့်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ ယခုသူ့အဆင့်က အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်မှ ဟင်္သာပြဒါးခေါင်းစီး ကျူးချွဲဇီနှင့် အဆင့်တူ ဖြစ်နေပေပြီ။

အာဏာတက်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူများသည် အချို့သေးငယ်သော ကျင့်ကြံခြင်းဂြိုဟ်များ၌ အနှိုင်းမဲ့တည်ရှိမှုများဟု ယူဆနိုင်သည်။ထိုနေရာများ၌ မည်သူကမျှ သူတို့အား စော်ကားဝံ့လိမ့်မည် မဟုတ်။

လွန်ခဲ့သော တစ်နှစ်လုံး ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူပြီးသည့်နောက် ဝမ်လင်းက နောက်ဆုံးတွင် သည်အဆင့်သို့ ရောက်လာခဲ့ခြင်းပင်။ သူက သူ့ကျင့်ကြံမှုအဆင့်ကို နောက်တစ်ဆင့်သို့ ရောက်ရှိရန်နှင့် နယ်ပယ်ကို ပြီးပြည့်စုံရန်သာ လိုတော့သည်။ထို့နောက်တွင်တော့ သူက ဒုတိယအဆင့်ကျင့်ကြံခြင်း နယ်ပယ်သို့ ခြေလှမ်းစတင်နိုင်စွမ်း ရှိလာပေလိမ့်မည်။

ဒုတိယအဆင့်ကျင့်ကြံခြင်းနယ်ပယ်သို့ ရောက်သွားသည့် လူက များများစားစား မရှိပေ။ထိုအဆင့်က ရောက်ရှိရန် အလွန်ခက်လှ၏။

ဝမ်လင်းက ထိုအဆင့်သို့ မရောက်ရှိသေးသော်လည်း ပုံရိပ်ယောင်အဆင့်ကျင့်ကြံသူများနှင့် အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးသည့်နောက် သူက ဒုတိယအဆင့်ရှိ ကျင့်ကြံသူများ၏ စွမ်းအားကောင်းပုံကို သဘောပေါက်စေခဲ့ပေသည်။

“ပထမအဆင့်ကျင့်ကြံခြင်းကတောင် တော်တော်ခက်ခဲနေပြီ။လွန်ခဲ့တဲ့ နှစ်ကိုးရာကျော် ကျင့်ကြံခြင်းကို ပြန်တွေးကြည့်ရင်တောင် ကပ်ဆိုးအခြေအနေတွေက နေရာတိုင်းမှာ တွေ့ကြုံခဲ့ရတယ်။နည်းနည်း ပေါ့ဆသွားတာနဲ့ ငါ့စိတ်ဝိညာဉ်က ဖျက်စီးခံခဲ့ရလောက်ပြီ။ စီနီယာကျောက်ရီကြောင့်သာ မဟုတ်ရင်ငါက အာဏာတက်ခြင်းအဆင့်ကို ချိုးဖျက်ချိန်မှာတင် သေသွားခဲ့လောက်ပြီ…”

“ကျင့်ကြံခြင်းရဲ့ ပထမအဆင့်တောင် ခုလောက် ခက်နေရင် ဒုတိယအဆင့်ဆို ပိုဆိုးလိမ့်မယ်။ ဒုတိယအဆင့်မှာလည်း သေခြင်းရှင်ခြင်း ကြမ္မာစမ်းသပ်ချက်တွေ ရှိကို ရှိရမယ်။ငါက ဒါကို ဖြတ်ကျော်နိုင်ပါ့မလား သိချင်မိတယ်။ ဒါပေမဲ့လည်း ကောင်းကင်ဘုံရဲ့ ဆန္ဒအတိုင်း လိုက်ပါကျင့်ကြံတဲ့လူက သေမျိုးတွေနဲ့ ဘာမှ မခြားဘူးလို့ ဆိုနိုင်တယ်။ ကောင်းကင်ဘုံကို ဆန့်ကျင်ဖိဆန်တဲ့ တစ်စုံတစ်ယောက်ကသာ တကယ့် တန်ခိုးရှင် ဖြစ်တယ်။ ငါ့တာအိုနှလုံးသားက ဆက်လက် တည်ရှိနေသ၍ ငါက ဒီအန္တရာယ်အားလုံးကို ကျော်လွှားအနိုင်ယူ ပစ်မယ်…”

“ဒါ့အပြင် ကျင့်ကြံခြင်း တတိယအဆင့်လည်း ရှိသေးတယ်။ ရှေ့ဖြစ်ဟောသူလို ပုဂ္ဂိုလ်တွေတောင် ဒီအဆင့်ကို မရောက်သေးဘဲ ရောက်ဖို့ အသည်းအသန် လုပ်နေရတာ။ ဒီတတိယအဆင့်က ဘာများလဲ…ဒီအဆင့်က ရှေးဟောင်းနတ်ဘုရားတွေကို ဆန့်ကျင်နိုင်ပြီလား…”

ဝမ်လင်းမျက်လုံးထဲ၌ မျှော်လင့်စောင့်စားမှုမှုတို့နှင့် ပြည့်နေ၏။

သို့ပေမဲ့ သူက ခုလက်ရှိတွင် တတိယအဆင့်က သူနှင့် အလွန်အလှမ်းကွာသေးကြောင်း သိနေပေသည်။

“ကျင့်ကြံခြင်းအဆင့်သုံးဆင့်က တောင်တက်ရတာနဲ့တူတယ်။အဆင့်တိုင်းက အရင် အဆင့်ထက် ပိုခက်ခဲလာတယ်။တတိယအဆင့်မှာ နယ်ပယ်ဘယ်နှစ်ခုရှိလဲ ငါ မသိဘူး။ တတိယအဆင့်ပြီးရင် စတုတ္ထအဆင့်ကော ရှိသေးလားလည်း ငါ မသိဘူး…”

ဝမ်လင်းက သူ့ညာလက်ဖြင့် မိုးကြိုးသားရဲ၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။

“စတုတ္ထအဆင့် တည်ရှိနေရဲ့လား…” ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူက ကြည်များကို မေးမြန်းကြည့်နေသကဲ့သို့ပင်။ မည်သူကမျှ ထိုမေးခွန်းကို ပြန်မဖြေနိုင်ကြပေ။

မိုးကြိုးနဂါးက ဝမ်လင်းကို သယ်ဆောင်ရင်း ပုံရိပ်တစ်ထောင်ဂြိုဟ်သို့ ဦးတည်သွားနေသည်။ ရွင်ယွမ်ဂြိုဟ်က ချိပ်ပိတ်ထားသည့်နေရာ ဖြစ်သဖြင့် သူက ထိုနေရာသို့ ထပ်မံ၍ မသွားလိုတော့ပေ။

“ခုက ယွမ်ရှဂြိုဟ်ပေါ်မှာ ရှိတဲ့ လမြွေနဂါးကပ်ပါးကောင်နဲ့ ပတ်သတ်ပြီး ရှာဖွေရမယ့် အချိန်ပဲ။ ဒီအတွက် ငါက ကောင်းကင်ဘုံမြင့်တက်ခြင်းသစ်သီးတွေ အများကြီး လိုအပ်တယ်။ ဒါ့ကြောင့် ငါက ဟွမ်မိသားစုဆီကို ထပ်သွားရမယ်…”

ဝမ်လင်းက မိုးကြိုးသားရဲကို စီးနင်းလာ၏။၎င်းက ကြယ်သံလိုက်အိမ်မြှောင်ထက် နှေးကွေးသော်လည်း အလွန်မြန်နေဆဲသာ ဖြစ်သည်။

“ငါ့ မူလခန္ဓာကိုယ်ကလည်း ဂြိုဟ်ငယ်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်အားလုံးကို စုပ်ယူပြီး ဖြစ်တဲ့အတွက် သူ့ရဲ့ခန္ဓာကိုယ် ကြယ်လေးလုံးအဆင့်ကို ရောက်သင့်ပြီ။ ဒါပေမဲ့လည်း သူ့ရဲ့ ခန္ဓာကိုယ်မှာ အရွယ်ရောက်ပြီး ရှေးဟောင်းနတ်ဘုရားရဲ့ အော်ရာ လိုအပ်နေသေးတယ်…။ငါက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှာ ဒီအော်ရာကို ရှာတွေ့နိုင်မလား သိချင်မိတယ်…”

“လမြွေနဂါးက ရှေးဟောင်းနတ်ဘုရားရဲ့ ခန္ဓာကိုယ်ထဲမှာနေတဲ့ ကပ်ပါးကောင်ပဲ။ ဒါ့ကြောင့် ယွမ်ရှဂြိုဟ်မှာ ရှေးဟောင်းနတ်ဘုရားရဲ့ အကြွင်းအကျန်အော်ရာ တစ်ခုခု ရှိနေနိုင်မလား…”

ဝမ်လင်းက အတိတ်တုန်းက တစ်စုံတစ်ခုကို ပြန်အမှတ်ရလိုက်သည်။

“အတိတ်တုန်းက ထျန်ယွမ်ဂြိုဟ်ပေါ်မှာ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းကြီးရဲ့ တမန်တော်က ကြယ်ဖျံတစ်ကောင်နဲ့အတူ ရောက်လာခဲ့ဖူးတယ်။ ဒီကြယ်ဖျံက ရှေးဟောင်းနတ်ဘုရားရဲ့ အော်ရာကို အာရုံခံနိုင်စွမ်း မြင့်မားလှတယ်။ ဒီသားရဲသာ ရှိရင် ရှေးဟောင်းနတ်ဘုရားရဲ့ အော်ရာကို ရှာဖွေရာမှာ တော်တော် အကူအညီရနိုင်တယ်…”

လဝက်ခန့်ကြာမြင့်ပြီးနောက် ဝမ်လင်း မြင်ကွင်းထဲတွင် ပုံရိပ်တစ်ထောင်ဂြိုဟ်က ပေါ်ထွက်လာ၏။

သူက ဂြိုဟ်နှင့် နီးကပ်လာသည့်အခါတွင် မိုးကြိုးသံများနှင့် မရေမတွက်နိုင်သော မိုးကြိုးတိမ်တိုက်များက ကောင်းကင်ထက်၌ ထွက်ပေါ်လာကြသည်။ ထိုဖြစ်စဉ်က ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူတိုင်း၏ အာရုံကို ဖမ်းစားသွားခဲ့သည်။

မိုးကြိုးသားရဲက လေထုကို တိုက်ရိုက် ထွင်းဖောက်လာခဲ့သည်။ ၎င်းက လေထဲ၌ ပျံဝဲနေရင်း ဦးခေါင်းကို မော့ကာ ဟိန်းသံပြုသည်။ ထိုဟိန်းသံက ကမ္ဘာလောက၏ မိုးကြိုးအားလုံးကို ကိုယ်စားပြုသည်။

တတိယမြောက်ချိပ်ပိတ်မှုကို ဖြေလျှော့ပြီးသည့်နောက် မိုးကြိုးသားရဲ၏ အမွေအနှစ်နှင့်ခွန်အားတို့သည် ၎င်းကို ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူ တစ်ယောက်ထက် အားမနည်းအောင် ပြုလုပ်ပေးခဲ့ပေသည်။

ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်၏။ သူက လူအများ၏ အာရုံစိုက်မှုကို မလိုလားချေ။ သူက မိုးကြိုးသားရဲခေါင်းကို ပုတ်လိုက်ရာ ၎င်းက ဟိန်းဟောက်သံ ပြုနေရာကနေ ရပ်တန့်သွားကာ မြေပြင်ထက်သို့ တိုက်ရိုက် ပျံသန်းလာခဲ့သည်။

မိုးကြိုးသားရဲက ဟွမ်မိသားစုအိမ်ထံသို့ တန်းတန်းမတ်မတ် ဦးတည်လာသည်။

သူက နီးကပ်မလာခင်မှာပင် ဟွမ်ဖန်ရှန် ဟွမ်မိသားစုမှ ကျင့်ကြံသူများကို ဦးဆောင်၍ ပျံသန်းထွက်လာကြသည်။ သူတို့က မိုးကြိုးသားရဲနှင့် နီးကပ်လာသည့်အခါ သူတို့မျက်လုံးထဲ၌ ထိတ်လန့်ကြောက်ရွှံ့မှုများ ဖြစ်ပေါ်လို့နေသည်။

သူတို့က မိုးကြိုးသားရဲပေါ်၌ ထိုင်နေသော ဝမ်လင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်၌ အချို့လူများသည် အာမေဋိတ်သံပင် ပြုမိသွားကြသည်။

ဟွမ်မိသားစုမှ လူများက ဝမ်လင်းကို ဘယ်တော့မှ မေ့သွားလိမ့်မည် မဟုတ်ပေ။

မိုးကြိုးသားရဲ ဦးခေါင်းထက်၌ ထိုင်နေရင်း ဝမ်င်းမျက်လုံးများက လျှပ်စီးများ တလက်လက် လင်းလက်နေကာ သူက တည်ငြိမ်စွာ ပြောလာသည်။ “ဟွမ်မိသားစုခေါင်းဆောင်…ထွက်လာခဲ့…”

ဟွမ်ဖန်ရှန်က အသက်ဝဝရှုသွင်းလိုက်သည်။ သူက ရှေ့သို့ လှမ်းတက်ကာ လေးလေးစားစား ပြောလိုက်သည်။ “ဟွမ်မိသားစုမှ ဟွမ်ဖန်ရှန်က မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တမန်တော်ကို နှုတ်ဆက်ပါတယ်။ ငါက အရင်တုန်းက တမန်တော်အရှင်မှန်း မသိရှိခဲ့ရပါဘူး။ တမန်တော်အရှင်က စိတ်မရှိဖို့ မျှော်လင့်မိပါတယ်…”

ဝမ်လင်းက ထူးထွေ ပြန်ရှင်းပြမနေဘဲ ပြောလိုက်၏။ “အတိတ်က ကိစ္စရပ်တွေကို ပြောနေဖို့ မလိုတော့ဘူး။ ငါက မင်းတို့ကို ကောင်းကင်ဘုံတက်ခြင်းသစ်သီးအမြောက်အများ ရနိုင်တဲ့ နည်းလမ်းများ ရှိမလား မေးချင်မိတယ်…”

“ကောင်းကင်ဘုံတက်ခြင်းသစ်သီးများ…” ဟွမ်ဖန်ရှန်က မှင်သက်သွားသည်။ ချက်ခြင်းပင် သူက ခါးသီးစွာ ပြောလိုက်သည်။ “တမန်တော်အရှင်…ဒါက…”

ဝမ်လင်းမျက်လုံးများက ကျဉ်းမြောင်းသွားသည်။ သူက ဟွမ်ဖန်ရှန်ကို ကြည့်လိုက်၏။ သူ့အော်မှ မိုးကြိုးသားရဲကလည်း ဟိန်းသံပြုသည်။

ဟွမ်ဖန်ရှန်က သက်ပြင်းချ၍ ဆုံးဖြတ်ချက်ပြတ်သားသော အကြည့်ကို ထုတ်ဖော်လိုက်၏။ သူက ခေါင်းညိတ်ကာ ပြောလာသည်။ “ရှိပါစေတော့လေ…ဟွမ်မိသားစုက နောက်နှစ်တစ်ရာအတွင်း မိုးကြိုးကောင်းကင်ဘုံနယ်မြေကို ဝင်ရောက်မဲ့ အခွင့်ရေးကို လက်လျော့ပြီး တမန်တော်အရှင်အတွက် ကောင်းကင်ဘုံတက်ခြင်းသစ်သီးတွေကို စုဆောင်းပေးပါ့မယ်…”

ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။သို့သော် သူက စတင် စဉ်းစားသွားသည်။ သည်ဟွမ်ဖန်ရှန်၏ စကားထဲ၌ သဲလွန်စအချို့ ပါဝင်နေ၏။ “ကောင်းကင်ဘုံတက်ခြင်းသစ်သီးက မိုးကြိုးကောင်းကင်ဘုံနယ်မြေနဲ့များ တစ်ခုခု ဆက်စပ်နေလို့လား…”

မိုးကြိုးကောင်းကင်ဘုံနယ်မြေသည် လာမည့်နှစ်တစ်ရာအတွင်း ဖွင့်လှစ်ပေတော့မည်။ ဝမ်လင်းက ထိုအကြောင်းကို စွန်ရှီထံကနေလည်း အရင်က ကြားခဲ့ဖူး၏။

ဝမ်လင်းအသွင်က ပြောင်းလဲသွားခြင်း မရှိပေ။ သူက တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။

ဟွမ်မိသားစုသည် ကောင်းကင်ဘုံတက်ခြင်းသစ်သီး မြောက်များစွာ ပိုင်ဆိုင်ထားပေ၏။သို့သော် ၎င်းတို့က ဝမ်လင်းလိုအပ်ချက်အတွက် မလောက်ငှသေးပေ။

“ကြည့်ရတာ မိုးကြိုးကောင်းကင်ဘုံနယ်မြေရဲ့ နာမည်ကို သုံးပြီး ဒီမြောက်ပိုင်းနယ်မြေမှာ ဖြတ်သန်းသွားလာဖို့ လိုနေပြီ…” ဝမ်လင်းက မိုးကြိုးသားရဲ၏ ဦးခေါင်းကို ပွတ်သပ်လိုက်ချေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset