မိုးကြိုးတာအိုပညာရှင်၏ သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံကျောက်စိမ်းပြား ပမာဏသည် ဝမ်လင်းကို ပင့်သက်ရှိုက်မိသွားစေသည်။
“မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တမန်တော်တစ်ယောက်က ဒီလောက်များပြားတဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြား တွေပိုင်ဆိုင်ထားတယ်။ ဒါက ဒီကျောင်းတော် ဘယ်လောက်စွမ်းအားကောင်းကြောင်းကို ပြသနေတာပဲ…”
သူက အချိန်အတန်ကြာ စဉ်းစားပြီးနောက် မျက်လုံးများ တောက်ပလာခဲ့သည်။
“မိုးကြိုးကောင်းကင်ဘုံကျောင်းတော်…”
ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်သည်။ သည့်နောက် သူ့ခန္ဓာကိုယ်က ဆက်ခနဲ လှုပ်ရှားသွားကာ လှိုဏ်ဂူထဲကနေ ပျောက်ကွယ်သွားသည်။ ကောင်းကင်ဘုံသက်တော်စောင့်ကလည်း သူ့နောက်ကနေ လိုက်ပါသွား၏။
ဝမ်လင်း ခန္ဓာကိုယ်က ဂြိုဟ်၏ အရှေ့ဘက် ကောင်းကင်ထက်၌ ပေါ်လာခဲ့သည်။ သူက အောက်သို့ လက်ဝှေ့ယမ်းလိုက်ရာ ကျယ်လောင်သော မြည်ဟီးသံကြီးနှင့်အတူ ကီလိုမီတာငါးထောင်အတွင်းသည် ပြားဝပ် ညီညာသွားတော့သည်။
ထိုးထိုးထောင်ထောင် ဖြစ်နေသော ကျောက်စိုင်ကျောက်ခဲများသည် ဝမ်လင်း၏ လက်ဝှေ့ယမ်းမှုကြောင့် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားချေသည်။
ဝမ်လင်းက လေထဲကနေ ဆင်းသက်ကာ ထိုပြင်ညီ မျက်နှာပြင် မြေပြန့်အလယ်ဗဟိုတွင် ထိုင်ချလိုက်သည်။ ရွင်ယွမ်ဂြိုဟ်ပေါ်ရှိ မိသားစု သုံးခုထံမှ ရရှိထားသော ကောင်းကင်ဘုံကျောက်စိမ်းာက်ခည်း သူ့နောက်ကနေ လိုက်ပါသများက ပျံသန်းထွက်လာခဲ့၏။ ထိုကောင်းကင်ဘုံကျောက်စိမ်းပြားများက သူ့ပတ်လည်၌ ဝန်းရံလို့သွားချေသည်။
ဝမ်လင်းက သိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ်တစ်ကုဋေအလံကို ထုတ်ယူလိုက်၏။ ထိုအခါ အလံထဲရှိ စိတ်ဝိညာဉ်အပိုင်းအစအားလုံးသည် မူလစိတ်ဝိညာဉ်အပိုင်းအစသုံးခုသို့ ပြောင်းလဲသွားကာ သည်ဧရိယာတွင် စတင်ကင်းလှည့်ပေးသည်။ ကောင်းကင်ဘုံသက်တော်စောင့်ကလည်း လေထဲ၌ ပေါ်ထွက်လာကာ သည်ဧရိယာကို စောင့်ကြပ်၏။
ထိုအရာများကို လုပ်ဆောင်ပြီးသည့်နောက် ဝမ်လင်းသည် အသက်ဝဝရှူသွင်းလိုက်က သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ ထို့နောက် သူက မျက်လုံးမှိတ်ထားလိုက်၏။
လေထဲတွင် ကောင်းကင်ဘုံကျောက်စိမ်းပြားများစွာဖြင့် ပြည့်နှက်နေကာ ဝမ်လင်း၏ ဆက်တိုက် စုပ်ယူခြင်းကို ခံရတော့သည်။
ခဏကြာမြင့်ပြီးနောက် ကောင်းကင်ဘုံကျောက်စိမ်းပြား အားလုံးက မြေပေါ်သို့ ပြန့်ကျဲ့ပျကစီးကုန်ကြသည်။ထိုအခါ နောက်ထပ် ကောင်းကင်ဘုံကျောက်စိမ်းပြား ပမာဏများစွာက ဝမ်လင်းသိုလှောင်အိတ်ထဲကနေ ထပ်မံ ထွက်ပေါ်လာခဲ့ကာ သူ့အား စက်ဝန်းတစ်ခုကဲ့သို့ လှည့်ပတ်လာပြန်သည်။
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ပြည့်နှက်လာနေရင်း သူ့ကျင့်ကြံမှုအဆင့်ကလည်း တိုးတက်လာနေသည်။
ထိုအချိန်၌ မဟာမိတ်ကြယ်အဖွဲ့အစည်းကြီး၏ တစ်နေရာတွင် စွန့်ပစ်ခံဂြိုဟ်တစ်ခု တည်ရှိနေ၏။ ထိုဂြိုဟ်က သိပ်ကြီးမားလှခြင်း မရှိပေ။ ထိုနေရာ၌ မည်သည့်သက်ရှိမှလည်း ရှိမနေခဲ့ပေ။
သည်နေ့တွင် ဓားစွမ်းအင်တန်းသုံးခုက ကြယ်များကြား၌ ဖြတ်သန်းလာနေ၏။ ရှေ့ဆုံးမှလူက အမျိုးသမီးတစ်ယောက်ဖြစ်၏။ သူမက ခရမ်းရောင်ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားကာ ကျက်သရေရှိသော ခံစားချက်ကို ပေးစွမ်းနေသည်။
ဝမ်လင်းသာ ထိုနေရာ၌ ရှိနေမည်ဆိုပါက သည်အမျိုးသမီးကို မြင်သည်နှင့် သူက သိရှိနေပေလိမ့်မည်။ သူမက ချင်ဖန်ကို ဝါးမြိုပြီးနောက် ဟင်္သာပြဒါးဂြိုဟ်ကနေ ထွက်ခွာသွားကာ ဒြပ်စင်ငါးခုဂြိုဟ်မှ ထွက်ပြေးလာခဲ့သည့် ဇီရှင်းပင် ဖြစ်လေသည်။
သူမက ကောင်းကင်ရေနန်းတော်၏ အမဲလိုက်ခြင်းကို ခံရကာ ယောင်ရှင်းရွှယ်၏ အဖေ၊သွေးဘိုးဘေး၏ ကယ်တင်ခြင်းကို ခံခဲ့ရပြီး သူ့ကိုယ်လုပ်တော် ဖြစ်လာခဲ့ပေသည်။
သူမနောက်ရှိ ယောက်ျားသားနှစ်ယောက်ကတော့ သွေးရောင်အလင်းကို ပေးစွမ်းနေသည်။သူတို့၏မျက်လုံးများက မှိန်ဖျော့နေကာ ထိန်းချုပ်ထားခံရမှန်း သိသာနေ၏။ထိုနှစ်ယောက်ကတော့ သွေးဘိုးဘေး၏ သန့်စင်ခြင်းခံထားရသော သွေးကျွန် ဖြစ်ကြ၏။
ထိုသွေးကျွန်တစ်ယောက်ချင်းစီသည် အာဏာတက်ခြင်းအဆင့်တွင် ရှိနေကြ၏။
ဇီရှင်က ထိုသွေးကျွန်နှစ်ယောက်ကို ခေါ်ဆောင်ကာ အကွာအဝေးတစ်ခုရှိ ဂြိုဟ်တစ်ခုထံသို့ မြန်ဆန်စွာ သွားရောက်နေခြင်းပင်။
ဇီရှင်း၏ ဆွဲမက်ဖွယ်အသံက ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။ “ဒါက နင်တို့ ပြောတဲ့ ဂြိုဟ်လား…”
သွေးကျွန်နှစ်ယောက်ထဲမှ တစ်ယောက်က ဝင်ပြောလိုက်၏။ “အရှင်မ…ဒီဂြိုဟ် ဟုတ်ပါတယ်…”
ဇီရှင်မျက်လုံးက ကျဉ်မြောင်းသွားပြီးနောက် ထိုဂြိုဟ်ပေါ်သို့ ခြေချလိုက်၏။ လွန်ခဲ့သော သုံးလက သွေးကျွန်များထဲမှ တစ်ယောက်က သည်ဂြိုဟ်တွင် ပြောင်းလဲမှုအချို့ ဖြစ်နေကြောင်း တင်ပြလာခဲ့သည်။
ထိုဂြိုဟ်က သွေးဘိုးဘေး၏ လွှမ်းမိုးနိုင်မှု ဩဇာအောက်တွင် ရှိနေသည့်ဂြိုဟ် ဖြစ်သည်။ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ ခရီးစဉ် ပြီးဆုံးပြီးနောက် သွေးဘိုးဘေးက အမြဲလိုလို သုန်မှုန်စွာ ရှိနေခဲ့၏။ထို့နောက် သိပ်မကြာခင်တွင် သူက သူဘယ်သွားမည်ကို မည်သူမျှ အသိမပေးဘဲ ထွက်ခွာသွားခဲ့ပေသည်။
ဇီရှင် အနည်းငယ် စဉ်းစားပြီးနောက် ထိုသေးငယ်သော ဂြိုဟ်ပေါ်သို့ သွေးကျွန်နှစ်ယောက်နှင့်အတူ ဦးတည်လာခဲ့ခြင်း ဖြစ်သည်။
ဇီရှင်နှင့်သွေးကျွန်တို့ ထိုဂြိုဟ်ပေါ်သို့ ရေက်ရှိလာသည့်အခါတွင် သူတို့က တုန်ခါသံတစ်ခု ပဲ့တင် ထပ်နေသည်ကို ကြားလိုက်ရ၏။ထို့နောက် သူမသည် မြေပြင်က စတင်အက်ကွဲလာကာ အကွာအဝေးတစ်ခုရှိ တောင်ပင် ပြိုပျက်လာခဲ့သည်ကို တွေ့မြင်လိုက်ရသည်။
အတော်အတန်ဝေးသော နေရာရှိ ပေတစ်ရာခန့် ဗြက်ကျယ်သော မြစ်တစ်စင်းပင် ခမ်းခြောက်သွားခဲ့ပေသည်။
သွေးကျွန်ထဲမှ တစ်ယောက်က ပြောလိုက်၏။ “ဒီဂြိုဟ်က လွန်ခဲ့တဲ့နှစ်လေးရာ ကတည်းက စွန့်ပစ်ခံဂြိုဟ် ဖြစ်ပေါ်မယ်လည်း အတိတ်တုန်းက ဘာမှ ထူးဆန်းတာ မရှိခဲ့ဘူး။ ဒါပေမဲ့ ခု လွန်ခဲ့တဲ့ ဆယ်စုနှစ်အချို့မှာတော့ ဒီဂြိုဟ်ရဲ့ သက်တမ်းက လျော့ပါးလာတာကို တွေ့ခဲ့ရတယ်…”
ဇီရှင်မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူမ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။ သူမက ဤဂြိုဟ်၏ အတွင်းနက်ပိုင်းကို စစ်ဆေးကြည့်လိုနေသည်။ သို့ရာတွင် သူမ၏ နတ်ဘုရားအာရုံက မြေပြင်ထဲသို့ ဝင်ရောက်သွားသည်နှင့်…သတ်ဖြတ်ခြင်းစိတ်ဆန္ဒပြည့်နေသော အေးစက်စက် အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
“ထွက်သွားစမ်း…” ထိုအသံက မိုးကြိုးသံထက်ပင် အဆများစွာ ပြင်းထန်ပေသည်။ မြေပြင်ပေါ်တွင်ပင် အက်ကွဲကြောင်းများစွာ ထွက်ပေါ်လာခဲ့သည်။
ဤအခိုက်အတန့်၌ ဂြိုဟ်တစ်ခုလုံးက ပျက်စီးသွားလုနီးပါး ဖြစ်သွားသည်ဟု ထင်မှတ်ရသည်။ တောင်တန်းများက ပြိုကျကာ မြေပြင်က ချိုင့်ဝင်ကုန်၏။ကောင်ကင်ထက်၌လည်း လေဟာနယ်အက်ကွဲကြောင်းများ ဖြစ်ကုန်သည်။
တစ်ချိန်တည်းမှာပင် ထိုအသံက ဇီရှင်၏ နားထဲသို့ တိုးဝင်လာကာ သူ့မျက်နှာက ဖြူရောသွား၏။ သွေးကျွန်နှစ်ယောက်သည်လည်း တုန်ယင်သွားကာ သွေးများ အန်ထုတ်လိုက်ရ၏။
ဇီရှင်မျက်နှာက ကြောက်လန့်မှုများနှင့် ပြည့်နှက်သွား၏။ သူမက ထိုအသံကို ကြားဖူးသလားဟု တွေးချိန်ပင် မရလိုက်ပေ။သူမက ချက်ခြင်းပင် လေးစားစွာ ဦးညွတ်၍ ပြောလိုက်၏။ “ဂျူနီယာက ဒီနေရာဟာ စီနီယာတံခါးပိတ်ကျင့်ကြံနေတဲ့နေရာမှန်း မသိလို့ပါ။ စီနီယာကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။ ငါ ခုချက်ခြင်း ထွက်သွားပါတော့မယ်…”
သူမ၏ ဦးရေပြားပင် ထုံထိုင်းသွားရကာ နောက်သို့ အမြန်ဆုတ်ခွာလိုက်၏။ သွေးကျွန်နှစ်ယောက်လည်း သူမနောက်သို့ လိုက်ပါလာကြသည်။ သူတို့သုံးယောက်က ဂြိုဟ်ကနေ အမြန် ထွက်ခွာသွားသည်။အာကာသဟင်းလင်းပြင်ထဲ ပြန်ရောက်သည့်အခါကျမှ ဇီရှင်မျက်လုံးထဲရှိ ကြောက်ရွှံ့မှု ပြန်ပျောက်ကွယ်သွားရ၏။ ထိုဂြိုဟ်ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သူမက သွေးကျွန်နှစ်ယောက်နှင့်အတူ မြန်ဆန်စွာ ထွက်ခွာလာသည်။
သူတို့ ထွက်ခွာသွားပြီး သိပ်မကြာခင်မှာပင် ဂြိုဟ်ထံမှ တုန်ခါသံများက ပိုမို ကျယ်လောင်လာ၏။ သိပ်မကြာခင်တွင် ဂြိုဟ်တစ်ခုလုံးက စတင် ပျက်စီးလာသည်။
ဂြိုဟ် ပျက်စီးသွားသည့်အခိုက်၌ ကျယ်လောင်သောအသံက ကြယ်များကြားတွင် ပဲ့တင်ထပ်လာခဲ့သည်။ မမြင်ရသောအားတစ်ခုက ပျံ့နှံ့လာကာ အဝေးရှိ ဇီရှင်နှင့်သွေးကျွန်နှစ်ယောက်တို့၏ အသွင်သည် နောက်တစ်ဖန် ပြောင်းလဲသွားကြပြန်သည်။
ထိုအားက မြန်ဆန်လွန်းလှရာ သူတို့အား မှီလာ၏။ဇီရှင်အသွင်က ဖြူရောသွားကာ သူမက အော်ပြောလိုက်သည်။ “သွေးကျွန်တွေ…ဒါကို ရပ်တန့်ဖို့အတွက် ပေါက်ကွဲလိုက်ကြ…”
သူမနောက်ရှိ သွေးကျွန်နှစ်ယောက်က ချက်ခြင်း ရှေ့သို့ ထွက်လာကာ ပေါက်ကွဲမှုအား ရှိရာသို့ ဦးတည်သွား၍ သူတို့၏ မူလစိတ်ဝိညာဉ်များကို ပေါက်ခွဲလိုက်ကြသည်။
ထိုအခိုက်အတန့်ကို အသုံးချ၍ ဇီရှင်က သူမ သိုလှောင်အိတ်ထဲမှ သွေးနီရောင်ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုကျောက်စိမ်းပြားက သူမကို သွေးဘိုးဘေး ပေးထားသည့်အရာ ဖြစ်၏။ ထိုအရာကို အသုံးပြုကာ မည်သည့်နေရာမှ ဖြစ်စေ သွေးဂြိုဟ်ထံသို့ တည်နေရာ ရွှေ့ပြောင်းနိုင်စွမ်း ရှိပေသည်။
သို့ရာတွင် ၎င်းကို အသက်သွင်းရန် အချိန်အချို့တော့ လိုအပ်ပေ၏။
ဂြိုဟ်က ပျက်စီးသွားက မရေမတွက်နိုင်သော ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲ၍ ကြယ်များကြားတွင် ပျံ့နှံ့သွားခဲ့သည်။ ဂြိုဟ်ပျက်စီးသွားပြီးနောက် ဗဟိုချက်တွင် ယောက်ျားသားတစ်ယောက်က မားမားရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူ၏ အနီရောင်ဆံပင်များက လေမတိုက်ပါဘဲ ဝဲလွင့်နေကာ သူ့မျက်လုံးများက ရေခဲတစ်မျှ အေးစက်လှ၏။ သူ့အသားအရည်ကလည်း သွေးကြောများ ထောင်ထကာ ကြမ်းတမ်းပုံပေါ်နေသည်။
သူ့နှဖူးထက်၌လည်း ကြယ်လေးခု ဖြည်းညင်းစွာ လှည့်လည်နေသည်။ သို့သော် ကြယ်တစ်ခုကတော့ ဖျောက်တောက်တောက်သာ ရှိနေ၏။
ထိုသူက ဝမ်လင်း၏ မူလခန္ဓာကိုယ်ပင် ဖြစ်ချေသည်။
မူလခန္ဓာကိုယ်၏ အသွင်ဟန်ပန်က ရေခဲတစ်မျှ အေးစက်လှပေသည်။ သူ့ထံမှ အဆုံးစွန်သော အေးစက်မှုကို ပေးစွမ်းနေသည်။
ဂြိုဟ်ပျက်စီးရာကနေ ဖြစ်ပေါ်လာသည့် အားက သူ့အရေပြားကို ထွင်းဖောက်နိုင်ခြင်း မရှိဟု ထင်မှတ်ရ၏။
“ဒီဂြိုဟ်မှာ ငါ စုပ်ယူဖို့ စိတ်ဝိညာဉ်စွမ်းအင် မရှိတော့ဘူး…” ဝမ်လင်း၏မူလခန္ဓာကိုယ်က အနည်းငယ်စဉ်းစားပြီးနောက် သူ့ပတ်လည်ရှိ ဂြိုဟ်အပျက်အစီးကို ကြည့်လိုက်သည်။ထို့နောက် သူ့လက်ကို ဆန့်ထုတ်ကာ ဆွဲယူဟန် ပြု၏။
သူ့ပတ်လည်ရှိ ဖုန်မှုန့်ဖုန်မွှားများက ရုတ်တရက် တန့်သွားကာ ရှေးဟောင်းအော်ရာတစ်ခုက ဖြည်းဖြည်းချင်း သိပ်သည်းလာ၏။ သို့ရာတွင် သိပ်မကြာသောအချိန်မှာပင် ယင်းအော်ရာက ပြန်ပျောက်ကွယ်သွားသည်။
“ဒီစိတ်ဝိညာဉ် ထုတ်ယူခြင်းမန္တာန်က ကျင့်ကြံမှုအချို့ လိုအပ်နေတာပဲ…” ဝမ်လင်း၏ မူလခန္ဓာကိုယ်က ရှေ့သို့ ခြေလှမ်းလိုက်၏။ သူ့သန်မာလှသော ခန္ဓာကိုယ်နှင့်ဆိုလျှင် သူက ကြယ်များကြား ဖြတ်သန်းသွားလာဖို့အတွက် ကြယ်သံလိုက်အိမ်မြှောင်တစ်ခုပင် မလိုအပ်ချေ။
“ကံမကောင်းစွာနဲ့..ငါက အရွယ်ရောက်ပြီး ရှေးဟောင်းနတ်ဘုရားရဲ့ အော်ရာကို ရှာမတွေ့နိုင်သေးဘူး။ မဟုတ်ရင် ငါက ကြယ်လေးလုံးအဆင့်ကို အမှန်တကယ် ရောက်နေပြီ။ ငါက ဟင်္သာပြဒါးဂြိုဟ်ကို ပြန်သွားဖို့များ လိုနေမလား…တာ့ဆန်က ဘယ်အချိန်မှာ လွတ်မြောက်လာမလဲလည်း ငါမသိရဘူး…”
ဝမ်လင်း မူလခန္ဓာကိုယ်က ကြယ်များကြားတွင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။
လများစွာ ကြာမြင့်ပြီးနောက် ဝမ်လင်း၏မူလခန္ဓာကိုယ်သည် စွန့်ပစ်ခံဂြိုဟ်အသစ်တစ်လုံးကို ရွေးချယ်လိုက်၏။ သူက ဂြိုဟ်၏ ဗဟိုချက်သို့ ဖြည်းဖြည်းဝင်ရောက်သွားကာ မျက်စိမှိတ်၍ စတင်ကျင့်ကြံတော့သည်။
သူက ထိုဂြိုဟ်ကို ရွေးချယ်လိုက်ခြင်းက ယင်းဂြိုဟ်တွင် သဘာဝ မိုးကြိုးအလွှာတစ်ခု ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်၏။
ဟင်္သာပြဒါးဂြိုဟ်…နတ်ဆိုးပင်လယ်…။
နတ်ဆိုးပင်လယ်ရှိ မြူများက အချိန်အတန်ကြာကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ထို့ကြောင့် နတ်ဆိုးပင်လယ်တစ်ခုလုံးက ခုချိန်တွင် ကြီးမားသည့် ချိုင့်ဝှမ်းကြီးတစ်ခုလို ဖြစ်နေ၏။
ထိုနတ်ဆိုးပင်လယ်၏ အနက်ပိုင်းတွင် အပျက်အစီးကြယ်နယ်မြေလို့ ခေါ်တွင်သည့် နေရာတစ်ခု ရှိလေ၏။ ထိုနေရာက နတ်ဆိုးပင်လယ်၏ တားမြစ်နေရာတစ်ခု ဖြစ်ပေသည်။ လူတစ်ယောက်က ထိုနားသို့ ချဉ်းကပ်သွားသည်နှင့် သူ့တည်နေရာက ထူးဆန်းစွာ ပျောက်ကွယ်သွားတက်၏။ ထို့ကြောင့် မည်သူကမှ ထိုနေရာသို့ လာဝံ့ကြခြင်း မရှိတော့ပေ။
ထိုအပျက်အစီးကြယ်နယ်မြေ၏ အတွင်းဘက်၌ ရှေးဟောင်းနတ်ဘုရားနယ်မြေတစ်ခု ရှိသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများက သွေးပင်လယ်တွင် ထိုင်လျက် ရှိနေကြ၏။ ထိုကျင့်ကြံသူများအဆင့်သည် သွေးပင်လယ်က သူတို့ထံသို့ ချဉ်းနင်း ဝင်ရောက်လာနေရင်း ဖြည်းဖြည်းချင်း တိုးတက်နေခဲ့သည်။ထိုရှေးဟောင်းကျင့်ကြံသူများက ပို၍ပင် စွမ်းအား ကောင်းလာကြပေ၏။
ထိုသွေးပင်လယ်ထဲ၌ အကြီးမားဆုံး တိုင်လုံးကြီးတစ်ခု ရှိနေကာ ထိုတိုင်လုံးပေါ်၌ အနီရောင်ဆံပင်နှင့်လူ တစ်ယောက်ထိုင်နေသည်။ သူ့ခန္ဓာကိုယ်က ပြင်းထန်သောစွမ်းအား အော်ရာကို ပေးစွမ်းကာ နေသည်။
ထိုလူ၏ ဘေး၌ သံချေးတက် ဓားတစ်လက် ရှိနေသည်။ ထိုဓားအပေါ်၌ သံချေးများအပြင် ခြောက်ကပ်ကပ် သွေးစအချို့လည်း ရှိလို့နေ၏။
ဤအခိုက်အတန့်၌ အနီရောင်ဆံပင်နှင့်လူက သူ့ခေါင်းကို ငုံ့လိုက်ရာ သူ့အနီရောင်ဆံပင်များက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ ထိုဆံပင်များကြား၌ သူ့ ချွန်မြသော လက်သည်းဖြင့် ရေးထွင်းထားသော စာလုံးနှစ်လုံး ရှိနေပေ၏။ ထိုစာလုံးနှစ်လုံးမှာ ‘ဝမ်လင်း’ ဟူ၍ပင်။
လူတစ်ယောက် အနီးကပ်ကြည့်ပါက သူထိုင်နေသော တိုင်တစ်ခုလုံးသည်လည်း ထိုစကားနှစ်လုံးနှင့် အပြည့် ဖုံးအုပ်နေသည်ကို တွေ့ရပေမည်။
“ဝမ်လင်း…” ထိုအနီရောင်ဆံပင်နှင့် လူထံမှ ခပ်ရှရှအသံတစ်ခု ထွက်ပေါ်လာကာ သွေးပင်လယ်တစ်ခုလုံး၏ ပဲ့တင် ထပ်သွား၏။ ကျင့်ကြံသူတိုင်း၏ ခန္ဓာကိုယ်ပင် တုန်ယင်သွားကြသည်။
မရေမတွက်နိုင်သော နှစ်များစွာအတွင်း သူတို့က ဝမ်လင်း ဆိုသည့် နာမည်ကို အဖန်တလဲလဲ ကြားနေရကာ ထိုနာမည်က သူတို့၏ အရိုးထဲထိ ရေးထွင်းနေခဲ့ပြီ ဖြစ်သည်။
“ဝမ်လင်း…ငါ လွတ်မြောက်လာတော့မယ်…”
သုံးလကြာမြင့်ပြီးနောက် အပျက်အစီးကြယ်များကြားကနေ လူတစ်ယောက် လှမ်းထွက်လာ၏။ ထိုလူ၏ ပခုံးထက်၌ အနီရောင်မျက်လုံးနှင့် မျောက်တစ်ကောင်လည်း ပါလာသည်။သူက နတ်ဆိုးပင်လယ်ထဲသို့ ဖြည်းညင်းစွာ လှမ်းဝင်လာ၏။
သူက သွေးပင်လယ်ထဲရှိ အနီရောင်ဆံပင်နှင့်လူ တာ့ဆန်မဟုတ်ပေ။ သို့သော် တာ့ဆန် စေလွှတ်လိုက်သော တမန်တော် ဖြစ်နေ၏။
ထိုလူ၏ မျက်လုံးထဲ၌ နက်ရှိုင်းသော အမုန်းတရားတစ်ခု ရှိနေ၏။ ဝမ်လင်းသာ သည်နေရာမှာ ရှိနေလျှင် သူက ထိုလူ့ကို သေဆုံးသွားတာ ကြာမြင့်ခဲ့ပြီ ဖြစ်သော ကောင်းကင်နတ်ဆိုးပညာရှင်ဟု သိရှိပေလိမ့်မည်။
အတိတ်တုန်းက ဝမ်လင်းကြောင့်သာ မဟုတ်လျှင် ရှေးဟောင်းနတ်ဘုရားထူစီ၏ အသိဉာဏ်အမွေအနှစ်သည် သူ့ဟာ ဖြစ်ပေလိမ့်မည်။ သူက လိုအပ်ခြောက်မျိုးနတ်ဆိုးသခင်၏ ဆရာဖြစ်ကာ ထူစီ၏ အမွေအနှစ်ကို ရရှိရန် နှစ်ပေါင်းများစွာ အစီအစဉ် ချမှတ်၍ စောင့်ဆိုင်းနေခဲ့သူ ဖြစ်သည်။ သို့သော် ထိုအရာများအားလုံးက ဝမ်လင်း၏ ဖျက်စီးခြင်းကို ခံလိုက်ရပေသည်။ဝမ်လင်းအပေါ် သူ့အမုန်းတရားကလည်း တာ့ဆန်ထက် လျော့နည်းလိမ့်မည် မဟုတ်ပေ။
“မိုးကြိုးကောင်းကင်ဘုံနယ်မြေအောက်မှာ ရှိတဲ့ နယ်မြေ….” ကောင်းကင်နတ်ဆိုးပညာရှင်၏ ခန္ဓာကိုယ်က ဖျပ်ခနဲ လှုပ်ရှားသွားကာ ဟင်္သာပြဒါးဂြိုဟ်ကနေ ထွက်ခွာသွားတော့၏။
ဟင်္သာပြဒါးဂြိုဟ်။ ဟင်္သာပြဒါးတောင်ထိပ်…။
ကျိုးယု၏ ဆံပင်ရှည်များက လေနှင့်အတူ ဝဲလွင့်နေကာ သူမ၏ ဝတ်စုံကလည်း တဖျပ်ဖျပ် ဖြစ်လို့နေသည်။ သူမက အရင်ထက် ပို၍ ရင့်ကျက်လာသည့်ပုံ ပေါ်သည်။ သူမနောက်တွင် အဖြူကောင်လေး(ကျား)က ပျင်းရိလေးတွဲစွာ မြေပြင်ထက်၌ လှဲလျောင်းနေသည်။
ကျိုးယုက သူမ လက်ထဲ၌ သိုလှောင်အိတ်တစ်ခုကို ကိုင်လို့ထား၏။ ထိုသိုလှောင်အိတ်က အလွန်အိုဟောင်းနေကာ နှစ်ရာချီသမိုင်းကြောင်း တစ်ခုရှိနေ၏။
“ဦးလေး…အတိတ်တုန်းက ဦးလေးထားခဲ့တဲ့ သိုလှောင်အိတ်ကို အခု ငါ ဖွင့်လို့ ရပြီ…”
ကျိုးယုက နူးညံ့စွာ ပြောလိုက်ပြီးနောက် ထိုသိုလှောင်အိတ်ကို ငုံကြည့်နေ၏။ သူမ၏ နတ်ဘုရားအာရုံက ထိုသိုလှောင်အိတ်ထဲသို့ ဝင်ရောက်သွားကာ ဖွင့်လှစ်လိုက်သည်။
ထိုသိုလှောင်အိတ်ထဲ၌ ထူးထူးထွေထွေ ရှိမနေဘဲ အဖြူရောင်အလင်းတန်းတစ်ခုသာ ထိုးထွက်လာပြီးနောက် ကျိုးယု၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်လို့သွားသည်။ သူမခန္ဓာကိုယ်က တုန်ယင်သွားကာ သိုလှောင်အိတ်ကို ဆုပ်ကိုင်ထားသောလက်ကလည်း ပြေလျော့သွားပြီး သိုလှောင်အိတ်သည် လေနှင့်အတူ အဝေးသို့ လွင့်စင်သွားသည်။
အဖြူကောင်လေးက ဟိန်းသံပြုကာ ရုတ်တရက် မတ်တပ် ထရပ်လာကာ ကျိုးယုကို ကြည့်လိုက်၏။ သူက မည်သို့ ဖြစ်ပျက်သွားသည်ကို နားမလည်လိုက်ပေ။
အဖြူရောင်အလင်းက ကျိုးယုမျက်ခုံးနှစ်ခုကြားတွင် ပျောက်ကွယ်သွားပြီးနောက် သူမ၏ ဦးနှောက်ထဲ၌ ချိပ်ပိတ်ထားမှု တစ်ခုကလည်း ပြေလျော့သွားသည်။ ထိုချိပ်ပိတ်ထားသော မှတ်ဉာဏ်များက ကျိုးယုထံ၌ ဖြည်းဖြည်းချင်း ပေါ်လာခဲ့တော့သည်။
“ဆယ့်ကိုးနှစ်ကြာအောင်…ဒီကလေးက ငါ့ကိုယ်ပိုင်သမီးတစ်ယောက်လို ကြီးပြင်းလာတယ်လို့ ခံစားမိတယ်။ အကိုကြီးဝမ်…ငါက ဒီကလေးရဲ့ အသက်ကို စတေးဖို့ လက်မခံနိုင်ဘူး…။ဝမ်အာက တကယ်ကို ရူးကြောင်ခဲ့ပါတယ်။ ငါက အကိုဝမ်ကို ထားခဲ့ရတော့မယ်…”
ကျိုးယု၏ မျက်နှာထက်၌ မျက်ရည်များ စီးဆင်းကျလာ၏။ အချိန်အတန်ကြာမြင့်ပြီးနောက် သူမက ခေါင်းငုံ့ကာ ဒူးနှစ်ဖက်ကို ဖက်၍ ငုတ်တုတ်ထိုင်ချမိလိုက်သည်။ သူမက မျက်ရည်များ ကျဆင်းလာမှုကို ရပ်တန့်နိုင်စွမ်း ကင်းမဲ့နေသည်။
“အဖြူကောင်လေး…ဦးလေးက သူ့ကို ငါ လိုက်ရှာမှာကို မလိုချင်ခဲ့ဘူး…”
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ စွန့်ပစ်ခံဂြိုဟ်တစ်ခုပေါ်တွင် ခုလက်ရှိ၌ ဝမ်လင်းသည် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို အရူးအမူး စုပ်ယူနေ၏။ သူ့ပတ်လည်တွင်လည်း ကွဲကြေသွားသော ကောင်းကင်ဘုံကျောက်စိမ်းပြားအပုံက များသထက် များလာခဲ့သည်။
အာဏာတက်ခြင်းအလယ်အလတ်အဆင့်ကို ချိုးဖျက်ရန်အတွက် လိုအပ်သည့် ကောင်းကင်ဘုံကျောက်စိမ်းပြားများက ကြောက်မက်ဖွယ် များပြားလွန်းနေ၏။ သို့သော် ဝမ်လင်းတွင် လုံလောက်သော ကောင်းကင်ဘုံကျောက်စိမ်းပြားများ ရှိနေပေသည်။
သို့ရာတွင် ဝမ်လင်းက သူ့မူလစိတ်ဝိညာဉ်သည် ရှေးဟောင်းမိုးကြိုးနဂါးကို ဝါးမြိုလိုက်ပြီးသည့်နောက် အရင်နှင့် ခြားနားသွားကြောင်းကို တွေ့ရှိခဲ့ရ၏။ သူ့ မူလစိတ်ဝိညာဉ်က ကောင်းကင်ဘုံကျောက်စိမ်းပြားများကို အဆုံးမဲ့ စုပ်ယူနေသည့် တွင်းနက်ကြီးတစ်ခုလို ဖြစ်နေခဲ့သည်။
နှစ်ဝက်ခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူက ထိုနှစ်ဝက်အတွင်း နေ့စဉ်နေ့တိုင်း ကောင်းကင်ဘုံကျောက်စိမ်းပြားများစွာကို စုပ်ယူနေခဲ့၏။သို့ရာတွင် သူ့မူလစိတ်ဝိညာဉ်က ခုထိ မပြည့်ဝသေးပေ။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာနေသည်။သူက ပိုများပြားသော ကောင်းကင်ဘုံကျောက်စိမ်းပြားများကို စုပ်ယူနေ၏။နောက်ထပ် ခြောက်လ ကုန်ဆုံးသွားခဲ့ပြန်သည်။ သည်နေ့တွင် ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးထဲ၌ လျှပ်စီးများက တဖျပ်ဖျပ် လင်းလက်လျက် ရှိနေသည်။သူ့ခန္ဓာကိုယ်ကနေ ကောင်းကင်ကိုပင် တုန်လှုပ်စေနိုင်သော အော်ရာတစ်ခုက တရှိန်ထိုး ထွက်ပေါ်လာ၏။
ဝမ်လင်းက မတ်တပ်ထရပ်လာ၏။ သူ့အသွင်က တည်ငြိမ်နေကာ သူက ကောင်းကင်ထက်သို့ လှမ်းတက်လိုက်ချေသည်။
“အာဏာတက်ခြင်း နောက်ဆုံးအဆင့်…”
***