ထို ကျင့်ကြံခြင်းပညာရပ်၏ ဖော်ပြချက်တွင် စာကြောင်းတစ်ကြောင်းသာ ပါရှိ၏။
” ထာဝရလျှပ်စီး၏ လက်ချောင်းဖြင့် လက်ညှိုးထိုးလိုက်ရုံနှင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ အသွင်ပြောင်းလဲသွားကြမည် ” ဟူသော စာကြောင်းပင် ဖြစ်သည်။
ထိုစာကြောင်းမှာ တစ်စိတ်ကို တစ်အိတ်လုပ်၍ ဖော်ပြထားသည့်ပုံ ပေါ်ပါသော်လည်း ၎င်းထက်ပင် ပို၍ပုံကြီးချဲ့ကာ ဖော်ပြထားသည့် အခြား ကျင့်ကြံခြင်းပညာရပ်များလည်း ရှိနေသေးသည်ဖြစ်သည်။ ထို့အပြင် ထိုကျောက်စိမ်းပေလွှာပေါ်ရှိ ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်မှာ ပြီးပြည့်စုံခြင်း မရှိသေးပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းသွားရပါသော်လည်း မမလေးမှာ ယုံကြည်အားထားရသည့် လူတစ်ယောက်ဖြစ်ကြောင်း ပြန်တွေးမိလိုက်သောအခါ သူ၏ တိုက်ပွဲရမှတ်များကို အသုံးပြု၍ ထိုကျင့်ကြံခြင်းပညာရပ်နှင့် လဲလှယ်ရန် ဆုံးဖြတ်လိုက်တော့သည်။ မမလေးမှာ အမှောင်အဆောင်ပစ္စည်းနှင့် ပတ်သက်လာလျှင်မူ သိပ်၍ မကိုးရပါသော်လည်း ယခုတွင် သူသည် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်သို့ ရောက်နေသည်ဖြစ်ရာ မမလေးအား အပြစ်မလုပ်မိအောင် ထိန်းထိန်းသိမ်းသိမ်းနေသင့်ကြောင်း ဆုံးဖြတ်လိုက်၏။
ထို့ကြောင့် သူသည် ထိုသို့ဆုံးဖြတ်ချက် ချလိုက်ပြီးသွားသဖြင့် ထိုကျင့်ကြံခြင်းပညာရပ်နှင့် လဲလှယ်ရန်လိုအပ်သည့် တိုက်ပွဲရမှတ် အရေအတွက်ကို ကြည့်ရှုလိုက်ပြီးနောက် သူ၏ တိုက်ပွဲရမှတ် အမှတ်တစ်ထောင်အား ချက်ချင်းပင် အသုံးပြုကာ ၎င်းအား ရယူလိုက်တော့သည်။ သူသည် ထိုသို့လဲလှယ်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ခေါင်းလုံး ထူပူသွား၏။ ထိုကျောက်စိမ်းပေလွှာထဲမှ ထွက်ပေါ်လာသော အံ့သြတုန်လှုပ်ဖွယ်ရာ အငွေ့အသက်များမှာ သူ၏ အသိစိတ်ထဲသို့ ချက်ချင်းဝင်ရောက်လာသည်။ ထို့နောက် ထိုကျင့်ကြံခြင်းပညာရပ် တစ်ခုလုံးမှာ သူ၏အသိစိတ်ထဲ၌ ပေါက်လာတော့သည်။
ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်ထဲတွင် အဆင့်လေးဆင့်နှင့် ပညာရပ်တစ်ခု ပါဝင်၏။
ထိုအဆင့်လေးဆင့်မှာ အမြုတေအဆင့်၏ အစောပိုင်းအဆင့်၊ အလယ်အလတ်အဆင့်၊ နှောင်းပိုင်းအဆင့်နှင့် ထိပ်ဆုံးအဆင့်တို့နှင့် ဆင်တူပေသည်။ ၎င်းထဲ၌ ပါရှိသည့် ပညာရပ်မှာမူ အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်အား ယွမ်ယင်အဆင့်သို့ ဖောက်ထွက်နိုင်အောင် ကူညီပေးမည့် ပညာရပ်တစ်ခု ဖြစ်သည်။
ထိုပညာရပ်၏ ပထမအဆင့်မှာ လျှပ်စီးဖြည့်စွက်မှုအဆင့် ဖြစ်သည်။
ထိုအဆင့်မှာ ရိုးရှင်းပေသည်။ ထိုအဆင့်အား အောင်မြင်စွာ ကျင့်ကြံပြီးသွားသည်နှင့် လျှပ်စီးနှင့် မိုးကြိုးများအား မိမိတို့၏ အပြင်ခန္ဓာကိုယ်နှင့်သာမက ဓမ္မရတနာများနှင့်ပါ ပေါင်းစည်း၍ ၎င်းတို့အား အစွမ်းထက်လာအောင်လုပ်ကာ အခြားသူများအား ထုံထိုင်းသွားအောင် ပြုလုပ်နိုင်စွမ်း ရှိသွားမည် ဖြစ်သည်။ ထိုအစွမ်းအား ထုတ်သုံးလိုက်သည်နှင့် အံ့ဩဖွယ်ရာ အကျိုးသက်ရောက်မှုများ ပေါ်ထွက်လာမည်မှာ အမှန်ပင်။
ဒုတိယအဆင့်နှင့် နောက်ပိုင်းအဆင့်များမှာမူ တဖြည်းဖြည်းနှင့် ပို၍ လျှို့ဝှက်ဆန်းကြယ်လာ၏။ ဒုတိယအဆင့်အား လျှပ်စီးကိုယ်ပွားဟု ခေါ်ပြီး ၎င်းမှာ လျှပ်စီးများဖြင့် ဖန်တီးထားသည့် ကိုယ်ပွားတစ်ခုပင် ဖြစ်သည်။ ထို ကိုယ်ပွားမှာ လူအစစ်၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားမည်ဖြစ်ပြီး ၎င်း၏ ပေါက်ကွဲအားမှာလည်း အသက်သေစေနိုင်လောက်သည့်အထိ ပြင်းထန်နေမည် ဖြစ်သည်။
တတိယအဆင့်ကိုမူ လျှပ်စီးထွက်ပြေးလွတ်မြောက်ခြင်းအဆင့်ဟု ခေါ်သည်။ ၎င်း၏ နာမည်အတိုင်းပင် ထိုအဆင့်တွင် မိုးကြိုးပညာရပ်ကို အသုံးပြုကာ မိမိ၏ မြန်ဆန်နေပြီးသားဖြစ်သော အမြန်နှုန်းအား ပို၍ မြန်ဆန်လာအောင် မြှင့်တင်နိုင်မည် ဖြစ်သည်။ ထို့အပြင် မိမိ၏ ကျင့်ကြံခြင်းအမြန်နှုန်းကိုပါ အံ့ဩမှင်တက်ဖွယ်ရာကောင်းလောက်အောင် အရှိန်မြှင့်တင်နိုင်စွမ်း ရှိနေမည်လည်း ဖြစ်သည်။ ထိုမျှသာမက တတိယအဆင့်တွင် နောက်ထပ် နတ်ဘုရားစွမ်းရည်တစ်ခုလည်း ရှိနေသေးသည်။ ၎င်းမှာ ဒုတိယအဆင့်မှ ရရှိသော လျှပ်စီးကိုယ်ပွားနှင့် ချက်ချင်း နေရာချင်းဖလှယ်နိုင်သည့် စွမ်းရည်ပင်ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းအား တည်နေရာပြောင်းရွှေ့ခြင်း ပညာရပ်တစ်ခုဟုပင် အတိုင်းအတာတစ်ခုအထိ သတ်မှတ်နိုင်ပေသည်။
ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်၏ တတိယအဆင့်အထိ ရောက်ရှိသွားပြီဆိုပါက မိမိနှင့် ကျင့်ကြံခြင်းအဆင့် အတူတူတွင်ရှိသော လူများမှာ မိမိအား သတ်ဖြတ်နိုင်ရန် အလွန်အင်မတန်မှ ခဲယဉ်းသွားပြီဟုပင် ဆိုနိုင်၏။ ၎င်း၏ အမြန်နှုန်းနှင့် တည်နေရာပြောင်းလဲနိုင်မှု စွမ်းအားများကြောင့် ထိုပညာရပ်အား ကျင့်ကြံထားသည့် လူများ၏ လှုပ်ရှားမှုများကို လုံးဝ ခန့်မှန်းနိုင်မည် မဟုတ်ပေ။
စတုတ္ထအဆင့်ကိုမူ… ထာဝရလျှပ်စီးလက်ချောင်းဟု နာမည်ပေးထား၏။
၎င်းမှာ ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်၏ နောက်ဆုံးအဆင့်ဖြစ်သောကြောင့် အမြုတေထိပ်ဆုံးအဆင့်တွင် ရှိနေသည့်လူများသာ ထိုအဆင့်အား ကျင့်ကြံနိုင်မည် ဖြစ်သည်။ ၎င်း၏ တိုက်ရည်ခိုက်ရည်စွမ်းအားမှာ ရှေ့သုံးဆင့်ထက် အများကြီးပို၍ ၎င်းအား သာလွန်သောကြောင့် ထိုကျင့်ကြံခြင်းပညာရပ်၏ ဝှက်ဖဲတစ်ချပ်ဟုပင် သတ်မှတ်နိုင်ပေသည်။
ထိုကဲ့သို့ အံ့သြဖွယ်ကောင်းလောက်အောင်အစွမ်းထက်သော လျှပ်စီးတာအို ကျင့်ကြံခြင်းပညာရပ်အား ကျင့်ကြံခဲ့သည့် လူအရေအတွက်မှာ သမိုင်းတစ်လျှောက်တွင် အများကြီး ရှိနေသင့်ပေသည်။ သို့သော် လက်တွေ့တွင်မူ ထိုပညာရပ်အား ကျင့်ကြံဖူးသည့် လူအရေအတွက်မှာ အနည်းငယ်မျှသာရှိသည်။ အဘယ်ကြောင့်ဆိုသော ထိုကျင့်ကြံခြင်းပညာရပ်တွင် ကန့်သတ်ချက်နှစ်ခု ရှိနေသောကြောင့်ဖြစ်သည်။ ပထမတစ်ခုမှာ အခြေတည်အဆင့်သို့ ရောက်ရှိသည့်အချိန်တွင် လျှပ်စီးတာအိုအား ရွေးချယ်ထားရန် လိုအပ်သောကြောင့် ဖြစ်သည်။ သို့မှသာ အမြုတေအဆင့်သို့ ရောက်ရှိချိန်တွင် ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်အား လွယ်ကူချောမွေ့စွာ လေ့ကျင့်နိုင်မည်ဖြစ်သည်။
ဒုတိယအချက်မှာ ထို ကျင့်ကြံခြင်းပညာရပ်သည် ပြီးပြည့်စုံမှု မရှိသေးသောကြောင့် ဖြစ်သည်။ ထိုပညာရပ်ထဲတွင် ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်မည့် နည်းလမ်းတစ်ခုကို တိတိကျကျ ဖော်ပြထားခြင်းမရှိပေ။ သို့ဖြစ်ရာ အမြုတေအဆင့်မှ ယွမ်ယင်အဆင့်သို့ ဖောက်ထွက်နိုင်ရန် အလွန်အင်မတန်မှ ခဲယဉ်းနေမည်ဖြစ်ရာ ထိုကျင့်ကြံပညာရပ်အား လေ့ကျင့်ရန်မှာ အခြားပညာရပ်များထက် အများကြီးပို၍ ခက်ခဲနေမည် ဖြစ်သည်။
ထိုအချက်နှစ်ချက်ကြောင့် ထိုပညာရပ်၏ ဈေးနှုန်းနှင့် ၎င်းအား ကျင့်ကြံကြသည့် လူအရေအတွက်မှာ နည်းပါးနေရခြင်း ဖြစ်သည်။ ဒုတိယထပ်ပေါ်တွင် ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်နည်းတူ အစွမ်းထက်သော အခြားကျင့်ကြံခြင်းပညာရပ် ခုနစ်ခု ရှစ်ခုမက ရှိနေသည် မဟုတ်ပါလော။ ထို့အပြင် ထိုလျှပ်စီးတာအိုပညာရပ်ထက်ပင် အများကြီးပို၍ အစွမ်းထက်သည့် အခြား ကျင့်ကြံခြင်းပညာရပ်များလည်း ရှိနေသေးသည် ဖြစ်သည်။ သို့သော် ထိုကျင့်ကြံခြင်းပညာရပ်များ၏ တန်ကြေးမှာ တိုက်ပွဲရမှတ် သောင်းဂဏန်းအထိ ရှိနေကြ၏။
ဝမ်ပေါင်လဲ့အား စိတ်ဝင်စားသွားစေခဲ့သည့် နောက်ထပ်ကျင့်ကြံခြင်းပညာရပ်တစ်ခုမှာ လျှပ်စီးဧကရာဇ် ပညာရပ်ပင်ဖြစ်သည်။ ၎င်းမှာ ဒုတိယအထပ်ပေါ်ရှိ ဈေးအကြီးဆုံး ကျင့်ကြံခြင်းပညာရပ်များထဲမှ တစ်ခုဖြစ်ပြီး တိုက်ပွဲရမှတ် တစ်သိန်းကျော်အထိ တန်ကြေးရှိပေသည်။
” ဒီက ပစ္စည်းတွေအကုန်လုံးက တိုက်ပွဲရမှတ်တွေနဲ့ ဝယ်ရတာပဲ…. ” ဝမ်ပေါင်လဲ့မှာ ကျယ်ပြန့်ပညာရပ်အဆောင်ထဲမှ ထွက်ခွာလာသည့်အချိန်တွင် အပြင်ဘက်၌ မည်းမှောင်နေပြီ ဖြစ်သည်။ ကောင်းကင်ယံကြီး တစ်ခုလုံးမှာ ရှေးဟောင်းဓားကြီး၏ မန္တန်အစီအရင်ကြီးကြောင့် အသွင်ပြောင်းလဲသွားပြီး နေ့အချိန်မှ ညအချိန်သို့ ရောက်ရှိသွားပြီဖြစ်သည်။
ကောင်းကင်ကြီး၏ အရောင်မှာ ပြောင်းလဲသွားသည့်တိုင်အောင် တဟူးဟူး တိုက်ခတ်နေသည့် လေများမှာ ပူပြင်းခြောက်သွေ့နေဆဲပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သုညသို့ ရောက်သွားသော သူ၏ တိုက်ပွဲရမှတ်များကို ကြည့်လိုက်ပြီးနောက် မျက်လုံးများမှိတ်သွား၏။
” နေ့စဉ်နေ့တိုင်း ကျင့်ကြံနိုင်ဖို့ လိုအပ်တဲ့ ဆေးလုံးတွေကို လဲလှယ်ချင်ရင်လည်း တိုက်ပွဲရမှတ်တွေလိုတယ် ”
” ဓမ္မလက်နက်တွေ ဖန်တီးနိုင်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို လဲလှယ်ချင်ရင်လည်း တိုက်ပွဲရမှတ်တွေလိုတယ် ”
” ပြည်ထောင်စု ဥက္ကဋ္ဌကြီး ဖြစ်လာနိုင်ဖို့ ရာထူးတိုးချင်ရင်လည်း တိုက်ပွဲရမှတ်တွေ လိုတာပဲ ”
” တောက်ကွာ…. ဒီ ကျယ်ပြန့်တာအိုနန်းတော်ထဲမှာ ရည်းစားရချင်ရင်တောင် တိုက်ပွဲရမှတ်တွေ လိုဦးမလားမသိဘူး ” ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းကာ ရေရွတ်လိုက်၏။ တိုက်ပွဲရမှတ်များမှာ အရာရာတိုင်းကို ကိုယ်စားပြုနေသောကြောင့် သူသည် ၎င်းတို့အား ရှာဖွေစုဆောင်းရန် စိတ်ပိုင်းဖြတ်လိုက်တော့သည်။ သို့သော် သူသည် ထိုသို့မလုပ်ခင် ကျယ်ပြန့်တာအိုနန်းတော်ကြီး၏ အကြောင်းကို ပို၍နားလည်အောင်လုပ်ကာ ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်အား အချိန်ပေး၍ လေ့ကျင့်ရဦးမည် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ဤ ကျင့်ကြံခြင်းပညာရပ်ကြီး ပြီးပြည့်စုံမှု မရှိသေးသည့် ကိစ္စနှင့်ပတ်သက်၍ တွေးပူမနေဘဲ အဖြေတစ်ခုခု သေချာပေါက် ရှာတွေ့နိုင်လိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်ထား၏။ သူသည် ဘဝတစ်လျှောက်လုံးတွင် သူ့ကိုယ်သူ အားကိုးကာ အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်လာခဲ့သည် မဟုတ်ပါလော။
ဝမ်ပေါင်လဲ့မှာ ထိုသို့နှလုံးသွင်းလိုက်ပြီးနောက် ခေါင်းမော့လာပြီး သူသည် ဩဇာအာဏာကြီးမားသော ပုဂ္ဂိုလ်ကြီးများ၏ ကူညီထောက်ပံ့မှုများကို မရရှိခဲ့သည့်တိုင်အောင် သူ့ကိုယ်သူ အားကိုး၍ အောင်မြင်မှုအားလုံးကို ဆွတ်ခူးနိုင်ခဲ့သည်ဖြစ်ကြောင်း တွေးတောရင်း သူ့ကိုယ်သူ ဂုဏ်ယူနေမိတော့သည်။
” မမလေး။ ကျနော် ဒီတစ််ခေါက် ဖောက်ထွက်နိုင်ဖို့အတွက် မမလေးကိုပဲ အားကိုးရမှာနော် ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲမှနေ၍ မမလေးဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်၏။ ထို့နောက် သူသည် သူ၏ နေအိမ်သို့ ပြန်လာပြီးနောက် တင်ပျဉ်ခွေထိုင်ချကာ ကျင့်ကြံခြင်း မစတင်ခင် သူ၏ သိုလှောင်လက်ကောက်ထဲမှ မု့န်ထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်၏။ ထို့နောက် သူသည် ၎င်းအား လျှာဖြင့် အကြိမ်ကြိမ်လျှက်လိုက်ပြီးနောက် ကုန်အောင် မစားရက်သဖြင့် ပြန်၍ သိမ်းဆည်းလိုက်ရ၏။
” နောက်ထပ် ပြဿနာကြီးတစ်ခု ရှိနေသေးတယ်… ဒီ ရှေးဟောင်းအစိမ်းရောင်ကြေးဓား
ကြီးပေါ်မှာ မုန့်ရောင်းမရောင်း လိုက်စုံစမ်းမှ ဖြစ်မယ် ”
ဝမ်ပေါင်လဲ့ တံခါးပိတ်လေ့ကျင့်နေစဉ် အချိန်များ တရွေ့ရွေ့နှင့် ကုန်လွန်သွားပြီး သိပ်မကြာခင်တွင် လဝက်တိတိ ကုန်ဆုံးသွားတော့သည်။ ဝမ်ပေါင်လဲ့မှာ တစ်ဖက်တွင် ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်အား လေ့ကျင့်နေခဲ့သလို အခြားတစ်ဖက်တွင်လည်း ကျယ်ပြန့်တာအိုနန်းတော်ကြီးနှင့် ရှေးဟောင်းအစိမ်းရောင်ကြေးဓားကြီးတို့၏ အကြောင်းကိုလည်း ရှာဖွေလေ့လာနေခဲ့၏။ တစ်ချိန်ထဲမှာပင် ပြည်ထောင်စုပျိုးပင်များအားလုံး ပါဝင်သော စုပေါင်းစကားဝိုင်းကြီးမှာ အချင်းချင်း သတင်းအချက်အလက်များ ဖလှယ်ကြသည့် နေရာကြီးတစ်ခု ဖြစ်လာတော့သည်။
သူတို့အားလုံးမှာ ကိုယ်ပိုင် အကြံအစည်များ ရှိနေကြပြီး တစ်ခါတစ်ရံတွင် ပဋိပက္ခများ ပေါ်ပေါက်လာတတ်ပါသော်လည်း ယခုကဲ့သို့ ဇာတိမြေနှင့် အဝေးကြီးသို့ ရောက်နေသည့် နေရာတွင် တစ်ယောက်ပေါ်တစ်ယောက် မှီခိုအားထားနေရမည်သာဖြစ်ကြောင်း သိထားကြ၏။
ထို့ကြောင့် သူတို့အားလုံးမှာ သိထားသမျှ အသတင်းအချက်အလက် အားလုံးကို စုပေါင်းစကားဝိုင်းထဲ၌ ပြန်လည်ဝေးမျှနေကြတော့သည်။ လူတိုင်း၏ ကြိုးစားအားထုတ်မှုများကြောင့် သူတို့အားလုံးမှာ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးနှင့် ကျယ်ပြန့်တာအိုနန်းတော်တို့၏ အကြောင်းကို ပို၍ပင် နားလည်လာကြတော့သည်။
ဥပမာပြရလျှင် ကျယ်ပြန့်တာအိုနန်းတော် တစ်ခုလုံးထဲတွင် ခန့်မှန်းခြေ ကျွန်းလေးရာခန့် ရှိပြီး လူဦးရေစုစုပေါင်းမှာ သန်းဂဏန်းအနည်းငယ်အထိ ရှိပေသည်။ တစ်ချိန်ထဲမှာပင် ထိုကျွန်းပေါင်းလေးရာကျော်ထဲမှ အလယ်ဗဟိုရှိ တာအိုနန်းတော် ပင်မကျွန်းကြီးမှလွဲ၍ အခြားကျွန်းများအားလုံးကို အဆင့်ခွဲခြားသတ်မှတ်ထား၏။ အဆင့်အမြင်ဆုံး ကျွန်းများကို ယွမ်ယင်အဆင့် ကျင့်ကြံသူအများစုနှင့် အမြုတေအဆင့် ကျင့်ကြံသူအချို့က ထိန်းချုပ်ထားကြပြီး ကျန်ရှိနေသော ကျွန်းများကိုမူ အခြေတည်အဆင့်ကျင့်ကြံသူများနှင့် အာနာပါနအဆင့် ကျင့်ကြံသူများက ခွဲဝေအုပ်ချုပ်ကြသည်။
ထိုကျွန်းများ၏ အဆင့်အတန်းမှာ ၎င်းတို့ ထုတ်လုပ်ဖန်တီးပေးနိုင်သည့် ဝိညာဉ်ချီပမာဏပေါ်တွင် မူတည်၏။ ပြည်ထောင်စုပျိုးပင်များမှာ ကျွန်းအသီးသီးပေါ်၌ ရှိနေကြပြီး အချို့သော ကျွန်းများမှာ ဝေးလံခေါင်ပါးပြီး လူသူနည်းပါးသော နေရာများတွင် ရှိနေသောကြောင့် ကုန်ကြမ်းပစ္စည်းများ ရှာဖွေရသည်မှာ လွယ်ကူ၏။ အချို့သော ပြည်ထောင်စုပျိုးပင်များမှာမူ အမြုတေအဆင့်တွင် ရှိသော ကျင့်ကြံသူများ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေရပါသော်လည်း သူတို့ ရှာဖွေစုဆောင်းနိုင်သည့် ကုန်ကြမ်းပစ္စည်းပမာဏမှာလည်း သိသိသာသာ များပြားပေသည်။
ဖုန့်ချိုးရန်မှာ စီစဉ်မှုများကို သေသေချာချာ ပြုလုပ်ပေးခဲ့သည့်ပုံပင်။ တစ်ဖက်တွင် ပြည်ထောင်စုပျိုးပင်များမှာ အလင်းအုပ်စု၏ ကာကွယ်မှုအောက်တွင် ရှိနေကြသလို အခြားတစ်ဖက်တွင်လည်း ကုန်ကြမ်းပစ္စည်းများကို သာတူညီမျှ ရရှိကြသည်သာဖြစ်သည်။ ခုန်းတောက်နှင့် ကျောက်ယမုန့်တို့ကဲ့သို့ တမူထူးခြားသော မိသားစုကျောထောက်နောက်ခံအင်အားများ ပိုင်ဆိုင်ထားကြသည့် လူအချို့သာလျှင် နေ့စဉ်လေ့ကျင့်နိုင်ရန် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို အနည်းငယ်ခန့်ပို၍ ရရှိကြသည်ဖြစ်သည်။
အစပိုင်းတွင် ဝမ်ပေါင်လဲ့မှာ စိုးရိမ်နေခြင်းမရှိပါသော်လည်း လဝက်တိတိ ကုန်ဆုံးသွားပြီးနောက် လူတိုင်းမှာ တာဝန်ကျရာ ကျွန်းများပေါ်တွင် အသီးသီး အဆင်ပြေနေကြသည်ကို မြင်လိုက်ရသဖြင့် စိုးရိမ်စိတ်များ ကြီးထွားလာရတော့သည်။ သူသည် ဧည့်ခန်းထဲတွင် နေနေရဆဲဖြစ်ပြီး ဂိုဏ်းမှာ သူ့အတွက် မည်သို့မည့်ဖုံ စီစဉ်ပေးထားကြောင်း အသိပေးခြင်း မရှိသေးပေ။
” ဘာတွေဖြစ်နေတာလဲဟ… ” ဝမ်ပေါင်လဲ့မှာ ခေါင်းခဲနေရပြီ ဖြစ်သည်။ သူသည် အခြေအနေများကို စုံစမ်းချင်ပါသော်လည်း ဤဂိုဏ်းထဲသို့ ယခုမှ စရောက်လာခဲ့သည်ဖြစ်ရာ အသိမိတ်ဆွေများ မရှိသေးပေ။ ထို့အပြင် သူသည် သူ၏ အချိန်အများစုအား လေ့ကျင့်ခြင်းဖြင့် ကုန်ဆုံးစေခဲ့သည်သာ ဖြစ်ပြီး သတင်းအချက်အလက်အများစုကို အုပ်စုဖွဲ့ စကားဝိုင်းထဲမှသာ ရယူခဲ့သည်ဖြစ်ရာ အပြင်သို့ သိပ်မထွက်ဖြစ်ခဲ့ပေ။
” အခုလို ထိုင်စောင့်နေရင်တော့ ဘာမှထူးလာမှာ မဟုတ်ဘူး ” သုံးရက်တိတိ ကုန်ဆုံးပြီးသွားသည့်တိုင်အောင် သူ့ဆီသို့ မည်သူကမှ ဆက်သွယ်မလာသောကြောင့် ဝမ်ပေါင်လဲ့မှာ အချိန်ကို အကျိုးရှိရှိ အသုံးချကာ တိုက်ပွဲရမှတ်များစုဆောင်းရန် တွေးလိုက်၏။
ထို့ကြောင့် သူသည် ကျင့်ကြံခြင်းလုပ်ငန်းစဉ်အား အဆုံးသတ်လိုက်ပြီး သူ၏ နေအိမ်ထဲမှ ထွက်ခွာလာတော့သည်။ ထို့နောက် မြေပုံကိုကြည့်ကာ ကျယ်ပြန့်တာအိုနန်းတော်မှ ပေးအပ်သော တာဝန်များကို ရယူနိုင်သည့် နေရာအား ရှာဖွေလိုက်၏။ ၎င်းမှာ ကျယ်ပြန့်တာအိုနန်းတော်ထဲရှိ တောင်ကြားကြီး၏ အလယ်တွင်ရှိသော ဧရာမ ကျောက်တိုင်ကြီးတစ်တိုင် ဖြစ်သည်။
အဝေးမှ ကြည့်လိုက်မည်ဆိုပါက ထိုကျောက်တိုင်ကြီးမှာ အလွန်အင်မတန်မှ ကြီးမားပြီး ဝင်းလက်တောက်ပနေသော ကျောက်စာများဖြင့် ပြည့်နှက်နေ၏။ ထို့အပြင် ၎င်းဆီမှ ထွက်ပေါ်နေသော ထူးဆန်းသည့် ဖိနှိပ်အားတစ်မျိုးကြောင့် လှိုင်းတွန့်လေးများ အဆက်မပြတ် ပေါ်ထွက်နေသည်ကိုပင် မြင်နိုင်ပေသည်။
ဝမ်ပေါင်လဲ့ ရောက်ရှိလာသောအခါ ထိုနေရာ၌ ကျယ်ပြန့်တာအိုနန်းတော် ဂိုဏ်းသူဂိုဏ်းသား မြောက်မြားစွာ ရှိနေကြသည်။ သူတို့မှာ တာဝန်များကို လက်ခံသူက လက်ခံ၊ ရွေးချယ်သူက ရွေးချယ်နေကြ၏။ ထို့ကြောင့် ထိုနေရာကြီး တစ်ခုလုံးမှာ စည်ကားသိုက်မြိုက်နေတော့သည်။
ထိုကျောက်တိုင်ကြီးအား လက်ဖြင့် တို့ထိစရာမလိုပေ။ သတ်မှတ်ထားသည့် အကွာအဝေးတစ်ခု ဆီသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ကျောက်တိုင်ကြီးဆီမှ ထွက်ပေါ်နေသော ဖိနှိပ်အားများနှင့် လှိုင်းတွန့်များကို အသုံးပြုကာ တာဝန်တစ်ခုကို လက်ခံရယူနိုင်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုတောင်ကြားကြီးထဲသို့ ဝင်ရောက်သွားသောအခါ တစ်ခေါင်းလုံး ထူပူသွားရပြီး သူ၏အသိစိတ်ထဲ၌ ရွေးချယ်နိုင်သည့် တာဝန်အမျိုးမျိုး ပေါ်ပေါက်လာတော့သည်။
သူ့ရွေးချယ်နိုင်သည့် တာဝန်များမှာ အမျိုးအစားစုံလင်စွာ ရှိနေ၏။ အချို့မှာ ဆေးပင်များ စုဆောင်းရသည့် တာဝန်များဖြစ်ကြပြီး အချို့မှာ ကုန်ကြမ်းပစ္စည်းများ ရှာဖွေရသည့် တာဝန်များဖြစ်ကာ အချို့မှာ ဓမ္မရတနာများ ဖန်တီးရသည့် များဖြစ်ကြပြီးသည်။ တာဝန်တစ်ခုချင်းစီတိုင်းမှ ရရှိနိုင်သည့် တိုက်ပွဲရမှတ် ပမာဏမှာလည်း တစ်ခုနှင့်တစ်ခု မတူညီကြပေ။ ဝမ်ပေါင်လဲ့မှာ အစအဆုံး ရှာဖွေကြည့်လိုက်ပြီးနောက် တာဝန်အများစုမှာ တိုက်ပွဲရမှတ် အများကြီး မပေးကြောင်း သိလိုက်ရ၏။ တိုက်ပွဲရမှတ် ဆယ်ဂဏန်းအထိပေးသော တာဝန်များပင်လျှင် များများစားစား မရှိပေ။
” နည်းနည်းလေးရယ် ” ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားရပြီး တိုက်ပွဲရမှတ်များကို စုဆောင်းနိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူသည် အဆင့်မြင့်တာဝန်များကို အကဲခတ်ကြည့်လိုက်သောအခါ တစ်စုံတစ်ခုအား သတိထားမိသွားတော့သည်။
တိုက်ပွဲရမှတ် အများဆုံးပေးသည့် တာဝန်များမှာ အသိအမှတ်ပြု တံဆိပ်ပြားများကို ရယူပေးရသည့် ဝာာဝန်များ ဖြစ်ကြ၏။ ထိုတာဝန်များကို အသေးစိတ် ဖော်ပြထားခြင်းမရှိဘဲ နေမင်းကြီးထဲ၌ စိုက်ဝင်နေသော ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီး၏ ကိုယ်ထည်ပိုင်းဆီသို့သာ သွားရန် ညွှန်ကြားထား၏။ ထိုနေရာတွင် ရှိသော ကျယ်ပြန့်တာအိုနန်းတော်မှ ဂိုဏ်းသူဂိုဏ်းသားဟောင်းများ၏ အသိအမှတ်ပြု တံဆိပ်ပြားများကို ရယူကာ တိုက်ပွဲရမှတ်များဖြင့် လဲလှယ်ရမည်ဖြစ်သည်။
၎င်းမှာ ကျယ်ပြန့်တာအိုနန်းတော်မှ တရားဝင်ပေးအပ်ထားသည့် တာဝန်တစ်ခုဖြစ်ပြီး တစ်နှစ်ပတ်လုံး အချိန်မရွေး လက်ခံနိုင်သော တာဝန်တစ်ခုလည်း ဖြစ်ပေသည်။