ပြည်ထောင်စုပျိုးပင်များမှာ တစ်ယောက်နှင့်တစ်ယောက် စကားပြောဆိုရန် အချိန်ပင် မရလိုက်ဘဲ ဖုန့်ချိုးရန်၏ အစီအစဉ်များအတိုင်း ကျွန်းအသီးသီးဆီသို့ ပို့ဆောင်ခံလိုက်ရ၏။ သူတို့အားလုံးကို ကျယ်ပြန့်တာအိုနန်းတော် ဝတ်ရုံများနှင့် ဂိုဏ်း၏မြေပုံများကိုလည်း ပေးအပ်ခဲ့သေးသည်။ သူတို့ အကုန်လုံး အဝေးသို့ ပို့ဆောင်ခံလိုက်ရပြီးနောက် ဝမ်ပေါင်လဲ့တစ်ယောက်သာ ကျယ်ပြန့်တာအိုနန်းတော်၏ တောင်ထိပ်ပေါ်၌ ကျန်ရစ်နေခဲ့၏။ ဖုန့်ချိုးရန်မှာ သူ့အတွက် အခြားအစီအစဉ်များ ရှိနေသေးသည့်ပုံ ပေါ်သောကြောင့် သူ့အတွက် နေရာတစ်ခု မစီစဉ်ပေးရသေးပေ။ ထို့ကြောင့် သူမသည် ဝမ်ပေါင်လဲ့အား ကျယ်ပြန့်တာအိုနန်းတော်ထဲရှိ ဧည့်ခန်းများဆီသို့ ခေါ်သွားလိုက်၏။
ကျယ်ပြန့်တာအိုနန်းတော်မှာ အလွန်အင်မတန်မှ ကျယ်ပြောပြီး ဧည့်ခန်းပေါင်း မြောက်မြားစွာ ပါရှိ၏။ သို့သော် အများအားဖြင့် ထိုအခန်းများထဲတွင် လူမရှိကြပေ။ အခြားကျွန်းများပေါ်မှ ပြန်ရောက်လာကြသော ဂိုဏ်းသူဂိုဏ်းသားများသာလျှင် ထိုအခန်းများထဲ၌ ရက်အနည်းငယ်ခန့် နေထိုင်လေ့ရှိကြသည် ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့တစ်ယောက် ထိုဧည့်ခန်းများရှိသော နေရာဆီသို့ ရောက်ရှိသွားသောအခါ အလွန်အင်မတန်မှ တိတ်ဆိတ်ငြိမ်သက်နေ၏။ ကျယ်ပြန့်တာအိုနန်းတော်မှ ဂိုဏ်းသူဂိုဏ်းသားအချို့ကိုသာ ရံခါဖန်ခါဆိုသလို တွေ့မြင်ရ၏။
သူ့အား ထိုနေရာသို့ ခေါ်ဆောင်သွားကြသည့် လူများဖြစ်စေ၊ ထိုနေရာတွင် ရှိနေကြသော ကျယ်ပြန့်တာအိုနန်းတော် ဂိုဏ်းသားများဖြစ်စေ၊ သူတို့အားလုံးမှာ နှုတ်မှ ထုတ်မပြောသည့်တိုင်အောင် ကမ္ဘာပေါ်ရှိ ပြည်ထောင်စုကြီးဆီမှ ရောက်လာသော ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် ဝမ်ပေါင်လဲ့အား အထင်သေးနေကြ၏။ သူ့အား ဉာဏ်များသည့် မြေခွေးအိုကြီးတစ်ကောင်အဖြစ် သတ်မှတ်ရန်မှာ ပုံကြီးချဲ့ရာ ကျလွန်းနေမည်ဖြစ်သည်။ သို့သော် ဘဝသက်တမ်းတစ်လျှောက်လုံး ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်တွင်သာ ခြေမွေးမီးမလောင် လက်မွေးမီးမလောင် ကျင့်ကြံနေထိုင်ခဲ့ကြသည့် ဂိုဏ်းသူဂိုဏ်းသားများနှင့် ယှဉ်လိုက်မည်ဆိုပါက ဝမ်ပေါင်လဲ့၏ အတွေ့အကြုံနှင့် ဉာဏ်ပညာများမှာ သူတို့ထက် အဆပေါင်းများစွာ ပို၍သာလွန်နေသည် မဟုတ်ပါလော။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူတို့အားလုံးသည် သူ့အား အထင်သေးနေကြသည်ဖြစ်ကြောင်း ရှင်းလင်းပြတ်သားစွာ အာရုံခံမိနေ၏။
” ဒီ ပါမွှားလေးတွေကတော့ကွာ။ ငါသာ တကယ်တိုက်ခိုက်လိုက်မယ်ဆိုရင် သူတို့ထဲက အနည်းဆုံး ဆယ်ယောက်လောက်ကို အသာလေး သတ်ပစ်လို့ရတယ် ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်သာ နှာမှုတ်လိုက်ပြီးနောက် သူတို့အား လျစ်လျူရှုလိုက်၏။ ထို့နောက် သူ့အတွက် ပြင်ဆင်ပေးထားသည့် ဧည့်ခန်းဆီသို့ ရောက်ရှိသွားသောအခါ သွမ့်မုချွယ်ပေးထားသည့် ဒေသတွင်းသုံး ဝိညာဉ်ကွန်ရက် ကျောက်စိမ်းပေလွှာအား ချက်ချင်းပင် ထုတ်ယူလိုက်ပြီး ကျိုးရိဖန်းနှင့် အခြားသူများကို လှမ်း၍ ဆက်သွယ်လိုက်၏။
ဒေသတွင်းသုံး ဝိညာဉ်ကွန်ရက် ကျောက်စိမ်းပေလွှာမှာ အမှန်တကယ်ပင် အစွမ်းထက်ပေသည်။ ၎င်းမှာ သွမ့်မုချွယ် ပြောထားခဲ့သည့်အတိုင်း ပြည်ထောင်စုပျိုးပင်များမှာ ၎င်းအား ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်တွင် အသုံးပြုနိုင်စွမ်းရှိနေ၏။ အတိုချုံး ပြောရမည်ဆိုပါက ၎င်းကို နည်းလမ်းနှစ်မျိုးဖြင့် အသုံးပြုနိုင်သေးသည်။ ပထမနည်းလမ်းမှာ တစ်ဦးတစ်ယောက်ချင်းဆီသို့ အသံလွှင့်အကြောင်းကြားစာများ ပေးပို့ပေးခြင်းဖြစ်ပြီး၊ ဒုတိယနည်းလမ်းမှာ လူအများကြီးစုပေါင်း၍ စကားဝိုင်းတစ်ခု ဖွဲ့စည်းခြင်းပင်။ ယခုတွင် ဝမ်ပေါင်လဲ့မှာ ထိုကျောက်စိမ်းပေလွှာအား ဖွင့်ကြည့်လိုက်သောအခါ အခြားလူပေါင်းများစွာမှာ အချင်းချင်း ပြောဆိုဆက်သွယ်နေကြသည်ကို မြင်လိုက်ရသည်။
သူတို့ထဲမှ အများစုမှာ သူတို့ရောက်ရှိသွားကြသည့် ကျွန်းများအကြောင်း ပြောဆိုနေကြခြင်းဖြစ်ပြီး အချို့မှာမူ သူတို့အတွက် စီစဉ်ပေးထားသည့် ကျွန်းများမှာ အဝေးကြီးတွင် ရှိနေကြသောကြောင့် လမ်းခုလပ်တွင်သာ ရှိနေသေးကြောင်း ပြောဆိုနေကြ၏။ ထို့အပြင် သူတို့မှာ ယခုမှ ဤနေရာသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ဖူးသည်ဖြစ်၍ အများစုမှာ ရင်တထိတ်ထိတ်နှင့် စိတ်လှုပ်တရှား ဖြစ်နေကြ၏။ ထို့ကြောင့် ထို အုပ်စုဖွဲ့ စကားဝိုင်းများထဲတွင် အကြောင်းကြားစာများ တစ်စောင်ပြီးတစ်စောင် ပေါ်ပေါက်လာကြ၏။
တစ်ချိန်ထဲမှာပင် လူအချို့မှာ ကျယ်ပြန့်စွမ်းရည်ဟုခေါ်သော ပညာရပ်အကြောင်း လေ့လာဆွေးနွေးနေကြ၏။ ထို အုပ်စုဖွဲ့ စကားဝိုင်းများထဲတွင် သူတို့မှာ ထို ကျင့်ကြံခြင်းပညာရပ်ကြောင့် အံ့အားသင့်နေရကြောင်း ပြောဆိုနေကြ၏။ ခဏအကြာတွင် ထိုပညာရပ်အကြောင်း ဆွေးနွေးနေကြသည့် လူအရေအတွက်မှာ ပို၍ပင် များပြားလာတော့သည်။
ဝမ်ပေါင်လဲ့မှာ ထို ကျင့်ကြံခြင်းပညာရပ်အသစ်အကြောင်းကို ဆွေးနွေးနေကြသည့် လူများကို ကြည့်ရင်း စိုးရိမ်စိတ်များ ကြီးထွားလာရ၏။
” သူတို့အကုန်လုံးက ကျင့်ကြံခြင်းပညာရပ်တစ်ခု ရသွားကြပြီ။ တကယ်လို့ တစ်ယောက်ယောက်ကများ အဲဒီပညာရပ်ကို အခုချက်ချင်း ပြန်ပြီးတော့ ပေးပို့လိုက်မယ်ဆိုရင် ငါ နောက်ကောက်ကျနေတော့မှာပဲ ”
” ဒါပေမဲ့ အဲ့လိုပြန်ပို့ချင်ရင် တိုက်ပွဲရမှတ် အမှတ်တစ်ထောင်တိတိ အသုံးပြုရမှာလေ။ အဲ့လို အမှတ်တစ်ထောင်အထိ စုဆောင်းမိနိုင်ဖို့က ဘယ်လောက်လွယ်မလဲဆိုတာ ဘယ်သူမှ မသိဘူး… လွယ်တော့ လွယ်မှာ မဟုတ်လောက်ဘူး… ” ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးတောကြည့်လိုက်ပြီးမှ စိတ်အေးသွားရ၏။ ထို့နောက် သူသည် ကျယ်ပြန့်ပညာရပ်အဆောင်ဟု အမည်ရသည့် နေရာသို့သွားကာ သူ့အတွင် သင့်တော်မည့် ကျင့်ကြံခြင်းပညာရပ်တစ်ခုကို သွားရောက်ရှာဖွေရန် ဆုံးဖြတ်လိုက်တော့သည်။
သို့သော် ထိုနေရာသို့ မသွားခင် သူ အရင်ဆုံးလုပ်ရမည့် အရေးကြီးကိစ္စများ ရှိနေသေးသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပြတ်သားမှု အပြည့်ရှိသော အမူအရာဖြင့် အသက်ပြင်းပြင်းရှူကာ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းနေလိုက်ပြီးနောက် သူ၏လက်ထဲမှ ကျောက်စိမ်းပေလွှာကိုအသုံးပြု၍ ကျောက်ယမုန့်အား လှမ်း၍ ဆက်သွယ်လိုက်တော့သည်။
” ယမုန့်။ ရှိလား… ”
” ပြော ” ခဏအကြာတွင် ကျောက်စိမ်းပေလွှာထဲမှ ကျောက်ယမုန့်၏ တည်ကြည်အေးဆေးသော စကားသံတစ်သံ ထွက်ပေါ်လာ၏။
” ဟဲဟဲ။ ဒီနေ့ ရာသီဥတု သာယာတယ်နော်။ ဒါနဲ့… နင့်အမေက အင်္ဂါဂြိုဟ်ဘုရင်ခံဆို ” ဝမ်ပေါင်လဲ့မှာ ထိုမေးခွန်းအား မေးခဲ့ပြီးပြီဖြစ်ပါသော်လည်း အံ့အားသင့်နေရဆဲ ဖြစ်သောကြောင့် မသိစိတ်မှနေ၍ အလိုလို ထပ်မေးမိလိုက်၏။
” အဲ့တာ ဘာဖြစ်လဲ။ နင်က လက်မခံချင်လို့လား ” ကျောက်ယမုန့်၏ တည်ကြည်အေးဆေးနေသော စကားသံထဲတွင် ရန်လိုနေသည့် အငွေ့အသက်တစ်ခု ကိန်းအောင်းနေသည်ကို အာရုံခံနိုင်ပေသည်။
အနည်းငယ်ခန့် ရန်လိုနေသည့်လေသံ ပေါက်နေသော ကျောက်ယမုန့်၏ စကားသံအား ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် ခေါင်းခဲသွားရ၏။ အမှန်တွင် သူသည် ဗုဒ္ဓဟူးဂြိုဟ်ပေါ်တွင် ရှိနေခဲ့စဉ်ကတည်းက တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း ခံစားနေခဲ့ရသည် ဖြစ်သည်။ ယခုတွင် သူသည် ကျောက်ယမုန့်၏ နောက်ကြောင်းရာဇဝင်အကြောင်းကို သိလိုက်ရပြီဖြစ်ရာ အပြစ်ရှိသလို ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် နူးညံ့သိမ်မွေ့သော လေသံဖြင့် ဆိုလိုက်၏။
” ယမုန့်… ငါ အင်္ဂါဂြိုဟ်ပေါ်မှာ ရှိခဲ့တဲ့ အချိန်တွေအတွက် နင့်ကို ကျေးဇူးတင်ပါတယ် … ”
ကျောက်ယမုန့်မှာ ထိုစကားကို ကြားလိုက်ရသောအခါ ငြိမ်ကျသွား၏။ တစ်အောင့်ခန့် ကြာသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ သူမသည် စိတ်ဆိုးပြေသွားလောက်ပြီဟု မှတ်ယူလိုက်ပါသော်လည်း သူမ၏နှုတ်မှ ထွက်လာသော စကားတစ်ခွန်းကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးခုန်သံများ ရပ်တန့်သွားရတော့သည်။
” ငါ့ကိုတင် ကျေးဇူးတင်ရမှာ မဟုတ်ပါဘူး။ လီဝမ်အာကိုလည်း ကျေးဇူးတင်သင့်တယ်လို့ နင် မထင်ဘူးလား ” ကျောက်ယမုန့်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ဆက်သွယ်မှုအား ဖြတ်တောက်လိုက်၏။
” ဟင် ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားရ၏။ အချိန်အတော်အတန် ကြာပြီးမှသာ သူသည် နဖူးကို လက်ဝါးဖြင့်ရိုက်ကာ သက်ပြင်းအရှည်ကြီး ချမိလိုက်တော့သည်။ အမှန်တွင် သူသည် အင်္ဂါဂြိုဟ်ဘုရင်ခံမှာ ကျောက်ယမုန့်၏ အမေဖြစ်ကြောင်း သိလိုက်ရသည့် အချိန်ကတည်းက သူနှင့် လီဝမ်အာတို့၏ကြားမှ ဆက်ဆံရေးမှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေသည့်တိုင်အောင် အင်္ဂါဂြိုဟ်ဘုရင်ခံမှာ သိထားလောက်ပြီးဖြစ်ကြောင်း ရိပ်မိနေခဲ့ပြီးသား ဖြစ်သည်။
ယခုတွင်လကျောက်ယမုန့်မှာလည်း ထိုအကြောင်းကို သိထားသည့်ပုံပင်။
” ဒါပေမဲ့…. ကျောက်ယမုန့်နဲ့ ငါက သွေးသောက်မောင်နှမတွေလေ။ မဟုတ်မှလွဲရော… သူက လီဝမ်အာကို ကြိုက်နေတာများလား ” ဝမ်ပေါင်လဲ့မှာ ရှုံ့မဲ့မဲ့ ရယ်မောကာ ခေါင်းယမ်းလိုက်ပြီး သက်ပြင်းချမိသွားတော့သည်။ သို့သော် ခဏအကြာတွင် သူသည် ကျင့်သိုမင်အကြောင်း တွေးမိလိုက်သဖြင့် ချက်ချင်းဆိုသလိုပင် အံကြိတ်မိသွားပြီး မျက်လုံးများ ပြူးသွားတော့သည်။
” ကျင့်သိုမင်။ ကြည့်ရတာ မင်းက ဒီအကြောင်းတွေ အကုန်လုံးကို သိထားတဲ့ပုံပဲ။ ငါတို့တွေ လေ့လာရေးစက်ရုံထဲမှာ ရှိနေခဲ့တုန်းက မင်းက ငါ့ကို မလှိမ့်တပတ်လုပ်ဖို့ ကြိုးစားခဲ့တာပဲ။ ကောင်စုတ်။ မင်း နေနှင့်ဦးပေါ့ကွာ ” ဝမ်ပေါင်လဲ့မှာ တတွတ်တွတ်ရေရွတ်ရင်း နဖူးကို လက်ဖြင့်ပွတ်နေမိတော့သည်။ ထိုကိစ္စများအားလုံးမှာ သူ့အတွက် ခေါင်းကိုက်စရာ ကောင်းလွန်းနေသောကြောင့် သူသည် ထိုအကြောင်းများကို ထပ်မတွေးတော့ရန် ဆုံးဖြတ်လိုက်၏။ ထိုသို့ဖြင့် သူသည် သူ၏ အသက်ရှူနှုန်းများကို ပြန်လည်တည်ငြိမ်သွားအောင် ထိန်းသိမ်းလိုက်ပြီးနောက် အပြင်ဘက်တွင် လင်းထိန်နေဆဲဖြစ်ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူသည် ကျယ်ပြန့်တာအိုနန်းတော်က ပေးထားသည့် တာအိုဝတ်ရုံအား ဆင်မြန်းကာ လက်ထဲတွင် ဂိုဏ်း၏မြေပုံအား ကိုင်၍ အပြင်ဘက်၌ လမ်းထွက်လျှောက်ရင်း ကျယ်ပြန့်တာအိုပညာရပ်အခန်းဆီသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်တော့သည်။
ကျယ်ပြန့်တာအိုပညာရပ်အခန်းမှာ တောင်ကြီး၏ နောက်တွင် တည်ဆောက်ထားပြီး ကျယ်ပြန့်တာအိုနန်းတော်၏ တားမြစ်နေမြေများနှင့် သိပ်မဝေးသောနေရာတွင် တည်ရှိသည်။ ဝမ်ပေါင်လဲ့မှာ မြေပုံကို လက်ထဲ၌ကိုင်ရင်း ကျဉ်းမြောင်းသော စင်္ကြံလမ်းလေးများအတိုင်း လျှောက်လှမ်းလာ၏။ သူသည် မျက်နှာအား တိုးဝှေ့တိုက်ခတ်နေသော လေပူများကို ကြံ့ကြံ့ခံရင်း ခဏအကြာတွင် ကျယ်ပြန့်တာအိုပညာရပ်အခန်းဆီသို့ ရောက်ရှိလာတော့သည်။
ကျယ်ပြန့်တာအိုပညာရပ်အဆောင်မှာ ပဉ္စဂံပုံစံတည်ဆောက်ထားသော အထပ်လေးထပ်ပါ အဆောက်အဦတစ်ခု ဖြစ်သည်။ အထပ်တစ်ထပ်ချင်းစီ၏ ထောင့်စွန်းတွင် ခေါင်းလောင်းတစ်လုံးစီ တပ်ဆင်ထားသဖြင့် ၎င်းတို့မှာ တချွင်ချွင် မြည်ဟည်းနေကြ၏။ ထိုခေါင်းသံများမှာ မှော်ဝင်စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားသည့်ပုံပင်။ ဝမ်ပေါင်လဲ့မှာ ထိုခေါင်းလောင်းသံများကို ကြားလိုက်ရသောအခါ သိသိသာသာ စိတ်တည်ငြိမ်သွားရ၏။ သူ ထိုအဆောင်နားသို့ ရောက်လာချိန်တွင် ထိုခေါင်းလောင်းသံများမှာလည်း အဆက်မပြတ် မြည်ဟည်းနေသောကြောင့် သူ၏ စိတ်များမှာ ကန်ရေပြင်ကဲ့သို့ တည်ငြိမ်သွားရတော့သည်။
” အံ့ဩဖို့ကောင်းလှပါလား ” ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ် ခပ်မိသွား၏။ ထို့နောက် သူသည် ကျယ်ပြန့်တာအိုပညာရပ်အဆောင်၏ တံခါးမှာ ပိတ်ထားပါသော်လည်း အစောင့်တစ်ယောက်မှ ရှိမနေသည်ကို သတိထားမိလိုက်၏။ ထို့ကြောင့် သူသည် ရှေ့သို့ ဆက်လျှောက်သွားလိုက်တော့သည်။ သို့သော် သူ ထိုအဆောင်၏ အနီးသို့ ရောက်ရှိလာသောအခါ အဆောင်ထဲမှ ဝိညာဥ်အာရုံ အမျှင်အတန်းတစ်ခု ထွက်ပေါ်လာပြီး သူ၏ ကိုယ်ရေးရာဇဝင်အား စစ်ဆေးကြည့်လိုက်၏။ ထို့နောက် တံခါးပေါက်ကြီးမှာ အလိုအလျောက် ပွင့်သွားတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရ၏။ ထို့နောက် သူသည် ကျယ်ပြန့်တာအိုပညာရပ်အဆောင်ထဲသို့ ဝင်သွားလိုက်ပြီးနောက် ချက်ချင်းပင် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ အရပ်မျက်နှာအနှံ့ ဦးညွှတ်အရိုအသေပေးလိုက်၏။
” တပည့်ဝမ်ပေါင်လဲ့ အစ်ကို အစ်မတွေ အားလုံးကို ဂါရဝပြုပါတယ် ”
သို့သော် သူ အချိန်အတော်အတန်ကြာသည်အထိ စောင့်ဆိုင်းပြီးသွားသည့်တိုင်အောင် မည်သည့်တုံ့ပြန်မှုမှ ပြန်မရခဲ့ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားရပြီး ကျယ်ပြန့်တာအိုပညာရပ်အဆောင်မှာ ဓမ္မအဆောင်တစ်ခု ဖြစ်နေပြီး သူ့အား စစ်ဆေးခဲ့သည့် အရာကြီးမှာလည်း အဆောင်ဝိညာဉ်တစ်ခု ဖြစ်နေမည်လောဟု တွေးမိလိုက်၏။
ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ သူ၏ သံသယစိတ်များကို ချုပ်တည်းလိုက်ပြီးနောက် ကျယ်ပြန့်တာအိုပညာရပ်အဆောင်၏ ပထမထပ်ရှိ စင်များပေါ်တွင်ရှိသော ကျောက်စိမ်းပေလွှာများအား လှန်လှောဖတ်ရှုလိုက်၏။ ၎င်းတို့ထဲမှ အများစုမှာ ကျင့်ကြံခြင်းပညာရပ်များ ဖြစ်ကြပြီး ၎င်းတို့ပေါ်တွင် အကျဉ်းချုပ်ဖော်ပြချက်များနှင့် လဲလှယ်ရန် လိုအပ်သည့် တိုက်ပွဲရမှတ်ပမာဏများ ရှိနေကြသည်။ အများစုမှာ တိုက်ပွဲရမှတ် အမှတ်တစ်ထောင်ဖြင့် လဲလှယ်၍ ရပါသော်လည်း အမှတ်တစ်ထောင်ထက် ပို၍လိုအပ်သည့် ပညာရပ်အချို့လည်း ရှိပေသည်။
” ကမ္ဘာဦးရှုပ်ထွေးမှုပညာရပ် ”
” ရွှေခန္ဓာတာအို ”
” တိမ်လွှာနဂါးထွက်သက်ဝင်သက် ပညာရပ် ”
ဝမ်ပေါင်လဲ့မှာ ထို ကျောက်စိမ်းပေလွှာများအား တစ်ခုပြီးတစ်ခု ဖွင့်ဖတ်ရင်း စိတ်လှုပ်ရှားလာရတော့သည်။ တိုက်ပွဲရမှတ် အမှတ်တစ်ထောင်သာ လိုအပ်သော ကျင့်ကြံခြင်းပညာရပ်များ၏ အရည်အသွေးမှာ သူ့အတွက်ဆိုလျှင် ကောင်းကင်တာအိုကျောင်းမှ အဆင့်မြင့် ကျင့်ကြံခြင်းပညာရပ်များနှင့် တန်းတူဖြစ်နေ၏။ ထို့အပြင် သူသည် ကျယ်ပြန့်တာအိုပညာရပ်အဆောင်၏ ပထမထပ်တွင်သာ ရှိနေသေးသည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ဒုတိယထပ်ပေါ်သို့ တက်သွားလိုက်၏။ ထို ဒုတိယထပ်မှာလည်း ပထမထပ်နှင့် အဆင်အပြင် ဆင်တူပြီး ကျောက်စိမ်းပေလွှာများ အပြည့်ရှိနေသည့် စင်များဖြင့် ပြည့်နှက်နေသည်။ ထိုအထပ်တွင် ကျယ်ပြန့်တာအိုနန်းတော်မှ အခြားဂိုဏ်းသားသုံးယောက်လည်း ရှိနေသေးသည်။ သူတို့မှာ သူတို့နှစ်သက်ရာ ကျင့်ကြံခြင်းပညာရပ်များကို ရွေးချယ်နေကြပြီး ယခုမှ ရောက်လာသော ဝမ်ပေါင်လဲ့အား တစ်ချက်မျှသာ လှမ်းကြည့်လိုက်ပြီးနောက် လျစ်လျူရှုထားလိုက်ကြ၏။
ထိုအထပ်တွင် ရှိနေသော ကျင့်ကြံခြင်းပညာရပ်များကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် စိတ်လှုပ်ရှားလာရတော့သည်။ ဤ ဒုတိယထပ်တွင် ရှိနေသော ကျင့်ကြံခြင်းပညာရပ်အားလုံးမှာ ကောင်းကင်တာအိုကျောင်းရှိ အဆင့်မြင့်ပညာရပ်များအားလုံးထက် အများကြီးပို၍ သာလွန်နေသည် မဟုတ်ပါလော။ ထို့အပြင် ၎င်းတို့၏ အရေအတွက်မှာ ရာနှင့်ချီ၍ ရှိနေကြသည် ဖြစ်သည်
” ဒါတောင် တတိယထပ်နဲ့ စတုတ္ထထပ် ကျန်သေးတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောနေရင်း တတိယထပ်သို့ တက်ကြည့်ရန် ပြင်လိုက်၏။ သို့သော် သူ လှေကားပေါ်သို့ တက်မိလိုက်သည်နှင့် တစ်ပြိုင်နက် ဖျော့တော့တော့ အလင်းရောင် ဖန်သားပြင်တစ်ခု၏ တားဆီးခြင်းကို ခံလိုက်ရသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် သုံးသပ်ကြည့်လိုက်ပြီးနောက် သူ့ဆီတွင် ထိုအထပ်များဆီသို့ တက်ခွင့်မရှိသေးသောကြောင့် ဖြစ်နိုင်သလို ကျင့်ကြံခြင်းအဆင့်အပိုင်းတွင် လိုအပ်ချက်များ ရှိနေသေးသောကြောင့်လည်း ဖြစ်နိုင်သည်ဟု ကောက်ချက်ချလိုက်၏။
” နှမြောစရာပဲ။ ငါ တတိယထပ်ပေါ် တက်ကြည့်ခွင့် ရှိရောရှိလာပါ့မလား ” ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းကာ ဒုတိယထပ်တွင်သာ ဆက်ရှိနေရန် ဆုံးဖြတ်လိုက်တော့သည်။ ထို့နောက် သူသည် သူ့အတွက် သင့်တော်မည့် ကျင့်ကြံခြင်း ပညာရပ်တစ်ခုကို အသည်းအသန် ရှာဖွေနေလိုက်တော့သည်။ သူသည် ကျောက်စိမ်းပေလွှာ တစ်ခုချင်းစီတိုင်းကို အသေးစိတ်ကြည့်ရှုစစ်ဆေးကာ အချိန်အများကြီး အကုန်ခံ၍ ၎င်းတို့၏ အညွှန်းများကို လိုက်ဖတ်နေလိုက်ပြီးနောက် သေသေချာချာ စဉ်းစားတွေးတောပြီးမှ နောက်ထပ် ကျောက်စိမ်းပေလွှာတစ်ခုအား ပြောင်း၍ လေ့လာနေတော့သည်။
ထိုသို့ဖြင့် သူသည် ထိုကျောက်စိမ်းပေလွှာများကို လေ့လာဖတ်ရှုနေရင်း အချိန်များကုန်လွန်သွားပြီး ခဏအကြာတွင် နာရီဝက်တိတိ ကုန်ဆုံးသွားတော့သည်။ သူသည် သဘောကျနှစ်သက်သည့် ကျင့်ကြံခြင်းပညာရပ်သုံးခုကို ရှာတွေ့ခဲ့ပါသော်လည်း မည်သည့်တစ်ခုအား ရွေးချယ်ရမှန်း မသိနိုင်လောက်အောင် ဖြစ်နေရ၏။ ထို့ကြောင့် သူသည် ကျောက်စိမ်းပေလွှာအသစ်များကိုသာ တစ်ခုပြီးတစ်ခု ထပ်၍ လှန်လှောဖတ်ရှုနေမိတော့သည်။ သို့သော် သူ ကျောက်စိမ်းပေလွှာတစ်ခုအား ကောက်ကိုင်လိုက်သည် အချိန်တွင် မမလေး၏ စကားသံတိုးတိုးလေးမှာ သူ၏အသိစိတ်ထဲ၌ ပေါ်ပေါက်လာ၏။
” ဘာလို့ ဒီ ကျင့်ကြံခြင်းပညာရပ်က ဒီမှာ ရှိနေရတာလဲ… ပေါင်လဲ့။ ဒါကို ရွေးလိုက် ”
ထိုအခါ ဝမ်ပေါင်လဲ့မှာ ခေါင်းငုံ့ကာ သူ၏ လက်ထဲတွင်ရှိနေသော ကျောက်စိမ်းပေလွှာလေးအား ကြည့်လိုက်၏။ ထိုအခါ ထို ကျောက်စိမ်းပေလွှာပေါ်၌ ရေးသားထားသည့် ကျင့်ကြံခြင်းပညာရပ်၏ အမည်မှာ သူ၏မျက်လုံးထဲ၌ ချက်ချင်းပင် ပေါ်ပေါက်လာတော့သည်။
” ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ် “