Switch Mode

အပိုင်း(၇၅၇)

ဝမ်လင်းကို တုန်လှုပ်သွားစေသော မပြည့်မစုံကောင်းကင်ဘုံမန္တာန်စာအုပ်

နှစ်ဝက်ခန့်ကြာမြင့်ပြီးနောက် ဝမ်လင်း ပြုလုပ်ထားသော လှိုဏ်ဂူထဲမှ ခပ်အုတ်အုတ် ပေါက်ကွဲမှုတစ်ခုက စွန့်ပစ်ခံဂြိုဟ်အနှံ့တွင် ပျံ့နှံ့သွားခဲ့သည်။ထိုအခါ ဂြိုဟ်တစ်ခုလုံးက အနည်းငယ် တုန်ယင်ကာ ကောင်းကင်ကလည်း ဖုန်မှုန့်များနှင့် ပြည့်နှက်သွားခဲ့သည်။

ဝမ်လင်းက မျက်မှောင်ကြုတ်ကာ ဖုန်မှုန့်များကြားကနေ လှမ်းထွက်လာ၏။

သူ့နောက်တွင် ပိန်ပါးသောရုပ်သေးတစ်ခုက လိုက်ပါလာသည်။ထိုရုပ်သေး၏ လက်သီးပေါ်တွင် မရေမတွက်နိုင်သောလျှပ်စီးများ တောက်ပနေသည်။

အဆုံးသပ်တွင် မိုးကြိုးတာအိုပညာရှင်က နှစ်သုံးထောင်ရုပ်သေးအဖြစ်နေထိုင်ဖို့ကို ရွေးချယ်ခဲ့ပေသည်။သို့သော် ဝမ်လင်းက ကောင်းကင်ဘုံသက်တော်စောင့်ရုပ်သေး ဖန်တီးသန့်စင်ရာ၌ ကျရှုံးနိုင်သည့်နှုန်းကို လျော့တွက်မိခဲ့ပေသည်။မိုးကြိုးကောင်းကင်ဘုံနယ်မြေမှ မိုးကြိုးနှင့်ပင် ထိုသန့်စင်ခြင်းက ကျရှုံးခဲ့ရပေသည်။

“အဆင့်နိမ့်ကောင်းကင်ဘုံသက်တော်စောင့်တွေက ပထမဆင့်မှာရှိတဲ့ အထွတ်အထိပ်ကျင့်ကြံသူတွေရဲ့ ခွန်အားနဲ့ ညီမျှတယ်။ငါက ကောင်းကင်ဘုံတစ္ဆေကို ထည့်ပေါင်းခဲ့တဲ့အတွက် ပထမဆုံးရုပ်သေးမှာ အနည်းငယ် ပြောင်းလဲမှု ရှိသွားခဲ့ပြီး ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူတွေရဲ့ ခွန်အားနဲ့ ညီမျှတဲ့အဆင့်ကို ရောက်နိုင်စွမ်း ရှိစေခဲ့တယ်…”

“ဒီဒုတိယကောင်းကင်ဘုံရုပ်သေးကတော့ ငါက ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို မိုးကြိုးသားရဲနဲ့အတူ အသုံးပြုခဲ့တယ်။ဒါက အလယ်အလတ်အဆင့် ကောင်းကင်ဘုံသက်တော်စောင့်ကို ထုတ်လုပ်နိုင်သင့်ပေမဲ့ ကံမကောင်းစွာနဲ့ ငါက ကျရှုံးခဲ့တယ်…”

ဝမ်လင်းက ကြိတ်၍ သက်ပြင်းချမိသည်။

ထို့နောက် ဝမ်လင်းက သူ့စိတ်ကိုသူ ပြင်ဆင်လိုက်၏။သူ့စိတ်က တစ်ဖန် တည်ငြိမ်လာခဲ့ပြန်သည်။ သူက သူ့နောက်ရှိ ရုပ်သေးကို ကြည့်ကာ စတင် စဉ်းစားလိုက်သည်။

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါက ဘာတစ်ခုမှ အကျိုးအမြတ် မရခဲ့တာတော့ မဟုတ်သေးပါဘူးလေ…”

ဒုတိယမြောက် ကောင်းကင်ဘုံသက်တော်စောင့် သန့်စင်ခြင်းကို ကျရှုံးခဲ့သော်လည်း တာအိုမိုးကြိုးပညာရှင်၏ မူလစိတ်ဝိညာဉ်က ၎င်း၏ အသိစိတ်ကို ဆုံးရှုံးသွားခဲ့ကာ ထူးဆန်းသောအလင်းတစ်ခုအဖြစ်သို့ ပြောင်း၍ သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားခဲ့ပေသည်။မိုးကြိုးသားရဲကလည်း ၎င်းခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားခဲ့ပေ၏။

“ငွေအဆင့်အထွတ်အထိပ်…” ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူက ကျရှုံးခဲ့သော်လည်း ထိုကျရှုံးခါနီးအခိုက်အတန့်၌ မိုးကြိုးတာအိုပညာရှင်၏ မူလစိတ်ဝိညာဉ်ကို ဆုံးဖြတ်ချက် ပြတ်သားစွာ ဖြတ်တောက်၍ သန့်စင်ခြင်း ဖြစ်စဉ်ကို လက်လျော့ခဲ့ပေသည်။ ထိုသို့ ပြုလုပ်လိုက်ခြင်းက ကောင်းကင်ဘုံသက်တော်စောင့်ကို တတိယအဆင့် သန့်စင်ခြင်းကနေ ပထမအဆင့်သို့ ပြန်ပြောင်းရောက်ရှိ သွားစေခဲ့သည်။

ထို့ကြောင့်သူက ငွေအထွတ်အထိပ်အဆင့် ခန္ဓာကိုယ် ပိုင်ဆိုင်ထားသည့် မပြည့်မစုံ ကောင်းကင်ဘုံသက်တော်စောင့် တစ်ယောက်ကို ရရှိလိုက်သည်ဟုတော့ ပြောနိုင်ပေ၏။ ၎င်းက မည်သည့်မန္တာန်ကိုမျှ အသုံးမပြုနိုင်သော်လည်း ခန္ဓာကိုယ်ကတော့ အလွန်အမင်း သန်မာပေသည်။

ဝမ်လင်းမူလစိတ်ဝိညာဉ်ကသာ သူ့ခန္ဓာကိုယ်ကနေ ထွက်ခွာနိုင်ခဲ့လျှင် သူက ၎င်းကို အနည်းငယ်ပို၍ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ဦးမည် ဖြစ်သည်။သို့ရာတွင် ခုချိန်၌ သူ့မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ခွာနိုင်ခြင်း မရှိပေ။ထို့အတွက်ကြောင့် သူ့နတ်ဘုရားအာရုံဖြင့် ယင်းဒုတိယမြောက်ရုပ်သေးကို လက်သီးချက်လိုမျိုး ရိုးရှင်းသော တိုက်ချက်အချို့ကိုသာ ထိန်းချုပ်နိုင်တော့၏။

ဤသို့သော ထိန်းချုပ်မှုများက တိုက်ပွဲတွင် အသုံးပြု၍ မရနိုင်ပေ။

ဝမ်လင်းက သူ့နောက်မှ ဒုတိယမြောက်ကောင်းကင်ဘုံသက်တော်စောင့်ကို သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။ ထို့နောက် လှိုဏ်ဂူရှိရာသို့ ပြန်လျှောက်လာခဲ့သည်။

သူ့တွင် လုပ်စရာများစွာ ရှိနေသေးသည် မဟုတ်လား။ သူက သူ့စိတ်ကိုသူ အနည်းငယ် ပြင်ဆင်လိုက်ပြီးနောက် ကောင်းကင်ဘုံသက်တော်စောင့် ဖန်တီးရာ၌ ကျရှုံးမှုကြောင့် မသက်မသာ ဖြစ်နေသော စိတ်လည်း ပျောက်ကွယ်သွားတော့သည်။

“ငါက ငါ့နယ်ပယ်နဲ့ ယှဉ်တွဲလို့ရတဲ့အထိ ငါ့ကျင့်ကြံမှုအဆင့်ကို တိုးတက်အောင် လုပ်ရမယ်…” လှိုဏ်ဂူအတွင်း၌ ဝမ်လင်းက ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက်သည်။ သူက သူ့ရှေ့သို့ စူးစိုက်ကြည့်နေရင်း မျက်လုံးများက တောက်ပလာခဲ့သည်။

စိတ်ဝိညာဉ်အလံ၏ မူလစိတ်ဝိညာဉ်သုံးခုနှင့် ကြယ်ခုနစ်ခုဓားအစီအရင်တို့ကို သူက ပြန်သိမ်းဆည်းလိုက်ပြီ ဖြစ်သည်။သို့ရာတွင် လင်းထျန်ဟူ၏ ဓားစွမ်းအင်တန်း၊ကောင်းကင်ဘုံသက်တော်စောင့်၊ မိုးကြိုးသားရဲတို့ကတော့ လှိုဏ်ဂူထဲ၌ ရှိလို့နေသေး၏။

ကောင်းကင်ဘုံသက်တော်စောင့်က မြေပေါ်တွင် လှဲလျောင်းနေသော သူ့မိုးကြိုးသားရဲဘေးနား၌ မတ်တပ်ရပ်လို့နေသည်။

လင်းထျန်ဟူ၏ ဓားစွမ်းအင်တန်းနှစ်ခုက လေထဲ၌ မြောလွင့်နေသည်။

ဝမ်လင်းအကြည့်က မိုးကြိုးသားရဲပေါ်သို့ ကျရောက်သွားသည်။

သေရေးရှင်ရေး အခြေအနေ မဟုတ်ခဲ့ပါက ဝမ်လင်းသည် မည်သည့်ကြိုတင်ပြင်ဆင်မှုမှ မရှိဘဲနှင့် စစ်ရထား၏ တတိယမြောက်ချိပ်ပိတ်မှုကို ဖွင့်လှစ်ခဲ့မည် မဟုတ်ပေ။တကယ်တော့ နတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထားက ထိန်းချုပ်ရန် အလွန်ခက်ခဲလှကာ အနည်းငယ်လေး သတိလွတ်၊မှားယွင်းသွားသည်နှင့် တန်ပြန်ဒဏ်ကို ခံသွားရပေလိမ့်မည်။

သို့ရာတွင် လွန်ခဲ့သော ခြောက်လအတွင်း မိုးကြိုးသားရဲ၏ တုံ့ပြန်မှုက အထင်နှင့် တစ်ခြား ဖြစ်လာခဲ့သည်။ ၎င်းက သူ့ကို တန်ပြန်ဒဏ် ဖြစ်စေသော အရိပ်အယောင် မပြသသည့်အပြင် သူ့အမိန့်ကိုပါ နာခံလာခဲ့သည်။

သို့သော် ဝမ်လင်းက မည်သည့်မန္တာန်ကို အသုံးပြုသည် ဖြစ်စေ မနာခံသော ကိစ္စတစ်ခုတော့ ရှိ၏။ထိုကိစ္စမှာ ၎င်းက စစ်ရထားထဲသို့ ပြန်မဝင်ရောက်တော့ခြင်းပင်။

မိုးကြိုးသားရဲက အရင်ထက် သုံးဆခန့် ကြီးမားလာခဲ့သည့်အပြင် ပို၍လည်း ဉာဏ်ရည်ထက်မြက်လာခဲ့သည်။၎င်း၏ ငွေရောင်ဦးချိုပေါ်တွင်ပင် ရွှေရောင်သန်းလာခဲ့လေ၏။

ဝမ်လင်းက ၎င်းကို ကြည့်နေသည့်အခါ မိုးကြိုးသားရဲသည် ခေါင်းမော့လာကာ ဝမ်လင်းကို စောင်းငဲ့၍ ပြန်ကြည့်လာ၏။

လူတစ်ယောက်နှင့် သားရဲတစ်ကောင်တို့သည့် တစ်ယောက်နှင့်တစ်ယောက် စူးစိုက်ကြည့်နေကြချေသည်။ ဝမ်လင်းက ထိုသားရဲသည် ပို၍ လိမ်မာပါးနပ်လာသည်ဟု ခံစားမိနေ၏။

စိတ်ရှုပ်လာသည့်အလား မိုးကြိုးသားရဲက ၎င်း၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။၎င်းက ညီးတွားသံပြုလိုက်၏။ထို့နောက် ၎င်း၏ ခန္ဓာကိုယ်သည် မိုးကြိုးတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ အကွာအဝေးတစ်ခုသို့ ပျောက်ကွယ်သွားချေသည်။

ဝမ်လင်းက မဖြစ်ညစ်ကျယ် ပြုံးလိုက်မိသည်။ သည်လွန်ခဲ့သော ခြောက်လအတွင်း ထိုသားရဲက ခုလိုမျိုး မကြာခဏ ပြုမူတက်ပေသည်။ ၎င်းက ထွက်ခွာသွားပြီးနောက် ရက်အနည်းငယ် ပြန်မလာတက်ပေ။

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ဆုံးဖြတ်ချက် ပြတ်သားသော အကြည့်ကို ထုတ်ဖော်လိုက်သည်။

“ဒီသားရဲက သိုလှောင်အိတ်ထဲကို ပြန် မဝင်ချင်နေမှတော့ ဒီအတိုင်းပဲ ထားလိုက်တော့မယ်…” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။လင်းထျန်ဟူ၏ ဓားစွမ်းအင်တန်းနှစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်လာသည်။ ကောင်းကင်ဘုံသက်တော်စောင့်ကတော့ ဝမ်လင်းကို ကာကွယ်ပေးထားရန် လှိုဏ်ဂူအဝ၌ ရပ်လို့နေသည်။

ဝမ်လင်းက သိုလှောင်အိတ်တစ်ခုကို ထုတ်ယူလိုက်သည်။ယင်းသိုလှောင်အိတ်က မိုးကြိုးတာအိုပညာရှင်၏ သိုလှောင်အိတ်ပင်။ မိုးကြိုးတာအိုပညာရှင်၏ အသိစိတ်ပျောက်ကွယ်သွားချိန်အတွင်း ၎င်းပေါ်ရှိ သူ့နတ်ဘုရားအာရုံလည်း ပျောက်ကွယ်သွားကာ ထိုသိုလှောင်အိတ်က ပိုင်ရှင်မဲ့ ဖြစ်လာခဲ့ခြင်းပင်။

ထိုသိုလှောင်အိတ်ထဲ၌ အရာများစွာ ရှိနေသည်။ ထိုအရာများထဲမှ ဝမ်လင်း အာရုံကို ဖမ်းစားသွားနိုင်သည့်က လေးခုသာ ရှိသည်။ ပထမပစ္စည်းတစ်ခုက ကျောက်စိမ်းပြားတစ်ခုပင်။

ထိုကျောက်စိမ်းပြားပေါ်၌ ကြမ်းကြုတ်သောမိုးကြိုးသားရဲပုံကို ရေးထွင်းထားသည်။ ထို့အပြင် ထိုကျေက်စိမ်းပြားပေါ်၌ မှော်စာလုံးကြီးတစ်ခုလည်း ရှိနေသေးသည်။

ဝမ်လင်းက ထိုစာလုံးကို မည်သို့အသုံးပြုရမှန်း မသိပေ။ သို့သော် အနည်းငယ် လေ့လာပြီးသည့်နောက် သူက ယင်းအရာဝတ္ထု၏ အသုံးပြုမှုကို ခံမှန်းနိုင်လာခဲ့သည်။

“ဒါက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တမန်တော် အမှတ်အသား ကျောက်စိမ်းပြားများ ဖြစ်နေနိုင်မလား…” ဝမ်လင်းက ထူးဆန်းစွာ ပြုံးလိုက်၏။ ထိုကျောက်စိမ်းပြားပေါ်ရှိ လျှပ်စီးက ကျင့်ကြံသူအများစု အထဲသို့ စစ်ဆေးကြည့်လို့မရအောင် ကာကွယ်ထားပေသည်။

သို့ရာတွင် ထိုလျှပ်စီးက ဝမ်လင်းအပေါ်တွင်တော့ သက်ရောက်မှု မရှိပေ။

ထိုလျှပ်စီးထဲ၌ ကောင်းကင်ဘုံမိုးကြိုး၏ အမျှင်တန်းတစ်ခု ပါဝင်နေသည်။ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ ကျင့်ကြံခြင်းနည်းလမ်းကို မကျင့်ကြံသူသည် ထိုကျောက်စိမ်းပြား အတွင်းရှိ အရာကို ကြည့်မြင်နိုင်ဖို့ မဖြစ်နိုင်သည်မှာ သိသာနေ၏။

သို့ရာတွင် ဝမ်လင်းက ရှေးဟောင်းမိုးကြိုးနဂါးကို ဝါးမြိုထားသူ မဟုတ်လား။ထို့ကြောင့် မိုးကြိုးနှင့်ပတ်သတ်၍ သူ့ထိန်းချုပ်နိုင်မှုက အဆင့်တစ်ခုသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ သူ့မူလစိတ်ဝိညာဉ်ထဲက မိုးကြိုးက လှုပ်ရှားလာကာ ထိုကျောက်စိမ်းပြားထံသို့ ရွှေ့လျားစေလိုက်သည်။ သူက ထိုလျှပ်စီးကို လွယ်လင့်တကူ ချိုးဖျက်၍ ကျောက်စိမ်းပြားအတွင်းကို မြင်လိုက်ရသည်။

ဝမ်လင်း၏ စိတ်ခွန်အားဖြင့်ပင် သူက မျက်လုံးအပြူးသား ဖြစ်မိသွားသည်။ထိုကျောက်စိမ်းပြားထဲ၌ မန္တာန်နှစ်ခု ရှိနေ၏။ပထမတစ်ခုက ကမ္ဘာကြီးကို မီးပြင်းဖို ဖြစ်လာစေသည့် မန္တာန်ပင်။

ထိုမီးပြင်းဖိုက လူတစ်ယောက်၏ မူလစွမ်းအင်နှင့် ရောယှက်ကာ အံ့မခန်း မူလစွမ်းအင်ကို မန္တာန်တစ်ခုကို ဖန်တီးနိုင်ပေသည်။ ပြီးခဲ့သောတိုက်ပွဲတွင် မိုးကြိုးတာအိုပညာရှင်က ထိုမန္တာန်ကို အသုံးပြုခဲ့ပေသည်။ဝမ်လင်းတွင် အနှီမန္တာန်နှင့် ပတ်သတ်၍ ကောင်းကောင်းနားလည်မှု ရှိနေ၏။

“ကံမကောင်းစွာနဲ့ ဒီမန္တာန်မှာ မူလစွမ်းအင်လိုအပ်ချက် သိပ်မြင့်နေတာပဲ။ ပုံရိပ်ယောင်ယင်အဆင့်ကို မရောက်သေးရင် ဒီမန္တာန်ကို အသုံးပြုဖို့ မဖြစ်နိုင်ဘူး…”

ဝမ်လင်း နတ်ဘုရားအာရုံက ဒုတိယမန္တာန်ပေါ်သို့ ကျရောက်လာသည်။ထိုမန္တာန်ကကိုတော့ မိုးကြိုးမူလမန္တာန်ဟု ခေါ်တွင်ထား၏။

ထိုမိုးကြိုးမူလမန္တာန်က ဝမ်လင်းကို အမှန်အကန် တုန်လှုပ်သွားစေ၏။

“ဒီမိုးကြိုးမူလမန္တာန်က အဆင့်နိမ့်ကောင်းကင်ဘုံမန္တာန်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ဒါက မိုးကြိုးရှိကနေ မူလစွမ်းအင်ကို စုပ်ယူပြီး ကိုယ်ပိုင်အဖြစ် အမြန် သိပ်သည်းစေနိုင်တယ်။ ဒီတော့ လူတစ်ယောက်ကို ယင်နဲ့ယန်အဆင့်ကို အချိန်တစ်ခုထိ ရောက်နေဖို့ ကူညီပေးတဲ့ သဘောပဲ…”

“ဒီမန္တာန်က တကယ့်ကို လွှမ်းမိုးနိုင်စွမ်း ရှိတယ်။ ကောင်းကင်ဘုံမိုးကြိုးရဲ့ ခွန်အားက ပထမဆင့်ကျင့်ကြံသူတွေ ခံနိုင်တဲ့အရာ မဟုတ်ဘူး။ဒါ့ကြောင့် သူတို့က ဒီမန္တာန်ကို ကျင့်ကြံနိုင်ကြမှာ မဟုတ်ဘူး…”

ဝမ်လင်းနှလုံးသားက ရုတ်တရက် ခုန်ပေါက်သွား၏။ သာမန်ကျင့်ကြံသူများက ထိုမိုးကြိုးကို ခံနိုင်မည် မဟုတ်ပေ။ သို့သော် သူ့တွင်တော့ မိုးကြိုးမူလစိတ်ဝိညာဉ် ပိုင်ဆိုင်ထားသည် မဟုတ်လား။ ထို့အတွက်ကြောင့် သည်မန္တာန်က သူ့အတွက် အံ့မခန်းတန်ဖိုး ရှိနေပေသည်။

“မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က ဒီအလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှာ အရမ်းသန်မာလွန်းနေတာ အံ့အားသင့်စရာ မရှိတော့ဘူးပဲ။ ကောင်းကင်ဘုံမိုးကြိုးရှိကနေ မူလစွမ်းအင်ကို စုပ်ယူနိုင်စွမ်းရှိတာက သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ကို အခြားလူတွေထက် အများကြီး ပိုမြန်ဆန်စေလိမ့်မယ်…”

ဝမ်လင်းမျက်လုံးက တလက်လက်ဖြစ်နေ၏။ သူက ပြုံးယောင်သန်းလာခဲ့ပေသည်။

“ဒီမိုးကြိုးမူလမန္တာန်နဲ့ ကမ္ဘာကိုမီးပြင်းဖိုအဖြစ် ပြောင်းခြင်း မန္တာန်တို့ကို ကျင့်ကြံပြီးရင်၊ ဒါ့အပြင် မိုးကြိုးသားရဲကိုပါ ထည့်တွက်လိုက်ရင် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က အစစ်အမှန်တမန်တော်တောင် တုန်လှုပ်သွားရလိမ့်မယ်…”

ထိုကျောက်စိမ်းပြားထဲမှ အချက်အလက်များကို မှတ်သားထားပြီးနောက် ဝမ်လင်းက ၎င်းကို ပြန်သိမ်းကာ နောက်ပစ္စည်းတစ်ခုကို ကြည့်လိုက်သည်။

ထိုပစ္စည်းက ဓားတစ်လက်ပင်။ ထိုဓားက ကိုယ်ထည်မရှိပဲ လျှပ်စီးများနှင့်သာ ပြုလုပ်ထားပေသည်။ ဝမ်လင်းက ကောင်းကင်ဘုံသက်တော်စောင့်ကို တိုက်ခိုက်ရန်အတွက် မိုးကြိုးတာအိုပညာရှင်က ယင်းဓားကို အသုံးပြုခဲ့သည်အား တွေ့မြင်ခဲ့ဖူးသည်။ကောင်းကင်ဘုံသက်တော်စောင့်၏ လက်သီးချက်များပင် ထိုဓားကို ချိုးဖျက်နိုင်စွမ်းမရှိ ဖြစ်ခဲ့ရပေ၏။

ထိုဓားကိုလည်း ဝမ်လင်းက သိမ်းဆည်းလိုက်ပြန်သည်။

တတိယပစ္စည်းက သူ့လက်သီးလုံးခန့် ရှိသော ငွေရောင်ကျောက်တုံးတစ်တုံးပင်။ ၎င်းက မိုးကြိုးနှင့်လျှပ်စီးစွမ်းအားများ ပါဝင်နေသည်။ဝမ်လင်းက ထိုပစ္စည်းနှင့် ပတ်သတ်၍ တော်တော်လေး စိတ်ဝင်စားမိသည်။ထို့ကြောင့် သူ့နတ်ဘုရားအာရုံဖြင့် ၎င်းကို သေချာ လေ့လာကြည့်လိုက်သည်။ထို့နောက် သူက ညာလက်ကိုပင့်မြှောက်ကာ ယင်းကျောက်တုံးပေါ်သို့ ညင်သာစွာ နေရာချလိုက်၏။

သူ့လက်က ထိုကျောက်တုံးကို ထိသွားသည်နှင့် ကျောက်တုံးထဲကနေ မြောက်များစွာသော လျှပ်စီးများထွက်ပေါ်လာကာ ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်‌ရောက်လာသည်။

သာမန်ကျင့်ကြံသူတစ်ယောက်သာ ဆိုပါက ထိုလျှပ်စီးကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားနိုင်သည်။သို့ရာတွင် ဝမ်လင်း၏မူလစိတ်ဝိညာဉ်က ပါးစပ်ဖွင့်ဟကာ ယင်းလျှပ်စီးများအားလုံးကို ဝါးမြိုပစ်လိုက်ချေ၏။

လျှပ်စီးများ ပျောက်ကွယ်သွားသည့်အခိုက်တွင် မူလစွမ်းအင်လှိုင်းတစ်ခုက ဝမ်လင်းခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့လာခဲ့သည်။ ဤအရာက နည်းပါးသောမူလစွမ်းအင်ပမာဏသာ ဖြစ်သော်လည်း ဝမ်လင်းမျက်လုံးများကို အလွန်တောက်ပသွားစေ၏။

သူက အသက်ဝဝရှုသွင်းကာ ထိုကျောက်တုံးကို စူးစိုက်ကြည့်နေမိသည်။ အချိန်အတန်ကြာပြီး အနည်းငယ် ချီတုံ့ချတုံ့ ဖြစ်ပြီးသည့်နောက် သူက ယင်းကျောက်တုံးကို စုပ်ယူမည့်အကြံအား လက်လျှော့လိုက်တော့၏။ ထို့နောက် ယင်းကျောက်တုံးကို သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းထားလိုက်သည်။

နောက်ဆုံးပစ္စည်းက ဝမ်လင်းနှင့် မစိမ်းသော ကောင်းကင်ဘုံကျောက်စိမ်းတစ်ခုပင်။

***

Comment

Leave a Reply

Options

not work with dark mode
Reset