မိုးကြိုးတာအိုပညာရှင်က အော်ပြောလိုက်၏။ “ရှုမူ…မင်း ကတိမတည်တဲ့ သဘောလား…”
ဝမ်လင်းအကြည့်က တည်ငြိမ်လျက်ပင်။မိုးကြိုးတာအိုပညာရှင်က ဒဏ်ရာအပြင်းအထန် ရထားပြီးဖြစ်ကာ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များကလည်း ကုန်ခမ်းနေခဲ့ပြီ ဖြစ်သည်။ သူက အသက်ရှင်လိုလျှင် ဝမ်လင်း၏ အခြေအနေကို သဘောတူရမည်သာ ဖြစ်သည်။ထို့ကြောင့် ဝမ်လင်းက ထိုအခွင့်ကောင်းကို အသုံးချကာ ကောင်းကင်ဘုံသက်တော်စောင့်ရုပ်သေးတစ်ယောက်အဖြစ် သန့်စင်ပစ်ဖို့ လုပ်နေခြင်း ဖြစ်လေ၏။
ရုပ်သေးအဖြစ် သန့်စင်နိုင်ဖို့ ပထမဆုံးလိုအပ်ချက်က ထိုလူသည် အသန့်စင်ခံဖို့ ဆန္ဒရှိနေဖို့ ဖြစ်၏။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “ငါက ကတိတည်ပါတယ်။ဒါပေမဲ့ ဒုတိယအဆင့်ချိတ်ပိတ်ဖို့က သင်သာ ဆန္ဒမရှိခဲ့ရင် အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး။ ဒါ့ကြောင့် ငါက မတော်တဆ တစ်ခုခု ဖြစ်မလာအောင် ကြိုတင် ကာကွယ်တဲ့အနေနဲ့ သင့် မူလစိတ်ဝိညာဉ်ကို ထွက်လာစေခဲ့ရတာ ဖြစ်တယ်…”
သူ့ညာလက်ကို လှုပ်ရှားသွားကာ ကောင်းကင်ဘုံသက်တော်စောင့်နှင့် မိုးကြိုးသားရဲတို့သည် တာအိုမိုးကြိုးပညာရှင်ကို ဝန်းရံထားလိုက်ကြသည်။မိုးကြိုးတာအိုပညာရှင်က တစ်ခုခု မဟုတ်တာ လုပ်ရန် ရည်ရွယ်လိုက်သည်နှင့် ချက်ခြင်းတိုက်ခိုက်ခြင်းကို ခံရပေမည်။
မိုးကြိုးတာအိုပညာရှင်၏ မူလစိတ်ဝိညာဉ်ကို ကြည့်ရှုခြင်း မပြုတော့ဘဲ ဝမ်လင်းက မိုးကြိုးတာအိုပညာရှင်၏ ခန္ဓာကိုယ်က ဆွဲယူလိုက်၏။ သိုလှောင်အိတ်ကို ယူဆောင်လိုက်ပြီးနောက် သူက နောက်ထပ် မူလစွမ်းအင်ကို ထွေးထုတ်ကာ မိုးကြိုးတာအိုပညာရှင်၏ ခန္ဓာကိုယ်ကို ဝန်းရံစေလိုက်ပြန်သည်။
မိုးကြိုးတာအိုပညာရှင်၏ မူလစိတ်ဝိညာဉ်က အလွန်သုန်မှုန်နေ၏။ သူက ဝမ်လင်း လုပ်သမျှကို အေးစက်စွာ ကြည့်လို့နေသည်။သူက သည်ရှုမူ ဘယ်လို ခပ်နှိပ်မှုအမှတ်အသားများ ချမှတ်မလဲဟု သိချင်နေမိ၏။
အချိန်က တစ်ဖြည်းဖြည်း ကုန်ဆုံးလာသည်။ ဝမ်လင်းကလည်း မူလစွမ်းအင်ကို ဆက်လက်၍ ထွေးထုတ်နေ၏။ မူလစွမ်းအင်များက မိုးကြိုးတန်းများအလား မိုးကြိုးတာအိုပညာရှင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လို့သွားသည်။
ဖျပ်ခနဲပင် ရက်များစွာ ကုန်ဆုံးသွားခဲ့ချေပြီ။ မိုးကြိုးတာအိုပညာရှင်၏ ခန္ဓာကိုယ်ကလည်း ခြောက်သွေ့သည့်အထိ ဖြစ်လာကာ နောက်ဆုံးတွင် အရိုးပေါ်အရေတင်သာ ကျန်တော့၏။ သို့ရာတွင် သူ့ခန္ဓာကိုယ်ထဲ၌ မိုးကြိုးများက လှုပ်ရှားနေဆဲ ဖြစ်ကာ ကြေးနီရောင်အလင်းများ တဖျပ်ဖျပ် လင်းလက်နေသည်။
မိုးကြိုးတာအိုပညာရှင်၏ မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်၏ အဖြစ်သနှစ်ကို နေ့စဉ်နေ့တိုင်း စောင့်ကြည့်နေရင်း သူ့မျက်လုံးထဲပ တစ်ချိန်လုံး တုန်လှုပ်မှုနှင့် ပြည့်နေခဲ့သည်။ အစပိုင်း၌ သူက ဝမ်လင်း ဘာလုပ်ချင်သည်ကို နားမလည်ခဲ့သေးပေ။ သို့သော် ရက်အနည်းငယ် ကြာမြင့်ပြီးသည့်နောက် သူက ရုတ်တရက် နားလည်သွား၏။ သည်ရှုမူက သူ့ကို ရုပ်သေးအဖြစ် သန့်စင်မွန်းမံ လိုနေခြင်းသာ ဖြစ်တော့၏။
သူ့မျက်လုံးထဲရှိ တုန်လှုပ်မှုက ကြောက်လန့်မှုသို့ ပြောင်းလဲသွား၏။ သူက ခုချိန်တွင် မူလစိတ်ဝိညာဉ် ရှိနေသော်လည်း သူ့ခန္ဓာကိုယ်၏ အေးစက်မှုကို ခံစားနေရသည်။
“ဒါက ဒီရုပ်သေးကရော သူ သန့်စင်ထားတာများ ဖြစ်နေနိုင်လား…။ ဒီလောက် ရက်စက်တဲ့ သန့်စင်ခြင်းနည်းလမ်းကို သိနေဖို့အတွက် ဒီလူရဲ့ နောက်ခံက ဘာများ ဖြစ်နေမလဲ…”
ဝမ်လင်းက မျက်လုံးဖွင့်လာကာ ကြေးနီရောင်တောက်နေသော မံမီခန္ဓာကိုယ်ကို ကြည့်လိုက်၏။ သူ့မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဒါက ပုံရိပ်ယောင်ယင်ကျင့်ကြံသူရဲ့ အစစ်အမှန် ခန္ဓာကိုယ်ပဲ။ငါက ဘာသတ္တုပစ္စည်းမှ ထည့်ပေါင်းထားခြင်း မရှိသေးတာတောင် ဒါက ကြေးနီအဆင့်ကို ရောက်နေပြီ။ ငါကသာ ကောင်းကင်ဘုံရတနာ အနည်းငယ် ထပ်ပေါင်းနိုင်ရင် ဒီခန္ဓာကိုယ်က အဆင့်ပိုတက်သွားလိမ့်မယ်လို့ ငါ ယုံကြည်တယ်…”
မိုးကြိုးတာအိုပညာရှင်၏ မူလစိတ်ဝိညာဉ်က ဝမ်လင်းမျက်လုံးပွင့်လာသည်ကို မြင်လိုက်သည့်အခါ သူက ချက်ခြင်း အော်ပြောလိုက်၏။ “ရှုမူ…မင်း ဒါ ဘာလုပ်နေတာလဲ။ဒီအဘိုးအိုက မင်းရဲ့ ကျေးကျွန်အဖြစ် လုပ်မယ်လို့ပဲ ကတိပေးထားတာ၊ မင်းရဲ့ ရုပ်သေး လုပ်မယ်လို့ ကတိပေးထားတာ မဟုတ်ဘူး…”
သူက ဆက်တိုက် အော်ဟစ်နေ၏။ သို့သော် ဝမ်လင်းက သူ့စကားများကို လစ်လျူရှုထားကာ ဆက်လက်၍ သန့်စင်နေသည်။သူ့ကိုယ်ပိုင်ခန္ဓာကိုယ်ကို သန့်စင်ပစ်နေသော ဝမ်လင်းကိုကြည့်၍ မိုးကြိုးတာအိုပညာရှင်က ဝမ်လင်းကို သေလောက်အောင် မုန်တီးလာခဲ့သည်။
သို့ရာတွင် သူက အဆင်အခြင်မဲ့စွာ မလှုပ်ရှားဝံ့ပေ။သူ့မူလစိတ်ဝိညာဉ်ပေါ်၌ ချိပ်ပိတ်မှု ရှိနေသည့်အပြင် ကောင်းကင်ဘုံသက်တောင်စောင့်၊မိုးကြိုးသားရဲ နှင့် စိတ်ဝိညာဉ်အလံ၏ မူလစိတ်ဝိညာဉ်သုံးခုကလည်း သူ့ကို ဝန်းရံထားနေသည် မဟုတ်လား။ ထို့ကြောင့် သူက တစ်ချက်လှုပ်ရှားလိုက်သည်နှင့် သေသွားနိုင်ပေသည်။
“ဆူလိုက်တာ…” ဝမ်လင်းက မျက်မှောင်ကြုတ်ကာ သူ့ညာလက်ကို ဝှေ့ယမ်းလိုက်သည်။လင်းထျန်ဟူ၏ ဓားစွမ်းအင်တန်းနှစ်ခုက ပျံသန်းထွက်လာ၏။ ထိုအခါ လှိုဏ်ဂူက ထိုဓားစွမ်းအင်များနှင့် ပြည့်လျှံ့သွားသည်။အနှီဓားစွမ်းအင်ထဲ၌ လင်းထျန်ဟူ၏ ကြိုးစိုးလွှမ်းမိုးခြင်း အော်ရာက ပြည့်နှက်နေသည်။ ယင်းဓားစွမ်းအင် ဖိအားအော်တွင် တာအိုမိုးကြိုးပညာရှင်က ချက်ခြင်း ပါးစပ်ပိတ်သွားတော့သည်။ သူ့မျက်လုံးထဲရှိ ကြောက်ရွှံ့မှုကလည်း ပိုဆိုးလာခဲ့သည်။
သူက ခါးသီးစွာဖြင့် သူ့ပတ်ပတ်လည်ရှိ အန္တရာယ်များကို ကြည့်လိုက်သည်။သူအကြောက်လန့်ဆုံးက ဓားစွမ်းအင်တန်းနှစ်ခုကိုပင်။
မိုးကြိုးတာအိုပညာရှင်က ပါးစပ်ပိတ်သွားသည့်အခါ ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဂြိုဟ်တစ်ခုလုံးသို့ ဖြန့်ကျက်လိုက်၏။ အချိန်အတန်ကြာမြင့်ပြီးနောက် သူ့မျက်လုံးက ကျဉ်းမြောင်းသွားကာ လက်ကို အပေါ်သို့ ပင့်မြှောက်လိုက်သည်။ ပတ်ဝန်းကျင်က တုန်ခါလာကာ တစ္ဆေလောကမြစ်သည် လှိုဏ်ဂူပြင်ပ ကောင်းကင်ထက်၌ ပေါ်ထွက်လာခဲ့သည်။
ဝမ်လင်းက အော်ပြောလိုက်သည်။ “တစ္ဆေလောကမြစ်…စုပ်ယူခြင်း…”
တစ္ဆေလောကမြစ်က ပြင်းထန်သော စုပ်အားတစ်ခုကို ထုတ်လွှတ်လာသည်။ ထိုစုပ်အားက ကမ္ဘာမြေကြီးထဲသို့ ဝင်ရောက်သွားကာ သည်စွန့်ပစ်ခံဂြိုဟ်က စတင် တုန်ခါလာသည်။
သိပ်မကြာခင်တွင် သတ္တုဒြပ်စင်ပါဝင်သော သတ္တုရိုင်းများက မြေကြီးထဲကနေ ဆွဲထုတ်ခြင်းကို ခံလိုက်ရကာ တစ္ဆေလောကမြစ်ထဲသို့ တစ်ခုပြီး တစ်ခု ဝင်ရောက်လာခဲ့သည်။
အချိန်အတန်ကြာပြီးနောက် ကမ္ဘာမြေကြီးက တုန်ခါနေရာကနေ ဖြည်းဖြည်းချင်း ရပ်တန့်သွားကာ စုပ်အားသည်လည်း ပျောက်ကွယ်သွားသည်။ မြောက်များစွာသော သတ္တုရိုင်းများက လက်သီးစုပ်ခန့် ရွှေရောင်အရည်လုံး သုံးလုံး အဖြစ်သို့ ပျော်ဝင်သွားကာ လှိုဏ်ဂူထက်၌ ဖြည်းဖြည်းချင်း မြောလွင့်လာသည်။
ဝမ်လင်းက ထိုရွှေရောင်အရည်လုံးထဲမှ တစ်လုံးကို ဖမ်းယူကာ မိုးကြိုးတာအိုပညာရှင်၏ နှဖူးထက်သို့ ဖိသိပ်ချလိုက်ကာ သူ့မူလစွမ်းအင်ကိုလည်း လိုက်ပါစီးဆင်းစေလိုက်သည်။
တတိယမြောက် ရွှေရောင်အရည်လုံးက မိုးကြိုးတာအိုပညာရှင်၏ ခန္ဓာကိုယ်ထဲတွင် ပျောက်ကွယ်သွားချိန်၌ ကြေးနီရောင်အလင်းက ပျောက်ကွယ်သွားကာ ငွေရောင်လင်းလက်လာ၏။
“ငွေအဆင့်…” ဝမ်လင်းက စိတ်သက်သာရာ ရသွား၏။ သူ့အကြည့်က မိုးကြိုးတာအိုပညာရှင်၏ မူလစိတ်ဝိညာဉ်ပေါ်သို့ ကျရောက်လာခဲ့သည်။
“ငါ့ရုပ်သေး အဖြစ် နှစ်သုံးထောင် ရှိနေပေးရမယ်။ နှစ်သုံးထောင်ပြီးရင် ငါက မင်းကို ပြန်လွတ်လပ်ခွင့်ပေးမယ်။ ဘယ်လိုလဲ…”
မိုးကြိုးတာအိုပညာရှင်က တိတ်ဆိတ်စွာ စဉ်းစားနေသည်။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “မင်းမှာ အသက်ကယ်မန္တာန်ရှိရင်တောင် ဒါက ငါ့ဓားစွမ်းအင်ထက် ပိုမြန်မှာ မဟုတ်ဘူး…”
မိုးကြိုးတာအိုပညာရှင်တွင် ရွေးချယ်စရာ နှစ်လမ်း ရှိနေသည်။ တစ်လမ်းက စွန့်စားခုခံရန် ဖြစ်သည်။ သို့သော် သူက သူ့အသက်ကယ်မန္တာန်က စွမ်းအားကောင်းသော်လည်း ဓားစွမ်းအင်တန်းနှစ်ခုကို မယှဉ်နိုင်ဟု ထင်နေမိသည်။
ဒုတိယလမ်းက ဝမ်လင်း၏ ကမ်းလှမ်းချက်ကို သဘောတူကာ ရုပ်သေး ဖြစ်လာရန်ပင်။ သူက သူ့လွတ်မြောက်မှုအတွက် နှစ်သုံးထောင် အချိန်ပြန်ပေးရမည် ဖြစ်သည်။ ဝမ်လင်းကသာ ကတိတည်လျှင် သူက သည်နှစ်သုံးထောင်အတွင်း သေနိုင်တော့မည် မဟုတ်ပေ။ မိုးကြိုးတာအိုပညာရှင်က သူ့ကို ဝန်းရံထားသည့် ရုပ်သေးကို ကြည့်လိုက်မိသည်။
“ဒီရုပ်သေးရဲ့ ခန္ဓာကိုယ်က သန်မာလွန်းလှတယ်။ဒါ့ကြောင့် တိုက်ပွဲအတွင်းမှာ သေဆုံးသွားဖို့ သိပ်မဖြစ်နိုင်ဘူး…”
ထိုအချိန်မှာပင် ကွာဝေးသော နေရာရှိ ယွမ်ရှဂြိုဟ်ပေါ်၌ သိပ်သည်းသောမြူများက အရာအားလုံးကို ဖုံးအုပ်ထားလျက် ရှိနေသည်။အေးစက်စက်အော်ရာတစ်ခုကလည်း ထိုမြူများအတွင်းကနေ ပျံ့နှံ့လို့နေ၏။
အလုံးစုံကောင်းကင် ကြယ်အဖွဲ့အစည်းတွင် ယွမ်ရှဂြိုဟ်သည် မရဏသင်္ချိုင်းတစ်ခု ဖြစ်၏။ အလွန်နည်းပါးသော ကျင့်ကြံသူ အချို့သာ ယင်းဂြိုဟ်ထဲသို့ဝင်ကာ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့ကြသည်။
ထိုမြူများက ဤအခိုက်အတန့်၌ တဝီဝီလှည်ပတ်နေကာ တစ်စုံတစ်ရာက အထဲကနေ ထိုးထွက်ရန် ကြိုးစားနေသည့်ပုံ ဖြစ်ပေါ်နေသည်။
ထို တဝီဝီလှည့်ပတ်နေသာ မြူများအတွင်းတွင် ပိန်ပိန်ပါးပါးခန္ဓာကိုယ်တစ်ခုကို သနားစဖွယ်အခြေအနေသို့ စိုက်ရောက်နေ၏။သူက မြူများကြားကနေ ထိုးတက်ရန် ဟန်ပြင်နေသည်။သူ့မျက်လုံးများကလည်း ကြောက်ရွှံ့မှုများနှင့် ပြည့်နေ၏။ သူ့ရှေ့တွင်တော့ ဧရာမမီးပြင်းဖိုကြီး တစ်ခု ရှိနေသည်။
သူက မြူများကြားမှ ထိုးထွက်ရန် ဟန်ပြင်နေစဉ် သူ့မျက်နှာကလည်း ရှုံ့မဲ့လို့နေသည်။ သည်တစ်ကြိမ်က သူ နှစ်ပေါင်းခုနစ်ဆယ်ကျောက်အတွင်း ထွက်ပြေးရန် တာဆူသည့် ရှစ်ကြိမ်မြောက် ဖြစ်နေ၏။ သို့သော် ထိုအခိုက်အတန့်မှာပင် ရှည်လျားသော် လက်တံတစ်ခုက အံ့မခန်းအမြန်နှုန်းဖြင့် ယွမ်ရှိဂြိုဟ်ကနေ ထွက်ပေါ်လာကာ ထိုပိန်ပိန်ပါးပါး ပုံရိပ်ကို ထွေးပတ်လာခဲ့ကာ နောက်သို့ ကြမ်းတမ်းစွာ ပြန်ဆွဲခေါ်သွားသည်။
ထိုလူကတော့ လောဘကြီးပင် ဖြစ်၏။ သူက ထိုလက်တံ၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရကာ အောက်သို့ မြန်ဆန်စွာ ဆွဲချခြင်း ခံလိုက်ရသည်။ သူက သူ့ပတ်လည်ရှိ ထူထဲသောမြူများကို ကြည့်ကာ မျှော်လင့်ချက်မဲ့ဟန်တို့ ဖြစ်ပေါ်နေသည်။
“ငါဟာ ငါ့တစ်ဘဝလုံး ရတနာတွေ ရှာလာခဲ့တာ၊ ငါက ခုလိုမျိုး ဖြစ်ပျက်လာလိမ့်မယ်လို့ လုံးဝ မထင်ထားမိခဲ့ဘူး…။ဝမ်လင်း…ဒါတွေအကုန်လုံးက မင်းကြောင့်ပဲ။ မင်းသာ ဒီသောက်အလုံးစုံကြယ်အဖွဲ့အစည်းကို ထွက်ပြေးမလာခဲ့ရင် ဒီအဘိုးအိုကလည်း ဒီနေရာကို ပို့လွှတ်ခံရမှာ မဟုတ်ဘူး။ ငါကသာ ဒီနေရာကို စေလွှတ်ခြင်း မခံရရင် ဒီကြောက်မက်ဖွယ်ကောင်းတဲ့ ဂြိုဟ်ထဲကို ဘယ်လိုလုပ် ဝင်လာမိပါ့မလဲ…”
***