Switch Mode

ပိုင်း(၇၅၅)

ဒုတိယ‌မြောက် ကောင်းကင်ဘုံသက်တော်စောင့်ရုပ်သေး

သိပ်မဝေးသောနေရာတွင် ရှိနေသော မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ မိုးကြိုးသားရဲသည် လှဲလျောင်းနေဆဲ ဖြစ်ကာ ၎င်း၏ ခန္ဓာကိုယ်က အလိုလို တုန်ယင်လို့နေသည်။ ဝမ်လင်း ပုံရိပ် လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားသည်ကို တွေ့သည့်အခါ ၎င်းက ချီတုံချတုံ ဖြစ်ပြီးနောက် ဝမ်လင်း နောက်သို့ လိုက်ပါသွားလေသည်။

လေဟာနယ်ထဲ၌ ဝမ်လင်း၏ အနက်ရောင်ဆံပင်များက လေမတိုက်ပဲ ဝဲလွင့်လို့နေသည်။ သူ့မျက်လုံးထဲ၌ မည်သည့် ပျော်ရွှင်ဝမ်းနည်းမှုမှ ရှိမနေပေ။ သူက လောကရှိ အရာအားလုံးကို ဖြတ်မြင်နိုင်စွမ်း ရှိနေသကဲ့သို့ ထင်ရ၏။

ဝမ်ဖျင် တစ်ယောက်တည်းသာ ပြန်လည်မွေးဖွားခြင်းစက်ဝန်းတစ်ခုကို ဖြတ်သန်းကုန်လွန်ခဲ့သည် မဟုတ်ဘဲ ဝမ်လင်းလည်း ထို့အတူသာဟု ဆိုရပေမည်။

သူ့ကျင့်ကြံမှုအဆင့်ကလည်း အာဏာတက်ခြင်းအစောပိုင်းအဆင့်ကနေ အလယ်အဆင့်သို့ ချိုးဖျက် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူ့နယ်ပယ်ကလည်း ဤပြန်လည်မွေးဖွားခြင်း စက်ဝန်းတစ်ခုစာ အချိန်အတွင်း အာဏာတက်ခြင်း နောက်ဆုံးအဆင့်သို့ တက်လှမ်းသွားခဲ့လေပြီ။

လုံလောက်သော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသာ ရှိလျှင် ဝမ်လင်းက အာဏာတက်ခြင်းနောက်ဆုံးအဆင့်သို့ ရောက်မည်ဟု သူ့ကိုယ်သူ ယုံကြည်မှု ရှိနေပြီ ဖြစ်သည်။

“ယင်နဲ့ယန် ကျင့်ကြံသူတွေနဲ့ တွေ့ကြုံလာတဲ့အခါကျရင် ငါက ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူတွေကို အနိုင်ရနိုင်မယ် ဆိုရင်တောင် ဒီတိုက်ပွဲတွေက တော်တော်လေး ခက်ခဲလိမ့်မယ်။ တိုက်ပွဲတိုင်းမှာလည်း တန်ဖိုးရှိလှတဲ့ မူလစွမ်းအင်ကို အသုံးပြုရလိမ့်မယ်…။ ခုချိန်မှာ ငါ့မူလစွမ်းအင်က အောက်ဆုံးအမှတ်ကို ရောက်နေပြီ။ ဒါ့ကြောင့် နည်းနည်းလေးတောင် ဒီမူလစွမ်းအင်ကို ထပ်သုံးလို့ မရနိုင်တော့ဘူး။အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူတွေကိုတော့ ငါက ယှဉ်ပြိုင်နိုင်ဦးမှာ မဟုတ်ဘူး။ ဒီအဆင့် တစ်ယောက်နဲ့ ဆုံရင် ငါက မြန်မြန် ထွက်ပြေးမှ ဖြစ်မယ်…”

ဝမ်လင်းက စတင် စဉ်းစားနေ၏။

“ကျင့်ကြံခြင်း ပထမအဆင့်နဲ့ ဒုတိယအဆင့်ကြားက ကွာဟချက်က ကျော်လွှားနိုင်ဖို့ တကယ့်ကို မလွယ်ဘူး။ ငါ့ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းနောက်ဆုံးအဆင့်ကို ရောက်လာရင်တောင် ငါ့မှာ မူလစွမ်းအင်မရှိရင် ငါဟာ ယင်နဲ့ယန်ကျင့်ကြံသူတွေရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး။ ဒီတော့ ငါက မူလစွမ်းအင်ကို ဘယ်လို ရရှိအောင် လုပ်ရမလဲ…”

ဝမ်လင်းက လေဟာနယ်ထဲသို့ ခြေချကာ လေထုကို မြန်ဆန်စွာ ချိုးဖျက်လာရင်း ကောင်းကင်ဘုံရုပ်သေးရုပ်နှင့် မိုးကြိုးသားရဲတို့ သွားသည့် ကြယ်များကြားသို့ ထိုးထွက်လာခဲ့သည်။ သူ့နောက်တွင်တော့ ကောင်းကင်ဘုံမိုးကြိုးကျောင်းတော်မှ မိုးကြိုးသားရဲက လိုက်ပါလာခဲ့ပေသည်။ သို့သော် ၎င်းသားရဲက ဝမ်လင်းနှင့် အကွာအဝေးတစ်ခုကနေသာ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။

“ခုချိန်မှာ အရေးကြီးဆုံးက လုံလောက်တဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေ ရဖို့နဲ့ ငါ့မူလစွမ်းအင်ကို တိုးမြင့်ဖို့ နည်းလမ်းတစ်ခုရှာဖို့ ဖြစ်တယ်…”

ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွားကာ ပြတ်သားသောအကြည့်တစ်ခု ထွက်ပေါ်လာ၏။

ကြယ်များကြား၌ သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကြယ်သံလိုက်အိမ်မြှောင်က ထွက်ပေါ်လာချေသည်။ သူက ငွေရောင်အလင်းတန်းပေါ်၌ ထိုင်ကာ ကြယ်များကြား၌ ပျံသန်းလာခဲ့၏။

သူ့နောက်ရှိ မိုးကြိုးသားရဲက အံ့အားသင့်သွားသည်။သည့်နောက် ၎င်းကလည်း လျှပ်စီးတန်းအဖြစ်သို့ ပြောင်း၍ ဝမ်လင်းနောက်သို့ မြန်ဆန်စွာ လိုက်လာလေသည်။

ဝမ်လင်းက ထိုသားရဲ သူ့နောက်သို့ လိုက်ပါလာသည်ကို သိနေခဲ့ပြီး ဖြစ်သည်။ သူက ကောင်းကင်ဘုံသက်တော်စောင့် ရှိနေသော နေရာသို့ မြန်နှုန်းအပြည့်ဖြင့် သွားလာနေ၏။

သိပ်မကြာခွင်တွင် ဝမ်လင်းမျက်လုံးက အေးစက်လာခဲ့သည်။ သူက ပေါက်ကွဲသံများကိုပါ ကြားလိုက်ရသည်။ သိပ်မဝေးသောနေရာတွင် မိုးကြိုးတာအိုပညာရှင်က အလွန်သနားစရာကောင်းသော အခြေအနေသို့ ဆိုက်ရောက်လို့နေ၏။ သူက ကောင်းကင်ဘုံသက်တော်စောင့် ရုပ်သေးနှင့် တိုက်ခိုက်လို့နေ၏။ သို့သော် သူက နောက်သို့သာ ဆက်တိုက် ဆုတ်ပေးနေရသည်။

သူ့ဘေးတွင် တတိယမြောက်ချိပ်တံဆိပ်ကို ဖြေလျှော့ပေးပြီး ဖြစ်သော မိုးကြိုးသားရဲကလည်း ရှိနေ၏။ ၎င်းက မာန်သွင်းကာ မိုကြိုးတာအိုပညာရှင်ထံသို့ တိုးဝင်လာနေ၏။ မိုးကြိုးတာအိုပညာရှင်က အကြိမ်တိုင်း အလျင်အမြန် ရှောင်တိမ်းနေရကာ သူ့မျက်နှာက ဖြူရောနေပြီး မျှော်လင့်ချက်မဲ့ဟန် ဖြစ်ပေါ်နေ၏။

မိုးကြိုးတာအိုပညာရှင်က အကွာအဝေးတစ်ခုမှ ငွေရောင်အလင်းတစ်ခု ချဉ်းကပ်လာသည်ကို တွေ့မြင်လိုက်၏။ သူက ဝမ်လင်းမှန်း သတိပြုမိလိုက်ပေသည်။ သူက သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်တော်တော်များများကို အသုံးပြုထားပြီး ဖြစ်သည့်အတွက် သူက ထပ်မံအသုံးပြုလျှင် သူ့ကျင့်ကြံမှုအဆင့်က လျော့ကျသွားကာ ဘယ်သောအခါမှ အထည်ဒြပ်ယန်အဆင့်သို့ ရောက်တော့မည် မဟုတ်ပေ။ သည့်အပြင် သူက ဓားစွမ်းအင်တန်းနှစ်ခုကိုလည်း အလွန်ကြောက်လန့်နေမိ၏။

ဝမ်လင်းမျက်လုံးများက အေးစက်နေသည်။ သူက မိုးကြိုးတာအိုပညာရှင်ကို သတ်ကို သတ်ပစ်ရပေမည်။ ထိုလူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော် ဖြစ်၏။ သူကသာ ထိုလူ့ကို မသတ်ဘဲ လွတ်မြောက်သွားစေခဲ့လျှင် သူ့အတွက် နောက်အနာဂါတ်မှာ ပြဿနာပေါင်းများစွာ ဖြစ်လာပေလိမ့်မည်။

ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ရတနာဓားခုနစ်လက်က ပျံသန်းထွက်လာပြီး ကြယ်ခုနစ်ခုဓားအစီအရင်ကို ခင်းကျင်းသွားသည်။ ထိုဓားများက တဝီဝီညာသံပေးကာ မိုးကြိုးတာအိုပညာရှင် ထံသို့ တိုးဝင်သွား၏။

ကောင်းကင်ဘုံရုပ်သေးကလည်း လိမ္မော်ရောင်အလင်းကို ပေးစွမ်းလာကာ သူက မိုးကြိုးတာအိုပညာရှင်ထံသို့ လက်သီးတစ်လုံးပစ်သွားကာ သူ့ကို နောက်လွင့်သွားစေပြန်သည်။ ဦးချိုတစ်ချောင်း မိုးကြိုးသားရဲကလည်း တစီစီအသံပေးကာ မိုးကြိုးလျှပ်စီးတန်းတစ်ခုက မိုးကြိုးတာအိုပညာရှင်၏ နောက်ကျောသို့ တရှိန်ထိုး တိုးဝင်လာသည်။

မိုးကြိုးတာအိုပညာရှင်၏ အသွင်က သုန်မှုန်သွား၏။ သည်နေရာသို့ ရောက်လာသည့်တစ်လျှောက်တွင် သည်သားရဲနှင့်ရုပ်သေးတို့က သူ့ကို ခုလို ညှပ်ပူးညှပ်ပိတ်ဖြင့် ဆက်တိုက် တိုက်ခိုက်နေခဲ့ပေသည်။ထို့ကြောင့် သူက မလွတ်မြောက်နိုင် ဖြစ်နေခြင်းပင်။ သည့်အပြင် သူက မိုးကြိုးသားရဲမပါဘဲ အာကာသဟင်းလင်းပြင်တွင် ဖြတ်သန်းသွားလာနိုင်သော်လည်း သူ့အမြန်နှုန်းက သိသိသာသာ နှေးကွေးနေမည် ဖြစ်သည်။

ဤအခိုက်အတန့်၌ ကြယ်ခုနစ်ခုဓားအစီအရင်က ရောက်ရှိလာကာ သူ့အား ဝန်းရံလို့သွားသည်။ ဓားစွမ်းအင်များက သူ့ခန္ဓာကိုယ်ထံသို့ တရကြမ်း တိုးဝင်လာစဉ် မိုးကြိုးတာအိုပညာရှင်က ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ ခွဲချေလိုက်၏။ ထိုအခါ မိုးကြိုးနှင့်လျှပ်စီးတို့က သူ့ပတ်လည်၌ ပျံဝဲထွက်လာကာ အတားအဆီးတစ်ခု ဖြစ်သွားစေသည်။

ကြယ်ခုနစ်ခုဓားအစီအရင်က ထိုအရံအတားကို ထိုးစိုက်လာကာ ပေါက်ကွဲသံများကို ဆက်တိုက် ဖြစ်ပေါ်စေသည်။

မိုးကြိုးအရံအတားက ပြင်းထန်စွာ တုန်ခါလာသည်။အရံအတားအတွင်းရှိ မိုးကြိုးတာအိုပညာရှင်က ဝမ်လင်းကို စူးစိုက်ကြည့်ကာ အလျင်စလို ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူ ရှု… ငါက ဒီကိစ္စမှာ အဆင်အခြင်မဲ့ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘာလို့ ဒီကိစ္စကို ခုလောက်ထိ ဘာလို့ အဆုံးစွန်ထိ ဖြစ်စေမှာလဲ။ငါကလည်း မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က အဖွဲ့ဝင်တစ်ယောက် ဖြစ်တယ်။ ဒါ့ကြောင့် ရောင်းရင်းကျင့်ကြံသူက ငါ့ကို သတ်လိုက်ရင် သင့်အတွက် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမျာ သွားလာဖို့ ခက်ခဲသွားလိမ့်မယ်…”

“သင့်ကို မသတ်ရင်လည်း ငါက ဒီလို ဖြစ်မှာပဲ..” ဝမ်လင်းက ထိုသို့ အေးစက်စက် ပြောလိုက်၏။ ထို့နောက် သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ စိတ်ဝိညာဉ်တစ်ကုဋေအလံက ထွက်ပေါ်လာလေ၏။ ပေသုံးဆယ်ခန့်ရှည်သောအလံက တစ္ဆေငြီးသံများကို ပေးစွမ်းနေကာ လူတစ်ယောက်၏ မူလစိတ်ဝိညာဉ်ကို တုန်ခါစေနိုင်သည်။

တစ်ချက်လှုပ်ယမ်းလိုက်ရုံနှင့် စိတ်ဝိညာဉ်အပိုင်းအစများစွာ ပျံသန်းထွက်လာသည်။ထိုစိတ်ဝိညာဉ်အပိုင်းအစများထဲ၌ အချို့မှာ အာဏာတက်ခြင်းစိတ်ဝိညာဉ်အပိုင်းအစပင် ပါဝင်နေသေး၏။

လေးခုမြောက် စိတ်ဝိညာဉ် ပြန်ရောက်လာပြီးနောက် စိတ်ဝိညာဉ်အလံ၏ လက်ရှိစွမ်းအားက ဟင်္သာပြဒါးဂြိုဟ်ပေါ်တုန်းကထက်ပင် ပို၍ အားကောင်းလာခဲ့ပေသည်။

မရေမတွက်နိုင်သော စိတ်ဝိညာဉ်အပိုင်းအစများအက ပျံသန်းထွက်လာကာ သည်ဧရိယာကို လွှမ်းခြုံလာသည်။ထို့နောက် အားကောင်းသော စိတ်ဝိညာဉ်အပိုင်းအစများက အတူစုစည်းသွားကာ မူလစိတ်ဝိညာဉ်သုံးခု အဖြစ် ဖြစ်ပေါ်လာသည်။

ပထမ မူလစိတ်ဝိညာဉ်သည် ကြီးမားလှသည့် အနက်ရောင်ချီလင်ပင်။၎င်း၏ မျက်လုံးများက အေးစက်ကြမ်းကြုတ်မှုကို ပေးစွမ်းနေသည်။

ဒုတိယမူလစိတ်ဝိညာဉ်က ပေသုံးဆယ်ခန့်ရှိသည့် ဧရာမဘီလူးနက်ကြီး ဖြစ်၏။ ၎င်း၏ ခန္ဓာကိုယ်တွင် စိတ်ဝိညာဉ်စွမ်းအင်များ ပေါကြွယ်လှကာ လူတစ်ယောက်၏ စိတ်ဝိညာဉ်ကိုပါ လှုပ်ခါနိုင်စွမ်း ရှိနေ၏။

တတိယမူလစိတ်ဝိညာဉ်သည် သေးငယ်သော အနက်ရောင်အပ်ဖြစ်၏။ ၎င်းက မမြင်ရလုနီးပါး ဖြစ်ကာ နတ်ဘုရားအာရုံဖြင့် စစ်ကြည့်လျှင်ပင် ၎င်း၏ တည်ရှိမှုကို သတိပြုမိရန် ခက်ခဲပေလိမ့်မည်။

ထိုမူလစိတ်ဝိညာဉ်သုံးခုက အလံထဲရှိ စိတ်ဝိညာဉ်အပိုင်းအစများအားလုံးနှင့် အသီးသီး ပေါင်းစပ်ထားကြခြင်း ဖြစ်သည်။

ဝမ်လင်းက အော်ပြောလိုက်၏။ “သတ်…”

မူလစိတ်ဝိညာဉ်သုံးခုက ချက်ခြင်းပင် တဟုန်ထိုး တိုးထွက်လာကာ ကောင်းကင်ဘုံသက်တော်စောင့်ရုပ်သေး၊မိုးကြိုးသားရဲ၊ ကြယ်ခုနစ်ခုဓားအစီအရင်တို့နှင့် အတူ မိုးကြိုးအရံအတားကို တိုက်ခိုက်လာသည်။

မိုးကြိုးတာအိုပညာရှင်၏ အသွင်က ဖြူရောသွားကာ သူ့မျက်လုံးထဲရှိ မျှော်လင့်ချက်မဲ့မှုက ပိုအားကောင်းလာသည်။ မိုးကြိုးတာအိုပညာရှင်က အရံအတား ပျက်စီးသွားသည်နှင့် အသက်ရှူစာအကြိမ်အနည်းငယ်အတွင်း သူ အသတ်ခံရနိုင်သည်ဟု ယုံကြည်မိနေသည်။

“ရှုမူ…ငါ့ကို ဖိအား မပေးနဲ့။ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တမန်တော်အားလုံးမှာ အသက်ကယ်မန္တာန်ရှိတယ်။ အများဆုံးမှ ငါ့သက်တမ်းကို စတေးရရုံပဲ…”

သူ့မျက်လုံးများက နီရဲနေကာ ဝမ်လင်းကို စူးစိုက် ကြည့်နေမိ၏။

သူက စိတ်ထဲ၌ ခါးသီးစွာ ခံစားနေရသည်။သူက အသက်ကယ်မန္တာန်ကို အသုံးပြုလိုက်ပါက သူ့သက်တမ်းကို တိုသွားမည့်အပြင် သူ့ကျင့်ကြံမှုအဆင့်ကလည်း စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သို့ လျော့ကျသွားပေမည်။သူက အစောပိုင်းတည်းက သူ့မူလစွမ်းအင်အများအပြားကို သုံးစွဲပြီး ဖြစ်နေသောကြောင့်ပင်။

ပို၍ အရေးကြီးသည်က သူသည် သူ့အသက်ကယ်ရတနာဖြင့်ပင် ဝမ်လင်းကို ထိခိုက်အောင် လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိခြင်းပင်။ ထိုဓားစွမ်းအင်တန်းနှစ်ခုက သူ့ကို ကြောက်လန့်စေနေ၏။ သူက အသက်ကယ်မန္တာန်ကို အသုံးပြုလိုက်သည်နှင် သူ့အတွက် သေဖို့တစ်လမ်းသာ ရှိတော့မည်ကို ကြောက်လန့်နေမိသည်။

ဝမ်လင်းက တည်ငြိမ်စွာ ကြည့်၍ ပြောလာ၏။ “သင်ကသာ ငါ့ကို အတင်းဖိအား ပေးခဲ့တာ၊ ငါက သင့်ကို ဖိအားပေးခဲ့တာ မဟုတ်ဘူး…”

မိုးကြိုးတာအိုပညာရှင်က ခါးသီးစွာ ဆိုလာ၏။ “ငါတို့နှစ်ယောက်ကြားမှာ မဖြေရှင်းနိုင်တဲ့ အမုန်းတရား မရှိပါဘူး။မင်း ငါ့ကို လွှတ်ပေးဖို့အတွက် ငါ ဘာလုပ်ပေးရမလဲ…”

ဝမ်လင်းက မိုးကြိုးတာအိုပညာရှင်ကို စူးစိုက်ကြည့်လိုက်၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ငါ့ကို သခင်အဖြစ် အသိအမှတ်ပြုပြီး မင်းအပေါ်မှာ အမှတ်အသားခပ်နှိပ်ခွင့် ပြုရမယ်….”

မိုးကြိုးတာအိုပညာရှင်က စဉ်းစားနေ၏။ ထိုအခိုက်အတန့်မှာပင် သူ့ပတ်လည်ရှိ အရံအတားက အပြင်ဘက်မှ တိုက်ခိုက်မှုများကြောင့် ပြင်းပြင်းထန်ထန် တုန်ခါနေသည်။မိုးကြိုးတာအိုပညာရှင်က အံတင်းတင်းကြိတ်ကာ ပြောလာသည်။ “ကောင်းပြီ…ဒီအဘိုးအို သဘောတူတယ်…”

သူ့ စိတ်ထဲတွင်တွင် ကြမ်းကြုတ်စွာ တွေးနေသည်။ “ဒီလူရဲ့ကျင့်ကြမှုအဆင့်က ငါ့ထက် အများကြီး မမြင့်ဘူး။ သူက ငါ့ကို သူ့ကျေးကျွန်အဖြစ် ခပ်နှိပ်နိုင်ရင်တောင် ဒါက ကြာလိမ့်မှာ မဟုတ်ဘူး။ငါ့ကျင့်ကြံမှု ပြန်ကောင်းလာတာနဲ့ ငါက လွတ်မြောက်နိုင်ပြီ။အဲ့ကျရင် ငါက သူ့အကြောင်းကို မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကို ပြန်တင်ပြလို့ရပြီ။အဲ့ကျရင် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က သူ့ကို သတ်ဖို့ လူတစ်ယောက် ကျိန်းသေလွှတ်လိမ့်မယ်…”

ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလာ၏။ “အရံအတားကို ဖွင့်လိုက်…”

မိုးကြိုးတာအိုပညာရှင်က အနည်းငယ် ချီတုံချတုံ ဖြစ်သွားသည်။သည့်နောက် သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အရံအတားက ချက်ခြင်း ပျောက်ကွယ်သွားချေသည်။

၎င်းက ပျောက်ကွယ်သွားသည်နှင့် မိုးကြိုးတာအိုပညာရှင်၏ နှလုံးက ခုန်ပေါက်နေတော့၏။ကြယ်ခုနစ်ခု ဓားအစီအရင်က သူ့ဘေးနားတွင် ရှိနေကာ ကောင်းကင်ဘုံသက်တော်စောင့်၏ လက်သီးကလည်း သူနှင့် သုံးလက်မအကွာတွင် ရပ်တန့်သွားသည်။

မိုးကြိုးသားရဲ၏ မျက်လုံးများကလည်း လျှပ်စီးများကို ထုတ်လွှတ်ကာ ကြင်နာမည့်ဟန် မရှိပေ။

မူလစိတ်ဝိညာဉ်သုံးခုကတော့ ဝန်းရံလှည့်ပတ်ကာ မိုးကြိုးတာအိုပညာရှင်ထံသို့ အေးစက်စက် စိုက်ကြည့်နေကြသည်။

ဝမ်လင်းက မိုးကြိုးတာအိုပညာရှင်ကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးထဲကနေ ထူးဆန်းသော အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူက သိုလှောင်အိတ်ထဲမှ အတားအဆီးအလံကို ထုတ်ယူလိုက်သည်။ဝမ်လင်းက ထိုအလံကို ဝှေ့ခါလိုက်ရာ များစွာသော အတားအဆီးများက ပျံသန်းထွက်လာပြီး ဝမ်လင်းရှေ့တွင် ရွှေရောင်အတားအဆီးအစီအရင်တစ်ခုအဖြစ် ဖြစ်ပေါ်သည်။

သူ့ဘယ်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီးနောက် အတားအဆီးအစီအရင်ပေါ်သို့ ညွှန်လိုက်၏။ ထိုအတားအဆီးအစီအရင်က ရွှေရောင်တောက်ပမှုကို ပေးစွမ်းကာ မိုးကြိုးတာအိုပညာရှင် ထံသို့ ပျံသန်းသွားသည်။

မိုးကြိုးတာအိုပညာရှင်က ရှောင်ဖယ်ခြင်း မပြုဘဲ သူ့မျက်ခုံးနှစ်ခုကြားသို့ ထိုအတားအဆီးအား ဝင်ရောက်ခွင့် ပြုလိုက်ရသည်။ သူက အံတင်းတင်း ကြိတ်ထားမိ၏။ အတားအဆီးအစီအရင်က သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကာ သူ့မူလစိတ်ဝိညာဉ်ထံသို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။ မူလစိတ်ဝိညာဉ်နှင့် ထိမိသည်နှင့် အတားအဆီးအစီအရင်က ပျော်ဝင်သွားကာ သူ့မူလစိတ်ဝိညာဉ်ကို ဝန်းရံသွားသည်။

သူက ထိုအခြင်းအရာကို မြင်လိုက်သည့်အချိန်၌ စိတ်ထဲကနေ တွေးလိုက်မိသည်။ “ဒီအတားအဆီးက ထူးတော့ထူးဆန်းတယ်။ ဒါပေမဲ့လည်း ဘယ်အတားအဆီးကမှ မူလစွမ်းအင်ရဲ့ ဖိသိပ်မှုကို ခံနိုင်မှာ မဟုတ်ဘူး။ ဒီအဘိုးအိုရဲ့ မူလစွမ်းအင် ပြန်ကောင်းမွန်လာတာနဲ့ ငါက ဒီအစီအရင်ကို ချိုးဖျက်ပစ်မယ်…”

“ပထမဆုံးအဆင့်က ဒီအတားအဆီး၊ ဒုတိယအဆင့် ရှိသေးတယ်…” ဝမ်လင်းက ထိုသို့ စကားဆိုပြီးနောက် ကြယ်သံလိုက်အိမ်မြှောင်ပေါ်သို့ ခြေလှမ်းတက်ကာ အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားသည်။

မိုးကြိုးတာအိုပညာရှင်ကလည်း သူ့နောက်ကနေ လိုက်ပါလာသည်။ သူ့ပတ်လည်တွင်တော့ အန္တရာယ်များ ဝိုင်းလို့နေ၏။ အကွာအဝေးတစ်ခုတွင်တော့ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ မိုးကြိုးသားရဲ ရှိလို့နေသည်။ ၎င်းက အနည်းငယ် ချီတုံ့ချတုံ့ဖြစ်ပြီးနောက် လှည့်ပြေးရန် ပြင်၏။

ဝမ်လင်း၏ အေးစက်စက်နှာခေါင်းရှုံ့သံက လေဟာနယ်ထဲကနေ ထွက်ပေါ်လာကာ မိုးကြိုးသားရဲကို တုန်ယင်သွားစေသည်။၎င်းက ထွက်ပြေးရန် စိုးရွှံ့သွားကာ ဝမ်လင်းနောက်သို့သာ လိုက်ပါလာတော့၏။

သူက မိုးကြိုးတာအိုပညာရှင်နောက်သို့ လိုက်လံလာစဉ်တွင် လမ်းတစ်လျှောက်ရှိ သိပ်မဝေးသောနေရာတွင် မီးခိုးရောင်ဂြိုဟ်တစ်ခု တည်ရှိနေသည်ကို သတိပြုမိခဲ့၏။ ယင်းဂြိုဟ်က စွန့်ပစ်ခံဂြိုဟ်တစ်ခု ဖြစ်သည်။ ၎င်းဂြိုဟ်ထံမှ မည်သည့် စိတ်ဝိညာဉ်စွမ်းအင်မှ ထွက်ပေါ်လာနေခြင်း မရှိပေ။မည်သည့်အသက်ဓာတ်မှလည်း ရှိမနေဟု ထင်ရ၏။

ဝမ်လင်းက ထိုဂြိုဟ်ရှိရာသို့ မြန်ဆန်စွာ လာနေသည်။ သိပ်မကြာခင်တွင် သူက ထိုမီးခိုးရောင်ဂြိုဟ်၏ အထက်သို့ ရောက်ရှိလာ၏။ မြေကြီးများက မီးခိုးရောင်သန်းနေကာ မုန်တိုင်းများက ဂြိုဟ်အနှံ့တွင် တိုက်ခတ်နေ၏။

ထိုဂြိုဟ်ပေါ်သို့ ခြေချလိုက်ပြီးနောက် ဝမ်လင်းက သူ့ခြေထောက်ကို မြေကြီးပေါ်သို့ စောင့်ချလိုက်၏။ ပေါက်ကွဲသံ တစ်ခု ဖြစ်ပေါ်သွားပြီးနောက် လျှိုတစ်ခု ဖြစ်ပေါ်လာ၏။ ဝမ်လင်းကို သူ့လက်ကို ဓားအသွင် ဖြစ်ပေါ်စေပြီး ဓားစွမ်းအင်တန်းတစ်ခုကို ထိုလျှိုအတွင်းသို့ မြန်ဆန်စွာ ရွှေ့လျားသွားစေလိုက်သည်။

သိပ်မကြာခင်တွင် ဓားစွမ်းအင်နှင့် ထွင်းထုထားသည့် လှိုဏ်ဂူအသစ်တစ်ခု ပေါ်ထွက်လာ၏။

ဝမ်လင်းက ထိုလှိုဏ်ဂူထဲသို့ ခြေလှမ်းဝင်၏။မိုးကြိုးတာအိုပညာရှင်ကလည်း အထဲသို့ လိုက်ပါလာရသည်။

ထိုလှိုဏ်ဂူက ကြီးမားကာ အခန်းလေးခုနှင့် အလယ်တွင် ခန်းမသဘောမျိုး တစ်ခုပါသည်။ ဓားစွမ်းအင်များက ထိုလှိုဏ်ဂူနံရံတွင် ချိတ်ဆက် တည်ရှိနေ၏။ ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝှေ့ခါကာ ဖုန်မှုန့်သဲမှုန့်များကို ရှင်းလင်းလိုက်၏။

ဝမ်လင်းက မိုးကြိုးတာအိုပညာရှင်ထံသို့ လှည်ကြည့်လိုက်၏။ သည့်နောက် သူက ပြောလိုက်သည်။ “ဒုတိယအတားအဆီးပြီးရင် ငါမင်းကို မသတ်တော့ဘူး…”

မိုးကြိုးတာအိုပညာရှင်က တိတ်ဆိတ်စွာ စဉ်းစားနေရင်း သူ့ပတ်လည်ရှိ အန္တရာယ်များကို ကြည့်လိုက်သည်။ အချိန်အတန်ကြာပြီးနောက် သူက ခေါင်းညိတ်ပြလိုက်၏။ “ကောင်းပါပြီ…”

ဝမ်လင်းက ကြာပွင့်သဏ္ဌာန်ထိုင်ကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံများကို ဖြစ်ပေါ်စေလိုက်သည်။ထိုချိပ်တံဆိပ် အတားအဆီး တစ်ခုပြီးတစ်ခုက မိုးကြိုးတာအိုပညာရှင်၏ ခန္ဓာကိုယ်ပေါ်သို့ ပျံသန်းသွားသည်။တစ်ချိန်တည်းမှာပင် ဝမ်လင်းက ပြောလိုက်၏။ “ငါ့ ခပ်နှိပ်မှုကို နေရာချနေတဲ့အချိန် သင်က ခုခံလို့မရဘူး။ မဟုတ်ရင် ငါ့ကတိမတည်နိုင်တော့မှ အပြစ်လာမတင်နဲ့…”

မိုးကြိုးတာအိုပညာရှင်က တိတ်ဆိတ်နေမြဲ။ သူက မျက်လုံးမှိတ်ထား၏။ သူက စိတ်ထဲတွင်တော့ နှာခေါင်းရှုံ့နေမိသည်။ “ဘယ်လိုအတားအဆီးမျိုးက မင်းက ချမှတ်နိုင်မလဲ ငါ ကြည့်ချင်သေးတယ်။ ဒီအဘိုးအိုရဲ့ မူလစွမ်းအင်တွေ ပြန်ကောင်းမွန်လာတဲ့ အချိန်ထိ စောင့်နေပါ။ အဲ့ကျရင် ငါက အတားအဆီးအကုန်လုံးကို ချိုးဖျက်ပစ်မယ်…”

မိုးကြိုးတာအိုပညာရှင်က ကောင်းကင်ဘုံသက်တော်စောင့်အဖြစ် သန့်စင်ရန်အတွက် လိုအပ်ချက်များနှင့် ပြည့်မှီနေပေ၏။ သည့်အပြင် သူက အပြင်ဘက်ရှိ မိုးကြိုးသားရဲကိုပါ ပေါင်းစပ်လိုက်ပါကာ အောင်မြင်မှုနှုန်းက တော်တော်လေး မြင့်တက်သွားပေလိမ့်မည်။

ထို့အပြင် ကျရှုံးခဲ့လျှင်ပင် ပြဿနာ မရှိသေးပေ။ ဝမ်လင်းက သူ့အတွက် ဘာမှ ဆုံးရှုံးစရာ မရှိချေ။

ဝမ်လင်းက မူလစွမ်းအင်ကို ထွေးထုတ်လိုက်ရာ မရေမတွက်နိုင်သော သင်္ကေတများ အဖြစ်သို့ ပြောင်းလဲသွား၏။ ထိုသင်္ကေတစ်ခုစီက မိုးကြိုးတာအိုပညာရှင် ပေါ်သို့ တစ်ခုပြီးတစ်ခု ကျရောက်လာသည်။

မိုးကြိုးတာအိုပညာရှင်က မျက်လုံးဖွင့်လာကာ ဝမ်လင်းကို စူးစိုက်ကြည့်နေသည်။ အချိန်အတန်ကြာပြီးနောက် သူက စိတ်ထဲ၌ နှာခေါင်းရှုံ့ကာ မျက်လုံးပြန်မှိတ်လိုက်သည်။ သူက ဝမ်လင်း၏ မူလစွမ်းအင်ကို သူ့ခန္ဓာကိုယ်ထဲသို့ လွတ်လွတ်လပ်လပ် ဝင်ရောက်ခွင့် ပြုလိုက်ပေ၏။

သူမျက်လုံးမှိတ်ထားသည့် အခိုက်အတန့်မှာပင် ဝမ်လင်း မျက်လုံးမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက သိုလှောင်အိတ်ကို ပုတ်လိုက်၏။ ထိုအခါ စိတ်ဝိညာဉ်ကျာပွတ်က သူ့လက်ထဲသို့ ရောက်ရှိလာကာ သူက မိုးကြိုးတာအိုပညာရှင်ကို ရက်စက်စွာ ရိုက်ချလိုက်၏။

မိုးကြိုးတာအိုပညာရှင်က တစ်ဖန် မျက်လုံးဖွင့်လာကာ အော်ပြောလိုက်၏။ “မင်း ဘာလုပ်နေတာလဲ…”

ဝမ်လင်းက ကြာပွတ်ကို ပိုမို မြန်ဆန်စွာ ရိုက်ချစေလိုက်၏။ မိုးကြိုးတာအိုပညာရှင် စကားပြောလိုက်သည့်အခိုက်အတန့်မှာပင် ကျာပွတ်က သူ့ခန္ဓာကိုယ်ကို ထိမှန်သွားသည်။

ဤအရာက ကျာပွတ်ရိုက်ချက် တစ်ချက်တည်း မဟုတ်ပေ။ ၎င်း ကျာပွတ်ရိုက်ချက် သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်နှင့် စိတ်ဝိညာဉ်ကျာပွတ်က ခြောက်ကြိမ်တိုင် ရိုက်ခတ်ပြီး ဖြစ်သွားလေသည်။ ချက်ခြင်းလိုလိုပင် မိုးကြိုးတာအိုပညာရှင်က ခြောက်ကြိမ်ဆက်တိုက် ရိုက်နှက်ခြင်း ခံလိုက်ရခြင်းသာ။

ကျာပွတ်သံက တရွှမ်ရွှမ်ထွက်ပေါ်လာနေရင်း မိုးကြိုးတာအိုပညာရှင်၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူ့အသွင်ကလည်း ဖြူရောသွားကာ မျက်လုံးကလည်း မှိန်ဖျော့သွားသည်။ သူ့နောက်တွင်တော့ သူ့မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်နှင့် ခုနစ်ပေအကွာထိ အတင်း စောင့်ထုတ်ခြင်းကို ခံလိုက်ရချေ၏။

ထိုအခိုက်အတန့်၌ ကောင်းကင်ဘုံသက်တော်စောင့် ရုပ်သေးက ရှေ့သို့ လှမ်းလာသလို မိုးကြိုးသားရဲကလည် ဟိန်သံပြုလာ၏။ မူလစိတ်ဝိညာဉ်အပိုင်းအစသုံးခုကလည်း တစ္ဆေငြီးသံများကို ထုတ်လွှတ်လာသည်။

ဤအခိုက်အတန့်၌ ကြယ်ခုနစ်ခုဓားအစီအရင်ကလည်း ပြင်းထန်သောဓားစွမ်းအင်ကို ထုတ်လွှတ်လာခဲ့သည်။ ထိုထိုသော လှုပ်ရှားမှုများက မိုးကြိုးတာအိုပညာရှင်၏ မူလစိတ်ဝိညာဉ် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လိုသည့် စိတ်ကို ဟန့်တားလာခဲ့သည်။

မိုးကြိုးတာအိုပညာရှင်၏ မူလစိတ်ဝိညာဉ်အပေါ်၌ ဝမ်လင်းသည် အစောကတည်းက အတားအဆီးတစ်ခု ချမှတ်ထားခဲ့ပြီး ဖြစ်သည်။မိုးကြိုးတာအိုပညာရှင်၏ မူလစိတ်ဝိညာဉ်သည် လျှပ်စီးပိုက်ကွန်တစ်ခုက ပိတ်လှောင်ထားသလို ပုံစံဖြစ်နေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset