Switch Mode

အပိုင်း(၇၅၄)

ပြန်လည်မွေးဖွားခြင်း စက်ဝန်းတစ်ခု၊ ဘဝတစ်ခုရဲ့ အဆုံးသပ်

ကြောက်မက်ဖွယ်အသံက ပဲ့တင်ထပ်လာသည်။ တာအိုမိုးကြိုးကလည်း မီးပြင်းဖိုထဲသို့ ဆင်းသက်လာသည့်အခိုက်တွင် ခရမ်းရောင်မီးတောက်တစ်ခု ပေါ်လာခဲ့၏။ချက်ခြင်းပင် မီးတောက်ပင်လယ်တစ်ခုက မီးပြင်းဖိုထဲ၌ ပေါ်ထွက်လာသည်။မိုးကြိုးနှင့် မီးတို့၏ ပေါင်းစပ်မှုက ပို၍ စွမ်းအား ပြင်းထန်လာစေ၏။

ဝမ်လင်းအသွင်က သုန်မှုန်လို့နေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်က သည်အဘိုးအိုနှင့် ယှဉ်နိုင်ခြင်း မရှိသည့်အတွက် သူက ကောင်းကင်ဘုံခုတ်ပိုင်းခြင်း၏ အပြည့်အဝစွမ်းအားကို ထုတ်ဖော်နိုင်ခြင်း မရှိ ဖြစ်ရ၏။

သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားကာ ကောင်းကင်ဘုံဓားကို ပြန်သိမ်းဆည်းပြီး မိုးကြိုးသားရဲထံသို့ ကြည့်လိုက်၏။ ဝမ်လင်းက သူ့လက်ချောင်းထိပ်ကို အနည်းငယ် ကိုက်ကာ သူ့သွေးစက်ဖြင့် ရှုပ်ထွေးသောသင်္ကေတစ်ခုကို ရေးဆွဲလိုက်သည်။

ထိုသင်္ကေတ ပေါ်ထွက်လာသည်နှင့် မိုးကြိုးသားရဲက မှင်သက်သွားကာ ၎င်း၏ကြီးမားလှသည့် ဦးခေါင်းကြီးက ဝမ်လင်းထံသို့ လှည့်လာ၏။

“တတိယချိပ်ပိတ်ခြင်း…ဖွင့်လှစ်မယ်…” ဝမ်လင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သင်္ကေတက မိုးကြိုးအားလုံးကို ထွင်းဖောက်၍ မိုးကြိုးသားရဲ၏ နှဖူးထက်သို့ ခပ်နှိပ်လို့သွားသည်။

မိုးကြိုးသားရဲ၏ခန္ဓာကိုယ်က တုန်ယင်သွားကာ ၎င်း၏ မျက်နှာ၌ နာကျင်ဟန် ဖြစ်ပေါ်လာသည်။သည့်နောက် ၎င်းက မာန်သွင်း ဟိန်းဟောက်လာ၏။ ၎င်း၏ ခန္ဓာကိုယ်က တုန်ယင်နေရင်းဖြင့်ပင် ၎င်း၏ ကျောဘက်မှ ဆူးချွန်တန်းတစ်ခု ထွက်ပေါ်လာလေသည်။ဤကြမ်းကြုတ်သော ဆူးချွန်များက အေးစက်စက်အလင်းကို ပေးစွမ်းကာ လျှပ်စီးများက အနှီဆူးချွန်များကြား၌ ရောယှက်နေ၏။ ရုတ်တရက် မီးပြင်းဖိုထဲ၌ ကြောက်မက်ဖွယ်အော်ရာ တစ်ခု ဖြစ်ပေါ်လာသည်။

ထိုအော်ရာက ကောင်းကင်ဘုံကိုဖိဆန်သည့်ခွန်အားတစ်ခု ပါဝင်နေ၏။

မိုးကြိုးသားရဲ၏ ခန္ဓာကိုယ်ကလည်း မူလထက် အဆများစွာ ပိုကြီးမားလာခဲ့၏။ မိုးကြိုးသားရဲခန္ဓာကိုယ်တစ်လျှောက် စီးဆင်းနေသော ငွေရောင်လျှပ်စီးများကလည်း အနက်ရောင်သို့ ပြောင်းသွားသည်။

ထိုအနက်ရောင်လျှပ်စီးများက အဖျက်အစီးအားတစ်ခုကို သယ်ဆောင်ကာ ၎င်း၏ ခန္ဓာကိုယ်ကနေ ရုတ်တရက် ထိုးထွက်လာ၏။ ထိုသားရဲက နောက်တစ်ဖန် ဟိန်းဟောက်လိုက်ပြန်၏။ သည့်နောက် ၎င်းက ကောင်းကင်ထက်သို့ ပျံတက်ကာ ၎င်း၏ ပါးစပ်ထဲမှလည်း ရှုပ်ထွေးသော သားရဲဘာသာစကားများ ထွက်လာခဲ့သည်။ဤအရာက ကောင်းကင်ဘုံမိုးကြိုးကျောင်းတော်မှ မိုးကြိုးသားရဲကို တုန်ရီသွားစေ၏။ ၎င်းက မီးပြင်းဖိုထဲကနေ ထွက်လာကာ မြေပြင်ပေါ်တွင် ဝပ်တွားလှဲလျောင်းလာကာ မော့၍ပင် မကြည့်ဝံ့တော့ချေ။

ယခုတစ်ကြိမ်ပ ၎င်း၏ ကြောက်ရွှံ့မှုက စိတ်ဝိညာဉ်ထဲကနေ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။

ဝမ်လင်း၏ မိုးကြိုးသားရဲသည် တတိယမြောက်ချိပ်ပိတ်ခြင်းကို ဖြေလျော့လိုက်သည့်နောက် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးက လျှပ်စီးများဖြင့် ဖုံးလွှမ်းလာ၏။ ထိုအခိုက်အတန့်၌ လျှပ်စီးပမာဏက အထွတ်အထိပ်သို့ ရောက်ရှိလာကာ အနက်ရောင်မိုးကြိုးကလည်း စတင်ပျံ့နှံ့လာသည်။ အနက်ရောင်မိုးကြိုးမုန်တိုင်းတစ်ခုက အရူးအမူး ချဲ့ထွင်လာချေ၏။

ဤအခိုက်အတန့်မှာပင် ကောင်းကင်ဘုံသက်တော်စောင့်၏ ခန္ဓာကိုယ်ကလည်း ရွှေရောင်အလင်းတစ်ခုကို စတင်ထုတ်လွှတ်လာသည်။ ထိုရွှေရောင်အလင်းက တစဖြည်းဖြည်း အနီရောင်၊သည့်နောက် အဝါရောင် သို့ ပြောင်းလဲကာ ၎င်းအလင်းထဲရှိ စွမ်းအားကို ပို၍ သန်မာလာစေ၏။

ဘုန်း…။ မိုးကြိုးမုန်တိုင်းက မီးပြင်းဖိုတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပေါ်လာ၏။ ထိုအက်ကွဲကြောင်းများက ဆက်တိုက် ချဲ့ထွင်လာခဲ့သည်။

ဘုန်း….။ ကောင်းကင်ဘုံသက်တော်စောင့်၏ လက်သီးချက်ကလည်း မီးပြင်းဖိုပေါ်သို့ ကျရောက်လာရာ ပိုများသော အက်ကွဲကြောင်းများကို ပေါ်ထွက်လာစေပြန်သည်။

ပြင်းထန်သောအားက နေရာအနှံ့တွင် ပျံ့နှံ့နေ၏။ မိုးကြိုးတာအိုပညာရှင်၏ မူလစွမ်းအင်ကလည်း မီးပြင်းဖိုထဲသို့ အရူးအမူး မြင့်တက်နေသည်။ သူ့တွင် နာကျင်မှုကို ခံစားနေရန် အချိန်မရှိပေ။ ယခု တိုက်ပွဲက သူ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော် တစ်ယောက်ဖြစ်လာသည့်နောက် အခက်အခဲဆုံး တိုက်ပွဲတစ်ခု ဖြစ်လာခဲ့၏။ ယခုတိုက်ပွဲက သေရေးရှင်ရေး တိုက်ပွဲမည်၏။

သို့ရာတွင် သူ့မူလစွမ်းအင်များကို မီးပြင်းဖိုထဲသို့ ထည့်သွင်းပေးနိုင်သည့်နှုန်းက မိုးကြိုးသားရဲနှင့်ကောင်းကင်ဘုံသက်တော်စောင့်ရုပ်သေးတို့၏ ပူးပေါင်းတိုက်ခိုက်မှု စွမ်းအားကို မယှဉ်နိုင် ဖြစ်နေသည်။ ဤသေရေးရှင်ရေး အခြေအနေ၌ ဝမ်လင်းမျက်လုံးများက အေးစက်လာခဲ့၏။ သူက ဓားကြီးကိုပင် ပြန်ကောက်ယူအသုံးမပြုတော့ဘဲ သူ့လက်ညှိုးကို မြှောက်ကာ အညှာအတာမဲ့စွာ ခုတ်ပိုင်းချက်ကို ထုတ်ဖော်လိုက်၏။

ကောင်းကင်ဘုံ ခုတ်ပိုင်းခြင်း။

ဝုန်း…အံ့မခန်းပေါက်ကွဲသံတစ်ခုက ကောင်းကင်နှင့်မြေကြီး ကြားတွင် ပဲ့တင်မြည်ဟီးသည်။ ဧရာမမီးပြင်းဖိုကြီးသည် ရုတ်တရက် ပေါက်ကွဲထွက်သွား၏။

၎င်း၏ ကွဲထွက်သွားသော အစိတ်အပိုင်းတိုင်းတွင် အနက်ရောင်မိုးကြိုး ရှိနေကာ ထိုအစိတ်အပိုင်းများကလည်း နောက်ထပ် ဆက်ကာဆက်ကာ ဆက်တိုက် ပေါက်ကွဲထွက်သွားပြန်သည်။

ဝမ်လင်းအသွင်က သေလောက်အောင် ဖြူရောသွား၏။ကောင်းကင်ဘုံ ခုတ်ပိုင်းခြင်း ကို နှစ်ကြိမ်အသုံးပြုပြီးသည့်နောက် သူ့တွင် မူလစွမ်းအင် အမှန်အကန် နည်းပါးသွားခဲ့လေပြီ။ သူ့ကျင့်ကြံမှုအဆင့်ပင် လျော့ကျလုနီးပါး ဖြစ်သွားခဲ့ရသည်။သူက အနည်းငယ်လေး လွဲချောခဲ့သည်နှင့် သူ့ကျင့်ကြံမှုအဆင့်က ကျိန်းသေပေါက် လျော့ကျသွားတော့မည် ဖြစ်၏။

ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်၏။ သူ့မျက်နှာက ဖြူရောနေသော်လည်း သူ့မျက်လုံးများကတော့ အရင်ထက် ပိုအေးစက်လာသည်။

မိုးကြိုးတာအိုပညာရှင်က လေထဲ၌ ပေါ်လာခဲ့သည်။သူက သွေးများစွာ အန်ထုတ်လိုက်ရကာ ထွက်ပြေးရန် လှည့်ထွက်လိုက်သည်။ သူက ကြောက်နေမိပေပြီ။သူက မရေမတွက်နိုင်သော တိုက်ပွဲများစွာ ရင်ဆိုင်ခဲ့ဖူးသော်လည်း ခုလိုမျိုး ထူးဆန်းသည့်အဖြစ်မျိုး မကြုံခဲ့ဖူးပေ။ သူ့ရန်သူက ပထမအဆင့်ကျင့်ကြံခြင်းတွင်သာ ရှိသေးသော်လည်း သူအသုံးပြုသည့် မန္တာန်များနှင့်ရတနာများအားလုံးက သူ့ဦးရေပြားကို ထုံထိုင်းသွားစေခဲ့၏။

ကောင်းကင်ဘုံသက်တော်စောင့်ရုပ်သေးက မိုးကြိုးတာအိုပညာရှင် နောက်သို့ မြန်ဆန်စွာ လိုက်ပါသွား၏။ မိုးကြိုးသားရဲကလည်း မာန်သွင်းကာ နောက်ကနေ လိုက်ပါသွားပြန်သည်။ သူတို့က ဖြည်းဖြည်းချင်း မိုးကုပ်စက်ဝန်းစွန်းတွင် ပျောက်ကွယ်သွားတော့၏။

ဝမ်ဖျင်က တိုးညင်းစွာ ပြောလိုက်၏။ “အဖေ…သူ ပြောခဲ့တာ အမှန်တွေလား…”

ယခု ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ မိုးကြိုးတာအိုပညာရှင်က ဝမ်ဖျင်နှင့်ချင်ရီတို့ကို သူ့မန္တာန်များနှင့် ဆွဲမသွင်းရဲချေ။ သူက ဝမ်ဖျင်ခန္ဓာကိုယ်ထဲရှိ ဓားစွမ်းအင်တန်းနှစ်ခုကို ရန်မစဝံ့သောကြောင့် ဖြစ်လေ၏။

ဝမ်လင်းအသွင်က အလွန်အမင်း ဖြူရောနေသည်။ သူက နောက်လှည့်၍ ဝမ်ဖျင်ကို ငေးကြည့်နေသည်။ အချိန်အတန်ကြာမြင့်ပြီးသည့်နောက် သူက ခေါင်းညိတ်ပြလိုက်တော့၏။

ဝမ်ဖျင်က သူ့အဖေကို ငေးကြည့်ကာ ခပ်ဖျော့ဖျော့ပြုံးလိုက်၏။ ထိုအပြုံးက အမှန်အကန်ပင် အပူအပင်မဲ့ လွတ်လပ်သွားပြီ ဆိုသော အပြုံးမျိုးပင်။ သူက တည်ငြိမ်စွာ ပြောလိုက်၏။ “အဖေ…ဒါက အဖေ ကျွန်တော့်ကို ဘာကြောင့် မကျင့်ကြံစေခဲ့ရလည်း ဆိုတဲ့ အကြောင်းပြချက် မလား။ ငါက ချင်ရီနဲ့အတူနေပေမဲ့ ကလေးမရတဲ့ အကြောင်းရင်း မလား။ ဘာလို့လဲဆိုတော့ ငါက သေဆုံးပြီးသားလူ ဖြစ်နေလို့ပဲ…”

ဝမ်လင်းက ဝမ်ဖျင်ကို ဝမ်းနည်းစိတ်မကောင်းကြီးစွာနှင့် ကြည့်နေမိသည်။ သူက တိုးညင်းစွာ ပြောလိုက်၏။ “သားက မသေဆုံး ခဲ့သေးပါဘူး…”

ဝမ်ဖျင်က ခေါင်းယမ်းကာ ပြုံး၍ ပြောသည်။ “အဖေ…သင်က ငါ့ကို တောင်တွေ့ရင် တက်နိုင်ရမယ်။ မြစ်တွေ့၍ ကူးဖြတ်နိုင်ရမယ်။ငါက ကောင်းကင်ဘုံနဲ့ ရင်ဆိုင်ရရင်တောင် မမှိတ်မသုန် ဆန့်ကျင် လျှောက်လှမ်းနိုင်ရမယ်လို့ သင်ပေးခဲ့တဲ့လူပါ။ အဖေ…ကျေးဇူးတင်ပါတယ်…”

“တကယ်တာ့ ငါက ဒီအဖြေကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သိနေခဲ့တာပါ။ ဒါပေမဲ့လည်း ငါက ဒါကိ ရင်မဆိုင်ရဲခဲ့ဘူး။ ဒါကို သေချာမသိချင်ခဲ့ဘူး…”

“ဘာကြောင့် ငါက ကျင့်ကြံလို့ မရတာလဲ။ ဘာ့ကြောင့် ငါက လွန်ခဲ့တဲ့ နှစ်ခုနှစ်ဆယ်ကျော်ကတည်းက မဖျားမနာခဲ့တာလဲ။ ဘာကြောင့် ငါက သားသမီး မရခဲ့တာလဲ…။ ငါ့ခန္ဓာကိုယ်က ဘာမှ မခံစားရဘဲ ငါ့အဆုံသပ်ခါနီးအချိန်က ရောက်လာတော့မယ်လို့ ဘာကြောင့် ရှင်းရှင်းလင်းလင်း ခံစားမိနေရတာလဲ။ နောက်ဆုံးတော့ အခု ငါ နားလည်သွားခဲ့ပြီ…”

ဝမ်ဖျင်က ဝမ်လင်းကို ကြည့်လိုက်၏။ သူ့အပြုံးက အပူအပင်မဲ့ဟန် သဘာဝကို ဖော်ပြနေသည်။သို့သော် ထိုအပြုံးထဲ၌ အောက်မေ့တွယ်တာမှု၊ဝမ်းနည်းမှု အငွေ့အသပ် တစ်ချို့လည်း ရှိလို့နေသည်။

“အဖေ…ငါ…ဝမ်ဖျင်မှာ အမေ မရှိခဲ့ဘူး။ အဖေပဲ ရှိခဲ့တယ်။ ငါနဲ့အတူ ရှိနေပေးခဲ့အတွက် အဖေ့ကို ကျေးဇူးတင်ပါတယ်…”

ဝမ်ျဖင်က သူ့မျက်လုံးထဲ မျက်ရည်များဝဲတက်လာနေသည်ဟု ခံစားမိ၏။ သို့သော် မည်သည့်မျက်ရည်စက်မှ ကျရောက်မလာခဲ့ချေ။

“ငါက မျက်ရည်တောင် ကျနိုင်တဲ့လူ မဟုတ်ဘူးပဲ…” ဝမ်ဖျင်က သူ့အဖေကို ခါးသီးစွာ ကြည့်၍ တိုးညင်းစွာ ပြောလိုက်သည်။ “အဖေ…ဂရုစိုက်ပါ။ ဖျင်အာက အဖေနဲ့အတူ မျိုးဆက်ပေါင်းများစွာ အတူရှိနေပေးမယ်လို့ ပြောခဲ့တဲ့ ကတိကို မတည်နိုင်တော့ပါဘူး…”

ဝမ်လင်းမျက်လုံးထဲရှိ ဝမ်းနည်းမှုကလည်း ပို၍ ပြင်းထန်လာခဲ့၏။ လျိုမေက ဝမ်ဖျင်ကို သူ့ထံသို့ လွှဲပေးလိုက်ချိန်ကတည်းက သူက ဝမ်ဖျင်ကို ဆေးဝါးများ တိုက်ကျွေးခြင်း၊ သူ့ကိုယ်ပိုင် မိုးကြိုးနှင့် ကုသပေးခြင်းတို့ကို ပြုလုပ်ခဲ့ပေသည်။ သို့ရာတွင် အဆုံးသပ်၌ ဝမ်ဖျင်က အချိန်အတန်ကြာ…ဟိုး အချိန်ကတည်းက သေဆုံးသွားခဲ့ပြီး ဖြစ်သည်ကို တွေ့ရှိခဲ့ရပေသည်။

သေမျိုးတစ်ယောက်၏ ဘဝက တိုတောင်းလှသည်။ ထို့အတူ မကျေမချမ်းစိတ်ဝိညာဉ်လည်း တူတူသာ ဖြစ်၏။ တကယ်တော့ ဝမ်ဖျင်သည် မကျေမချမ်းမှုတစ်ခုသာ ဝန်းရံထားသည့် စိတ်ဝိညာဉ်အမျှင်တန်းတစ်ခု၏ တည်ရှိမှုမျှသာ။ ထို့ကြောင့် ၎င်းက ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ပင် ပြန်ဝင်ရောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ထိုအရာက မကျေမချမ်းစိတ်ဝိညာဉ်တစ်ခုအတွက် အမှန်တကယ်ပုံစံပင် ဖြစ်နေသည်။

လျိုမေ ဝမ်လင်းကို လက်ဆောင်ပေးခဲ့သည့်အရာက သူ့စိတ်ဝိညာဉ်အပိုင်းအစပင်။

ထိုစိတ်ဝိညာဉ်အပိုင်းအစက ကျင့်ကြံနိုင်မည် မဟုတ်ပေ။အဘယ်ကြောင့်ဆိုသော် ကျင့်ကြံနိုင်စွမ်း မရှိခြင်းကြောင့် ဖြစ်၏။ ကျင့်ကြံဖို့ ကြိုးစားလိုက်သည်နှင့် မကျေမချမ်းအော်ရာက အသက်ဝင်လာကာ လုံးဝ ပျောက်ကွယ်သွားလိမ့်မည် ဖြစ်ပေသည်။

ဝမ်ဖျင်က ဝမ်လင်း အလစ်တွင်လည်း ကျင့်ကြံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ အကြောင်းကတော့ သူ့ခန္ဓာကိုယ်သည် ဓားစွမ်းအင်နှင့် ပြုလုပ်ထားခြင်းကြောင့်သာ ဖြစ်ပေ၏။

ဓားစွမ်းအင်တန်းတစ်ခုကို အသွေးအသား အဖြစ် အသုံးပြု၍ နောက်တစ်ခုကို သူ့မကျေမချမ်းစိတ်ဝိညာဉ်ကို ကာကွယ်ပေးရန်အတွက် အသုံးပြုထားခဲ့ခြင်းပင်။ ထိုအရာကပင် ဝမ်ဖျင် ဖြစ်လေ၏။ သူ့ကြီးပြင်းလာမှုကလည်း မန္တာန်တစ်ခုမျှသာ ဖြစ်သည်။

အသက်ခုနစ်ဆယ်ကျော်ထိ ကြီးပြင်းလာသော ဝမ်ဖျင်သည် ဝမ်လင်း၏ ကောင်းကင်ဘုံမန္တာန်ကြောင့်သာ ဖြစ်တော့၏။

ဝမ်လင်းက ခပ်တိုးတိုး ဆိုလာသည်။ “သားရဲ့ကတိက အမှန်တကယ် ဖြစ်လာပါလိမ့်မယ်…အဖေ့ကို ယုံပါ…”

ဝမ်ဖျင်က ချင်ရီ၏ လက်ကို ကိုင်ဆွဲထားရင်း သူ့အဖေကို ကြည့်ကာ တိုးညင်းစွာ ပြောလိုက်၏။ “အဖေ…ချင်ရီကို သွားခွင့်ပြုလိုက်ပါတော့…”

သူက လှည့်၍ ချင်ရီထံသို့ ကြည့်လိုက်၏။ သူက နူးညံ့စွာပြုံး၍ ညင်သာစွာ ဆိုလိုက်သည်။ “နောက်ဘဝသာရှိရင် ငါကသာ ပြန်မွေးဖွားလာနိုင်ခဲ့ရင် ငါ နင့်ကို လာရှာမယ်…ချင်ရီ…”

မျက်ရည်များက ချင်ရီပါးနှစ်ဖက်ပေါ်သို့ ကျဆင်းလာခဲ့ကာ သူမက တစ်ခုခုကို ပြောချင်ဟန်နှင် ပါးစပ်ဟလာသည်။ ဝမ်ဖျင်က ခေါင်းယမ်းကာ ကောင်းကင်ထက်သို့ မော့ကြည့်ပြီး ခပ်တိုးတိုး ဆိုသည်။ “အဖေ…ချင်ရီ…ငါ ထွက်သွားတော့မယ်…”

ဝမ်ဖျင်မျက်လုံးထဲ၌ အားကောင်းသောနောက်ဆံတင်းမှုတို့ ဖြစ်ပေါ်နေ၏။ သူက ချင်ရီနှင့်အတူ သူ့အဖေကို ထာဝရ အဖော်ပြုပေးချင်ခဲ့ပေသည်…ထာဝရ…။

ဤနောက်ဆုံး ပျောက်ကွယ်သွားခါနီး အခိုက်အတန့်လေးတွင် သူက သူ့ကလေးဘဝ ကို ပြန်ရောက်သွားသလို ခံစားလိုက်ရ၏။ သူက တောင်ခြေရွာလေးတွင် ဆယ့်ကိုးနှစ်နေထိုင်ခဲ့ကာ ဆေးများကို သောက်ခဲ့ရသည်။ သူက ရွင်ပြုံးသည့်အပြုံးတစ်ခုကို ထုတ်ဖော်လာ၏။

“အဖေ…ဆေးတွေက တော်တော်ခါးတယ်…”

သူ့အဖေက သူ့ကို မန္တာန်အသုံးပြုကာ သူ့ခန္ဓာကိုယ်ထဲရှိ မကျေမချမ်းဖြစ်မှုအော်ရာကို ပျောက်ပျက်အောင် ညစဉ်ညတိုင်း လုပ်ပေးနေသည်ကို မြင်နေရသကဲ့သို့ပင်။ ထိုဆေးများကို သူ့ခန္ဓာကိုယ်က စုပ်ယူခြင်း မဟုတ်ဘဲ သူ့စိတ်ဝိညာဉ်က စုပ်ယူသည်ဟုသာ သူက မြင်နိုင်စွမ်း ရှိနေသည်ဟု ထင်မှတ်ရသည်။

သူ့ခန္ဓာကိုယ်ထဲ၌ ရွှေရောင်ဓားစွမ်းအင်တစ်ခုကိုပင် တွေ့မြင်နေရသေး၏။ သူက သူ့စိတ်ဝိညာဉ်ကို ထွေးပတ်ထားသော ရွှေရောင်ဓားစွမ်းအင်ကိုပါ တွေ့မြင်နေရပြန်သည်။

“ငါ ကလေး ဘဝတုန်းက အိပ်မက်ထဲမှာ ရွှေရောင်ကမ္ဘာကြီးကို အမြဲမက်နေမိတာ အံ့အားသင့်စရာ မရှိတော့ဘူးပဲ…”

ဝမ်ဖျင်က မျက်လုံးမှိတ်သွားတော့၏။

ထိုအခိုက်အတန့်၌ သူ့ခန္ဓာကိုယ်က ရွှေရောင်တောက်ပမှုတစ်ခုကို ထုတ်လွှတ်လာကာ ဓားစွမ်းအင်တန်းအဖြစ်သို့ ပြောင်း၍ ဝမ်လင်းနားသို့ ရောက်လာခဲ့တော့သည်။ သည့်အပြင် နောက်ထပ် ဓားစွမ်းအင်တန်းတစ်ခုကလည်း ပေါ်ထွက်လာ၏။

ထိုဓားစွမ်းအင်တန်းနှစ်ခု ထွက်ခွာသွားသည့်အခါ အဖြူရောင်အလင်းလုံးတစ်ခုကသာ ဝမ်ဖျင် ရပ်နေခဲ့သော နေရာတွင် မြောလွင့်နေတော့၏။ ထိုအဖြူရောင်အလုံးထဲ၌ အနက်ရောင်အမျှင်တန်းတစ်ခုက ရွှေ့လျားကာ နေသည်။

ထိုအနက်ရောင်အမျှင်တန်းကတော့ မကျေမချမ်းမှု နောက်ဆုံး အမျှင်တန်းပင် ဖြစ်လေသည်။

ဝမ်လင်းက အဖြူရောင်အလင်းလုံးကို အချိန်အတန်ကြာ ငေးမောကြည့်နေပြီးနောက် သူ့ညာလက်ကို ပင့်မြှောက်ကာ ယင်းအလုံးကို ညင်သာစွာ ဖျက်စီးလိုက်သည်။ ထိုအနက်ရောင်အမျှင်တန်းက ပျောက်ကွယ်သွားချေ၏။

ပြန်လည်မွေးဖွားခြင်းစက်ဝန်း ဆိုသည့် ဘဝတစ်ခု ကုန်ဆုံးသွားပြီးနောက် ဝမ်လင်းကလေး၏ မကျေမချမ်းမှုက နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူက ထိုအလင်းလုံးကို ကိုင်ထားရင်း အတိတ်တုန်းက သူ့သားငယ်လေးကို ကိုင်ထားရသကဲ့သို့ ခံစားမိကာ မျက်ရည်များ လိမ့်ဆင်းကျလာချေသည်။

လေပြင်းက ကျီစယ်လာ၏။ အလင်းလုံးက ပျောက်ကွယ်တော့မည့် အရိပ်အယောင် ပြသလာသည်။ သို့သော် ဝမ်လင်းက ခွင့်မပြုခဲ့ပေ။ ဝမ်လင်းက သူသာ ခွင့်ပြုလိုက်ပါကာ သန့်စင်သော ဝမ်ဖျင်က ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲသို့ ပြန်ဝင်ရောက်နိုင်လိမ့်မည်ကို သိနေသည်။

“ဖျင်အာ…သားကတိက အမှန်တကယ် ဖြစ်လာပါလိမ့်မယ်…” ဝမ်လင်းက ထိုအလင်းလုံးကို သူ့မျက်ခုံးနှစ်ခုကြားသို့ ဖိနှိပ်ချလိုက်သည်။ ၎င်းက ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ထဲသို့ ဝင်ရောက်သွားကာ လီမူဝမ်၏ စဦးစိတ်ဝိညာဉ်ဘေးနားသို့ ရောက်ရှိသွား၏။

“ခုချိန်ကစပြီး သားအမေက ဝမ်အာပဲ…” ဝမ်လင်းက လှည့်၍ အကွာအဝေးတစ်ခုထံသို့ လှမ်းလျှောက်သွားလေသည်။

“အဖေ…” ချင်ရီက မြေပေါ်သို့ ဒူးထောက်ချလိုက်၏။ သူမမျက်လုံးထဲရှိ ဝမ်းနည်းမှုကလည်း ဝမ်လင်းထက် အားမနည်ပေ။

ချင်ရီမျက်လုံးများက မျက်ရည်များနှင့် ပြည့်နေကာ သူက တိုးညင်းစွာ ဆိုလာသည်။ “အဖေ…ငါက ဝမ်ဖျင်နဲ့ ကတိပြုထားတာ ရှိပါတယ်။ ဒါက နောက်ဘဝသာ ရှိမယ်ဆိုရင် ငါက သူနဲ့အတူ အဖော်ပြုပေးမယ် ဆိုတာပဲ။ ငါ့ကို သူ့ရှိ ခေါ်သွားပေးပါ။ ငါက စိတ်ဝိညာဉ်အပိုင်းအစ တစ်ခု ဖြစ်မယ်ဆိုရင်တောင်မှ ပေါ့။ ငါက ဝမ်ဖျင်သွားတဲ့ နေရာတိုင်းကို သူနဲ့အတူ အဖော်ပြုပေးချင်ပါတယ်…”

“နင် ဒီလိုလုပ်တာ နောင်တ မရဘူးလား…”

“မရပါဘူး…”

ဝမ်လင်းက ထွက်ခွာသွားတော့၏။သူနှင့်အတူ ချင်ရီ၏ နောင်တမဲ့စိတ်ဝိညာဉ်အပိုင်းအစတစ်ခုလည်း ပါလာခဲ့ပေသည်။

နေဝင်ချိန်အောက်၌ သူ့လူအိုခန္ဓာကိုယ်က တဖြည်းဖြည်းချင်း ပြောင်းလာခဲ့သည်။ သူ့ဆံပင်များကလည်း အဖြူရောင် မရှိတော့ဘဲ အနက်ရောင်သို့ ပြောင်းလာခဲ့လေပြီ။ သူ့အနည်းငယ် ကုန်းနေသော ခါးကလည်း ဖြည်းဖြည်းချင်း ပြန်မတ်လာခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းခုနစ်ဆယ်ခန့်က ဝမ်လင်းသည် လေဟာနယ်ထဲသို့ ဖြည်းဖြည်းချင်း လှမ်းဝင်လိုက်၏။

ဤသို့ဖြင့် ပြန်လည်မွေးဖွားခြင်း စက်ဝန်းတစ်ခု၊ ဘဝတစ်ခုက အဆုံးသပ်သွားလေပြီ။

***

Comment

Leave a Reply

Options

not work with dark mode
Reset