ဝမ်ဖျင်နှလုံးသားက ပို၍ ခါးသီးစွာ ခံစားနေရသည်။ သူ့ဘေးရှိ ချင်ရီက သူ့လက်ကို ဆုပ်ကိုင်လို့ ထားသည်။ သူမ၏ မျက်ဝန်းထဲ၌ ကြင်နာရိပ်တို့ ပြည့်နေကာ သူက ပြောလိုက်သည်။ “စိတ်မပူပါနဲ့…နင် ဘာပဲ ဖြစ်ဖြစ် ငါက နင်နဲ့အတူ ရှိနေပေးမှာပါ…”
ဝမ်ဖျင်က တိတ်တဆိတ် တွေးတောရင်း ခေါင်းညိတ်ပြလိုက်၏။
မိုးကြိုးတာအိုပညာရှင်၏ အသွင်က သုန်မှုန်နေကာ သူက ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။ “ဒီအဘိုးအိုက မင်းကို မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ အစစ်အမှန်တမန်တော်က ဘာလဲ ဆိုတာ ပြသပေးမယ်…”
သည့်နောက် သူက လက်မြှောက်ကာ ကောင်းကင်ထက်သို့ လက်ညွှန်ရင်း အော်ပြောလိုက်သည်။ “ကောင်းကင်ဘုံမိုးကြိုးသားရဲ…”
မိုးကြိုးပမာဏများစွာက အရပ်မျက်နှာအနှံ့ကနေ ထွက်ပေါ်လာခဲ့ကာ ကောင်းကင်တစ်ခုလုံးကိုပင် သိမ်းပိုက်တော့မလား ထင်မှတ်ရသည်။ မိုးကြိုးပညာရှင်၏ အထက်၌ မိုးကြိုးများက ဧရာမမိုးကြိုးလုံးကြီးအဖြစ် အရူးအမူးသိပ်သည်း လာ၏။
မိုးကြိုးတုန်ဟီးသံက ဂြိုဟ်တစ်လျှောက်တွင် ပျံ့နှံ့ပဲ့တင်ထပ်လာခဲ့၏။ထိုအသံက ကြားရသူတိုင်းအဖို့ တုန်လှုပ်ဖွယ် ကောင်းနေ၏။ဂြိဟ်ပေါ်ရှိ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအင်များပင် သူတို့၏ ထိန်းချုပ်မှုမှ လွတ်ကင်းသွားရသည်။
ထို့နောက် ယင်းမိုးကြိုးလုံးက ပြန်ကျုံ့လာကာ မြင့်မြတ်ထည်ဝါသော မိုးကြိုးသားရဲ အဖြစ်သို့ ပြောင်းလဲသွားချေသည်။
ထိုမိုးကြိုးသားရဲက မာန်ဝင့်ကြွားလှ၏။ ၎င်းက ထွက်ပေါ်လာသည်နှင့် လျှပ်စီးတန်းနှစ်ခုကို နှာမှုတ်ထုတ်လိုက်၏။
သို့ရာတွင် ၎င်းသားရဲက ဝမ်လင်းကို ကြည့်လိုက်ချိန်၌ မှင်သက်သွားကာ စိတ်ရှုပ်ထွေးမှု အရိပ်အယောင်တို့ ဖြစ်ပေါ်လာခဲ့သည်။
မိုးကြိုးတာအိုပညာရှင်က ဝမ်လင်းကို ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။ “မိုးကြိုးသားရဲ ရှိမှသာ လူတစ်ယောက်ကို မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တမန်တော်လို့ ခေါ်တွင်နိုင်တယ်။ တမန်တော် အယောင်ဆောင်တဲ့ လူတွေအတွက်ကတော့ သူတို့ရဲ့ မိသားစုတစ်စုလုံး သုတ်သင်ခံရမယ်…”
ဝမ်လင်းက မိုးကြိုးသားရဲကို တစ်ချက်သာ ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “မိုးကြိုးဦးချိုမရှိဘဲ ဒါကို မိုးကြိုးသားရဲလို့ မခေါ်တွင်နိုင်ဘူး…”
သည့်နောက် သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ စစ်ရထားက ပျံသန်းထွက်လာကာ မိုးကြိုးပမာဏများစွာသို့ ပြောင်းလဲသွား၏။
အဖျက်အစီးအော်ရာက ကမ္ဘာမြေတွင် စတင်ပျံ့နှံ့လာလေသည်။ သည့်နောက် သားရဲတစ်ကောင်က ထိုမိုးကြိုးများကြားမှ လှမ်းထွက်လာချေ၏။
၎င်းသားရဲ ထွက်ပေါ်လာသည်နှင့် မိုးကြိုးတာအိုပညာရှင်၏ အသွင်က ချက်ခြင်း ပြောင်းလဲသွားသည်။ သူ့စိတ်ထဲ၌ အလွန်တုန်လှုပ်မှုကို ခံစားလိုက်ရသည်။ ထိုတုန်လှုပ်မှုက ကြီးမားလှရာ သူ့ကို ထိုသားရဲကို စကားတစ်ခွန်းမှမဆိုဘဲ ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေမိလောက်အောင် ဖြစ်သွားစေသည်။
သူ့အထက်တွင် ရှိနေသော မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ မိုးကြိုးသားရဲကလည်း ၎င်းကိုယ်ပေါ်မှ မိုးကြိုးများကို ထုတ်လွှတ်လာက မြေပြင်ထက်သို့ ခုန်ဆင်းလိုက်၏။ ၎င်းက ရန်မူလိုသည့်ဟန် ဖြစ်ပေါ်လာခဲ့သည်။
စစ်ရထားမှ ဖြစ်ပေါ်လာသည့် မိုးကြိုးသားရဲက ၎င်း၏ ခေါင်းကို ကောင်းကင်ထက်သို့ မော့ကာ ဟိန်းသံ ပြုလိုက်၏။
ကေင်းကင်ထက်မှ တုန်ခါမှုတော်လဲသံများ ဖြစ်ပေါ်လာကာ မိုးကြိုးလျှပ်စီးတန်းများကပါ သက်ဆင်းလာချေသည်။သည်အရာက နတ်ဘုရားပြစ်ဒဏ်ကြောင့် မဟုတ်ဘဲ သည်မိုးကြိုးသားရဲ၏ မန္တာန်ကြောင့်သာ ဖြစ်လေ၏။
မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ မိုးကြိုးသားရဲကလည်း ၎င်းနှာခေါင်းထဲမှ မိုးကြိုးများကို မှုတ်ထုတ်လိုက်လေ၏။ ၎င်းက သူ့ရှေ့ရှိသားရဲ၏ ဖိအားကို ဆက်မခံနိုင်တော့သည့်အလားပင်။
ဝမ်လင်း၏ မိုးကြိုးသားရဲ မျက်လုံးက အေးစက်လာ၏။ မိုးကြိုးသားရဲများက အချင်းချင်း တွေ့ဆုံသည့်အခါ သူတို့၏ သခင်များက ရပ်တန့်ခြင်း မပြုပါက သေသည့်အထိ တိုက်ပွဲဝင်တက်ကြပေသည်။ ဤအရာက အခြား ကောင်းကင်ဘုံသားရဲများနှင့် ခြားနားချက်ပင်။
ဝမ်လင်း၏ မိုးကြိုးသားရဲခြေထောက်အောက်မှ မိုးကြိုးတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ချက်ခြင်းပင် ၎င်းက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ မိုးကြိုးသားရဲထံသို့ တိုက်ရိုက် တိုးဝင်သွားသည်။
ထိုမိုးကြိုးသားရဲ၏ မျက်လုံးထဲ၌ ကြောက်လန့်မှု အရိပ်အယောင်တို့ ဖြစ်ပေါ်လာ၏။ ၎င်း၏ သွေးမျိုးဆက်က မသန့်စင်သော်လည်း ၎င်းက အခြားသားရဲ၏ မိုးကြိုးက အလွန်အမင်း စွမ်းအားကောင်းသည်ကို ခံစားမိနေနိုင်သည်။ သို့ရာတွင် ၎င်း၏ စိတ်ဝိညာဉ်ထဲမှ ဂုဏ်သိက္ခာတည်းဟူသော အချက်ကြောင့် ၎င်းက အလျော့ပေးရန် ငြင်းဆန်ကာ နောက်ထပ် ဟိန်းသံတစ်ခုကို ထုတ်ဖော်လိုက်ကာ ရှေ့သို့ တဟုန်ထိုး ထိုးတက်လာခဲ့သည်။
ဤကုန်းမြေ၌ မိုးကြိုးပေါက်ကွဲသံများက ပျံ့နှံ့ပဲ့တင်ထပ်လာခဲ့ကာ သားရဲနှစ်ကောင်၏ ကြမ်းကြုတ်သော တိုက်ပွဲ စတင်လေတော့၏။
“ဒါ…ဒါက ငွေရောင်ဦးချို မိုးကြိုးသားရဲ…” မိုးကြိုးတာအိုပညာရှင်၏ အကြည့်က ဝမ်လင်း၏ ငွေရောင်ဦးချိုမိုးကြိုးသားရဲအပေါ်သို့ ကျရောက်သွားကာ သူ့မျက်လုံးထဲ၌ တုန်လှုပ်မှုများနှင့် ပြည့်နှက်နေတော့သည်။
“မိုးကြိုးသားရဲတစ်ကောင် ပိုင်ဆိုင်တာက တစ်နည်းအားဖြင့် မိုးကြိုးမန္တာန်တွေကို ကျွမ်းကျင်နေတယ်လို့ ဆိုလိုနေတာပဲ…”
မိုးကြိုးတာအိုပညာရှင်၏ မျက်နှာထက်၌ ခါးသက်မှုတို့ ပြည့်နေ၏။ သူကသာ သည်နေရာသို့ လာရန် အမိန့်ပေးမခံရဘဲ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်အဖြစ် လွန်ခဲ့သော နှစ်ပေါင်းခုနစ်ဆယ်ခန့်က ခန့်အပ်ခြင်း မခံရခင်ကဆိုရင် သူကိုယ်တိုင်လည်း ဝမ်လင်းကို တမန်တော်တစ်ယောက်ဟု တွေးထင်မိပေလိမ့်မည်။
မိုးကြိုးကောင်းကင်ဘုံကျောင်းတော်တွင်လည်း ငွေရောင်ဦးချိုမိုးကြိုးသားရဲ ပိုင်ဆိုင်ထားသည်သာ ဖြစ်၏။ သို့သော် ဤအရာက လူအနည်းငယ်သာ ဖြစ်ကာ ကောင်းကင်အဆင့် တမန်တော်များထဲမှ လက်တစ်စုပ်စာ လူလောက်သာ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။သူကသာ ငွေရောင်ဦးချိုမိုးကြိုးသားရဲ တစ်ကောင်ကို ပိုင်ဆိုင်လိုက်ပါကာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်တွင် သူ့အဆင့်အတန်းကလည်း များစွာ တိုးတက်လာမည် ဖြစ်သည်။
သူ့မျက်လုံးများထဲ၌ ငွေရောင်ဦးချို မိုးကြိုးသားရဲကို ကြည့်နေရင်း လောဘရိပ်တို့ တက်လာ၏။ သည့်နောက် သူက ဝမ်လင်းထံသို့ ကြည့်လိုက်ကာ ချက်ခြင်းပင် လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ ယင်းနောက် သူ့လက်နှစ်ဖက်က ရုတ်တရက် အတူပူးကပ်သွား၏။သူက လက်ကို ပြန်ခွာလိုက်သည့်အချိန်တွင် သိပ်သည်းသော ငွေရောင်လျှပ်စီးဓားတစ်လက် ဖြစ်ပေါ်လာခဲ့သည်။
ထိုလျှပ်စီးက ဓားတစ်လျှောက် ရွှေ့လျားနေရင်း မိုးကြိုးတာအိုပညာရှင်က ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး ရုပ်သေးထံသို့ ညွှန်လိုက်၏။ ငွေရောင်ဓားရှည် တစ်လက်က မိုးကြိုးတာအိုပညာရှင်ထံကနေ ပျံသန်းထွက်သွားကာ ကောင်းကင်ဘုံသက်တော်စောင့်ရုပ်သေးထံသို့ ဦးတည်သွားလေသည်။
“ငါက ဒီလူ့ကို သတ်နိုင်သရွှေ့…ဒီမိုးကြိုးသားရဲကလည်း ပိုင်ရှင်မဲ့သွားလိမ့်မယ်။ အဲ့ကျရင် ဒီသားရဲက ငါ့ဟာပဲ…”
မိုးကြိုးတာအိုပညာရှင်က ဓားပျံကို ပစ်လွှတ်လိုက်ပြီးနောက် သူကိုယ်တိုင်လည်း ရှေ့သို့ ထိုးတက်လာခဲ့သည်။ သူ့လက်နှစ်ကို ဖွင့်ဟကာ အော်ပြောလိုက်၏။ “မိုးကြိုးကောင်းကင်ဘုံနယ်မြေ ပြစ်ဒဏ်…”
ခရမ်းရောင်လျှပ်စီးတန်းတစ်ခုက သူ့လက်ထဲ၌ ရုတ်တရက် ပေါ်လာခဲ့ကာ ပိုက်ကွန်တစ်ခု အသွင်သို့ ပြောင်းလဲသွား၏။ ၎င်းက ကျယ်လောင်သော တုန်ခါသံပြုကာ ဝမ်လင်းထံသို့ ပျံသန်းလာသည်။
ဝမ်လင်းအသွင်က ပုံမှန်ပင်။ သူ့သော် သူ့မျက်လုံးသူငယ်အိမ်က အနည်းငယ် ကျုံ့သွား၏။ သည်မိုးကြိုးတာအိုပညာရှင်က ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ဖို့ ထိုက်တန်ပေ၏။ သူ့ခန္ဓာကိုယ်က ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက်နေရုံမက မိုးကြိုးအပေါ် ထိန်းချုပ်နိုင်မှုသည်လည်း တုန်လှုပ်ဖွယ်ပင်။
“ဒီလူရဲ့ နယ်ပယ်က မိုးကြိုးနဲ့ ဆက်နွှယ်နေမှာ ငါ စိုးရိမ်မိတယ်…”
ဝမ်လင်း မျက်လုံးများက အေးစက်လာကာ သူက ညာလက်ဖြင့် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ရွှေရောင်ကောင်းကင်ဘုံ စုတ်တံတစ်ခုက သူ့လက်ထဲသို့ ရောက်ရှိလာ၏။
ဝမ်လင်းက ယင်းစုတ်တံကို လေထဲသို့ လှုပ်ခါလိုက်ရာ သင်္ကေတတစ်ခု ပေါ်လာသည်။ သူက ရပ်တန့်ခြင်းမပြုဘဲ ဆက်လက်၍ မြန်ဆန်စွာ စုတ်ချက်ခုနစ်ခုကို ရေးဆွဲလိုက်လေသည်။
စုတ်ချက်ခုနစ်ခုက သူ့အကန့်အသတ်ဖြစ်၏။ သူက စုတ်ချက်တစ်ခုစီအတွက် သူ့မူလစိတ်ဝိညာဉ် အပိုင်းတစ်ခုကို ခွဲခြမ်းထားရကာ စုတ်ချက်ခုနစ်ခုနှစ်အတွက် သူ့မူလစိတ်ဝိညာဉ်ကို ခုနှစ်ပိုင်း ခွဲခြမ်းထားရပေသည်။
ဝမ်လင်းမူလစိတ်ဝိညာဉ်က ရှေးဟောင်းမိုးကြိုးနဂါးကို စုပ်ယူပြီးသည့်နောက် ပြောင်းလဲသွားခဲ့ပြီး ဖြစ်သည်။ သူ့မူလစိတ်ဝိညာည် အပိုင်းခုနစ်ခုက ယင်းစုတ်တံထဲ၌ ပါဝင်နေသော်လည်း ထိုစုတ်ချက်ခုနစ်ခု သင်္ကေတက အရင်လို ရွှေရောင်တောက်ပမှု မရှိတော့ဘဲ မိုးကြိုးနှင့် ပြည့်နေသည့် အဖြူရောင်တောက်ပမှုကိုသာ ထုတ်လွှတ်လာခဲ့သည်။
သည်တစ်ကြိမ်က ၎င်းသင်္ကေတက ကောင်းကင်ဘုံသားတစ်ယောက်၏ ဖိအားသာမက ကောင်းကင်ဘုံမိုးကြိုး၏ တည်ရှိမှုဖိအားကိုပါ ထုတ်လွှတ်လာခဲ့သည်။ ထိုသင်္ကေတ ပြည့်စုံသွားသည်နှင့် လျှပ်စီးးများက ယင်းသင်္ကေတစ်လျှောက် ရွှေ့လျားရာကနေ အက်ကွသံများပါ ထွက်ပေါ်လာခဲ့သည်။
အံ့မခန်းအဖျက်အစီးအားတစ်ခုက မုန်တိုင်းတစ်ခုအလား သင်္ကေတထံကနေ ပေါက်ကွဲထွက်လာခဲ့သည်။ဤအရာက ကောင်းကင်ဘုံမိုးကြိုး၏ ခွန်အားပင်။
ယင်း ကောင်းကင်ဘုံမိုးကြိုးခွန်အား ထွက်ပေါ်လာသည့် အခိုက်တွင် သိပ်မဝေးသောနေရာတွင် တိုက်ခိုက်နေကြသော မိုးကြိုးသားရဲနှစ်ကောင်ကပါ ရပ်တန့်သွားကာ ကဲ၍ ကြည့်လာကြ၏။ ယင်းသားရဲနှစ်ကောင်က ရှေးဟောင်းကောင်းကင်ဘုံမိုးကြိုး၏ အငွေ့အသက်ပါဝင်နေသော မိုးကြိုးကို ကောင်းစွာ ခံစားမိနိုင်ကြသည်။
ဤရှေးဟောင်းကောင်းကင်ဘုံမိုးကြိုးက ရှေးဟောင်းမိုးကြိုးနဂါးထံကနေ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တုန်းက ရှေးဟောင်းမိုးကြိုးနဂါးများသည် ကောင်းကင်နှင့်မြေကြီးအတွက် မိုးကြိုးကို ထိန်းချုပ်ကြကာ ကောင်းကင်ဘုံမိုးကြိုးကို ထိန်းချုပ်နိုင်သည့် စွမ်းအားကို ရရှိလာခဲ့ခြင်းပင်။ ဝမ်လင်းက ရှေးဟောင်းမိုးကြိုးနဂါးကို ဝါးမြိုလိုက်ပြီးနောက် ၎င်းက သူ့မူလစိတ်ဝိညာဉ်နှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်လာခဲ့ကာ သူလည်း ထိုစွမ်းအားကို ရရှိလာခဲ့ခြင်း ဖြစ်သည်။ုပ်နိုင်မ
ထို့အတွက်ကြောင့် ဝမ်လင်းမူလစိတ်ဝိညာဉ်ထဲရှိ မိုးကြိုးသည် သည်ကမ္ဘာထဲရှိ အခြားမိုးကြိုးများအားလုံး၏ အထက်တွင် ရှိသည်ဟုပင် ပြောနိုင်ပေသည်။မိုးကြိုးတာအိုပညာရှင်က အခြားမန္တာန်များကို အသုံးပြုလျှင် သူ့အတွက် အဆင်ပြေပေဦးမည်။ သို့သော် သူက ဝမ်လင်းနှင့် မိုးကြိုးမန္တာန်ချင်း ယှဉ်ချင်ပါက သူ့အတွက် အနိုင်ရရန် အခွင့်မရှိပေ။
သူ့ကျင့်ကြံမှုအဆင့်က မြင့်မားသည် ဆိုလျှင်ပင် ဤအရာက လုံလောက်အောင် မြင့်မားခြင်း မဟုတ်သေးပေ။ သူက အစစ်အမှန် ဒုတိယအဆင့် ကျင့်ကြံခြင်းသို့ ရောက်နေမှသာ အနိုင်ရနိုင်မည် ဖြစ်၏။
ဝမ်လင်းက မိုးကြိုးနှင့်ပတ်သတ်၍ အနှိုင်းမဲ့သူ တစ်ယောက်ဖြစ်ကာ သည်ကမ္ဘာတွင် သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်သည့် မိုးကြိုးမန္တာန်ဟူ၍ မရှိပေ။
အခြားနည်းဖြင့် ပြောပါက ဝမ်လင်းသည် သက်ရှိထင်ရှား မိုးကြိုးနဂါးဟု တင်စားနိုင်ပေ၏။
စုတ်ချက်ခုနစ်ခု သင်္ကေတကို ရေးစွဲပြီးသည့်နောက် စုတ်တံက ယင်းသင်္ကေတကို ညင်သာစွာ တောက်ထုတ်လိုက်၏။ ထိုအခါ သင်္ကေတသည် မိုးကြိုးတာအိုပညာရှင်ထံသို့ ပျံသန်းသွားတော့၏။
မိုးကြိုးတာအိုပညာရှင်၏ အသွင်က သုန်မှုန်နေသည်။ သူက အံတင်းတင်း ကြိတ်ကာ သူ့လက်ဝါးထက်မှ မိုးကြိုးကို ထိုသင်္ကေတနှင့် တွေ့ဆုံရန် ရှေ့သို့ တွန်းထုတ်လိုက်သည်။
ဘုန်း…။
သင်္ကေတက ပျက်စီးသွား၏။ ထိုအခါ ဝမ်လင်း၏ မူလစိတ်ဝိညာဉ် အပိုင်းခုနစ်ခုကို သယ်ဆောင်ထားသော အဆုံးမဲ့အားက မိုးကြိုးတာအိုပညာရှင်ထံသို့ တိုက်ရိုက် ဖိနှိပ်လာခဲ့သည်။ သူ့လက်ထဲရှိ ခရမ်းရောင်လျှပ်စီးကလည်း ပျံ့ကျဲသွားကာ သူကသွေးများစွာ အန်ထုတ်လိုက်ရပြီး နောက်သို့ အသည်းအသန် ဆုတ်လိုက်ရ၏။
ဘုန်း..ဘုန်း…ဘုန်း…ဘုန်း…။ ပေါက်ကွဲမှုတစ်ခုတိုင်းက မိုးကြိုးတာအိုပညာရှင်၏ ခန္ဓာကိုယ်ထဲ၌ မူလစိတ်ဝိညာဉ်အပိုင်းတစ်ခုစီ ပဲ့တင်ထပ်နေခြင်း ဖြစ်သည်။ သူက နောက်ဆုတ်နေရင်း သွေးဆက်တိုက် အန်ထုတ်နေရ၏။
နောက်ဆုံး မူလစိတ်ဝိညာဉ် အပိုင်း ပဲ့တင်ထပ်သွားပြီးသည့်အခါ၌ မိုးကြိုးတာအိုပညာရှင်၏ မျက်နှာက ဖြူရောသွားသည်။ သူက နောက်သို့ ပေတစ်ထောင်ခန့် ဆုတ်လိုက်ရလေသည်။သူ့မျက်လုံးထဲ၌လည်း ကြက်သေသေနေမိသည်။
သည်အရာက သူ့ဘဝတွင် မိုးကြိုးမန္တာန်ကြောင့် ပထမဆုံးအကြိမ် ဖိနှိပ်ခံလိုက်ရခြင်း ဖြစ်နေ၏။ သူက သူ့ရန်သူနှင့် သူ့ကိုယ်သူနှိုင်းယှဉ်ကြည့်လျှင် သည်ရှုမူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ အစစ်အမှန်တမန်တော် ဖြစ်နေပြီး သူက အတုအယောင် ဖြစ်နေသည်ဟုပင် ခံစားလိုက်ရ၏။
သူ့မျက်လုံးများကလည်း ပိုမို သုန်မှုန်လာခဲ့သည်။
ဝမ်လင်းက စိတ်ထဲ၌ သက်ပြင်းချမိ၏။ သည်မိုးကြိုးတာအိုပညာရှင်က အမှန်တကယ်ကို ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူ ဖြစ်ဖို့ ထိုက်တန်နေ၏။ သူ့သင်္ကေတ၏ ထိမှန်ခြင်း ခံရတာတောင်မှ သူက ဒဏ်ရာသာ ရရှိခဲ့ကာ သူ့အမြုတေအပေါ်၌ မည်သည့် သက်ရောက်မှုမှ ဖြစ်မသွားခဲ့ပေ။
တစ်ဘက်၏ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်က အားကောင်းလွန်းလျကာ မူလစွမ်းအင်အချို့ပင် ရောယှက်နေသေး၏။ မိုးကြိုးက ထိုမိုးကြိုးတာအိုပညာရှင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားချိန်၌ ထိုမူလစွမ်းအင်၏အားကြောင့် ပျော်ဝင်သွားခဲ့ရသည်။
“မင်းက တော်တော်သန်မာတာပဲ။ မင်းက မင်းနယ်ပယ်ကို နားလည်ဖို့အတွက် ဒီရွင်ယွမ်ဂြိုဟ်မှာ တစ်ကိုယ်ရေ လာနေတာ ဖြစ်ရမယ်။ နောက်ထပ်နှစ်တစ်ရာလောက်သာ အချိန်ထပ်ပေးရင် မင်းက ငါ့ထက်တောင် သန်မာကောင် သန်မာသွားနိုင်တယ်။ မင်းသာ ငါနဲ့ ကျင့်ကြံမှုအဆင့်တူရင် ငါက သံသယမရှိ သေဆုံးရလိမ့်မယ်။ ဒါပေမဲ့လည်း မင်းကျင့်ကြံမှုအဆင့်က ပထမအဆင့်ကျင့်ကြံခြင်းမှာပဲ ရှိနေသေးတယ်…”
မိုးကြိုးတာအိုပညာရှင်က အသက်ဝဝရှူသွင်းကာ သူ့ဒဏ်ရာများကို ချက်ခြင်း ပြန်ကုစားလိုက်၏။
သို့ရာတွင် ဝမ်လင်းက သူ့ရန်သူ၏ ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်က အနည်းငယ် လျော့နည်းသွားသည်ကို ကောင်းစွာ ခံစားမိလိုက်သည်။
မိုးကြိုးတာအိုပညာရှင်က အလေးအနက် ပြောလာ၏။ “ငါ မင်းကို နောက်တစ်ခါ ထပ်ပြောမယ်။ ငါ့ကို ရုပ်သေးနဲ့ ငွေရောင်ဦးချိုမိုးကြိုးသားရဲ ပေးလိုက်ပါ။ ဒါဆိုရင် ငါမင်းကို ထွက်သွားခွင့် ပြုမယ်…။မဟုတ်ရင်တော့ မင်းက ဒီနေ့ ကျိန်းသေပေါက် သေရလိမ့်မယ်။ငါက သာမန်မန္တာန်တစ်ခုကိုပဲ အသုံးပြုခဲ့ရသေးတယ်။ ဒါပေမဲ့ မင်းက ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင်တော့ ငါက ဒုတိယအဆင့်ကျင့်ကြံသူ တွေသာ အသုံးပြုနိုင်တဲ့ မူလစွမ်းအင်မန္တာန်ကို အသုံးပြုရလိမ့်မယ်။ ဒါကို မင်းခုခံနိုင်မှာ မဟုတ်ဘူး…”
ဝမ်လင်းက တည်ငြိမ်စွာပင် သူ့သိုလှောင်အိတ်ထဲမှ ဓားကြီး တစ်လက်ကို ထုတ်ယူကိုင်ဆွဲလိုက်သည်။ သူက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ “တိုက်ကြတာပေါ့။ ငါ့ကို ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ မူလစွမ်းအင် မန္တာန်ကို အတွေ့အကြံယူခွင့် ပြုပါ…”
ဟွမ်မိသားစုဘိုးဘေး သို့မဟုတ် ချမ်ခိုင်ဇီ သို့မဟုတ် မိုးကြိုးတာအိုပညာရှင်တို့ကြားတွင် တူညီမှုတစ်ခု ရှိနေသည်ကို ဝမ်လင်းက သိခဲ့ပေ၏။ ယင်းတူညီမှုကတော့ မူလစွမ်းအင်ပင်။
အနှီမူလစွမ်းအင်က ဒုတိယအဆင့်ကျင့်ကြံသူများ၏ သော့ချက် ဖြစ်သည်မှာ ထင်ရှားနေ၏။
ယခုတိုက်ပွဲက ဝမ်လင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူနှင့် ကိုယ်တိုင်ကိုယ်ကျ ဆင်နွှဲသည် တိုက်ပွဲဟု ပြောနိုင်သည်။ ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူ၏ အံ့မခန်း ပြန်လည်ကောင်းမွန်နိုင်စွမ်းက ဝမ်လင်း စိတ်နှလုံးကို သုန်မှုန်သွားစေသည်။
တာအိုမိုးကြိုးပညာရှင်၏ အကြည့်က ဝမ်လင်းကို ကျော်၍ ဝမ်ဖျင်နှင့်ချင်ရီတို့ထံ ကျရောက်သွားသည်။ သူ့မျက်လုံးထဲကနေ ထူးဆန်းသောအလင်း တစ်ခုထွက်ပေါ်လာခဲ့သည်။သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “မင်းက ဒီလူသေတစ်ယောက်အတွက် မင်းနယ်ပယ် နားလည်မှုကို လက်လျှော့ခဲ့တာပေါ့။ ဒါက ဒီအဘိုးအိုကို တော်တော် ပဟေဠိ ဖြစ်စေတယ်…”
ဝမ်လင်းက နီရဲသော မျက်လုံးများဖြင့် ရုတ်တရက် မော့ကြည့်လာသည်။သူက သူ့လက်ထဲရှိ ဓားကို ပင့်မြှောက်ကာ အေးစက်စွာ ပြောလိုက်၏။ “ပါးစပ်ပိတ်ထားစမ်း…”
***