အခန်း ( ၂၆၉ )

ညမုဆိုးကို သတ်ရမယ်...

သူတို့သည်သာ ထိုကဲ့သို့အမူအရာများဖြစ်သွားကြခြင်းမဟုတ်ချေ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားအားလုံး၏ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် တဒိန်းဒိန်းခုန်နေကြသည်။ အချို့က မြိုသိပ်ထားသော်ငြား အချို့က ဟစ်ကြွေးနေကြသည်။ ဤသို့ဖြင့် မိုးကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်နိုင်သည့် စိတ်စွမ်းအားတစ်ခု မြင့်တက်လာကာ ဂိုဏ်းတည်ရှိရာ တောင်အားလုံးတွင်ပျံ့နှံ့သွား၏။

ပိုင်ရှောင်ချန်းက ပြန်ရောက်ခါစဖြစ်သဖြင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း စစ်ပြင်ဆင်နေချိန်တွင် ရှိမနေခဲ့ချေ။ သို့သော်လည်း ဖြစ်ပျက်နေသမျှအား သူကောင်းစွာတွေးနိုင်လေသည်။ ယခုအခါ ဂိုဏ်းသားများအားလုံးက တိုက်ခိုက်လိုစိတ်များနှင့် လုံးဝစည်းလုံးညီညွတ်နေကြသည်။

ဟိုယွင်ဖေးက ပိုင်ရှောင်ချန်းဘက်လှည့်ကာ ပြော၏။
” ရှောင်ချန်း.. မင်းထွက်သွားကြာပြီဆိုတော့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအကြောင်း ဘယ်ကြားမလဲ။ ညမုဆိုးလို့ခေါ်တဲ့ ကြောက်စရာလက်ရွေးစင်တစ်ယောက် အဲ့မှာ ပေါ်လာတယ်လေ။ သူက အလယ်တောင်ထိပ်ရဲ့ သွေးသခင်အဖြစ်တောင် ရွေးချယ်ခံလိုက်ရပြီ ”

“ဘာ… ”
ပိုင်ရှောင်ချန်းက ဂိုဏ်းနှစ်ဂိုဏ်းကြား စစ်ပွဲအကြောင်းတွေးလျက် စိုးရိမ်ကြောင့်ကြနေစဥ် ဟိုယွင်ဖေး၏စကားတို့ကို ကြားလိုက်ရသောအခါ သူ၏ မျက်လုံးအိမ်များ ကျဥ်းသွား၏။

” ဟုတ်တယ် ။ ပေလန်လဲ့ ၊ ဝိညာဥ်စွယ် ၊ ရှန်ကွမ်းထျန်ယုံနဲ့ ငါတို့ အကုန်လုံး သဘောတူညီချက်တစ်ခုလုပ်ထားတယ်။ ညမုဆိုးကို မြင်တာနဲ့ ငါတို့အတူပေါင်းပြီး သူ့ကို ချက်ချင်းသတ်ပစ်ကြမှာ။ ရှောင်ချန်း အဲ့အချိန်ကျရင် မင်းလဲ ကူညီမယ်မလား ”
ဟိုယွင်ဖေး၏ မျက်လုံးများတွင် သတ်ဖြတ်လိုသောဆန္ဒများဖြင့် တလက်လက်တောက်ပနေလေသည်။ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကိုရောက်ပြီးနောက် သူက ပြောင်းလဲသွားပြီဖြစ်သည်။ ယခု မည်သူ့ကိုမှ မမှီခိုတော့ချေ။ သို့သော်လည်း နောက်ဆုံးတွင် သူ၏ မိတ်ဆွေသံယောဇဥ်ကိုတော့ အရာအားလုံးထက် များစွာပို၍ ဆက်လက်တန်ဖိုးထားနေဆဲပင်ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ရင်တုန်နေလေသည်။ နှုတ်ခမ်းသပ်လိုက်ပြီး စကားပြန်ပြောရန်ပြင်လိုက်စဥ် ညမုဆိုးနာမည်ကြားသည်နှင့် သူ့ပတ်လည်တွင် သတ်ဖြတ်လိုစိတ် အငွေ့အသက်များ တဟုန်းဟုန်းထွက်ပေါ်လာ၏။ ရွှီပေါက်ချိုင်ပင်လျှင် ဒေါသထွက်ကာ အံကြိတ်ထား၏။

ဖက်တီးကျန်းကြီး၏ မျက်လုံးများမှာ မီးဝင်းဝင်းတောက်နေပြီး တစ်ဖွဲ့လုံးသည်လည်း ထိုနည်းတူပင်။ ဟိုရှောင်မေ့တစ်ယောက်သာ အနည်းငယ်ထိတ်လန့်နေပုံပေါ်လေသည်။

” အဲ့ကောင် ညမုဆိုးက ရက်စက် ကြမ်းကြုတ်တယ် ”
အေးစက်စက်နှာမှုတ်လျက် တစ်ယောက်က ထပြော၏။
“ ပြီးတော့ သူဘယ်နှစ်ယောက်သတ်ခဲ့လဲဆိုတာ ရေတွက်လို့တောင် မရဘူး။ ကျုပ်ကြားတဲ့ သတင်းတွေအရဆိုရင် လူတွေရဲ့သွေးကို သောက်ရတာ ကြိုက်တယ်ဆိုပဲ။ တကယ်တော့ သူက နေ့တိုင်းတော့ မသောက်ဘူးတဲ့ဗျ ..ဒေါသထွက်မှ သောက်တာတဲ့.။ အဲ့တာက သူကျင့်ကြံတဲ့ နည်းလမ်းနဲ့ဆိုင်တယ်လို့ကြားတာပဲ ”

” လူသွေးသောက်တယ်… ” ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားပြီး ပြောလိုက်သည်။ ထိုအကြောင်းမှာ အဓိပ္ပါယ်မရှိချေ။ မှတ်မိရသရွေ့ ထိုသို့သော အရာမျိုးတစ်ခုမှ သူမလုပ်ခဲ့ဖူးပေ။

” ကျုပ်ကြားတာကတော့ ညမုဆိုးက လူလိမ်တစ်ယောက်ဗျ ” အခြားတစ်ယောက်က ပြောပြန်သည်။
” သူက လုံးဝ အကျင့်မကောင်းဘူး။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာတော်တော် နာမည်ပျက်နေတာတဲ့။ သူက ဘယ်သူမှယှဥ်မပြိုင်ဝံ့အောင် အင်မတန် ရက်စက်လွန်းတယ်ဆိုပဲ ”

” အကျင့်မကောင်းတဲ့သူ ။ လူလိမ်တစ်ယောက်လား ” ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်သည်။ ထိုဖော်ပြချက်များမှာ သူနှင့် တစ်စက်ကလေးမျှပင် မနီးစပ်ချေ။

“အဲ့တာက ဘာမှ မဟုတ်ပါဘူးဗျာ” ရွှီပေါက်ချိုင်က မုန်းတီးခြင်းများ တောက်လောင်လျက်ပြောလိုက်သည်။
” ကျုပ်ကြားတာက သူကလေ ရုပ်အလောင်းသန့်စင်ရတာကို အင်မတန်နှစ်ခြိုက်သတဲ့။ ဘယ်လောက်ရွံစရာကောင်းလိုက်လဲ”

ပိုင်ရှောင်ချန်းမှာ ပို၍ပင် မျက်လုံး ပြူးသွားလေသည်။

လူတိုင်းက သူတို့သိသမျှ ညမုဆိုး၏ အကြောင်းတို့ကို အခြားသူများအား ဖောက်သည်ချနေကြသည်။

” ဘာပဲဖြစ်ဖြစ်.. သူက လက်ရွေးစင်အစစ်အမှန်ပဲလေ။ အစတုန်းကတော့ သူ့ကိုဘယ်သူမှ မသိဘူး.။ပြီးတော့ သူက လူသားတာအို အခြေခိုင်မာခြင်းအဆင့်မှာပဲ ရှိသေးတာလေ။ အဲ့တာတင် မကသေးဘူး… ရွှယ်မေ့နဲ့ အလယ်တောင်ထိပ်ရဲ့မဟာအကြီးအကဲကိုပါ တကယ်နိုင်ခဲ့တာဗျ။ စုန့်ချွဲကိုတောင် နင်းချပစ်လိုက်တာ.. ။ အဲ့လိုနဲ့ သွေးသခင်ဖြစ်လာတာပဲ ”

“သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ ခေါင်းဆောင်ကြီးတစ်ဦးကတောင် မွေးစားသားအဖြစ် ထားလိုက်တယ်ဆိုပဲ”

” ညမုဆိုးရဲ့ ဆေး တာအိုပညာကလည်း လုံးဝမိစ္ဆာဆန်တယ် ။ ဒါ့ကြောင့်ပဲ သူ့ကို ဝမ်းလျှောမိစ္ဆာလို့ခေါ်ကြတာ ”

လူများက ဆေးတာအိုပညာနှင့် ဝမ်းလျှောမိစ္ဆာအကြောင်းပြောကြသည်တွင် ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်ကြသည်။ ပိုင်ရှောင်ချန်း၏နှလုံးခုန်နှုန်း မြန်ဆန်လာသည်။

“အဲ့ညမုဆိုးက တကယ်ကို ဆိုးတာလား” ပိုင်ရှောင်ချန်းနှုတ်မှ လွှတ်ခနဲ ထွက်သွား၏။
” ကောလဟလတွေလည်း ဖြစ်နိုင်တာပဲလေ”
သို့သော်လည်း သူ ပြောပြီးသည်နှင့် ဖက်တီးကျန်းကြီးက လက်သီးဆုပ်လိုက်၏။

ပိုင်ရှောင်ချန်းက လေးလေးနက်နက်မရှိသည်ကို စိုးရိမ်ကာ သူကပြော၏။
” ရှောင်ချန်း…မင်းမသိဘူးနော်။ ညမုဆိုးရဲ့ ကြောက်စရာအကောင်းဆုံးအချက်က သူ့ရဲ့လူမဆန်တာကြောင့် မဟုတ်ဘူး။ နတ်ဘုရားအာရုံပ သူ မရှာတွေ့နိုင်တဲ့အရာမရှိဘူးကွ။ သူလက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ မိုးမြေအဆုံးသိနိုင်တယ် ။ သူက မင်းအကြောင်းကိုသိဖို့.. အဲ့နေရာမှာ အာရုံခံခဲ့တာကွ ။ ဒီကောင့်ကို ငါတို့ ကိစ္စတုံးပေးဖို့ လိုပြီ ”

သူ၏ပတ်လည်ရှိလူများက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

ပိုင်ရှောင်ချန်းက သူညမုဆိုးအနေဖြင့် ပြန်လာခဲ့စဥ်က အဖြစ်အပျက်များကို ပြန်ပြောင်းစဥ်းစားပြီး မျက်လုံးပြူးလျက် ဖက်တီးကျန်းကြီးကို ကြည့်လိုက်၏။

ရွှီပေါက်ချိုင်က အံကြိတ်ကာ ပြောသည်။
” ဟုတ်တယ် ..။ကျုပ်တို့ အဲ့ခွေးကောင်ကို အသက်ရှင်ခွင့်ပေးလို့မရဘူး။ ချီးပဲ.. ကျုပ်မှာသာ နတ်ဘုရားအာရုံရှိလို့ကတော့ ပျော်ပျော်ကြီးသေမယ်ဗျာ ။ ကျုပ်ကြားတာတော့ ဂိုဏ်းထဲမှာ ညမုဆိုးကို သတ်ဖို့ စိတ်ရောကိုယ်ပါမြှုပ်နှံပြီး ဖွဲ့ထားတဲ့ အဖွဲ့ဆယ်ဖွဲ့ လောက်ရှိတယ်တဲ့ ”

” အမွေဆက်ခံသူအဆင့်ကျင့်ကြံသူတွေက သူ့ကိုသတ်ဖို့ သစ္စာဆိုထားတယ်လို့ ထုတ်ပြန်ထားတယ်။ ပြီးတော့ ဂိုဏ်းစောင့်အကြီးအကဲတွေလည်း အစီအစဥ်တွေ သေချာဆွဲထားတယ်။ကျုပ်ကြားတာကတော့ ဂိုဏ်းခေါင်းဆောင်က သူ့ခေါင်းအတွက် ဆုငွေအကြီးကြီးထုတ်ထားတယ်တဲ့”

“စတိုက်တာနဲ့..ညမုဆိုး သတ်ခံရမှာ သံသယဝင်စရာမလိုဘူး ”

ပိုင်ရှောင်ချန်းနှင့် သူ့မိတ်ဆွေများမှာ တာအိုသစ်စေ့တောင်နှင့် နီးလာသည်နှင့်အမျှ သူ့နဖူးတွင် ချွေးသီးချွေးပေါက်တို့ကျလာလေသည်။ သူမှားခဲ့သည်ကို ခံစားလိုက်ရလေသည်။ ညမုဆိုးဖြစ်ချိန်တုန်းက သည်လောက် လူအများကြီးကို သူ့ကို သတ်ချင်လောက်သည်အထိ စိတ်အနှောင့်အယှက်မပေးခဲ့ချေ။

အမွေဆက်ခံသူအဆင့်ကျင့်ကြံသူများနှင့် ဂိုဏ်းစောင့် အကြီးအကဲများက သူ့ကို သတ်ရန်စီစဥ်နေသည်နှင့် သူ၏ဂိုဏ်းခေါင်ဆောင် အစ်ကိုကြီးက ဆုငွေထုတ်ထားသည်မှာ အမှန်ပင်ဖြစ်လေသည်။ ပိုင်ရှောင်ချန်းမှာ ရင်တဒိန်းဒိန်းခုန်နေပြီး သူစကားပြောရန်ပြင်လိုက်စဥ် အသံကြီးတစ်ခုက တာအိုသစ်စေ့တောင်မှ ဟိန်းထွက်လာ၏။ ၄င်းက ဂိုဏ်းခေါင်းဆောင် ကျန်းယွမ်သုန်မှလွှဲ၍ တခြားမဟုတ်ချေ။

“ပိုင်ရှောင်ချန်း.. ခုချက်ချင်းလာတွေ့စမ်း ”

“ဘာကြီးတုန်း..”
ပိုင်ရှောင်ချန်းက လန့်ဖျန့်ကာ ထခုန်မိလေသည်။ သူက မျက်နှာကို ပွတ်သပ်လိုက်ပြီး ညမုဆိုးမျက်နှာဖုံးတပ်မထားကြောင်း သေချာစေလိုက်သည်။ အံ့သြနေသော ရောင်းရင်းများကို ရင်တုန်တုန်ဖြင့် နှုတ်ဆက်လိုက်ပြီးနောက် ကျန်းယွမ်သုန်စောင့်နေသည့် ခန်းမထဲသို့ ပျံသန်းသွားလိုက်သည်။

ရောက်သည်နှင့် သူက အပြင်မှာ တခဏကြာ ချီတုံချတုံဖြစ်ပြီးနောက် အသက်ရှးလေ့ကျင့်ခန်းလုပ်လိုက်ပြီးနောက် ခန်းမထဲဝင်သွားလိုက်သည်။ ဘေးဘီဝဲယာကို ကြည့်ပြီးနောက် လက်ပိုက်ပြီး ကျန်းယွမ်သုန်က ကျောပေးလျက်ထိုင်နေသည်ကို တွေ့လိုက်၏။

ခန်းမထဲတွင် မီးအိမ်အလင်းက မှိတ်တုတ် မှိတ်တုတ်ဖြစ်နေပြီး ဖိအားတစ်ခုက ပြည့်နှက်နေလေသည်။ ပိုင်ရှောင်ချန်းက အပြစ်ရှိသလို ခံစားနေရပါသော်လည်း ယခုတွင်မူ ပို၍ပင် စိတ်လှုပ်ရှားလာ၏။

“ဂိုဏ်းခေါင်းဆောင် အစ်ကိုကြီး ”

“ပိုင်ရှောင်ချန်း မင်း..ဘယ်ရောက်နေခဲ့တာလဲကွ” မျက်လုံးများက လျှပ်စီးလက်သည့်အလား စူးရှနေလျက် ကျန်းယွမ်သုန်က ခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်းပြောလိုက်၏။ သူ၏ အသံက မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားပြီး သူ၏ကျင့်ကြံခြင်းအခြေခံက အခြေခိုင်မာခြင်းမဟာစက်ဝန်း၏ ဖိအားများထုတ်လွှတ်၍ တောက်လောင်နေလေသည်။ သူက အမြုတေအဆင့်ရောက်ရန် ဆံတစ်မျှင်စာမျှသာ လိုတော့သည်။

၄င်းက ကျင့်ကြံခြင်းအခြေခံ၏ ဖိအားမျှသာ ဖြစ်သဖြင့် ပိုင်ရှောင်ချန်းက စိတ်မပူတော့ချေ။ သို့သော်လည်း ကျန်းယွမ်သုန်နှင့် လီချင်းဟောက်တို့ကို ကြောက်သည့်အတွက်ကြောင့် သူ၏ အစ်ကိုကြီးမှ ဒေါသထွက်စွာ ဆူပူမာန်မဲမှုကို ပိုင်ရှောင်ချန်းက ညမုဆိုးဖြစ်ရပ်နှင့် ပတ်သက်ပြီး ရိပ်မိသွားသည်ဟု ထင်သွားလေသည်။

“ဂိုဏ်းခေါင်းဆောင်အကိုကြီး.. ကျုပ်အမှားလုပ်မိတာ သိပါတယ်….” သူက မျက်ရည်စမ်းစမ်းဖြင့် ပြောလိုက်သည်။ သူ၏အတွေးထဲတွင် ဂိုဏ်းခေါင်းဆောင်က ညမုဆိုးမှန်းသိသွားလျှင် သူ လုပ်ရမည့်အကောင်းဆုံးအရာမှာ အမှားကိုဝန်ခံရမည်ဖြစ်သည်။

” မင်းကွာ….တော်တော်မိုက်ရူးရဲဆန်တာပဲ ”
ကျန်းယွမ်သုန်က ဒေါသခြောင်းခြောင်းထွက်ကာ ပြောလိုက်၏။
” ဒုက္ခမရှာခင် မင်းစဥ်းကောစဥ်းစားဖူးလား.. မင်း အပြင်ထွက်ပြီး အတွေ့အကြုံရဖို့တောင်းဆိုတယ်.. အဲ့တာက ဘာမှမဖြစ်သေးဘူး..ဒါပေမယ့်..မင်းရဲ့အငွေ့အသက် တွေကိုဖုံးကွယ်ဖို့.. အဝေးကြီးသွားတယ် …မင်းကို ရှာနေတဲ့ လူသတ်သမားတွေ ဘယ်လောက်များလဲ သိလားကွ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ သွေးသခင်လေးယောက်က မင်းကိုသတ်မယ်လို့ ကျမ်းကျိန်ထားတာကော မင်းသိလား…ဟမ်…။ အေး..ရှာသာတွေ့သွားလို့ကတော့ မင်းဘယ်တော့မှ လွတ်မှာမဟုတ်ဘူးကွ”

” ဂိုဏ်းက မင်းတံခါးပိတ်ကျင့်ကြံနေတယ်လို့ သတင်းဖြန့်တာပဲ တတ်နိုင်တယ်..ပြီးတော့ မင်းကို တိတ်တဆိတ်လိုက်ရှာနေခဲ့ကြရတာ ။ အရှေ့ဘက်သစ်တောဒေသမှာ မင်းကို မြေလှန်ပြီး ရှာခဲ့ရတာကွ”

ပိုင်ရှောင်ချန်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး စိတ်သက်သာရာရသွားသဖြင့် သက်ပြင်းချလိုက်သည်။သူ စိတ်ထိခိုက်သွားပြီး ကျိုးနွံစွာ ခေါင်းငုံလိုက်ကာ သူ၏အမှားများအား ဝန်ချတောင်းပန်လိုက်သည်။

ကျန်းယွမ်သုန်က အနည်းငယ်ဆက်ဆူနေပြီး ပိုင်ရှောင်ချန်း၏အမူအရာကို ကျေနပ်သွားသောအခါ အေးစက်စက် နှာမှုတ်လိုက်သည်။ထိုအခိုက်တွင် ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံက အလယ်ပိုင်းအခြေခိုင်မာခြင်းအဆင့်သို့ပင် ရောက်နေကြောင်းသိလိုက်သည်တွင် သူ၏ မျက်လုံးအကြည့်တို့က နူးညံ့သွား၏။ သို့သော်လည်း သူက ဒေါသထွက်ပုံပေါ်နေဆဲပင်။

“ကောင်းပြီလေ… ဘယ်ရောက်နေခဲ့လဲ..ဘာကြောင့် အငွေ့အသက်တွေကို လက်စဖျောက်ခဲ့လဲ မမေးတော့ပါဘူး။မင်းက ကလေးလဲ မဟုတ်တော့ဘူး။ ဘယ်လိုဆင်ခြင်ရမလဲ မင်းသိပါတယ်။ ငါမင်းကို ခေါ်ရတဲ့ အကြောင်းရင်းက တာဝန်ချပေးမလို့ပဲ”

ပိုင်ရှောင်ချန်းက ဂိုဏ်းခေါင်းဆောင်၏လက်ဟန်ခြေဟန်ကို ကြည့်ခြင်းအားဖြင့် သူထွက်သွားပြီးလက်စဖျောက်ခဲ့သောကြောင့် မည်မျှဝေးဝေးရှာခဲ့ရကြောင်း ပြောနိုင်လေသည်။ အားကိုးအားထားရမည့်ပုံဖမ်းလိုက်ပြီး သူက ရင်ဘတ်ကို ပုတ်ကာ ဟစ်ကြွေးလိုက်၏။
” အစ်ကိုကြီး.. စကားတစ်လုံးသာပြောလိုက်စမ်းပါ.။ ဓားတောင်ပဲတက်ရ၊ မီးပင်လယ်ပဲ ဖြတ်ရ ဘာပဲပြောပြော နာခံမယ်”

ပိုင်ရှောင်ချန်းက ဆက်ပြီးဟန်ပြချင်သေးသော်လည်း အရမ်းလွန်ကဲသွားမှာလည်း စိုးလေသည်။ သူ၏ စကားလုံးများက အထင်ကြီးစရာကောင်းစေကာမူ ထိုတာဝန်ကို လက်ခံမည်ဟု လက်တွေ့တွင် မပြောဝံ့ချေ။

ကျန်းယွမ်သုန်က ဟန်ပါပါဖြင့် အင်္ကျီလက်ကို ခါလိုက်ပြီး ပြော၏။
” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနဲ့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း စစ်ပွဲက စတော့မယ် ။ မင်းတာဝန်က စစ်မြေပြင်မှာ အခွင့်ရေးကိုစောင့်ပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ သွေးသခင်လေးယောက်ထဲက အားအနည်းဆုံးဖြစ်တဲ့ ညမုဆိုးကို သတ်ပစ်ဖို့ပဲ ”

” ဟမ် ”
ပိုင်ရှောင်ချန်းက တွေးလိုက်ပြီး ရူးချင်သွားလေသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက သူ့ကို ပိုင်ရှောင်ချန်းအား သတ်ခိုင်းပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာတော့ ညမုဆိုးကို သတ်ခိုင်းပြန်လေသည်။

သူ့ကိုယ်သူသတ်ရမည့်အရေးကို ကြိုးစားတွေးနေရသည်မှာ အကြံအိုက်လာသဖြင့် ပိုင်ရှောင်ချန်းမှာ မျက်မှောင်ကြုတ်သွား၏။

ကျန်းယွမ်သုန်က သူမျက်နှာပျက်သွားသည်ကို မြင်သည်နှင့် သံသယဖြစ်ကာ မေးလိုက်သည်။

“ဘာမှားလို့လဲ.. သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသွေးသခင်တွေအားလုံး သေသင့်တယ်ကွ”

ပို၍ပင် စိတ်လှုပ်ရှားလာကာ ပိုင်ရှောင်ချန်းက စိတ်နှင့်လူပြန်ကပ်သွားပြီး ပြောလိုက်သည်။
” ဂိုဏ်းခေါင်းဆောင်အစ်ကိုကြီး စိတ်မပူနဲ့။ အဲ့ကောင် ညမုဆိုးကလူလိမ်တဲ့..ပြီးတော့ လူသွေးသောက်ရတာကြိုက်တယ်ဆိုပဲ။ သူကဖော်ပြမနိုင်လောက်အောင် စက်ဆုပ်ဖို့ကောင်းတာ ။ သက်ရှိအားလုံးရဲ့ အပြစ်ပေးမှုနဲ့ လုံးဝကိုထိုက်တန်တယ် ။ ကျုပ်ကြားတာကတော့ သူက အလယ်တောင်ထိပ်ရဲ့ မဟာအကြီးအကဲကို မြူဆွယ်တာတင်မကဘူး.. သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းခေါင်းဆောင်ကြီးတွေရဲ့ မျက်နှာသာပေးတာလဲ ခံရတယ်ဆိုပဲ။ အဲ့ကောင်လို လူတစ်ယောက်ကို ကျုပ် သေချာပေါက် သုတ်သင်ပေးဦးမှာ”
သူက အမှန်အကန်ဒေါသထွက်နေသည့်ပုံပေါ်သော်လည်း ထုံးစံအတိုင်း စိုးရိမ်သောကရောက်နေလေသည်။

“ဒီတော့.. မင်းက ညမုဆိုးအကြောင်း တော်တော် သိနေပြီပေါ့” ကျန်းယွမ်သုန်က အတော်အံ့သြသွားပုံပေါ်လေသည်။

ပိုင်ရှောင်ချန်းက စိတ်ထဲတွင် အော်ဟစ်လိုက်သည်။ ယနေ့ သူပြောခဲ့သည့်စကားတစ်ခုမှ အမှန်ထွက်မလာချေ။ ပို၍ပင်စိတ်လှုပ်ရှားသွားပြီး သူက ဆက်ပြောလိုက်၏။
” ကျုပ်၊ ပိုင်ရှောင်ချန်းက ဖြောင့်မတ်တည်ကြည်မှုကို မြတ်နိုးတန်ဖိုးထားတယ်ဗျ။ ဂိုဏ်းအပြင်မှာ လှည့်သွားနေတဲ့ အတောအတွင်း အဲ့ဒီအရူးညမုဆိုးအကြောင်းကြားတယ်။ ဂိုဏ်းခေါင်းဆောင်အစ်ကိုကြီးခင်ဗျား..သိပ်မပူမနေနဲ့.. ကျုပ်ပိုင်ရှောင်ချန်းက တာဝန်ကို အောင်မြင်စေရမယ်လို့ အာမခံတယ်”

ကျန်းယွမ်သုန်၏ အကြည့်က တဖြည်းဖြည်းနူးညံ့လာသည်။

” မင်းရဲ့ ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်ကျင့်ကြံခြင်းအခြေခံနဲ့ အလယ်ပိုင်းအခြေခိုင်မာခြင်းအဆင့်နဲ့သာဆိုရင် စစ်မြေပြင်မှာ ညမုဆိုးကို သတ်ဖို့ အခက်အခဲမရှိလောက်ပါဘူး ။ ငါ အခြားသူတွေကိုလည်း မင်းနဲ့အတူ တာဝန်ချထားတယ်.. တချို့က ဂိုဏ်းစောင့်အကြီးအကဲနဲ့.. အမွေဆက်ခံသူအဆင့် ကျင့်ကြံသူတွေပါမယ် ။ သူတို့က မင်းအခွင့်အရေးရအောင် လုပ်ပေးလိမ့်မယ်”

“မှတ်ထား… မင်းဒီတာဝန်ကို အောင်မြင်ရမယ် ပြီးရင် သွေးသခင်ညမုဆိုးကို သတ်ရမယ် ။ မင်းလုပ်နိုင်ရင် အမြုတေအဆင့်မရောက်ပဲနဲ့ အမွေဆက်ခံသူအဆင့်ကို တက်ရောက်နိုင်မယ်”

“အမွေဆက်ခံသူအဆင့်ဆိုတာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ တကယ့်အခြေခံအုတ်မြစ်ပဲ။ ဘယ်လောက်ပဲ အခြေအနေဆိုးဆိုး ဂိုဏ်းတစ်ခုလုံးရဲ့ အင်အားက အမွေဆက်ခံသူကို ကာကွယ်စောင့်ရှောက်ဖို့ အာရုံစိုက်လိမ့်မယ် ” ထိုစကားလုံးများနောက်ကွယ်မှအကြောင်းအရာများက ပိုင်ရှောင်ချန်းကို တုန်လှုပ်သွားစေသည့်တိုင်အောင် သူ၏နှလုံးအိမ်တွင် နွေးထွေးမှုများ ပေါက်ဖွားလာစေလေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset