Switch Mode

အပိုင်း(၇၅၀)

ပြောင်းလဲမှု စတင်လာခြင်း…

သေမျိုးတစ်ယောက်၏ ဘဝ သက်တမ်းသည် ရာစုနှစ်တစ်ခုမျှသာ ဖြစ်သည်။သို့သော် လူများစွာက သက်တမ်းပြည့် နေနိုင်ကြခြင်း မရှိပေ။

ဝမ်ဖျင်က အသက် (၇၂)နှစ်သို့ ရောက်လာသည့်အချိန်တွင် သူ့ဘဝ၏ အဆုံးသပ်ခါနီးအချိန်ကို ခံစားမိလာခဲ့သည်။သူ့ခန္ဓာကိုယ်က ကျန်းမာနေသေးသော်လည်း သူက သူ့ဘဝ၏ အဆုံးသပ်ခါနီးကို ရှင်းရှင်းလင်းလင်း ခံစားမိနေဆဲသာ။

စွန်ထိုင် ထွက်ခွာသွားချိန်တုန်းကကဲ့သို့ ယခုနှစ်ဆောင်းရာသီက အဝင်စော၏။ နျင်းများက လမ်းများထက်တွင် ပြည့်နှက်လို့နေသည်။ထို့ကြောင့် ရွာသူရွာသားများက အပြင်သို့ သိပ်မထွက်ကြတော့ဘဲ ဆောင်းရာသီကို သူတို့ချစ်သောသူများနှင့်သာ အတူ ဖြတ်ကျော်လို့နေကြသည်။

ဆောင်းလေအေးက ကျီစယ်တိုက်ခိုက်လို့နေ၏။

သည်နှစ် ဆောင်းရာသီက ယခင်နှစ်ထက်ပင် ပို၍ အေးလှသည်ဟု ထင်ရ၏။ဆောင်းလေက အရိုးကွဲလောက်အောင် အေးစက်နေခဲ့သည်။ အထူးသဖြင့် ညပိုင်းတွင် ဖြစ်သည်။

ရွာလေး၏ အနောက်ပိုင်းရှိ အိမ်လေးတစ်အိမ်၌ မီးတောက်များက ပြတင်းပေါက်ကနေ၍ တောက်ပကာ နွေးထွေးမှုကို ပေးစွမ်းလို့နေသည်။သို့ရာတွင် ဆောင်းရာသီ၏ ညချမ်းအအေးဒဏ်နှင့် ယှဉ်လျှင် ယင်းနွေးထွေးမှုက မသိသာတော့ပေ။

ကောင်းကင်ထက်၌လည်း နှင်းများအဆက်မပြတ် ကျဆင်းနေရုံကလွဲ၍ မှောင်မိုက်လို့နေသည်။

ဝမ်ဖျင်က လက်ထဲ၌ ပန်းပုထွင်းသည့် ဓားကို ကိုင်ဆောင်ထားရင်း ကုလားထိုင်ပေါ်တွင် ထိုင်နေ၏။ သူက ပန်းပုရုပ်တစ်ရုပ်ကို ထွင်းထုလို့နေသည်။ သူက သူ့ဘဝအဆုံးသပ်ခါနီးချိန် ဝမ်းနည်းအောက်မေ့မှုကို သစ်သားပေါ်တွင် ထွင်းလို့နေခြင်းပင်။

သူက သူ့အဖေ၏ ရုပ်သွင်ကို ထွင်းထုနေခြင်း ဖြစ်သော်လည်း ယခုသူ့အဖေက ပို၍ အိုမင်းနေသည့်ပုံ ပေါ်နေ၏။

သည်နှစ်၌ ဝမ်လင်းက သူ့ကလေးဘဝနှင့် ဆေးများ သောက်ခဲ့ရသည့် အကြောင်းကို မကြာခဏ အိပ်မက်မက်တက်၏။ အတိတ်တုန်းက ထိုဆေးအရသာက ခါးသက်လှသော်လည်း ယခု ပြန်တွေးကြည့်တော့ ချိုမြိန်နေသည်ဟုပင် ထင်နေရ၏။ ထိုချိန်မြိန်မှုက သူ့ခံစားမိသည့် နွေးထွေးမှုမှ ထွက်ပေါ်လာခြင်းသာ ဖြစ်သည်။

ချင်ရီကလည်း သူ့ဘေးတွင် ထိုင်ကာ သူ့ကို ကြည့်လို့နေ၏။ သူမ၏ နူးညံ့သော မျက်ဝန်းထဲ၌ ဝမ်းနည်းမှုတို့ ရောယှက်ကာ နေသည်။

ဝမ်ဖျင်က တိုးညင်းစွာ ပြောလိုက်၏။ “ငါ သေသွားပြီးရင် ဒီပန်းပုရုပ်တွေကို မီးရှို့ပစ်လိုက်ပါ…”

သူက သူ့လက်ထဲရှိ နောက်ဆုံးပန်းပုရုပ်ကို ကြည့်လိုက်၏။ ယင်းပန်းပုရုပ်က တစ်ဝက်သာ ထွင်းပြီးသေးသဖြင့် သူက ဆက်လက်၍ အပြီးသပ်နေ၏။

အခန်းနံရံ ထက်တွင် သစ်သားစင်ကြီး တစ်ခု ရှိနေ၏။ ထိုသစ်သားစင်ပေါ်တွင် ပန်းပုရုပ်ပေါင်း တစ်ရာကျော် တင်ထားသည်။ ထိုပန်းပုရုပ်တစ်ခုစီတိုင်းက ဝမ်လင်း၏ရုပ်သွင်ကို ထွင်းထုထားသော ပန်းပုရုပ်များသာ ဖြစ်နေသည်။

ဝမ်လင်းပန်းပုရုပ်၏ ဘေးနားတွင်တော့ ကလေးငယ်တစ်ယောက်၏ရုပ်တု တစ်ချို့လည်း ရှိလို့နေသေး၏။ ထိုကလေးငယ်က သူ့အဖေလက်ကို ဆွဲကိုင်ထားရင်း ကျေနပ်စွာပြုံး၍ တွယ်တာမှုကို ပြသလို့နေသည်။

ဝမ်ဖျင်က ပန်းပုထွင်းနေသော သူ့လက်ကို ကြည့်လိုက်ကာ ခပ်တိုးတိုး ဆိုလိုက်သည်။ “အဖေ…ကျွန်တော်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အဖေ့ကို ခွင့်လွှတ်ပေးခဲ့ပြီးပါပြီ…”

ထို မှောင်မိုက် အေးစက်သော ဆောင်းညတွင် လျှပ်စီးတန်းတစ်ခုသည် ရွင်ယွမ်ဂြိုဟ် ရှိရာသို့ နီးကပ်လာခဲ့၏။ ထိုလျှပ်စီးတန်းက ဂြိုဟ်၏ လေထုကို ဖြတ်ကျော်လာကာ မိုးကြိုးတန်းများကပါ ဆင်းသက်လာပြီး ရွင်ယွမ်ဂြိုဟ်တစ်လျှောက် ပဲ့တင်ထပ်စေသည်။

ဤအခိုက်အတန့်၌ အေးစက်စက် ဆောင်းလေပြင်းပင် ပြိုပျက်သွားခဲ့ရပေသည်။

ထိုအခိုက်အတန့်၌ ရွင်ယွမ်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူအားလုံးသည် သည်အားကောင်းသော အော်ရာကို သတိပြုမိလိုက်ကြာ၏။သူတို့၏ နားထဲ၌လည်း မိုးကြိုးခွန်အားတစ်ခုက ပေါက်ကွဲ မြည်ဟီးကုန်၏။

စွန်မိသားစု၏ဘိုးဘေး စွန်ရှီက နှစ်ပေါင်းများစွာ ကြာအောင် တံခါးပိတ်ကျင့်ကြံနေ၏။သို့သော် ထိုအခိုက်အတန့်၌ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ ဖျပ်ခနဲပင် သူက ကောင်းကင်ထက်သို့ ရောက်ရှိသွားကာ အပေါ်သို့ မော့ကြည့်လိုက်၏။ ချက်ခြင်းပင် သူ့အသွင်က ပြောင်းလဲသွားခဲ့သည်။

“ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နဲ့ မိုးကြိုးလဲ….”

စွန်ရှီက လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်၏။ သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့လို့သွားခဲ့သည်။

သူ့ဘေးတွင်လည်း စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူများ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြ၏။ စုစုပေါင်း ရှစ်ယောက်တိတိ ရှိလေသည်။ စွန်ချီမင်က ပြောလိုက်၏။ “ဘိုးဘေး..ကြည့်ရတာ တစ်စုံတစ်ယောက်က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာနေတဲ့ပုံပဲ…”

ရွင်နှင့်ကျိုး မိသားစုများလည်း ထွက်လာကြသည်။သို့ရာတွင် သူတို့က စွန်မိသားစုလောက် သန်မာအားကောင်းကြခြင်း မရှိတော့ပေ။ တကယ်တော့ သူတို့မိသားစုနှစ်စု၏ ကျွမ်းကျင်သူများက လွန်ခဲ့သောအချိန်အတန်ကြာကတည်းက ဂြိုဟ်မှ ထွက်သွားခဲ့ပြီ မဟုတ်လား။

ရေပြင်ကျယ်မြို့ ဝမ်စံအိမ်ခြံဝန်းထဲ၌ ဝမ်လင်းက သူ့ အရက်အိုးကို အောက်ချကာ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ သူ့မျက်လုံးထဲ၌ မည်သည့် လင်းလက်မှုမှ ရှိမနေဘဲ ထိုအခြင်းအရာက သူ့ကို အစစ်အမှန်အဘိုးအို တစ်ယောက်ဟု ထင်မှတ်စေရ၏။

သူက တစ်ချက်သာ ကြည့်၍ ခေါင်းပြန်ငုံ့ကာ အရက် ဆက်သောက်နေလိုက်သည်။

လျှပ်စီးများ လွှမ်းခြုံနေသော ကြီးမားလှသည့် သားရဲကြီးက ကောင်းကင်ထက်၌ ဖြတ်သန်း ရွှေ့လျားလာသည်။၎င်း၏ ကျောပေါ်တွင်တော့ သက်လတ်ပိုင်းလူကြီး တစ်ယောက် ထိုင်နေ၏။ သူကတော့ ကောင်းကင်ဘုံမိုးကြိုးကျောင်းတော်မှ မိုးကြိုးတာအိုပညာရှင်ပင်။

သူ့ မျက်လုံးများက လျှပ်စီးတန်းများအလား ကမ္ဘာမြေပေါ်သို့ အေးစက်စွာ ကြည့်လာ၏။ သူ့နတ်ဘုရားအာရုံက ဂြိုဟ်တစ်ခုလုံးကို မည်သည့်အရာကိုမှ အရေးမစိုက်ဟန်ဖြင့် သိမ်းကြုံး ဖြန့်ကျက်လိုက်သည်။ သူ့ နတ်ဘုရားအာရုံက ရေပြင်ကျယ်မြို့ကိုပါ ဖြတ်သန်းလို့သွား၏။

သို့ရာတွင် အချို့အကြောင်းပြချက်များကြောင့် သူက ဝမ်လင်းထံ၌ သူ့နတ်ဘုရားအာရံကို ရပ်တန့်လိုက်ခြင်း မပြုပေ။

သူ့နတ်ဘုရားအာရုံ သိမ်းကြုံး ဖြတ်သန်းသွားစဉ် ရွင်ယွမ်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူတိုင်းက တုန်ယင်သွားကြ၏။

သေမျိုးများသည်လည်း ထိုသို့ ခံစားလိုက်ရသည်သာ။ သို့သော် သူတို့ကတော့ ဤသို့ဖြစ်ရသည့် အကြောင်းရင်းကို မသိနိုင်ကြချေ။

သည်အခိုက်အတန့်၌ ဂြိုဟ်တစ်ခုလုံးသည် မကြုံစဖူး တိတ်ဆိတ်လာခဲ့၏။

သိပ်မကြာခင်တွင် မိုးကြိုးတာအိုပညာရှင်က သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းကာ မျက်မှောင်ကြုတ်လိုက်၏။ သူက ဂြိုဟ်တစ်ခုလုံးကို ရှာဖွေပြီး ဖြစ်သော်လည်း လိုအပ်ချက်နှင့် ကိုက်ညီသူ မည်သူ့ကိုမျှ မတွေ့ခဲ့ရပေ။

သူ့ နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်သည့် အချိန်၌ နှင်းများက နောက်တစ်ဖန် ပြန်လည် ကျဆင်းလာကာ ဆောင်းလေအေးကလည်း တကြော့ပြန် လှုပ်ရှားလာခဲ့တော့၏။

“ကြည့်ရာတာ ဒီဂြိုဟ်ကနေ သူ ထွက်သွားတာ တော်တော်ကြာခဲ့ပြီနဲ့ တူတယ်။ ဒီလူက တကယ် ကံကောင်းသွားတယ်…”

မိုးကြိုးတာအိုပညာရှင်က လှည့်၍ ထွက်ခွာသွားဟန် ပြင်လိုက်၏။ သို့သော် သူ့မျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းလို့သွားသည်။ သူ့ နတ်ဘုရားအာရုံ မြန်ဆန်စွာပင် ထပ်မံလှုပ်ရှားသွားကာ ရွင်ယွမ်ဂြိုဟ်ပေါ်ရှိ တောင်ခြေရွာငယ်လေးတစ်ရွာအပေါ်သို့ ကျရောက်သွား၏။

ထိုနတ်ဘုရားအာရုံ ဖြတ်သန်းလာသည့်အခါ၌ ချင်ရီက ရုတ်တရက် ဖြူရောသွားကာ သူမ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။သူမခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များကလည်း ပျက်စီးသွားကာ ပြန်ကောင်းမွန်ရန် အချိန်အတန်ကြာ လိုအပ်ပေတော့မည်။

ဝမ်ဖျင်က မှင်သက်သွား၏။ သူက ခေါင်းမော့ကာ ချင်ရီထံသို့ ကြည့်၍ နူးညံ့စွာ မေးလိုက်သည်။ “ချင်ရီ…ဘာဖြစ်လို့လဲ…”

ချင်ရီက စကားပြောဟန် ပြင်လိုက်စဉ်မှာပင် သူမအသွင်က ချက်ခြင်း ပြောင်းလဲသွားပြီး သွေးအန်ထုတ်လိုက်ရ၏။ ပြင်းထန်သောနတ်ဘုရားအာရုံက နှင်းများကို လွင့်စင်ထွက်သွားကာ သည်နေရာသို့ တိုက်ရိုက် ဆင်းသက်လာချေသည်။

သည်နတ်ဘုရားအာရုံက ကမ္ဘာမြေတစ်ခုလုံးကို တုန်ယင်သွားစေလိုက်သည့်အထိပင် အားကောင်းလှ၏။

အခန်းအပြင်ဘက်နှင့် နှင်းနှင့်လေများက လှုပ်ရှားနေရာကနေ နောက်တစ်ဖန် ရပ်တန့်သွားရပြန်သည်။

ချင်ရီ၏ ဖြစ်ပေါ်ခါစ မူလစိတ်ဝိညာဉ်သည် စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ် ရုန်းကန်လာ၏။ ထို့ကြောင့် သူမက ဝမ်လင်း ရှေ့သို့ ထိုနတ်ဘုရားအာရုံ မရောက်ခင် ကြိုရောက်သွားလိုက်နိုင်၏။

သူမအသွင်က အိုမင်းနေပြီ ဖြစ်သော်လည်း သူမမျက်လုံးထဲ၌ အလျော့မပေးမှုတို့က ထွက်ပေါ်လို့နေ၏။

“စိတ်ဝင်စားစရာပဲ…” အေးစက်စက်အသံတစ်ခုက အခန်းထဲသို့ ဝင်ရောက်လာကာ ပဲ့တင်ထပ်သွား၏။

ထိုအသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အခန်းတံခါးပွင့်သွားကာ သက်လတ်ပိုင်းလူကြီး တစ်ယောက် လှမ်းလျှောက်၍ ဝင်လာလေသည်။ သူက အထဲသို့ ဝင်လာသည့်အခိုက်တွင် ချင်ရီ၏မျက်နှာက သေလောက်အောင် ဖြူရောလို့သွား၏။

သူက ထိုလူ့ထံမှ အံ့မခန်းအော်ရာကို ခံစားမိနေ၏။ ထိုအော်ရာက ခုခံနိုင်စွမ်းမဲ့ခြင်းကို ဖြစ်စေသည်။

ထိုလူ့ရှေ့တွင် ချင်ရီက သူ့ကိုယ်သူ ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားလိုက်ရ၏။ သူမက ထိုသူ၏ အတွေးတစ်ချက်ဖြင့်ပင် သူမလိုလူမျိုး မြောက်များစွာ သေဆုံးသွားနိုင်သည်ဟု ခံစားမိနေ၏။ သူမက အုတ်ဂူမရှိဘဲ သေဆုံးကာ ပြန်လည်မွေးဖွားပင် မရှိအောင် ဖြစ်သွားနိုင်ပေသည်။

ထိုသူ၏ ပတ်လည်၌ လျှပ်စီးများက တဖျပ်ဖျပ် လင်းလက်လို့နေ၏။ သူ့ပတ်လည်ရှိ ရွှေ့လျားနေသောလျှပ်စီးများက သူ့ကို မိုးကြိုးကောင်းကင်ဘုံသား တစ်ယောက်ကဲ့သို့ ထင်မှတ်ရအောင် ပြုလုပ်ပေးနေသည်။

သူက အခန်းထဲသို့ ဝင်လိုက်သည်နှင့် လျှပ်စီးများက အခန်းနံရံများ တစ်လျှောက် ပျံ့နှံ့သွားကာ အိမ်တစ်ခုလုံးက လျှပ်စီးလှောင်ချိုင့်တစ်ခုလို ဖြစ်တည်သွားခဲ့၏။

အပြင်ဘက်တွင်တော့ မိုးကြိုးသားရဲက ပျင်းရိလေးတွဲစွာ ကောင်းကင်ထက်၌ လှဲလျောင်းလို့နေ၏။၎င်း၏ မျက်လုံးထဲ၌လည်း အထင်သေးမှုတို့နှင့် ပြည့်လို့နေသည်။သည်ကမ္ဘာထဲရှိ မည်သည့်အရာကမျှ ၎င်း၏ အာရုံကို အနည်းငယ်ပင် မဖမ်းစားနိုင်ဆိုသည့် ပုံစံမျိုးနှင့် အနှီသားရဲက ရှိလို့နေခြင်းပင်။ ဤအရာကပင် မိုးကြိုးသားရဲ ဖြစ်လေ၏။ ရှေးဟောင်းမိုးကြိုးကောင်းကင်ဘုံနယ်မြေမှ တော်ဝင်သားရဲ တစ်မျိုး ဖြစ်သည့်အတွက် ဂုဏ်မောက်နေခြင်းမျိုးပင်။

၎င်း၏ သွေးမျိုးဆက်က အလွန်သန့်စင်ခြင်း မရှိတော့သော်လည်း ၎င်း၏ ဘိုးဘေးများနှင့် ကြီးမားစွာ ကွာဟ သွားပြီဖြစ်သော်လည်း ယင်းဝင့်ထည်မှုက ၎င်း၏ အရိုးများထဲကနေ ထွက်ပေါ်နေခြင်း ဖြစ်လေသည်။

ဝမ်ဖျင်က သစ်သားပန်းပုရုပ်ကို အောက်ချကာ ချင်ရီအနားသို့ လာရပ်၏။ သူက သက်လတ်ပိုင်းလူကြီးကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။ “သင်က ဘယ်သူလဲ…”

ခုလက်ရှိတွင် ဝမ်လင်းက သေမျိုးတစ်ယောက် မဟုတ်တော့သည့်အလားပင်။ သူ့မျက်လုံးထဲရှိ တည်ငြိမ်မှုက အတုအယောင် မဟုတ်ပေ။ အမှန်အကန် တည်ငြိမ်မှုပင် ဖြစ်၏။ သူက ချင်ရီ ရှေ့တွင် ယောက်ျားသားတစ်ယောက်၏ ဝင့်ထည်မှုမျိုးဖြင့် မားမားမတ်မတ် ရပ်နေခြင်းပင်။

ထိုအရာများအားလုံးက သူ့အဖေ ဝမ်လင်းကြောင့်သာ ဖြစ်ပေ၏။ ဆယ့်ကိုးနှစ် သာမန်ဘဝ၊ ရှစ်နှစ်တာ စွန့်စားခရီးဆန့်ထွက်မှု၊ နှစ်သုံးဆယ်ကျော် သေမျိုးများကြား အနှိုင်းမဲ့အုပ်ချုပ်သူ ဖြစ်ခဲ့ခြင်းက သူ့နှလုံးသားကို ကောင်းကင်ဘုံကိုပင် မကြောက်လန့်အောင် ပုံပေါ်ပေးလိုက်ခြင်းပင်။ သူက ကောင်းကင်ပြိုကျလာမည်ကိုပင် မစိုးရိမ်သည့်အတွက် သည်ကျင့်ကြံသူအတွက်ဆို ပြောစရာပင် မလိုတော့ပေ။

ချင်ရီက ဝမ်ဖျင်မျက်လုံးများကို ငေးမောကြည့်နေမိ၏။ သည်အခိုက်အတန့်၌ ဝမ်ဖျင်၏ ပုံရိပ်က သူမစိတ်ထဲတွင် ထာဝရ စွဲထင်မိသွားချေလေပြီ။ ချင်ရီမျက်ဝန်းထဲရှိ နူးညံ့မှုက ပို၍ တောက်ပလာခဲ့၏။ သူမက ကျင့်ကြံမှုအဆင့် လွင့်ပြယ်သွားသော်လည်း သူမ ယောက်ျားဖြစ်သူ၏ ဘေးနားတွင် မားမားရပ်ကာ ထိုသက်လတ်ပိုင်းလူကြီးအား တည်ငြိမ်စွာ ကြည့်လို့နေလိုက်၏။

သက်လတ်ပိုင်းလူကြီးက ဝမ်ဖျင်ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်၏။ သူ့မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လို့နေသည်။ ထိုအကြည့်က ဝမ်ဖျင်ကို ထွင်းဖောက် မြင်နိုင်စွမ်း ရှိနေသည်ဟု ထင်မှတ်ရ၏။

သူ့ နတ်ဘုရားအာရုံကို သည်နေရာသို့ ဆင်းသက်စေလိုက်ခြင်း အကြောင်းရင်းက သူ့ရှေ့ရှိ လူကြောင့်သာ ဖြစ်၏။ထိုသူက သေမျိုးတစ်ယောက်မျှသာ ဖြစ်သည်။ သို့သော် ကျန်သည့် သေမျိုးအားလုံးကဲ့သို့ ထိုသူက သူ့နတ်ဘုရားအာရုံဖြတ်ကျော်သွားသည့် အချိန်တွင် တုန်လှုပ်သွားခဲ့ခြင်း မရှိပေ။ ကြည့်ရသည်မှာ ထိုသေမျိုးက သူ့နတ်ဘုရားအာရုံကိုပင် သတိမပြုလိုက်မိသည့်ပုံ ပေါ်နေသေး၏။

ထို့အတွက်ကြောင့်လည်း သူက စိတ်ဝင်စားသွားကာ သူ့နတ်ဘုရားအာရုံကို သည်နေရာသို့ ကျရောက် ပိတ်လှောင်ထားစေလိုက်ခြင်း ဖြစ်သည်။

သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “စိတ်ဝင်စားစရာပဲ။ မင်းကို ငါ့နတ်ဘုရားအာရုံ ဖြတ်ကျော်မသွားနိုင်တာ အံ့အားသင့်စရာ မရှိတော့ဘူးပဲ…။ဒါက ဒီလိုကို…”

သက်လတ်ပိုင်းလူကြီးက အခန်းထဲသို့ ခြေလှမ်းလိုက်သည့်အခိုက်အတန့်၌ ဝေးကွာသောနေရာရှိ ရေပြင်ကျယ်မြို့တွင် ဝမ်လင်းက အရက် ထိုင်သောက်နေရာကနေ ရုတ်တရက် မတ်တပ် ထရပ်လာ၏။ သူ့ညာလက်ထဲရှိ အရက်အိုးသည်လည်း ကွဲကြေသွားသည်။

ဝမ်လင်းက ခေါင်းမော့လိုက်၏။ နှစ်ပေါင်းများစွာ မည်သည့်တောက်ပမှုမှ မရှိသည့် သူ့ မျက်လုံးများက‌ အဆုံးစွန်အေးစက်မှုကို ထုတ်ဖော်လာခဲ့လေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset