လရောင်က တောက်ပကာ ကြယ်များက မှိတ်တုတ်မှိတ်တုတ်နှင့် လင်းလက်လို့နေသည်။
ဆောင်းဦးလေက ဝမ်လင်းအသံနှင့်အတူ ရောယှက်နေကာ ခြံဝန်းထဲမှ ထွက်ခွာမသွားလိုသည့်နှယ် ရှိနေသည်။ ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ လူငယ်တစ်ယောက်၏ ပုံပြင်က ကံကြမ္မာအလှည့်အပြောင်း အချိုးအကွေ့များကြား ဝမ်းနည်းရိပ်တို့ သမ်းနေသည်။ ထိုခံစားချက်က ဆောင်းဦးလေနှင့်အတူ ပို၍ အားကောင်းလာခဲ့လေ၏။
ချင်ရီက ထိုပုံပြင်ကို တိတ်တဆိတ် နားထောင်နေရင်း မျက်ဝန်းထဲမှ မျက်ရည်များ စီးကျလို့နေ၏။ပုံပြင်တစ်ဝက် အရောက်တွင် ဝမ်ဖျင်က ခေါင်းငုံ့ကာ သူ့မျက်နှာကို ဝှက်ထားလိုက်သည်။
“အဲ့တာတွေ ပြီးတဲ့နောက်မှာ သူက အဲ့ကလေးကို ခေါ်ဆောင်ပြီး ရွင်ယွမ်ဂြိုဟ်ပေါ်မှာ အထိုင်ချခဲ့တယ်…”
ဝမ်လင်း၏ ငယ်ဘဝဇာတ်ကြောင်းက ဤသို့ဖြင့် အဆုံးသပ်လို့သွားသည်။ သူက အရက်အိုးကို ကောက်ယူကာ တစ်ကျိုက်မော့သောက်လိုက်သည်။ သည့်နောက် ကောင်းကင်ထက်သို့ မော့ကြည့်ကာ တွေဝေငေးမောလို့နေ၏။
ချင်ရီက သူမရှေ့ရှိ အဖေနှင့်သားကို ဘယ်ပုံဘယ်ဝါမှန်း မသိသည့် ခံစားချက်ဖြင့် ငေးကြည့်နေမိ၏။ သူမက ဝမ်ဖျင်လက်မောင်းကို အလိုလို ဆုပ်ကိုင်မိလိုက်ရာ သူ့လက်များက အေးစက်လို့နေသည်ကို တွေ့လိုက်ရချေသည်။
ဝမ်စံအိမ်၏ ခြံဝန်းက အဆုံးစွန် တိတ်ဆိတ်လို့နေ၏။ အချိန်အတန်ကြာပြီးနောက် ဝမ်ဖျင်က ခပ်ရှရှအသံနှင့် ပြောလာသည်။ “ဒီပုံပြင်က တော်တော်လေးလှတာပဲ။ အဖေ…သား ပင်ပန်းနေပြီ…”
သည့်နောက် ဝမ်ဖျင်က မတ်တပ်ထရပ်ကာ ခြံဝန်းထဲရှိ အခန်းတစ်ခုရှိသို့ လှမ်းလျှောက်၍ သွားလေ၏။ ချင်ရီကလည်း ဝမ်လင်းကို ဦးညွတ်ကာ ဝမ်ဖျင်နောက်သို့ လိုက်ပါလို့သွားသည်။
ခြံဝန်းထဲ၌ ဝမ်လင်း တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။ သူက တိတ်ဆိတ်စွာ ထိုင်၍ အကွာအဝေးတစ်ခုသို့ ငေးမောကြည့်နေသည်။
အချိန်မည်မျှကြာသွားမှန်း မသိပြီးနောက် ဝမ်လင်းက သက်ပြင်းချကာ ခေါင်းငုံ့လိုက်လေ၏။ သည့်နောက် သူက အရက်အိုးကို ကောက်ယူကာ တစ်ကျိုက်တည်း မော့သောက်ချလိုက်တာ့၏။
ဝမ်ဖျင်သည် ထိုည၌ အိပ်မပျော်ခဲ့ပေ။
သူက အခန်းထဲ၌ ထိုင်နေရင်း ကောင်းကင်ထက်သို့ နာကျင်သောမျက်လုံးတစ်စုံဖြင့် ရီဝေစွာ ငေးကြည့်လို့နေခဲ့သည်။ချင်ရီက သူ့ဘေး၌ ထိုင်နေကာ သူ့လက်ကို ဆုပ်ကိုင်ပေးထား၏။ သူမက မည်သည့်စကားမှ မဆိုဘဲ သူနှင့်အတူ တိတ်ဆိတ်စွာ အဖော်ပြုပေးလို့နေသည်။
“ဒါက အဖြေပဲ။ ဒါက ငါနှစ်ခြောက်ဆယ်လောက် စောင့်နေခဲ့ရတဲ့ အဖြေပဲ…”
ဝမ်ဖျင်မျက်လုံးထဲ၌ နာကျင်မှုက ပို၍ အားကောင်းလာခဲ့၏။
“ငါဟာ ငါ့အမေ မကျေမချမ်းစိတ်ဝိညာဉ်အဖြစ် သန့်စင်ပစ်ခြင်း ခံထားရတဲ့လူပဲ…”
ဝမ်ဖျင်က ခေါင်းငိုက်စိုက်သွားသည်။သူ့မျက်နှာပေါ်၌ ခါးသီးမှုနှင့် ဝမ်းနည်းနာကျင်မှုတို့သာ ပြည့်လို့နေ၏။
နောက်တစ်နေ့ မနက်ခင်းအစောပိုင်းတွင် ဝမ်ဖျင်က ချင်ရီနှင့်အတူ ထွက်ခွာသွားခဲ့သည်။
သူက သူ့အဖေကို စကားတစ်ခွန်းမှ မဆိုခဲ့ပေ။ယုတ်စွအဆုံး သူ့အဖေကို ကြည့်ပင် မကြည့်ခဲ့ချေ။ သူက အစောကြီး တိတ်တဆိတ် ထွက်ခွာသွားခဲ့ခြင်း ဖြစ်၏။ သူက မြင်းလှည်းပေါ်တွင် ငြိမ်သက်တိတ်ဆိတ်စွာ ထိုင်လျက် ရေပြင်ကျယ်မြို့နှင် သာ၍ ဝေးရာ ဆီသို့ ထွက်ခွာသွားခဲ့တော့သည်။
သူက ထွက်ခွာသွားချိန်၌ အကွာအဝေးတစ်ခုမှ သူ စီးနင်းလိုက်ပါသွားသည့် မြင်းလှည်းကို တိတ်တဆိတ် ငေးကြည့်နေသော အကြည့်တစ်ခုကိုတော့ သတိမပြုမိခဲ့ပေ။ထိုအကြည့်ထဲ၌ လောက၏ အကောင်းအဆိုးတို့ကို ကြံကြံခံခဲ့မှုတို့ ပြည့်နှက်လို့နေ၏။
ဝမ်လင်းက အခန်းထဲကနေ လှမ်းထွက်လာကာ ခြံဝန်းထဲ၌ ထိုင်၍ ကောင်းကင်ထက်သို့ ငေးကြည့်နေပြန်သည်။ “တစ်နေ့မှာ သား နားလည်ကောင်း နားလည် လာနိုင်မှာပါ…”
သူက ခပ်တိုးတိုး ညည်းတွားလိုက်လေ၏။
ဝမ်ဖျင်က မည်သည့်နေရာသို့ သွားရမှန်း မသိပေ။သူက ဦးတည်ရာမဲ့ ဆက်၍ သွားနေ၏။ သူက အလွန်ပင်ပန်းမှုကို ခံစားနေရသည်။သူက ခေါင်းပင် မော့မကြည်နိုင်လောက်အောင် ပင်ပန်းနေခဲ့လေပြီ။
ဝမ်ဖျင်က ခပ်တိုးတိုး ဆိုလာ၏။ “ချင်ရီ…ငါ အရမ်းပင်ပန်းလွန်းနေပြီ။ ငါတို့ တိတ်ဆိတ်တဲ့ တောင်ခြေရွာလေးတစ်ခု ရှာပြီး နေကြရအောင်…”
ချင်ရီက ခေါင်းညိတ်လိုက်၏။ သူမမျက်လုံးထဲ၌ နူးညံ့ကြင်နာမှုတို့အပြည့်နှင့်ပင်။
ဝမ်ဖျင်နှင့်ချင်ရီတို့က သာမန်တောင်ခြေရွာလေး တစ်ရွာတွင် အခြေချကာ အေးဆေးသောဘဝတွင် နေထိုင်ကြတော့၏။ သူတို့က ငယ်ရွယ်သူများ မဟုတ်တော့သည့် အပြင် သူ့ဘဝ ဖြတ်သန်းမှု ပုံရိပ်များက ဝမ်ဖျင် မျက်လုံးထဲ၌ တဖျပ်ဖျပ် ပေါ်လာခဲ့လေ၏။
သူ့တစ်ဘဝလုံးတွင် ဆယ့်ရှစ်နှစ်ကို သာမန်ဘဝ၊ ရှစ်နှစ်ကို ကမ္ဘာမြေအနှံ့ ခရီးဆန့်ခြင်း၊ နောက်ထပ်နှစ်ဆယ့်ငါးနှစ်ကို တိုက်ပွဲများနှင့်၊ ကျန်သည့် ဆယ်နှစ်ကို သေမျိုးများကြား အနှိုင်းမဲ့အုပ်ချုပ်သူ အဖြစ် ရှင်သန်ခဲ့ပေ၏။ ၎င်းက တိုတောင်းလှသော်လည်း သာမန်လူများအတွက်တော့ စိတ်လှုပ်ရှားစရာပင် မဟုတ်လော။
သို့ရာတွင် အဆုံးသပ်၌ သူက စမှတ်ကို ပြန်ရောက်ကာ သူ့ သာမန်ဘဝနေထိုင်မှုသို့ ပြန်ရောက်လာခဲ့၏။ သူက မနက်ခင်း အစောပိုင်းတွင် အိပ်ယာထ၊ခြံဝန်းထဲ၌ သစ်သားများ ထွင်းထုခြင်းဖြင့် ကုန်ဆုံး၏။ သည်သာမန်ဘဝတွင် သူက နွေးထွေးလို့နေ၏။ ချင်ရီကလည်း သူ့ဘေးတွင် အမြဲအတူရှိနေပေးကာ သူ သစ်သားထွင်းထုနေသည်ကို နူးညံ့စွာ ငေးကြည်နေစမြဲပင်။
“တစ်ခါက သစ်သားပန်းပုထွင်းဖို့ သူတို့ရဲ့ စိတ်နှလုံးကို အသုံးပြုရတယ်လို့ အဖေ ပြောခဲ့ဖူးတယ်။သူတို့ရဲ့မှတ်ဉာဏ်တွေကိုသာ ဒီ ပန်းပုထွင်းခြင်းပေါ်မှာ ရေးထွင်းထားနိုင်တယ်တဲ့…”
ဝမ်ဖျင်က သူ့ရှေ့မှ သစ်သားပန်းပုရုပ်ကို ကောက်ကိုင်ကာ ဆက်လက်၍ ထွင်းထုလို့နေ၏။ ထိုအခါ သစ်သားစ အမှုန်အမွှားများက လေနှင့်အတူ မြောလွင့်လို့သွားသည်။
ထွင်းလက်စ သစ်သားပန်းပုရုပ်ကို ပြန်ချလိုက်ပြီးနောက် ဝမ်ဖျင် မျက်လုံးထဲ၌ အတိတ်ကို လွမ်းဆွတ်မှုတို့ ပေါ်ထွက်လို့လာသည်။ သူက တိုးညင်းစွာ ဆိုလိုက်၏။ “ဒီပန်းပုရုပ်က အဖေပဲ…”
ယင်းပန်းပုရုပ်သည် ဝမ်လင်းပင်။ ထိုလူငယ် ဝမ်လင်းက ကြမ်းကြုတ်သောမျက်လုံးကို ပိုင်ဆိုင်ကာ လက်နောက်ပစ်လျက် ကမ္ဘာလောကအား မော်ကြွားစွာ ကြည့်နေသည့်ပုံပင်။
အချိန်က ဖျပ်ခနဲပင် နောက်ထပ် ဆယ်နှစ် ကုန်လွန်သွားခဲ့ပြန်လေပြီ။
အချိန်၏ တိုက်စားမှုက ပြန်လည်မွေးဖွားခြင်း စက်ဝန်းတစ်ခု၏ အရိပ်အယောင်များကို ဆေးကြော ပစ်နိုင်ရန် မစွမ်းသာပေ။ ရှင်သန်ခြင်း၊သေဆုံးခြင်းတို့က ဆက်လက်၍ ဖြစ်တည်နေကာ မည်သူကမျှ ကောင်းကင်ဘုံ၏ ချမှတ်ထားသည့် ယင်းလမ်းကြောင်းကနေ မလွတ်မြောက်နိုင်ကြပေ။
ဆယ်နှစ်က ကြာရှည်သည့်ကာလတစ်ခုပင်။ သို့သော်လည်း အမှန်တကယ်အားဖြင့် တိုတောင်းသည်ဟု ခံစားရမိပြန်သည်။
ဝမ်လင်းအတွက်တော့ ထိုတိုတောင်းသော ဆယ်နှစ်တာက အလွန်ကြာမြင့်လှသည်ဟု ခံစားရ၏။
သူ့ဆံပင်များပင် ဖြူစွတ်ကုန်ပြီ ဖြစ်ကာ အတိတ်က တောက်ပမှုများ ရှိလို့မနေတော့ပေ။ သူ့မျက်နှာကလည်း အိုစာသွားခဲ့လေ၏။ သူက မျက်လုံးမှိတ်ထားလိုက်ချိန်တွင် သူက ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲသို့ ဝင်ရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
သည် တည်ငြိမ်သော ဆယ်နှစ်တာအတွင်း ကောင်းကင်နှင့်မြေကြီးအပေါ် သူ့နားလည်မှုက ပို၍ပင် ရှင်းလင်း လေးနက်လာခဲ့လေ၏။ သူက ထိုနားလည်မှုကို ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းနေခြင်း မဟုတ်ပေ။ သူက အမှုမဲ့အမှတ်မဲ့ဖြင့် ဉာဏ်အလင်း ရရှိလာခဲ့ခြင်းသာ။
ထိုအရာက ခြံဝန်းထဲရှိ သစ်ပင်တော်တော်များများ ပြန်လည်မွေးဖွားခြင်း စက်ဝန်းကို မလွန်ဆန်နိုင်သည့်အတွက်ကြောင့် သေဆုံးသွားခဲ့ရသည်နှင့် အလားသဏ္ဌာန်တူ၏။သို့ရာတွင် ၎င်းတို့က သေဆုံးပြီးသည့်နောက် အသစ်တစ်ဖန် မွေးဖွားလာကြပြန်သည်။
သေခြင်းရှင်ခြင်း နယ်ပယ်အတွင်း ရှင်သန်ခြင်း၏ ပြောင်းလဲမှုများက နေရာတိုင်းတွင် ရှိနေ၏။ အရင်တုန်းက ဝမ်လင်းသည် သည်အရာ၊သည်နားလည်မှုကို မတွေ့မြင်ခဲ့ပေ။ သို့ရာတွင် ခုချိန်၌ သူ ကြည့်လိုက်သည့်နေရာတိုင်း၌ သူက ရှင်သန်ခြင်းတည်းဟူသော ဘဝကို မြင်တွေ့နေရလေ၏။
သဘောကတော့ ပန်းမန်များနှစ်စဉ် ခြောက်သွေ့သွားသလို နှစ်စဉ်လည်း ပြန်လည် ဖူးပွင့်လာသကဲ့သို့ပင်။
အခြားတစ်ဖက်တွင်လည်း အချို့လူများ သေဆုံးသွားကာ ကျန်တစ်ဖက်တွင်လည်း အချို့လူများ ပြန်မွေးဖွားလာကာ ညီမျှနေသကဲ့သို့ပင်။
ထိုအခြင်းအရာထဲ၌ ကံကြမ္မာပါ ပါဝင်နေသည်ဟုပါ ပြော၍ ရနိုင်၏။
ဝမ်လင်းက ဝမ်စံအိမ်တွင် တစ်ဦးတည်းသော နေထိုင်သူ ဖြစ်လာခဲ့သည်။ ပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်းများကလည်း ထိုအရာနှင့် အသားကျနေခဲ့ပြီ ဖြစ်သည်။ ပတ်ဝန်းကျင် အနီးအနားမှ ကလေးများသည် ဝမ်စံအိမ်သို့ မကြာမကြာ ကစားရန် ရောက်လာတက်ကြ၏။ အစပိုင်း၌ သူတို့က ဝမ်လင်းကို ကြောက်လန့်နေကြသေးသည်။သို့သော် နောက်ပိုင်းတွင်တော့ သူတို့က ဒီအဘိုးအိုက ကြောက်ဖို့မကောင်းကြောင်း သိသွားခဲ့ကြလေ၏။
ဝမ်စံအိမ်က တဖြည်းဖြည်းဖြင့် ကလေးများ ကစားရန်အတွက် နေရာတစ်ခုလို ဖြစ်လာခဲ့သည်။ဝမ်လင်းကလည်း နေ့စဉ်နေ့တိုင်း ကလေးများ ကစားနေခြင်းကို ကြည့်ရှုလို့နေခဲ့ကာ သူ့စိတ်နှလုံးသားက တည်ငြိမ်လို့နေ၏။
မျိုးဆက်သစ်များသည် ကိုယ်ပိုင်ကံကြမ္မာအခွင့်အလမ်းများ ရှိကြပေ၏။ ထို့အတွက်ကြောင့် သူက ဘယ်အရာကိုလုပ်၊ ဘယ်အရာကို မလုပ်နှင့် စသဖြင့် မပြောပေ။ တကယ်တော့ ဝမ်ဖျင်၏ နားလည်မှုသည်လည်း ဝမ်ဖျင်ကိုယ်တိုင်ပေါ်တွင်သာ မှီတည်နေသည် မဟုတ်လား။
ဝမ်လင်းက ကလေးတစ်ယောက်ကို လွတ်လပ်စိတ်ထားနှင့် ကောင်းကင်နှင့်မြေကြီးကို သူ့ဟာသူ ရှုမြင်သင့်သည်ဟု ယုံကြည်ပေသည်။
ဆယ်နှစ်ကြာမြင့်ပြီးနောက် ဝမ်ဖျင်ကလည်း ပို၍ အသက်ကြီးရင့်လာခဲ့၏။ သူက သူ့ဘဝ နေဝင်ချိန်သို့ပင် ခြေလှမ်းလာခဲ့လေပြီ။သို့သော် သူက သူ့လက်ထဲရှိ ပန်းပုရုပ်ကိုတော့ ဘယ်သောအခါမှ ချပစ်ခဲ့ခြင်း မရှိပေ။
ဝမ်ဖျင်က တိုးညင်းစွာ ပြောလိုက်၏။ “အဖေပြောတာမှန်တယ်…။သာမန်ဘဝကမှ ပိုကောင်းမွန်သေးတယ်။ ငါ့မှာသာ ရွေးချယ်ခွင့်ရှိရင်…ဒါမှမဟုတ် နောက်ဘဝတစ်ခုသာ ရရှိခဲ့ရင် ငါက အဖေနဲ့အတူ သာမန် တောင်ခြေရွာလေးမှာ ရိုးရှင်းတဲ့ဘဝကို အတူနေရဖို့ မျှော်လင့်မိပါတယ်…”
သူ့ဘေးရှိ ချင်ရီက ဝမ်ဖျင်ကို တိတ်တဆိတ်ငေးမောကြည့်နေရင်း နူးညံ့စွာ ပြောလာ၏။ “နင်က နားလည်သွားခဲ့ပြီပဲကို…ဒါဆိုဘာကြောင့် အဖေ့ကို သွားမတွေ့တာလဲ…”
ဝမ်ဖျင်က သူ့အဖေပန်းပုရုပ်ကို ပြန်ချလိုက်၏။ သည်အရာက လွန်ခဲ့သောဆယ်နှစ်က သူထွင်းထုခဲ့သော သူ့အဖေ၏ ပန်းပုရုပ်တုပင် ဖြစ်သည်။ သူက စားပွဲရှေ့ရှိ ခုံပေါ်တွင် ထိုင်ချကာ ညင်သာစွာ ပြောလိုက်၏။ “စားကြစို့…”
“ချင်ရီ…နင် နားမလည်ပါဘူး…” ဝမ်ဖျင်က အသက်ကြီးရင့်လာသည်နှင့်အမျှ သူ့မျက်လုံးထဲရှိ ဉာဏ်ပညာအရိပ်အယောင်ကလည်း ပို၍ အားကောင်းလာခဲ့လေသည်။
“ငါ့စိတ်ထဲမှာ အမေနဲ့ ပတ်သတ်တဲ့ မေးခွန်းအပြင် အဖေ့ကို မမေးဝံ့တဲ့ အကြောင်းတစ်ခုလည်း ရှိနေသေးတယ်။ ငါက အဖေ ငါ့ကို ဘာကြောင့် မကျင့်ကြံခိုင်းရတာနဲ့ ပတ်သတ်ပြီး သံသရဝင် ခံစားမိတာ တစ်ခု ရှိနေတယ်…”
ဝမ်ဖျင်မျက်လုံးများက ဝမ်းနည်းမှုတို့ ထွက်ပေါ်လို့နေသည်။သူက သဲလွန်စအချို့ကို မြင်မိပြီး ထည်ထည်ဝင်ဝင်ဆက်မသိဝံ့တော့ပေ။
“ချင်ရီ…ငါက ငါ့ဘဝရဲ့ နောက်ဆုံးအချိန်ကို ရောက်တော့မယ်လို့ ခံစားနေရတယ်။ငါ့မှာ အချိန်သိပ်မကျန်တော့မှာပဲ ကြောက်မိတယ်။ နင်က ကျင့်ကြံဿူတစ်ယောက် ဖြစ်တော့ ငါ့ထက် အချိန်ကြာကြာ ရှင်သန်နိုင်မှာပါ။ ငါ သေသွားတာနဲ့ ငါ့ကို ငါ့အဖေရှိ ကျေးဇူးပြုပြီး ပို့ပေးပါ…”
“နင်ကတော့ အဲ့အချိန်ကျရင် လွတ်လပ်သွားပါပြီ။ ဒါပေမဲ့ အချိန်တွေဘယ်လောက်ပဲ ကုန်ဆုံးသွားပါစေ ဘဝတစ်ခုစာ ငါနဲ့အတူ ရှိနေပေးခဲ့တဲ့နင့်ကို ဘယ်တော့မှ မေ့သွားမှာ မဟုတ်ပါဘူး…”
ဝမ်ဖျင်အသံက ခိုင်ကျဉ်လှ၏။
ချင်ရီခန္ဓာကိုယ်က တုန်ယင်သွား၏။ သူမက စကားပြောဟန် ပြင်လိုက်သည်။ သို့သော် သူမစကားကို ဝမ်ဖျင်က ဖြတ်ပြောလိုက်သည်။
“ဒီနှစ်တွေမှာ နင့်အတွက် ခက်ခဲမှာပေါ့။ ကျင့်ကြံသူတစ်ယောက်အနေနဲ့ နင်က နင့်ရဲ့ ရုပ်သွင်ကိုပါ ပြောင်းလဲခဲ့ရတယ်။ ငါ့ကို အထီးကျန်မှု မခံစားရလေအောင် နင်ရဲ့ရုပ်သွင်ကိုလည်း ငါနဲ့အတူ အိုမင်းအောင် လုပ်ပေးခဲ့ရတယ်လေ။ ငါ ဝမ်ဖျင်က ဒါကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ နောက်ဘဝသာ ရှိရင်လည်း ငါက နင့်ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး…”
ချင်ရီ၏ မျက်လုံးထဲကနေ မျက်ရည်များ ကျဆင်းလို့လာခဲ့သည်။သူမကျင့်ကြံမှုအဆင့်ကို ဝမ်လင်းက စဦးစိတ်ဝိညာဉ်အထွတ်အထိပ်အဆင့်ထိ မြင့်တင်ပေးထားခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကျော် ကတည်းက သူမသည် သူမ၏ နယ်ပယ်ကို ဝမ်ဖျင်နှင့်အတူ ရှိနေရင်း နားလည်ခဲ့ပေသည်။ သူမ၏ နယ်ပယ်ကတော့ နောင်တမဲ့ခံစားချက်ပင် ဖြစ်လို့နေ၏။
“နောက်ဘဝသာ ရှိရင် ငါလည်း နင်နဲ့အတူ အဖော်ပြုပေးနေဦးမှာပဲ…” ချင်ရီက တိုးညင်းစွာ ဆိုလာ၏။ ကျင့်ကြံခြင်းက ငါ့အမြင်မှာ ဖုန်မှုန့်မျှသာပါပဲ။ ငါက ရက်စက်တဲ့ ကျင့်ကြံသူတစ်ယောက်၊ တန်ခိုးရှင် တစ်ယောက် ဖြစ်မလာချင်ပါဘူး။ ငါက သံယောဇဉ်နဲ့လူသား တစ်ယောက်သာ ဖြစ်ချင်တယ်…”
ဝမ်ဖျင်က ချင်ရီကို ငေးမောကြည့်နေ၏။သည့်နောက် သူက သက်ပြင်းချ၍ နူးညံ့စွာ ပြောလိုက်သည်။ “ဘာကြောင့်လဲ…”
ဤအခိုက်အတန့်မှာပင် မိုးကြိုးလျှပ်စီးတန်းတစ်ခုက ကြယ်များကြား၌ တဝီဝီနှင့် ဖြတ်သန်းလာနေ၏။ အနီးကပ်ကြည့်ပါက ထိုလျှပ်စီးတန်းအတွင်း၌ ကြီးမားကြမ်းကြုတ်သော သားရဲ တစ်ကောင် ရှိနေသည်ကို တွေ့မြင်ရပေလိမ့်မည်။ ထိုသားရဲက ချီလင်သားရဲနှင့် ဆင်တူသော်လည်း ချီလင်သားရဲတော့ မဟုတ်ပေ။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးက လျှပ်စီးများနှင့် ဝန်းရံနေ၏။ ယင်းသားရဲကတော့ မိုးကြိုးသားရဲပင် ဖြစ်လေသည်။
ထိုမိုးကြိုးသားရဲ၏ ကျောပေါ်၌ သက်လတ်ပိုင်းလူကြီး တစ်ယောက် ထိုင်လျက် ရှိနေသည်။ ထိုလူ၏ ကျင့်ကြံမှုအဆင့်က လုံလောက်အောင် အားကောင်းလှသည်။ထို့ကြောင့် သူက မိုးကြိုးသားရဲထံမှ လျှပ်စီးများ သူ့ခန္ဓာကိုယ်ထံသို့ ဖြတ်သန်းစီးဆင်းလာသည်ကိုပင် စိတ်ထဲမထည့်ထားပေ။
သူက မိုးကြိုးသားရဲကို စီးနင်းရင်း အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး၏ မြောက်ပိုင်းနယ်မြေသို့ ရွှေ့လျားလို့နေသည်။
သူ့ပန်းတိုင်ကတော့ မြောက်ပိုင်းနယ်မြေမှ ရွင်ယွမ်ဂြိုဟ်ထံသို့ ဖြစ်လေ၏။
လွန်ခဲ့သော နှစ်များက ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်တွင် ပြောင်းလဲမှု တစ်ခု ဖြစ်ပျက်သွားခဲ့ပေသည်။ ဒုတိယအဆင့်ကျင့်ကြံခြင်းနယ်ပယ်သို့ ရောက်ရှိနေသော ဟွမ်မိသားစုဘိုးဘေးက သေဆုံးသွားခဲ့ကာ ယင်းဖြစ်ရပ်၏ နောက်ကွယ်၌ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်တစ်ယောက်ကြောင့်ဟု ထင်ကြေးပေးနေကြသည်။ သည် ကောလဟာလ စကားက တဖြည်းဖြည်း ပျံ့နှံ့လာခဲ့ကာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ အာရုံကိုပါ ဖမ်းစား သွားနိုင်ခဲ့၏။
စုံစမ်းထောက်လှမ်းမှုများအရ ထို မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်ဟု ထင်ကြေးပေးခံရသောသူသည် ရွင်ယွမ်ဂြိုဟ်ကနေ ထွက်မသွားသေးဟူ၍ပင်။ ထို့ကြောင့်လည်း သူ့ကို ယင်းဖြစ်ရပ်အား စစ်ဆေးကြည့်ရန် ကျောင်းတော်မှ စေလွှတ်ခဲ့ခြင်းပင်။
သက်လတ်ပိုင်းလူကြီး၏ ကျင့်ကြံမှုအဆင့်က ပထမအဆင့်ကျင့်ကြံခြင်းကို ကျော်လွန်၍ ပုံရိပ်ယောင်ယင်အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူက မိုးကြိုးသားရဲပေါ်တွင် ထိုင်နေရင်း မြောက်ပိုင်းနယ်မြေသို့ ဝင်ရောက်လာခဲ့ချေသည်။ သူက တစ်စက်ကလေးမှ ရပ်တန့်ခြင်း မပြုဘဲ ရွင်ယွမ်ဂြိုဟ်ရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်လာခဲ့သည်။
“မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တမန်တော် အဖြစ်တောင် ဟန်ဆောင်ဝံ့တယ်လူ ရှိနေတယ်ပေါ့။ ဒီလိုအရာမျိုးက မဖြစ်ပွားခဲ့တာ အချိန်အရမ်းကြာမြင့်နေခဲ့ပြီ…”
သက်လတ်ပိုင်းလူကြီးက နှာခေါင်းရှုံ့လိုက်သည်။ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော် တစ်ယောက်အနေဖြင့် သူ့စွမ်းအားက ကြီးမားလှပေသည်။ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး တစ်ခုလုံးတွင်ပင် အနည်းငယ်သော ရှေးဟောင်းကျင့်ကြံခြင်းမိသားစုကြီးများကလွဲ၍ လူတိုင်းနီးပါးက မိုးကြိုးကောင်းကင်ဘုံကျောင်းတောင်ကို ရန်စဝံ့ကြခြင်း မရှိကြပေ။
“ဒီလူနဲ့တွေ့ရင် ငါက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ အစစ်အမှန်တမန်တော်၊ မိုးကြိုးတာအိုပညာရှင် ဆိုတာ ဘယ်လိုလဲ ဆိုတာ ပြသပေးရမယ်။ မိုးကြိုးမန္တာန်အနည်းငယ်လောက် သုံးနိုင်ရုံနဲ့ မင်းကိုယ်မင်း မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က တမန်တော်အဖြစ် ဟန်ဆောင်နိုင်မယ်လို့ ထင်နေတာလား။ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ အစစ်အမှန်အဖွဲ့တွေမှာ ကိုယ်ပိုင် မိုးကြိုးသားရဲ တစ်ကောင် ရှိတယ်ကွ…”
မိုးကြိုးတာအိုပညာရှင်က မိုးကြိုးသားရဲ၏ ခေါင်းကို သူ့ညာလက်ဖြင့် ပုတ်လိုက်ပေသည်။
မိုးကြိုးသားရဲကလည်း သူ့သခင်၏ ဂုဏ်ဝင့်မှုကို သတိပြုမိသည့်ပုံပင်။ သူက ဟိန်းဟောက်သံ ပြုလိုက်ရာ ကြယ်များအကြား ပဲ့တင်ထပ်သွားစေ၏။ သူတို့က ရွင်ယွမ်ဂြိုဟ်နှင့် ပို၍ နီးသထက် နီးလာခဲ့ကြသည်။
***