သက်လတ်ပိုင်း အမျိုးသမီးက ခပ်တိုးတိုး ပြောလာသည်။ “ဝမ်ဖျင်…ဒါက နင်ပဲကို…”
ဝမ်ဖျင်က ထိုအမျိုးသမီးထံသို့ လျှောက်သွားကာ ပြုံး၍ ဆိုလိုက်သည်။ “ကျိုးရုထုံ…”
သက်လတ်ပိုင်းအမျိုးသမီးက သူမအောက်နှုတ်ခမ်းကို ကိုက်ကာ ဝမ်ဖျင်ကို စူးစိုက် ကြည့်လို့နေသည်။ အချိန်အတန်ကြာမြင့်ပြီးနောက် သူမက ကျက်သရေရှိစွာ ပြုံး၍ ခပ်တိုးတိုး ဆိုလာသည်။ “ငါ နင့်ကို မြင်လိုက်တဲ့အချိန်တည်းက နင်မှန်း သိလိုက်တယ်။ ဒီလောက်နှစ်တွေ အများကြီး ကြာပြီးမှ နင်ပြန်လာခဲ့တယ်နော်…”
ဝမ်ဖျင်ကကို သူ ရှေ့ရှိ အမျိုးသမီးကို ကြည့်ကာ အတိတ်ကို ပြန်အောက်မေ့သွားသည်။ သူမဘေးတွင်လည်း ဆယ်နှစ်အရွယ်ကောင်မလေးတစ်ယောက် ရှိနေ၏။ သည်ကောင်မလေးက ကျိုးရုထုံနှင့် တော်တော်လေး တူပေသည်။
ဝမ်ဖျင်က မေးလိုက်၏။ “ဒါက နင့် သမီးလေးလား…”
အမျိုးသမီးက ခေါင်းညိတ်ပြလိုက်သည်။ သူမက သူ့သမီးငယ်ဘက်သို့ လှည့်၍ ပြောလိုက်သည်။ “သူ့ကို ဦးလေးလို ခေါ်လိုက် သမီး။ သူက အမေရဲ့ ငယ်သူငယ်ချင်းဟောင်းပဲ…”
မိန်းကလေးငယ်လေးက အနည်းငယ် ရှက်ရွှံ့လို့နေ၏။သူမက သူမအမေဘေးနားသို့ လာရပ်ကာ ခပ်တိုးတိုး ဆိုလာသည်။ “ဦးလေး…”
သည်အခိုက်အတန့်၌ ရွာသားများထဲမှ အချို့က ဝမ်ဖျင်ကို မှတ်မိသွားကြသည်။ သို့ရာတွင် သူတို့က ချပ်ဝတ်တန်ဆာများနှင့် စစ်သားများကို ကြည့်ကာ သူ့ကို နှုတ်ဆက်ရန် စိုးရွှံ့နေကြလေ၏။
ဝမ်ဖျင်က ထိုမိန်းကလေးကို ပြုံး၍ ကြည့်ကာ မေးလိုက်သည်။ “သမီးနာမည်က ဘယ်လို ခေါ်လဲ…”
ထိုကောင်မလေးက သူမ အမေနောက်သို့ ဝင်ပုန်းလိုက်ကာ စကားပြန်မပြောပေ။ သူမမျက်လုံးလေးထဲ၌ ကြောက်လန့်လို့နေသည်။
ဝမ်ဖျင်က သက်ပြင်းချကာ ထိုအမျိုးသမီးကို ကြည့်၍ ပြောလိုက်သည်။ “ငါက တောင်အနောက်ဘက်ကို သွားပြီး ဘိုးဘိုးစွန်ကို ဂါဝရသွားပြုမလို့…”
အမျိုးသမီးက ပြုံးလိုက်၏။ အစကနေအဆုံးထိ သူမက ဝမ်ဖျင်ဘေးနားတွင် ရပ်နေသော ချင်ရီကို မကြည့်ပေ။ သူမက ကလေးကို သူမယောက်ျားဖြစ်သူ ဘေးသို့ တွန်းပို့လိုက်သည်။ သူမ ယောက်ျာက တောင့်တောင့်တင်းတင်း ရှိကာ သူ့ယောက်ခမ၏ အမဲလိုက်သည့် အမွေကို ဆက်ခံထားသည့်ပုံပင်။ အနီးကပ်သေချာကြည့်ကြည့်မှ ထိုလူကလည်း သူနှင့် သူစိမ်းတစ်ယောက် မဟုတ်မှန်း ဝမ်ဖျင်က သိလိုက်၏။
ဝမ်ဖျင်က နောက်လှည့်၍ တောင်အနောက်ဘက်သို့ လမ်းလျှောက်သွားလိုက်သည်။ဝမ်ဖျင်နောက်သို့ လိုက်မသွားခင် ချင်ရီက သူမသမီးခေါင်းကို ပွတ်ပေးနေသောအမျိုးသမီးကို ဖျပ်ခနဲ ကြည့်လိုက်၏။
ဝမ်ဖျင်က ခြေလှမ်းအနည်းငယ် လှမ်း၍ ထွက်သွားသည့်နောက် သူမအမေနောက်တွင် ပုန်းနေသော ကောင်မလေးက ခေါင်းပြူကာ လှမ်းပြောလိုက်၏။ “ဦးလေး…သမီးနာမည်က ရှုနန်ဖျင်ပါ…”
“နန်ဖျင်…နန်ဖျင်…” ဝမ်ဖျင်၏ ခြေလှမ်းများက တုံ့ခနဲ ရပ်သွား၏။သူက သက်ပြင်းချမိသည်။ သူက နောက်သို့ ပြန်လှည့်ခြင်း မပြုတော့ဘဲ ရှေ့သို့သာ ဆက်လျှောက်သွား၏။
သိပ်မကြာခင်တွင် သူတို့က ရွာသားများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားကြ၏။။ အမျိုးသမီးရှိ တောင့်တင်းသောယောက်ျားသားတစ်ယောက်က သက်ပြင်းချကာ တိုးညင်းစွာ ဆိုလိုက်၏။ “နင်က ဘာကြောင့် ဒီလို လုပ်ရတာလဲ…”
“အစ်ကို…ဒီကိစ္စကို ထပ်မပြောတော့နဲ့….” ကျိုးရုထံက ခေါင်းမော့၍ ပြုံးလိုက်၏။ သူမအပြုံးက လှပကာ ပျော်ရွှင်နေဟန် ရသည်။
“ငါက သူ့ကို ခုလို ထပ်တွေ့ခွင့်ရတာနဲ့တင် ကျေနပ်ပါပြီ…”
စွန်ထိုင်၏ အုတ်ဂူပတ်လည်၌ မည်သည့် ပေါင်းပင်မြက်ပင်မှ ရှိမနေပေ။ ကြည့်ရသည်မှာ တစ်ယောက်ယောက်က ပုံမှန် ရှင်းလင်းပေးထားတာ သိသာနေ၏။ ဝမ်ဖျင်က အုတ်ဂူရှေ့တွင် အချိန်အတန်ကြာ ရပ်တန့်နေပြီးနောက် တိတ်တဆိတ် ပြန်ထွက်ခွာလာခဲ့သည်။
ဝမ်ဖျင်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ချင်ရီ…ငါတို့ အဖေဆီ သွားလည်သင့်တယ်လို့ မထင်ဘူးလား။ ငါ သူ့ကို မတွေ့ရတာ နှစ်ပေါင်းနှစ်ဆယ် လောက် ရှိနေပြီ….”
ချင်ရီက စကားပြန်မဆိုဘဲ ဝမ်ဖျင်နောက်ကသာ တိတ်တဆိတ် လိုက်ပါသွား၏။ ဝမ်ဖျင် မည်သည့်နေရာသို့ သွားလိုသည် ဖြစ်စေ သူမက လိုက်ပါလိမ့်မည် ဖြစ်သည်။သည်အရာက သူမ ဝမ်လင်းနှင့် သဘောတူညီချက်ကြောင့် မဟုတ်ဘဲ သူမကိုယ်တိုင် သူနှင့် အတူနေရသည်ကို စိတ်ဆန္ဒ ရှိနေသောကြောင့်သာ ဖြစ်သည်။
“ငါ့မှာ အဖေ့ကို အချို့ကိစ္စလေးတွေ မေးစရာ ရှိနေတယ်…” ဝမ်ဖျင်က ပြိုလဲသောလကျေးရွာကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီးနောက် ထွက်ခွာလာခဲ့တော့၏။
ရေပြင်ကျယ်မြို့တွင် ဝမ်လင်းက ဘုံဆိုင်သို့ မသွားသည်မှာ ကြာခဲ့ပြီ ဖြစ်၏။သူက တစ်နေ့ကုန် ခြံဝန်းထဲတွင်သာ ထိုင်နေတက်သည်။ သူက စောင့်နေခြင်းပင်။ ဝမ်ဖျင်ပြန်လာမည်ကို စောင့်လို့နေခြင်းပင်။
သုံးလ ကြာပြီးနောက် ရေပြင်ကျယ်မြို့က ဆူပွက်လှုပ်ရှားလာခဲ့၏။ အိမ်တော်မှ အစေခံအများစုကလည်း ထွက်သွားကြပြီ ဖြစ်သည်။ သွားစရာနေစရာ မရှိသော အစေခံတစ်ယောက်ကသာ နေရစ်ရန် ရွေးချယ်ခဲ့သည်။
ရေပြင်ကျယ်မြို့တစ်ခုလုံးက စစ်ပွဲနှင့် လူသူကင်းမဲ့လုနီးပါး ဖြစ်နေ၏။ လူတိုင်းက စစ်ပွဲနှင့် ဝေးရာသို့ ထွက်ပြေးသွားကြသောကြောင့် ဖြစ်သည်။ကောင်းကင်ဘုံအင်ပါယာ၏ စစ်တပ် ရောက်လာသည့် နေရာတိုင်းတွင် မည်သည့် မြို့သူမြို့သားကိုမှ မညှင်းဆဲ၊အနိုင်မကျင့်သော်လည်း ကြောက်လန့်မှုကတော့ ပျံ့နှံ့နေခဲ့၏။
ရေပြင်ကျယ်မြို့ကလည်း ကောင်းကင်ဘုံအင်ပါယာ၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရကာ စစ်တပ်က ဆက်လက်၍ ချီတက်လာခဲ့၏။ ဝမ်ဖျင်က မြို့ပြင်တွင် မတ်တပ်ရပ်လို့နေ၏။သူက မြို့ထဲသို့ မဝင်ဘဲ စစ်တပ်နှင့်အတူသာ ရှိနေ၏။
“အဖေ…ခုလက်ရှိမှာ သားက သားဆန္ဒကို ပြည့်ဝအောင် မလုပ်ရသေးဘူး။ သားက ဒါကို လက်စသပ်ပြီးတာနဲ့ အဖေကို တွေ့ဖို့ လာခဲ့ပါ့မယ်…”
အချိန်စက်ဝန်းက နွေဦးရာသီမှသည် နွေရာသီ၊ သည့်နောက် ဆောင်းဦး၊ဆောင်းဦးမှသည် ဆောင်းရာသီသို့ အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ မျက်စိတစ်မှိတ်အတွင်း နောက်ထပ် ငါးနှစ် ထပ်မံ ကုန်ဆုံးသွားပြန်၏။
ခုဆို ဝမ်ဖျင်က အသက်ငါးဆယ့်နှစ်နှစ် ရှိနေခဲ့ပြီ ဖြစ်သည်။
တာချမ်အင်ပါယာနှင့် ချမ်ယွမ်အင်ပါယာတို့ကလည်း တစ်ယောက်ပြီးတစ်ယောက် လက်နက်ချသွားကြ၏။ သည့်နောက် ကောင်းကင်ဘုံအင်ပါယာသည် ရွင်ယွင်ဂြိုဟ်ပေါ်ရှိ သေမျိုးများကြား၌ တစ်ခုတည်းသော အင်ပါယာ ဖြစ်လာခဲ့ပေသည်။
ဝမ်ဖျင်က အိမ်မှ ထွက်လာသည့်အချိန်က အသက်နှစ်ဆယ့်ခုနစ်နှစ် ဖြစ်သည်။ ခု နောက်ထပ် နှစ်ဆယ့်ငါးနှစ် ကြာမြင့်ပြီးသည့်နောက် ဝမ်ဖျင်က သူလိုချင်သည့်အရာအားလုံးကို ရရှိလာခဲ့ပြီ ဖြစ်သည်။
တစ်ခါတစ်ရံတွင်တော့ သူက အချိန်ကုန်တာ မြန်လွန်းလှသည်ဟု ခံစားမိနေ၏။
ကမ္ဘာကို သိမ်းပိုက်စိုးမိုးပြီးသည့်နောက် ဝမ်ဖျင်က ဝမ်လင်းထံသို့ ချက်ခြင်း လာတွေ့ခြင်း မရှိပေ။ ထိုအစား သူက တည်ငြိမ်စွာဖြင့် သူ့တစ်ကိုယ်တည်း တောင်များ၊ပင်လယ်များကြား ရွက်လွှင့်ကာ ကမ္ဘာလောက၏ ခွန်အားကို ခံစားကြည့်နေခဲ့သေးသည်။
ဝမ်လင်းကလည်း မနက်ခင်းတိုင်း ခြံဝန်းထဲတွင် အစေခံအိုတစ်ယောက်နှင့်ထိုင်ကာ သာမန်ဘဝတစ်ခုကို ဖြတ်သန်းနေထိုင်နေသည်။ သည်ငါးနှစ်အတွင်း သူ့စိတ်နှလုံးကလည်း တော်တော်လေး ဖွံ့ဖြိုးလို့လာခဲ့၏။
ဆယ်နှစ်ဆိုသော အချိန်ကာလတစ်ခုက တိတ်တဆိတ်ပင် ကုန်ဆုံးသွားခဲ့ချေပြီ။
အသက်ခြောက်ဆယ့်နှစ်နှစ်အရွယ် ဝမ်ဖျင်ကလည်း အတော်လေး အိုမင်းသည့်ပုံ ဖြစ်လာခဲ့၏။ အစစ်အမှန်ခေါင်းဆောင်တစ်ယောက် ဖြစ်လာပြီးသည့် သည်ဆယ်နှစ်အတွင်း သူ့ စိတ်နှလုံးက ပို၍ပင် ပင်ပန်းလာခဲ့လေသည်။သည်အရာက သူ့ကလေးဘဝနှင့် ကမ္ဘာမြေအနှံ့ ခြေဆန့်ခဲ့သည့် ရှစ်နှစ်တာကာလကို ပြန်အောက်မေ့စေပေသည်။ သူက သူ့အဖေနှင့်အတူ ရှိခဲ့သည့် နှစ်ဆယ့်ခုနစ်နှစ်အချိန်ကာလကို တော်တော်လေး လွမ်းဆွတ်နေမိ၏။
ချင်ရီကလည်း အဘွားအိုအသွင်သို့ ပြောင်းသွားကာ သူမမျက်နှာပေါ်တွင်လည်း အရေးအကြောင်းများ ရှိလာခဲ့လေပြီ။ သို့ရာတွင် သူမ အကြည့်ကတော့ အရင်ထက်ပင် ပို၍နူးညံ့လာခဲ့သေးသည်။
သည်နေ့က ဝမ်ဖျင် အိမ်က ထွက်သွားသည့် သုံးဆယ့်ငါးနှစ်မြောက် ပြည့်သည့်နေ့ ဖြစ်သည်။ သစ်ရွက်များက လေအဝှေ့တွင် ဝဲလွင့်နေပြီး ဆောင်းဦးရာသီ၏ အေးမြမှုကို ဖော်ကျူးလို့နေသည်။
ဝမ်ဖျင်က သေမျိုးကမ္ဘာ၌ အတုမဲ့ခေါင်းဆောင်နေရာကနေ ဖယ်ပေးလိုက်တော့၏။ သူက ထွက်မလာခင် သူ့တစ်ဘဝလုံး သူ့နောက်မှ လိုက်ပါခဲ့သည့် အမှူထမ်းတစ်ယောကို သူ သိမ်းပိုက် စိုးမိုးထားသည့် လောကအား ပေးခဲ့ပေ၏။
သူနှင့်အတူ ခေါ်ဆောင်လာတာဆို၍ သုံးဆယ့်ငါးနှစ်တာ မှတ်ဉာဏ်များနှင့် ချင်ရီတို့သာ ရှိသည်။ သူက မြင်းလှည်းတစ်စီးဖြင့် သူ့အဖေရှိရာသို့ နှေးနှေးမှန်မှန် ဦးတည်လာခဲ့လေ၏။
ရေပြင်ကျယ်မြို့က တဖြည်းဖြည်း နီးသထက် နီးလာခဲ့သည်။
ခုလက်ရှိတွင် ဝမ်လင်းက ခြံဝန်းထဲတွင် ထိုင်လျက် ရှိနေ၏။ သူ့ တစ်ဦးတည်းသော အစေခံအိုကြီးကလည်း လွန်ခဲ့သောသုံးနှစ်ကတည်းက သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ထို့ကြောင့် သည်စံအိမ်ကြီးတွင် သူတစ်ယောက်တည်းသာ ကျန်နေတော့၏။
သူ့ရှေ့တွင် စားပွဲခုံတစ်ခုံနှင့် ထိုင်ခုံအပိုနှစ်ခုလည်း ရှိလို့နေသည်။စားပွဲပေါ်၌ ဟင်းပွဲအချို့၊ အရက်အိုးတစ်အိုး နှင့် တူသုံးစုံလည်း တင်ထား၏။
မြင်းဟီးသံနှင့် မြင်းလှည်းဘီးသံတို့က အကွာအဝေးတစ်ခုမှ ပျံ့နှံ့လာ၏။ထိုအသံက တဖြည်းဖြည်း ကျယ်သထက် ကျယ်လောင်လာကာ ဝမ် စံအိမ်အပြင်ဘက်တွင် ရပ်တန့်လို့သွားခဲ့သည်။
ဝမ်ဖျင်က မြင်းလှည်းထဲကနေ ဆင်းလိုက်၏။ သည့်နောက်သူက ပြုံး၍ လက်ကမ်းကာ ချင်ရီကို တွဲခေါ်လိုက်သည်။သည့်နောက် သူတို့နှစ်ယောက်က စံအိမ်တံခါးမှ လှမ်းဝင်လာကြ၏။
ဝမ်လင်းက ခေါင်းမော့၍ ကြည့်လိုက်သည်။ သူက သည်လိုပုံစံဖြင့် သုံးဆယ့်ငါးနှစ်လုံးလုံး စောင့်ဆိုင်းနေသည့်အလား ထင်မှတ်ရ၏။ သူက ကြင်နာစွာ ပြုံး၍ ပြောလိုက်သည်။ “လာထိုင်ကြ….ခုထိ ဟင်းပွဲတွေက ပူနေတုန်းပဲ…”
ထိုရိုးစင်းသော စကားထဲကနေ တည်ငြိမ်နွေးထွေးမှုကို ဖော်ပြလို့နေ၏။ ဝမ်လင်းမျက်လုံးထဲ၌လည်း ကြင်နာနူးညံ့မှု အရိပ်အယောင်တို့သာ ရှိလို့နေသည်။
ဝမ်ဖျင်က သူ့အဖေကို ငေးမောကြည့်နေသည်။ နှစ်ပေါင်း သုံးဆယ့်ငါးနှစ် ရှိသွားခဲ့လေပြီ။ သူ ထွက်ခွာသွားသည့်နောက် သူက သူ့အဖေကို ထိုနှစ်ပေါင်းသုံးဆယ်ငါးနှစ်အတွင်း တစ်ကြိမ်မှ လာမတွေ့ခဲ့ပေ။ သူက သူ့အိပ်မက်ထဲတွင်သာ သူ့အဖေနှင့် တွေ့ဆုံခဲ့ပေ၏။
“အဖေ…” ဝမ်ဖျင်က မြေပေါ်သို့ ဒူးထောက်ချလိုက်သည်။ သူ့မျက်လုံးထဲမှ မျက်ရည်စီးကြောင်းနှစ်ခုက လိမ့်ဆင်း ကျလာလေ၏။
ချင်ရီကလည်း ဝမ်ဖျင်ဘေးတွင် ဒူးထောင်ချကာ တိုးညင်းစွာ ပြောလိုက်သည်။ “အဖေ…”
ဝမ်လင်းက မတ်တပ်ထရပ်ကာ ဝမ်ဖျင်နှင့်ချင်ရီတို့ကို ဆွဲထူလိုက်ပြီး ပြောလိုက်၏။ “ကဲ စားကြစို့…”
ကာလကြာရှည်စွာ ပျောက်ဆုံးနေသော ဝမ်ဖျင် စိတ်နှလုံးထဲရှိ နွေးထွေးမှုက ပြန်ပေါ်လာခဲ့ချေ၏။ သူက သည်ခံစားချက်မျိုးနှင့် ခွဲခွာနေရသည်မှာ သုံးဆယ့်ငါးနှစ် ရှိခဲ့ပြီ မဟုတ်လား။
သည်သုံးဆယ့်ငါးနှစ်အတွင်း ချင်ရီက ဝမ်ဖျင်နှင့်အတူ ရှိနေခဲ့ကာ သူမက ဝမ်လင်း၏ နောက်ခံကို သိခဲ့သည်မှာ ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။ သူမက ဝမ်လင်းကို ရှုမူ၊ တစ်ချိန်တုန်းက ပုံရိပ်တစ်ထောင်ဂြိုဟ်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ ဟွမ်မိသားစုကို တိုက်ခိုက်ကာ မြောက်ပိုင်းနယ်မြေတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည့် စီနီယာတစ်ယောက် အဖြစ် သိထားပြီး ဖြစ်သည်။
သို့သော် ခုချိန်ထိ သူမက ယင်းအခြင်းအရာကို မယုံကြည်နိုင်ဟန် ဖြစ်လို့နေသည်။ သည် ကြင်နာတက်သော လူအိုကြီးက ရှုမူ ဖြစ်သည်ဟု တွေးကြည့်လိုပင် မရပေ။
ချင်ရီက ဝမ်ဖျင်ကို ရှုမူ၏ ဒဏ္ဍာရီဆန်မှုကို ပြောမပြခဲ့ပေ။ တကယ်တော့ သည်အရာများအားလုံးက သူမ မမွေးခင် ဖြစ်ပွားခဲ့ခြင်းသာ ဖြစ်၏။
ဆောင်းလေနှင့်အတူ လရောင်က တဖြည်းဖြည်း မြင့်တက်လို့လာ၏။ဝမ်ဖျင်က စားပွဲပေါ်သို့ သူ့တူကို ပြန်ချကာ သူ့အဖေကို ကြည့်လိုက်၏။ သူက ပြောစရာစကားပေါင်း ထောင်ချီ၍ ရှိနေသော်လည်း သည်အခိုက်အတန့်၌ သူက စကားတစ်ခွန်းမှ မပြောနိုင် ဖြစ်နေသည်။
ဝမ်လင်းက ဝမ်ဖျင်ကို ကြည့်၍ ဖြည်းဖြည်းချင်း မေးလိုက်သည်။ “ဖျင်အာ…သားက အဖေ့ကို ဘာမေးချင်လို့လဲ…”
“အဖေ…သား အမေနဲ့ ပတ်သတ်ပြီး သိချင်ပါတယ်…” သည်တစ်ကြိမ်က ဝမ်ဖျင် ဒုတိယအကြိမ်မြောက် သူ့အမေအကြောင်းကို မေးမြန်းလိုက်ခြင်းပင်။ သူက လွန်ခဲ့သောနှစ်ပေါင်း ခြောက်ဆယ်လောက်က သူ့အမေ အကြောင်းကို တစ်ကြိမ်သာ မေးမြန်းခဲ့ဖူးသည်။
ဝမ်လင်းက တိတ်ဆိတ်စွာ ငြိမ်သက် တွေးတောလို့နေ၏။ အချိန်အတန်ကြာပြီးနောက် သူ့မျက်လုံးထဲပ ဝမ်းနည်းမှုအငွေ့အသက်တို့ ဖြစ်ပေါ်လာခဲ့သည်။ ကောင်းကင်ထက်ရှိ တောက်ပသော ကြယ်များကို ကြည့်ကာ သူက တိုးညင်းစွာ ပြောလာ၏။ “အဖေက သားကို ပုံပြင်တစ်ပုဒ် ပြောပြမယ်။ ဒီနေရာနဲ့ ဟိုး အဝေးကြီးမှာ ဟင်္သာပြဒါးလို့ ခေါ်တွင်တဲ့ ဂြိုဟ်တစ်ခုရှိတယ်…”
ဝမ်လင်းအသံထဲ၌ လောကဓံကို အံတုခံနိုင်မှုတို့ ဖြစ်ပေါ်လာခဲ့သည်။သည့်နောက် သူက ဝမ်လင်းလို့ခေါ်သည့် လူငယ်တစ်ယောက်အကြောင်းကို လွန်ခဲ့သော နှစ်ပေါင်း ကိုးရာလောက်ကနေစ၍ ဖြည်းဖြည်းချင်း ပြောပြလာခဲ့သည်။
ထိုလူငယ်လေး ကျင့်ကြံခြင်းလောကသို့ စဝင်ရောက်သော ဟုန်ယွီကလန်၊သွန်းထျန်ကလန် တို့ကစ၍ ဖြည်းဖြည်းချင်း ပြောပြလာခဲ့သည်။ ဝမ်လင်း၏ ဘဝကောက်ကြောင်းသည် ဝမ်ဖျင်နှင့်ချင်ရီတို့ ရှေ့၌ စာလိပ်တစ်ခုကို ဖွင့်လှစ်ပြသကဲ့သို့ ရုပ်လုံးကြွ ပီပြင်လာခဲ့တော့သည်။
ထိုသူ့ဘဝ ပုံပြင်က ရှည်ကြာလွန်းလှ၏။တော်တော်လေးကို ရှည်ကြာလွန်းခဲ့လေပြီ။
ဝမ်ဖျင်က ထိုပုံပြင်ကို နားထောင်နေရင်း သူ့အဖေကို ငေးမောကြည့်လို့နေသည်။သူ့ဘေးရှိ ချင်ရီကလည်း မျက်လုံးအပြူးသားနှင့် ထိုပုံပြင်ကို နားစိုက်ထောင်နေ၏။ သူမက ယင်းဇာတ်လမ်းထဲ၌ အလိုလို နစ်မြုုပ်သွားခဲ့တော့သည်။ သူမက ထိုဇာတ်လမ်းထဲမှ ဝမ်လင်း ဆိုသည့်လူငယ်က ဝမ်ဖျင်၏အဖေ၊သူမတို့နှစ်ယောက်ရှေ့ရှိ လူအိုကြီးမှန်း သိနေခဲ့ပေ၏။
“ဒီအမျိုးသမီး ကျင့်ကြံသူရဲ့ နာမည်ကိုတော့ လျိုမေ လို့ခေါ်တယ်…”