ရွင်မိသားစုဘိုးဘေးနှင့် အပူအပင်မဲ့ကျောက်တို့ ပျောက်သွားကြကတည်းက စွန်မိသားစုက စွန်ရှီကြောင့် ရွင်ယွမ်ဂြိုဟ်ပေါ်မှ ရွင်မိသားစု၏ နေရာကို သိမ်းယူလာနိုင်ခဲ့သည်။ သူတို့က အတိတ်တုန်းက ရွင်မိသားစုထက်ပင် ပို၍ သန်မာလာခဲ့ကာ ဂြိုဟ်ပေါ်ရှိ နံပါတ်တစ် တည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။
သည်နှစ်နှစ်ဆယ်အတွင်း ပြောင်းလဲသွားမှုက စွန်မိသားစုမှ လူများကို ပို၍ မောက်မာလာစေခဲ့သည်။
ရေပြင်ကျယ်မြို့က စွန်မိသားစုခွဲတစ်ခု ဖြစ်သည်။ ယခုအချိန်၌ စွန်မိသားစုခွဲ၏ ပင်မခန်းမဆောင်ထဲ၌ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အကြီးအကဲများ ထိုင်လျက် ရှိနေကြသည်။ သူတို့ရှေ့၌ စားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သော မတော်တဆမှု၌ ပါဝင်နေသော လူအားလုံး မတ်တပ်ရပ်လျက် ရှိနေကြသည်။
ချင်ရီအတွက် သည်လို အခြေအနေမျိုးကို ပါဝင်ပတ်သတ်မိခြင်းက ပထမဆုံးအကြိမ် ဖြစ်သည်။ ထို့ကြောင့် သူမက စိတ်ပူပန်လို့နေ၏။ သူမက ခေါင်းငုံလျက်သာ ရှိလို့နေသည်။
သူမဆရာဖြစ်သူ အမြုတေဖွဲ့တည်ခြင်းအဆင့်ကျင့်ကြံသူက သူမဘေး၌ မတ်တပ်ရပ်လျက် ရှိနေသည်။ သို့ရာတွင် သူ့မျက်နှာက ဖြူရောနေကာ သူ့ကျင့်ကြံမှုအဆင့်ကလည်း အမြုတေအဆင့်မှသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ လျော့ကျသွားခဲ့ပေသည်။
စွန်မိသားစု၏ အကြီးအကဲများထဲမှ တစ်ယောက် အနီရောင်မျက်နှာနှင့် အဘိုးအို ဖြစ်သည်။ သူက မျက်လုံးအနည်းငယ် ဖွင့်ကြည့်ကာ နူးညံ့စွာ ပြောလိုက်၏။ “ဒီလူက အဲ့လို ပြောခဲ့တာ သေချာလား…”
ဝမ်လင်းကို တားဆီးရန် ကြိုးစားခဲ့သည့် စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့် အဘိုးအိုက ခပ်သွက်သွက် ခေါင်းညိတ်၍ ပြောလိုက်သည်။ “ဂျူနီယာ ကြားခဲ့တာ မမှားယွင်းနိုင်ပါဘူး။ ဒီလူက ‘ဒီတစ်ခါပဲ ဖြစ်ပါစေ’ လို့ ပြောခဲ့ပါတယ်…”
အစိမ်းရောင်ဝတ်ရုံနှင့်အဘိုးအိုထံမှ အေးစက်စက် နှာခေါင်းရှုံ့သံ ထွက်ပေါ်လာခဲ့သည်။ သည့်နောက် သူ့မျက်လုံးကလည်း အေးစက်လာကာ သူက ပြောလာသည်။ “ကြည့်ရတာ တစ်ယောက်ယောက်က စွန်မိသားစုကို ရန်လာစတဲ့ပုံပဲ။ ဒီလူက အမြုတေဖွဲ့တည်ခြင်းကျင့်ကြံသူတစ်ယောက်ရဲ့ အမြုတေကို အကြည့်တစ်ချက်တည်းနဲ့ ပျက်စီးစေခဲ့ပြီး စဦးစိတ်ဝိညာည်အဆင့်သုံးယောက်ကို ခြေတစ်လှမ်တည်းနဲ့ နောက်ဆုတ်သွားစေခဲ့တယ်။ သူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ဖြစ်နေမှာ ငါ ကြောက်လန့်နေမိတယ်…”
နောက်ဆုံးအကြီးအကဲက တည်ငြိမ်စွာ ပြောလာ၏။ “စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းကျင့်ကြံသူတစ်ယောက် ဖြစ်တော့ရော ဘာဖြစ်လဲ။ ငါတို့စွန်မိသားစုဘိုးဘေးက ဒီနေရာမှာ ရှိနေသ၍ အဲ့စီနီယာက ငါတို့ကို ရာစုနှစ်တစ်ခုစာလောက် ကာကွယ်ပေးပါလိမ့်မယ်။ ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်က ဟွမ်မိသားစုတောင် ဒီစီနီယာကို ရန်စဝံ့တာ မဟုတ်ဘူး။ သူသာ ရှိနေရင် ငါတို့ စွန်မိသားစုက ပြိုလဲစရာ အကြောင်း မရှိဘူး…”
အနီရောင်မျက်နှာနှင့် အကြီးအကဲက ထပ် ပြောလာသည်။ “ဒီလူရဲ့ မိသားစုနာမည်ကရော…”
ကျင့်ကြံသူများက အချိန်အတန်ကြာ တိတ်ဆိတ်လို့သွားသည်။ စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့် အဘိုးအိုက မချင့်ပြုံးပြုံး၍ ပြောလိုက်သည်။ “ငါ မသိပါဘူး။ ဒါပေမဲ့ အပြင်မိသားစုဝင်က သူတို့နဲ့ စကားပြောခဲ့တယ်။ သူမက သိကောင်းသိနိုင်လိမ့်မယ်…”
အနီရောင်မျက်နှာနှင့် အကြီးအကဲ အကြည့်က ချင်ရီ ထံသို့ ကျရောက်လို့သွားသည်။
“နင် သိလား…”
ချင်ရီခန္ဓာကိုယ်က တုန်ယင်သွား၏။ အနည်းငယ် စဉ်းစားပြီးနောက် သူမက ခေါင်းယမ်း၍ ပြောလိုက်သည်။ “ဂျူနီယာ မသိပါဘူး…”
“သတ္တိသိပ်ကောင်းနေတယ် ဟုတ်လား…” အနီရောင်မျက်နှာနှင့် အဘိုးအို၏ မျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။ သူ့အတွေ့အကြုံဖြင့် သည်မိန်းကလေးက လိမ်နေမှန်း တစ်ချက် ကြည့်လိုက်ရုံဖြင့် သိပေသည်။
ချင်ရီက ခေါင်းငုံ့၍ တိုးညင်းစွာ ပြောလိုက်ပြန်သည်။ “ဂျူနီယာက တကယ် မသိပါဘူး…”
အနီရောင်မျက်နှာနှင့် အကြီးအကဲက အေးစက်စက် နှာခေါင်းရှုံ့သည်။သည့်နောက် မတ်တပ် ထရပ်ကာ ပြောလိုက်သည်။ “ဒီကိစ္စကို ခဏထားလိုက်တော့။ ငါက ဒီကိစ္စကို မိသားစုဆီ သတင်းပို့ပြီးသွားပြီ။ သူတို့က ဒီကိစ္စကို ဖြေရှင်းဖို့အတွက် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း ကျင့်ကြံသူတစ်ယောကို လွှတ်ပေးလိမ့်မယ်။ ဒီပြင်ပ မိသားစုဝင် အတွက်တော့ သူမရဲ့ စိတ်ထဲမှာ တစ်စုံတစ်ယောက်အပေါ် အလေးသာနေတဲ့အတွက် သူမကို မိသားစုကနေ ထုတ်ပယ်လိုက်တော့…”
“ဒီအဘိုးအိုက “ဒီတစ်ခါပဲ ဖြစ်ပါစေလို့” စွန်မိသားစုကို မောက်မာစွာ သတိပေးဝံ့တဲ့လူကို ကြည့်ချင် မိနေပြီ။ ရွင်ယွမ်ဂြိုဟ်ပေါ်မှာ ဘယ်သူကမှ စွန်မိသားစုကို ဒီလို မပြောဝံ့ကြဘူး…”
ရေပြင်ကျယ်မြို့၏ မြောက်ဘက်ခြမ်းတွင် ဝမ်လင်း၏ အိမ်အသစ်ကို သေချာ အထိုင်ချပြီးသွားခဲ့ပြီ ဖြစ်သည်။ ဝမ်လင်းက အိမ်တော်ရှေ့၌ ဝမ်စံအိမ် ဟူသော စကားနှစ်ခွန်းကို သူကိုယ်တိုင် ရေးထွင်းထားလိုက်သည်။
ဝမ်လင်းက အရင်စံအိမ်မှ အစေခံမိန်းကလေးများကို အစားထိုးခြင်း မလုပ်တော့ဘဲ သူတို့ကိုသာ ဆက်၍ အသုံးပြုလိုက်၏။ ထို့အကြောင်းကြောင့် သည်စံအိမ်က အထီးကျန်ဆန်မှု တော်တော်လေး လျော့နည်းသွားပေသည်။
ညနက်လာသည့်အခါ လရောင်က ပက်ဖြန်းလာ၏။ ဝမ်လင်းနှင့် ဝမ်ဖျင်တို့က မျက်နှာချင်းဆိုင် ထိုင်လို့နေသည်။
ဝမ်လင်းက တည်ငြိမ်စွာ ဆိုလာ၏။ “ဖျင်အာ…ဆယ့်ကိုးနှစ်ကို သာမန်ဘဝ၊ ရှစ်နှစ်ကို စွန့်စားပြီး ခရီးဆန့်ခဲ့တယ်။ ခု နောက်ထပ် နှစ်သုံးဆယ်အတွက် ငါက သားအတွက် ချမ်းသာခြင်းကို ပေးစွမ်းမယ်။ လူတစ်ယောက်ရဲ့ ဘဝက ပျော်ရွှင်မှု ၊ဝမ်းနည်းမှုတွေနဲ့ ရောယှက်ပြည့်နှက်လို့နေတယ်။ သားက ဒါတွေအားလုံးကို သိရမယ်။ ချမ်းသာတာနဲ့ ဆင်းရဲတာက တကယ်တော့ တူတူပါပဲလေ…”
ဝမ်ဖျင်က တိတ်တဆိတ် စဉ်းစားလို့နေသည်။ အချိန်အတန်ကြာမြင့်ပြီးသည့်နောက် သူက ပြုံးလာခဲ့၏။ သည့်နောက် သူ့မျက်လုံးများက တောက်ပလာကာ သူက မေးလိုက်လေသည်။ “အဖေ…ဒါက ကျွန်တော့်ကို ကျင့်ကြံဖို့ ခွင့်မပြုတဲ့အတွက် လျော်ကြေးပေးတဲ့သဘောလား…”
ဝမ်လင်းက ဝမ်ဖျင့်ကို ကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။ “အင်း…”
သူ့အကြည့်က ဝမ်ဖျင်ကို ကျော်လွန်၍ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ကျရောက်သွားသည်။ ထိုနေရာကို ဝမ်ဖျင်က မြင်တွေ့နိုင်လိမ့်မည်မဟုတ်၊ သူ့မျက်လုံးထဲရှိ ဝမ်းနည်းမှု အရိပ်အမြွက်ဖြစ်မှုကို သိမြင်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုဝမ်းနည်းမှုက အားကောင်းလှ၏။ မည်သူမျှ မသိနိုင်လောက်အောင် အားကောင်းလွန်းလှ၏။ ဝမ်လင်းက ထိုလျှို့ဝှက်ချက်ကို မည်သည့်အတွက်ကြောင့်မှ ထုတ်ဖော်လိမ့်မည် မဟုတ်ပေ။သူက ဝမ်ဖျင်သည် သူ့ကျင့်ကြံလိုသည့် ဆန္ဒကို မြှုပ်နှံ့ထားရကာ သူ့အပေါ်သို့ မကျေမနပ် ဖြစ်နေသည်ကို သိထားပေသည်။ထိုသို့ဆိုလျှင်ပင် သူက ထိုလျှို့ဝှက်ချက်ကို ထုတ်ပြောလိမ့်မည် မဟုတ်ပါ။
“ဖျင်အာ…ဒါက အဖေ မင်းကို မကျင့်ကြံစေချင်လို့ မဟုတ်ပါဘူး။ ဒါက…အင်း…မင်းက ကျင့်ကြံလို့ မရနိုင်လို့ပဲ…”
ဝမ်လင်းက စိတ်ထဲတွင် သက်ပြင်းအခါခါ ချမိနေ၏။
ဝမ်ဖျင်က ခပ်လေးလေး မေးလာသည်။ “အဖေ…ချမ်းသာခြင်းဆိုတာ ဘာလဲ…”
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ တည်ငြိမ်စွာ မေးလိုက်၏။ “သားက ဘယ်လိုမျိုး ချမ်းသာခြင်းကို လိုချင်လဲ…”
“အဖေက ကျွန်တော့်ကို ကောင်းကင်ဘုံကို ဆန့်ကျင်ဖို့နဲ့ ကမ္ဘာကြီးရဲ့ဖိနှိပ်မှုကို မခံဖို့ သင်ကြားပေးခဲ့တယ်။ တောင်တွေ့ရင်တက်…မြစ်တွေ့ရင် ဖြတ်ကျော်ပြစ်။ ပင်လယ်တွေ့ရင် ဖြတ်သန်းပစ်…လောကမှာ ဘယ်လော့မှ လက်မလျော့ဖို့ သင်ကြားပေးခဲ့တယ်။ အဖေက ကျွန်တော့်ကို မကျင့်ကြံစေလိုကတည်းက ကျွန်တော်က သေမျိုးတွေကြားမှာ အနှိုင်းမဲ့အုပ်ချုပ်သူတစ်ယောက် ဖြစ်လာချင်တယ်…”
ဝမ်ဖျင်က သူ့အဖေကို ကြည့်လို့နေ၏။
“သား လုပ်ချင်ရင် လုပ်နိုင်တယ်…” ဝမ်လင်းက မျက်လုံးမှိတ်ထားလိုက်သည်။
ဝမ်ဖျင်က ကြီးပြင်းလာခဲ့ပြီ ဖြစ်သည်။ဝမ်လင်း လွှမ်းမိုးမှုအောက်၌ သူက တဖြည်းဖြည်းဖြင့် သူ့ကိုယ်ပိုင်ယုံကြည်မှုနှင့် ကမ္ဘာလောကအပေါ် ရှုမြင်ပုံတို့ကို ရရှိလာခဲ့ပြီ ဖြစ်သည်။ သူက အဖေ့စကားကို အမြဲနားထောင်လိုက်လုပ်ရသည့် ကလေးတစ်ယောက် မဟုတ်တော့ပေ။ အခု သူက ကိုယ်ပိုင်အတွေးအမြင်များ ရှိလာခဲ့ပြီ ဖြစ်သည်။
ဝမ်ဖျင်က သူ့အဖေကို ကြည့်၍ ခပ်တိုးတိုး ပြောလိုက်သည်။ “ကျွန်တာ်က အဖေ ကျွန်တော့်ကို လွှဲပေးတဲ့ အုပ်ချုပ်သူတစ်ယောက် ဖြစ်မလာချင်ဘူး။ ကျွန်တော် ဘာသာ ကိုယ်တိုင် ဒါကို ရယူမယ်…”
ဝမ်လင်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။ “အင်း…”
သူက လက်ဝှေ့ယမ်းလိုက်ရာ သူ့နောက်မှ အရိပ်တစ်ခု လှမ်းထွက်လာ၏။ သည့်နောက် ၎င်းအရိပ်က ဝမ်ဖျင်၏ အရိပ်ထဲသို့ လှမ်းလျှောက်လို့သွားလေသည်။
“ဒါနဲ့ဆိုရင် သားက ရွင်ယွမ်ဂြိုဟ်ပေါ်မှ ကြိုက်တာ လုပ်နိုင်ပြီ…” ဝမ်လင်းက မတ်တပ် ထရပ်လိုက်၏။ သူက ဝမ်ဖျင်ကို လှည့်မကြည့်တော့ဘဲ အခန်းထဲကနေ ထွက်သွားသည်။
ဝမ်ဖျင်က ပါးစပ်ဟ လိုက်သည်။ သူက တစ်ခုခုကို ပြောချင်နေသည့်ပုံပင်။ သို့ရာတွင် သူက သူပြောလိုသော အရာကို ထုတ်ဖော် မပြောတော့ဘဲ စိတ်ထဲတွင်သာ တိတ်တဆိတ် မေးမြန်းလိုက်တော့သည်။ “အဖေ…သင်က ငါ့ကို အရာအားလုံး ပေးနိုင်တယ်…ဒါဆို…ဘာကြောင့်လဲ…ဘာကြောင့် ငါ့ကို ကျင့်ကြံခွင့်မပြုရတာလဲ။ ဖျန်အာက ကိုယ့်အတွက်ကိုယ် ကျင့်ကြံချင်တာ မဟုတ်ပါဘူး။ အတိတ်တုန်းက အဖေနဲ့အတူ တစ်သက်လုံး နေပါ့မယ်ဆိုတဲ့ ကတိအတွက်ပါ…အဖေ…သင်က အထီးကျန်ဆန်လွန်းနေရတယ်…ဒါပေမဲ့ ဘာကြောင့်လဲ…”
ဝမ်လင်းက ခြံဝန်းထဲတွင် လရောင်အောက်၌ မတ်တပ်ရပ်နေရင်း သူ့အရိပ်က ဆန့်ထွက်လို့နေ၏။ ထို့နောက် သူက သူ့အခန်းသို့ ပြန်သွားကာ အိပ်ယာပေါ်တွင် လှဲလျောင်း၍ ခပ်တိုးတိုး ညီးညူလိုက်သည်။ “တစ်နေ့ကျရင် သား နားလည် လာပါလိမ့်မယ်။ ဒါပေမဲ့လည်း အဖေက အဲ့နေ့ကို စောစောစီးစီး ရောက်မလာဖို့ မျှော်လင့်မိတယ်။ တကယ်တော့ အဖေက သားကို မကျင့်ကြံစေချင်တဲ့ အကြောင်းကို သား ဘယ်တော့မှ ရှာမတွေ့ဖို့ မျှော်လင့်မိတယ်…”
ထိုည၌ ဝမ်ဖျင်က အိပ်လို့ မပျော်ခဲ့ပေ။
သုံးရက်ကြာပြီးနောက် ရေပြင်ကျယ်မြို့သို့ လူတစ်ယောက် ရောက်လာခဲ့သည်။ သူက အနက်ရောင်အပေါ်ထပ်ကို ဝတ်ဆင်ထားကာ အတော်လေး အိုစာသည့်ပုံပေါ်၏။ သူက ရေပြင်ကျယ်မြို့သို့ ရောက်လာသည်နှင့် စွန်မိသားစုခွဲသို့ ချက်ခြင်း ဦးတည်သွားသည်။
စွန်မိသားစုခွဲမှ ကျင့်ကြံသူအားလုံးက ထိုကျင့်ကြံသူကို ထွက်၍ ကြိုဆိုကြ၏။ သူတို့က ထိုလူသည် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်မည်မှန်း ကြိုတင် ခန့်မှန်းထားကြသော်လည်း ယခု ရောက်လာသည့်လူကို တွေ့လိုက်ရသည့်အခါ ပို၍ပင် လေးစားသမှု ပြသမိကုန်ကြသည်။
“ဒုအိမ်တော်ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်…”
ထိုလူကတော့ စွန်ချီမင်ပင် ဖြစ်၏။ ဝမ်လင်း ကိစ္စကြောင့် မိသားစုတွင် သူ့အဆင့်အတန်းက မြင့်မားလာခဲ့ပေသည်။ သည့်အပြင် သူ့ကျင့်ကြံမှုအဆင့်ကလည်း စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်သို့ ရောက်လာခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် သူ့ကို နောက်တက်လာမည့် မိသားစုခေါင်းဆောင်အဖြစ်ပင် ယာထားခဲ့ကြပေသည်။
စွန်ချီမင်က မည်သည့် အာလာပသာလပ စကားမှ ဆိုမနေပဲ လိုရင်းကို တန်းမေးလိုက်၏။ “ဟိုလူ ဘယ်မှာလဲ…”
မိသားစုမှ လူများသည် အကြည့်တစ်ချက်ဖြင့် အမြုတေကို ပျက်စီးသွားစေသည် ဆိုသော အဓိပ္ပာယ်ကို သိကြလိမ့်မည် မဟုတ်ပေ။ သို့သော် သူကတော့ ကောင်းကောင်းကြီး သတိထားနေမိ၏။ သူက ထိုသို့ လုပ်နိုင်မည် ဆိုလျှင်ပင် စဦးစိတ်ဝိညာဉ်အဆင့်သုံးယောက်ကိုတော့ မည်သည့်မန္တာန်မှ အသုံးမပြုဘဲ ခြေတစ်လှမ်းကြောင့် နောက်ဆုတ်သွားအောင်တော့ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
သည်လို အခြင်းအရာများကို မန္တာန်တစ်ခုခု အသုံးပြုလျှင် ရှင်းပြလို့ ရနိုင်သေး၏။ သို့သော် စားသောက်ဆိုင်မှ ဖြစ်ရပ်ကို ဖော်ပြထားသည့် ကျောက်စိမ်းပြားထဲ၌ ထိုလူက မည်သည့်မန္တာန်ကိုမှ အသုံးပြုခဲ့ခြင်း မရှိဟု ဆိုထား၏။ ထိုသို့သော အရာမျိုးက အာဏာတက်ခြင်းအဆင့်ရှိ မွန်းစတားအိုများသာ လုပ်နိုင်သည့် အရာဖြစ်နေ၏။ သာမန်ကျင့်ကြံသူတစ်ယောက်က ထိုသို့ လုပ်နိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။
***