အဘိုးအိုက ပါးစပ် မဟဝံ့ချေ။ သူက ပါးစပ်ဟလိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထဲမှ အမြုတေစွမ်းအင်များက လွတ်ထွက်သွားမည်ကို စိုးရိမ်နေပေ၏။ ထိုသို့သာ ဖြစ်ပါက သူက မသေတောင် သူ့ကျင့်ကြံမှုအဆင့်က များစွာ ထိုးကျသွားပေလိမ့်မည်။
ခုလက်ရှိတွင် သူသည် စောနက မြိုချခဲ့သည့် ဆေးလုံးများပေါ်တွင်သာ တည်မှီနေတော့၏။သို့သော် ထိုဆေးလုံး၏ သက်ရောကမှုကတော့ အလွန်နည်းပါးလှသည်။
သူ့ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအင်အမျှင်တန်းများက ထိုးထွက်လာခဲ့သည်။
ခရမ်းရောင်ဝတ်စုံနှင့်လူငယ်က ဝမ်လင်းထံသို့ ကြည့်ကာ ခေါင်းညိတ်လိုက်၏။ “မင်းက ကျင့်ကြံသူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။ သိပ်ကောင်းတယ်။ ရွင်ယွမ်ဂြိုဟ်ပေါ်မှာ မင်းက စွန်မိသားစုကို စော်ကားလိုက်တည်းက…ဒါက…”
သူ့စကားမဆုံးခင်မှာပင် ဝမ်လင်းက လက်ဝှေ့ယမ်းလိုက်၏။ လူငယ့်ခန္ဓာကိုယ်က တုန်ယင်သွားကာ သူ့မျက်နှာက ချက်ခြင်း ဖြူရောလို့သွား၏။ သူက ခုံပေါ်ကနေ အောက်သို့ ပြုတ်ကျလို့သွားသည်။
ဝမ်လင်းက သူ့ကို မသတ်လိုက်ပေ။ ထိုလူငယ့်၏ ခန္ဓာကိုယ်ထဲ၌ စိတ်ဝိညာဉ်စွမ်းအင် များစွာ မရှိသေးသည့်အတွက် သူ့ကို သေမျိုးတစ်ယောက်လိုသာ ယူဆလို့ရနိုင်သောကြောင့် ဖြစ်၏။
ဝမ်လင်းအတွေ့အကြုံ့ကြောင့် သူက ထိုလူငယ်သည် ကျင့်ကြံခြင်းမိသားစုတစ်ခု၏ တိုက်ရိုက်မျိုးဆက် သို့မဟုတ် သေမျိုးများကြားတွင် တော်ဝင်သွေးပါသူတစ်ယောက်မှန်း သိလိုက်ပေ၏။
သို့ရာတွင် သူတို့က မည်သို့သော် နောက်ခံ ရှိနေပါစေ ဝမ်လင်းက ဂရုမစိုက်ချေ။ ရွင်ယွမ်ဂြိုဟ်ပေါ်၌ သူက အနှိုင်းမဲ့ဘိုးဘေးတစ်ယောက် ဖြစ်နေသည် မဟုတ်လား။
သူ့ရှေ့ရှိမြင်ကွင်းက ဝမ်ဖျင်ကို ပင့်သက်ရှိုက်မိသွားစေ၏။ သူက သူ့အဖေကို ကြည့်လိုက်မိသည်။ သည်အခိုက်အတန့်၌ သူ့အဖေက သာမန်ကျင့်ကြံသူတစ်ယောက် မဟုတ်မှန်းကိုလည်း သိရှိသွားသည်။ သူ့အဖေ၏ အကြည့်တစ်ချက်ဖြင့်ပင် ထိုအဘိုးအိုက ခုလိုပုံစံမျိုး ဖြစ်သွားရသည် မဟုတ်လား။
ချင်ရီက ဝမ်လင်းတို့သားအဖကို ငေးကြည့်နေ၏။ ခဏတာတုံ့ဆိုင်းသွားပြီးနောက် သူမက ရှေ့တိုးလာကာ လေးစားစွာ ပြောလာ၏။ “စီနီယာ..ဒါက ငါတို့ ဆင်ခြင်မဲ့လို့ ဖြစ်သွားရတာပါ…”
ဝမ်လင်းက အရက်အိုးကို ကောက်ကိုင်၍ တစ်ငုံသောက်လိုက်ကာ သူမကို ကြည့်ပင် မကြည့်ချေ။
ချင်ရီက အောက်နှုတ်ခမ်းကို ကိုက်လိုက်မိ၏။ သူမက ထိုသို့ အကျပ်ရိုက်သွားသည့်အခါ ဝမ်ဖျင်က ပြုံးလိုက်မိသည်။ သူက နဂိုကတည်းက ချောမောလွန်းသည့်သူ ဖြစ်ကာ ထိုသို့ ပြုံးလိုက်သည့်အခါတွင်တော့ ပို၍ပင် ကြည့်ကောင်းသွားစေသည်။ ဝမ်ဖျင်က ချင်ရီကို ကြည့်၍ မေးလိုက်သည်။ “မိန်းကလေး…နင့်နာမည်က ချင်ရီလား…။ငါ့နာမည်က ဝမ်ဖျင်ပါ။ မိန်းကလေးကကော ကျင့်ကြံသူတစ်ယောက်လား…”
ဝမ်ဖျင်၏ အပြုံးက ချင်ရီမျက်နှာကို နီမြန်းသွားစေသည်။သူမက နူးညံ့စွာ ပြောလာ၏။ “ဟုတ်ပါတယ်။ ဒါပေမဲ့ ဆရာက အခြေခံတည်ဆောက်ခြင်းအဆင့်ကို မရောက်သေးသ၍ကိုယ့်ကိုယ်ကို ကျင့်ကြံသူတစ်ယောက်လို့ မခေါ်နဲ့ဦးလို့တော့ ပြောထားပါတယ်။ နင့်နာမည်က ဝမ်ဖျင်နော်။ ဒီနေ့ကိစ္စက ငါတို့အမှားပါ။ နင်တို့ ခု မြန်မြန် ထွက်သွားသင့်ပြီ။ စောနက ဆရာဟာ အသံပြောင်းကျောက်စိမ်းပြားကို ခွဲချေလိုက်တဲ့အတွက် တစ်ယောက်ယောက် သိပ်မကြာခင် ရောက်လာတော့မှ ငါ စိုးရိမ်မိတယ်…”
ဝမ်ဖျင်က ပြုံးလိုက်၏။ သူက ထိုကိစ္စကို ဂရုစိုက်ဟန် မရဘဲ ချင်ရီနှင့်သာ စကားဆက်၍ ပြောနေသည်။
ထိုအခိုက်မှာပင် စားသောက်ဆိုင်ပြင်ပမှ လေတိုးသံများ ထွက်ပေါ်လာ၏။သည့်နောက် စားသောက်ဆိုင်ထဲ၌ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး အဘိုးအိုသုံးယောက် ထွက်ပေါ်လာကြသည်။
ချင်ရီက ခပ်သွက်သွက် လေးစားစွာ ပြောလိုက်သည်။ “ဘိုးဘေးစွန်…”
ထိုအဘိုးအိုသုံးယောက်ထဲမှ တစ်ယောက်သည် ဆံပင်ဖြူများနှင့် ပြည့်နေကာ သူ့မျက်လုံးများက လျှပ်စီးတန်းများအလား ရှိနေသည်။ သူက ဖိအားတစ်ခုကို ပေးစွမ်းလို့နေသည်။ စားသောက်ဆိုင်ထဲသို့ ဝင်လာပြီးသည့်နောက် သူ့အကြည့်က ကြမ်းပြင်ပေါ်တွင် ထိုင်နေသော အမြုတေဖွဲ့တည်ခြင်းကျင့်ကြံသူကို သိမ်းကြုံးကြည့်လိုက်သည်။ သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် ဝမ်လင်းနှင့်ဝမ်ဖျင်တို့ထံသို့ အကြည့်ရောက်လို့သွားသည်။
သူ သိမြင်သလောက် ဝမ်လင်းနှင့် ပတ်သတ်၍ မည်သည့်စိတ်ဝိညာဉ်စွမ်းအင်မှ ရှိမနေသည်ကို တွေ့လိုက်ရသည်။ သို့ရာတွင် သူ့မျက်လုံးကို ကျဉ်းမြောင်းသွားစေသည့်သူကတော့ ဝမ်ဖျင်ပင် ဖြစ်သည်။ သူက အနီးကပ် သေချာကြည့်လိုက်သည့်အခါ သူ့မျက်လုံးထဲ၌ ထူးဆန်းသောအရောင်တစ်ခု ဖြစ်ပေါ်လာသည်။
“ဒီကလေးရဲ့ ပါရမီက ထူးကဲလှချည်လား။ သူ့ခန္ဓာကိုယ်က သေမျိုးသာ ဖြစ်နေပေမဲ့လည်း သူ့စိတ်ဝိညာဉ်ကတော့ ကမ္ဘာလောကနဲ့ အသားတကျဖြစ်နေပြီး ခွန်အားနဲ့ ပြည့်လို့နေတယ်။ ဒီလို စိတ်ဓာတ်အင်အားမျိုးက ကျင့်ကြံသူတွေကြားထဲမှာတောင် ရှားလှတယ်။ ဒီနှစ်ယောက်က အပေါ်ပိုင်း မြင်ရသလောက် ရိုးစင်းမှာ မဟုတ်ဘူး…”
ကြမ်းပြင်ပေါ်ရှိ အမြုတေဖွဲ့တည်ခြင်း ကျင့်ကြံသူက အဘိုးအို ရောက်ရှိလာသည်ကို သတိပြုမိသွားဟန်ရကာ မျက်လုံးဖွင့်ကြည့်လာ၏။ သူက ပါးစပ်မဟနိုင်ဖြစ်နေကာ တဝူးဝူးနှင့် ဖြစ်လို့နေ၏။ သူ့ခန္ဓာကိုယ်ထံကနေ မြူထုတစ်ခုက ထွက်ပေါ်လာ၏။ သည့်နောက် သူ့အသွင်က ဖြူရောသွားပြီး အလျင်စလို ပြောလိုက်သည်။ “ဦးလေး…သူက ငါ့ကို ဒဏ်ရာရစေတဲ့လူပဲ။ ငါ့ကို ကယ်ပေးပါ…”
အဘိုးအို၏ ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ ကြမ်းပြင်ပေါ်ရှိ အဘိုးအိုထံသို့ ဆန့်တန်းလိုက်သည်။ထိုချိပ်တံဆိပ်က အနှီအဘိုးအို၏ မျက်ခုံးနှစ်ခုကြားသို့ ကျရောက်လို့သွားသည်။ ထိုမန္တာန်က ချဲ့ထွင်လာပြီးနောက် လွတ်ထွက်နေသည့် အမြုတေစွမ်းအင်များကို ပိတ်လှောင် ချိပ်ပိတ်ပေးသွားသည်။
သူက ထိုသို့ ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းထံသို့ သုန်မှုန်စွာ ကြည့်၍ ပြောလိုက်သည်။ “သင့် နည်းလမ်းက ရက်စက်လှတယ်။ ငါတို့ စွန်မိသားစုက ဒီကိစ္စကို ကြားသိတဲ့အခါမှာ ဒီတိုင်း ငုတ်တုတ်ထိုင်နေလိမ့်မယ်လို့ သင် ထင်နေတာလား..”
ဝမ်လင်းက ထိုအဘိုးအိုကို ကြည့်ပင် မကြည့်ချေ။ သူက အရက်အိုးကို ပြန်ချကာ တည်ငြိမ်စွာ ပြောလိုက်၏။ “ဖျင်အာ…သွားကြစို့…”
ထိုသို့ ပြောပြီးသည့်နောက် သူက မတ်တပ်ထရပ်ပြီး ထွက်ပေါက်သို့ လမ်းလျှောက်သွားလေသည်။
ဝမ်ဖျင်က ချင်ရီကို ပြုံးပြလိုက်၏။ ချင်ရီက ထိုအပြုံးကို မြင်လိုက်သည့်အခါ သူမမျက်နှာက နီမြန်းသွားပြန်သည်။ ဝမ်ဖျင်က သည်မိန်းကလေးနှင့် ပတ်သတ်၍ ခံစားချက်ကောင်း ရှိနေပေ၏။ သည်ခံစားချက်က သူမ ဆရာ သူ့ကို တိုက်ခိုက်လာသည့် အချိန် သူမက သူမ၏ဆရာကို တားဆီးရန် ကြိုးစားလိုက်သောကြောင့် ဖြစ်ပေါ်နေခြင်းပင်။
သည့်နောက် ဝမ်ဖျင်ကလည်း သူ့အဖေနောက်သို့ လိုက်သွားကာ စားသောက်ဆိုင်ထဲမှ ထွက်ရန် ပြင်လိုက်သည်။
အဘိုးအိုက အေးစက်စွာ နှာခေါင်းရှုံ့၍ သူတို့ကို ရပ်တန့်ရန် ရှေ့သို့ ခြေလှမ်းလိုက်သည်။သူ့ဘေးရှိ အဘိုးအိုနှစ်ယောက်သည်လည်း ထို့အတူသာ။
“စကားကို ပြီးအောင် ပြောပြီးမှ မင်း ထွက်သွားလို့ရမယ်…”
ဝမ်လင်း အကြည့်က တည်ငြိမ်လှ၏။ သူက ခြေတစ်လှမ်း ဆက်၍ လှမ်းလိုက်သည်။ သည်ခြေလှမ်းက ရိုးစင်းလှသော်လည်း အဘိုးအိုသုံးယောက်၏ စိတ်ထဲ၌ မိုကြိုးပစ်သံများအလား ပဲ့တင်ထပ်လို့သွားချေသည်။ ထိုခြေလှမ်းက မြေပြင်ပေါ်သို့ လှမ်းလိုက်ခြင်း မဟုတ်ဘဲ သူတို့စိတ်ထဲ၌ လှမ်းချလိုက်သကဲ့သို့ ဖြစ်နေ၏။
အဘိုးအိုနောက်ရှိ လူနှစ်ယောက် စဦးစိတ်ဝိညာဉ်အလယ်အဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။သူတို့အသွင်က ကြီးစွာ ပြောင်းလဲသွား၍ ချက်ခြင်းပင် ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအင်များကို အသက်သွင်း၍ နောက်သို့ အလိုလို ဆုတ်လိုက်ရသည်။
သည်အရာက တာအိုနည်းစနစ်၊ မန္တာန်တစ်ခု မဟုတ်ပေ။ ယုတ်စွအဆုံး ဝမ်လင်းခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် အမျှင်တန်းပင် မဟုတ်ပေ။ သို့ရာတွင် ထိုအဘိုးအိုသုံးယောက်၏ အမြင်၌ ထိုမန္တာန်က သူတို့မြင်ဖူးသမျှ၏ အလွန်တွင် ရှိနေသည်ဟု ခံစားလိုက်ရ၏။
သည်အရာက အော်ရာပင်၊ တိတိကျကျဆိုပါက မျိုးဆက်တစ်ဆက်၏ ထိပ်ဆုံးသို့ ရောက်ရှိသွားသော တစ်စုံတစ်ယောက်၏ အော်ရာမျိုးပင်။ ကိုယ်ပိုင်တာအိုကို နားလည်သွားသည့် လူတိုင်၏ အော်ရာပင်။ ထိုသူများက ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို ငှားယမ်းကာ ဖိအားတစ်ခု ဖန်တီးနိုင်ပေသည်။အဘိုးအိုသုံးယောက် မပြောနှင့် သာမန်အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူများပင် ယင်းအော်ရာဖိအားကို တောင့်ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
အဘိုးအိုသုံးယောက်တွင် အလယ်မှ အဘိုးအိုက ကျင့်ကြံမှုအမြင့်ဆုံးဖြစ်ကာ စဦးစိတ်ဝိညာဉ် အထွတ်အထိပ်တွင် ရှိနေ၏။ သူက ကောင်းကင်နှင့်မြေကြီး၏ ဖြစ်စဉ်ကို နားလည်ကာ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သို့ပင် ခြေတစ်ဝက်လှမ်းနေနိုင်ခဲ့ပြီ ဖြစ်သည်။ ဝမ်လင်းအော်ရာက သူ့အမြင်၌ လွန်စွာ လေးနက်ထည်ဝါလှ၏။ သူ့စိတ်ဝိညာဉ်ပင် ဝမ်လင်း၏ တိုက်ရိုက် ဖိနှိပ်ခြင်းကို ခံလိုက်ရပေသည်။ထို့ကြောင့် သူ့မျက်နှာက ဖြူရောသွားကာ နောက်သို့ ခြေနှစ်လှမ်းခန့် ပြန်ဆုတ်သွားတော့၏။
ဝမ်လင်းက သူ့ကို ကျော်၍ စားသောက်ဆိုင်ထဲမျ ထွက်ခွာလာခဲ့သည်။ ဝမ်ဖျင်ကလည်း သူ့နောက်မှ လိုက်လာခဲ့၏။ ဝမ်ဖျင်က စားသောက်ဆိုင်ထဲမှ လှမ်းထွက်လိုက်သည့် အခိုက်အတန့်တွင် သူက နောက်လှည့်၍ ချင်ရီထံသို့ ကြည့်ကာ နူးညံ့စွာ ပြုံးပြလိုက်ပြန်သည်။
ချင်ရီမျက်နှာက ပို၍ပင် နီမြန်းသွားလေ၏။
“ဒီတစ်ခါပဲ ဖြစ်ပါစေ…” ဝမ်လင်းအသံက စွန်မိသားစုမှ ကျင့်ကြံသူများ၏ နားထဲသို့ ဖြည်းဖြည်းချင်း ပဲ့တင်ထပ် ဝင်ရောက်လို့သွားသည်။ အချိန်အတန်ကြာပြီးမှ သူတို့က ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့၏။ သူတို့မျက်လုံးထဲ၌ ကြောက်လန့်မှုတို့နှင့် ပြည့်နှက်နေတော့သည်။
စားသောက်ဆိုင်ထဲမှ ထွက်ခွာလာပြီးနောက် ဝမ်ဖျင်က ချီတုံ့ချတုံ့ဖြစ်ပြီးနောက် သူ့အဖေကို အမှီလိုက်ကာ ပြုံး၍ မေးလိုက်သည်။ “အဖေ…သင်က စွန်မိသားစုကို သိလား…”
“အဖေက သူတို့နဲ့ နည်းနည်း တွေ့ကြုံဖူးတယ်။ သားရဲ့ အဖေက သူတို့မိသားစုတွေကို ရာစုနှစ်တစ်ခုလောက် စောင့်ရှောက်ပေးမယ်လို့ ကတိပေးထားခဲ့တယ်….”
ဝမ်လင်းက ဝမ်ဖျင်ကို ကျင့်ကြံဖို့ ခွင့်မပြုရသည့် အကြောင်းရင်းကလွဲ၍ မည်သည့်အရာကိုမျှ ဖုံးကွယ်မထားပေ။
“ဒီချင်ရီလို့ ခေါ်တဲ့ မိန်းကလေးက သိပ်မဆိုးလှဘူး…” ထိုသို့ ပြော၍ ဝမ်လင်းကို ဝမ်ဖျင့်ကို ပြုံးတုံ့မပြုံးတုံ့ဟန်ဖြင့် ကြည့်လိုက်သည်။
ဝမ်ဖျင်က မှင်သက်သွား၏။သူ့ချောမောသောမျက်နှာက အနီရောင်သန်းသွားလေသည်။
ဝမ်လင်းနှင့်ဝမ်ဖျင်တို့က ရေပြင်ကျယ်မြို့၏ မြောက်ဘက်ပိုင်းတွင် ခြံဝန်းကျယ်ကြီးနှင့် အိမ်တစ်လုံးကို ဝယ်ယူခဲ့ကြသည်။ အနည်းငယ် သန့်ရှင်းရေး လိုက်ပြီးနောက် သူတို့က ထိုနေရာတွင် အထိုင်ချလိုက်သည်။ သည်အိမ်က ကြီးမားလှကာ အခန်းများစွာ ပါဝင်၏။ အရင် ရောင်းခဲ့သော ပိုင်ရှင်က အိမ်စေ မိန်းကလေးများကိုပါ ထားခဲ့လိုက်သေးသည်။
သည်အခိုက်အတန့်၌ ဝမ်လင်း၏ စကားကြောင့် ရေပြင်ကျယ်မြို့၏ စွန်မိသားစုခွဲ အိမ်တော်တွင် ပွက်လောရိုက်လို့ နေလေ၏။
***