Switch Mode

အပိုင်း(၇၄၃)

ချင်ရီ

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ထို့ကြောင့် ဝမ်ဖျင်က သူ့မျက်လုံးထဲရှိ ဝမ်းနည်းမှုကို မမြင်လိုက်ရချေ။

မည်သူကမျှ သူ ဝမ်ဖျင့်ကို မကျင့်ကြံစေလိုသည့် အကြောင်းရင်းကို မသိကြချေ။စွန်ထိုင်လည်း ထိုအကြောင်းရင်းကို မသိပေ။ ဝမ်ဖျင်လည်း မသိပေ။ ဝမ်လင်းကိုယ်တိုင်သာ ထိုအကြောင်းရင်းကို သိနေပေ၏။

သို့သော် သူက ဝမ်ဖျင်ကိုလည်း ပြောမပြနိုင် ဖြစ်နေ၏။ဝမ်ဖျင်အတွက်ကတော့…။ ထိုအရာက လျိုမေနှင့်လည်း ဘာမှ မပတ်သတ်ပေ။

ဝမ်ဖျင်က ဝမ်လင်း၏ သက်ပြင်းချသံကို မကြားနိုင်ပေ။

ဝမ်လင်းက မြင်းလှည်းအပြင်ဘက် မြက်ရိုင်းများကို ကြည့်ကာ ဆိတ်ဆိတ်နေရင်း တွေးလို့နေသည်။

မြင်းလှည်းအိမ်ထဲတွင် ဝမ်ဖျင်ကလည်း ထိုအတိုင်းသာ။ အဖေနှင်သားကြားရှိ တိတ်ဆိတ်မှုက ပို၍ အားကောင်းလာခဲ့သည်။

အချိန်အတန်ကြာပြီးနောက် ဝမ်ဖျင်က ခေါင်းလှည့်လာကာ သူ့အဖေကို ကြည့်လိုက်သည်။ ဘေးဖက်မှ ကြည့်ပါက သူ့အဖေ၏မျက်နှာက ပို၍ပင် အရေးအကြောင်းများ တွန့်လာခဲ့ပြီကို တွေ့မြင်နေရသည်။ သူ့နှလုံးသားက ဆက်လက်၍ တင်းမခံနိုင်တော့ဘဲ တိုးညင်းစွာ ဆိုလာသည်။ “အဖေ…ကျွန်တော် မှားပါတယ်…”

ဝမ်လင်းကလည်း ပြန်လှည့်ကြည့်လိုက်သည်။ သူက ကြင်နာစွာ ပြုံးပြ၏။ သို့သော် စကားတော့ မဆိုပေ။

ရေပြင်ကျယ်မြို့က ရွင်ယွမ်ဂြိုဟ်ပေါ်ရှိ အင်ပါယာကြီးသုံးခုထဲမှ တစ်ခု၏ မြို့တော်ခွဲတစ်ခု ဖြစ်သည်။ ယင်းမြို့က မြို့တော်အောက်သာ တစ်ဆင့်နိမ့်ပေ၏။ မြစ်ဘေးတွင်လည်း တည်ရှိသဖြင့် ယင်းမြို့က လှုပ်ရှားသက်ဝင်နေသော မြို့တစ်မြို့ဟု ဆိုရပေမည်။

မြင်းလှည်းက မြို့ထဲသို့ ဝင်လာပြီးနောက် တစ်နေရာ၌ ရပ်တန့်သွားသည်။ ဝမ်လင်းနှင့်ဝမ်ဖျင်တို့ကလည်း မြင်းလှည်းထဲကနေဆင်း၍ သည် ဆူညံသက်ဝင်နေသော မြို့ထဲသို့ ဝင်ရောက်လာခဲ့သည်။

ဝမ်ဖျင်က ခုလိုမျိုး လှုပ်ရှားသက်ဝင်နေသည့် မြို့ကြီးကို တစ်ခါမှ မြင်တွေ့ခဲ့ဖူးခြင်း မရှိပေ။ သူက ဘေးပတ်ပတ်လည်ကို ကြည့်နေရင်း စောနက မပျော်မရွှင်ဖြစ်မှုကိုပင် မေ့သွားသည့်ပုံ ရသည်။

ဝမ်လင်းက မြို့အရှေ့ဘက်ရှိ တော်တော်လေး သပ်သပ်ရပ်ရပ် ရှိသည့် စားသောက်ဆိုင် ရှိရာသို့ ခြေလှမ်းလိုက်သည်။ ဆိုင်ထဲမှ စားပွဲထိုးလေးက ကဗျာကယာ ကောက်ပြုံးကာ သူတို့သားအဖကို ပြတင်းပေါက်အနီးရှိ စားပွဲသို့ ခေါ်သွားပေးသည်။ သိပ်မကြာခင်မှာပင် အရက်အိုးနှင့် စားစရာတို့ပါ ရောက်ရှိလာကြသည်။

ဝမ်ဖျင်၏ ချောမောလှသည့် ရုပ်သွင်ကြောင့် သူတို့က ဆိုင်ထဲ၌ ထိုင်ချလိုက်သည့်အခိုက်မှာပင် စားသောက်ဆိုင်ထဲရှိ အမျိုးသမီးတော်တော်များများ၏ အာရုံက ဝမ်ဖျင်ထံသို့ ကျရောက်လာတော့သည်။

ဝမ်လင်းက သူ့တူကို ကိုင်လိုက်ခြင်း မပြုဘဲ အရက်အိုးကိုသာ ကောက်ယူကာ တည်တည်ငြိမ်ငြိမ် မော့သောက်လိုက်၏။ ဝမ်ဖျင်ကတော့ ဟင်းလျာများကိုသာ မြည်းစမ်းကြည့်ဖို့ ရှိတော့သည်။

ဝမ်လင်းက အရက်အိုးကို ပြန်ချကာ တည်ငြိမ်စွာ ပြောလိုက်၏။ “ခုက စပြီး…အဖေတို့က ဒီနေရာမှာ နေကြမယ်။ အရင်ဆုံး…ငါတို့အတွက် အိမ်တစ်လုံး ဝယ်ရမယ်…”

ဝမ်ဖျင်က ခေါင်းညိတ်ကာ ပြုံး၍ ပြောလိုက်သည်။ “အဖေ…ဒီနေရာက တော်တော်လေး ကောင်းတာပဲ။ တောင်တန်းနဲ့ မြစ်တွေကြားမှာ အချိန်အကြာကြီး ကုန်ဆုံးပြီးတဲ့နောက် ကျွန်တော်က ဒီမြို့ထဲ စဝင်လာတဲ့အချိန်ကြမှ ကမ္ဘာလောကထဲ ပြန်ဝင်လာတယ်လို့တောင် ခံစားမိသွားတယ်…”

ဝမ်ဖျင် စကားဆုံးသည်နှင့် သူတို့အနီးနားရှိ စားပွဲဝိုင်းတစ်ခုမှ နှာခေါင်းရှုံ့သံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

ထိုစားပွဲ၌ လူသုံးယောက် ရှိနေသည်။ ထိုသုံးယောက်ထဲမှ တစ်ယောက်က ပိုးသားဝတ်စုံနှင့် အဘိုးအိုတစ်ယောက် ဖြစ်သည်။ သူ့မျက်လုံးများက မှိန်ဖျော့နေသော်လည်း သူ မျက်လုံးဖွင့်လိုက်ချိန်တွင်မူ မြင့်မြတ်သော အော်ရာကို ပေးစွမ်းနေပေသည်။

သူ့ဘေးတွင် အမျိုးသားတစ်ယောက်နှင့်အမျိုးသမီး တစ်ယောက်တို့ ထိုင်နေကြသည်။အမျိုးသား ဖြစ်သူကလည်း ရုပ်ရည်ချောမောကာ မြင့်မြတ်သည့်ဟန် ရှိသည်။ သူက အနားစ၌ ရွေရောင်လိုင်းများ ရေးထိုးထားသည့် ခရမ်းရောင်ဝတ်စုံကို ဝင်ဆင်လို့ထားသည်။ကြည့်ရသည်မှာ ထိုဝတ်စုံက တော်တော်လေးစျေးကြီးမည့် ပုံပင်။

အမျိုးသမီးကတော့ အသက်နှစ်ဆယ်ခန့် ရှိမည် ဖြစ်ကာ သူမ၏ နက်မှောင်သောဆံနွယ်များက ပခုံးထက်မှ ဝဲကျလို့နေသည်။ သူမက အလွန်မလှသော်လည်း လန်းဆန်းတက်ကြွမှုကို ပေးစွမ်းနေ၏။

နှာခေါင်းရှုံ့လိုက်သည့်သူမှာ ခရမ်းရောင်ဝတ်စုံနှင့်လူပင်။

ခရမ်းရောင်ဝတ်စုံနှင့်လူက သူ့ဘေးရှိ အမျိုးသမီးကို ကြည့်ကာ ရယ်မော၍ ပြောလိုက်သည်။ “ဒီ ရူးကြောင်ကြောင် ကောင်လေးက စိတ်ဝင်စားစရာပဲ။ သူက ရေပြင်ကျယ်မြို့ကို ခုမှ ပထမဆုံး ရောက်ဖူးတာ ဖြစ်ရမယ်။ ကြည့်ပါလား..သူက ဒီမြို့ကို စဝင်လာတာက သူ့အတွက် ကမ္ဘာကြီးထဲ ဝင်လာတယ်ပဲ ဖြစ်ရသေးတယ်။ အဓိပ္ပာယ် မရှိလိုက်တာ…”

သူက အကျယ်ကြီး ပြောလိုက်ခြင်း မဟုတ်ပေ။ သို့သော် သည်စကားလုံးများက ဝမ်ဖျင်နားထဲသို့ တိုးဝင်လာခဲ့သည်။ ဝမ်ဖျင်က မျက်မှောင်ကြုတ်သွား၏။ သို့သော် မည်သည့်စကားမျှတော့ မဆိုပေ။

ဝမ်လင်းအတွက်ကတော့ အရက်အိုးကို ကောက်ကိုင်ကာ တစ်ကျိုက်မော့သောက်လိုကတော့သည်။ သူ့အကြည့်က ထိုစားပွဲရှိ လူသုံးယေက်ထံသို့ မသိမသာ ရောက်လို့သွားသည်။

အမျိုးသမီးက မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုး မေးလိုက်သည်။ “ဒါက ရယ်စရာ ပါလို့လား…”

လူငယ်က ရယ်မောလိုက်ပြန်သည်။ “ဂျူနီယာညီမလေး ချင်ရီ…ဒါက ဘာလို့ မရယ်ရမှာလဲ…”

အမျိုးသမီးက စိတ်ရှုပ်သွားဟန်ဖြင့် ခေါင်းပြန်လည့်သွားသည်။

လူငယ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြန်သည်။ သူက ဝမ်ဖျင်ကို ကြည့်၍ ရယ်မောရသည့် အကြောင်းရင်းမှာ ဝမ်ဖျင် စားသောက်ဆိုင်ထဲသို့ ဝင်လာသည်နှင့် အမြဲအေးစက်စက်နေတက်သည့် သည်အမျိုးသမီးက သူမခေါင်းကို မော့ကာ ဝမ်ဖျင်ထံသို့ ကြည့်လိုက်သောကြောင့်ပင် ဖြစ်သည်။

သူက သူမအသွင်ဟန်ပန်ကို မြင်တွေ့လိုက်ရသည့်အခါ အေးစက်စက်နှာခေါင်းရှုံ့၍ ခေါင်းငဲ့ကာ ဝမ်ဖျင်ထံသို့ စူးစိုက်ကြည့်လိုက်သည်။

ခရမ်းရောင်ဝတ်စုံနှင့်လူငယ်က ပြောလိုက်၏။ “သူ့ရုပ်ရည်က မိန်းကလေးတစ်ယောက်လိုသာ မွေးလာခဲ့ရင် သူမက တော်တော်လေး စွဲဆောင်မှု ရှိလိမ့်မယ်။ ကံမကောင်းစွာနဲ့ ဒါက ယောက်ျားလေး ဖြစ်နေတယ်။ ဒါပေမဲ့လည်း သူက ယောက်ျားပြည်တန်ဆာ လုပ်ရင်တော့ တော်တော်လေး အဆင်ပြေလိမ့်မယ်…”

ထိုလူငယ်၏ ထပ်မံစော်ကားမှုကြောင့် ဝမ်ဖျင်က သူ့လက်ထဲမှ တူကို ချလိုက်မိသည်။သူက ခေါင်းလှည့်ကာ ထိုလူငယ့်ကို ကြည့်၍ ပြောလိုက်သည်။ “ကြည့်ကောင်းလိုက်တဲ့ မျက်နှာပေါက်ပဲ။ လူတစ်ယောက်လိုသာ မွေးလာခဲ့ရင် တော်တော်လေး ချောမောမှာပဲ။ ဒါပေမဲ့လည်း ခွေးတစ်ကောင်လို မွေးလာတဲ့အတွက် သနားစရာ သိပ်ကောင်းနေတယ်…အင်း သနားစရာ ကောင်းတယ်…”

ခရမ်းရောင်ဝတ်စုံနှင့်လူငယ်၏ အသွင်က ရှုံ့တွသွားသည်။ သူက စကားပြန်မပြောနိုင်ခင်မှာပင် သူ့ဘေးရှိ အဘိုးအိုက မျက်မှောင်ကြုတ်ကာ ကြားဖြတ်၍ လှမ်းဟောက်လိုက်သည်။ “ကျင်ယရွှမ်ကို ရောက်လာတဲ့ လူတွေက ဘယ်တုန်းကများ ခုလို ရိုင်းစိုင်းတက်ကုန်ကြတာလဲ။ ဒီအဘိုးအိုက မင်းကို သင်ခန်းစာ တစ်ခုနှစ်ခု ပေးမှ ရတော့မယ်…”

အဘိုးအိုက ထိုသို့ ပြောဆိုလိုက်ရင်း သူ့လက်ထဲမှ တူကိုပစ်လွှတ်လိုက်သည်။ ယင်းတူနှစ်ချောင်းက ဝမ်ဖျင်ပခုံးထံသို့ မြန်ဆန်စွာ တိုးဝင်လာသည်။ တူတစ်စုံသာ ထိမှန်ခံလိုက်ရပါက ဝမ်လင်းလက်များသည် သုံးစားမရ ဖြစ်သွားနိုင်ပေသည်။

အဘိုးအိုက တူကို ပစ်လွှတ်လိုက်သည့်အခိုက်တွင် သူတို့ဘေးရှိ အမျိုးသမီးက အံ့အားသင့်သွားသည်။သူမက မတ်တပ်ထရပ်ကာ တူကို ဖမ်းရန် ဟန်ပြင်လိုက်သည်။

သို့ရာတွင် ထိုတူတစ်စုံက နီးကပ်သွားချိန်၌ အားလျော့သွားကာ ဝမ်ဖျင်ဘေးနားသို့ ညင်သာစွာ ပြုတ်ကျသွားတော့၏။ ဝမ်လင်းက အရက်အိုးကို ပြန်ချလိုက်ရင်း ထိုအဘိုးအိုထံသို့ အေးစက်စွာ ကြည့်လိုက်သည်။

အကြည့်တစ်ချက်။

အဘိုးအို ခန္ဓာကိုယ်က စိတ်ထဲတွင် မိုးကြိုးမြောက်များစွာ ပစ်ချသကဲ့သို့ မှင်သက် တုန်ယင်လို့သွားသည်။ ထိုအကြည့်က ထက်ရှသောဓားတစ်လက်အလား သူ့မျက်လုံးကနေ တစ်ဆင့် တစ်ကိုယ်လုံးကို မွှေနှောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ယင်းအကြည့်က သူ့စိတ်ကို ဖြတ်၍ စိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်သွားသည်။ ကြည့်ရသည်မှာ သူ့စိတ်ဝိညာဉ်က ပျက်စီးရန် တာဆူလာကာ သူ့မူလမီးတောက်ပင် ငြိမ်းသေ သွားပြီး ရွှေရောင်အမြုတေက ကွဲကြေသွားတော့မည် ပုံပင်။

အဘိုးအိုခန္ဓာကိုယ်က ချက်ခြင်း တောင့်တင်းကာ ကြက်သေသေသွားသည်။ သူ့ခြေဖျားလက်ဖျားများက အလိုလို တုန်ယင်နေတော့သည်။

“ဒါ…ဒါက…”

သူ့ဖြစ်တည်မှုတစ်ခုလုံးသည် ထိုအကြည့်တစ်ချက်ဖြင့်ပင် ပျက်စီးသွားလုနီးပါး ဖြစ်သွားခဲ့ရသည်။

သူ့ပါးစပ်ထောင့်မှ ရွှေရောင်ရောယှက်နေသည့် သွေးများ ယိုစီးကျလာသည်။ သူ့အမြုတေထဲ၌ အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာကာ သူ့အမြုတေစွမ်းအင်ကလည်း ထိုသွေးစီးကြောင်းတစ်လျှောက် စိမ့်ထွက်လာခဲ့တော့သည်။

ထိုအဘိုးအိုက အမြုတေဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ခရမ်းရောင်ဝတ်စုံနှင့်လူငယ်က ချီစုဆောင်းခြင်းအဆင့်တွင် ရှိကာ အမျိုးသမီးဖြစ်သူကတော့ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ပင် မရောက်သေးပေ။

အမြုတေဖွဲ့တည်ခြင်း ကျင့်ကြံသူတစ်ယောက်က ခုလိုမျိုး သေမျိုးတစ်ယောက်အပေါ်၌ ရက်ရက်စက်စက် လုပ်လာခဲ့သည့်အတွက် ဝမ်လင်းက ချက်ခြင်းပင် သူ့သတ်ဖြတ်ချင်စိတ်ကို ထုတ်ဖော်ပြလိုက်သည်။

ထို့အပြင် ဒီအဘိုးအိုက သူ့သားကို လာရန်စစော်ကားနေခြင်း ဖြစ်သည်။

“မင်း…” အဘိုးအိုထိုင်နေသော ခုံက ပျက်စီးလို့သွားကာ သူက အောက်သို့ ပြုတ်ကျသွား၏။ သူ့မျက်နှာက ဖြူရောနေကာ ဆေးလုံးအချို့ကို အမြန် ထုတ်၍ မြိုချလိုက်ရသည်။သည့်နောက် သူက အသံပို့ကျောက်စိမ်းပြားကို ချက်ခြင်း ခွဲချေလိုက်သည်။

စားသောက်ဆိုင်က လုံးဝ တိတ်ဆိတ်လို့သွားကာ ဧည့်သည်အများက စိတ်ရှုပ်ထွေးနေကြသည်။ သို့ရာတွင် အနည်းငယ် အကင်းပါးသည့် စားသုံးသူများကတော့ ပိုက်ဆံမြန်မြန်ရှင်းကာ ခပ်သွက်သွက် ထွက်သွားကြတော့သည်။

ခရမ်းရောင်ဝတ်စုံနှင့်လူငယ်က လုံးဝမှင်သက်သွားသည်။ သူက အဘိုးအိုကို တစ်ချက်ပင် မကြည့်ပေ။ ထိုအစား သူက ဝမ်လင်းနှင့် ဝမ်ဖျင်တို့ ထံသို့သာ သုန်မှုန်စွာ ကြည့်လိုက်သည်။

အမျိုးသမီးကတော့ ဝမ်ဖျင်းနှင့်ဝမ်လင်းတို့ကို မှုံရီစွာ ကြည့်လို့နေ၏။ သူမက ခုလိုမျိုး ဖြစ်ပျက်လာလိမ့်မည်ဟု လုံးဝ မထင်ထားမိပေ။

“သင်က ငါ့သားကို သင်ပေးစရာ မလိုပါဘူး…” ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သည့်နောက် သူက အရက်အိုးကို ကောက်ယူကာ တစ်ကျိုက်မော့သောက်လိုက်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset