ရွင်ယွမ်ဂြိုဟ်က ရေများနှင့် ဖုံးလွှမ်းနေသော်လည်း တောင်တန်းများနှင့်ကုန်းမြေများစွာလည်း ရှိလို့နေသည်သာ။ လွန်ခဲ့သော နှစ်များက ဖြစ်ပွားခဲ့သည့် ဘေးကပ်ဆိုးကြောင့် ဂြိုဟ်ပေါ်ရှိ စိတ်ဝိညာဉ်စွမ်းအင်များက တော်တော်လေး အားပျော့သွားခဲ့ရပေသည်။
အဖေနှင့်သား တို့၏ ပုံရိပ်နှစ်ခုကို ရွင်ယွမ်ဂြိုဟ်ပေါ်ရှိ ကျော်ကြားသောတောင်တန်းများကြားတွင် အမြဲလိုလို တွေ့မြင်ရတက်ပေသည်။ သူတို့က တောင်ထိပ်သို့ တက်ရောက်ကာ ကမ္ဘာလောကကြီးကို ထိပ်ဆုံး၌ ရပ်၍ ကြည့်တက်ကြသည်။
သူတို့သားအဖနှစ်ယောက်က မြေကမ္ဘာ၏ ပြောင်းလဲခြင်းနှင့် တိမ်စိုင်တိမ်ခဲများ အလိပ်လိပ် ဖြစ်ပျက်နေပုံတို့ကို စောင့်ကြည့်တက်ကြ၏။
ထိုသားအဖနှစ်ယောက် တောင်ထိပ်ဖျားပေါ်သို့ ရောက်သည့်အခါ လေပြင်းက နားထဲသို့ တဝီဝီ တိုးဝင်လာနေခဲ့သည်။ ဝမ်ဖျင်က တောင်ထိပ်တွင် မတ်တပ်ရပ်နေရင်း လောကကြီးကို ငုံ့ကြည့်လို့နေသည်။ သူ့စိတ်ဝိညာဉ်ကလည်း ဖွံ့ဖြိုးလာခဲ့ပေသည်။
ဝမ်လင်းတို့သားအဖက တစ်တောင်ပြီးတစ်တောင်ကို တက်ရောက်နေရင်း ဝမ်ဖျင်၏ ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း သန်မာလာခဲ့ပေသည်။ သူ့အမြင်တွင် သူ့အဖေနှင့် ပတ်သတ်သည့် အရာအားလုံးက ခမ်းနားကြီးကျယ်လှ၏။
တောင်ထိပ်တစ်ခုစီမှ နောက်တစ်ခုထံသို့ တက်ရောက်လို့နေရင်းဖြင့် ဝမ်ဖျင်၏ စိတ်သည်လည်း များစွာ ဖြန့်ထွက် ခိုင်မာလာခဲ့ပေသည်။ သူက ကမ္ဘာလောကအနှံ့ လျှောက်သွားနေရင်း အရာအားလုံးကို မေ့ထားသည့်အလား။ သူနှင့်အတူ ရှိနေသည့်အရာများက သူ့အဖေ၊ တောင်တန်းများ၊ ရေပြင်၊ ကောင်းကင်နှင့် ကုန်းမြေတို့သာ ဖြစ်ကာ ထိုအရာများကသာ သူ့တည်ရှိမှုကို ခံစား၍ သူ့နောက်သို့ လိုက်ပါလာသည်ဟုပင် ထင်မှတ်ရသည်။
ထိုအခြင်းအရာများက အထီးကျန်ဆန်မှုမဟုတ်၊ လွတ်လပ်မှုစိတ်တစ်ခုသာ ဖြစ်ချေတော့၏။
တောင်တန်းများ၌ မည်သို့သော အန္တရာယ်ပင် ရှိရှိ သည်အဖေနှင့်သားကို ရပ်တန့်ခြင်းငှာ မစွမ်းသာခဲ့ပေ။ တောင်မည်မျှကြီးကြီး…သူတို့၏ ခြေဖဝါးအောက်သို့သာ ရောက်ရစမြဲပင်။
ဝမ်ဖျင်၏ ခန္ဓာကိုယ်က သေမျိုးတစ်ယောက်သာ ဖြစ်သော်လည်း သူ့စိတ်နှလုံးသားကတော့ ထပ်ခါထပ်ခါ ပုံသွင်းတိုးတက်လာကာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
တောင်တန်းများကို ဖြတ်သန်းတက်ရောက်ရင်း ဘဝ အတွေ့အကြုံရှာဖို့၊ လူတစ်ယောက်၏ စိတ်ကို တည်ငြိမ်စေဖို့၊ တောင်တန်းများ တစ်ခုပြီးတစ်ခုကို ကျော်ဖြတ်ပြီးချိန်တွင် ရရှိသည့် ခွန်အားကို ခံစားဖို့ ပြုလုပ်ခဲ့ကြပေ၏။ သူက ထိုအရာများကို သေမျိုးတစ်ယောက်၏ ခန္ဓာကိုယ်ကိုသာ အသုံးပြု၍ လုပ်ဆောင်ခဲ့ပေသည်။ သူက သေမျိုးတစ်ယောက်သာ ဖြစ်သော်လည်း သူ့အဖေ၏ ကောင်းကင်ဘုံကို ဖိဆန်တက်သည့် စိတ်အတွေးကို အမွေဆက်ခံထားသည် မဟုတ်လော။
ဝမ်လင်းက ဝမ်ဖျင်ကို မည်သည့်ကျင့်ကြံမှုနည်းလမ်းကိုမျှ သင်ပေးခဲ့ခြင်း မပြုပေ။ သို့သော် သူက သူ့ကိုယ်ပိုင်နည်းလမ်းဖြင့် ဝမ်ဖျင်၏ စိတ်ကို သန့်စင်မွန်းမံဖို့အတွက် ကူညီပေးခဲ့သည်။
ရေဆာနေသလား၊စမ်းရေကို သောက်။ ဗိုက်ဆာသလား…သစ်သီးနဲ့သားရဲအချို့ကို စားသောက်။ ပင်ပန်းသလား…မြေပြင်ပေါ်တွင် အနားယူလိုက်။ အိပ်ချင်သလား။ ကမ္ဘာမြေပေါ်လှဲလှောင်း၍ ကောင်းကင်ကို ခြုံထည် လုပ်ပစ်လိုက်။
သုံးနှစ်ဆိုသည့် အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွားခဲ့သည်။ သည်သုံးနှစ်အတွင်း ဝမ်ဖျင်၏ သူ့အဖေအပေါ် လေးစားမှုကလည်း ပို၍ အားကောင်းလာခဲ့သည်။ သူ့အမြင်၌ သူ့အဖေက ကမ္ဘာပေါ်တွင် အံ့အားသင့်စရာ အကောင်းဆုံးလူပင် ဖြစ်သည်။
တောင်တန်းများကို သိမ်းပိုက်စိုးမိုးပြီးနောက် နောက်တစ်လှည့်က မြစ်များပင်။
သည်အဖေနှင့်သားက နေရာတိုင်းရှိမြစ်များတွင် ပေါ်လာတက်ပေသည်။ သူတို့က ခမ်းနားသော မြစ်များကို ကြည့်၍ မြစ်ရေသံ၏ သံစဉ်ကို နားထောင်တက်ကြသည်။
ထီးတည်းလှေငယ်ပေါ်ရှိ ဝမ်ဖျင်၏ စိတ်ကလည်း ဖြည်းဖြည်းချင်း ဆင့်ကဲတိုးတက်လာခဲ့သည်။
ဝမ်လင်းနှင့်ဝမ်ဖျင်တို့က လှေငယ်လေးနှင့် သည်ကြီးမားသော မြစ်ပြင်ကျယ် တစ်လျှောက် ဖြတ်သန်းရင်း ရွင်ယွမ်ဂြိုဟ်အနှံ့သို့ ခရီးဆက်ကာ သူတို့၏ အရိပ်များကို ချန်ထားခဲ့ကြသည်။ ဝမ်ဖျင်ကလည်း ပိုပျော်ရွှင် ပိုရယ်မောလာကာ ထိုရယ်သံက ဝမ်လင်းနှလုံးသားကိုပါ ရယ်မော ရွှင်လန်းစေသည်။
သည်လို ရယ်မောရွှင်လန်းမှုမျိုးက ဝမ်လင်းအတွက် အလွန့်အလွန် ရှားပါးလှသည်။အပြန်အလှန်အားဖြင့် ဝမ်လင်း၏ စိတ်လက် ကြည်နူးစွာ ရယ်မောမှုက ဝမ်ဖျင်ကို ပို၍ ပျော်ရွှင်စေခဲ့၏။
သူ့အဖေသာ သူ့ဘေး၌ ရှိနေလျှင် အရာရာ အဆင်ပြေနေသကဲ့သို့ပင်။
“အဖေ…ကျွန်တော်က ကျွန်တော့်ဘဝကို အဖေနဲ့အတူ ကုန်ဆုံးသွားမယ်။ သေဆုံးသွားခဲ့ပြီးရင်တောင် ပြန်လည်မွေးဖွားခြင်းရှိလို့ ကျွန်တော်တို့က အဖေနဲ့သား အဖြစ် ဆက်လက် မရှိတော့ရင်တော့ ကျွန်တော်က အဖေ့ကို ဘယ်တော့မှ မေ့ပစ်မှာ မဟုတ်ဘူး…”
မြစ်ရေပြင်ကျယ်၌ ထွက်ပေါ်လာသည့် ဝမ်ဖျင်၏ အသံက ခိုင်မာလှပေသည်။
သည်ထီးတည်းလှေကလေးက မြစ်အောက်ဘက်သို့ စုန်သွားရင်း ရွင်ယွမ်ဂြိုဟ်၏ တစ်ဝက်ကျောက်ကို ဖြတ်သန်းလာကာ ပင်လယ်ထံသို့ပင် ဦးတည်လာတော့၏။
ကုန်းမြေပေါ်ရှိ ခရီးစဉ်က ပြီးဆုံးသွားသည့်နောက် ပင်လယ်ပြင်တွင် ရွက်လွှင့်မည့် ခရီးစဉ်က စတင်ခဲ့လေပြီ။ သင်္ဘောတစ်စင်းက ပင်လယ်ပြင်တွင် ရွက်လွှင့်နေရင်း ဝမ်ဖျင်၏ ကမ္ဘာကလည်း ချဲ့ထွင်လာတော့သည်။
ကျွန်းများ တစ်ခုပြီး တစ်ခု၊ လှိုင်းများ တစ်ခုပြီး တစ်ခုကို ကျော်ဖြတ်လာခဲ့သည်။ သူက ပင်လယ်ရေမျက်နှာပြင် ပေါ်ရှိ တံလျှပ်တို့ကို တွေ့မြင်ခဲ့ရသည်။လှိုင်းများကို တွေ့မြင်ခဲ့သည်။သူက ရွာတစ်ရွာစာလောက် ရှိသည့် ကြီးမားသော ဝေလငါးကြီးများကိုလည်း တွေ့မြင်ခဲ့ရသည်။
ပင်လယ်ပြင်၏ ကျယ်ပြောမှုက ကုန်းမြေထက် ပိုသည်။ဝမ်ဖျင်က ပင်လယ်ပြင်၏ ကျယ်ပြောမှုက သူ့အဖေနှင့်တူသည်ဟု ခံစားမိသည်။
သူက အဆုံးမဲ့သော ပင်လယ်ပြင်၊ ကြမ်းကြုတ်သော တောင်တန်းနှင့် ချဲ့ထွင် စီးဆင်းနေသော မြစ်ကို ဖြတ်သန်း တွေ့ကြုံလာရင်းဖြင့် ကမ္ဘာလောက၏ ခွန်အားကို ခံစားနိုင်ခဲ့ပေသည်။ငါးနှစ်ကြာမြင့်ပြီးနောက် ဝမ်လင်းနှင့်ဝမ်ဖျင်တို့က ကုန်းမြေသို့ ပြန်ရောက်လာသည့်အခါတွင် ဝမ်ဖျင်က တစ်ဖန်ပြန်မွေးဖွားပြီးသကဲ့သို့ ဖြစ်နေလေပြီ။
သူက သေမျိုးတစ်ယောက်သာ ဖြစ်နေသော်လည်း သူ့စိတ်ဝိညာဉ်ကတော့ ကမ္ဘာလောကနှင့် အလိုက်အထိုက် အံ့ဝင်နေခဲ့ပြီ ဖြစ်သည်။
သူတို့က ကုန်းမြေသို့ ပြန်ရောက်လာသည့်အချိန်တွင် ချွီလျန်တောင်ကို နောက်ဆုံးဖြတ်သန်းပြီးလျှင် ပြိုလဲသောလ ကျေးရွာသို့ ရောက်မည် ဖြစ်သည်။
အသက်နှစ့်ဆယ်ခုနစ်နှစ် ရှိပြီ ဖြစ်သော ဝမ်ဖျင်၏ မျက်နှာပေါ်တွင်လည်း ကလေးဆန်သော သဘာဝက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုအစား သူ့မျက်လုံးများက ခိုင်ကျဉ်မှုနှင့် ပြည့်လို့နေတော့သည်။ သည်ခရီးအနှံ့ ဆန့်ထွက်ခဲ့သည့် ရှစ်နှစ်တာ အချိန်အတွင်း နတ်ဆိုးဆန်သော အလှအပ သဘာဝက တစ်ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ အကြွင်းမဲ့ တည်ကြည်မှုက အစားထိုး ဝင်ရောက်ခဲ့ပြီ ဖြစ်သည်။
ယောက်ျားပီပီသသ ချောမောသော မျက်နှာပေါ်တွင် ရှိနေသည့် အပြုံးက နေမင်းကဲ့သို့ တောက်ပနေခဲ့ပေပြီ။
ဝမ်ဖျင်ကို ကြည့်၍ ဝမ်လင်းက ပြုံးလိုက်၏။ သည်ခရီးစဉ်က ဝမ်လင်းသည် ဝမ်ဖျင်ခန္ဓာကိုယ်ထဲရှိ မကျေမချမ်းစိတ်ကို လုံးဝ ပက်သယ်ထုတ်ပစ်နိုင်ဖို့ ကူညီရန်အတွက် အချိန်ကြာမြင့်စွာ စဉ်းစားနေခဲ့သော နည်းလမ်းတစ်ခုပင် ဖြစ်တော့၏။
လျိုမေ၏ ဆေးလုံးနှင့် ဝမ်လင်း၏ မန္တာန်တို့က မကျေမချမ်းစိတ်တော်တော်များကိုသာ ပယ်ဖျက်ပစ်နိုင်ခဲ့ပေသည်။ အကြောင်းကတော့ ဝမ်ဖျင်၏ မကျေမချမ်းစိတ်က သူ့စိတ်ဝိညာဉ်နှင့် ရောယှက်နေခဲ့ပြီ ဖြစ်သောကြောင့်ပင်။ နှစ်ပေါင်းနှစ်ဆယ်ကျော် ငြိမ်းအေးစွာ ဖြတ်သန်းပြီးသည့်နောက် ထိုမကျေမချမ်းစိတ်က ဖြည်းဖြည်းချင်း ပယ်ဖျက် ခံလာရကာ နောက်ထပ် စိတ်ဝိညာဉ် ဆင့်ကဲတိုးတက်ခြင်းဖြစ်အောင် ရှစ်နှစ်ကြာ ခရီးဆန့်ပြီးသည့်အခါတွင်တော့ ဝမ်ဖျင်၏ စိတ်ဝိညာဉ်ကို သန့်ရှင်း စေခဲ့ပေသည်။ မသိလိုက်မသိဘာသာနှင့်ပင် ဝမ်ဖျင်က သူ့စိတ်ဝိညာဉ်ထဲရှိ မကျေမချမ်းဖြစ်မှုကို ဖယ်ရှားနိုင်ခဲ့ကာ နောက်ဆုံးတွင် အမျှင်တန်းတစ်ခုသာ ကျန်ရစ်ခဲ့တော့၏။
ထို အမျှင်အတန်းကတော့ မည်သည့် ဆေးလုံး၊မန္တာန်တို့နှင့်မျှ ဖယ်ရှားပစ်နိုင်လိမ့်မည် မဟုတ်ပေ။ ၎င်းကို ပြန်လည်မွေးဖွားခြင်းစက်ဝန်းတစ်ခုပြီးမှသာ ပက်သယ်ဖယ်ရှားနိုင်လိမ့်မည် ဖြစ်၏။
ချွီလျန်တောင်ထိပ်အောက်တွင် ဝမ်လင်းက အဝေးရှိ တောင်ခြေကျေးရွာကို ကြည့်ကာ မေးလိုက်၏။ “သား သွားကြည့်ချင်သေးလား…”
သူ့ဘေးရှိ ဝမ်ဖျင်က ခေါင်းယမ်းကာ ပြောလိုက်သည်။ “မသွားတော့ဘူး…”
ဝမ်လင်းက ဆက်၍ မပြောတော့ပေ။ သူက တောင်ထိပ်ထံသို့ ခြေလှမ်းလိုက်၏။ ဝမ်ဖျင်ကလည်း သူ့အဖေနောက်သို့ ရယ်မောကာ လိုက်ပါသွားသည်။
ဝမ်လင်းက ပြုံး၍ ဝမ်ဖျင့်ကို နူးညံ့စွာ ကြည်လိုက်၏။
သားအဖနှစ်ယောက်က မတ်စောက်သော ချွီလျန်တောင်ထိပ် ထံသို့ ဖြည်းဖြည်းချင်း ရောက်ရှိလာခဲ့တော့သည်။ တောင်ထိပ်ပေါ်၌ တိမ်များက လွင့်မြေလျက် ရှိရာ သူတို့က တိမ်များအပေါ်သို့ ခြေချလာသကဲ့သို့ပင်။
ဝမ်ဖျင်က အသက်ဝဝရှူသွင်းကာ သူ့အဖေကို ကြည့်လိုက်သည်။ ချွီလျန်တောင်က ကြီးမားသော်လည်း သူ့အဖေကို မယှဉ်နိုင်ပေ။ ချွီလျန်တောင်က မြင့်မားသော်လည်း သူ့အဖေကို မယှဉ်နိုင်ပေ။ သူက ထိုသို့ တွေးနေမိတော့၏။
ထိုစဉ်မှာပင် အကွာအဝေးတစ်ခုရှိ တိမ်ထုတစ်ခုက နက်မှောင်လာသည့်ပုံရကာ မိုးကြိုးလျှပ်ပန်းနွယ်တို့ကလည်း ထိုတိမ်စုထံကနေ ထွက်ပေါ်လာခဲ့သည်။ ထိုကောင်းကင်နှင့်မြေကြီး၏ သဘာဝ စွမ်းအားက ဝမ်ဖျင်၏ အကြည့်ကို စွဲဆောင်သွားတော့၏။
သိပ်မကြာခင်တွင် မိုးခြိမ်းသံကလည်း ပိုကျယ်လောင်လာခဲ့သည်။ ရေခိုးရေငွေ့ရောနှောနေသော လေပြင်းကလည်း မိုးနောက်ကနေ ကပ်ပါလာ၏။ တိမ်စိုင်တိမ်မည်းတို့က စတင်၍ ပျံ့နှံ့လာကာ မိုးကလည်း သည်းထန်စွာ ရွာသွန်းလာချေသည်။
တောင်ထိပ်ပေါ်တွင်တော့ အဖေနှင်သားက အကွာအဝေးတစ်ခုရှိ မိုးကြိုးလျှပ်ပန်းနွယ်များနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကို တည်ငြိမ်စွာ ကြည့်လို့နေကြသည်။
မိုးသံလေသံများကလွဲ၍ အခြားအသံဗလံဟူ၍လည်း မရှိပေ။
သည့်နောက် သိပ်မကြာခင်တွင် တိမ်စိုင်တိမ်မည်းတို့က ပြန့်လွင့်သွားကာ မိုးစဲ၍ ကောင်းကင်ကို တွဲလွဲခို ထားသည့်အလား ထင်မှတ်ရသည့် သက်တံ တစ်ခုက သားအဖနှစ်ယောက် ရှေ့တွင် ပေါ်ထွက်လာခဲ့တော့သည်။ ထိုသက်တံက အရောင်စုံကာ လှပ လို့နေသည်။
သို့ရာတွင် ထိုအခိုက်အတန့်၌ သည်တိတ်ဆိတ်ငြိမ်သက် လှပမှုကို တဝီဝီအသံတစ်သံက ဖျက်စီးသွားခဲ့သည်။ အကွာအဝေးတစ်ခုတွင် ဓားပျံတစ်လက်က တဝီဝီပျံသန်းလာကာ သက်တံကို ထိုးခွင်း၍ ဖြတ်ကျော် ပျံသန်းသွားလေသည်။
ထိုဓားအလင်းတန်းပေါ်တွင်တော့ သက်လတ်ပိုင်းလူကြီး တစ်ယောက် ရှိလို့နေသည်။
သူက ပျံသန်းနေရင်းဖြင့် ချွီလျန်တောင်ထိပ်ဖျားပေါ်ရှိ ဝမ်လင်းနှင့်ဝမ်ဖျင်တို့ကို တွေ့လိုက်ရသည့်အခါ အံ့အားသင့်လို့သွားသည်။
သေမျိုးတစ်ယောက်အဖို့ သည်နေရာထိ ရောက်လာအောင် တက်ရောက်လာခြင်းက သာမန် မဟုတ်ပေ။ ထိုသို့ လုပ်နိုင်ရန်အတွက် ဆုံးဖြတ်ချက်ခိုင်ကျဉ်ဖို့ လိုအပ်ပေသည်။ ထိုသက်လတ်ပိုင်းလူကြီးက အသိအမှတ်ပြုဟန်ဖြင့် ကြည့်လိုက်၏။သို့သော် သူက ရပ်တန့်လိုက်ခြင်းတော့ မရှိဘဲ အကွာအဝေးတစ်ခုသို့ ဦးတည်ကာ ဆက်၍ ပျံသန်းသွားလေသည်။
ဝမ်ဖျင်က ထိုသက်လတ်ပိုင်းလူကြီး မိုးကုပ်စက်ဝိုင်းစွန်းသို့ ပျောက်ကွယ်သွားသည့် အချိန်ထိ စူးစိုက်ကြည့်နေမိသည်။ သည်အရာက ပထမဆုံးအကြိမ်အဖြစ် ဝမ်ဖျင်အဖို့ ခုလိုမျိုး ကျင့်ကြံသူတစ်ယောက်ကို တွေ့မြင်ဖူးခြင်း ဖြစ်သည်။ ထိုအရာက သူ့စိတ်နှလုံးကို ကြီးစွာ တုန်လှုပ်သွားစေက အချိန်အတန်ကြာသည့်အထိ မတည်မငြိမ် ဖြစ်သွားစေခဲ့သည်။
ဝမ်ဖျင်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ “အဖေ…ဒါ…ဒါက အင်မောတယ်လား…”
ဝမ်လင်းက သက်ပြင်းချကာ ဖြည်းညင်းစွာ ပြောလိုက်၏။ “အင်း…”
ဝမ်ဖျင်က အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် သူ့ခေါင်းကို မော့လာ၏။ သည့်နော်က သူက သူ့အဖေကို တောက်ပသောမျက်လုံးများနှင့် ကြည့်ကာ တိုးညင်းစွာပြောလိုက်သည်။ “အဖေ…ငါက တကယ် ကျင့်ကြံလို့ မရနိုင်တာလား…”
ဝမ်လင်းအကြည့်က တဖြည်းဖြည်းချင်း ပျောက်ကွယ်နေသော သက်တံပေါ်သို့ ကျရောက်နေ၏။ သူ့မျက်လုံးအတွင်းနက်ပိုင်းတွင်တော့ ဝမ်းနည်းမှု အရိပ်အယောင်တို့ ရှိလို့နေသည်။သူက စကားမဆိုဘဲ ခေါင်းယမ်း၍သာ ပြလိုက်သည်။
ဝမ်ဖျင်က ဆက်၍ မမေးတော့ဘဲ သက်လတ်ပိုင်းလူကြီး ပျောက်ကွယ်သွားသည့် နေရာသို့သာ ငေးကြည့်နေတော့သည်။
ချွီလျန်တောင်ထိပ်မှ ပြန်ဆင်းလာသည့်နောက် ဝမ်ဖျင်က လုံးဝ တိတ်ဆိတ်နေတော့သည်။ သူတို့သားအဖက လမ်းမကြီးအတိုင်း လျှောက်လှမ်း၍ မြို့ငယ်တစ်မြို့သို့ ရောက်လာ၏။ သည့်နောက် သူတို့က ရထားလုံးတစ်စင်းဖြင့် မြို့ကြီးသို့ ဆက်၍ ခရီးဆန့်ကြသည်။ လမ်းတစ်လျှောက်တွင် ဝမ်ဖျင်က စကားတစ်ခွန်းမှ မဆိုပေ။
မြင်းလှည်းသမားကလွဲ၍ ဝမ်လင်းနှင့်ဝမ်ဖျင်တို့ နှစ်ယောက်သာ ရှိလို့နေသည်။ ဝမ်လင်းက မြင်းလှည်းအပြင်ဘက်သို့ ငေးကြည့်နေရာ သူ့မျက်လုံးထဲရှိ ဝမ်းနည်းမှုက ပိုမို၍ အားကောင်းလာခဲ့သည်။ သည့်အပြင် သူ့မျက်လုံးအတွင်းနက်ပိုင်း၌ ဖော်မပြနိုင်စွမ်းသော ခါးသီးမှုတို့လည်း ရှိလို့နေသည်။
မြင်းလှည်းက အချိန်အတန်ကြာ တိတ်ဆိတ်လို့နေတော့၏။ ဝမ်ဖျင်က ခေါင်းငုံ့၍ ခပ်တိုးတိုး ဆိုလာ၏။ “အဖေ….ကျွန်တော် ကျင့်ကြံချင်တယ်…”
သည်တစ်ကြိမ်က ဝမ်ဖျင် ကျင့်ကြံဖို့ ပြောသည့် နှစ်ကြိမ်မြောက်ပင်။ ပထမတစ်ကြိမ်က သူ လွန်ခဲသော ဆယ်နှစ်…ဆယ်ခုနစ်နှစ်အရွယ်တွင် ဝမ်လင်းကို ပြောခဲ့ခြင်း ဖြစ်၏။
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းခြင်း မပြုဘဲ အပြင်ဘက်သို့သာ ဆက်၍ ငေးမောနေရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ “သားက ကျင့်ကြံတာနဲ့ မအပ်စပ်ဘူး…”
ဝမ်ဖျင်က သူ့အဖေကို ကြည့်၍ အလိုမကျစွာ မေးလိုက်ပြန်သည်။ “အဖေ…ဘာကြောင့်လဲ…”
ဝမ်လင်းက ခေါင်းလှည့်လာ၏။ လွန်ခဲ့သော ဆယ်နှစ်တုန်းက အတိုင်းပင် သူက စကားတစ်ခွန်းမှ မဆိုဘဲ ဝမ်ဖျင်ထံသို့ တည်ငြိမ်စွာသာ ကြည့်လို့နေသည်။
မြင်းလှည်း ဘီး လှိမ့်သံနှင့်အတူ အချိန်က ကုန်ဆုံးလာခဲ့၏။ နောက်ဆုံးတွင် ဝမ်ဖျင်က ခေါင်းငုံ့ကာ ခပ်တိုးတိုး ပြောလာတော့သည်။ “ကျွန်တော် နားလည်ပါပြီ…အဖေ…”
***