သည်ကမ္ဘာထဲရှိ မည်သည့်အရာကမျှ သေခြင်းရှင်ခြင်းတရားမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။စွန်ထိုင်က သူ့အရှေ့ရှိ အဖေနှင့်သားကို ကြည့်ကာ ပြုံးလိုက်၏။သည်အခိုက်အတန့်၌ သူက သူ့ဘဝနောက်ဆုံးချိန်၌ အေးချမ်းမှု ရရှိသွားသည့်ပုံပင်။
ဝမ်လင်း၏ ကတိစကားကို ကြားလိုက်သည့်နောက် စွန်ထိုင်က ဝမ်လင်းကို လေးလေးနက်နက် ကြည့်လိုက်သည်။
အတိတ်က ပုံရိပ်များက သူ့မျက်လုံးထဲ၌ ရိပ်ခနဲ ရိပ်ခနဲ တဖျပ်ဖျပ် ပေါ်လာကာ နောက်ဆုံးတွင် ရပ်တန့်သွားတော့၏။
“တကယ်တော့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြား အကွာအဝေးက တိုတောင်းလွန်းလှတယ်…”
စွန်ထိုင်က ထိုသို့ ပြောလိုက်ပြီးနောက် ပြုံး၍ မျက်လုံးမှိတ်သွားသည်။
သည်အခိုက်အတန့်၌ သူ့ခန္ဓာကိုယ်ပေါ်ရှိ သေဆုံးခြင်းအော်ရာက အထွတ်အထိပ်သို့ ရောင်ကာ သူ့အသက်ဓာတ်က လုံးဝ ငြိမ်းသေ ပျောက်ကွယ်သွားတော့၏။
“ဘိုးဘိုးစွန်…” ဝမ်ဖျင်က မျက်ရည်စို့သောအကြည့်ဖြင့် စွန်ထိုင်ကို ကြည့်ကာ စတင် ငိုကြွေးသည်။
ဝမ်လင်းက သက်ပြင်းချကာ ဝမ်ဖျင်၏ခေါင်းကို ပွတ်သပ်ပေးနေလိုက်၏။ သူ့မျက်လုံးများက တည်ငြိမ်လျက်ရှိနေသည်။သူက သေခြင်းရှင်ခြင်းများကို တွေ့မြင်ခဲ့ဖူးပြီး ဖြစ်သည်။ ထိုအရာများက သူ့အတွက် မီးခိုးငွေ့တွေလိုပင်။
စွန်ထိုင်၏ အုတ်ဂူက ပြိုလဲသောလ ကျေးရွာအနောက်ပိုင်းတွင် ထားထား၏။ရွာထဲရှိ သေသည့်သူမှန်သမျှ ထိုနေရာတွင် မြှုပ်နှံ့တက်ကြသည်။
ဝမ်ဖျင်က အုတ်ဂူပေါ်တွင် “သူ့မြေးဝမ်ဖျင် ရေးထိုးတဲ့ စွန်ထိုင် အုတ်ဂူ…” ဟု ရေးထွင်းထားသည်။
ဝမ်ဖျင် အသက်ဆယ့်နှစ်နှစ် အရွယ်တုန်းက စွန်ထိုင်က ဝမ်ဖျင့်ကို သူ့မွေးစားမြေးအဖြစ် မွေးစားခဲ့ပေသည်။ဝမ်လင်းက သူ့ကို မတားဆီးပေ။ တကယ်တော့ စွန်ထိုင်က ဝမ်လင်းထက် အသက်ကြီးကာ ဝမ်ဖျင်၏အဘိုးဖြစ်ဖို့အတွက် လုံလောက်သောအသက်အရွယ် ရှိနေသည် မဟုတ်လား။
စွန်ထိုင်၏ အုတ်ဂူထဲ၌ သူ့ခန္ဓာကိုယ် ရှိမနေပေ။ထိုခန္ဓာကိုယ်ကို ဝမ်လင်းက ပြာအဖြစ် သိမ်းဆည်း၍ သူ့ သိုလှောင်အိတ်ထဲ၌ ထည့်ထားပြီး ဖြစ်သည်။ သူက စွန်ထိုင်ကို ပေးထားသော ကတိအတိုင်း လုပ်ပေးရပေဦးမည်။
ဆယ့်ခြောက်နှစ်အရွယ် ဝမ်ဖျင်က ပို၍ ချောမောလာ၏။ သူနှင့်နှိုင်းယှဉ်လျှင် ဝမ်လင်းက ပို၍ပင် အိုစာနေသည့်ပုံ ပေါက်နေသည်။
အချိန်၏ တိုက်စားမှုအောက်၌ ဝမ်လင်း ရုပ်ရည်သွင်ပြင်က ပြောင်းလဲလာသည့်အတွက် ရွာထဲရှိ သူ့ကို လာလာ အောင်သွယ်ပေးတက်သော အမျိုးသမီး၏ စိတ်ဝင်စားမှုသည်လည်း လိုက်ပါ ပြောင်းလဲသွားခဲ့သည်။ သို့ရာတွင် ဝမ်ဖျင်ကြီးပြင်းလာသည့်အတွက် ထိုစိတ်ဝင်စားမှုက သူ့ထံသို့ အစားထိုး ရောက်ရှိလာတော့၏။
သို့သော် ဝမ်ဖျင်က သူ့အဖေကဲ့သို့ ခပ်အေးအေးသာ နေတက်သည့်သူ ဖြစ်သည်။သူက ရုပ်ချောသော်လည်း တည်တည်ငြိမ်ငြိမ်လည်း ရှိလှ၏။ပုံမှန်အားဖြင့် သူက စကားအများကြီး မပြောတက်ပေ။ သူ့မျက်လုံးထဲ၌ ဉာဏ်ပညာအရိပ်အမြွက်တို့တော့ ရှိလို့နေ၏။
စွန်ထိုင် သေဆုံးသွားပြီး နောက်တစ်နှစ်…ဝမ်လင်းက ခြံဝန်းထဲ၌ သစ်သားတုံးတစ်ခုကို ကိုင်ကာ သေချာထွင်းထုလို့နေသည်။ ဝမ်ဖျင်က သူ့ဘေးတွင် လာထိုင်ကာ သူ့အဖေကို တည်ငြိမ်စွာ ကြည့်လို့နေ၏။ သူ့အဖေမျက်နှာက ပို၍ အရေးအကြောင်းများ တွန့်လာကာ ပို၍လည်း ရှေးဆန်လာခဲ့သည်။
ဝမ်လင်းက ခေါင်းမော့မကြည့်ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။ “သစ်သားထွင်းတာက ထွင်းချက်တိုင်းကို စိတ်ထဲကနေ လိုက်လုပ်ဖို့ လိုတယ်။ ဒီထွင်းချက်တိုင်းမှာ မှတ်ဉာဏ်တစ်ခုစီကိုပါ ရေးထွင်းနေဖို့ လိုတယ်။အဲ့ကျမှသာ လက်မှုပညာသည်တစ်ယောက်လို့ ယူဆနိုင်လိမ့်မယ်…”
ဝမ်ဖျင်က ခေါင်းညိတ်ပြလိုက်၏။သူလည်း သစ်သားပိုင်းတစ်ခုကို ကောက်ယူကာ သေသေချာချာ ထွင်းထုလေတော့သည်။
နေဝင်ချိန်အောက်၌ အဖေနှင့်သားတို့၏ အရိပ်များက ဖြန့်ကားလို့နေသည်။နေတစ်ဖြည်းဖြည်း ဝင်လာသည်နှင့်အမ
သည်လိုနှင့် တစ်ဖြည်းဖြည်း နေဝင်ချိန်ရောက်လာကာ အမှောင်ထုက ကမ္ဘာမြေပေါ်သို့ ကြီးစိုးလာသည်။ဝမ်လင်းက ခြံဝန်းထဲ၌ မီးအိမ်တစ်လုံးကို မီးငြှိလိုက်ကာ တည်ငြိမ်စွာ မေးလိုက်၏။ “သား တွေးလို့ ပြီးပြီးလား…”
ဝမ်ဖျင်က တစ်ဝက်သာ အပြီးသပ်ရသေးသည့် ရုပ်တုကို အောက်သို့ ချကာ စတင်၍ တိတ်တဆိတ် တွေးနေတော့သည်
ဝမ်လင်းက သူ့ကို အလျင်လိုစေခြင်း မရှိဘဲ ဝမ်ဖျင်၏ ရုပ်တုကို သေချာကြည့်လို့နေသည်။ သည်ရုပ်တုက အနည်းငယ် အကြမ်းထည် ဆိုင်နေသေး၏။ သို့သော် သုံးဆယ်ရာခိုင်နှုန်းလောက်တော့ ရုပ်လုံးပေါ်လာခဲ့ပြီ ဖြစ်သည်။
ထိုရုပ်တုက စွန်ထိုင်၏ ရုပ်တုပင်။ သူက ကောင်းကင်ထက်သို ကြည့်နေရင်း မောက်မာသည့် ဟန်ပန်ဖြစ်လို့နေသည်။ သူ့လက်များက ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်ကာ သူ့ခန္ဓာကိုယ်ပေါ်၌ ထူးဆန်းသောအော်ရာတစ်ခု စုဝေးလို့၏။ သူ့ခြေထောက်အောက်၌ပင် တိမ်ထုများ ရှိနေကာ ဒဏ္ဌာရီလာပုံရိပ်တစ်ခုအလား ဖြစ်နေစေသည်။
ဝမ်ဖျင်က ခေါင်းငုံ့ကာ ခပ်တိုးတိုး ပြောလိုက်၏။ “အဖေ….အဖေက ဘိုးဘိုးစွန် ချန်ထားခဲ့တဲ့ အင်မောတယ် မန္တာန်တွေကို ဘာလို့ သားကို လေ့လာခွင့် မပြုတာလဲ…”
ဝမ်လင်းက သက်ပြင်းချ၏။ နောက်ဆုံးတော့ စွန်ထိုင်က သည်ကိစ္စ၌ သူ့စကားကို မလေးစားခဲ့ပေ။သူက ဝမ်ဖျင်ကို သူ့မွေးစားမြေးအဖြစ် လက်ခံပြီးကတည်း သူ့ကို ကျင့်ကြံခြင်းနည်းလမ်းများ လျှို့ဝှက်၍ သင်ပေးခဲ့၏။
သည်အရာများအားလုံးကို ဝမ်လင်းကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။စွန်ထိုင်က ဝမ်ဖျင်ကို ထိုသို့ ကျင့်ကြံခြင်းနည်းလမ်းများ သင်ပေးဖို့ မကြိုးစားခဲ့ပါက သူက မျှော်လင့်သည်ထက် စော၍ သေဆုံးခဲ့လိမ့်မည် မဟုတ်ပေ။
သူက ဝမ်ဖျင်ကို ကြည့်လိုက်၏။ သည်ကလေးက သူ့အမေ၏ ရုပ်ရည်ကို ဆက်ခံထား၏။သို့သော် သည်ဆယ့်ခြောက်နှစ်အွင်း သူက သူ့တည်ငြိမ်မှုကိုလည်း သင်ယူခဲ့ပြီး ဖြစ်သည်။
ဝမ်ဖျင်မျက်လုံးများက ဉာဏ်ပညာနှင့် တောက်ပချိန်တွင် ဝမ်လင်းက သူ့ကိုယ်သူ ပုံစံတစ်မျိုးဖြင့် ပြန်မြင်ရသည်ဟုပင် ခံစားမိရ၏။
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ပြောလိုက်၏။ “ကျင့်ကြံသူတစ်ယောက်ရဲ့ ဘဝက သားနဲ့ မသင့်တော်တဲ့အတွက်ကြောင့်ပဲ…”
ဝမ်ဖျင်က ပြုံး၍ သူ့အဖေကို မော့ကြည့်ကာ ပြောလိုက်၏။ “အဖေ…ငါက ဘိုးဘိုးစွန် ငါ့ကို ပေးခဲ့တဲ့ နည်းလမ်းတွေကို ဘယ်တုန်းကမှ မကျင့်ကြံခဲ့ဖူးဘူး။ တစ်ကြိမ်တောင်မှပေါ့…”
ဝမ်လင်းက ခေါင်းညိတ်ပြလိုက်၏။ သူက သည်အရာများအားလုံးကို သိနှင့်နေပြီး ဖြစ်သည်။ စွန်ထိုင်က သူ့ကျင့်ကြံမှုနည်းလမ်းများကို ဝေမျှခဲ့သော်လည်း ဝမ်ဖျင်က လုံးဝ ကျင့်ကြံခဲ့ဖူးခြင်း မရှိပေ။
ဝမ်ဖျင်က ခေါင်းငုံ့၍ မေးလိုက်ပြန်သည်။ “အဖေ…သင်…သင်ကရော အင်မောတယ် ပဲလား…”
ဝမ်လင်းက ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်သည်။ “အင်မောတယ် မဟုတ်ပါဘူး။ ကျင့်ကြံသူတစ်ယောက်ပါပဲ….”
ဝမ်ဖျင်က အနည်းငယ် စဉ်းစားပြီးနောက် ထပ်မေးလိုက်သည်။ “အဖေ…အဖေက သားကို သာမန်ဘဝမှာပဲ နေထိုင်စေချင်ပြီး အဖေ့ခြေလှမ်းနောက်ကို မလိုက်စေချင်တာလား…”
လက တဖြည်းဖြည်း မြင့်တက်လာခဲ့လေပြီ။ လရောင်က ကမ္ဘာမြေသို့ ဖြန်းပက်လာတော့၏။ နူးညံ့သောလေပြေက မီးအိမ်ကို ယိမ်းထိုးခေါက်ပြန် ဖြစ်နေစေသည်။ မီးအိမ်ထဲရှိ မီးစကလည်း တဖျပ်ဖျပ် တောက်ကာ လရောင်နှင့် ရောယှက်၍ ခြံဝန်းထဲသို့ အလင်းပေးလာ၏။
ဝမ်လင်းက ဝမ်ဖျင်၏ရုပ်တုကို ပြန်ချလိုက်သည်။သူက ကောင်းကင်ထက်သို့ မော့ကြည့်၍ ပြောလိုက်၏။ “ဟုတ်တယ်…”
“ဖျင်အာက ဆန္ဒမရှိဘူးဆိုရင်ရော…” ဝမ်ဖျင်က ခေါင်းမော့ကာ သူ့အဖေကို ကြည့်၏။ ဆယ်ခြောက်နှစ်အတွင်း သူက သူ့အဖေကို သည်လိုပုံစံဖြင့် ပထမဆုံးအကြိမ် ပြောဆိုလိုက်ခြင်းပင်။
ဝမ်လင်းအကြည့်က ဖျင်အာပေါ်သို့ ကျရောက်သွား၏။ သူက စကားမဆိုဘဲ ဝမ်ဖျင်ကိုသာ တည်ငြိမ်စွာ ကြည့်လို့နေသည်။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာ၏။ ဝမ်ဖျင်က ဝမ်လင်းအကြည့်ကို ရင်မဆိုင်ဝံ့သည့်အလား ခေါင်းငုံ့လိုက်သည်။
“ကျင့်ကြံသူတစ်ယောက်ရဲ့ ဘဝက မင်းနဲ့ မသင့်တော်ဘူး။ ဒီကိစ္စကို ထပ်ပြီး မပြောပါနဲ့တော့…”
ဝမ်လင်းအသံက နူးညံ၏။သို့သော် ခိုင်ကျဉ်လှသည်။ သို့ရာတွင် ဝမ်ဖျင် မမြင်နိုင်သော သူ့မျက်လုံးထဲတွင်တော့ ဖုံးကွယ်ထားသည့် ဝမ်းနည်းမှုအရိပ်အယောင်တို့ ရှိလို့နေ၏။ သည်ဝမ်းနည်းမှုက ပြင်းထန်လှသည်။
ဝမ်ဖျင်က ခါးသက်စွာ ပြောလိုက်သည်။ “ဟုတ်ကဲ့ အဖေ…ငါက မကျင့်ကြံတော့ပါဘူး…”
ဝမ်လင်းက စကားဆက်၍ မဆိုတော့ဘဲ အခန်းထဲသို့ ပြန်လာခဲ့တော့၏။ သူက အခန်းထဲသို့ ဝင်လာသည့်အခိုက်တွင်ပင် သူ့အသံက ထွက်ပေါ်လာခဲ့သည်။ “ဖျင်အာ…ဆေးသောက်လိုက်ဦး…”
ဝမ်ဖျင်က တိတ်တဆိတ် စဉ်းစားနေ၏။ အချိန်အတန်ကြာပြီးနောက် သူက သက်ပြင်းချကာ မတ်တပ်ထရပ်၍ အခန်းထဲသို့ လျှောက်လှမ်းလာတော့၏။
သူ့အဖေက မည်သည့်ခမ်းနားထည်ဝါမှုကိုမှ မထုတ်ဖော်သော်လည်း ဝမ်ဖျင်စိတ်ထဲတွင်တော့ သူ့အဖေ၏ တည်ရှိမှုက နှိုင်းယှဉ်၍ မရလောက်အောင်ပင်။ သူ့အတွက် ခုခံနိုင်သည့် စွမ်းရည် မရှိပေ။ သူက သူ့အဖေ၏ ဆန္ဒနောက်ကိုသာ လိုက်၍ သာမန်ဘဝတွင် ရှင်သန်ဖို့သာ ရှိတော့သည်။
“ကျင့်ကြံခြင်းကလွဲလို့…အဖေက ဒီကမ္ဘာထဲမှာ ရှိတဲ့ အရာအားလုံးကို သား အတွက် ပေးနိုင်ပါတယ်…”
ဝမ်ဖျင်က ဆေးသောက်လိုက်ပြီးနောက် အိပ်ယာထဲသို့ လှဲလျောင်းလိုက်စဉ် ဝမ်လင်းအသံက သူ့နားထဲသို့ ဝင်ရောက်လာခဲ့၏။
ဝမ်ဖျင်က မျက်လုံးမှိတ်ထားလိုက်၏။ သူက စကားတော့ မဆိုပေ။
အမှောင်ထုထဲ၌ ဝမ်လင်းက ခြံဝန်းထဲတွင် တစ်ယောက်တည်း ထိုင်နေကာ သူ့ရှေ့ရှိ အမှောင်ထုကို စူးစိုက်ကြည့်လို့နေသည်။ဝမ်းနည်းမှုက သူ့မျက်လုံးထဲ၌ နောက်တစ်ဖန် ဖြတ်ပြေးသွားပြန်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် စွန်ထိုင်သေဆုံးတာ သုံးနှစ် ရှိလာခဲ့ပြီ ဖြစ်သည်။
သည်နှစ်က ဝမ်ဖျင် ဆယ့်ကိုးနှစ်ပြည့်သည့် နှစ်ပင်။ သူက ရုပ်ရည်ချောမောလှသည့် လုလင်ပျိုတစ်ယောက် ဖြစ်လာခဲ့ပေပြီ။
သူ့ရုပ်သွင်ကလည်း လျိုမေနှင့် ပိုပို၍ တူလာခဲ့၏။
ဝမ်လင်းကတော့ အသက်ပိုကြီးရင့်လာ၏။ ဆယ့်ကိုးနှစ်ဆိုသော အချိန်က သူ့မျက်နှာပေါ်၌ အရေးအကြောင်းများကို ဖြစ်ပေါ်လာခဲ့စေသည်။
ဝမ်လင်းက ပြိုလဲသောလကျေးရွာသို့ ရောက်လာတာ ဆယ့်ကိုးနှစ် ရှိလာပြီးနောက် သူက သူ့ပစ္စည်းများကို ထုတ်ပိုးကာ ဝမ်ဖျင်နှင့်အတူ ထွက်လာခဲ့သည်။
သူတို့ ရွာမှ ထွက်လာသည့်အချိန်၌ ဝမ်ဖျင်၏ ငယ်သူငယ်ချင်းများက သူတို့ကို လိုက်ပို့ကြသည်။ သူတို့အများစုကတော့ မိန်းကလေးများ ဖြစ်ကြကာ ဝမ်ဖျင်ထံသို့ ကြည့်နေသော သူတို့အကြည့်များက မကျေမနပ် ဖြစ်လို့နေကြ၏။
အထူးသဖြင့် ကျိုးမိသားစုမှ ဒုတိယသမီး၏ မျက်လုံးထဲရှိ မကျေမနပ်ဖြစ်မှုက ပို၍ ပိုလေသည်။
သို့ရာတွင် ဝမ်ဖျင်ကတော့ မထူးမခြားနားပင်။ သူက လျိုမေ၏ ရုပ်ရည်ကို ဆက်ခံထားသော်လည်း ဝမ်လင်း၏ ကိုယ်ရည်ကိုယ်သွေးကိုပါ အမွေရထားပေ၏။ သူက အမျိုးသမီးများနှင့် ပတ်သတ်၍ ဂရုသိပ်မစိုက်တက်ပေ။
သည်ဆယ့်ကိုးနှစ် အချိန်အတွင်း ရွာထဲရှိ လူများက မွေးဖွားလိုက် သေဆုံးလိုက် ဖြစ်နေကြသည်။ မျိုးဆက်တစ်ခုက အိုမင်းသွားသည်နှင့်အတူ နောက်မျိုးဆက်အသစ်က ကြီးပြင်းလာခဲ့သည်။
ကျိုးမိသားစုမှ ဗလတောင့်တောင့်လူကြီးကတော့ သန်မာနေတုန်းပင်။သို့သော် သူက ငယ်ရွယ်မှု မရှိတော့သည်မှာ သိသာပေ၏။ သူက ဝမ်လင်းဘေးတွင် ရပ်ကာ ဝမ်းနည်းသည့်ဟန်ဖြင့် ပြောလိုက်သည်။ “အစ်ကိုဝမ်…မျက်စိတစ်မှိတ်အတွင်းမှာ နှစ်နှစ်ဆယ်နီးပါး ကုန်သွားခဲ့ပြီ။ငါက အစ်ကိုဝမ် ဖျင်အာနဲ့အတူ ဒီရွာကို ရောက်လာ မှတ်မိနေဆဲပါ။ ဒါပေမဲ့ ခု အစ်ကိုက ထွက်သွားတော့မှာပဲ…”
ဝမ်လင်းက ပြုံး၍ ပြန်ပြောလိုက်သည်။ “အစ်ကိုကျိုး…ငါက ဒီနှစ်တွေမှာ အစ်ကို့ကို ဒုက္ခပေးခဲ့ပြီးပြီး။ ဒါပေမဲ့လည်း ခုတော့ ဒီကလေးက ကြီးပြင်းလာပြီ ဖြစ်တဲ့အတွက် သူ့ကို အပြင်လောကကို ရှုမြင်ရဖို့အတွက် ခေါ်သွားပေးဖို့ လိုအပ်နေပြီလေ…”
ကျိုးမိသားစုမှ ဗလတောင့်တောင့်လူကြီးက သက်ပြင်းချလိုက်၏။ သူ့အကြည့်က မိန်းကလေးများ ဝိုင်းနေသော ဝမ်ဖျင်ထံသို့ ကျရောက်သွာ၏။ သူက မချင့်ပြုံးပြုံး၍ ပြောလိုက်၏။ “ကြည့်ရတာ ငါ့ကျိုးမိသားစုရဲ့ ဒုတိယသမီးက ကံမကောင်းတဲ့ပုံပဲ…”
ဝမ်လင်းက ခေါင်းယမ်းကာ ပြုံး၍ ဆိုသည်။ “ဒါက ငါ့သား အတွက် ကံမကောင်းတာပါ…”
သိပ်မဝေးသော နေရာတွင် ဝမ်ဖျင်အသွင်က ပုံမှန်အတိုင်း ရှိနေ၏။ သူက နူးညံ့စွာပြောလိုက်သည်။ “နင်တို့အားလုံး…ဂရုစိုက်ကြပါ…”
သည့်နောက် သူက ဝမ်လင်းရှိရာသို့ ပြန်လာ၏။
သို့ရာတွင် ထိုမိန်းကလေးများထဲမှ တစ်ယောက်က လှမ်း၍ အော်လိုက်၏။ “ဝမ်ဖျင်…နင်…နင် နောက်ကျရင် ပြန်လာဦးမှာလား…”
ဝမ်ဖျင်က ရပ်တန့်သွားသည်။ သူက နောက်သို့ လှည့်မကြည့်ဘဲ ပြန်ပြောလိုက်သည်။ “ငါ မသေချာဘူး…”
မိန်းကလေး၏မျက်လုံးများက နီရဲလာကာ သူမပါးပြင်ပေါ်သို့ မျက်ရည်စီးကြောင်းနှစ်ခု စီးကျလာတော့သည်။ ကြည့်ရသည်မှာ သူမနှလုံးသားက ကွဲကြေသွားသကဲ့သို့ပင်။
“ငါ နင့်ကို မုန်းတယ်…ဝမ်ဖျင်…” သည့်နောက် အမျိုးသမီးက ငိုယိုကာ ထွက်ပြေးသွားတော့သည်။
ဝမ်ဖျင်က မျက်မှောင်ကြုတ်ကာ သူ့အဖေဘေးနားသို့ ရောက်လာ၏။
ဗလတောင့်တောင့်လူကြီးက သက်ပြင်းမှုတ်ထုတ်မိလိုက်သည်။ သူက ဝမ်လင်းထံသို့ လက်နှစ်ဖက်ယှက်၍ ပြောလိုက်သည်။ “အစ်ကိုဝမ်…ဂရုစိုက်ပါ…”
ဝမ်လင်းက ထိုလူရိုးကြီးနှင့် ပတ်သတ်၍ အမြင်ကောင်းရှိ၏။ သူက ရယ်မော၍ ပြန်ပြောလိုက်သည်။ “အစ်ကိုကြီးကျိုးလည်း ဂရုစိုက်ပါ…”
သည့်နောက် သူက လှည့်၍ လှမ်းလျှောက်သွားတော့သည်။ဝမ်ဖျင်ကလည်း သူနှင့် ခြေလှမ်းအနည်းငယ် အကွာကနေ လိုက်ပါသွားတော့၏။ သည့်နောက် သူက အနည်းငယ် တုံ့ဆိုင်းဆိုင်း ဖြစ်ပြီးနောက် ငို၍ ထွက်ပေးသွားသော မိန်းကလေးကို လှည့်၍ ကြည့်၏. သည့်နောက် သက်ပြင်းချကာ ဝမ်လင်းနှင့်အတူ ထွက်ခွာသွားတော့သည်။
ဝမ်ဖျင်က သူ့အဖေနောက်သို့ အမှီလိုက်ကာ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ “အဖေ…မိန်းကလေးတွေက ဘာလို့ ပြဿနာ ဖြစ်နေတာလဲ…။အထူးသဖြင့် ကျိုးရုထုံပဲ…”
ဝမ်လင်းက ရယ်မောကာ ဝမ်ဖျင်ကို နောက်လှည့်ကြည့်လိုက်၏။ လျိုမေ၏ ရုပ်ရည်သွင်ပြင်ကို ဆက်ခံထားသူ ဝမ်ဖျင်အဖို့ ရုပ်ရည်နှင့်ပတ်သတ်၍ မွန်းစတားဆန်အောင် ချောမောနေသည် မဟုတ်လား။
ဝမ်လင်းက ပြုံးတုံ့မပြုံးတုံ့လုပ်၍ ပြောလိုက်သည်။ “သားက ကျိုးမိသားစုက မိန်းကလေးကို သဘောမကျဘူးလား…”
ဝမ်ဖျင်က သက်ပြင်းချကာ ဆိုသည်။ “ကျွန်တော် သူ့ကို သဘောမကျပါဘူး။ သူ ငိုနေတာ မြင်တဲ့အချိန် စိတ်ထဲမှာ စိတ်မကောင်း ဖြစ်တာလောက်တော့ ရှိတယ်…”
***