Switch Mode

အပိုင်း(၇၄၀)

အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွားသည်။ နွေဦးရာသီ ကုန်လွန်၍ ဆောင်းရာသီသို့ပင် ရောက်လာခဲ့ပေပြီ။ နောက်ထပ် ငါးနှစ် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

သည်နှစ်က ဆောင်းအဝင် စော၏။ ဆောင်းရာသီ မရောက်ခင်မှာပင် နှင်းများကျဆင်းနေခဲ့ပြီ ဖြစ်သည်။ ဆောင်းလေညင်းက သစ်ရွက်ခြောက်များကို မွှေ့နှောက်ကျီစယ်ကာ နှင်းပွင့်များနှင့်အတူ လွင့်စင် လို့နေသည်။

သည်ငါးနှစ်အတွင်း ချွီလျန်တောင်အောက်ရှိ ရွာလေးတွင် အသက်ကြီးရင့်၍ သေဆုံးသွားသူ ငါးဦးရှိကာ အသစ်သုံးဦးက မွေးဖွားလာခဲ့ပေသည်။

ထိုအရာက လူအများ သတိမပြုမိပါဘဲနှင့် လှည့်ပတ်နေသော မွေးဖွားသေဆုံးခြင်း ဖြစ်စဉ်ပင်။

စွန်ထိုင်ကလည်း ပို၍ အိုမင်းလာခဲ့သည်။သူ့အိမ်က ဝမ်လင်းအိမ်နှင့် ကပ်လျက်ဖြစ်၏။ သူက သေမျိုးတစ်ယောက်လို နေထိုင်ချိန်မှစ၍ အိမ်ခန်းထဲတွင် အချိန်သိပ်မကုန်ဘဲ ခြံဝန်းထဲ၌သာ ထိုင်၍ ကောင်းကင်ထက်သို့ မော့ကြည့်နေတက်သည်။သူနှင့် အဖော်ပြုနေသည့်အရာကတော့ သူ့ တောက်ပခဲ့သော မှတ်ဉာဏ်များသာ ဖြစ်တော့၏။

ခုဆို ဝမ်ဖျင်က ဆယ်နှစ်အရွယ်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ ရွာရှိ အခြားကလေးများနှင့် ယှဉ်လျှင် သူက ခုနစ်နှစ်ရှစ်နှစ်ခန့်ဟုသာ ထင်ရ၏။ သူ့မျက်နှာကတော့ လွန်ခဲ့သော ငါးနှစ်ကထက် ပို၍ သွေးရောင်လွှမ်းလာခဲ့ပြီ ဖြစ်သည်။

ဆယ်နှစ်အရွယ် ဝမ်ဖျင်က အလွန်ကြည့်ကောင်းလှကာ ရွာထဲရှိ နေထိုင်သူများက ယဉ်ကျေးချောမောသော ထိုကလေးငယ်ကို ချစ်ကြည်ကြသည်။ သူ့ကစားဖော်များထဲမှ မိန်းကလေးငယ်များက သည်လက်သမား၏ သားအပေါ်၌ အမြင်ကောင်း ရှိနေကြ၏။

နှင်းမုန်တိုင်းကြောင့် နေ့ရက်များကို ပို၍ အေးနေစေ၏။ စွန်ထိုင်က သူ့ခြံဝန်းထဲ၌ အေးဆေးစွာ ထိုင်လျက်ရှိနေသည်။ သူက ထူထဲသော အပေါ်ထပ်အင်္ကျီကို ဝတ်ဆင်ထားကာ ကောင်းကင်ထက်သို့ ငေးကြည့်နေရင်း အတိတ်ကို ပြန်အောက်မေ့နေ၏။

သူ့ဘေး၌ ဝမ်ဖျင်ကလည်း အနွေးထည်ခပ်ထူထူကို ဝတ်ဆင်ထားကာ ကောင်းကင်ထက်သို့ မှုန်တေတေ ကြည့်လို့နေ၏။

“ဖျင်အာ…သား အဖေနဲ့ မနေဘဲ ဘာလို့ အဘိုးရှိ ရောက်လာရတာလဲ…”

စွန်ထိုင်၏ မျက်ဝန်းထဲ၌ ကြင်နာမှုတို့ ပြည့်နေ၏။ သူက သည်ကောင်လေးကို အမှန်ပင် ချစ်ခင်မြတ်နိုးလှ၏။ ဝမ်လင်းကြောင့်သာ မဟုတ်လျှင် သူက သည်ကလေးကို သူ သိသမျှ အားလုံး သင်ကြားပေးမိမည် ဖြစ်သည်။

ဝမ်ဖျင်က နှုတ်ခမ်းစူ၍ မကျေမနပ်ဟန်ပန်နှင် ပြောလာ၏။ “သား ပြန်မသွားဘူး။ အဒေါ်ကျန်းက အိမ်မှာ ရောက်နေတယ်…”

စွန်ထိုင်က ပြုံး၍ ခေါင်းယမ်းကာ ပြောလိုက်သည်။ “ကလေး…မင်း စိတ်အေးအေးနေပါ။ မင်းအဖေက သဘောတူမှာ မဟုတ်ပါဘူး…”

ဝမ်ဖျင်က မျက်မှောင်ကြုတ်၍ လက်ချိုး၍ တွက်လိုက်ပြီး ပြော၏။ “ဘိုးဘိုးစွန်…အဒေါ်ကျန်းက လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက သားတို့အိမ်ကို လာနေတာ ဘယ်နှစ်ကြိမ် ရှိပြီလဲ။ စုစုပေါင်း ဆယ့်နှစ်ကြိမ်တောင် ရှိသွားပြီ။ ဆယ့်နှစ်ကြိမ်…အာ…။ဒီအစ်မကြီးတွေနဲ့ အဒေါ်ကြီးတွေက သားအဖေအပေါ်မှာ ဘာလို့ မျက်စိကျနေရတာလဲ…”

သူက ရယ်မောကာ ခြံပြင်ဘက်သို့ ကြည့်လိုက်ရင်း ပြုံး၍ ပြောလိုက်သည်။ “သား အဖေအတွက် စိတ်မပူပါနဲ့။ အပြင်ကို ကြည့်လိုက်…ကြည့်ရတာ ကျိုးမိသားစုရဲ့ ဒုတိယသမီးက မင်းကို လာရှာတာနဲ့တူတယ်…”

ဝမ်ဖျင်က မှင်သက်သွား၏။ သူက ခေါင်းမော့ကာ ခြံဝန်းအပြင်သို့ ကြည့်လိုက်သည်။ သူက အသက်ခုနစ်နှစ် ရှစ်နှစ်ခန့် ကောင်မငယ်လေးက တဖြည်းဖြည်း သူ့ထံသို့ လာနေသည်ကို တွေ့လိုက်ရတော့၏။

“အစ်ကိုကြီးဝမ်…နင် ဒီမှာလား…” ထိုမိန်းကလေးငယ်၏ စူးရှရှအသံလေးက ခြံဝန်းအပြင်ဘက်ကနေ ထွက်ပေါ်လာခဲ့သည်။

ဝမ်ဖျင်က မျက်မှောင်ကြုတ်ကာ အော်ပြောလိုက်သည်။ “ငါ ဒီမှာ မရှိဘူး…နင် ပြန်တော့…”

ထိုသို့ပြောပြီးနောက် သူက ခြံဝန်းထဲကနေ လှမ်းထွက်သွားသည်။သူက ထိုမျက်လုံးကြည်ကြည် ကောင်မလေးကို လှည်ပင် မကြည့်ဘဲ သူ့အိမ်သို့ တန်းပြေးတော့၏။

စွန်ထိုင်က ထိုမြင်ကွင်းကို ကြည့်၍ မရယ်မောမိဘဲ မနေနိုင် ဖြစ်ရ၏။

သည်အချိန်၌ ဝမ်လင်းကတော့ စွန်ထိုင်နှင့် ပြောင်းပြန်ပင်။ သူက သူ့ကို တရပ်စပ် စကားပြောနေသော အမျိုးသမီးငယ်နှင့် ရင်ဆိုင်နေရာက မျက်မှောင်ကြုတ်နေမိသည်။ သူ့မျက်နှာပေါ်တွင်လည်း ခါးသပ်သပ် အပြုံးတစ်ခု ရှိလို့နေ၏။

ဝမ်လင်းက သည်ငါးနှစ်အတွင်း အနည်းငယ် ပို၍ အသက်ကြီးရင့်သွား၏။ သူက သေမျိုးတစ်ယောက်ကဲ့သို့ ပြောင်းလဲနေထိုင်သည့်အတွက် သူတို့နှင့်တူတူ ဖြစ်ရပေမည်။မဟုတ်လျှင် သေမျိုးများက ထိန်လန့်မိကုန်ကြပေမည်။ သူက လူငယ်တစ်ယောက် အသွင် မဟုတ်တော့ဘဲ သက်လတ်ပိုင်းအသွင်သို့ ခြေလှမ်းလာခဲ့ပြီ ဖြစ်သည်။

ထိုအမျိုးသမီးက မိန်းမဆန်လှ၏။ သူမက ဝမ်လင်းကို ကြည့်ကာ ပွင့်ပွင့်လင်းလင်း ဆိုလာသည်။

“အစ်ကိုဝမ်…ကြည့်ပါ။ ဝမ်ဖျင်က အမေ မရှိဘဲ သူ့ဘဝကို ခါးခါးသီးသီး နေလာရတာ ဆယ်နှစ်တောင် ရှိပြီ။ အစ်ကိုက ကို့အတွက်ကိုယ် မတွေးရင်တောင် အနည်းဆုံးတော့ ကလေးနဲ့ ပတ်သတ်ပြီး တွေးပေးရမယ်။ ရွာအဝင်က ကျိုးမိသားစုရဲ့ သမီးက မိန်းမလှလေးပါ။ သူမက အစ်ကို့နောက်လိုက်လာဖို့ ဆန္ဒ ရှိနေပါတယ်။ သူမက ကလေးကိုလည်း သူ့သားအရင်းလို ဆက်ဆံဖို့တောင် ကတိပြုထားသေးတယ်။ အစ်ကိုက ဘာကို မကျေမနပ် ဖြစ်နေရတာလဲ…”

ဝမ်လင်းက ခါးသီးစွာ ပြုံး၍ အကူအညီမဲ့စွာ ပြောလိုက်သည်။ “ဒီကိစ္စက…ဒါကို ထားလိုက်ပါတော့…”

အမျိုးသမီးဖြစ်သူက လက်လျှော့ဟန် မရဘဲ ဆက်၍ ပြောလာပြန်သည်။ “အာ…အစ်ကိုဝမ်…နင်က ဘာလို့ ခုလို ဖြစ်နေရတာလဲ။ ငါက ဖျင်အာရဲ့ အမေကို နင် အရမ်းချစ်ခင်လို့ နောက်ထပ် လက်မထပ်တော့တာကို သိပါတယ်။ ဒါပေမဲ့လည်း နင်က ခုထိ ဇနီးမယားတော့ လိုနေသေးတယ်။ ငါ နင့်ကို လွန်ခဲ့တဲ့ ဆယ်နှစ်က ကလေးငယ်လေးနဲ့ မြင်လိုက်တုန်းက ငါက လက်တောင် မထပ်ရသေးဘူး။ ဒါပေမဲ့ ခု ငါ့ကို ကြည့်ပါ။ ငါ့ကလေးတောင် ရှစ်နှစ်အရွယ် ရောက်နေပြီ…”

ထိုအခိုက်မှာပင် ဝမ်ဖျင်က တံခါးကို ကြမ်းတမ်းစွာ ဆွဲဖွင့်၍ ဝင်လာကာ အမျိုးသမီးကို ကြည့်သည်။ထို့နောက် သူက တိတ်ဆိတ်စွာ ထိုင်လိုက်၏။

သို့သော် အမျိုးသမီးက ဆက်၍ စကားပြောမည့်ဟန် ပြုသည်ကို မြင်လိုက်သည့်အခါ ဝမ်ဖျင်က လှမ်းအော်တော့၏။ “အဖေ…သား ဗိုက်ဆာနေပြီ…”

ဝမ်လင်းက ခုမှ စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းချနိုင်တော့သည်။ သူက ပြောလိုက်၏။ “ငါတို့ စကားပြောတာ နားကြရအောင်…”

အမျိုးသမီးက သက်ပြင်းချကာ ခေါင်းယမ်းလိုက်၏။ “အစ်ကိုဝမ်က ဆန္ဒမရှိရင်လည်း ငါက အတင်း မပြောတော့ပါဘူး။ ဒါပေမဲ့ အစ်ကိုဝမ်…နင်က တစ်ယောက်ယောက်ကို စဉ်းစားမယ် ဆိုရင်တော့ ငါ ပြောထားတာ မမေ့ပါနဲ့…”

သူမက ဝမ်လင်းကို ကြည့်လိုက်၏။သည့်နောက် သူမက ဝမ်ဖျဉ်ခေါင်းကို ပွတ်သပ်ရန် လက်လှမ်းလိုက်သည်။

ဝမ်လင်းက ငုံ့၍ ရှောင်ကာ နောက်သို့ ဆုတ်လိုက်၏။

အမျိုးသမီးငယ်က ရယ်မောကာ ပြောလိုက်သည်။ “ဒီကလေးက တော်တော်လေး ဒေါသကြီးတာပဲ၊သား အဖေရှိကနေ သင်ထားဦး။သား အဖေဆိုရင် ဒီရွာထဲမှာ အနူးညံ့ဆုံးလူပဲ။ မိန်းမလှတွေအများကြီးက ဘာလို့ သားအဖေကို လက်ထပ်ချင်နေရတာလဲ တွေးကြည့်လိုက်…”

ထိုသို့ပြောပြီးနောက် သူမက လှည့်၍ ထွက်ခွာသွားတော့၏။

အမျိုးသမီးငယ်ထွက်သွားသည့်နောက် ဝမ်ဖျင်က မေးလိုက်သည်။ “အဖေ…သင်…”

သူ့စကားမဆုံးခင်မှာပင် ဝမ်လင်းက ပြုံး၍ ပြောလိုက်သည်။ ကလေး ဒါနဲ့ ပတ်သတ်ပြီး စိတ်မပူနဲ့။ မင်း အဒေါ်ကျိုးက စိတ်ထားကောင်းပါတယ်။ “ကဲ ဒီကိုလာ ဆေးသောက်ရမယ်….”

ဝမ်ဖျင်က မျက်လုံးအပြူးသားနှင့် သူ့အဖေကို ကြည့်၍ နှုတ်ခမ်းစူကာ ပြောလိုက်သည်။ “ဒါပေမဲ့ သူက ဖျင်အာရဲ့ အမေအသစ်ကို ရှာပေးချင်နေတာလေ။ အာဟုဇီရဲ့ အဖေဆို အာဟုဇီအတွက် အမေအသစ်တစ်ယောက် ထပ်ယူခဲ့တယ်လေ။ အဲ့ကတည်းက အာ ဟုဇီက နေ့တိုင်း ကောင်းကောင်းလည်း မစားရတော့သလို အမြဲ အဆူခံနေရတယ်…”

ဝမ်လင်းက ရယ်မောကာ ဝမ်ဖျင်၏ခေါင်းကု နူးညံ့စွာ ပွတ်သပ်လိုက်သည်။ သူက ပြုံး၍ ပြောလိုက်၏။ “ကောင်းပါပြီ… အဖေ နောက်မိန်းမ မယူဖို့ သားကို ကတိပေးပါတယ်…ဟုတ်ပြီလား။ ကဲ ခုတော့ ဆေးသောက်ရမယ်…”

ထိုအခါကျမှ ဝမ်ဖျင်က ပျော်ရွှင်စွာဖြင့် ဆေးပန်းကန်လုံးကို ကောက်ယူကာ တစ်ချိုက်တည်း မော့သောက်လိုက်၏။ သည်တစ်ကြိမ်၌ သူက ဆေးကို ခါးသည်ဟုပင် မထင်တော့ဘဲ ချိုမြမြ ဖြစ်နေသည်ဟု ခံစားလိုက်ရ၏။ သည်ချိုမြမှုက သူ့စိတ်နှလုံးထဲကလာသော သူ့အဖေအပေါ် ချစ်ခြင်းမေတ္တာကြောင့် ဖြစ်သည်။

“အဖေ…ဖျင်အာက အဖေနဲ့အတူ ရှိနေပေးမှာ ဖြစ်တဲ့အတွက် အဖေ အထီးမကျန်စေရပါဘူး။ ဖျင်အာ ကြီးပြင်းတဲ့ အထိ စောင့်နေပါ။ ဖျင်အာက အဖေ အိုမင်းလာတဲ့အထိ အလုပ်အကျွေးပြုမှာပါ…”

ဝမ်ဖျင်က ဆေးပန်ကန်လုံးကို ပြန်ချကာ ဝမ်လင်းထံသို့ စိတ်အားထက်သန်စွာ ကြည့်လိုက်၏။

ဝမ်လင်းက ပြုံး၍ ဝမ်ဖျင်၏ခေါင်းကို လှမ်းပုတ်လိုက်သည်။ သည့်နောက် သူက အခန်းထဲကနေ ခြံဝန်းထဲသို့ လှမ်းထွက်လာကာ နှင်းများကို တံမြက်စည်း စတင်လှဲကျင်းသည်။သူက ခြံဝန်းကို ရှင်းလင်းပြီးသည့်နောက် လက်သမားတန်ဆာပလာများကို ကောက်ယူကာ လက်သမားအလုပ်ကို စတင်လုပ်နေတော့သည်။

ဝမ်ဖျင်က ပြတင်းပေါက်ကနေ သူ့အဖေကို စောင့်ကြည့်နေရင်း တိတ်တဆိတ် အတွေးနက်နေသည်။ သူ့မှတ်ဉာဏ်က ရွယ်တူများထက် တော်တော်လေး ကောင်းပေ၏။ သူက သူ လေးနှစ်သားအရွယ်က သူ့အမေ၏ မတော်တဆဖြစ်မှုအကြောင်းနှင့် နေရာကို မေးခဲ့စဉ်က အဖြစ်ကို ကောင်းကောင်းမှတ်မိနေခဲ့သည်။

ထိုအချိန်က သူ့အဖေ၏ အသွင်သည် အလွန်ထူးဆန်းသွားခဲ့၏။ သူက မည်သည့်ဟန်ပန်မှန်း နားမလည်ခဲ့သေးပေ။သို့သော် ခု သူကြီးပြင်းလာသည့် အခါတွင်တော့ သူက နားလည် နိုင်ခဲ့ပြီ ဖြစ်သည်။ထိုအသွင်ဟန်ပန်က ဝမ်းနည်းကာ မျက်လွှာချထားသည့် အသွင်ဖြစ်နေ၏။

သူက သိတက်သည့်ကလေး တစ်ယောက် ဖြစ်သည့်အတွက် ထိုအချိန်မှစ၍ သူ့အမေနှင့် ပတ်သတ်၍ ဘယ်တော့မှ ထပ်မေးခြင်း မပြုတော့ပေ။

ဆောင်းရာသီ ရောက်လာသည့်အခါ နှင်းမုန်တိုင်းများက တစ်သုတ်ပြီးတစ်သုတ် တိုက်ခတ်လာလေသည်။ အေးစက်စက် ဆောင်းရာသီ ရောက်လာသည့်အတွက် ရွာထဲရှိ လူများကလည်း လှုပ်ရှားသွားလာမှု ပို၍ နည်းပါးလာခဲ့သည်။ ဆောင်းရာသီက တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားခဲ့ကာ သိပ်မကြာခင်တွင် နွေဦးရာသီသို့ ရောက်လာတော့ပေမည်။

နွေဦးရာသီ၌ ရွာကျောင်းလည်း ပြန်ဖွင့်ပြီ ဖြစ်သည်။ရွာရှိ ကလေးများက စာရေးစာဖတ်ကို ထိုကျောင်း၌ သင်ကြားကြ၏။

နေ့ရက်များက ဤသို့ဖြင့် တည်တည်ငြိမ်ငြိမ် ကုန်ဆုံးသွားခဲ့သည်။ထိုတည်ငြိမ်မှုများကြား၌ ကြင်နာမှုတရားက ဝမ်လင်း၏ ပင်ပန်းနေသော စိတ်နှလုံးကို ဆေးကြောပေးခဲ့သည်။

ဝမ်ဖျင်ကလည်း တစ်နေ့ပြီးတစ်နေ့ ကြီးပြင်းလာနေခဲ့သည်။ဝမ်လင်းက ဉာဏ်အလင်းနောက်သို့ မဆုတ်မနစ်လိုက်ပါခြင်း မပြုတော့ပေ။ သူက အဖေတစ်ယောက်၏ နှလုံးသားနှင့် ဝမ်ဖျင်ကြီးပြင်းလာသည်ကိုသာ တိတ်တဆိတ် စောင့်ကြည့် နေခဲ့သည်။

သည်ဆယ်နှစ်တာအတွင်း ဝမ်ဖျင်၏ မကျေမချမ်းစိတ်ဆန္ဒကို ဖယ်ရှားပေးချိန်ကလွဲ၍ ကျန်သည့် အချိန်များတွင် ဝမ်လင်းက မည်သည့်မန္တာန်ကိုမျှ အသုံးမပြုခဲ့ပေ။ သူက ကျင့်ကြံခြင်းနှင့် ပတ်သတ်၍ အရာအားလုံးကို မေ့ထားခဲ့ပေသည်။

သို့ရာတွင် သူက အရာအားလုံးကို မေ့ထားနေရင်းဖြင့်ပင် သေခြင်းရှင်ခြင်းစက်ဝန်းအပေါ် နားလည်မှုက ဝမ်လင်းနှလုံးသားထဲ၌ တိတ်တဆိတ် ဖြစ်တည်လာခဲ့သည်။ဝမ်ဖျင် ကြီးပြင်းလာသည့်နှင့်အမျှ ထိုနားလည်မှုက ပို၍ပင် လေးနက်ထည်ဝါလာခဲ့သည်။

ဝမ်လင်းက သေခြင်းရှင်ခြင်းစက်ဝန်း၌ သေခြင်းတရား၏ လှည်ပတ်မှု စက်ဝန်းကို လေးလေးနက်နက် နားလည်ထားခဲ့ပေသည်။သို့သော် သူက ရှင်သန်ခြင်းနှင့်ပတ်သတ်၍တော့ များစွာ နားလည်ထားခြင်း မရှိသေးပေ။ အချိန်ကုန်လာသည်နှင့်အမျှ သူ့တာအိုနှလုံးသားကလည်း ပြီးပြည့်စုံခြင်းသို့ ဖြည်းဖြည်ချင်း ရွှေ့လျားလို့နေခဲ့တော့သည်။

သေခြင်းရှင်ခြင်းကို ပြည့်ပြည့်စုံစုံ နားလည်ပြီးလျှင် နောက်တစ်ဆင့်က ကံကြမ္မာစက်ဝန်း ဖြစ်၏။ ဝမ်လင်း တာအိုနှလုံးသားက သည်အေးချမ်းသောဘဝ၌ ဖြည်းဖြည်းချင်း တိုးတက်ဖွံ့ဖြိုးလာခဲ့ပေသည်။ အားကောင်းသောကျင့်ကြံသူတစ်ယောက်ကသာ သည်လိုမျိုး ပြောင်းလဲမှုကို တွေ့မြင်လိုက်ရပါက တုန်လှုပ်မိသွားနိုင်သည်။အကြောင်းကတော့ ဤအရာက ရိုးရှင်းသော ပြောင်းလဲမှု မဟုတ်ဘဲ လူတစ်ယောက်၏ နယ်ပယ်တစ်ခု ပြောင်းလဲခြင်း ဖြစ်နေသောကြောင့်ပင်။

ကောင်းကင်ဘုံနယ်မြေ ပျက်စီးသွားသည့်နောက် နယ်ပယ်က ကျင့်ကြံသူများအတွက် အထူးနားလည်မှုတစ်ခု ဖြစ်လာခဲ့သည်။ ကျင့်ကြံသူတစ်ယောက် လျှောက်လှမ်းသည့်လမ်းက သူတို့နယ်ပယ်မှ ဖြစ်ပေါ်လာသည့် တာအိုကို ကျင့်ကြံခြင်းဟုပင် ပြော၍ ရ၏။

ထို့အတွက်ကြောင့် နယ်ပယ်တစ်ခုချင်းစီသည် ကျင့်ကြံသူတိုင်းအတွက် အသေနီးပါး ဖြစ်နေ၏။ နယ်ပယ်တစ်ခု ဆင့်ကဲ တိုးတက်ဖွံဖြိုးလာခြင်းက ဖြစ်တောင့်ဖြစ်ခဲပင်။ဟွမ်မိသားစုဘိုးဘေးက လျိုမေကို ဖမ်းခေါ်ခဲ့ခြင်းကလည်း သူမနယ်ပယ်၏ ဆင့်ကဲဖွံ့ဖြိုးမှု အရိပ်အယောင်ပြသမှုကြောင့် ဖြစ်သည်။

ဝမ်လင်းက ခုလက်ရှိတွင် သည်လမ်းကို လျှောက်လှမ်းနေသူ ဖြစ်၏။ သို့ရာတွင် သူက သေခြင်းရှင်ခြင်းနယ်ပယ်မှ ရှင်သန်ခြင်းအပိုင်းကို နားလည်မှု ကင်းမဲ့နေခဲ့သည့်အတွက်ကြောင့် ကံကြမ္မာနယ်ပယ်သို့ ဆင့်ကဲဖွံဖြိုးမှု အရိပ်အယောင် ပြသလာခဲ့သည့်တိုင် သူ့နယ်ပယ်က ခုထိ မဖွံ့ဖြိုးခဲ့ခြင်း ဖြစ်သည်။

ထို့အတွက်ကြောင့် ခုလက်ရှိသည် ဝမ်လင်းဘဝအတွက် အရေးကြီးဆုံး အမှတ်သို့ ရောက်နေခြင်း ဖြစ်၏။ အခုလက်ရှိပေါ် မူတည်၍ သူ့ အနာဂတ်အောင်မြင်မှုများကိုပင် ဆုံးဖြတ်နိုင်ပေလိမ့်မည်။

ဝမ်လင်းက ထိုအခြင်းအရာကို နားလည်ထား၏။ သို့ရာတွင် သူ့တွင် ရွေးချယ်စရာသာ ရှိခဲ့ပါက အခြားကျင့်ကြံသူအားလုံး အိပ်မက်ထဲက အခုလို အခွင့်အရေးမျိုးအတွက် မည်သည့်တန်ဖိုးမှ ပေးလိုလိမ့်မည် မဟုတ်ပေ။

နွေဦးရာသီ ကုန်လွန်ကာ ဆောင်းဦးရာသီသို့ပင် ပြန်ရောက်လာခဲ့ပြန်ပြီ။ နောက်ထပ် ခြောက်နှစ် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။စွန်ထိုင်အတွက်လည်း အချိန်ကျရောက်လာခဲ့ပြီ ဖြစ်သည်။စွန်ထိုင်၏ သေဆုံးခြင်းက မျှော်လင့်ထားသည်ထက်ပင် အနည်းငယ် ပိုစောနေသေး၏။

စွန်ထိုင်က သူ့အိမ်ထဲ၌ လဲလျောင်းကာ သေဆုံးသွားချိန်၌ ဝမ်လင်းနှင့်ဝမ်ဖျင်တို့နှစ်ယောက်သာ ရှိနေကြသည်။

ဝမ်ဖျင်က ဆယ့်ခြောက်နှစ် ပြည့်သွားခဲ့ပြီ ဖြစ်သည်။သူက လျိုမေနှင့်လည်း ပို၍ တူလာခဲ့သည်။ ယောက်ျားလေးတစ်ယောက်ထံ၌ ထိုသို့သော ရုပ်ရည်သွင်ပြင် ရှိနေခြင်းက သူ့ကို တော်တော်လေးကို ချောမောသွားစေခဲ့သည်။

သို့ရာတွင် သူ့မျက်လုံးများကတော့ အဖြူနှင့်အမည်းကြား ရှင်းရှင်းလင်းလင်း သိမှုကို ပြသနေကာ ကြည်လင်လို့နေသည်။သည်ဆယ့်ခြောက်နှစ်အတွင်း သူကလည်း အရာတော်တော်များများကို နားလည်လာခဲ့ပေသည်။ ဥပမာ ဘိုးဘိုးစွန်က သူ့အဖေကို လွန်ခဲ့သောနှစ်ပေါင်းများစွာ ကတည်းက သိကာ တော်တော်လေး လေးစားသည် ဟူသော အရာမျိုးပင်။ ထိုလေးစားမှုက အပြင်ပိုင်းတွင်မဟုတ်ဘဲ သူ့အရိုးထဲက လာသည့် လေးစားမှုမျိုး ဖြစ်သည်။ ဝမ်ဖျင်က ထိုအရာကို ကောင်းကောင်း ခံစားမိနိုင်သည်။

ခုချိန်တွင် ဝမ်လင်းကလည်း ပို၍ အသက်ကြီးလာသည့်ပုံ ဖြစ်လာခဲ့သည်။သူက စွန်ထိုင်ကို တည်ငြိမ်စွာ ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “စွန်ထိုင်…ငါ သင့်ကို ကတိပေးထားခဲ့တဲ့အတိုင်း လုပ်ပေးမှာပါ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset