Switch Mode

အပိုင်း(၇၃၉)

လုံးဝ မကျင့်ကြံတော့တဲ့ ဘဝ

အပြာရောင်မိုးသားကောင်းကင်ကြီးက အဖြူရောင်တိမ်စိုင်တိမ်ခဲများဖြင့် လှပလို့နေသည်။

ချွီလျန်တောင်အောက်ခြေ၌ မြစ်လက်တက်ငယ် က ရစ်ခွေစီးဆင်းနေ၏။ထိုမြစ်လက်တက်က ကီလိုမီတာ များစွာအကွာတွင် ရှိနေသော မြစ်ပြင်ကျယ်ထဲသို့ စီးဝင်လို့နေသည်။ထိုနေရာ၌ တောင်ခြေရွာလေးတစ်ရွာ ရှိနေသည်။

“အရင်တုန်းကပေါ့…ဒီမြစ်ထဲက ရေတွေက ချိုမြပြီး တစ်ခါတစ်ရံ ချွီလျန်တောင်ထွတ်ပေါ်မှာလည်း တိမ်စိုင်တိမ်ခဲတွေ ပေါ်လာတက်တယ်တဲ့၊ တစ်ယောက်ယောက်က အဲ့တိမ်တွေကြား အသက်ရှူသွင်းလိုက်နိုင်ရင် သူတို့ရဲ့ ခန္ဓာကိုယ်က ကျန်းမာပြီး ဆယ်နှစ်အထိ မဖျားမနာ နိုင်တော့ဘူး….”

ဤစကားများသည် တောင်ခြေရွာလေးရှိ ကောင်လေးတစ်ယောက်ဆီကနေ ထွက်လာခြင်း ဖြစ်သည်။

ထိုကောင်လေးက အသက်ဆယ့်လေးနှစ် ဆယ့်ငါးနှစ်လောက် ရှိမည် ဖြစ်ကာ ခပ်မာမာခပ်တောင့်တောင့် ပုံစံ ရှိသည်။ သူ့ရှေ့တွင် တစ်ခြားကလေး ခုနစ်ယောက် ရှစ်ယောက်ခန့်လည်း ရှိလို့နေကာ သူက လွန်ခဲ့သော ငါးနှစ်က အကြောင်းကို ပြန်ပြောင်း ပြောနေခဲ့ခြင်းပင်။

“ငါ့ကိုကြည့်လိုက်…ငါက ဒီနှစ်တွေမှာ ဖျားနာတာ မြင်ဖူးရဲ့လား။ ငါက ဘာလို့ မဖျားလဲ ဆိုတော့ ငါ့အဖေက ငါ့ကို အဲ့တိမ်တွေကြားကို အသက်ရှူနိုင်ဖို့ ခေါ်သွားပေးခဲ့လိုပဲ။ ဒီအရသာ…အင်း…ဒီလိုမျိုးအသက်ရှူရတဲ့ အရသာက အရမ်းကို သက်တောင့်သက်သာ ဖြစ်တယ်ကွ…”

လူငယ်လေးက ပြောနေရင်းဖြင့် သူ့ကိုယ်သူ ဂုဏ်ယူလို့နေသည်။

သူ့ဘေးရှိ ကလေးခုနစ်ယောက်ရှစ်ယောက်လုံးကလည်း မျက်လုံးအပြူးသားလေးတွေ ဖြစ်နေကြသည်။ သူတို့က ထိုကောင်လေး ပြောပြသည့် ပုံပြင်ကို နားထောင်ရင်း စိတ်လှုပ်ရှားနေဟန် ရသည်။

“ဝမ်ဖျင်…ငါတို့ထဲမှာ မင်းက တကယ့်ကို အဲ့တိမ်တွေကြားကိုသွားပြီး အားပါးတရ အသက်ရှူဖို့ အလိုအပ်ဆုံးပဲ။ ကံမကောင်းစွာနဲ့ ဘိုးဘိုးကောင်းကင်က စိတ်တိုခဲ့တဲ့နောက် အဲ့တိမ်တွေကလည်း ပျောက်ကွယ်သွားခဲ့တယ်။ မဟုတ်ရင် မင်းအဖေက မင်းကို အဲ့နေရာ ခေါ်သွားနိုင်ခဲ့ရင် မင်းက ဆယ်နှစ်တိတိ ဖျားနာမှာ မဟုတ်တော့ဘူး…”

ထိုလူငယ်လေး၏ အကြည့်က ကလေးအုပ်ထဲမှ ကောင်လေးထံသို့ ကျရောက်လာသည်။ထိုကောင်လေးက အသက်ငါးနှစ်၊ခြောက်နှစ်ခန့်သာ ရှိပေလိမ့်မည်။ သူ့ခန္ဓာကိုယ်ကလည်း အားနည်းဟန်ရကာ မျက်နှာကလည်း ဖြူရောကာ နေသည်။

သူက အခြားကလေးငယ်များထက်လည်း ပိုပုနေ၏။သို့သော် ထိုကောင်လေးက အလွန်ချောပေသည်။ သူ့ နာမကျန်းပုံဖြစ်နေသည့် အသွင်အပြင်ကြောင့် မဟုတ်ပါက သူက ပို၍ပင် ချစ်ဖို့ကောင်းပေလိမ့်ဦးမည်။ သူက အနွေးအင်္ကျီလေးတစ်ထည် ဝတ်ဆင်ထားကာ မျက်လုံးများထဲ၌ စိတ်လှုပ်ရှားဟန် အပြည့်ဖြင့် ပြောလာ၏။ “အစ်ကိုကျိုး…ကျွန်တော် အိမ်ပြန်ရောက်ရင် အဲ့နေရာကို ခေါ်သွားပေးဖို့ အဖေ့ကို မေးကြည့်လိုက်မယ်…”

လူငယ်လေးက ရယ်မောကာ ပြောလာသည်။ “ဦးလေး လက်သမားဆရာဝမ်က သစ်သားထွင်းတာ တကယ်ကောင်းပါတယ်၊ ဒါပေမဲ့လည်း ချွီလျန်တောင်ထိပ်ပေါ်က တိမ်စိုင်တိမ်ခဲတွေက အခု မရှိတော့ဘူးလေ။ ဒါ့ကြောင့် သူက မင်းကို ဘယ်ခေါ်သွားပေး နိုင်တော့မလဲ….။ အစ်ကို ပြောတာပဲ နားထောင်ပါ၊ မင်းက ငါ့ရှိကနေ နေ့စဉ်နေ့တိုင်း ဓားပညာသင်ရင်လည်း နေကောင်းလာလိမ့်မယ်။ ဒီသိုင်းပညာက မင်းရဲ့ ခန္ဓာကိုယ်ကို သန်မာစေပြီး ငါတို့ ကြီးပြင်းလာတဲ့အခါကျရင်လည်း ငါတို့က သိုင်းလောကထဲမှာ ခရီးဆန့်နိုင်ပြီ…”

လူငယ်လေး၏ ထိုစကားက အခြားကလေးငယ်များကိုပါ ပို၍ စိတ်လှုပ်ရှားသွားစေသည်။

ထိုအခိုက်မှာပင် ရွာထဲကနေ ခေါ်သံများ ထွက်ပေါ်လာတော့၏။

လူငယ်လေးက ခေါင်းမော့၍ ကြည့်ကာ သက်ပြင်းချ၍ ပြောလိုက်၏။ “ကဲ…ဒီနေ့ သိုင်းပညာ ဆွေးနွေးခန်းကတော့ ပြီးဆုံးသွားပြီ။ ငါတို့ ညစာ စားပြီးမှပဲ နောက်တစ်ခါ စကြတာပေါ့…”

ကလေးငယ်များက မခွဲချင်ခွဲချင်ဖြင့် လူစု ခွဲကာ သူတို့ အိမ်အသီးသီးသို့ ပြန်သွားကြတော့၏။ ဝမ်ဖျင်လို့ ခေါ်သော ကောင်လေးကတော့ စိတ်လှုပ်ရှားနေသည့် မျက်လုံးများဖြင့် ရွာရှိသို့ ပြန်လျှောက်လာခဲ့တော့သည်။ သူက ရွာထဲသို့ လမ်းလျှောက်လာနေရင်း ရံဖန်ရံခါ သူ့နောက်ရှိ ချွီလျန်တောင်ထိပ်ပေါ်သို့ လှည့်လှည့်ကြည့်နေသည်။

သူက လမ်းလျှောက်လာနေစဉ်မှာပင် ရွာထဲကနေ ဗလတောင့်တောင့်လူကြီး တစ်ယောက် ထွက်လာခဲ့သည်။ထိုလူက ကြံ့ခိုင်ပုံရကာ သူ့လက်ထဲတွင်လည်း လေးနှင့်မြှားကို ကိုင်ဆွဲထား၏။ သူ့ပခုံးထပ်တွင်တော့ သမင်တစ်ကောင်ကို ထမ်းထားသည်။

ထိုလူကြီးက ကောင်လေးကို မြင်လိုက်သည့်အခါ ပြုံး၍ ပြောလိုက်၏။ “ဝမ်မိသားစုက ကောင်ငယ်လေး…မင်းက ဦးသားနဲ့အတူ ကလေးတွေ သိုင်းပညာဆွေးနွေးပွဲကို သွားခဲ့တာလား…”

ကောင်ငယ်လေးက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဦးလေးကျိုးကို နှုတ်ဆက်ပါတယ်…”

ဗလတောင့်တောင့်လူကြီးက အားပါးတရ ပြုံးလိုက်၏။ သူက ကောင်လေး၏ခေါင်းကို ပွတ်သပ်ပေးကာ ရယ်မော၍ ပြောလိုက်သည်။ “သားက တကယ့်ကို လက်မှုဆရာရဲ့ သားဖြစ်ထိုက်တာပဲ၊ မင်းက သူ့ထက်တောင် ပိုချောနေသေးတယ်…။ ကဲ မင်းအိမ်ပြန်မလို့မလား။ သွားကြစို့…ဦးလေးကျိုးလည်း မင်းနဲ့တူတူ သွားမယ်။ ဦးလေး မင်းအဖေနဲ့ စကားနည်းနည်း ပြောစရာ ရှိသေးလို့…”

ကောင်ငယ်လေးက ခပ်သွက်သွက် ခေါင်းညိတ်ပြကာ ထိုလူကြီးနှင့်အတူ သူ့အိမ်သို့ သွားလေသည်။ သိပ်မကြာသော အချိန်မှာပင် ရွာမြောက်ပိုင်းအစွန်းနားရှိ ရိုးစင်းသောအိမ်တစ်အိမ်က မြင်ကွင်းထဲ၌ ပေါ်လာတော့၏။ ထိုကောင်လေးက ခြေလှမ်းအနည်းငယ် ပြေးကာ လှမ်းအော်ပြောလိုက်သည်။ “အဖေ…ဦးလေးကျိုး လာတယ်…”

လူငယ်တစ်ယောက်က အိမ်ထဲကနေ လမ်းလျှောက် ထွက်လာ၏။ သည်လူက သာမန်သာ ဖြစ်ကာ ကောင်ငယ်လေးလောက်လည်း မချောမောပေ။ သူကသာ ကလေးနှင့် အတူယှဉ်ရပ်နေရင် အဖေနှင့်သားဟူ၍ပင် ထင်လိမ့်မည် မဟုတ်ပေ။

လူငယ်က ဖျဉ်ကြမ်းဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။သူက ခြံဝန်းတံခါးသို့ လှမ်းလျှောက်သွားရင်း ပြုံး၍ ဆို၏။ အစ်ကိုကြီးကျိုး…ဒီနေ့ မြိုးမြိုးမျက်မျက် ရလိုက်တဲ့ပုံပဲ…”

ကောင်ငယ်လေးကတော့ ခြံဝန်းထဲ ရောက်သည်နှင့် အခန်းထဲသို့ ပြေးဝင်ကာ မုန့်အချို့ကို ထုတ်လာ၏။ သူ့နောက်သူက လူငယ်ဘေးနားသို့ ရောက်လာကာ သစ်သားခွေးခြေခုံကို ဆွဲယူကာ ထိုင်၍ မု့န်စားနေတော့သည်။

ကျိုးလို့ခေါ်သည့် လူကြီးကလည်း သမင်ကို အောက်သို့ ချကာ ရယ်မောပြောလိုက်၏။ “အစ်ကိုဝမ်…ငါက တောင်ရှိ သွားတဲ့ နေရာမှာပဲ ဒီသမင်ကို တွေ့လိုက်တာ၊ ဒီနေ့အဖို့တော့ သိပ်တော့လည်း မဆိုးပါဘူး…”

လူငယ်က ပြုံးလိုက်၏။ သူက ကောင်ငယ်လေ၏ ခေါင်းကို ပွတ်သပ်ကာ ရယ်မော၍ ပြောလိုက်၏။ “အစ်ကိုကြီးကျိုးရဲ့ သိုင်းပညာနဲ့ဆိုရင် ဒီသမင်တစ်ကောင်လောက်က အခက်အခဲ ဖြစ်မှာ မဟုတ်ပါဘူး…”

ကျိုးဆိုသည့်လူက ရင်းရင်းနှီးနှီး ရယ်မောကာ ပြောလိုက်ပြန်သည်။ “အကိုဝမ်..ငါ့မိသားစုက ကောင်က သိပ်မငယ်တော့ဘူး၊ နောက်နှစ်နှစ်ဆိုရင် ငါက သူ့အတွက် အိမ်တစ်လုံး ဆောက်ပေးပြီး ချွေးမ ရှာပေးတော့မယ်။ ဒီအိမ်ကို ခုထဲက ဆောက်ထားမလားလို့၊ အိမ်ထောင်ပရိဘောက ကတော့ နောက်မှာပေါ့။။ ဒီ့အတွက် အစ်ကိုဝမ်ကိုပဲ အပူကပ်ရတော့မယ်…”

ဝမ်လင်းက ပြုံး၍ ပြောလိုက်၏။ “ကိစ္စမရှိပါဘူး။ အကိုကြီးကျိုး…စိတ်ချသာနေပါ…”

ကျိုးဆိုသည့်လူက ရယ်မောကာ ပြောလိုက်၏။ “ကောင်းပါပြီ…ဒါဆိုလည်း ဒီ သမင်ကတော့ စရန်သပ်ထားတာ…”

ထိုသို့ပြောပြီးနောက် သူက လှည့်၍ ထွက်ခွာသွားတော့သည်။

သူ ထွက်သွားသည်နှင့် ကောင်ငယ်လေးက ခွေးခြေခုံကနေ ခုန်ဆင်း၍ သူက သမင်အနားသို့ ရောက်သွားကာ ဘယ်ပြန်ညာပြန် သေချာကြည့်နေတော့သည်။

“အဖေ…ဦးလေးကျိုးက အားတော်တော်သန်တာပဲ၊ ဒီလိုတိရိစ္ဆာန်မျိုးကိုတောင် သူက အမဲလိုက်နိုင်တယ်…”

လူငယ်က ပြုံး၍ နူးညံ့သောအကြည့်နှင့် ကြည့်လိုက်သည်။ “ဒါကို ခု မကြည့်နဲ့ဦး။ ဖျင်အာ…ခု ဆေးသောက်ရမယ့် အချိန်ရောက်ပြီ…”

ကောင်ငယ်လေးက သက်ပြင်းချလိုက်၏။ သူက ခေါင်းမော့ကာ လူငယ်ထံသို့ ကြည့်၍ ပြောလိုက်သည်။ “အဖေ…ဆေးတွေက တော်တော်လေး ခါးတယ်…”

လူငယ်က အခန်းထဲကနေ အဖြူရောင်အရည်များနှင့်ပန်းကန်လုံးတစ်လုံးကို ယူကာ ပြန်ထွက်လာ၏။ သည်အရည်များက မည်သည့်အနံ့အသက်မှ ရှိမနေပေ။ ကောင်ငယ်လေးက ထိုဆေးရည်များကို မော့သောက်ချလိုက်ကာ မျက်မှောင်ကြုတ်သွားသည်။ သူက ဆေးသောက်လိုက်သည့်နောက် ပို၍ပင် မျက်နှောင်ကြုတ်သွားတော့သည်။ သူက ရေဇလားရှိရာသို့ ပြေး၍ သူ့ပါးစပ်ထဲရှိ ခါးသက်သက် ဆေးအရသာကို ပြောင်စင်အောင် ပလုတ်ကျဉ်းလိုက်သည်။

“အဖေ…ဖျင်အာက ဘယ်အချိန်ကျရင် ဆေးသောက်တာ ရပ်လို့ရမှာလဲ…” ကောင်ငယ်လေးက သူ့အဖေ့ကို ကြည့်လိုက်၏။

ထိုအဖေက ဝမ်လင်းဖြစ်ကာ ကလေးငယ်ကတော့ ဝမ်ဖျင်ပင် ဖြစ်လေ၏။

ဝမ်လင်းအကြည့်က နူးညံ့နေကာ သူက ခပ်တိုးတိုး ပြောလိုက်၏။ “သိပ် မကြာတော့ပါဘူး…”

ညနက်နက် လရောင်က ကမ္ဘာမြေပေါ်သို့ ပက်ဖျန်းလို့နေသည်။ လရောင်၏ အေးမြမှုက ပျံ့နှံ့နေကာ ချွီလျန်တောင်ခြေရှိ ရွာလေးကို ပို၍ ဆိတ်ငြိမ်နေစေသည်။

ခွေးဟောင်သံ အနည်းငယ်မှလွဲ၍ မည်သည့်အသံမှ ရှိလို့မနေပေ။

အခန်းထဲ၌ ဝမ်ဖျင်က အိပ်မောကျလို့နေသည်။ သူ့မျက်နှာလေးက ဖြူရောနေသော်လည်း ကောင်းကောင်းအိပ်ပျော်နေသည့်ပုံပင်။ သူ့နှုတ်ခမ်းထောင့်တွင်လည်း အပြုံးတစ်ခု တွဲခိုနေ၏။ သူက အိပ်မက်ကောင်းမက်နေသည့်ပုံပင်။

ဝမ်လင်းက ဝမ်ဖျင်၏ ဘေးနားတွင် ထိုင်နေကာ သူ့ နှဖူးကြားထဲ၌ လျှပ်စီးတို့က တဖျပ်ဖျပ် ဖြစ်လို့နေသည်။သူက ညာလက်ကို ဖြည်းညင်းစွာ ပင့်မြှောက်၍ သူ့မျက်ခုံးကြားထဲမှ လျှပ်စီးကို သူ့ညာလက်ထိပ်သို့ ရွှေ့လျားစေလိုက်၏။

သည့်နောက် ဝမ်လင်းက သူ့လက်ကို ဝမ်ဖျင်၏ မျက်ခုံးနှစ်ခုကြားသို့ ညင်သာစွာ ဖိပေးလိုက်သည်။ မိုးကြိုးလျှပ်စီးက ဝမ်ဖျင်၏ခန္ဓာကိုယ်တစ်လျှောက် ချက်ခြင်း စီးဆင်းသွားသည်။ ထိုအခါ ကလေးငယ်၏ ခန္ဓာကိုယ်ကနေ အနက်ရောင်အခိုးငွေ့များ ထွက်ပေါ်လာပြီး သူ့အရေပြားပေါ်၌ စုဝေးလာသည်။

အနက်ရောင်အခိုးငွေ့များက ဖြည်းဖြည်းချင်း ပိုသိပ်သည်းသထက် သိပ်သည်းလာခဲ့ကာ မိုးကြိုးအောက်၌ လှည့်လည်လာ၏။ နောက်ဆုံးတွင် ၎င်းက ကလေး၏ခန္ဓာကိုယ်ထဲကနေ ထိုးထွက်လာရာ ဝမ်လင်းက သူ့ညာလက်ဖြင့် မြန်ဆန်စွာ ဖမ်းယူလိုက်၏။ ထိုအနက်ရောင်အခိုးငွေ့များအားလုံးက အနက်ရောင်မြူလုံးတစ်ခုအဖြစ်သို့ သိပ်သည်းပြောင်းလဲသွား၏။

သူ့ညာလက်ကို လက်သီးဟန် စုပ်ကာ ထိုအနက်ရောင်မြူအလုံးကို ချေမွဖျက်စီး ပစ်လိုက်သည်။

ဝမ်ဖျင်မျက်နှာက အနီရောင်သန်းလာတော့၏။

ထိုကလေးငယ်ကို ကြည့်ကာ ဝမ်လင်းက သက်ပြင်းချမိသည်။ သူက ကလေးငယ်ကို စောင်ပြန်ခြုံပေးပြီးနောက် အခန်းထဲကနေ ပြန်ထွက်လာခဲ့တော့သည်။

ခြံဝန်းထဲ၌ လရောင်က ဝမ်လင်းကိုယ်ပေါ်သို့ ကျရောက်နေသည်။

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါးနှစ်ရှိပြီ…”

လွန်ခဲ့သောငါးနှစ်က ဝမ်လင်းသည် ရွင်ယွမ်ဂြိုဟ်ပေါ်သို့ ပြန်ရောက်လာကာ ပြိုလဲသောလကျေးရွာတွင် အထိုင်ချခဲ့၏။ သူက သည်နေရာကို ရွေးချယ်ရခြင်းက သည်နေရာသည် သူ့ဇာတိရွာလေးနှင့် တူသောကြောင့် ဖြစ်သည်။

ဝမ်ဖျင်ကတော့ မကျေမချမ်းစိတ်ဝိညာဉ် ဖြစ်၏။ လျိုမေ ထားခဲ့သော ဆေးလုံးနှင့် ဝမ်လင်း၏ မိုးကြိုးမန္တာန်တို့ကြောင့်သူ့မကျေမချမ်းမှုများစွာက ပျောက်ကွယ်သွားကာ သာမန်ကလေးငယ်ကဲ့သို့ ဖြစ်လာခဲ့ရပေသည်။

သို့ရာတွင် သူက နေ့စဉ်နေ့တိုင်း ဆေးမသောက်၊ ဝမ်လင်း၏ ကုသခြင်းကို မခံရပါက အရင်တုန်းက အခြေအနေသို့ ပြန်ရောက်သွားနိုင်၏။ သည်လိုဖြစ်စဉ်က သူ့ မကျေမချမ်းမှုအားလုံး ပျောက်ကွယ်သွားမှ ရပ်တန့်မည် ဖြစ်သည်။

ဝမ်ဖျင်မှတ်ဉာဏ်ကိုတော့ ဝမ်လင်းက ပယ်ဖျက်ထားခဲ့ကာ သူ့ကို ဘဝသစ်တစ်ခု ပေးထားခဲ့ပေသည်။

တိတ်ဆိတ်နေသော ရွာလေးအတွင်း၌ ဝမ်လင်းနှလုံးသားကလည်း တည်ငြိမ်လို့နေ၏။ သူက သက်ဖျက်ခြင်းများနှင့် ကင်းဝေးသော တည်ငြိမ်သော ဘဝသို့ ရောက်ရှိနေပေသည်။

သူက အဖေတစ်ယောက်လို၊ လက်သမားတစ်ယောက်လို အသက်မွေး၍ နေထိုင်ခဲ့ပေသည်။သည်အရာက အတိတ်တုန်းက သူ့အဖေ၏ ဖြစ်စေချင်ခဲ့သော ဆန္ဒလည်း ဖြစ်သည်။ သူကသာ နန်းတွင်းစာမေးပွဲကို မအောင်မြင်ခဲ့လျှင် သူက လက်သမားတစ်ယောက်ဖြစ်လာပြီး သူ့အဖေ ခြေရာကို လိုက်နင်းရမည် ဖြစ်၏။

သည်ခြံဝန်းလေးထဲ၌ လက်သမားပစ္စည်းများစွာလည်း ရှိလို့နေသည်။

သူက ဝမ်ဖျင် ကလေးများနှင့် ကစားသည်ကို တွေ့မြင်သည့် အခါတိုင်း ဝမ်လင်းက သူ ငယ်စဉ် ထိုအသက်အရွယ်က အကြောင်းကို ပြန်တွေးမိကြည့်မိသည်။အတိတ်တုန်းက သူလည်း ဝမ်ဖျင်အသက်အရွယ်တုန်းက ထိုသို့ ကစားမက်က ထမင်းစားချိန်တောင် ပြန်မလာတက်ပေ။

လရောင်အောက်၌ ခြံဝန်းထဲသို့ လျှောက်ဝင်လာသည့် ခြေသံများ ထွက်ပေါ်လာသည်။ သည့်နောက် အဘိုးအိုပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း ချဉ်းကပ်ရောက်ရှိလာသည်။

“ကလေး အိပ်ပျော်နေပြီလား…” ထိုအိုမင်းသောအသံနှင့်အတူ ခါးအနည်းငယ်ကုန်းနေသော ပုံရိပ်က ခြံဝန်းထဲသို့ ဝင်လာ၏။

ဝမ်လင်းက ခေါင်းညိတ်၍သာ ပြလိုက်၏။စကားတော့ မဆိုပေ။

အဘိုးအိုက ခြံဝန်းထဲသို့ ဝင်လာချိန်၌ လရောင်က သူ့ကိုယ်ပေါ်သို့ ပက်ဖြန်းလာသည်။သည်လူကတော့ စွန်ထိုင်ပင် ဖြစ်၏။

စွန်ထိုင်က ပို၍ အိုစာသွားခဲ့သည်။ သူ့မျက်နှာကလည်း အရေးအကြောင်းများနှင့် ပြည့်နေခဲ့သည်။ ဝမ်လင်း သည်နေရာသို့ ရောက်လာတာ သုံးနှစ်ကြာပြီးသည့်နောက် စွန်ထိုင်လည်း ရောက်လာခဲ့ခြင်း ဖြစ်သည်။

စွန်ထိုင်က လရောင်အောက်ရှိ အိမ်လေးကို ကြင်နာသည့်ဟန်ဖြင့် ကြည့်လို့နေ၏။ ဘာကြောင့်မှန်းမသိဘဲ သူက ဝမ်ဖျင်လို့ခေါ်သည့် ကောင်လေးကို တော်တော်လေး ချစ်ခင်နေမိသည်။

စွန်ထိုင်က သူ့အကြည့်ကို ပြန်ရုတ်သိမ်း၍ ဖြည်းဖြည်းချင်း ပြောလာသည်။ “ဒီကလေးနဲ့အတူ မင်းက ဘယ်အချိန်ထိ ရှိနေပေးမှာလဲ…”

ဝမ်လင်းက အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ကောင်းကင်ထက်ရှိ လမင်းကို မော့ကြည့်ကာ ပြောလိုက်သည်။ “ပြန်လည်မွေးဖွားခြင်း စက်ဝန်းတစ်ခု…”

“ပြန်လည်မွေးဖွားခြင်းစက်ဝန်း…” စွန်ထိုင်က သက်ပြင်းချ၍ ပြောလိုက်၏။ “မင်းက သူ့ကို ကျင့်ကြံသူတစ်ယောက် ဖြစ်မလာစေချင်ဘူးလား။ မင်းကျင့်ကြံမှုအဆင့်နဲ့ဆိုရင် ဒီကောင်လေးက အလွယ်တကူ ကျင့်ကြံခြင်းလမ်းကြောင်းကို ခြေချနိုင်လိမ့်မယ်။ သူက အချို့မိသားစုကြီးတွေရဲ့ တိုက်ရိုက်မျိုးဆက်ထက်တောင် သာလိမ့်ဦးမယ်…”

ဝမ်လင်းက ငြင်းဆန်လိုသော အကြည့်ဖြင့် ကြည့်၍ တိုးညင်းစွာ ပြောလိုက်၏။ ငါ”က သူ့ဘဝမှာ ကျင့်ကြံခြင်းကို မပြုလုပ်စေချင်ဘူး…”

စွန်ထိုင်က အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ဒီကလေးရဲ့ ပါရမီက တော်တော်လေး ကောင်းတယ်နော်…”

“ငါ သူ့ကို ကျင့်ကြံခွင့် မပြုနိုင်ဘူး…” ဝမ်လင်းအကြည့်က စွန်ထိုင်ပေါ်သို့ ကျရောက်လို့သွားကာ သူက ပြောလိုက်သည်။ “ဘယ်တော့မှပဲ…”

ဝမ်လင်းက သူ့ကိုယ်သူလည်း မေးလိုက်၏။ “ကျင့်ကြံခြင်း၊ ကျင့်ကြံခြင်း၊ ကျင့်ကြံခြင်းရဲ့ အဆုံးသပ်က ဘာလဲ…”

သူ့ဘဝတစ်လျှောက်လုံးတွင် ဝမ်လင်းက မပျော်ရွှင်ခဲ့ရပေ။ သည်လမ်းက အထီးကျန်ဆန်လှ၏။ သူက သူ့သားကို ခုလို အတွေ့အကြုံမျိုး မတွေ့ကြုံစေလိုပေ။

ကျင့်ကြံခြင်းလောကသည် ရက်စက်မှု၊ သက်ဖျက်မှု၊ အန္တရာယ်များနှင့်သာ ပြည့်နေ၏။ သူက ထိုအခြင်းအရာကို ကောင်းကောင်းကြီး နားလည်ထားပေသည်။

“ဖျင်အာက သူ မကြုံတွေ့သင့်တဲ့ အရာတော်တော်များများကို တွေ့ကြုံခဲ့ရပြီးပြီး။ ငါက သူ့ကို ဝမ်ဖျင်လို့ နာမည်ပေးခဲ့တာက သူ့ဘဝကို အေးချမ်းသာယာစေချင်တဲ့ မျှော်လင့်ချက်နဲ့ ပေးခဲ့တာ။ သူက သေမျိုးတစ်ယောက်ပဲ ဖြစ်လာပြီး လက်ထပ်၊ကလေးတွေယူ၊ ဒီလိုမျိုး ငြိမ်သက်တဲ့ဘဝ တစ်ခုရဖို့ မျှော်လင့်မိတယ်။ ခုက စပြီး ဒီကိစ္စကို ဘယ်တော့မှ ထပ်မပြောပါနဲ့တော့…”

ဝမ်လင်းအသံက စိတ်ပိုင်းဖြတ်ထားမှုနှင့် ပြည့်လို့နေတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset