ဟွမ်ဝူချင်က ခေါင်းမော့ကာ အလင်းမျက်နှာပြင်ကို ကြည့်၍ ပြောလိုက်သည်။ “ပြောပါ…”
လျိုမေ၏ ပုံရိပ်တစ်သောင်းနတ်ဆိုးတာအိုကသာ ပြီးပြည့်စုံသွားပါက သူက ၎င်းကို ဝါးမြိုလိုက်ရုံပင်။သို့ရာတွင် သူမတာအိုက မပြည့်စုံသေးသည့်အတွက်ကြောင့် သူမကသာ ငြင်းဆန်လိုသည့် ဆန္ဒရှိလိုက်လျှင် သူမတာအိုကလည်း သူ အောင်မြင်စွာ ဝါးမြိုခြင်းမပြုနိုင်ခင်မှာပင် ပျက်စီးသွားလိမ့်မည် ဖြစ်သည်။
လျိုမေက တိုးညင်းစွာ ပြောလိုက်သည်။ “ပထမတစ်ခုက ငါ့ကို ကူညီပြီး ဝမ်လင်းကို သတ်ပေးဖို့ပါ…”
သူမအကြည့်က ဝမ်လင်းထံသို့ ရောက်ရှိသွား၏။ သူမမျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုနှင့် အမုန်းတရားတို့ ရောယှက်လို့နေသည်။
ခုချိန်ထို ဝမ်လင်းအပေါ် မုန်တီးမှုက သူမ စိတ်နှလုံးထဲ၌ ရှိလို့နေဆဲသာ။ သို့သော် သည်အမုန်းကို သူမကိုယ်တိုင် အစစ်အမှန်မဟုတ်သလိုလည်း ခံစားနေရ၏။ သူမ နှလုံးသားထဲ၌ လွန်ခဲ့သော နှစ်ရာချီက ဟုန်ယွီကလန်တွင် တွေ့ဆုံခဲ့ဖူးသောလူငယ်လေးကိုလည်း မမေ့ဖျောက်နိုင် ဖြစ်နေသေးပေ၏။
(ဟုန်ယွီ= ဝမ်လင်း ကျင့်ကြံခြင်းလောကသို့ စတင်ဝင်ရောက်ချိန်၌ အဦးဆုံးဝင်ရောက်ခဲ့သည့် ကလန်)
သည့်အပြင် သူမက လီမူဝမ်အပေါ် ဝမ်လင်း၏ နူးညံကြင်နာမှုကိုလည်း မမေ့ဖျောက်နိုင် ဖြစ်ခဲ့ရသည်။
ဟင်္သာပြဒါးအုတ်ဂူတွင် ဖြစ်ပျက်ခဲ့သော ကိစ္စက သူမ၏ အမုန်းတရားကို ထွန်းငြှိပေးသလို ဖြစ်စေခဲ့သည်။သူမက ဟင်္သာပြဒါးဂြိုဟ်ကနေ ထွက်ခွာလာချိန်၌ သူမတွင် ကိုယ်ဝန်ဆောင်ထားရသည်ကို သိရှိခဲ့ရ၏။ထို့ကြောင့် သူမ၏ အမုန်းတရားက ပိုမို အားကောင်းလာခဲ့သည်။
သို့ရာတွင် သူမ၏ ပုံရိပ်တစ်သောင်းရက်စက်ခြင်းနယ်ပယ်က သူမ၏ အစစ်အမှန်ဘက်ခြမ်းကို ပြောမပြနိုင်အောင် ပြုလုပ်ထားခဲ့ပေ၏။
အဆုံးသပ်ချိန်တွင် သူမထံ၌ ရက်စက်ခြင်းနှင့် မကျေမချမ်းဖြစ်ခြင်း စိတ်ခံစားချက်များက ရှိလို့နေဆဲပင်။
ထိုသို့သောရှုပ်ထွေးသော ခံစားမှုများက သူမ၏ အစစ်အမှန်က မည်သည့်အရာဖြစ်ကြောင်းကိုပင် ပြောမပြနိုင်ဖြစ်အောင် ပြုလုပ်ထားခဲ့ပေသည်။သူမက သူမ၏ ကလေးကို ကြည့်မိသည့်အချိန်တိုင်း အဆုံးစွန်စိတ်ရှုပ်ထွေးမှုကို ခံစားရပေသည်။
ချက်ခြင်းပင် ဟွမ်မိသားစုဘိုးဘေးက ပြတ်သားစွာ ဆိုလာ၏။ “ကောင်းပြီ။ငါက အကောင်းဆုံး လုပ်ဆောင်ပေးမယ်…”
“ဒုတိယတစ်ခုက သင် ဝမ်လင်းကို မသတ်နိုင်ခဲ့ရင်…အဲ့ကျရင်…သူ့ကို ဒီသိုလှောင်အိတ်ပေးလိုက်ပါ…”
လျိုမေက သူမ၏ ရင်ခွင်ထဲ ထည့်ထားသော သိုလှောင်အိတ်ကို ထုတ်ယူလိုက်သည်။ သူမက ထိုသိုလှောင်အိတ်ကို နူးညံ့ကြင်နာစွာ ကြည့်နေ၏။
ဟွမ်မိသားစုဘိုးဘေးက မျက်မှောင်ကြုတ်သွား၏။သို့သော် သူက ခေါင်းညိတ်ပြလိုက်သည်။
ပျံ့ကြဲနတ်ဆိုးမိစ္ဆာက ဝမ်လင်းခန္ဓာကိုယ်ကို ထိန်းချုပ်ထားကာ နောက်ထပ် လက်သီးတစ်လုံး အလင်းမျက်နှာပြင်ပေါ်သို့ ပစ်သွင်းလိုက်ပြန်သည်။ မရေမတွက်နိုင်သော လှိုင်းတွန့်များနှင့် အက်ကွဲကြောင်းများက အလင်းမျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့၏။ သူက ရယ်မောကာ အော်ဟစ်၍ ပြောဆိုလိုက်သည်။ “ပျက်စီးစမ်း…”
စကားတစ်ခွန်းဖြင့်ပင် ဟွမ်မိသားစုကောင်းကင်ဘုံဘိုးဘေး နောက်ဆုံးချန်ထားခဲ့သော အကာအကွယ်အလင်းမျက်နှာပြင်သည် တစ်စစီဖြစ်သွားတော့၏။
ပျံ့ကြဲနတ်ဆိုးမိစ္ဆာ နီးကပ်လာချိန်၌ ၎င်းက မွန်းစတားဆန်သော နတ်ဆိုးမိစ္ဆာစွမ်းအင်ကို ပေးစွမ်းလာခဲ့သည်။ ထိုနတ်ဆိုးမိစ္ဆာစွမ်းအင်များအတွင်း၌ ဝမ်လင်းက ဟွမ်မိသားစုဘိုးဘေး အနောက်မှ လျိုမေကို တွေ့မြင်နေရသည်။ ဟွမ်မိသားစုဘိုးဘေးက မျက်လုံးမှိတ်လိုက်ကာ သူ့လက်ကို လျိုမေနဖူးထက်သို့ တင်လိုက်၏။ထိုအခါ ဟွမ်မိသားစုဘိုးဘေးက ထူးဆန်းသောအော်ရာတစ်ခုကို ပေးစွမ်းလာခဲ့သည်။
“အယ်…” ပျံ့ကြဲနတ်ဆိုးမိစ္ဆာက မှင်သက်သွား၏။ သည်အခိုက်အတန့်၌ ဟွမ်မိသားစုဘိုးဘေးက ရုတ်တရက် မျက်လုံးပြန်ဖွင့်လာသည်။ သူ့မျက်လုံးက မီးခိုးရောင်သန်းနေ၏။သူက လေထဲသို့ ပျံတက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း အခိုးအငွေ့ကဲ့သို့ ဖြစ်နေကာ ပုံရိပ်ယောင်ဆန်သောခံစားမှုကို ပေးစွမ်းနေ၏။
“ပျံ့ကြဲနတ်ဆိုးမိစ္ဆာက သူ့ကို စိတ်ဝင်စားစွာ ကြည့်ကာ ပြောလာ၏။ ကောင်လေး..မင်းကျင့်ကြံမှုနည်းလမ်းက တော်တော်လေးကောင်းတာပဲ။ဒီအထဲမှ ငါ့ရှေးဟောင်းနတ်ဆိုးမိစ္ဆာ ကျင့်ကြံခြင်း အနည်းငယ်တောင် ပါဝင်နေသေးတယ်…”
ဝမ်လင်းအကြည့်က ဟွမ်မိသားစုဘိုးဘေးပေါ်တွင် ရှိမနေဘဲ လျိုမေအပေါ်တွင်သာ ရှိနေ၏။ လျိုမေက မျက်လုံးမှိတ်ထားလျက်ရှိကာ သူမ၏ အော်ရာ လုံးဝ ပျောက်ကွယ်နေခဲ့ပြီ ဖြစ်၏။
ဟွမ်မိသားစုဘိုးဘေးက အခိုးငွေ့ကဲ့သို့ ဖြစ်နေကာ လေထဲ၌ သိပ်သည်းလာခဲ့၏။ သူ့မျက်လုံးထဲရှိ မီးခိုးရောင်အလင်းကလည်း အလွန်အားကောင်းလာခဲ့သည်။သူက အသက်ဝဝရှူသွင်းကာ ဝမ်လင်းကို ထိန်းချုပ်ထားသည့် နတ်ဆိုးမိစ္ဆာကို ကြည့်၍ ဖြည်းဖြည်းချင်း ပြောလာသည်။ “ငါ့မှာ မန္တာန်တစ်ခုရှိတယ်။ သင်က ဒါက လက်ခံဝံ့လား…”
ပျံ့ကြဲနတ်ဆိုးမိစ္ဆာက ရယ်မော၍ ပြောလိုက်၏။ “ငါ့ကို ပြစမ်းပါဦး…”
ဟွမ်မိသားစုဘိုးဘေးက မျက်လုံးမှိတ်ထား၏။ သူက လျိုမေ၏ နယ်ပယ်ကို စုပ်ယူခဲ့ပြီး ဖြစ်ကာ သူ သူမကို ပေးခဲ့သော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည်လည်း ပြန်လည် ရရှိခဲ့ပြီ ဖြစ်သည်။ သူ့ကျင့်ကြံမှုအဆင့်က အရင်လို လုံးဝဥသုံ ပြန်မကောင်းသေးသော်လည်း ကွာခြားမှု များစွာ ရှိမနေတော့ပေ။
သို့ရာတွင် သူက ဝမ်လင်းနှင့်ပေါင်းစပ်ထားသော ပျံ့ကြဲနတ်ဆိုးမိစ္ဆာကို ရင်ဆိုင်ရန် ယုံကြည်ချက် မရှိပေ။သူ ထွက်ပြေးလိုလျှင်ပင် သူက နတ်ဆိုးမိစ္ဆာ၏မန္တာန်များကနေ လွတ်မြောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ထို့ကြောင့်လည်း သူက သူ့မျှော်လင့်ချက်များအားလုံးကို သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံနတ်ဆိုးတာအိုအပေါ်တွင် ပုံအော ထားခြင်း ဖြစ်၏။
လျိုမေက နယ်ပယ်ကို ဝါးမြိုပြီး သူ့ကိုယ်ပိုင်အဖြစ် ပေါင်းစပ်စေပြီးနောက် သူက အမည်မဲ့ကောင်းကင်နတ်ဆိုးတာအို၏ အရိပ်အယောင်ကို ထုတ်ဖော်လာနိုင်၏။သို့သော် ၎င်းက နည်းပါးလွန်းလှသေး၏။
ဟွမ်မိသားစုဘိုးဘေးထံမှ ထူးဆန်းသောအော်ရာတစ်ခု ထွက်ပေါ်လာ၏။သူက နာကျင်နေဟန်ရကာ သူ့ခန္ဓာကိုယ်ကလည်း မြန်ဆန်စွာ ခြောက်သွေ့လာ၏။ မျက်စိတစ်မှိတ်အတွင်း သူက အရိုးခြောက်တစ်ခုအလား ပြောင်းသွားသည်ဟု ထင်မှတ်ရ၏။
သိပ်မကြာခင်တွင် သူ့အရိုးများပင် အရည်ပျော်လာခဲ့ကာ လုံးဝ ပျောက်ကွယ်သွားတော့၏။ နောက်ဆုံးတွင် ဟွမ်မိသားစုဘိုးဘေးက လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ သိုလှောင်အိတ်တစ်ခုသာ ကျန်ရစ်ခဲ့တော့၏။
သူ့ခန္ဓာကိုယ်ပျောက်ကွယ်သွားသည့် အခိုက်၌ သိပ်သည်းသောမီးခိုးရောင်အခိုးငွေ့တစ်ခုက ပျံ့နှံ့လာ၏။
ဟွမ်မိသားစုဘိုးဘေး၏ မူလစိတ်ဝိညာဉ်က ၎င်းအခိုးအငွေ့ထဲ၌ ရှိနေသည်။
မီးခိုးရောင်အခိုးငွေ့က လှည့်ပတ်လာကာ သူ့မူလစိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်သွားပြီး တစ်ဖြည်းဖြည်းဖြင့် ထွင်းဖောက်မြင်ရလုနီးပါး ဖြစ်လာခဲ့သည်။ သူ့မူလစိတ်ဝိညာဉ်ကပါ လုံးဝ ပျောက်ကွယ်တော့ မတက် ဖြစ်လာ၏။ ဤအခိုက်အတန့်၌ ဝမ်လင်းစိတ်နှလုံးထဲ၌ သေရေးရှင်ရေးအာရုံကို ခံစားမိလာသည်။
သို့ရာတွင် ပျံ့ကြဲနတ်ဆိုးမိစ္ဆာကတော့ စိတ်ဝင်တစားအကြည့်ကို ဖော်ထုတ်ကာ ပြောလာ၏။ “ဒီမန္တာန်က စိတ်ဝင်စားစရာပဲ…တကယ့်ကို စိတ်ဝင်စားစရာပဲ…”
အစစ်အမှန်အမည်မဲ့ကောင်းကင်နတ်ဆိုးတာအိုက အမည်မဲ့ကောင်းကင်နတ်ဆိုးတစ်ပါးလု ဖြစ်လာခဲ့၏။
ဟွမ်မိသားစုဘိုးဘေး၏ ခန္ဓာကိုယ်က ပျောက်ကွယ်ကာ သူ့မူလစိတ်ဝိညာဉ်ကလည်း ဗလာနတ္တိ ဖြစ်လာခဲ့သည်။ ထိုအခိုက်အတန့်လေး၌ မရေမတွက်နိုင်သောပုံရိပ်ယောင်များက အရပ်မျက်နှာအနှံ့ကနေ ပေါ်လာခဲ့၏။ ထိုပုံရိပ်ယောင်များထံကနေ ကြောက်မောက်ဖွယ်အော်ရာများ ထွက်ပေါ်လာနေသည်။ ယင်းအော်ရာ တစ်ခုစီက ယင်နှင့်ယန်အဆင့်ကျင့်ကြံသူများထက် အားနည်းလိမ့်မည် မဟုတ်ပေ။
အမည်မဲ့ကောင်းကင်ဘုံနတ်ဆိုးတာအို မန္တာန်က အလွန်တုန်လှုပ်စရာ ကောင်းလှ၏။၎င်းက ခုထိ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်ခြင်း မဟုတ်ဘဲ အစပျိုးရုံမျှသာ ရှိသေး၏။
သို့သော် ထိုအခိုက်အတန့်၌ ထူထဲသောမီးခိုးရောင် အခိုးအငွေ့တစ်ခုက ဝမ်လင်းဦးခေါင်းထက်ကနေ ရုတ်တရက် ထွက်ပေါ်လာသည်။ ပျံ့ကြဲနတ်ဆိုးမိစ္ဆာက ဝမ်လင်းခန္ဓာကိုယ်ကနေ ခုန်ပေါက်ရယ်မောကာ ထွက်လာ၏။ တစ်ချိန်တည်းမှာပ်င ၎င်းက ပါးစပ်ဟကာ ဝါးမြိုခြင်းကို စတင်လာ၏။ ချက်ခြင်းပင် ပုံရိပ်ယောင်အများစုက ၎င်း၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
“ကောင်းလိုက်တဲ့ အစာတွေ…မင်းရဲ့ ကလေးငယ်တွေက ဒီနတ်ဆိုးမိစ္ဆာကို အရသာ ရှိစေတယ်။ မင်းက ဒီနတ်ဆိုးမိစ္ဆာကို ဘယ်လို ဂုဏ်ပြုရမလဲ ကောင်းကောင်းသိတာပဲ။ ငါ ပေးထားတဲ့ ကတိကြောင့်သာ မဟုတ်ရင် ငါက မင်းကို သတ်တောင် မသတ်ချင်တော့ဘူး…”
ပျံ့ကြဲနတ်ဆိုးမိစ္ဆာက ရယ်မောကာ နောက်ထပ် ဝါးမြိုပစ်လိုက်ပြန်သည်။
ပျံ့ကြဲနတ်ဆိုးမိစ္ဆာ မရှိသည်နှင့် ဝမ်လင်းက သူ့ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်လာနိုင်၏။ ဖျပ်ခနဲပင် သူက မြေပြင်ပေါ်ရှိ လျိုမေရှေ့သို့ ရောက်ရှိသွားသည်။
လျှိုမေက မျက်လုံးမှိတ်လျက်သာ ရှိနေပြီး သူမခန္ဓာကိုယ်ထဲ၌ မည်သည့် အသက်ဓာတ်မှ ကျန်ရှိမနေတော့ပေ။
အခြားတစ်ဖက်တွင်လည်း ပျံ့ကြဲနတ်ဆိုးမိစ္ဆာက ဆက်လက်၍ ဝါးမြိုနေရာ ပုံရိပ်ယောင်အခိုးငွေ့များက ဖြည်းဖြည်းချင်း ပျောက်ကွယ်လာသည်။ လေထဲ၌ ပုံရိပ်ယောင်နီးပါး ဖြစ်နေသော ဟွမ်မိသားစုဘိုးဘေးက နောက်တစ်ဖန် ပြန်သိပ်သည်းလာ၏။ သူ့မျက်နှာပေါ်၌ ခါးသီးမှုတို့နှင့် ပြည့်နေသည်။
သူက အမည်မဲ့ကောင်းကင်ဘုံနတ်ဆိုးတာအို၏ အမျှင်တန်းလောက်ကိုသာ ပိုင်ဆိုင်ထားခဲ့ပေသည်။ လျိုမေနယ်ပယ်ကသာ ပြည့်စုံနေခဲ့ရင် သူက အစစ်အမှန် အမည်မဲ့ကောင်းကင်နတ်ဆိုး ဖြစ်လာကာ ယခုလို ပျံ့ကြဲနတ်ဆိုးမိစ္ဆာ၏ အစာ ဖြစ်လာစရာအကြောင်း မရှိတော့ပေ။
သူက သက်ပြင်း မှုတ်ထုတ်လိုက်ပြီးနောက် ထွက်ပြေးရန် ဟန်ပြင်လိုက်တော့၏။
ပျံ့ကြဲနတ်ဆိုးမိစ္ဆာက ရယ်မောလိုက်ကာ သူ့နတ်ဆိုးမိစ္ဆာစွမ်းအင်ကို ပျံ့နှံ့စေလိုက်သည်။ ဟွမ်မိသားစုဘိုးဘေးက ယင်းစွမ်းအင်များ ထွေးပတ်ခံလိုက်ရပြီး ပျံ့ကြဲနတ်ဆိုးမိစ္ဆာ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
“ကောင်လေး ဝမ်လင်း…၊ ဒီနတ်ဆိုးမိစ္ဆာက ကိုယ့်ကတိကိုယ် ဖြည့်ဆည်းပေးပြီးပြီး…”
ပျံ့ကြဲနတ်ဆိုးက ရုတ်တရက် လှည့်လာကာ ဝမ်လင်းကို သုန်မှုန်စွာ ကြည့်သည်။သည့်နောက် သူက လေဟာနယ်ထဲသို့ ခြေလှမ်းကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့၏။
ယခုအခါ ပတ်ဝန်းကျင်က လုံးဝ တိတ်ဆိတ်သွားခဲ့ပြီ ဖြစ်၏။ ဟွမ်မိသားစုဝင်များအားလုံးကလည်း တိတ်ဆိတ်နေကြ၏။ ယနေ့ဖြစ်ခဲ့သော ကိစ္စရပ်တိုင်းက သူတို့ကို ကြီးစွာ တုန်လှုပ်စေကာ ဝမ်လင်းကိုလည်း အလွန်လေးစားမိသွားစေသည်။
ဝမ်လင်းက မျက်လုံးမှိတ်လျက် ရှိနေသော လျိုမေကို ကြည့်နေ၏။ အချိန်အတန်ကြာသည့် အထိ သူက စကားတစ်ခွန်းမှ မဆိုပေ။
ဟွမ်ဖန်ရှန်က အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ရှေ့သို့ တိုးကာ ပြောလာသည်။ “ရောင်းရင်းကျင့်ကြံသူ…လျိုမေ ထွက်ခွာမသွားခင် သူမက ဟွမ်ဝူချင်နဲ့ သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့တယ်။ ဟွမ်ဝူချင်က သင့်ကို မသတ်နိုင်ရင် သူက သင့်ကို ဒီ သိုလှောင်အိတ် ပေးပေးရမယ်တဲ့…”
ဝမ်လင်းက ခေါင်းမော့လာ၏။ သူ့အကြည့်က သိုလှောင်အိတ်ပေါ်သို့ ကျရောက်သွားသည်။ သူက လက်ဝှေ့ယမ်းလိုက်ရာ သိုလှောင်အိတ်က သူ့လက်ထဲသို့ ကျရောက်လာ၏။ ထို သိုလှောင်အိတ်ထဲ၌ ဆေးလုံးတစ်လုံးနှင့် ကျောက်စိမ်းပြားတစ်ခုကလွဲ၍ ဘာမှ ရှိမနေချေ။
ဝမ်လင်းက ကျောက်စိမ်းပြားကို ကိုင်ထားရင်း သူ့နတ်ဘုရားအာရုံကို အထဲသို့ ပို့လွှတ်လိုက်၏။
“ဒီဆေးလုံးက ကလေးရဲ့ မကျေမချမ်းဖြစ်မှုအတွက် ဖြေဆေးပဲ။ဒါကို မိုးကြိုးကျင့်ကြံသူ တစ်ယောက်နဲ့ ပေါင်းစပ်ပြီး လုပ်ဆောင်စေမယ်ဆိုရင် မကျေမချမ်းဖြစ်မှု အများစုက ပျောက်ပျက်သွားလိမ့်မယ်။ အတိတ်တုန်းက ဆရာက ငါ့ကို နင့်နှလုံးသားမှာ ငါ့အရိပ်ထားဖို့ ပြောခဲ့ဖူးတယ်။ အတိတ်တုန်းကတော့ ငါက ဒါကို မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ခုတော့ ငါ လုပ်နိုင်ခဲ့ပြီ…”
နူးညံသောလေပြေညင်းက တိုက်ခတ်သွားကာ မြေပေါ်ရှိ အမှုန်အမွှားများကို လွင့်ပါးသွားစေသည်။ ထိုလေပြေက လျိုမေခန္ဓာကိုယ်ကလည်း တိုက်ခတ်သွားသည်။ လျိုမေနှဖူးထက်မှ စိန်ပုံစံအစိတ်အပိုင်းတစ်ခုသည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး လေနှင့်အတူ လွင့်ပါးသွား၏။
တစ်ချိန်တည်းမှာပင် လျိုမေခန္ဓာကိုယ်၏ အစိတ်အပိုင်းတော်တော်များများသည်လည်း လွင့်ပါးလို့သွားသည်။ တစ်ဖြည်းဖြည်းဖြင့် သူမခန္ဓာကိုယ်တစ်ခုလုံးက လိပ်ပြာအပိုင်းအစလေးများကဲ့သို့ ပြောင်းလဲသွားတော့၏။
လျိုမေ၏ ပုံရိပ်က ကောင်းကင်ထက်၌ ပေါ်လာသကဲ့သို့ သူမ က မြေပြင်ထက်သို့ ငုံကြည့်ကာ ဆံပင်ကို သပ်၍ ပြုံးသည်ဟု ဝေဝါးစွာ ထင်ရသည်။သူမက ဝေးသထက် ဝေးသွားကာ မိုးကုပ်စက်ဝန်း၏ အနားစွန်းထိ ရောက်ရှိသွားသကဲ့သို့ ပျောက်ကွယ်လို့သွားတော့သည်။
ဝမ်လင်းက ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်နေရင်း ဆိတ်ဆိတ်နေနေသည်။
“သေခြင်းရှင်ခြင်းအထက်မှာ ကံကြမ္မာ ရှိတယ်။ အတိတ်က ကံအကြောင်းက ဒီနေ့ ကံအကျိုးဆက်ကို ဖြစ်စေတယ်။ ဒါတွေအားလုံးက အတိတ်ရဲ့ မှတ်ဉာဏ်အပိုင်းအစပါပဲ။ အိပ်မက်က နိုးထမလာတော့တဲ့ တစ်စုံတစ်ယောက်လို…”
ဝမ်လင်းက သက်ပြင်းချကာ လှည့်၍ ထွက်ခွာသွားတော့သည်။
“သူမက တကယ် သေသွားခဲ့တာလား…”
ဝမ်လင်းက ထွက်ခွာသွားစဉ်၌ သည်မေးခွန်းနောက်ကို ဆက်လက် တွေးတော လိုက်ပါကြီး မပြုတော့ပေ။ လျိုမေက တကယ်သေသည် ဖြစ်စေ မသေသည် ဖြစ်စေ ကိစ္စမရှိတော့ပေ။ အရာရာက ဖြစ်သင့်သည့်အတိုင်း ဖြစ်ပျက်သွားခဲ့၏။
ဖုန်မှုန့်က ဖုန်မှုန့်အဖြစ်သို့ အထိုင်ကျကာ …ဖုန်မှုန့်က မြေကြီးထဲသို့ ပြန်ရောက်ရှိသွားခဲ့လေပြီ။
(ဘာသာပြန်သူမှတ်ချက်…ထိုအထက်ပါစကားမှာ ကံကြမ္မာ တာအိုကို တင်စား ဆိုလိုခြင်း ဖြစ်ပုံရသည်။)
ဝမ်လင်းက ဟွမ်မိသားစုဝင်များ၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့တော့သည်။
ဝမ်လင်းက ဟွမ်မိသားစုဝင်များကို အမြစ်ဖျက်သတ်ပစ်ခဲ့ခြင်း မပြုတော့ပေ။ သူက အလွန်ပင်ပန်းနေခဲ့ပြီ၊ အလွန့်ကို ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။
ထိုပင်ပန်းမှုက သူ့ခန္ဓာကိုယ်မှ မဟုတ်ဘဲ စိတ်နှလုံးသားထဲက ပင်ပန်းမှုမျိုး ဖြစ်လေ၏။
သူက သည် နှစ်ပေါင်းရှစ်ရာကျော် ကျင့်ကြံခဲ့သည့် အချိန်အတွင်း အရာများစွာကို တွေ့ကြုံခဲ့ဖူးပြီ ဖြစ်သည်။
ရွင်ယွမ်ဂြိုဟ်ပေါ်ရှိ လဲပြိုသောလကျေးရွာ၌ မိသားစုတစ်စု အသစ်ရောက်ရှိလာ၏။ ထိုမိသားစုက ထူးဆန်းလှကာ လူနှစ်ယောက်သာ ရှိသည်။ ထိုနှစ်ယောက်မှာ ရှေးဟောင်းအော်ရာဖြင့် လူငယ်တစ်ယောက်နှင့် ကလေးငယ် တစ်ယောက်တို့ ဖြစ်ကြသည်။
ထိုအချိန်မှာပင် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး အတွင်း၌ လောဘကြီးက သုန်မှုန်စွာဖြင့် သွားလာနေသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင်တော့ အတားအဆီးများစွာ ရှိနေ၏။ သူက ထိုအတားအဆီးများအကြောင်းကို တွေးမိလိုက်သည်နှင့် ဦးရေပြားပင် ထုံထိုင်းကာ စိတ်နှလုံး အေးစက်သွားရသည်။
“ခွေးကောင်ဝမ်လင်း…ငါကသာ သူ့ကို မြန်မြန် မရှာနိုင်ရင် ငါ့ကိုယ်ပေါ်က အတားအဆီးတွေထဲက တစ်ခု အသက်ဝင်လိုက်တာနဲ့ ငါက အုတ်ဂူတောင် မရှိဘဲ သေရလိမ့်မယ်…”
***