အပိုင်း(၅၀) အရှေ့တန်၏ ဆယ့်ခြောက်ယောက်မြောက် မင်းသား
ထိုလူငယ်သည် ကျောက်ယွမ်တို့နှင့် ညီအကိုတော်စပ်ပုံရပြီး မင်းသားတစ်ပါးဖြစ်ကြောင်း ရန်ကျောက်ကဲ ခန့်မှန်းမိသည်။ သို့သော် သူ့ကို ရန်ကျောက်ကဲ ယခင်က မမြင်ဖူးခဲ့ပေ။
ရန်ကျောက်ကဲသည် ထိုမြင်ကွင်းကို စိတ်ဝင်စားစွာ ကြည့်နေသည်။
ပထမမင်းသားမှာ သူ့ခမည်းတော် အရှေ့တန်ဘုရင်ကဲ့သို့ပင် ဝါဒတောင်ဂိုဏ်း၏ရန်တိအုပ်စုဘက်သို့ ယိမ်းသူဖြစ်သည်။
ကျောက်ယွမ်ကိုယ်တိုင်ကလည်း ရန်ကျောက်ကဲ၏ လက်ရှိခန္ဓာကိုယ်မူလပိုင်ရှင်နှင့် ဆက်နွယ်မှုတချို့ ရှိခဲ့သည်။
ကျောက်ယွမ်နှင့် ဤနေရာတွင် မယှဉ်နိုင်သောကြောင့် တတိယမင်းသားကျောက်ရှန်းသည် ရန်ကျောက်ကဲ၏ဒုတိယသိုင်းဦးလေးအုပ်စုဘက်သို့ ပေါင်းသွားခဲ့သည်။
အရှေ့တန်နိုင်ငံဘုရင်ကိုယ်တိုင်က ရန်တိနှင့် နီးကပ်သော်လည်း အရှေ့တန်နိုင်ငံ၏ဝါဒတောင်ဂိုဏ်းအဆင့်မြင့်အကြီးအကဲရန်ရှု့မှာ တစ်ဖက်အုပ်စုမှ ဖြစ်လေရာ ကျောက်ရှန်းမှာ အဆင်ပြေပြေ ဆက်လက်နေထိုင်နိုင်ခဲ့သည်။
ဝါဒတောင်ဂိုဏ်း၏နောက်တက်မည့်ဂိုဏ်းချုပ်နေရာကို ရန်ကျောက်ကဲ၏ဒုတိယသိုင်းဦးလေးမှ အနိုင်ရခဲ့လျှင် ရေမြင့်သည်နှင့် ကြာလည်းတင့်လာဖွယ်ရှိကာ ကျောက်ရှန်းသည်လည်း အရှေ့တန်နိုင်ငံ၏အနာဂတ်ဘုရင်နေရာအတွက် အလေးသာလာဖွယ်ရှိသည်။
သို့သော်လည်း မဆုံးဖြတ်ရသေးသော အရှေ့တန်၏အိမ်ရှေ့စံမင်းသားနေရာအတွက် တိုက်ပွဲသည် ယေဘုယျအားဖြင့် ကျောက်ယွမ်နှင့် ကျောက်ရှန်းတို့နှစ်ဦးထဲ၏ တိုက်ပွဲပင် ဖြစ်ချေသည်။
အချိန်ကြာသည့်တိုင် ထိုပြိုင်ပွဲအတွင်း အခြားမင်းသားများ၏ အရိပ်အယောင်ကို မမြင်ရဘဲ သူတို့နှစ်ယောက်သာ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲနေကြသည်။
သူတို့နှစ်ယောက် တစ်ဖက်တည်းတွင် ရပ်၍ အခြားမင်းသားတစ်ပါးကို ပစ်မှတ်ထားနေသည်မှာ မြင်ရခဲသော ဖြစ်ရပ်ဖြစ်သည်။
“ဖခမည်းတော်ရဲ့ အမိန့်အရ ငါနဲ့ ငါ့လူတွေက ဦးရီးတော်ကျင်နဲ့အတူ တောင်ပေါ်တက်ပြီး တောပုန်းတွေကို ဖမ်းဆီးမလို့ပဲ”
ကျောက်ရှန်းက “ငါနဲ့ အကိုကြီးရဲ့ကိုယ်ရံတော်တွေ ဝိုင်းဝန်းတိုက်ခိုက်လို့ ဒီတောင်ပေါ်က တောပုန်းတွေ ဒဏ်ရာအပြင်းအထန်ရပြီး ထွက်ပြေးကုန်တာပဲ၊ ငါတို့ကြောင့်သာ မဟုတ်ရင် မင်းက တောပုန်းတွေကို အလွယ်တကူ နှိမ်နင်းနိုင်မယ်လို့ ထင်လား”
“အခု သူတို့ရဲ့ ပစ္စည်းတွေယူပြီး ရသမျှ သတင်းတွေကို မင်းတစ်ယောက်ထဲ မောင်ပိုင်စီးချင်တာလား၊ ညီတော်ဆယ့်ခြောက်၊ မင်း နည်းနည်းများလွန်းတယ်လို့ မထင်ဘူးလား”
ကျောက်ယွမ်က ခပ်တိုးတိုး ပြောသည်။ “ညီတော်ဆယ့်ခြောက်၊ တောပုန်းတွေ နှိမ်နင်းခဲ့တယ်ဆိုတဲ့ နာမည်ကောင်းကို မင်း ယူတာ လက်ခံတယ်၊ ဒါပေမယ့် အဲ့လူပြောတာတွေကို ငါတို့ကိုပါ ဝေမျှသင့်တယ်၊ သဲလွန်စရရင် ငါတို့ပါ ဆက်စုံစမ်းလို့ ရတာပေါ့”
“အဲ့အုပ်စုနဲ့ တစ္ဆေရဲဒင်းအဘိုးအိုက နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲက သာမာန်မဟုတ်တဲ့ အဖြစ်အပျက်တွေနဲ့ သက်ဆိုင်နေတယ်၊ ပေါ့ပေါ့တန်တန် သဘောထားလို့မရဘူး၊ ငါတို့ နှောင့်နှေးလို့ တစ်ခုခု ဖြစ်လာရင် ဖခမည်းတော်ကို ဖြေရှင်းချက်ပေးနိုင်မှာ မဟုတ်ဘူး၊ ငါတို့ ကောင်းကျိုးဆောင်ခဲ့တာကနေ ဆိုးကျိုးဖြစ်လာဦးမယ်”
တစ္ဆေရဲဒင်းအဘိုးအိုနှင့် နဂါးချုပ်လှောင်ခြင်းချောက်နက်တို့၏နာမည်ကို ကြားသောအခါ ရန်ကျောက်ကဲ ပိုမို စိတ်ဝင်စားလာသည်။ “စိတ်ဝင်စားစရာပဲ၊ အဲ့ကို သွားကြတာပေါ့”
အဝိုင်းခံနေရသော လူငယ်လေးသည် စိုးရိမ်ပူပန်ခြင်း မျှင်းမျှင်းမျှမရှိဘဲ ရယ်မောနေသည်။ “ငါလုပ်သင့်တာလုပ်တာ၊ ငါ့စိတ်ထဲမှာ ကောင်းကောင်း နားလည်တယ်၊ အကိုတော်နှစ်ယောက် လမ်းညွှန်ပေးဖို့ မလိုအပ်ပါဘူး၊ ငါ မြို့တော်ကို ပြန်ရောက်လို့ ဖခမည်းတော်ဆီ တင်ပြပြီးရင် ဒီကိစ္စကို အားလုံး သိရမှာပါ”
အတော်မောက်မာသော သူ့လေသံကြောင့် ကျောက်ယွမ်နှင့် ကျောက်ရှန်း နှစ်ယောက်စလုံး ဒေါသထွက်သွားသည်။
သို့သော် ရန်ကျောက်ကဲ ရောက်လာသဖြင့် ထိုနှစ်ယောက်သည် ဒေါသကို မျိုသိပ်ကာ ရန်ကျောက်ကဲကို အရင် နှုတ်ဆက်လိုက်သည်။
“ကျောက်ကဲ၊ တိုက်ဆိုင်လှချည်းလား၊ မင်းရော ဒီဒေသကို ရောက်နေတာလား”
“သခင်လေးရန်။”
မင်းသားနှစ်ပါးနှင့် ပါလာသော ကျင့်ကြံသူများအနက် သိုင်းပညာရှင်များသည် သူတို့၏လက်နှစ်ဖက်ကို ထပ်၍ နှုတ်ဆက်လိုက်ကြသလို ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သိုင်းစစ်သည်များကလည်း ဦးညွှတ်၍ တညီတညာတည်း နှုတ်ဆက်လိုက်ကြသည်။ “ဝါဒတောင်သခင်လေးကို နှုတ်ဆက်ပါတယ်”
မကြာသေးမီရက်များအတွင်း ရန်ကျောက်ကဲ၏နာမည်သည် အရှေ့တန်နိုင်ငံထဲတွင် ယခင်ကထက်ပင် ထင်ရှားကျော်ကြားလာခဲ့သည်။
လျူလျောင်တောင်တန်းထဲမှ ရှောင်ရှန်း၊ ချောင်ယွမ်လုံတို့နှင့် သူ့တိုက်ပွဲသတင်းသည် အချိန်မကြာသေးသဖြင့် မပျံ့နှံ့သေးသော်လည်း နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲတွင် နေသူတော်စင်ဂိုဏ်း၏ချောင်ယွမ်လုံကို အပြတ်အသတ်အနိုင်ရခဲ့မှု၊ ချောက်နက်ကြီးကြပ်ခြင်းမြို့ထဲတွင် ရှောင်ရှန်းကို အသာရခဲ့မှုတို့ကြောင့် ရန်ကျောက်ကဲ၏ကျော်ကြားမှုသည် နောက်တစ်ဆင့် မြင့်တက်လာသည်။
ဝါဒတောင်ဂိုဏ်းသည် အရှေ့တန်နိုင်ငံ မည်သို့မျှ မယှဉ်နိုင်သော ဧရာမ အင်အားစုကြီးဆိုသည်ကို ထည့်ပြောစရာပင် မလိုပေ။
မင်းသားများအနေဖြင့် ရှောင်ယွမ်နှင့် ရှောင်ရှန်းတို့သည် များပြားလှသော အရင်းအမြစ်များဖြင့် တော်ဝင်မိသားစု၏ အထူးတလည် ပြုစုပျိုးထောင်ခြင်းကိုခံခဲ့ရသည်။ ထို့ကြောင့်ပင် သူတို့နှစ်ယောက်လုံးသည် အရှေ့တန်နိုင်ငံ၏လူငယ်မျိုးဆက်ထဲတွင် အကျော်ကြားဆုံးပုဂ္ဂိုလ်များ ဖြစ်လာကြသည်။
သို့သော် သူတို့နှစ်ယောက်စလုံးသည် အသက်နှစ်ဆယ့်ငါးကျော်မှသာ သိုင်းပညာရှင်ဖြစ်လာကြ၏။
ထိုစဉ် သူတို့ရှေ့မှ ရန်ကျောက်ကဲသည် အပြင်ပိုင်းသိုင်းပညာရှင်အလယ်အလတ်အဆင့်အထိ ရောက်နေကာ အသက်အရွယ်အရလည်း လက်ရှိ ကျောက်ဟိုထက်ပင် ငယ်ရွယ်သေးသည်။
ရန်ကျောက်ကဲက အနည်းငယ် ပြုံးလိုက်သည်။ “နှစ်ယောက်လုံး၊ မတွေ့တာ တော်တော် ကြာပြီ”
“အစောပိုင်းတုန်းက အရှေ့တန်မြို့တော်ကို ရောက်တော့ ဦးလေးနဲ့ ခဏဝင်တွေ့လိုက်သေးတယ်၊ ရှေးဟောင်းနှောင်းဖြစ်တွေပြောရအောင် မင်းတို့နှစ်ယောက်တော့ မတွေ့လိုက်မိဘူး”
“မင်းတို့ကို လျူလျောင်တောင်တန်းပေါ်မှာ လာတွေ့မယ်လို့ ငါ မထင်မိခဲ့ဘူး”
ကျောက်ယွမ်က ပြောသည်။ “နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲက မူမမှန်တဲ့အဖြစ်အပျက်တွေက အသေးအမွှားမဟုတ်ဘူး၊ ဒီကိစ္စကို ကိုင်တွယ်ဖို့ ခမည်းတော်က ငါ့ကို စေလွှတ်လိုက်တာပဲ”
“တစ္ဆေရဲဒင်းအဘိုးအိုက ဒီကိစ္စနဲ့ ဆက်စပ်နေတယ်ဆိုတာ မင်း တွေ့ရှိခဲ့လို့ ငါ မင်းကို ကျေးဇူးတင်ရမှာပဲ ကျောက်ကဲ၊ ဒီကိစ္စကို ဆက်စုံစမ်းကြည့်တော့ သူက တစ်ယောက်ထဲ လှုပ်ရှားတာ မဟုတ်ဘူးပဲ”
“တစ္ဆေရဲဒင်းအဘိုးအိုရဲ့နောက်မှာ လျှို့ဝှက်အဖွဲ့အစည်းတစ်ခု ရှိပုံရတယ်၊ သူက အဲ့အဖွဲ့အစည်းရဲ့ ထိပ်တန်းအကြီးအကဲတစ်ယောက် ဖြစ်ပုံရတယ်၊ အလယ်အလတ်အဆင့်နဲ့ အဆင့်နိမ့်အဖွဲ့ဝင်တွေလည်း ရှိလောက်တယ်”
“ဒီတစ်ကြိမ် လျူလျောင်တောင်တန်းထဲကို လာတာက အဲ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တချို့ကို ရှာဖွေ ဖမ်းဆီးဖို့ပဲ၊ ဒါက ငါတို့အတွက် တာဝန်လဲဖြစ်သလို အတွေ့အကြုံရှာဖွေရာလဲ ရောက်တယ်”
ရန်ကျောက်ကဲ ခေါင်းငြိမ့်လိုက်သည်။ ဤတာဝန်မှာ ကျောက်ယွမ်နှင့် ကျောက်ရှန်းတို့အတွက် အကျိုးဆောင်နိုင်မည့် အခွင့်အရေးဖြစ်သလို အရှေ့တန်၏မှူးမတ်များရှေ့၌လည်း မျက်နှာသာရနိုင်၏။
သို့သော်ငြားလည်း အဆုံးမှာတော့ သူတို့ရှေ့မှ မက်မွန်သီးကို တစ်စုံတစ်ယောက်က ခူးဆွတ်သွားခဲ့ကာ နာမည်ကောင်း ရယူသွားခဲ့သည်။ ကျောက်ညီအကိုနှစ်ယောက်သည် ထိုလူငယ်အား မကျေမနပ်ဖြစ်သည်မှာ အံ့ဩစရာမရှိပေ။
ကျောက်ရှန်း လှည့်ကြည့်လိုက်သည်။ သူ့အကြည့်က ထိုလူငယ်ထံသို့ ရောက်သွားပြီး မကျေမချမ်းဖြင့် မေးလိုက်သည်။ “ညီတော်ဆယ့်ခြောက်၊ မင်း မနှုတ်ဆက်ဘူးလား”
လူငယ်က ရန်ကျောက်ကဲကို တည်ကြည်စွာ ကြည့်လျက် နှုတ်ဆက်လိုက်သည်။ “အေး”
သူ့ကိုကြည့်ရင်း ရန်ကျောက်ကဲ၏နှုတ်ခမ်းထောင့်မှ အနည်းငယ် မဲ့ရွဲ့သွားသည်။
“ငါ မြင်တာ မမှားဘူးဆို၊ သူ့အကြည့်ထဲမှာ မောက်မာမှုတွေ ငါ့အပေါ် အထင်သေးမှုတွေ ပါနေတယ်မလား” ရန်ကျောက်ကဲက သူ့ရှေ့မှ လူငယ်ကို အကဲခတ်ပြီး တခဏမျှ ပြောစရာစကားမဲ့သွားသည်။
ဆယ့်ခုနစ်မျှသော အသက်အရွယ်ဖြင့် သူသည် ဒန်တျန်တွင် ချီပင်လယ်ပွင့်သည့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၏ချီလည်ပတ်ခြင်းအလယ်အလတ်အဆင့်ကိုသာ ရောက်သေးသည်။
ထိပ်သီးနယ်မြေမှ မဟုတ်သော လူတစ်ယောက်အနေဖြင့် ဤအသက်အရွယ်ဖြင့် ဤကဲ့သို့ ကျင့်ကြံမှုအဆင့်ရောက်နေသည်က မြင်ရခဲလေသည်။ အလွန် ထူးချွန်သည်ဟုပင်ဆိုနိုင်၏။
အထူးသဖြင့် သူ့ဝတ်စုံကို ကြည့်လျှင် သူက မင်းသားတစ်ပါးပင်ဖြစ်သော်လည်း တန်ဖိုးမထားခံရသည်မှာ ထင်ရှားသည်။ သူ ရရှိသော အရင်းအမြစ်များမှာ အခြားမင်းသားများနှင့်ယှဉ်လျှင် နည်းပါးဖွယ်ရှိသည်။
သို့သော် ပင်ကိုပါရမီအရဖြစ်စေ နောက်ခံအရဖြစ်စေ မည်သည့်နေရာက ကြည့်သည်ဖြစ်စေ သူသည် ရန်ကျောက်ကဲနှင့် လုံးဝ မယှဉ်နိုင်ပါ။
သို့တိုင်အောင် သူ့မျက်လုံးထဲ၌ အထင်သေးမှုတစွန်းတစကို ရန်ကျောက်ကဲ သေချာပေါက် မြင်လိုက်ရသည်။
ရန်ကျောက်ကဲအပေါ် သူ့အမူအရာမှာ မနိမ့်ချသလို မာနကြီးခြင်းမရှိသော်လည်း မောက်မာ၍ ရိုင်းပြသည့် အခြေအနေသို့ ရောက်နေကြောင်း ထင်ရှားသည်။
တစ်ဖက်လူသည် သူ့ကို မျက်လုံးထဲပင် ထည့်ပုံမပေါ်ကြောင်း ရန်ကျောက်ကဲ ခံစားမိသည်။ အသိဉာဏ်ခေါင်းပါးမှုကြောင့် အကြောက်အလန့်မရှိသည်မျိုးမဟုတ်ပေ။ မောက်မာမှုကို အခြေခံသော သူ့စိတ်ထဲမှ သူတစ်ပါးအပေါ် အထင်သေးမှုကြောင့် ဖြစ်သလို သူ့ကိုယ်သူ ယုံကြည်မှုကြောင့်လည်းဖြစ်သည်။
သို့သော် ထိုလူငယ်၏မျက်လုံးထဲမှာတော့ ဒါက ဖြစ်သင့်သည့် ကိစ္စပင်။
သိုင်းသူတော်စင် သို့မဟုတ် သိုင်းဆရာသခင်တစ်ယောက်က သိုင်းပညာရှင် သို့မဟုတ် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို ကြည့်သကဲ့သို့ပင်။
ထူးဆန်းသော ခံစားချက်တစ်ခု ရန်ကျောက်ကဲ၏နှလုံးသားထဲတွင် ပေါ်ပေါက်လာသည်။
ဘေးမှ ကျောက်ယွမ်၏ မျက်နှာသည် မည်းမှောင်နေကာ သူ့အသံကို ချီဖြင့် ထိန်းချုပ်၍ ရန်ကျောက်ကဲထံသို့ ပေးပို့လိုက်သည်။ “ကျောက်ကဲ၊ သူ့ကို အရေးမစိုက်နဲ့”
“အဲ့တာက ငါ့ရဲ့ ညီတော်ဆယ့်ခြောက်၊ ကျောက်ဟိုပဲ”
“အရင်တုန်းက သူက အဲ့လို မဟုတ်ဘူး၊ ဘာပြောပြောခေါင်းငြိမ့်တယ်၊ သာမာန်လူငယ်တစ်ယောက်ပဲ၊ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ဝက်လောက်က သူ ရုတ်တရက် ဉာဏ်အလင်းရသွားတာလား မသိပါဘူး၊ သူ့ကျင့်ကြံမှုက နေ့ချင်းညချင်းတိုးတက်လာတယ်”
“အဲ့ကစပြီး သူ့စရိုက်က မောက်မာ၊ ရိုင်းပြလာတာပဲ” ကျောက်ယွမ်က စိတ်ရှုပ်ထွေးမှုနှင့် ဒေါသတို့ ရောပြွမ်းနေသော လေသံဖြင့် ပြောလိုက်သည်။ “ဒီတစ်ကြိမ် ငါတို့ အရင် တွေ့ပြီး တိုက်ခိုက်လို့ တောပုန်းတွေ ဒဏ်ရာအပြင်းအထန်နဲ့ ထွက်ပြေးတာကို သူက အလွယ်တကူ ကောက်ယူသွားတယ်”
“ဒါပေမယ့် ဖမ်းမိလည်း စစ်ဆေးပြီး အသုံးဝင်တဲ့ ထွက်ဆိုချက်တွေ ယူလို့ရတာကို သူက တန်းသတ်ပစ်တယ်၊ သူဘာသိလဲ မေးတော့လဲ မပြောဘူး”
ရန်ကျောက်ကဲက အံ့ဩကြီးစွာ ရေရွတ်လိုက်သည်။ “ထူးဆန်းတယ်…”
ရန်ကျောက်ကဲက ဤကိစ္စကို ဝင်ရောက်နှောက်ယှက်လိုစိတ် မရှိချေ။ သူက ကျောက်ယွမ်နှင့် ရင်းနှီးသော်လည်း ကျောက်ဟိုသည်လည်း အရှေ့တန်ဘုရင်၏သားတော်တပါးဖြစ်သည်။
ကျောက်ဟို ဖုံးကွယ်ထားသောသတင်းများမှာလည်း သူ့အဖေရှေ့ရောက်လျှင် သူ ဆက်ဖုံးကွယ်နိုင်တော့မည် မဟုတ်ပေ။ အရှေ့တန်ဘုရင်မှတဆင့် ရန်ကျောက်ကဲလည်း သိပေမည်။
အခြားတစ်ဖက်တွင် ကျောက်ဟို၏ရိုင်းပြမှုနှင့် မောက်မာမှုတို့ကြောင့် ရန်ကျောက်ကဲ၏စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာစေသည်။
တစ်ဖက်လူက အရူးတစ်ယောက်ဖြစ်မှသာ။
အကယ်၍ သူက အရူးမဟုတ်လျှင် သူ့ရဲတင်းမှုက မည်သည့်နေရာက လာသနည်း။
မရှိသော အင်အားကို ကြွားဝါခြင်းနှင့် သူ့နောက်တွင် တစ်ခုခုရှိခြင်းမှာ လုံးဝခြားနားသော အရာနှစ်ခုဖြစ်သည်။
ရန်ကျောက်ကဲက သူ့စိတ်ထဲတွင် စဉ်းစားနေသော်လည်း သူ့မျက်နှာက ပုံမှန်အတိုင်းဖြစ်နေသည်။ ရန်ကျောက်ကဲသည် ကျောက်ဟို၏အဆင့်ကဲ့သို့ နှိမ့်၍ သူနှင့် ဖက်ပြိုင်ရန်ဖြစ်လိမ့်မည်မဟုတ်ပါ။
ကျောက်ဟို မျက်ခုံးပင့်လိုက်သည်။ ရန်ကျောက်ကဲက သူ့ကို လုံးဝ လျစ်လျူရှု့ထားသည့်အတွက် ယခု သူ့မျက်လုံးများထဲတွင် အထင်သေးမှုအပြင် လှောင်ပြောင်မှုအချို့ပါ ရောယှက်နေသည်။
ရန်ကျောက်ကဲက ဘာမှ မတုံ့ပြန်သည့်အတွက် ကျောက်ရှန်းမှာ အနည်းငယ် စိတ်ပျက်သွားသည်။
သို့သော် သူ့အာရုံက ကျောက်ဟိုထံသို့ လျင်မြန်စွာ ကျရောက်သွားသည်။ “ကောင်းပြီ ညီတော်ဆယ့်ခြောက်၊ မင်းက ငါတို့မေးတာလည်း မဖြေချင်မှတော့ ငါတို့တောင်းဆိုတာတော့ လက်ခံရလိမ့်မယ်”