ချမ်းသာခြင်းဓား။သည်ဓားက ဝမ်လင်း ဟုန်ယွီကလန်တွင် ပထမဆုံး ရရှိခဲ့သောဓားဖြစ်၏။
ဝမ်လင်းက နှစ်ရာချီ၍ ပျောက်ဆုံးသွားရာကနေ ခုပြန်ရရှိလာခဲ့သည်။ထိုအရာကပင် ကံကြမ္မာ ဖြစ်လို့နေ၏။
ချမ်းသာခြင်းဓားထဲ၌ အရင်မျိုးဆက် မိုးကောင်းကင်ဘုံဓားစိတ်ဝိညာဉ်၏ နည်းစနစ်တစ်ခု ပါရှိပေသည်။ထို စိတ်ဝိညာဉ်နည်းစနစ်က ကောင်းကင်ဘုံမန္တာန်မဟုတ်၊တာအိုမန္တာန်မဟုတ်၊ စွမ်းရည်တစ်ခုပင် မဟုတ်ပေ။၎င်းက ဓားဟန်တစ်ခုသာ ဖြစ်၏။
ရှေးဟောင်းဓားစိတ်ဝိညာဉ်၏ အမွေအနှစ်ဓားဟန်တစ်ခုသာ ဖြစ်သည်။
ဝမ်လင်းက ကောင်းကင်ဘုံဓားကို ဆွဲကိုင်ထားရင်း မိုးကြိုးသားရဲနှင့်ကောင်းကင်ဘုံသက်တော်စောင့်တို့ အဆက်မပြတ်တိုက်ခိုက်နေသော အစီအရင်ထံသို့ ကြည့်နေ၏။ သည့်နောက် သူက လက်ထဲရှိဓားကို ပင့်မြှောက်လာသည်။ သူ့မျက်လုံးထဲရှိ တည်ငြိမ်မှုက ပျောက်ကွယ်သွားကာ ဓားအလင်းတစ်ခု အစားထိုး ဝင်လာခဲ့သည်။
သည်အခိုက်အတန့်၌ သူ့ခန္ဓာကိုယ်တစ်ခုလုံးက လက်ထဲရှိ ဓားနှင့်အတူ ပျော်ဝင်နေသည့်အလားပင်။
ကောင်းကင်ဘုံဓားက မြင့်တက်လာ၏။သည့်နောက် ကျဆင်းလာသည်။
သည်ရိုးရှင်းသော ဓားကျဆင်းလာမှုက ကောင်းကင်နှင့်မြေကြီးကို နက်မှောင်သွားစေသည်။ ကောင်းကင်ဘုံသက်တော်စောင့်နှင့် မိုးကြိုးသားရဲတို့ပင် ပျောက်ကွယ်သွားသည့်အလား ထင်မှတ်ရ၏။
ကမ္ဘာတစ်ခုလုံးက ရိုးရှင်းသော ဓားကျဆင်းလာမှု တစ်ခုသာ ရှိတော့၏။
ဦးဆုံးတုံ့ပြန်လာသည့်သူက ဟွမ်မိသားစုဘိုးဘေး ဖြစ်သည်။ သူ့မျက်လုံးက ဆက်ခနဲ ပြူးကျယ်သွားကာ တုန်လှုပ်ဟန် ဖြစ်ပေါ်နေ၏။ သူက အာမေဋိတ်သံဖြင့် ပြောလာသည်။ “ဒါ…ဒါက ဥပဒေသ…”
သူသာမက ဟွမ်ဖန်ရှန်ကလည်း လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်သည်။
ဓားထံကနေ မွန်းစတားဆန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုစိတ်ဆန္ဒက ဟွမ်ဖန်ရှန်၏ မျက်လုံးထဲမှ တစ်ဆင့် သူ့စိတ်ထဲထိတိုင် ခပ်နှိပ် သွားသည်။
ဟွမ်ဖန်ရှန်က ရုတ်တရက် တောင့်တင်းသွားလေ၏။
“ဒါ…ဒါက…” ဟွမ်ဖန်ရှန်က စိတ်ထဲ၌လည်း တုန်လှုပ်နေမိသည်။ သူက နောက်သို့ အလိုလို ဆုတ်မိသွား၏။ သူ့ အာဏာတက်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံမှုဖြင့်ပင် သူက ဓားဥပဒေသကို မြင်နိုင်စွမ်း မရှိ ဖြစ်နေ၏။ သို့ရာတွင် သူက ထိုဓား ကျဆင်းလာသည့် အခိုက်အတန့်၌ ကောင်းကင်ကို စုတ်ဖြဲပစ်နိုင်သည့် စွမ်းအား တစ်ခုပါဝင်ကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း ခံစားမိလိုက်၏။
ဟွမ်မိသားစု၏ တိုက်ရိုက်မျိုးဆက်များအားလုံးက ကောင်းကင်ထက်သို့ တုန်လှုပ်ခြင်းကြီးစွာဖြင့် ကြည့်နေသည်။ သည်ရိုးစင်းသော ဓားချက် ကျဆင်းလာမှုက သူတို့အား ချွေးများဖြင့် အေးစက်သွားစေခဲ့ပေသည်။
သူတို့သာမက နတ်ဘုရားအာရုံဖြင့် စောင့်ကြည့်နေသော ချမ်ခိုင်ဇီ၏ မျက်လုံးသည်ပင် အလွန်တောက်ပသွားခဲ့၏။ သူက ချမ်မိသားစု လျှို့ဝှက်ခန်းထဲတွင် ရှိနေရာကနေ ရုတ်တရက် မတ်တပ်ပင် ထရပ်လာခဲ့သည်။
“ဥပဒေသ…။ဒီဓား ခုတ်ပိုင်းချက်ထဲမှာ ဥပဒေသ ပါဝင်နေတယ်။ ကျင့်ကြံခြင်း ဒုတိယအဆင့်ရဲ့ ရှာဖွေမှုက ဥပဒေပဲ ဖြစ်တယ်။ ပထမအဆင့်က ကောင်းကင်နဲ့မြေကြီးကို နားလည်တာ၊ ဒုတိယအဆင့်က အဲ့နားလည်မှုကို ဥပဒေသစွမ်းအား အဖြစ်ပြောင်းလဲပစ်တာ။ ဒီကောင်လေးက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က မဟုတ်ဘူးဆိုရင် သူက ဘယ်လိုလုပ် ဒီလို ဓားချက်ကို ခင်းကျင်း ထုတ်ဖော်နိုင်ပါ့မလဲ…”
တစ်ချိန်တည်းမှာပင် ရှုမိသားစုဝင်တစ်ယောက်ကလည်း သည်မြင်ကွင်းကို သတိပြုမိသွား၏။ရှုမိသားစုမှ အဘိုးအိုတစ်ယောက်သည် ဟွမ်မိသားစုအိမ်တော်ရှိ တိုက်ပွဲကို သူ့နတ်ဘုရားအာရုံဖြင့် စောင့်ကြည့်နေခြင်းပင်။ စောစောပိုင်းက သူသည် ဟွမ်မိသားစုကို ကူညီရန် သဘောတူထားခဲ့ပေသည်။သူက ထွက်ခွာရန် ခြေလှမ်းဟန်ပြင်လိုက်စဉ်မှာပင် တွေ့လိုက်ရသောမြင်ကွင်းကြောင့် သူ့ခြေထောက်ကို ပြန်ချလိုက်တော့သည်။
“ဒီကောင်လေးရဲ့ ဓားဟန်က သန်မာလွန်းလှတယ်။ ငါက ဒါကို မကြောက်ပေမဲ့လည်း သူက ဟွမ်မိသားစုကိုတောင် စိန်ခေါ်ဝံ့မှတော့ သူ့မှာလည်း ကြိုပြင်ဆင်ထားတာတွေ ရှိနေမှာပဲ…”
ဓားချက် ကျဆင်းလာသော အခိုက်အတန်၌ ဟွမ်မိသားစု၏ အကာအကွယ်အစီအရင်က ပျက်စီးလို့ သွားတော့သည်။
သည့်နောက် ဝမ်လင်းက ဓားကို ပြန်ရုတ်သိမ်းလိုက်၏။ သူ့အသွင်က ဖြူရောလို့နေသည်။သို့ရာတွင် သူ့အကြည့်က ပို၍ အေးစက်လာခဲ့၏။
ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်က ခန္ဓာကိုယ်အားပေါ်တွင် မူတည်၏။ ၎င်းက ကျင့်ကြံခြင်းနှင့် မဆိုင်ပေ။ ၎င်းက မူလစိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကြောင်း ပေါင်းကူးပေးမှုကနေ ဖြစ်ပေါ်လာသည့် မူလစွမ်းအင်ပေါ်တွင်သာ တည်မှီသည်။
အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူ၏ မူလစိတ်ဝိညာဉ်နှင့် မူလစွမ်းအင်တို့က တစ်ခုတည်း အဖြစ်သို့ ပေါင်းစပ်ထားခဲ့ပြီး ဖြစ်သည်။သို့ရာတွင် သည်ကောင်းကင်ဘုံခုတ်ပိုင်းခြင်း၌ မူလစွမ်းအင်ကို ခွဲထုတ်နိုင်ပေ၏။ အာဏာတက်ခြင်းကျင့်ကြံသူတစ်ယောက်က မူလစွမ်းအင် ပမာဏတစ်ခုသာ ရှိကာ များစွာ ဆုံးရှုံးသွားသည်နှင့် ထိုသူ၏ ကျင့်ကြံမှုက ဆုတ်ယုတ်သွားနိုင်ပေ၏။သို့သော် ကံကောင်းစွာဖြင့် ဝမ်လင်းတွင် ကျောက်ရီ၏ အာဏာတက်ခြင်း သလင်းကျောက်ပါ ရှိနေသောကြောင့် သူက ကျင့်ကြံသူအများစုထက် ပိုများသောမူလစွမ်းအင်ကို ပိုင်ဆိုင်ထားပေသည်။
ဟွမ်မိသားစုက လုံဝ တိတ်ဆိတ် ငြိမ်သက်လို့နေ၏။ ဟွမ်ဝူချင်၏ အကြည့်က ပို၍ သုန်မှုန်လာကာ သူက ဝမ်လင်းကို အေးစက်စက် လှမ်းပြောလိုက်သည်။ “ငါက မင်းကို လျော့တွက်ခဲ့မိတယ်။ အာဏာတက်ခြင်းအဆင့်နဲ့တင် ဓားဟန်တစ်ခု ရှိနေတယ်။ မင်းက တကယ့်ကို သန်မာပါတယ်…”
“ဒါပေမဲ့လည်း…ပထမအဆင့်နဲ့ ဒုတိယအဆင့်ကြားက ကွာဟချက်က တော်တော်ကြီးမားတယ်။ မင်းက ဒီဓားဟန်ပညာရပ်ကို ဒုတိယအဆင့်မှာသာ ခင်းကျင်းထုတ်ဖော်ခဲ့ရင်တော့ ဒါက စိတ်ဝင်စားစရာ ကောင်းပါလိမ့်မယ်။ ဒါပေမဲ့ ခုတော့ ဒါက အသုံးမဝင်တော့ဘူး။ ဒီနေ့ မင်းက ငါတို့ ဟွမ်မိသားစုအကာအကွယ် အစီအရင်ကို ဖျက်စီးတဲ့အတွက် မင်း သံသယမရှိ သေရလိမ့်မယ်…”
“ကျေးဇူးပြု၍ ဘိုးဘေး ကျောက်စိမ်းပြား…” ဟွမ်မိသားစုဘိုးဘေးက ကျယ်လောင်စွာ ဟစ်အော်လိုက်၏။ပြင်းထန်သောအားတစ်ခုက ဟွမ်မိသားစုဝင်ထံကနေ ထွက်ပေါ်လာ၏။ သည်အားက ထီးတည်းဆန်ကာ ကောင်းကင်ဘုံလေပြင်းကဲ့သို့ ပျံ့နှံ့လာပြီး ဟွမ်မိသားစုအား ဝန်းရံလာခဲ့သည်။
ဟွမ်မိသားစုအိမ်တော်မှ ရွှေရောင်ကျောက်စိမ်းပြားတစ်ခု ထွက်ပေါ်လာပြီး လေထဲ၌ ဖြည်းဖြည်းချင်း လွင့်မြောလာခဲ့သည်။သည်အားက ထိုကျောက်စိမ်းပြားထံကနေ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။
ဟွမ်မိသားစုဘိုးဘေးက ဝမ်လင်းကို စူးစိုက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။ သူက ထိုသို့ မလုပ်ဆောင်ပါက ကိုယ်တိုင် လုပ်ဆောင်ရပေတော့မည်။ သို့သော် သူက ဝမ်လင်း၏ ဓားစွမ်းအင်ကို ကြောက်လန့်နေမိချေ၏။ အစောပိုင်းက သူက ချမ်ခိုင်ဇီကို အကူအညီ တောင်းခဲ့ခြင်းက ဝမ်လင်း၏ ဓားစွမ်းအင်ကို ဖြုန်းတီးမိစေရန်အတွက် ဖြစ်သည်။
ဟွမ်မိသားစုအိမ်တော်၏ အစီအရင်သည်လည်း ထို အဓိပ္ပာယ်အတိုင်းပင် ဖြစ်သည်။
သို့ရာတွင် သူက ချမ်ခိုင်ဇီက မတိုက်ခိုက်ဘဲ နောက်ဆုတ်လိမ့်မည်ဟု မထင်ထားခဲ့မိပေ။ မိသားစုအစီအရင်သည်လည်း မိုးကြိုးသားရဲ၊ရုပ်သေးနှင့် ဓားဥပဒေသတို့ကြောင့် ဖျက်စီးခြင်း ခံလိုက်ရမည်ဟု မထင်ထားခဲ့မိချေ။
ခုချိန်တွင် သူက အံတင်းတင်းကြိတ်၍ သူတို့၏ ကောင်းကင်ဘုံဘိုးဘေး ချန်ထားခဲ့သော ကျောက်စိမ်းပြားကို ဆင့်ခေါ်ခဲ့ရတော့သည်။ သည်ကျောက်စိမ်းပြားထဲ၌ မိုးကြိုးကောင်းကင်ဘုံနယ်မြေမှ ကောင်းကင်ဘုံဘိုးဘေး၏ မန္တာန်တစ်ခု ပါဝင်နေ၏။ ဟွမ်မိသားစုက ယနေ့လို အဆင့်အတန်းထိ ရောက်ရှိခဲ့ခြင်းသည် ထိုကောင်းကင်ဘုံဘိုးဘေး ချန်ထားခဲ့သော ရတနာတစ်ခုနှင့် သည်ကျောက်စိမ်းပြား ကြောင့်သာ ဖြစ်သည်။
ဟွမ်ဝူချင်က တွေးလိုက်၏။ “ကံမကောင်းစွာနဲ့ ကောင်းကင်ဘုံရတနာက လွန်ခဲ့တဲ့ နှစ်ထောင်ချီက ဟွမ်ဝူရှောင်နဲ့အတူ ပျောက်သွားခဲ့တာပဲ။ မဟုတ်ရင် ငါက ကောင်းကင်ဘုံရတနာနဲ့ဆိုရင် ဒီကျောက်စိမ်းပြားကို ဆင့်ခေါ်ဖို့တောင် လိုမှာ မဟုတ်ဘူး…”
ဟွမ်မိသားစုဘိုးဘေး အိမ်တော်၌ ကျောက်စိမ်းပြား ပေါ်လာသည့်အခိုက်အတန့်တွင် ဟွမ်ဖန်ရှန်က ဝမ်လင်းကို စူးစိုက်ကြည့်နေမိသည်။ သူက ဝမ်လင်းမျက်နှာပေါ်၌ မည်သည့်ကြောက်လန့်မှုကိုမှ မတွေ့ရဘဲ ဖြစ်နေ၏။
ဟွမ်ဝူချင်က ကျောက်စိမ်းပြားပေါ်ရှိ မန္တာန်ကို အသက်သွင်းရန် ပြုလုပ်တော့မည်ကို တွေ့မြင်လိုက်သည့်အခါ ဟွမ်ဖန်ရှန်က ဆုံးဖြတ်ချက် ပြတ်သားသောအကြည့်ကို ထုတ်ဖော်၏။ သူက ရှေ့သို့ တစ်လှမ်းတိုးကာ လေးလေးနက်နက် ပြောလိုက်၏။ “ဘိုးဘေး…ငါက ဒီကိစ္စထဲမှာ ဟွမ်မိသားစုကို ပါဝင်ခွင့် မပြုနိုင်ဘူး။ ငါက ဟွမ်မိသားစုကို ဒီကိစ္စထဲကနေ ဆွဲထုတ်သွားမယ်။ ဘိုးဘေးက လျိုမေကို ကာကွယ်ချင်တယ်ဆိုရင်လည်း ဒါက သင့်ရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာပဲ ဖြစ်တယ်။ ကျေးဇူးပြု၍ ဟွမ်မိသားစုတစ်စုလုံးကို ဆွဲမထည့်ပါနဲ့…”
သူက ထိုသို့ပြောလိုက်ပြီးနောက် ခေါင်းမော့ကာ ဝမ်လင်းကို ကြည့်၍ လက်နှစ်ဖက်ယှက်ပြီး ပြောလိုက်ပြန်သည်။ “ရောင်းရင်းကျင့်ကြံသူ…ငါက ဟွမ်မိသားစုခေါင်းဆောင် ဟွမ်ဖန်ရှန်ပါ။ ငါက ခုပြောချင်တာက ဟွမ်မိသားစုက ဒီကိစ္စမှာ ပါဝင်မှာ မဟုတ်ပါဘူး ဆိုတာပဲ။ ဒါက သင်နဲ့ ဟွမ်ဝူချင်တို့ ကြားက ကိုယ်ရေးကိုယ်တာ ပြဿနာသာ ဖြစ်ပါတယ်။ ရောင်းရင်းကျင့်ကြံသူက ငါတို့က တူတူ မဟုတ်ဘူးဆိုတာကို နားလည်ပေးဖို့ မျှော်လင့်ပါတယ်…”
ဟွမ်မိသားစုဘိုးဘေးက ဟွမ်ဖန်ရှန်ကို အေးစက်စွာ ကြည့်သည်။ သူ့ပါးစပ်ထောင့်ကနေ လှောင်ပြုံးတစ်ခု ခွဲတွဲလာကာ သူက တိုက်ရိုက်မျိုးဆက်များကို ကြည့်၍ ပြောလိုက်သည်။ “ဒီတော့ မင်းတို့ကောင်တွေကရော…”
ဟွမ်မိသားစုမျိုးဆက်များက တိတ်ဆိတ်စွာ စဉ်းစားနေကြပြီးနောက် ဟွမ်ဖန်ရှန် ရှိရာသို့ လျှောက်လှမ်းသွားကြပေသည်။
ဟွမ်မိသားစုဘိုးဘေးက ရှုံ့တွသွားပြီးနောက် လူအုပ်ကြီးကို အေးစက်စွာ ကြည့်၍ ဆိုလာသည်။ “အမှိုက်ကောင်တွေ…” ထိုသို့ပြောပြီးသည့်နောက် သူက ဝမ်လင်းကို မော့ကြည့်လိုက်၏။ သူ့ညာလက်က ချိပ်တံဆိပ်တစ်ခုကို ထုတ်ဖော်သည်။သည့်နောက် သူက အော်ပြောလိုက်၏။ “ကံကောင်းခြင်းကျောက်စိမ်းပြား…ဒီလူ့ကိုသတ်လိုက်ပါ…”
ကျောက်စိမ်းပြားထံကနေ ပုံရိပ်တစ်ခု ဖြစ်ပေါ်လာပြီးနောက် ဝမ်လင်းရှိရာသို့ တစ်လှမ်းချင်း လျှောက်လှမ်းလို့လာတော့၏။ ထိုပုံရိပ် ရွှေ့လျားလာသည်နှင့် အံမခန်းကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်က ပေါက်ကွဲထွက်လာခဲ့သည်။ သည် စွမ်းအင်များက သိပ်သည်းလှကာ ပုံရိပ်တစ်ထောင်ဂြိုဟ်တစ်ခုလုံးရှိ စိတ်ဝိညာဉ်စွမ်းအင်အားလုံးကိုပါ ဖိနှိပ်လာခဲ့သည်။သည့်အတွက်ကြောင့် နေရာတိုင်းတွင် ပေါက်ကွဲမှုအသေးစားများ ဖြစ်ကုန်ကြ၏။ ထိုအဖြစ်က ဂြိုဟ်အနှံ့တွင် ဖြစ်ပျက်သွားခဲ့ခြင်းပင်။
ဖျပ်ခနဲပင် ကောင်းကင်ဘုံသက်တော်စောင့်ရုပ်သေးက ဝမ်လင်း ဘေးနားတွင် ပေါ်လာခဲ့၏။ မိုးကြိုးသားရဲကလည်း ထို့အတူပင်။
ဝမ်လင်းက သူ့ထံသို့ လှမ်းလျှောက်လာနေသော ပုံရိပ်ကို ကြည့်နေ၏။ သူက သူ့ရှေ့ကလူသည် ပုံရိပ်ယောင်တစ်ခုဟု ခံစားလိုက်ရ၏။ ထိုလူက အစစ်အမှန်ကောင်းကင်ဘုံဗိုလ်ချုပ်တစ်ယောက်ကဲ့သို့ အော်ရာနှင့် ပြည့်လို့နေခဲ့သည်။
ဟွမ်မိသားစုဘိုးဘေးက နှာခေါင်းရှုံ့၍ ဆို၏။ “ဂျူနီယာ…ငါက ဓားစွမ်းအင်အပြင် မင်းမှာ ဘာနည်းလမ်းတွေများ ရှိဦးမလဲ သိမြင်ချင်မိတယ်…”
ထိုအခိုက်အတန့်၌ လျိုမေက ခေါင်းမော့လာကာ ဝမ်လင်းကို ကြည့်နေ၏။သူမမျက်လုံးများထဲ၌ ရှုပ်ထွေးသောစိတ်ခံစားချက်တို့နှင့် ပြည့်နှက်နေသည်။ သူမက သိုလှောင်အိတ်ကို ထိကိုင်၏။ထို့နောက် ခေါင်းပြန်ငုံ့သွားသည်။
ဝမ်လင်းမျက်လုံးများက လုံးဝ တည်ငြိမ်လှ၏။ သူက သည်နေရာသို့ တစ်ယောက်တည်း ရောက်လာကာ ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်သို့ ခြေချဝံ့ခြင်း၊သူ့အား လာတားဆီးသည့် ဟွမ်မိသားစုကို သတ်ဖြတ်ဝံ့ခြင်းတို့သည် သူ့၌ ရူးသွပ်ဖွယ်အကြံတစ်ခု ရှိနေသောကြောင့်ပင်။ သည်အခိုက်အတန့်၌ သည်အရာက သူ့အသန်မာဆုံး သတ်ကွက်တစ်ကွက် ဖြစ်လာပေလိမ့်မည်။
“ဒီကမ္ဘာထဲမှာ ရှိတဲ့ အရာမှန်သမျှ ကံကြမ္မာကနေ မလွတ်မြောက်နိုင်ဘူး။ မနေ့က ကံအကြောင်းရင်းက ဒီနေ့ ကံအကျိုးကို ဖြစ်စေတယ်။ လူတစ်ယောက်ရဲ့ ကံကြမ္မာက အထိုင်ချခြင်းနဲ့ အညစ်အကြေးကို အညစ်အကြေး အဖြစ် ပြန်ဖြစ်စေတာက စက်ဝန်းတစ်ခုကို ပြီးပြည့်စုံစေနိုင်လိမ့်မယ်…”
ဝမ်လင်းက မျက်လုံး ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။
သူ့မူလစိတ်ဝိညာဉ်ထဲ၌ ဆုံးဖြတ်ချက် ပြတ်သားမှု ခေါ်သံက ပဲ့တင်ထပ်နေသည်။
“ဒီတိုက်ပွဲ ပြီးသွားရင်…ငါမင်းကို လွှတ်ပေးမယ်…”
ထို့နောက်တွင် ရူးသွပ်ဖွယ်ရယ်မောသံ တစ်ခုက ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ထဲကနေ ထွက်ပေါ်လာခဲ့သည်။
***