Switch Mode

အပိုင်း(၇၃၄)

ဟွမ်မိသားစုရဲ့ ပျက်စီးရာပျက်စီးကြောင်း

“မိုးကြိုးကောင်းကင်ဘုံကျောင်းတော်…” သည်တစ်ကြိမ်က ဝမ်လင်း ထိုနာမည်ကို ပထမဆုံးအကြိမ်ကြားရခြင်း မဟုတ်ပေ။ သူက မိုးကြိုးသားရဲကို ကြည့်ရှုလိုက်ပြီးနောက် ပုံရိပ်တစ်ထောင်ဂြိုဟ်ရှိရာသို့ ခြေလှမ်းလိုက်သည်။

ကြယ်သံလိုက်အိမ်မြှောင်ကို သိမ်းဆည်းလိုက်ပြီးနောက် သူက ပုံရိပ်တစ်ထောင်ဂြိုဟ်၏ လေထုကို ထွင်းဖောက် ဝင်ရောက်လာသည်။ ဝမ်လင်းရှေ့တွင် ရှိနေသည့်အရာက ကြီးမားသည့် ကုန်းမြေထုကြီး တစ်ခုပင်။ သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ဂြိုဟ်၏ တောင်ဘက်ပိုင်းသို့ ပိတ်ဆို့လိုက်၏။ သည့်နောက် ထိုနေရာသို့ ကြယ်ပျံတစ်စင်းအလား တိုးဝင်သွားချေသည်။

ဟွမ်မိသားစု၏ ဘိုဘေးအိမ်တော်တွင် ဟွမ်မိသားစုဘိုးဘေး ဟွမ်ဝူချင်က လက်နောက်ပစ်လျက် ရှိနေ၏။သူက ကောင်းကင်ထက်သို့ သုန်မှုန်သောအသွင်နှင့် ကြည့်လို့နေသည်။သူ့ဘေးတွင် ဟွမ်မိသားစု၏ တိုက်ရိုက်မျိုးဆက်များ ရှိလို့နေသည်။ သူတို့က တန်းနှစ်ခုအဖြစ် စီတန်း ရပ်နေကြကာ လုံးဝ တိတ်ဆိတ်နေကြ၏။

သို့ရာတွင် သူတို့က မကျေမနပ် အရိပ်အယောင်တို့ကို ထုတ်ဖော်ထားကြသည်။

လျိုမေက ဟွမ်မိသားစုဘိုးဘေး၏ ဘေးနားတွင် မတ်တပ်ရပ်နေသည်။သူမက ကောင်းကင်ထက်သို့ တိတ်ဆိတ်စွာ ကြည့်နေကာ သူမဘာတွေးနေသည်ကို မည်သူမျှ မသိကြပေ။

အခြားမိသားစုဝင်များကတော့ အခန်းမျိုးစုံတွင် နေရာ ချထားကြသည်။သည်နေရာတွင် ရှိနေသည့်သူများက မိသားစုဝင်အကုန်လုံးတော့ မဟုတ်ပေ။အကြောင်းကတော့ အချို့က သည်နေရာသို့ အချိန်မှီ ပြန်မရောက်လာကြခြင်းကြောင့် ဖြစ်၏။

ဟွမ်မိသားစုဘိုးဘေးက ကောင်းကင်ထက်သို့ ကြည့်ကာ အလေးအနက် ပြောလိုက်သည်။ “ဟွမ်မေ…ဒီအဘိုးအိုက နင့်ကို တစ်ခါ ထပ်မေးမယ်။ ဒီလူက မဟာမိတ်ကြယ်အဖွဲ့အစည်းက လာတာ သေချာလား…”

လျိုမေက ခေါင်းညိတ်ပြလိုက်၏။

“မဟာမိတ်ကြယ်အဖွဲ့အစည်းက တစ်စုံတစ်ယောက်က မိုးကြိုးသားရဲ ဘယ်လိုလုပ် ရှိနေနိုင်တာလဲ…”

ဟွမ်ဝူချင်ပင် ထိုကိစ္စအတွက် အတော်လေး ပဟေဠိဖြစ်ကာ ဝေခွဲမရ ဖြစ်လို့နေသည်။

သူက နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားကို ဖန်တီးခဲ့သူတွင် မိတ်ဆွေများစွာ ရှိခဲ့သည်ကို မသိပေ။ စစ်ရထား၏ စိတ်ဝိညာဉ်သားရဲကို သန့်စင်ရန်အတွက် သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ ရောက်လာခဲ့ပြီး အမည်မသိနည်းလမ်းအချို့ကိုသုံးကာ မိုးကြိုးကောင်းကင်ဘုံအင်ပါယာထံမှ မိုးကြိုးသားရဲတော်တော်များများကို ရယူနိုင်ခဲ့၏။

သည်အခိုက်အတန့်၌ ဟွမ်မိသားစု၏အကြည့်အောက်မှာပင် မိုးကြိုးတန်းတစ်ခုက မိုးကုပ်စက်ဝိုင်းကနေ ထွက်ပေါ်လာကာ ဟွမ်မိသားစုထံသို့ ဦးတည်လာလေ၏။ ထိုသူကတော့ ဝမ်လင်းပင်။ သူ့ဘေးတွင်လည်း မိုးကြိုးသားရဲ့ ရှိနေ၏။ မိုးကြိုးသားရဲက နှာမှုတ်လိက်ရာ လျှပ်စီးတန်းများက ၎င်း၏ ခန္ဓာကိုယ်ပတ်လည်တွင် ရွှေ့လျားကာနေ၏။ ၎င်းက ဟွမ်မိသားစုထံသို့ ကြမ်းကြုတ်သောမျက်လုံးများဖြင့် ကြည့်လို့နေသည်။

ဝမ်လင်းက ထွက်ပေါ်လာချေ၏။ သူ့အောက်တွင် ဟွမ်မိသားစု၏ အကာအကွယ်အစီအရင်တစ်ခု ရှိလို့နေသည်။

ဟွမ်မိသားစုဘိုးဘေးက အလွန်ကြီးမားလှရာ အကွာအဝေးတစ်ခုမှ ကြည့်ပါက မြို့တစ်မြို့နှင့်ပင် တူနေသေးသည်။

“လျိုမေကို လက်လွှဲပါ…” ဝမ်လင်းအသံက ရေခဲတစ်မျှ အေးစက်လှ၏။ သူ့အေးစက်စက်အကြည့်က ဟွမ်မိသားစုဘိုးဘေး ဘေးနားရှိ လျိုမေထံသို့ ကျရောက်လာသည်။

လျိုမေက စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်နေ၏။ သူမက ဝမ်လင်း၏ မျက်နှာကို မမြင်တွေ့ချင်ဟန်ဖြင့် ခေါင်းလွှဲလိုက်၏။

“မောက်မာလိုက်တာ…” ဟွမ်မိသားစုဘိုးဘေးမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက အော်ဟစ်လိုက်၏။ “ဂျူနီယာ ဒီလိုစကားတွေ မပြောခင် ငါ့ဟွမ်မိသားစုအစီအရင်ကို အရင် ချိုးဖျက်လိုက်ဦး…”

ဝမ်လင်း အသွင်က အေးစက်နေဆဲ ဖြစ်ကာ သူက မိုးကြိုးသားရဲ၏ ဦးခေါင်းကို ပုတ်လိုက်၏။ ထိုအခါ မိုးကြိုးသားရဲက မာန်သွင်းဟိန်းဟောက်၍ မရေမတွက်နိုင်သော လျှပ်စီးတန်းများကို ဖန်တီးဖြစ်ပေါ်စေလိုက်သည်။ ကမ္ဘာလောကသည် မိုးကြိုးလျှပ်စီးများနှင့် ပြည့်နှက်သွား၏။

ကောင်းကင်က ချက်ခြင်းပင် အေးစက်လာကာ နက်မှောင်သော တိမ်ထုများက စတင်၍ ဖြစ်တည်လာကြသည်။ မိုးကြိုးသားရဲက ဆက်လက်၍ ဟိန်းဟောက်နေရင်း လျှပ်စီးတန်းများစွာက ထိုတိမ်ထုများကို ဖြတ်သန်းကာ စတင်အက်ကွဲစေသည်။

မိုးကြိုးသားရဲ၏ ခြေနှစ်ဖက်လက်နှစ်ဖက်က လှုပ်ရှားလာ၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးက လျှပ်စီးတန်းများကို ထုတ်လွှတ်ပေးလာသည်။ ၎င်းက မိုးကြိုးဟိန်းသံကို ထုတ်လွှတ်ကာ ဟွမ်မိသားစု အိမ်တော်ပေါ်သို့ ကျရောက်စေလိုက်၏။

ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ချေသည်။ မိုးကြိုးတန်းများက ကောင်းကင်ထက်မှ အဆက်မပြတ် သက်ဆင်းလာသလား ထင်မှတ်ရကာ အစီအရင်ပေါ်သို့ ကျရောက်လာနေ၏။

ဟွမ်မိသားစု၏ အကာအကွယ်အစီအရင်က ချက်ခြင်း တောက်ပလာကာ ၎င်းပေါ်၌ လှိုင်းတွန့်များစွာ ဖြစ်ပေါ်လာခဲ့သည်။၎င်းက လျှပ်စီးများစွာကို စုပ်ယူကာ ပျောက်ပျက်စေ၏။

ဝမ်လင်းမျက်လုံးက ပို၍ အေးစက်လာခဲ့၏။ သူက သူ့လက်ချောင်းထိပ်ကို ကိုက်လိုက်ပြီး သွေးစက်ကို မိုးကြိုးသားရဲ မျက်ခုံးနှစ်ခုကြားသို့ ပို့လွှတ်လိုက်သည်။

“ချိပ်ပိတ်ခြင်း…ဖွင့်လှစ်လိုက်…”

ဝမ်လင်း၏ အေးစက်စက် စကားလုံးများကို ကြားလိုက်ရသည့်နောက် မိုးကြိုးသားရဲခန္ဓာကိုယ်က ချက်ခြင်း တုန်ယင်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းခန္ဓာကိုယ်မှ မိုးကြိုးစွမ်းအားများက ပေါက်ကွဲထွက်လာခဲ့ကာ မိုးကြိုးမုန်တိုင်းတစ်ခုကို ဖန်တီးသည်။

ထိုမုန်တိုင်းက ကြီးမားလှကာ လျှပ်စီးနှင့်မိုးကြိုးများက မုန်တိုင်းထဲကနေ ထွက်ပေါ်လာခဲ့သည်။

“အစီအရင်ကို ချိုးဖျက်လိုက်…” ဝမ်လင်းက မာန်သွင်းကာ ပြော၏။ မိုးကြိုးသားရဲ၏ စွမ်းအားကလည်း အထွတ်အထိပ်သို့ ရောက်ရှိလာသည်။ သည်အခိုက်အတန့်၌ ထူးဆန်းသောအားတစ်ခုက ကမ္ဘာလောကကို ဝန်းရံလာကာ သဲများ၊ကျောက်စရစ်များကပါ လေထဲသို့ မြောက်တက် မြောလွင့်လာချေသည်။

သည့်အပြင်အစီအရင်ထဲရှိ ဟွမ်မိသားစုဝင်များက အဆုံးမဲ့စွမ်းအားကို ခံစားမိလိုက်ရာ သူတို့၏ အသွင်ကို ဖြူရောသွားစေသည်။ အချို့က မိုးကြိုးသားရဲမှန်း သိရှိသွားကြရာ သူတို့အသွင်သည် ကြီးစွာ ပြောင်းလဲသွားကြတော့၏။

“ဘိုးဘေး…ဒါ…ဒါက မိုးကြိုးသားရဲပဲ…”

အစောပိုင်းတုန်းက ချမ်ခိုင်ဇီ၏ သတင်းစကားက ဟွမ်မိသားစုဘိုးဘေးအတွက်သာ ဖြစ်သည့်အတွက် သူတို့က မိုးကြိုးသားရဲ၏ တည်ရှိမှုနှင့် ပတ်သတ်၍ မသိရှိခဲ့ကြပေ။

“ဘိုးဘေး…မိုးကြိုးသားရဲက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကို ကိုယ်စားပြုတယ်။ ဘိုးဘေး ဒီကိစ္စကို နောက်တစ်ကြိမ် စဉ်းစားပါဦး…”

“ဘိုးဘေး…ငါတို့ဟွမ်မိသားစုက အပြင်လူတစ်ယောက်အတွက် ကပ်ဘေးတစ်ခု ဖြစ်စေတာက မှားယွင်းနေပါပြီ…”

မိုးကြိုးသားရဲ၏ ဟိန်းသံ ထွက်ပေါ်လာသည့်နောက် တိုက်ရိုက်မျိုးဆက်များက မကျေနပ်ချက်ကို ဆက်၍ အောင့်အီးမထားနိုင်တော့ဘဲ မကျေနပ်ချက်များကို ထုတ်ဖော် ပြောလာကြ၏။

“မင်းတို့အားလုံး…ပါးစပ်ပိတ်ထားကြစမ်း…” ဟွမ်မိသားစုဘိုးဘေး၏ မျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။သူက ပတ်ဝန်းကျင်ရှိ တိုက်ရိုက်မျိုးဆက်များကို အေးစက်စွာ ကြည့်သည်။

သည်အခိုက်အတန့်မှာပင် မိုးကြိုးသားရဲကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းက ရောက်ရှိလာခဲ့၏။ မိုးကြိုးသားရဲက အစီအရင်ကို ချေမွလာခဲ့သည်။ ခုတစ်ကြိမ်၌ မိုးကြိုးသားရဲ တိုးဝင်လာသည့်အခါ ကောင်းကင်ဘုံမိုးကြိုးက ပေါင်းစပ်ထားကာ တစ်ဟုန်ထိုး တိုးဝင်လာသကဲ့သို့ ဖြစ်နေသည်။

ထိုအင်အားက ပြင်းထန်လွန်းလှ၏။

မိုးကြိုးသားရဲ၏ ဟိန်းသံများက ကောင်းကင်နှင့်မြေကြီးကို ဖြတ်၍ ပဲ့တင်ထပ်လေ၏။ ၎င်းက အစီအရင်ပေါ်သို့ ရိုက်ချလာလေသည်။

ဘုန်း…။

မိုးကြိုးသားရဲကြောင့် ဖြစ်ပေါ်လာသော မိုးကြိုးမုန်တိုင်းက မရေမတွက်နိုင်သော လျှပ်စီးများအဖြစ် ပြောင်း၍ ဟွမ်မိသားစု အစီအရင်ပေါ်သို့ ထိုးစိုက်ကျလာသည်။ မုန်တိုင်းဗဟိုတွင်တော့ မိုးကြိုးသားရဲက တည်ရှိနေ၏။

လျှပ်စီးနှင့် မိုးကြိုး သံများက ပဲ့တင်ထပ်နေကြသည်။ သည်အရာက ကောင်းကင်ဘုံသည် ဒေါသထွက်လာသလားဟု ထင်မှတ်ရ၏။ ချမ်မိသားစုအိမ်တော်ထဲ၌ ချမ်ခိုင်ဇီက နှာခေါင်းရှုံ့လိုက်လေ၏။

ဟွမ်မိသားစုဝင်များ၏ အသွင်က ဖြူရောနေကြသည်။ ဟွမ်မိသားစုဘိုးဘေးကလွဲ၍ ကျန်သည့်သူများက အလွန်ကြောက်လန့်နေကြပြီ ဖြစ်သည်။

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး၏ လူများက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်အောက်၌ ကြီးပြင်းလာကြသူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့က အံ့မခန်း မိုးကြိုးမန္တာန်များအပေါ် လေးစားမှု ရှိနေကြ၏။ သည်အခိုက်အတန့်၌ သူတို့က မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကို ကိုယ်စားပြုသော မိုးကြိုးသားရဲနှင့် ရင်ဆိုင်နေရခြင်းသည် သူတို့ကို စိတ်နှလုံးထဲကနေ ကြောက်လန့်မိစေသည်။

မိုးကြိုးမုန်တိုင်းက ရပ်တန့်သွားခြင်း မရှိဘဲ ဆက်လက်၍ အစီအရင်ကို ဖျက်စီးနေသည်။သို့ရာတွင် တကယ်တော့ သည်အရာက ဟွမ်မိသားစု၏ မဟာအစီအရင်တစ်ခု ဖြစ်သည်။ထို့ကြောင့် ၎င်းအစီအရင်၏ စွမ်းအားကလည်း အံ့မခန်းပင်။ သည်လိုတိုက်ခိုက်မှုမျိုးအောက်တွင်ပင် ၎င်းက မည်သည့်ပျက်စီးမှု အရိပ်အယောင်မှ မပြသေးဘဲ ကြံ့ကြံ့ခံနေနိုင်သည်။

ဟွမ်မိသားစုဘိုးဘေးအသွင်က သုန်မှုန်နေကာ အစီအရင် အပြင်ဘက်ရှိ ဝမ်လင်းကို ကြည့်ကာ တွေးနေမိသည်။ “ဓားစွမ်းအင်ကို သုံးလိုက်ပါ။ မဟုတ်ရင် ဒီအစီအရင်က လွယ်လွယ်နဲ့ ပျက်စီးမှာ မဟုတ်ဘူး။ မင်းက မင်းဓားစွမ်းအင်ကို ဒီအစီအရင်ကို ချိုးဖျက်ဖို့အတွက် သုံးပြီးတာနဲ့ ငါ မင်းကို သတ်ပစ်လို့ရပြီ…”

မိုးကြိုးမုန်တိုင်းက ဆက်လက်တိုက်ခိုက်နေရင်း ဝမ်လင်းအောက်ခြေရှိ အရိပ်က ဖျပ်ခနဲ ဖြစ်သွားသည်။ ကောင်းကင်ဘုံသက်တော်စောင့် ထွက်ပေါ်လာ‌ကာ ရှေ့သို့ ခြေတစ်လှမ်းတိုး၍ လက်သီးတစ်လုံး ပစ်သွင်းလာသည်။

ထိုလက်သီးက ကမ္ဘာလောက၏ အလင်းအားလုံးကို အစားထိုးသွားသလားမှတ်ရာက ရွှေရောင်တောက်ပမှုကို ထုတ်လွှတ်နေသည်။သည်အခိုက်အတန့်၌ မိုးကြိုးသားရဲပင် မှိန်ဖျော့သွားသလား မှတ်ရ၏။

ဘုန်း…။

ကောင်းကင်ဘုံသက်တော်စောင့်၏ လက်သီးချက်က အစီအရင်ပေါ်သို့ ကျရောက်လာကာ တဝီဝီအသံကို ဖြစ်ပေါ်သွားစေသည်။ မိုးကြိုးမုန်တိုင်းနှင့် ကောင်းကင်ဘုံသက်တော်စောင့်တို့က အစီအရင်ကို ဆက်တိုက် တိုက်ခိုက်လာသည်။သို့ရာတွင် မရေမတွက်နိုင်သော လှိုင်းတွန့်များက အစီအရင်ပေါ်တွင် ထွက်ပေါ်လာခဲ့ကာ ထိုတိုက်ခိုက်မှုစွမ်းအား အားလုံးကို ပျောက်ကွယ်သွားစေသည်။

ကောင်းကင်ဘုံ သက်တော်စောင့်ကလည်း လက်သီးတစ်လုံးပြီး တစ်လုံး ထိုးသွင်း တိုက်ခိုက်နေ၏။ သိပ်မကြာခင်တွင် ကောင်းကင်ဘုံ သက်တော်စောင့်က လက်သီးအရိပ်များကိုပါ ဖြစ်ပေါ်စေလိုက်သည်။ ထိုလက်သီးချက်များက အစီအရင်ပေါ်သို့ မိုးသီးမိုးပေါက်များအလား ကျဆင်းလာ၏။ မိုးကြိုးသားရဲကလည်း မာန်သွင်းကာ ၎င်း၏ခွန်အားကို ထုတ်ဖော်သည်။

ကျယ်လောင်သော တော်လဲသံကြီးက ကောင်းကင်နှင့် မြေကြီးကို ဖြတ်၍ ပဲ့တင်ထပ်၏။ ဟွမ်မိသားစုဝင်များ၏ မျက်နှာများက ပို၍ သုန်မှုန်လာခဲ့သည်။

“ဘိုးဘေး…” ဟွမ်မိသားစု တိုက်ရိုက်မျိုးဆက်များထဲမှ ရှေ့ဆုံးက တစ်ယောက်၏ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ဟွမ်မိသားစုဘိုးဘေးက မျက်မှောင်ကြုတ်သွားသည်။ သာမန်မိသားစုဝင်ဆိုပါက သူက သူတို့ကို လစ်လျူရှုထားလိုက်မည် ဖြစ်သည်။ သို့သော် အခု ပြောလိုက်သည့်လူ၏ ပုံရိပ်က အနည်းငယ် ထူးခြားနေ၏။ ဟွမ်မိသားစုဘိုးဘေး၏ ခေါင်းလှည်၍ ပြောလိုက်သူကို ကြည့်သည်။

ထိုသူကတော့ ဟွမ်မိသားစုခေါင်းဆောင် ဟွမ်ဖန်ရှန်ပင် ဖြစ်၏။

ဟွမ်ဝူချင်က ပြောလာခဲ့၏။ “ဖန်ရှန်…မင်းကရော ငါ့ကို ဆန့်ကျင်တော့မှာလား…”

“ဖန်ရှန် မလုပ်ဝံ့ပါဘူး…ဘိုးဘေး။ ဒီလူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က လာတာကို မလာတာကို ထည့်မတွက်ဘူးဆိုရင်တောင် သူက မိုးကြိုးသားရဲနဲ့ ပုံရိပ်ယောင်ယင်ရုပ်သေးကို ပိုင်ဆိုင်ထားပါတယ်။ ငါက ဘိုးဘေးကို မေးချင်ပါတယ်…ဒီလိုလူမျိုးတစ်ယောက်က ငါတို့နဲ့ မိတ်ဆွေဖွဲ့သင့်သလား…ရန်သူဖြစ်သလား…”

ဟွမ်ဖန်ရှန်၏ မျက်လုံးများက တောက်ပလို့နေ၏။ သူက ဟွမ်မိသားစုဘိုးဘေးထံသို့ ကြည့်ကာ ဆက်၍ ပြောလာပြန်သည်။ “သူနဲ့ မိတ်ဆွေလုပ်ခြင်းက ငါတို့မိသားစုအတွက် မိတ်ဆွေတစ်ယောက် အပိုရလာလိမ့်မယ်။ သူနဲ့ သေတဲ့အထိ တိုက်ခိုက်ရင်ကော ဘာအကျိုးများ ရလာနိုင်မလဲ။ ပြင်ပက မိသားစုဝင်တစ်ယောက်ကို ကာကွယ်ပေးဖို့အတွက်လား။ သူမရဲ့ ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအထွတ်အထိပ် အဆင့်ကို အတင်းတိုးမြင့်ခြင်း ခံထားရတာသာ ဖြစ်ပြီး ဒီအဆင့်နဲ့ ကိုက်ညီတဲ့ နယ်ပယ် ရှိမနေသေးဘူး။သူမက သူမ ဘဝတစ်လျှောက်လုံး အဆင့်ချိုးဖျက်နေမယ်ဆိုရင်တောင် ယင်နဲ့ယန်အဆင့်မှာပဲ တန့်နေလိမ့်မယ်။ ငါက ဘိုးဘေးရဲ့ အတွေးကို နားလည်ပါတယ်။ ဒါပေမဲ့လည်း ဒါက သင့်ရဲ့ ကိုယ်ပိုင်ဆန္ဒသာ ဖြစ်တယ်။ ဖြစ်နိုင်တာက ဒီလိုစွန့်စားတာက အန္တရာယ်ကြီးမား လွန်းနေတယ်…”

လျိုမေက ထိုစကားများအတွက် မည်သည့် အသွင်ဟန်ပန်ကိုမျှ မပြသပေ။ သူမက တိတ်ဆိတ်လို့သာနေကာ မှုန်ရီသောမျက်လုံးများဖြင့် ရှေ့တည့်တည့်သို့သာ ကြည့်လို့နေသည်။

ဟွမ်မိသားစုဘိုးဘေးက ဟွမ်ဖန်ရှန်ကို ကြည့်ကာ သူ့အသွင်က သုန်မှုန်နေခဲ့သည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက လေးတွဲစွာ ပြောလိုက်သည်။ “ငါက ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ သိတယ်…”

ဟွမ်ဖန်ရှန်က သက်ပြင်းချကာ လက်နှစ်ဖက်ကို ယှက်၍ ပြောလိုက်၏။ ဘိုးဘေးက အတင်းငြင်းဆန်နေတဲ့နောက် ဖန်ရှန်ကလည်း ဆက်ပြီး အမိန့်မနာခံဘဲ မနေဝံ့တော့ပါဘူး။ ဒီလူကသာ အစီအရင်ကို မချိုးဖျက်နိုင်ရင်တော့ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။ ဒါပေမဲ့လည်း သူက ချိုးဖျက်လိုက်နိုင်တာနဲ့ ငါက ချက်ခြင်း နောက်ဆုတ်မှာပါ။ ငါက တည်တံခိုင်မာမှုကိုပဲ လိုချင်ပါတယ် မစွန့်စားဝံ့ပါဘူး…”

ဟွမ်မိသားစု၏ အကာအကွယ်အစီအရင်က ဆက်လက်၍ တောက်ပလာ၏။ လှိုင်းတွန့်များကလည်း အစီအရင်၏ နေရာအနှံ့တွင် ပေါ်လာခဲ့သ်။ အဆက်မပြတ် သိပ်သည်းသော တိုက်ခိုက်မှုများအောက်၌ ၎င်းက တစ်ဖြည်းဖြည်းဖြင့် အာပျော့လာခဲ့သည်။ အလင်းတောက်ပမှုကလည်း အကန့်အသတ်သို့ ရောက်လာခဲ့၏။

မိုးကြိုးသားရဲ၏ မိုးကြိုးမုန်တိုင်းနှင့် ကောင်းကင်ဘုံသက်တော်စောင့်၏ လက်သီးချက်များကလည်း အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ထိုအခိုက်အတန့်၌ ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သိုလှောင်အိတ်ကို ပုတ်လိုက်၏။ ထိုအခါ သူ့လက်ထဲတွင် ဓားကြီးတစ်လက် ပေါ်ထွက်လာခဲ့သည်။

ထိုဓားက မိုးကောင်းကင်ဘုံဓားပင်။ ကျောက်ရီက အခြားကောင်းကင်ဘုံဓားများထံကနေ ၎င်းဓားကို ခွဲထုတ်ပေးခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ခုချိန်တွင် ၎င်း၏အမွေအနှစ်အားလုံးကို ဝမ်လင်းက ထာဝရ ပိုင်ဆိုင်နေပြီ ဖြစ်သည်။

ထက်ရှသောဓားစွမ်းအင်က ဓားထိပ်ဖျားကနေ သုံးလက်မခန့် ဆန့်ထွက်နေ၏။ ယင်းဓားထံကနေ ဖိအားလှိုင်းများလည်း ထွက်ပေါ်လို့နေသည်။ ဝမ်လင်းလက်ထဲ၌ ၎င်းဓားက ကမ္ဘာလောကနှင့်အတူ တစ်သားတည်း ဖြစ်လာသကဲ့သို့ပင်။ထိုသို့ဖြစ်ရခြင်းက ဝမ်လင်းသည် ၎င်းဓား၏ပိုင်ရှင်အစစ်အမှန် ဖြစ်သောကြောင့်ပင် ဖြစ်၏။

ဝမ်လင်းက ကောင်းကင်ဘုံဓားကို ဆွဲကိုင်ထားရင်း သူ့မျက်လုံးများက တည်ငြိမ်လို့နေ၏။

“ကောင်းကင်ဘုံ ခုတ်ပိုင်းခြင်း…”

***

Comment

Leave a Reply

Options

not work with dark mode
Reset