Switch Mode

အခန်း ( ၂၆၈ )

ငါတို့ ယုံပါတယ်ကွာ

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တောင်ဘက်ခြမ်းတွင် မျက်လုံးပေါင်းများစွာက ပိုင်ရှောင်ချန်းတစ်ယောက် အပေါင်းအသင်းတစ်ရာခြံရံလျက် တာအိုသစ်စေ့တောင်သို့ လေဟုန်စီး၍ ပျံသွားသည်ကို လိုက်ကြည့်နေကြသည်။

ရံဖန်ရံခါ သူ၏ ကြွားလုံးများစွာနှင့် ရယ်သံကျယ်ကျယ်ကိုကြားရလေသည်။

“ကိုယ့်လူတို့..နားထောင်ကြ. ။ လွန်ခဲ့တဲ့နှစ်တွေက ကျုပ် ကောင်းကင်ကိုင်လှုပ်ပြီး မြေပြင်ကွဲအက်သွားတာေတွတောင် တွေ့ကြုံခဲ့ရသေးတယ်.. ။ လူအုပ်ကြီးကပေါ့ဗျာ…အခြေခိုင်မာခြင်းအဆင့်ဆေးလုံးအတွက်.. ကျုပ်ကို ဝိုင်းတိုက်ကြတာ.. ။ ဒါနဲ့ ကျုပ်လဲ တောင်တစ်ခုလုံးကို ဖျက်စီးပစ်တော့မလို့ပဲ ။ ကျုပ်ရဲ့ ဓားပျံတွေထဲက တစ်ချောင်းက အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူ တစ်ဖွဲ့လုံးကို အပိုင်းပိုင်းဖြတ်ပစ်လိုက်တာ ။ လုံးဝကို အံ့သြဘနန်းပဲဗျာ.. ။ ကျုပ်ရဲ့အကြံတွေတော့ နတ်ဘုရားကျနေတာပဲ ပြီးတော့….ကျူပ်မှော်သိုင်းကိုလဲ မယှဥ်နိုင်ဘူး”

“မရေမတွက်နိုင်တဲ့ အစွမ်းထက် ကျင့်ကြံသူတွေက ကျုပ်ရှေ့မှာကြောက်ဒူးတုန်ပြီးတော့လေ ခေါင်းငုံရပ်နေကြရတာ… ဒါတင်မကသေးဘူး.. ချီစုစည်းမှုအဆင့်ဂိုဏ်သားတွေကလေ. . မျက်လုံးကြီးတွေပြူးပြီး ကျုပ်ကို ကြည့်နေတာဗျာ..မျက်နှာတွေကလဲ သွေးဆုပ်ပြီး ချမ်းသာပေးဖို့ တောင်းဆိုနေကြတာ” သူ၏ ကျယ်လောင်ပြီး ဂုဏ်ယူနေသော အသံက အရပ်မျက်နှာတစ်ခွင်တွင် ပဲ့တင်ထပ်နေလေသည်။

သူ၏ မိတ်ဆွေရောင်ရင်းများမှာ သူပြောသမျှကို မယုံကြချေ။ သူတို့က အော်ရယ်လိုက်ပြီး သူ၏ကြွားလုံးများကိုပင်လျှင် မြှောက်ပင့်ကာ လှောင်နေကြသည်။ သို့သော်လည်း သူတို့က အပြုံးမျက်နှာဖြင့် ဖုံးကွယ်ထားပြီး ထိုအပြုံးတို့တွင် ချစ်ခင်မှု၊ လွမ်းဆွတ်မှု၊ မျှော်လင့်ချက်တို့ဖြင့် ပြည့်နေလေသည်။

ထိုလူများအတွက်မူ ပိုင်ရှောင်ချိန်းက ဂိုဏ်းသားရောင်းရင်းတစ်ယောက်ဖြစ်ရုံသာမက အသက်ကိုပင် ပုံအော၍ ယုံကြည်ရသော မိတ်ဆွေတစ်ဦးလည်း ဖြစ်လေသည်။

သူက အမွှေစိန်လူဆိုးလေးဖြစ်သော်လည်း အရေးကြုံလာလျှင် ကံကြမ္မာကို ပြောင်းပြန်လှန်ပစ်နိုင်လေသည်။ တစ်ခါတရံ ပြဿနာရှာပါသော်လည်း အသက်ဘေးနှင့် ကြုံတွေ့လာပါလျှင် သူတို့က တုံ့ဆိုင်းခြင်းအလျဥ်းမရှိပဲ သူ့ကို ယုံကြည်မည်ဖြစ်သည်။

သူက အမွေဆက်ခံသူအဆင့်လျာထားခြင်းခံရသူ၊ ကောင်းကင်တာအိုအခြေ ခိုင်မာခြင်းအဆင့် ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း ဘဝင်မြင့်နေသည့်ပုံမပေါ်ချေ။ သူက လူအများကို နည်းအမျိုးမျိုး အဖုံဖုံဖြင့် စိတ်ဒုက္ခပေးသော်ငြား ထိုအရာများကြောင့် သူ့ကို မာနကြီးမောက်မာသည်ဟုမမြင်ပဲ ပို၍ ရင်းနှီးလာစေလေသည်။ သူတို့၏ နလုံးသားထဲတွင် သူက အမြဲတမ်း ထာဝရ မိတ်ဆွေတစ်ဦးပင်။

ဟိုယွင်ဖေးသည်လည်း ထိုနည်းတူပင်။ ထိုကဲ့သို့ မိတ်ဆွေဆက်ဆံရေးမှာ သူနှင့် ပတ်သက်လျှင် အလွန်ခိုင်မာလေသည်။ သူက ပိုင်ရှောင်ချန်းကို ကြည့်လိုက်ပြီးနောက် ဟိုရှောင်မေ့ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက သူတို့နှစ်ယောက် အဆင်ပြေသွားစေရန် ဆုတောင်းလျက် နှစ်လိုဖွယ်ပြုံးလိုက်သည်။

ဟိုရှောင်မေ့၏မျက်နှာမှာ နီရဲနေပြီး ရင်ခုန်နေလေသည်။ သူမ တွေးနိုင်သည့်တစ်ခုတည်းသောအရာမှာ ပိုင်ရှောင်ချန်းက သူမကို ဖက်လိုက်ခြင်းပင်ဖြစ်သည်။ ရွှန်းရွှန်းတောက်နေသော မျက်ဝန်းများဖြင့် သူမက ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်လေသည်။

ထိုမျက်လုံးတို့တောက်ပနေသည်က စုန့်ကျင်းဝမ်မှာ ရှိခဲ့ဖူးသည်နှင့်တူလေသည်။

ပိုင်ရှောင်ချန်းသည် ရင်းနှီးသောမျက်နှာများက ဝန်းရံလာသောကြောင့် အလွန်တရာပင် စိတ်လှုပ်ရှားသွားသည်။ တစ်စတစ်စ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအကြောင်း အမှတ်တရမျိုးစုံတို့ကို သူ့စိတ်ထဲတွင် ပြန်လည်အမှတ်ရလာလေသည်။

သူကအိမ်ပြန်လာရသကဲ့သို့ နွေးထွေးမှုများကို ခံစားလိုက်ရပြီး လွန်ခဲ့သောတခဏက ကြားခဲ့သည့် အော်သံများကို မေ့ပျောက်သွားလေသည်။

သူ၏ ရင်ဘတ်ကို ဂုဏ်ယူစွာ ထုလျက် သူက ပြော၏။
” ခင်ဗျားတို့ ကျုပ်ကို မယုံဘူးလား ။ ကျုပ်ပြောတာ နားထောင်.။ ကျုပ် ပိုင်ရှောင်ချန်းကလေ လုံးဝအံ့မခန်းပဲ။ တစ်ခါက ယွမ်ယင်ဝိညာဥ်အဆင့် အဘိုးအိုတစ်ယောက်ကတောင် ချီးမြှောက်သေးတယ် ။ ဘာဖြစ်သွားသလဲ မှန်းကြည့်စမ်း..။ သူက ကျုပ်ကို မွေးစားလိုက်တာဗျ…”

“အဲ….ငါတို့ ယုံပါတယ်ကွာ” ဟိုယွင်ဖေးက ရယ်မောကာပြောလိုက်၏။ ဖက်တီးကျန်းနှင့် အခြားသူများမျက်နှာတွင် ထူးထူးဆန်းဆန်းအမူအရာများတွေ့လိုက်ရသော်လည်း သူတို့က ပိုင်ရှောင်ချန်းကိုလှမ်းကြည့်ကာ ယုံကြည်ပါကြောင်း အခိုင်အမာပြောလိုက်သည်။

ပိုင်ရှောင်ချန်းမှာ သူတို့ ရယ်မောနေကြသည်ကိုကြည့်ကာ စိတ်ဓာတ်ကျသွားလေသည်။ သူက အမှန်တရားကိုပြောချင်လွန်း၍ ပါးစပ်ယားနေသည်။ သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ဆေးဖော်ခဲ့သည်။ ထို့နောက် သွေးဘိုးဘေးကြီးကိုယ်ထဲတွင် အပြင်းထန်ဆုံးတိုက်ခိုက်ခဲ့ရသည်။ ထိုတင်မကသေး သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ရက်စက်မှုဖြင့်ကျော်ကြားသော အထင်ကရ သွေးသခင်တစ်ပါးဖြစ်ခဲ့သည်။

သို့သော် ထိုအကြောင်းများကို ပြောမရချေ။ သူ၏ဂုဏ်ကျက်သရေတို့ကို ဖော်ထုတ်နိုင်ခွင့်မရှိသည်မှာ အလွန်ပင် ခိုးလိုးခုလုဖြစ်စရာကောင်းလေသည်။

“ကျုပ် အမှန်ပြောနေတာ ရောင်းရင်းတို့ရဲ့ ။ ကျုပ် အတွေ့အကြုံတွေရှာဖို့ ထွက်သွားတုန်းက အင်မတန်ထင်ရှားတဲ့ဂုဏ်ပုဒ်တစ်ခုကို ရခဲ့တာ… အဲ့မှာလေ.. အရမ်းလှတဲ့ မြေခွေးမလည်းရှိတယ်.”
ထိုစကားကို ပြောလိုက်မိသည်နှင့် သူက ဟိုရှောင်မေ့ကို လှမ်းကြည့်လိုက်သည်တွင် သူမ၏မျက်လုံးအိမ်များ ကျဥ်းသွားသည်ကို တွေ့လိုက်ရသည်။
” အဲ…. ဒါပေမယ့် ကျုပ်သူ့ကို လက်မထပ်ခဲ့ပါဘူး”

“ဘယ်လိုတောင်လှတဲ့ မြေခွေးမ လဲ..ကျုပ်ကို အသေးစိတ်ပြောပါဦး ဂိုဏ်းတူအစ်ကိုကြီးရှောင်ချန်းရဲ့”

“အင်း..အဲ…”
ပိုင်ရှောင်ချန်းမှာ အလွန်ဂရုစိုက်နေရလေသည်။ ဟိုရှောင်မေ့ထံမှ အမျက်ဒေါသများ ထွက်ပေါ်နေသည်ကို သူ အာရုံရနေကြောင်း အသေအချာသိသည်။ အဘယ်ကြောင့်ဆိုသော် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းထဲတွင် အမျက်ဒေါသအငွေ့အသက်များနှင့် ရင်းနှီးခဲ့သောကြောင့် အလွန်အာရုံရလွယ်လေသည်။

သူက စကားလမ်းကြောင်းလွှဲရန် ကြိုးစားလိုက်ချိန်တွင် ရုတ်တရက် တာအိုသစ်စေ့တောင်မှ မီတာသုံးဆယ်အတိရှိသည့် အလင်းတန်းကြီးတစ်ခုက ထိုးတက်သွားလေသည်။

မြေပြင်များလှုပ်ရမ်းကာ တောင်များပြိုကွဲ၍ မိုးကောင်းကင်ကြီး တုန်ခါသွားလေသည်။ခေါင်းထက်ရှိ တိမ်လွှာပေါင်းများစွာက စတင်လည်လာကာ လေပွေကြီးတစ်ခုအသစ်ပြောင်းသွား၏။ အဖြူရောင်နေမင်းကဲ့သို့ အရာတစ်ခုပေါ်ထွက်လာသောကြောင့် တဒုန်းဒုန်းမြည်သံများ ထစ်ခြုန်းသွားသည်။

လေပွေထဲတွင် နေလုံးကို မြင်ရသောအခါ ထိုအထဲတွင် ကျီးနက်ကြီးတစ်ကောင် အသွင်ဖြစ်သွား၏။

ကျီးနက်ကြီး၏ မျက်လုံးများမှာ ပိတ်ထားသည့်တိုင်အောင် ကောင်းကင်နှင့် မြေကြီးကိုလှုပ်ရမ်းသွားစေသော စွမ်းအင်များထုတ်လွှတ်နေသည်။ ထိုစွမ်းအားက အရပ်မျက်နှာတစ်ခွင်သို့ ပျံ့သွားသောကြောင့် ရှိရှိသမျှလူအားလုံးပေါ်သို့ စွမ်းအားကြီး ဖိအားတစ်ခု သက်ရောက်လာလေသည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တောင်ခြမ်းနှင့် မြောက်ခြမ်း နှစ်ခြမ်းစလုံးမှာ အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွား၏။

ပိုင်ရှောင်ချန်းပင် အံ့သြသွားသည်။ ဖြစ်ပျက်နေသည့်အကြောင်းများနှင့် ပတ်သက်ပြီး သူသိရှိနေပြီး အလင်းတိုင်ကြီးကို စိုက်ကြည့်လိုက်ကာ သူ့အမူအရာမှာ လွန်စွာ လေးနက်သွား၏။ အဖြူရောင်နေကြီးကို ကြည့်လျက် သူ၏ နှလုံးများ ခုန်လာပြီး ကျီးငှက်ကြီးကိုကြည့်ကာ ဘာဆက်ဖြစ်မလဲ သိချင်စိတ်ဖြစ် နေလေသည်။

” ဂိုဏ်းထဲမှာ ငါက ရာထူးမြင့်တာ ငါသိပါတယ်”
သူက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ရေရွတ်လိုက်သည်။
” ဒီလောက် အတိုင်းအတာအထိ ငါ့ကို ပြန်ကြိုဆိုဖို့ မလိုပါဘူးဟ”

ရွှီပေါက်ချိုင်က အလွန်စိတ်လှုပ်ရှားလျက် တံတွေးမြိုချလိုက်လေသည်။ ထို့နောက်သူက ပိုင်ရှောင်ချန်းစကားများကို ကြားသောအခါ မတတ်သာပဲ ခပ်တိုးတိုးပြောလိုက်ရသည်။

” ကျုပ်ကြားတာတော့….ပထမအသုတ်က ရက်အနည်းငယ်အတွင်း ထွက်ခွာရမယ်ပြောတာ.. ကြည့်ရတာတော့.. သူတို့ အခုသွားပြီထင်တယ်”

ပိုင်ရှောင်ချန်းမှာ ဖြစ်ပျက်နေသမျှအား နားမလည်တော့ချေ။ ထို့ကြောင့် သူကရွှီပေါက်ချိုင်၏လက်မောင်းကို ဖမ်းဆွဲပြီး မေးလိုက်၏။
” ဘာတွေဖြစ်နေတာလဲကွ.. ပထမအသုတ်ကဘာတုန်း ..သူတို့က ဘယ်ကိုသွားနေတာလဲ”

“လောချိန်တောင်တန်းကို… ” စိုးရိမ်နေသည့်အမူအရာဖြင့် ရွှီပေါက်ချိုင်က ပြန်ပြော၏။

ဟိုယွင်ဖေး၏ မျက်လုံးတို့မှာ တလက်လက်တောက်ပလာလေသည်။ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကိုရောက်ပြီးနောက် ဂိုဏ်းထဲရှိ သူ၏ရာထူးမှာ ယခင်နှင့် မတူတော့ချေ။ သူက ဂိုဏ်းစောင့်အကြီးအကဲများထဲက တစ်ယောက်၏တပည့်ပင် ဖြစ်လာ၏။ ထို့ကြောင့် သူက ယခင်ထက် အတွင်းကျအချက်အလက်များကို သိခွင့်ရလေသည်။
“ရှောင်ချန်း.. မင်းကအကြာကြီးထွက်သွားတာကိုးးး.. အေး…ဒါပေမယ့် မင်း စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနဲ့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ စစ်ပွဲအ ကြောင်း တော့ ကြားမှာပါ ။ အဲဒီစစ်က အချိန်မရွေးထဖြစ်နိုင်တယ်လေ..။ ဒါပေမယ့်..ငါတို့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ အလယ်ပိုင်းပတ်ဝန်းကျင်အနီးအနားမှာ စစ်ဖြစ်ဖို့ ခွင့်မပြုနိုင်ဘူး.. ဒါကြောင့် ဂိုဏ်းက လောချိန်တောင်တန်းမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကိုတိုက်ဖို့ ရည်ရွယ်ချက်နဲ့ ဧရာမ မန္တန်အစီအရင်ကြီးတစ်ခုဖြစ်ပေါ်လာအောင် အကြာကြီး စီစဥ်ခဲ့ရတာ ”

ပိုင်ရှောင်ချန်းမှာ တုန်လှုပ်သွား၏။ အကြောင်းအချို့ကြောင့် စစ်မှာ ယခင်ကထက်ပင် ပိုနီးကပ်လာကြောင်း သိလိုက်ရလေသည်။

” ကနဦးပြင်ဆင်မှုတွေကတွေ ပြီးတာနဲ့..သူတို့က ကျင့်ကြံသူ ပထမအသုတ်ကို လောချိန်တောင်တန်းကို နေရာရွှေ့ပြောင်းပို့ပေးလိမ့်မယ်”
ဟိုယွင်ဖေး၏စကားဆုံးသည်နှင့်တချိန်တည်း တာအိုသစ်စေ့တောင်မှ ဆန်းကြယ်သည့်ရှေးဟောင်းအသံကြီးတစ်ခုက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ခုလုံးကို ဖုံးသွားလေသည်။

” ပထမအသုတ် ဂိုဏ်းသားတို့ ရှေ့ကို ချက်ချင်းထွက်ပါ”

ထိုအသံကြီးက မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားလျှင် ပိုင်ရှောင်ချန်းက ဘေးဘီဝဲယာကို ကြည့်လိုက်သည်တွင် တောင်ခြမ်းနှင့် မြောက်ခြမ်းမှ အလင်းတန်းများက တာအိုသစ်စေ့တောင်သို့ ပျံသွားသည်ကို တွေ့လိုက်ရလေသည်။

သူတို့ထဲမှ အချို့မှာ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများဖြစ်ကြပြီး တချို့မှာ ချီစုစည်းခြင်းမဟာရပ်ဝန်းတွင်ရှိကြသည်။ အချို့ဂိုဏ်းသားများမှာ မပျံသန်းနိုင်ကြသဖြင့် မြေပေါ်တွင်တဟုန်ထိုးပြေးနေကြသည်။

အလင်းတန်းများအနက် ပိုင်ရှောင်ချန်းက ဝိညာဥ်စွယ်နှင့် ပေဟန်လဲ့ကို သတိထားမိလိုက်သည်။သူတို့၏ စွမ်းအားများမှာ သာမန်ကျင့်ကြံသူများထက် သိသိသာသာကျော်လွန်ပြီး ကြယ်ပျံများသဖွယ် တာအိုသစ်စေ့တောင်သို့ တဟုန်ထိုးပျံသန်းသွားကြလေသည်။

ပထမအသုတ်ထဲရှိ ကျင့်ကြံသူနှစ်ထောင်ကျော်တွင် စွမ်းအားပြင်းအငွေ့အသက်များထုတ်လွှတ်နေသည့် ဂိုဏ်းစောင့်အကြီးအကဲအနည်းငယ်ပါလေသည်။

နောက်ဆုံးလူမှာ အပေါ်ရှိ လေပွေမှ ထွက်လာသည့် ခပ်ဝါးဝါးပုံရိပ်တစ်ခုဖြစ်သည်။ သူက ထိုဂိုဏ်းစောင့်အကြီးအကဲများထက် အလွန်အမင်းကျော်လွန်သည့် ကျင့်ကြံခြင်းအခြေခံအငွေ့အသက်များဖြင့် သက်လတ်ပိုင်းအရွယ်အမျိုးသား ထွက်ပေါ်လာရာ အလင်းအားလုံး မှေး မှိန်သွားသည်။

ပိုင်ရှောင်ချန်းက ချက်ချင်းပင် ထိုလူအား အမှတ်ရလိုက်သည်။ သူက ဘရုဆာကိုကူညီရန် ထွက်ပေါ်လာသည့် ခေါင်းဆောင်ကြီးဖြစ်ပြီး စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးကို ကြိုခဲ့သည့်လူလည်း ဖြစ်သည်။ သူက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ထိပ်သီးခေါင်းဆောင်ကြီးငါးဦးအနက်မှ တစ်ဦးဖြစ်သော လီကျစ်မိုပင်။

ပိုင်ရှောင်ချန်းပတ်ပတ်လည်မှ လူများက အံသြမှုနှင့်အတူ ရုတ်ခြည်း ထအော်လိုက်ကြသည်။

” တတိယမြောက်ခေါင်းဆောင်ကြီး”

ကျင့်ကြံသူများ တာအိုသစ်စေ့တောင်ထိပ်တွင် စုစည်းရန် အချိန်သိပ်မကြာလိုက်ပေ။ လီကျစ်မိုက သူ၏ ညာလက်ကို ဝှေ့ယမ်းလိုက်သည်တွင် အလင်းတိုင်ကြီးထွက်ပေါ်လာကာ မျက်စိကန်းမတတ်အလင်းတစ်ခုက ပျံ့ကားလာပြီး ကျင့်ကြံသူအားလုံးကို လွှမ်းခြုံသွားလေသည်။ ထို့နောက် အလင်းတန်းက မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီး ကျင့်ကြံသူနှစ်ထောင်ကျော်မှာ ပျောက်ကွယ်သွား၏။

ခဏကြာပြီးနောက် အရာအားလုံး ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။ သို့သော်လည်း တာအိုသစ်စေ့တောင်နှင့် ကောင်းကင်ကို ဆက်ထားသည့် အလင်းတိုင်ကြီးက ထိုနေရာမှာပဲ ရှိနေပြီး ထစ်ခြုန်းမြည်ဟည်းသံများက အဆက်မပြတ်ထွက်နေသည်။ အခြားတောင်ထိပ်များမှ မည်သည့်အလင်းမှ မထွက်ပေါ်လာသော်လည်း အချိန်မရွေးအလင်းအဖြစ်ပျံ့ကားသွားနိုင်သည့် စွမ်းအားပြင်းအားဖြင့် တဒုန်းဒုန်းတုန်ခါနေသည်ကို ပိုင်ရှောင်ချန်းက အာရုံရလိုက်လေသည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ ကျန်လူများမှာ တုန်လှုပ်နေကြသည်။ ထိုအခိုက်တွင် ပိုင်ရှောင်ချန်းက ဟိုယွင်ဖေး၏ အသံကို ထပ်ကြားလိုက်သည်။

“အဲ့တာ ပထမအသုတ်ပဲ.. ဒုတိယအသုတ်ကို နောက်ရက်နဲနဲကြာရင် နေရာရွှေ့ပြောင်းပေးလိမ့်မယ်.။ ဒုတိယအသုတ်ထဲမှာ လူအများကြီးတာဝန်ချထားတယ်…..ငါလဲ တကယ်တမ်း.. သူတို့ထဲပါတယ်”

ပိုင်ရှောင်ချန်းမှာ ရင်တုန်နေပြီဖြစ်သည်။ ။ဟိုယွင်ဖေးကို လှမ်းကြည့်လိုက်သည်တွင် သူက နွေးထွေးစွာ ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်း၏ဘေးပတ်လည်ရှိ ရောင်ရင်းများက သူတို့ မည်သည့်အသုတ်တွင်တာဝန်ကျကြောင်း သံစုံရှင်းပြကြလေသည်။

ပိုင်ရှောင်ချန်းက ချီစုစည်းမှုအဆင့်ကျင့်ကြံသူများနှင့် ဟိုရှောင်မေ့အပါအဝင် ရှိရှိသမျှလူတစ်ယောက်ချင်းစီတိုင်းက စစ်ထဲတွင် တိုက်ရမည်ဖြစ်ကြောင်း မြန်မြန်ဆန်ဆန်ပင် သဘောပေါက်သွားလေသည်။

ဤစစ်ပွဲက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ နောက်ဆုံး ခုခံတိုက်ခိုက်မှုဖြစ်ကြောင်း သိသာလေသည်။

ဖက်တီးကျန်းကြီးက အလေးအနက်ဖြစ်သွားသည်ကို သတိထားမိလိုက်ပြီး ခပ်မြန်မြန်ပြောလိုက်၏။
“ ငါ့ဆရာပြောတာကြားတာကတော့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ကျူးကျော်မှုကို ခုခံဖို့ ရည်ရွယ်ချက်နဲ့ လောချိန်တောင်တန်းမှာ မန္တန်အစီအရင်ကို နှစ်အကြာကြီး တည်ဆောက်နေခဲ့တာတဲ့ကွ.။အဲ့ မန္တန်အစီအရင်ရဲ့ စွမ်းအားက မျိုးဆက် အဆက်ဆက် တည်ဆောက်လာခဲ့တာမလို့ ထူးကဲတာထက်ကို လွန်တယ်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက တောင့်တင်းကောင်း တောင့်တင်းလိမ့်မယ်. ဒါပေမယ့် စစ်ပွဲက ဘယ်လိုဖြစ်လာမလဲ ပြောမရဘူး”

အခြားသူများလည်း ဝင်ရောက် ပြောကြလေသည်။

“မှန်တာပေါ့။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက သိပ်တရားလွန်တာ ။ သူတို့တောင်းဆိုချက်ကို သဘောတူလိုက်ရင် ကျုပ်တို့ဘဝတွေက .သူတို့ နောက်တစ်ခါပြန်လာသတ်မှာကို စောင့်နေရတဲ့ ကျွန်သာသာဖြစ်သွားမှာ”

” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ကျုပ်ဝင်တဲ့ အချိန်က စပြီး ကျုပ်ရဲ့ အိမ်ပဲ ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအတွက် ရှင်သန်မယ် ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း အတွက်ပဲ သေမယ်”

“ကျုပ်တို့ ဒီ စစ်ကို ရှောင်လို့မရဘူး..။ နိုင်နိုင်ရှုံးရှုံးဗျာ.. နောက်ပိတ်ဆုံး ပွဲသိမ်းတဲ့အသိ အကြိတ်အနယ်ကို တိုက်မယ်”

မကြာမီ လူတိုင်း၏ မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်များဖြင့် တလက်လက်တောက်ပနေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset