ဝမ်လင်းက မျက်လုံးပြန်ဖွင့်လာသည်။ သူ့မျက်လုံးထဲ၌ ကြည်လင်မှုတို့ ရှိလာခဲ့ပြီ ဖြစ်သည်။ သူ့မျက်လုံးထဲ၌ နာကျင်မှုတို့ ရှိနေသေးသော်လည်း သူက ကမ္ဘာလောကကြီးကို ဖြတ်မြင်နိုင်စွမ်း ရှိလာသကဲ့သို့ ဖြစ်၏။
သူက ညာလက်ကို ပင့်မြှောက်လိုက်ရာ မြူလွှာတစ်ခု ပေါ်ထွက်လာ၏။ ထိုမြူလွှာက သူ့ခန္ဓာကိုယ်ထဲသို့ အစိမ်းရောင်အခိုးငွေ့များအဖြစ် ဝင်ရောက်သွားသည့်အရာပင် ဖြစ်သည်။ သူ့မူလစိတ်ဝိညာဉ်က ရှေးဟောင်းမိုးကြိုးနဂါး၏ အစိတ်အပိုင်းတစ်ခု ပါဝင်နေခဲ့သည်။ထို့ကြောင့် ကောင်းကင်ဘုံမိုးကြိုး၏ စွမ်းအားလည်း ပါဝင်နေသည်သာ ဖြစ်သည်။ သည်ပုံရိပ်ယောင်တစ်သောင်းကောင်းကင်နတ်ဆိုးတာအိုက သူ့မူလစိတ်ဝိညာဉ်ကို လောင်ကျွမ်းသွားစေနိုင်ဖို့ မလုံလောက်သေးချေ။
သည်မြူကို ကြည့်နေရင်း ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ဟန် ပြု၏။သည့်နောက် သူက ၎င်းကို ဖျက်စီးလိုက်ချေသည်။
“နင့်ကျင့်ကြံမှုအဆင့်က အတင်း တိုးမြှင့်ခြင်း ခံရတာ ဖြစ်တဲ့အတွက် နင့်နယ်ပယ်အပေါ် နားလည်မှုက ဒီအဆင့်အတွက် လုံလောက်မှု မရှိသေးဘူး။ဒါက နင့်ရဲ့ သိသိသာသာ အားနည်းချက်ပဲ…”
သူက ထိုမြူကို ဖျက်စီးလိုက်သည့်အခိုက်တွင် ခပ်အုပ်အုပ် ညည်းတွားသံ တစ်သံက လေဟာနယ်ထဲကနေထွက်ပေါ်လာသည်။ ထိုအသံ ထွက်ပေါ်လာပြီးနောက် အကွာအဝေးတစ်ခုတွင် လျိုမေပုံရိပ်သည်လည်း ထွက်ပေါ်လာခဲ့၏။ သူမမျက်နှာက ဖြူရောနေကာ ဝမ်လင်းကို စူးစိုက်ကြည့်နေသည်။ သူမမျက်လုံးများက အမုန်းတရားနှင့် ပြည့်နေကာ နာကျင်စွာ ပြောလာသည်။ “နင်က တကယ့်ကို ဝမ်လင်းပဲ…ရက်စက်တက်တဲ့နှလုံးသားနဲ့ လူတစ်ယောက်ပဲ…”
“ငါက ရက်စက်ပြီး အကြင်နာမဲ့တဲ့လူ မဟုတ်ဘူး…နင်ကသာ အဲ့လိုလူစားမျိုး ဖြစ်တယ်…”
ဝမ်လင်းမျက်လုံးထဲ၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပေါ်ထွက်လို့နေ၏။
လျှိုမေက နာကျင်စွာ ဆက်၍ ပြောလာသည်။ “ငါက ငါ့တာအိုပေါ်မှာဘဲ ငါ့ဘဝကို အာရုံစိုက်ထားခဲ့တယ်။ဒါပေမဲ့ နင်က နယ်ပယ်စိတ်ဝိညာဉ်ကို အသုံးပြုပြီး ငါ့ အပျိုစင်ခန္ဓာကိုယ်ကို ဖျက်စီးခဲ့တယ်။ နင်က ဒီအတွက် ဘယ်လိုများ ရှင်းပြမလဲ…”
အရင်က သူမ၏ တည်ငြိမ်မှုများအားလုံးသည် ပျောက်ကွယ်သွားတော့သည်။ သူမမျက်လုံးထဲရှိ အမုန်းတရားကလည်း ပို၍ အားကောင်းလာခဲ့တော့သည်။
ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်၏။ သည်အရာက သူ မစဉ်းစားကြည့်လိုသော မှတ်ဉာဏ်တစ်ခုပင်။ သူ့မျက်လုံးများက အေးစက်လာကာ သူက ပြောလိုက်သည်။ “နင်က အရင်ဆုံး ငါ့အပေါ်မှာ လုပ်ဆောင်ခဲ့တာ။ ဒါ့အပြင် နယ်ပယ်စိတ်ဝိညာဉ်ကိစ္စကလည်း မတော်တဆ တစ်ခုသာ ဖြစ်တယ်…”
“မတော်တဆ…ဟုတ်လား…” လျိုမေက စတင် ရယ်မောလေ၏။ သူမ ရယ်သံက ကျယ်သထက် ကျယ်လာကာ ဆိုးဆိုးရွားရွား ဖြစ်လာခဲ့သည်။ သူမက လူတိုင်း၏ ရှေ့၌ သူမ၏ ပုံရိပ်ယောင်တစ်သောင်းကောင်းကင်နတ်ဆိုးတာအို စိတ်အင်အားကို ထိန်းသိမ်းထားနိုင်စွမ်း ရှိ၏။ သို့ရာတွင် သူက အခု သူမရှေ့ရှိ လူနှင့် တွေ့သည့်အခါတွင်တော့ သူမ ထိုသို့ မလုပ်နိုင်တော့ချေ။
“နင်က ဒီကိစ္စကို မတော်တဆလို့ အဖြေပေးခဲ့တယ်။ ကောင်းပြီ…ငါလည်း နင့်ကို နောက်ထပ် မတော်တဆ တစ်ခု ထပ်ပြီး ပေးရတော့မှာပေါ့…”
သူမအမုန်းတရားထဲ၌ နာကျင်မှု အရိပ်အယောင်တစ်ခုပါ ရောယှက်ရှုပ်ထွေးလို့နေသည်။ သူမက သိုလှောင်အိတ်ကို ထိလိုက်၏။
ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။ ကောင်းကင်ဘုံသက်တော်စောင့်က သူ့ရှေ့သို့ ရုတ်တရက် ပေါ်လာကာ လျိုမေထံသို့ လှမ်းသွား၏။
လျိုမေက ညာလက်ကို ပင့်မြှောက်ကာ သိုလှောင်အိတ်ကို ဖွင့်လိုက်၏။ ထိုအခါ သိုလှောင်အိတ်ထဲမှ အနက်ရောင်မြူတစ်ခုက ထိုးထွက်လာပြီး မွန်းစတားဆန်သော မကျေမချမ်းဖြစ်မှုကပါ ပေါက်ကွဲထွက်လာချေသည်။
သည်မကျေမချမ်းဖြစ်မှုက ကောင်းကင်ကိုပင် တုန်လှုပ်စေနိုင်၏။
သည် မကျေမချမ်းဖြစ်မှုက အားကောင်းလွန်းလှ၏။ ၎င်းက စတင် ပျံ့နှံ့လာရင်း တစ္ဆေငြီးသံများကပါ သည် ငါးကီလိုမီတာအတွင်း၌ စတင် ပေါ်ထွက်လာခဲ့သည်။
စူးရှရှ အသံများက ထိုမြူထဲကနေ ပေါက်ကွဲထွက်လာခဲ့သည်။ အနက်ရောင်မြူက မြန်ဆန်လွန်းလှစွာဖြင့် ကောင်းကင်ဘုံသက်တော်စောင့်ကို ကျော်ဖြတ်ကာ ဝမ်လင်းထံသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။
ဝမ်လင်းက ထိုအနက်ရောင်မြူကို စူးစိုက်ကြည့်နေရင်း သူ့အသွင်က ပုံမှန်အတိုင်းသာ ရှိလို့နေ၏။ ၎င်းက နီးကပ်လာသည့်အခါတွင် သူက သူ့လက်ကို ဓားတစ်လက်အသွင်ပြောင်း၍ ရှေ့သို့ ထိုးစိုက်ကာ လေကြမ်းတစ်ခု ဖန်တီးလိုက်သည်။ သည်လေပြင်းက အနက်ရောင်မြူကို တိုက်ခတ်သွားရာ နက်မှောင်နေသော မျက်လုံးတစ်စုံ ပေါ်ထွက်လာခဲ့၏။
ဝမ်လင်းအကြည့်က ထိုမျက်လုံးပေါ်သို့ ကျရောက်သွားသည့်အခိုက်တွင် သူက မှင်သက်လို့သွားသည်။ မျက်လုံးက လုံးဝ တိမ်ဖြင့်ဖုံးနေကာ မည်သည့်အလင်းဓာတ်မှ ရှိမနေဘဲ မွန်းစတားဆန်သော မကျေမချမ်းဖြစ်မှုသာ ရှိလို့နေသည်။
သို့ရာတွင် ဝမ်လင်းက ထိုမျက်လုံးတစ်စုံကို တွေ့မြင်လိုက်ရချိန်ပ သူ့စိတ်က တုန်လှုပ်သွားပြီး သူ့ခန္ဓာကိုယ်ကလည်း သဟဇာတဖြစ်မှုတို့ ပြည့်နှက်လာခဲ့သည်။ သူ့နားထဲ၌ မိုးကြိုးထောင်ချီ ပစ်ချလိုက်သလို ခံစားရကာ ဝမ်လင်းခန္ဓာကိုယ်က တုန်ယင်လာခဲ့သည်။ သူက သူ့လက်ချောင်းကို အလိုလို ပြန်ရုတ်သိမ်းမိလိုက်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပြီး အနက်ရောင်မြူကို စူးစိုက်ကြည့်နေသည်။
“ဒါ…ဒါက…” ဝမ်လင်းစိတ်နှလုံးထဲ၌ ကြောက်မက်ဖွယ် နာကျင်မှုတစ်ခု ပေါ်ထွက်လာ၏။ သူက အနက်ရောင်မြူသို့ ကြည့်နေရင်း သူ့မျက်လုံးက နီရဲလာခဲ့သည်။ သူက လက်ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ဘုံသက်တော်စောင့်ကိုပါ ပြန်ဆင့်ခေါ်လိုက်သည်။ ယင်းသက်တော်စောင့်က အရိပ်ကြီးတစ်ခုအဖြစ်ပြောင်း၍ အနက်ရောင်မြူကို အခြားအရာများမှ ကာကွယ်ပေးသည့်သဘောဖြင့် ဝန်းရံထားလိုက်တော့သည်။
ဝမ်လင်းမျက်နှာက ကြမ်းကြုတ်မှုနှင့် ပြည့်လာကာ သူက လျိုမေကို လှမ်း၍ အော်လိုက်၏။ “ဒီမြူထဲမှာ ဘာရှိနေတာလဲ…”
လျိုမေက ပြုံးလိုက်၏။ သို့သော် သူမမျက်လုံးထဲ၌ နာကျင်မှုတို့ ပြည့်နေသည်။ သည့်နောက် သူမက ဝမ်လင်းကို ကြည့်ကာ အားပါးတရ ပြုံး၍ ပြောလာသည်။ “နင်က ဒါကို ဘာမှန်း မသိဘူးလား…။မဟုတ်သေးဘူး။ နင့်ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် နင်က ဒါကို ဘယ်အရာမှန်း သိကို သိရလိမ့်မယ်…”
“သေမျိုးတွေကြားမှ ဒဏ္ဍာရီ ပြောစကား တစ်ခုရှိတယ်…။ လူတစ်ယောက် သူ့ကလေးတွေကို လက်လွှတ်လိုက်ရင် အဲ့ကလေးတွေရဲ့ စိတ်ဝိညာဉ်က ပျောက်ပျက်မသွားဘဲ အမြဲတမ်း အဲ့လူရဲ့ နောက်ကို လိုက်ပါပြီး သူ့ကို စောင့်ကြည့်နေလိမ့်မယ် တဲ့။ ပြီးရင် အဲ့ ကလေးတွေရဲ့ စိတ်ဝိညာဉ်က တစ်ခုခုကို ပြောနေလိမ့်မယ်…ဒါပေမဲ့ အဲ့လူကတော့ ကြားနိုင်မှာ မဟုတ်ဘူး။ သူ သေခါနီး အချိန်ကြမှသာ သူက သူ့ကလေးစိတ်ဝိညာဉ်တွေရဲ့ ပြောတဲ့စကားကို ကြားနိုင်လိမ့်မယ်။ အဲ့စကားကတော့ ‘အဖေ…အဖေက ဘာလို့ ငါ့တို့ကို မလိုချင်တာလဲ’ ဆိုတာပဲ ဖြစ်တယ်…”
လျိုမေ့အသံက အနည်းငယ် ထူးဆန်းနေ၏။ ရူးသွပ်မှုအရိပ်အမြွက်ပင် သူ့အသံထဲ၌ ရှိလို့နေ၏။
“ငါက ငါ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဒီကလေးကို ရာစုနှစ်တစ်ခုစာလောက် သန့်စင်ခဲ့ပြီး နောက်ဆုံးမှာ သူက မကျေမချမ်းမှုပြည့်နေတဲ့ စိတ်ဝိညာဉ်တစ်ခု ဖြစ်လာခဲ့တယ်။သူ့မှာ အသိစိတ်ရှိလာတဲ့အချိန်မှာ ငါက သူ့ကို နင့်အဖေက နင့်ကို စွန့်ပစ်သွားခဲ့တာ ဆိုတဲ့ စကားကို ထပ်ကာထပ်ကာ ပြောနေခဲ့တယ်။ ဒီကလေးရဲ့ အဖေနာမည်ကတော့ ဝမ်လင်းလို့ ခေါ်တယ်…”
“ဝမ်လင်း…နင်က ငါ့တာအိုနှလုံးသားကို ဖျက်စီးခဲ့တယ်။ ငါ့နယ်ပယ်ကို ဖျက်စီးခဲ့တယ်။ ငါ့ခန္ဓာကိုယ်ကိုလည်း ယူဆောင်ခဲ့တယ်။ ဒါတွေအားလုံးက မတော်တဆလို့ နင်ပြောရင် ငါကလည်း နင့်အတွက် အထူးရတနာတစ်ခု ပြန်ပေးရမှာပေါ့…”
ဝမ်လင်းက တိတ်ဆိတ်ကာ စဉ်းစားနေ၏။ သူက လုံးလုံးလျာလျာ တိတ်ဆိတ်လို့နေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အားလုံးကို ယူဆောင်ခြင်းခံလိုက်ရကာ သူ့တွင် အဆုံးမဲ့သေဆုံးခြင်းဓာတ်တစ်ခုသာ ရှိနေတော့သကဲ့သို့ တိတ်ဆိတ်နေခြင်းပင်။
သူ့စိတ်ထဲတွင် လီမူဝမ် ပြန်ရှင်သန်နိုင်မည့် မျှော်လင့်ချက်တစ်ခုကို ရှာတွေ့ချိန်က တုန်လှုပ်မှုမျိုးလည်း ရှိလို့မနေတော့ချေ။ ထျန်ဟွယွမ်ကို ရင်ဆိုင်ချိန်ကလိုမျိုး ရူးသွပ်ပေါက်ကွဲမှုမျိုးလည်း ရှိမနေတော့ချေ။ ယုတ်စွအဆုံး သူ့တွင် သေရေးရှင်ရေးရင်ဆိုင်ရချိန်၌ ရှိသော အဆုံးစွန်သောအာရုံစိုက်မှုမျိုးပင် ရှိလို့မနေတော့ချေ။
ဝမ်လင်း တိတ်ဆိတ်လျက်သာ ရှိလို့နေတော့၏။ သူက အလွန်တိတ်ဆိတ်နေခြင်းသည် အလွန်ကြောက်နေမိခြင်းလည်း ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီးပင် ရပ်တန့်နေသကဲ့သို့ အရာအားလုံးက တိတ်ဆိတ်လို့သာနေ၏။
ကောင်းကင်ဘုံသက်တောင်စောင့် ဖန်တီးထားသည့် အရိပ်ဝန်းရံထားသော မြူထဲကို ကြည့်နေရင်း ဝမ်လင်းမျက်လုံးက တစ်ခုခုကို ထွင်းဖောက်မြင်လိုက်ရသကဲ့သို့ ထင်မှတ်ရ၏။ သူက အားပျော့သောပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရသည်။
ထိုပြင်းထန်သော၊အားကောင်းသော မကျေမချမ်းဖြစ်မှု စိတ်ဆန္ဒကလည်း ဝမ်လင်းအကြည့်ကို ရပ်တန့်နိုင်ခြင်း မရှိပေ။
အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် ဝမ်လင်းက တိုးညင်းစွာ ဆိုလာ၏။ “ကျေးဇူးတင်ပါတယ်…”
လျိုမေက မှင်သက်သွား၏။ သူမက ဝမ်လင်းကို ကြည့်နေရင်း နှာခေါင်းရှုံ့၍ ဆိုသည်။ “ဝမ်လင်း…နင့်နှလုံးသားက နာကျင်ကိုက်ခဲမှုကို မခံစားရဘူးလား…”
ဝမ်လင်းက လျိုမေကို ကြည့်ပင် မကြည့်ပေ။ သူက မြူထဲရှိ ပုံရိပ်ကိုသာ ကြည့်နေရင်း ခပ်တိုးတိုး ပြောလာ၏။ “နင်က သူ့ကို မကျေမချမ်းမှုနဲ့ ပြည့်နက်နေတဲ့ စိတ်ဝိညာဉ် ဖြစ်လာဖို့ သန့်စင်မွန်းမံခဲ့တယ်ဆိုရင် ငါကလည်း သူ့ကို ပြန်ပြောင်းလဲ ပေးနိုင်တယ်။ ဒါက နှစ်ထောင်ချီ၊…နှစ်သောင်းချီ ဘယ်လောက်ကြာကြာ။ သူ့ကို ငါ့ရှိ ပြန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…”
သည်အရာများအားလုံးက လျိုမေ၏ မျှော်လင့်ထားမှုထက် ကျော်လွန်နေသည်။သူမက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “သူက ပြန်မကောင်းနိုင်တော့ဘူး…သူ့ကို မကျေမချမ်းဖြစ်နေတဲ့ စိတ်ဝိညာဉ်အဖြစ် လုံးဝပြောင်းလဲဖို့…ငါက…”
လျိုမေစကား မဆုံးသေးခင်မှာပင် ဝမ်လင်းက တိုးညင်းစွာ ပြောလိုက်သည်။ “ငါက ဖြစ်နိုင်တယ်လို့ ပြောရင် ဒါက ဖြစ်နိုင်လို့ပဲ…”
သည့်နောက် သူ့အကြည့်က လျိုမေထံသို့ ကျရောက်လာ၏။သူ့အကြည်ထဲ၌ မည်သည့်တည်ငြိမ်မှုမှ ရှိမနေတော့ဘဲ သတ်ဖြတ်ချင်စိတ်က အစားထိုးဝင်လာခဲ့သည်။ ထျန်ဟွယွမ်ကလဲ၍ မည်သူအပေါ်ကိုမျှ ဝမ်လင်းက ခုလောက် သတ်ဖြတ်ချင်စိတ် ဖြစ်ပေါ်ခဲ့ခြင်း မရှိပေ။
(ထျန်ဟွယွမ်= အတိတ်တုန်းက ဝမ်လင်းမိဘများကို သတ်ခဲသည့်သူ၊ထို့အတွက်ကြောင့် ဝမ်လင်းက သူ့ထျန်မိသားစုတစ်ခုလုံးကို အမြစ်ဖျက် ပြန်သုတ်သင်ခဲ့ပေသည်)
“ခု နင့်အလှည့်ပဲ…”
ဝမ်လင်းအသံက အေးစက်နေခြင်း မရှိပေ။သို့သော် ထိုအသံက ပတ်ဝန်းကျင်ကို ဆောင်းတွင်းအလား အေးစက်သွားစေအောင် ပြုလုပ်ခဲ့သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလာကာ သူ့လက်မကို ဖိနှိပ်လိုက်၏။ တစ္ဆေလောက လက်ချောင်းက ရုတ်တရက် ပေါ်ထွက်လာခဲ့ချေသည်။
ကောင်းကင်ထက်၌ ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခု ဖြစ်ပေါ်သွားကာ တစ္ဆေလောကမြစ်သည် နောက်တစ်ဖန် ပေါ်လာပြီး ဝမ်လင်း လက်ချောင်းနှင့် ပေါင်းစပ်သွား၏။ တစ္ဆေလောကမြစ်မှ ဖြစ်တည်လာသော တစ္ဆေလောက လက်ချောင်းက ပျံသန်းထွက်လာကာ လျိုမေထံသို့ တိုက်ရိုက် တိုးဝင်သွားလေသည်။
လျိုမေက နောက်သို့ ဆုတ်၏။ သူမက ထိုသို့ ဆုတ်နေရင်း သိုလှောင်အိတ်ထဲမှ ကြီးမားသည့် ကြေးမုံဟောင်းတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုရတနာက ဟွမ်မိသားစုဘိုးဘေး သူမကို ပေးထားခဲ့သော လက်ဆောင် ဖြစ်သော အဆင့်နိမ့်ကောင်းကင်ဘုံရတနာပင် ဖြစ်ချေ၏။
တစ္ဆေလောက လက်ချောင်းက ကြေးမုံပေါ်သို့ ကျရောက်လာချိန်၌ ၎င်းက အက်ကွဲပေါက်ထွက်ကုန်သည်။ တစ်ချိန်တည်းမှာပင် ဝမ်လင်းက ရှေ့သို့ တိုးလာရင်း ကြယ်ခုနစ်ခုဓားအစီအရင်က လျိုမေကို ဝန်းရံလိုက်သည်။ ဝမ်လင်းက အော်သံ ပြုလိုက်ရာ ဓားအလင်းတန်းခုနစ်ခုက ပျံသန်းထွက်လာခဲ့သည်။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ပဲ ရှိပြီး လုံလောက်တဲ့ နယ်ပယ် နားလည်မှု မရှိတဲ့ အတုအယောင် အာဏာတက်ခြင်းနောက်ဆုံးအဆင့်ကျင့်ကြံသူက အာဏာတက်ခြင်းအလယ်အဆင့်ကျင့်ကြံသူနဲ့တောင် ယှဉ်နိုင်မှာ မဟုတ်ဘူး…”
မရဏလက်ချောင်းကလည်း ပေါ်ထွက်လာကာ ကြယ်ခုနစ်ခုဓားအစီအရင်နှင့်အတူ လျိုမေထံသို့ နီးကပ်လာခဲ့သည်။
ဓားစွမ်းအင် နီးကပ်လာသည့်အခါ လျိုမေအသွင်က ကြီးစွာပြောင်းလဲသွားသည်။သေရေးရှင်ရေးအာရုံသိကို ခံစားမိကာ သူမက လျှာထိပ်ဖျားကို အနည်းငယ် ကိုက်လိုက်သည်။ သူမပါးစပ်မှ သွေးများနှင့် အရာတစ်ခုက ပျံသန်းထွက်လာခဲ့သည်။ ယင်းအရာဝတ္ထုက အပ်တစ်ချောင်းပင်။
ထိုအပ်ပေါ်လာသည့်အခိုက်၌ ၎င်းက လျိုမေပတ်လည်၌ ဝန်းရံကာ ကြယ်ခုနစ်ခုဓားအစီအရင်ကို တားဆီးပိတ်ဆို့သည်။မရဏလက်ချောင်းကလည်း ထိုအပ်၏ ထွင်းဖောက်ခြင်းကို ခံလိုက်ရချေ၏။
“လေးခုမြောက်စိတ်ဝိညာဉ်…” ဝမ်လင်းက ယင်းအပ်ကို အေးစက်စွာ စူးစိုက်ကြည့်၏။သည့်နောက် သူ့ညာလက်ကို ပင့်မြှောက်ကာ ထိုအပ်ထံသို့ လက်ညွှန်လိုက်သည်။
“ရပ်တန့်ခြင်း…”
ထိုအနက်ရောင်အပ်က ရုတ်တရက် တန့်လို့သွားသည်။ ၎င်းက ရုန်းကန်နေရင်း ဝမ်လင်းက ရှေ့သို့ တိုးလာကာ လျိုမေအရှေ့သို့ ရောက်လာ၏။သည့်နောက် သူ့ညာလက်ဖြင့် သူမ၏ မျက်ခုံးနှစ်ခုကြားသို့ ရက်စက်စွာ ဖိနှိပ်ရိုက်ချလိုက်သည်။
လျိုမေက နာကျင်စွာ အော်ဟစ်လိုက်ရကာ သူမမျက်ခုံးနှစ်ခုကြားမှ အနက်ရောင်အခိုးငွေ့များစွာ ထွက်ပေါ်လာခဲ့သည်။ထို့နောက် သူမက ချက်ခြင်းပင် နောက်သို့ ဆုတ်သည်။ သူမမျက်လုံးထဲ၌ ကြောက်ရွှံ့မှုနှင့် ပြည့်လို့နေသည်။ ဝမ်လင်းကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအစောပိုင်းအဆင့်တွင်သာ ရှိသော်လည်း သူ့မျိုးစုံသောမန္တာန်များနှင့်ရတနာများက အလွန်အမင်း တုန်လှုပ်ဖွယ်ကောင်းနေပေသည်။
“နင်က ထွက်ပြေးချင်နေတာလား…” ဝမ်လင်းက နောက်တစ်လှမ်း ရှေ့သို့ ထပ်တိုးသည်။ သူ့လက်ချောင်းနှစ်ခုကို ဓားတစ်လက်အသွင် ဖြစ်ပေါ်စေ၏။ သူ့မူလစိတ်ဝိညာဉ်၏ မိုးကြိုးအစိတ်အပိုင်းသည်လည်း သူ့လက်ချောင်းထိပ်ဖျား၌ သိပ်သည်းလာခဲ့ကာ ထို ရက်စက်သောအမျိုးသမီး၏ အသက်ကို ယူဆောင်ရန် အဆင်သင့်ဖြစ်လာခဲ့သည်။
လျိုမေ၏ စိတ်နှင့်ခန္ဓာကိုယ် ပတ်လည်၌ သေဆုံးခြင်း အရိပ်က ဝန်းရံလာကာ သူမအသွင်က သေလောက်အောင် ဖြူရောနေသည်။အစောပိုင်းတည်းက ဝမ်လင်း လက်ချောင်းတိုက်ချက်ဖြင့်ပင် သူမ မူလစိတ်ဝိညာဉ်က ဒဏ်ရာရနေခဲ့ပြီး ဖြစ်သည်။ သူမခန္ဓာကိုယ်ထဲ၌ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် မြောက်များစွာ ရှိနေခဲ့ခြင်းကြောင့် မဟုတ်ပါက သူမက သေဆုံးနေလောက်ပြီ ဖြစ်သည်။
လျိုမေက အာခေါင်ခြစ်၍ အော်လိုက်၏။ “လီအာ…”
ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။ သူက ကောင်းကင်ဘုံသက်တော်စောင့် ဝန်းရံထားသော အနက်ရောင်မြူက ပြင်းထန်စွာ တဝီဝီလှည့်ပတ်လာသည်ကို တွေ့မြင်လိုက်ရ၏။ ၎င်းက စူးရှရှ ဟစ်ကြွေးလိုက်ရာ ထိုအသံများက ဝမ်လင်းထံသို့ ဓားများအလား တိုးဝင်လာပြီး သူ့နှလုံးသားအား စုတ်ဖြဲလာသကဲ့သို့ ထင်မှတ်ရ၏။
ဝမ်လင်း မျက်လုံးထဲ၌ ဝမ်းနည်းမှု အငွေ့အသက်တို့ ဖြစ်ပေါ်လာသည်။သို့သော် သူက တုံ့ဆိုင်းခြင်းမရှိ ရှေ့သို့သာ ထိုးဆိုက်လိုက်သည်။ သူ့လက်ချောင်းက လျှပ်စီးအလင်းတန်းအလား လျိုမေထံသို့ ဝင်ရောက်လို့သွားသည်။
ထိုအန္တရာယ်အခိုက်အတန့်တွင် လျိုမေမျက်လုံးများက မျှော်လင့်ချက်မဲ့မှုတို့နှင့်သာ ပြည့်လို့နေတော့သည်။ သို့သော် ဝဲကတော့တစ်ခုက သူမရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုဝဲကတော့က မှောင်နက်လို့နေ၏။
အနည်းငယ် သွေ့ခြောက်သော လက်တစ်ဖက်က ထိုဝဲကတော့ထဲကနေ ထွက်ပေါ်လာကာ ဝမ်လင်း၏ လက်ချောင်းတိုက်ချက်ကို ဆန့်ကျင် ဖိနှိပ်လိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ ဝမ်လင်းခန္ဓာကိုယ်က နောက်သို့ လွင့်စင်ထွက်သွားသည်။ သူ့အသွင်က ဖြူရောလို့သွားကာ သွေးများစွာ အန်ထုတ်လိုက်ရ၏။ သို့သော် သူ့မျက်လုံးများကတော့ အလွန်တရာ အေးစက်လို့နေသည်။
“အာ…မသေဘူးလား…” ဝဲကတော့ထဲမှ ရှေးဟောင်းအသံတစ်ခု ထွက်ပေါ်လာသည်။ ထိုခြောက်ကပ်သောလက်က လျိုမေကို ဖမ်းကိုင်ယူကာ ဝဲကတော့ထဲသို့ တိုက်ရိုက် ဆွဲသွင်းလိုက်၏။
“သင် သူမကို ကယ်တာနဲ့ ဟွမ်မိသားစုက အမြစ်ဖျက် သုတ်သင် ခံရမယ်…” ဝမ်လင်းအသံက ရေခဲအလား အေးစက်နေသည်။ သူက ဝဲကတော့ကို စူးစိုက်ကြည့်နေ၏။ လျိုမေကို ကယ်တင်သွားသည့်လူက ဟွမ်မိသားစု၏ဘိုးဘေး ဖြစ်မည်မှာ ရှင်းလင်းနေပေသည်။
သူက ထိုသို့ ပြောလိုက်ရင်းဖြင့် ရှေ့သို့ ဆက်တိုးလာကာ လင်းထျန်ဟူ၏ဓားစွမ်းအင်ကို ချက်ခြင်း သိပ်သည်းလိုက်သည်။ သူ့လက်ချောင်းကို လျှပ်စီးတန်းအလား ညွှန်လိုက်ရာ ဓားစွမ်းအင်နှင့်အတူ ဝဲကတော့ထံသို့ တိုက်ရိုက် တိုးဝင်သွားချေ၏။
“မောက်မာလိုက်တဲ့ ဂျူနီယာ…မင်းမှာ ယင်နဲ့ယန်အဆင့် ရုပ်သေးရုပ် ရှိတယ်ဆိုပေမဲ့လည်း မင်းက ဒီအဘိုးအိုရဲ့ ပြိုင်ဘက်ဖြစ်ဖို့ လိုသေးတယ်။ မင်းနဲ့ဟွမ်မေတို့ကြားမှ အတိတ်တစ်ခု ရှိခဲ့မှာကြောင့် ဒီအဘိုးအိုက မင်းတို့ကြားက ရန်ကြွေးကို ဝင်မစွက်ဖက်တော့ဘူး။ ဒါပေမဲ့ မင်းကသာ ဒီလို ဆက်လုပ်လာရင် ဒီအဘိုးအိုက မင်းက အလွတ်မပေးတော့ဘူး…”
ဝဲကတော့ထဲမှ ရှေးဟောင်းအသံက ထွက်ပေါ်လာသည်။ သူက လျိုမေကို ဖမ်းဆွဲယူကာ ဝဲကတော့ထဲသို့ လုံးဝ ဝင်ရောက်သွားသည်။
သို့ရာတွင် ထိုအခိုက်အတန့်၌ လင်းထျန်ဟူ၏ ဓားစွမ်းအင်က ဝဲကတော့ကို တိုက်ရိုက် ဖြတ်ကျော်ကာ အခြားတစ်ဖက်ရှိ ဟွမ်မိသားစုဘိုးဘေးထံသို့ တိုးဝင်လို့သွားသည်။
***