Switch Mode

အပိုင်း(၇၂၈)

ရောက်လာပြီ…

ကောင်းကင်ထက်မှ ကောင်းကင်ဘုံသမီးပျို တစ်ယောက်ကဲ့သို့ ဆင်းသက်လာသော လျိုမေကို ကြည့်ကာ အပူအပင်မဲ့သာမက စွန်ရှီသည်လည်း သူ့တိုက်ပွဲစိတ်ဆန္ဒကို ဆုံးရှုံးကာ ရုန်းကန်နေရဟန် ဖြစ်ပေါ်နေ၏။

အာဏာတက်ခြင်းအလယ်အဆင့်သို့ ရောက်နေသော ရွင်မိသားစုဘိုးဘေးတစ်ယောက်သာ သူ့စိတ်ကို ရှင်းလင်းအောင် ထိန်းထားနိုင်စွမ်း ရှိသည်။သို့သော် သူလည်း ကြာကြာထိန်းထားနိုင်လိမ့်မည် မဟုတ်ပေ။သူ့စိတ်ထဲတွင် ကောင်းကင်မှ ဆင်းသက်လာသော အမျိုးသမီး၏ အသံက ကောင်းကင်ဘုံ၏ တေးသံအလား ထင်မြင်မိနေသည်။

“ပုံရိပ်ယောင်တစ်သောင်းရက်စက်ခြင်းနယ်ပယ်…” ရွင်မိသားစုဘိုးဘေး၏ အသွင်က ကြီးစွာ ပြောင်းလဲသွားသည်။ သူ့ကိုယ်တွင်း၌ မီးတောက်တစ်ခု လောင်ကျွမ်းလို့လာသည်။ယင်းမီးတောက်က သူ့မူလစိတ်ဝိညာဉ်နှင့်မူလစွမ်းအင်တို့ ပေါင်းစပ်ခြင်းမှ ဖြစ်ပေါ်လာခဲ့ခြင်းပင်။ ထိုအတွက်ကြောင့် သူ့ကျင့်ကြံမှုအဆင့်က ခုန်ပေါက်တက်သွား၏။

သည့်နောက် သူက မာန်သွင်းလိုက်သည်။ သူ့မာန်သွင်းသံက ကောင်းကင်နှင့်မြေကြီးကိုပင် လှုပ်ခါသွားစေသလား ထင်မှတ်ရ၏။

စွန်ရှီမျက်လုံးက ကြည်လင်မှု ပြန်ရလာကာ သူ့စိတ်နှလုံးထဲ၌ ကြောက်လန့်မှုကို ခံစားလိုက်ရသည်။

လျိုမေအသွင်က ပုံမှန်ပင်ဖြစ်ကာ သူမက မျက်လုံးမှိတ်ထားရင်း ခပ်တိုးတိုး ဆိုလာသည်။ “နင်တို့သုံးယောက်က ငါ့ပြိုင်ဘက်မဟုတ်ဘူး။ နင်တို့က ငါနဲ့အတူဟွမ်မိသားစုကို လိုက်ခဲ့ရင် အသက်ရှင်ဖို့ အခွင့်ရေးတစ်ခု ရကောင်းရနိုင်သေးတယ်…”

ရွင်မိသားစုဘိုးဘေ၏ ခန္ဓာကိုယ်က ခုချိန်၌ မီးတောက်များနှင့် ဖုံးလို့နေခဲ့ပြီ ဖြစ်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခု ဖြစ်ပေါ်စေကာ ပင့်မြှောက်၍ အောက်သို့ ဖိချလိုက်သည်။ရွင်မိသားစု၏ မိုးကြိုးလက်ဝါးက ချက်ခြင်း ပေါ်ထွက်လာကာ လျှပ်စီးတန်းက သူ့ထက်ထဲကနေ ထိုးထွက်ပြီး လျိုမေထံသို့ တိုက်ရိုက် တိုးဝင်သွားသည်။

လျိုမေက အကူအညီမဲ့ဟန်ဖြင့် သူမ၏ ဆံပင်ကို ညင်သာစွာ ပင့်သပ်လိုက်သည်။ သူမ၏ ကျောက်စိမ်းလိုလက်ချောင်းလေးက ရှေ့သို့ ရွှေ့လျားသွားကာ မျက်လုံးထဲ၌လည်း ရက်စက်မှုတစ်ခု ဖျပ်ခနဲ ဖြစ်ပေါ်သွားသည်။ သူမလက်ချောင်းထိပ်က မိုးကြိုးနှင့် ထိမိသည့်အခါ ၎င်းက တုန်ယင်၍ ရုတ်တရက် ပျောက်ကွယ်လို့သွားသည်။

လျိုမေက တိုးညင်းစွာ ပြောလိုက်၏။ “နင်တို့က နင်တို့ရဲ့စိတ်ဝိညာဉ်ကို လောင်ကျွမ်းချင်နေတော့လည်း နည်းနည်းလောက် ပိုပြီး ခပ်ကြမ်းကြမ်း လောင်ကျွမ်းလိုက်ကြချေ…”

သူမက ဤသို့ပြောလိုက်သည့်နောက် ရွင်မိသားစု၏ နောက်ရှိ အပူအပင်မဲ့ကျောက်၏မျက်လုံးထဲမှ ရူးသွပ်မှုက ပို၍ပင် အားကောင်းလာခဲ့တော့သည်။ သူက ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သည့် အခြေအနေသို့ ဆိုက်ရောက်နေ၏။ သူ့မျက်လုံးထဲ၌ ကောင်းကင်နှင့်မြေကြီးပင် မတည်ရှိတော့ဘဲ သူ့ရှေ့ရှိ အမျိုးသမီးသာ တစ်ခုတည်းသော တည်ရှိမှုဟု ထင်မြင်လို့နေသည်။

တုံ့ဆိုင်းခြင်းမရှိဘဲ သူက ရှေ့သို့ တိုးလာကာ ရွင်မိသားစုဘိုးဘေးကို ပိတ်ဆို့လာသည်။သူ့ခန္ဓာကိုယ်ထဲရှိ မူလစိတ်ဝိညာဉ်သည်လည်း ရုတ်တရက် လောင်ကျွမ်းလာသည်။သည်လောင်ကျွမ်းမှုက သူ့မူလစိတ်ဝိညာဉ်တင်မကဘဲ သူ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကိုပါ လောင်ကျွမ်းလာခြင်း ဖြစ်သည်။

“နင် ရောဘဲ…” လျိုမေအကြည့်က စွန်ရှီထံသို့ ကျရောက်သွားသည်။

စွန်ရှီက သူ့စိတ်နှလုံးကို ဖိနှိပ်လို့ထား၏။သို့သော် လျိုမေအသံကို ကြားလိုက်ရသည့်နောက် ထိုဖိနှိပ်ထာမှုက ချက်ခြင်း ပြိုပျက်သွားသည်။သူ့ခန္ဓာကိုယ်က တုန်ယင်လာကာ သူ့မျက်လုံးထဲ၌လည်း အပူအပင်မဲ့ကဲ့သို့ ရူးသွပ်မှုမျိုး ပေါ်ထွက်လာခဲ့သည်။ သူကလည်း သူ့မူလစိတ်ဝိညာဉ်ကို ကျွမ်းလောင်စေကာ သူ့ခွန်အား၏ အထွတ်အထိပ်ကို ထုတ်ဖော်လာခဲ့သည်။သူ့လက်ချောင်းက ဓားတစ်လက်အသွင် ဖြစ်ပေါ်ကာ ရွင်မိသားစုဘိုးဘေးထံသို့ ချက်ခြင်း ညွှန်လိုက်လေ၏။

ရွင်မိသားစုဘိုးဘေးက သနားပြုံးပြုံးကာ ဆိုလာသည်။ “ကျောက်ချူဝမ်၊စွန်ရှီ…မင်းတို့နှစ်ယောက်အတွက် ငါ စိတ်မကောင်း ဖြစ်ရတယ်…”

သို့ရာတွင် အပူအပင်မဲ့နှင့်စွန်ရှီတို့က သူ့စကားကို လုံးဝ မကြားသည့်အလား သူတို့၏ မန္တာန်များကို ထုတ်ဖော် တိုက်ခိုက်လိုက်ကြသည်။သည့်နောက် သူတို့က ရွင်မိသားစုနှင့် သေသည့်အထိ တိုက်မည့် တိုက်ပွဲစိတ်ဆန္ဒကို ထုတ်ဖော်လိုက်ကြတော့၏။

လျိုမေက ပြုံးလိုက်သည်။ သူမက သည်နေရာသို့ မည်သူ့ကိုမျှ အတူခေါ်ဆောင်လာတာ မရှိခြင်းမှာ သူမကိုယ်တိုင် သည်နေရာတွင် ရှိနေသ၍ မရေမတွက်နိုင်သောကျင့်ကြံသူများက သူမအတွက် တိုက်ခိုက်ပေးရန် ဆန္ဒရှိလာမည်ကို သိနေသောကြောင့်ပင်။

သည်အရာကပင် ပုံရိပ်တစ်သောင်းကောင်းကင်နတ်ဆိုးတာအို မည်လေ၏။ ယင်းတာအိုဖြင့် ကမ္ဘာလောကထဲမှ အရာအားလုံးကို အသုံးချနိုင်ပေသည်။ဟွမ်မိသားစုဘိုးဘေးက လျိုမေအတွက် သွေးမျိုးဆက်ပြောင်းလဲပေးခဲ့ခြင်း၊ သူ့ကျင့်ကြံမှုအဆင့်ကို အလျော့ခံ၍ တန်ဖိုးပေးစပ်ခဲ့ခြင်းသည် သည်တာအိုကြောင့်ပင် ဖြစ်သည်။သူက ထိုတာအိုက ဒုတိယအဆင့်ကျင့်ကြံခြင်းသို့ ရောက်သွားသည့်အခါ မည်သို့စွမ်းအားမျိုး ဖြစ်လာမည်ကို တွေ့မြင်ချင်ခဲ့ပေသည်။

ဂြိဟ်တစ်ခုလုံးက ခုချိန်တွင် ငလျင်လှုပ်သည့်အလား ဖြစ်လို့နေသည်။ ကျယ်လောင်သောပေါက်ကွဲသံများက မြေကြီးထဲကနေ ထွက်ပေါ်နေ၏။ ရွင်မိသားစုဘိုးဘေး၏ စိတ်ထဲ၌ မျှော်လင့်ချက်ပျက်သုန်းခြင်းတို့နှင့် ပြည့်လို့နေတော့၏။ သူက သူ့မူလစိတ်ဝိညာဉ်ကိုလည်း စတင်လောင်ကျွမ်းခဲ့ပြီး ဖြစ်၏။ သူက အကောင်းဆုံးစွမ်းအား ထုတ်ဖော်နိုင်ရန်အတွက် ပြုလုပ်ခဲ့ကာ သူ့ကျင့်ကြံမှုအဆင့်က ရူးသွပ်ဖွယ် မြင့်တက်လာခဲ့တော့သည်။ သူက နယ်ပယ်စွမ်းအင်ကင်းမဲ့သည့် အာဏာတက်ခြင်းနောက်ဆုံးအဆင့်သို့ပင် ရောက်ရှိလာချေ၏။

သူ့ကျင့်ကြံမှုအဆင့်က မြန်ဆန်စွာ မြင့်တက်လာသော်လည်း သူ့နယ်ပယ်ကတော့ ဆက်၍ မလိုက်ပါနိုင်ခြင်းကြောင့် သူက တစ်ဝက်တစ်ပျက် အာဏာတက်ခြင်းနောက်ဆုံးအဆင့်ဟုသာ ဆိုရမည် ဖြစ်သည်။မည်သို့ပင်ဖြစ်စေ သူက အလွန်စွမ်းအားကောင်းလာခဲ့ပေသည်။

မာန်တစ်ချက်သွင်းကာ သူ့ခန္ဓာကိုယ်သည် မြန်ဆန်စွာ ဝေဝါးလာပြီး ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေလိုက်၏။ သူက ရုတ်တရက် လက်နှစ်ဖက်ကို ပူးကပ်လိုက်ရာ တောက်ပလွန်းသောအလင်းတစ်ခုက သူ့အား ဝန်းရံလို့လာ၏။သူက မန္တာန်တစ်ခုကို အသုံးပြုလိုက်ခြင်း မဟုတ်ဘဲ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်ကို တိုက်ရိုက် အသုံးပြုလိုက်ခြင်းပင်။သူက သူ့လက်ကို ပြန်ဖြန့်ကားလိုက်ချိန်၌ ရွှေရောင်အလင်းစက်များက ဓားများအလား အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြသည်။

ထိုအခိုက်အတန့်၌ စွန်ရှီနှင့် အပူအပင်မဲ့ကျောက်တို့၏ ခန္ဓာကိုယ်များကလည်း ပျောက်ကွယ်လုနီး ဝေဝါးလာခဲ့သည်။သူတို့၏ ခန္ဓာကိုယ်တစ်ခြမ်းကလည်း ပျောက်ကွယ်သွားပြီးဖြစ်ကာ ကျန်နေသေးသော တစ်ဝက်သည်လည်း လေဟာနယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။သူတို့မျက်လုံးထဲရှိ ရူးသွပ်မှုက ပိုအားကောင်းလာကာ ချက်ခြင်းပင် သူတို့နှစ်ယောက်က ကိုယ့်ကိုကိုယ် ဖျက်စီးပစ်လိုက်ကြလေတော့သည်။

ဘုန်း…။

ဘုန်း…။

သူတို့၏ မူလစိတ်ဝိညာဉ်နှင့်ခန္ဓာကိုယ်ကို လောင်ကျွမ်းကာ ကိုယ့်ကိုကိုယ် ဖျက်စီးပစ်သော အာဏာတက်ခြင်းကျင့်ကြံသူနှစ်ယောက်ကြောင့် ရွင်ယွမ်ဂြိုဟ်အတွက် ဧရာကပ်ဘေးတစ်ခုကို ဖြစ်သွားစေသည်။

ကောင်းကင်က ပြိုကျလာကာ မြေပြင်က ပေါက်ကွဲထွက်လာသလား ထင်မှတ်ရ၏။ရွင်ယွမ်ဂြိုဟ်၏ ပင်လယ်များက ပေပေါင်းများစွာ မြင့်တက်ကာ မြေပြင်ပေါ်သို့ ပြန်ပြန် ဆောင့်ကျလာတော့သည်။

ရွင်ယွမ်ဂြိုဟ်၏ စိတ်ဝိညာဉ်သွေးကြောများအားလုံးကလည်း အမှုန်အမွှားဖြစ်ကုန်ကာ ပေါက်ကွဲထွက်ကုန်ကြ၏။

စွန်ရှီနှင့်အပူအပင်မဲ့ တို့၏ မူလစိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်များက ပျောက်ကွယ်သွားကြသည်။သူတို့က သည်လိုနည်းနှင့် သေဆုံးသွားခဲ့ကြရပေ၏။

ပေါက်ကွဲမှု၏ အလယ်ဗဟိုတွင် ရှိနေသော ရွင်မိစားစုဘိုးဘေးက သူ့ကျင့်ကြံမှုအဆင့်ကြောင့် ခုခံလိုက်နိုင်သော်လည်း သူက သွေးများ ရွှဲရွှဲစိုသွားလေ၏။ သူ့မျက်လုံးများက နီရဲတွတ်နေကာ သူ့ရှေ့ရှိ လျိုမေ့ကို ကြည့်၍ ဆဲဆိုလိုက်၏။ “စက်ဆုပ်ဖို့ကောင်းတဲ့ ခွေးမ၊ ဒါက နင်နဲ့ငါ့ကြားက တိုက်ပွဲပဲ၊ ဒါကို ဘာကြောင့်များ ဒီဂြိုဟ်နဲ့ သေမျိုးတွေထိ ပျံ့နှံ့စေခဲ့ရတာလဲ…”

လျိုမေက ပြုံး၍ ညင်သာစွာ ပြောလိုက်သည်။ “ငါက ခုထိ တစ်စက်ကလေးတောင် မတိုက်ရသေးဘူး။ နင်တို့သုံးယောက်ကသာ အချင်းချင်း တိုက်ခိုက်လိုက်ကြတာ၊ ခုလို ဖြစ်သွားတာ ငါနဲ့ ဘာဆိုင်လို့လဲ…”

ရွင်မိသားစုဘိုးဘေးက ခေါင်းမော့ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သည်ရယ်သံထဲ၌ မျှော်လင့်ချက်မဲ့မှုနှင့် ဝမ်းနည်းမှုတို့ ပြည့်လို့နေလေ၏။ သူက ရယ်မောနေရင်းဖြင့် မျက်လုံးထောင့်မှ မျက်ရည်စများ ကျဆင်းလာကာ အောက်ရှိ မြေပြင်သို့ ငုံ့ကြည့်လိုက်သည်။ မူလက လှပသောဂြိုဟ်တစ်ခုက အပျက်အစီးပုံကြီးတစ်ခု ဖြစ်လို့သွားခဲ့လေပြီ။ သူက သူသာ သူ့ကိုယ်သူ ဖျက်စီး၍ တိုက်ခိုက်လျှင် လျိုမေကို ဒဏ်ရာရသွားအောင် လုပ်နိုင်မည်ကို သိထား၏။သို့သော် ရွင်ယွမ်ဂြိုဟ်ကလည်း အပျက်အစီးဂြိုဟ်တစ်ခုကဲ့သို့ လုံးလုံးလျာလျာ ဖြစ်သွားပေလိမ့်မည်။

“ဒါက ငါ့အိမ်…” သူ့မျက်နှာပေါ်၌ ခါးသီးမှုများနှင့် ပြည့်နေကာ သူက လျိုမေကို ကြည့်၍ တစ်လုံးချင်း ဆိုလာခဲ့သည်။ “ငါ ရွင်ရွှယ်ဖန်က ငါ့ကျင့်ကြံမှုကို အသုံးပြုပြီး နင့်ကို အုတ်ဂူတစ်ခုတောင် မရှိစေပဲ သေပါစေလို့ ကျိန်ဆိုတယ်။ ဒါ့အပြင် ဟွမ်တန်ကို သက်လိုက်တာက ငါတို့ သုံးယောက် မဟုတ်ဘူး။ ရှုမူဆိုတဲ့လူသာ ဖြစ်တယ်…”

သူက ထိုသို့ပြောလိုက်ရင်း သူ့ညာလက်ကို မြှော်ကာ နဖူးထက်သို့ ရိုက်ချလိုက်သည်။သူ့မူလစိတ်ဝိညာဉ်က ချက်ခြင်း ပျက်စီးကာ အက်ကွဲသံများ ထွက်ပေါ်လာခဲ့၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း လျိုမေ၏ တည်ငြိမ်သော အကြည့်ရှေ့တွင် ဖြည်းဖြည်းချင်း ဝေဝါးပျောက်ကွယ်လာခဲ့သည်။ တစ်ဖြည်းဖြည်းဖြင့် သူက ဖုန်မှုန့်အဖြစ်သို့ ပြောင်းကာ မြေပြင်ပေါ်သို့ ကျဆင်းသွားချေသည်။

“ငါက ရွင်ယွမ်ဂြိုဟ်ပေါ်မှာ မွေးတဲ့အတွက် ဒီဂြိုဟ်ပေါ်မှာပဲ သေမယ်။ ငါ ရွင်ရွှယ်ဖန်က ငါ့ဂြိုဟ်ကို ကာကွယ်ဖို့အတွက် အကောင်းဆုံးလုပ်ခဲ့ပြီးပြီး၊ မင်း ရှုမူကတော့ တကယ့်ကို စက်ဆုပ်ဖို့ကောင်းတဲ့လူ ဖြစ်တယ်။ မင်းလည်း ဟွမ်မေနဲ့အတူ သေဆုံးသွားပါစေလို့ ငါ ကျိန်ဆိုတယ်…”

လျိုမေမျက်လုံးများက မထူးခြားနားဟန်ကိုသာ ပြသလို့နေ၏။သူမက သူ့အောက်ရှိ မြေပြင်ကို ကြည့်ကာ တစ်လှမ်းချင်း ဆင်းသက် ဦးတည်လာသည်။

“ရွင်မိသားစု၊ ကျောက်မိသားစု၊စွန်မိသားစုကကို အမြစ်ဖျက်ပစ်ဖို့ လိုအပ်တယ်။ ဒါက ဆရာ့ရဲ့ တောင်းဆိုးမှုပဲ။ ငါနဲ့ ဘာမှ မသက်ဆိုင်ဘူး။ ရှုမူဆိုတဲ့လူလည်း ရှိသေးတယ်…။ဒီလူက နည်းနည်း ထူးဆန်းနေသလိုပဲ…”

လျိုမေက စိတ်ထဲ၌ တွေးနေကာ ရုတ်တရက် မျက်မှောင်ကြုတ်သွား၏။ သူမနတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ကာ ဂြိုဟ်၏ တောင်ပိုင်းအစွန်ဆုံးနေရာတွင် ရပ်တန့်လိုက်သည်။

“ဒါက ကိုယ်ပွားပဲ။ ဒီစွန်ကျင့်ကြံသူက စိတ်ဝင်စားစရာပဲ။ဒီဟာက ကျန်တဲ့ ရွင်မိသားစုဘိုးဘေးနဲ့ ကျင့်ကြံသူကျောက် တို့မှာလည်း ဒီလိုမျိုး ကိုယ်ပွား ရှိနေနိုင်တယ်လို့ ဆိုလိုနေတာ ဖြစ်တယ်…”

လျိုမေက တခစ်ခစ် ရယ်မောလိုက်သည်။ထိုကိုယ်ပွားက အလွန်ဖုံးကွယ်နေခဲ့ပေသည်။ မူရင်းခန္ဓာကိုယ် သေဆုံးသွားချိန်တွင် ၎င်းကိုယ်ပွားထံမှ တုန်ခါလှိုင်းတစ်ခု ထွက်ပေါ်သွားခြင်းကြောင့်သာ မဟုတ်လျှင် လျိုမေက ထိုကိုယ်ပွားကို ရှာတွေ့မိနိုင်လိမ့်မည် မဟုတ်ပေ။

ရွင်ယွမ်ဂြိုဟ်၏ တောင်ဘက်ပိုင်းရှိ မြို့တစ်မြို့တွင် လူငယ်တစ်ယောက်က အိမ်ထဲ၌ ထိုင်လို့နေ၏။သည်လူငယ်က စွန်ရှီနှင့် ဆင်တူလှကာ သူ့မျက်နှာက ခါးသက်မှုများနှင့် ပြည့်လို့နေသည်။

လွန်ခဲ့သော လေးနှစ်က သူတို့သည် ဟွမ်မိသားစုဝင်ကို သတ်မိလိုက်သည့် အမှားကြီး တစ်ခု လုပ်ခဲ့မိကတည်းက သူတို့သုံးယောက်လုံးသည် သူတို့၏ ကိုယ်ပွားများကို သန့်စင်မွန်းမံရာ၌သာ အာရုံစိုက်ထားခဲ့ကြ၏။ သို့သော် ထိုကိုယ်ပွားများက တိုက်ပွဲ ဝင်နိုင်ခြင်း မရှိလောက်အောင် အားနည်းကြပေ၏။

မည်သို့ပင်ဖြစ်စေ ၎င်းကိုယ်ပွားများက သူတို့အသက်ဆက်ရှင်သန်နိုင်ဖို့အတွက် နည်းလမ်းတစ်ခုတော့ ဖြစ်လို့နေဆဲပင်။

ရွင်မိသားစုဘိုးဘေးက လွန်ခဲ့သော နှစ်ရာချီလောက်ကတည်းက ကိုယ်ပွားတစ်ခုကို လျှို့ဝှက်၍ သန့်စင်နေခဲ့ပြီးဖြစ်ကာ ၎င်းက ဂြိုဟ်ကနေ ထွက်ခွာသွားနိုင်သည့် အဆင့်သို့ ရောက်ရှိခဲ့ပြီး ဖြစ်၏။ ၎င်းက အခြားရွင်မိသားစုအဖွဲ့ဝင်များနှင့်အတူ လွန်ခဲ့သောနှစ်နှစ်ကတည်းက ဂြိုဟ်ကနေ ထွက်ခဲ့သွားခဲ့ပြီ ဖြစ်၏။ အပူအပင်မဲ့ကျောက်တွင်တော့ နည်းစနစ်ကင်းမဲ့မှုကြောင့် သူက သူ့မူလစိတ်ဝိညာဉ်ကို နှစ်ပိုင်းခွဲနိုင်ခြင်း မရှိခဲ့ပေ။ဆိုလိုသည်က သူက ကိုယ်ပွားတစ်ခုကို သန့်စင်နိုင်ခြင်း မရှိဟူ၍ပင်။သို့ရာတွင် သူ့၌ အခြားနည်းလမ်း ရှိထား၏။ မည်သည့်နည်းလမ်းဖြစ်သည်ကိုတော့ မည်သူမျှ တိတိကျကျ မသိကြပေ။

စွန်ရှီကျတော့ သူ့ကိုယ်ပွားကို သန့်စင်နိုင်စွမ်း ရှိခဲ့သော်လည်း သူ့ကိုယ်ပွား၏ ကျင့်ကြံမှုအဆင့်က အမြုတေဖွဲ့တည်ခြင်းအဆင့်တွင်သာ ရှိလို့နေသေး၏။ထို့ကြောင့် သူက ဂြိုဟ်ကနေ ထွက်သွားနိုင်ခဲ့ခြင်း မရှိပေ။ အရင်တုန်းက သူ ဝမ်လင်းကို တွေ့သည့်အချိန်၌ သူက သည်ကိစ္စကို အကူအညီတောင်းရန် ကြံစည်လိုက်သေး၏။သို့ရာတွင် သူက ထိုသို့မမေးခင်မှာပင် ဝမ်လင်း၏ ငြင်းဆိုခြင်းကို ခံခဲ့ရသည်။

လျိုမေက တည်နေရာ ရွှေ့ပြောင်း၍ ရွင်ယွမ်ဂြိုဟ်၏ တောင်ဘက်ပိုင်းသို့ ရောက်ရှိလာ၏။ သူမက မြို့ထဲသို့ လှမ်းဝင်ရန် ပြင်လိုက်စဉ် ဆက်ခနဲ ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်လိုက်၏။ သူမ မျက်လုံးက ထူးဆန်းသောအလင်းတစ်ခုနှင့် ပြည့်နှက်သွားသည်။

“ဒီအော်ရာ…”

ငွေရောင်အလင်းတန်းတစ်ခုက ကြယ်များကြားတွင် ဖြတ်သန်း၍ လာနေကာ ရွင်ယွမ်ဂြိုဟ်အပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။ဝမ်လင်းက ထိုကြယ်သံလိုက်အိမ်မြှောင်ပေါ်တွင် ထိုင်လျက် ရှိနေသည်။ သူက ရွင်ယွမ်ဂြိုဟ်ရှိ သုံးယောက်ထံမှ ကောင်းကင်ဘုံ ကျောက်စိမ်းပြားများကို ယူဆောင်ခဲ့ပေသည်။ထို့ကြောင့် အနည်းဆုံးတော့ သူက ကတိပေးထားခဲ့သည့်အတိုင်း လုပ်ဆောင်ပေးမည် ဖြစ်၏။ မဟုတ်လျှင် သူ့အတွက် အခုလို ပြန်လာစရာ အကြောင်း မရှိပေ။

သူ့အသွင်က ပုံမှန်အတိုင်း ရှိနေ၏။သို့သော် သူက ရွင်ယွမ်ဂြိုဟ်ပတ်လည်ရှိ အားကောင်းသော ချိပ်ပိတ်ခြင်းအစီအရင်ကို တွေ့မြင်လိုက်သည့်အခါ သူ့မျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။ သူက ကြယ်သံလိုက်အိမ်မြှောင်ပေါ်၌ မတ်တပ်ထရပ်ကာ အတားအဆီးများကို စူးစိုက်ကြည့်လိုက်၏။

“ငါထွက်သွားတုန်းက ဒီနေရာမှာ ဒီအတားအဆီး မရှိသေးဘူး…” ဝမ်လင်းက အတားအဆီးများနှင့် ပတ်သတ်၍ ကောင်းစွာ နားလည်ထားသည့်သူ ဖြစ်သည်။ သူက သည်အတားအဆီးကို အချိန်တိုအတွင်း မချိုးဖျက်နိုင်သော်လည်း အထဲကိုတော့ အထိအခိုက်မရှိ ဝင်ရောက်နိုင်ပေသည်။

သူက အနည်းငယ် စဉ်းစားပြီးနောက် ရွင်ယွမ်ဂြိုဟ်ရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းလာခဲ့တော့၏။

ရွင်ယွမ်ဂြိုဟ်ပေါ်တွင် လျိုမေက ခေါင်းမော့၍ ကြည့်နေရင်း သူမမျက်လုံးထဲရှိ ထူးဆန်းသောအလင်းက ပိုပို၍ အားကောင်းလာခဲ့လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset