“လမြွေနဂါးက ဒီနေရာမှာ ဘာကြောင့် ပေါ်လာခဲ့ရတာလဲ။ ဘယ်သူကမှ ဒီလို မြင်သာတဲ့ သတ္တုကြောကို ဘာကြောင့် မယူဆောင်သွားခဲ့ကြတာလဲ…”
မေးခွန်းတစ်ခုပြီးတစ်ခုက ဝမ်လင်း စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။သူက သတ္တုကြောကို စူးစိုက်ကြည့်ကာ မည်သည့်ဆုံးဖြတ်ချက်ကိုမှ အလျင်စလို မချမှတ်သေးပေ။
သတိထားတက်ခြင်းက အရာရာကို မေးခွန်းထုတ်တက်စေ၏။ သည်နေရာတွင် ထူးဆန်းမှုများစွာ ရှိနေကာ သူက ဂရုမစိုက်မိလျှင် ကြီးစွာ ဒုက္ခရောက်သွားနိုင်ပေ၏။
သူ့နှလုံးသားထဲမှ သတ္တုကြောကို ချက်ခြင်း ယူဆောင်လိုစိတ်အား ဖိနှိပ်ထားရင်း ဝမ်လင်းက သူ့ပတ်လည်ရှိ သတ္တုကြောအတိုင်း ဂရုတစိုက် လျှောက်လှမ်းလာသည်။ ဝမ်လင်းစိတ်ထဲရှိ ရှုပ်ထွေးမှုက ပိုပို၍ အားကောင်းလာခဲ့သည်။
သူ့အမြင်တွင် သည်သတ္တုကြောက သေသပ်လွန်းနေ၏။ သည်ကြောက အစကနေအဆုံးထိ တူညီသောအထူသာ ရှိလုနီးနီး ဖြစ်နေ၏။
“သဘာဝအတိုင်း ဖြစ်ပေါ်တဲ့ သတ္တုကြော တွေဆိုရင် ဒီလိုမျိုး သေသေသပ်သပ်နဲ့ တသတ်မှတ်တည်း ဖြစ်နေမှာ မဟုတ်ဘူး။ ဒီသတ္တုကြောက အရိုးတွေ အရှည်ကြီး ဆက်ထားတာဲ့တောင် ပိုတူနေတယ်…”
သည်လိုတွေးမိလိုက်ကာ ဝမ်လင်းခန္ဓာကိုယ်က ရုတ်တရပ် တန့်သွားပြီး သူ့မျက်လုံးထဲ၌ ထူးဆန်းသောအရောင်တစ်ခု ဖြစ်ပေါ်သွားသည်။ သူက သတ္တုကြောကို စူးစိုက်ကြည့်နေရင်း သူ့နှလုံးသားက ဆူပွက်လာခဲ့သည်။
“အရိုး…ဒါက မမြင်ရတဲ့အားတစ်ခုကြောင့် ကျန်နေခဲ့တဲ့ အရိုးတစ်ခု ဖြစ်နေနိုင်လား…”
သူက မည်သို့သောသားရဲမျိုးက သည်လိုအရိုးမျိုး ရှိနေနိုင်မည်ကို စိတ်ကူးကြည့်၍ပင် မရချေ။
အနည်းငယ် စဉ်းစားပြီးနောက် သူက သတ္တုကြောအတိုင်း ဆက်လက်၍ သွားနေသည်။သည်အခိုက်အတန့်၌ မြေပြင်က ရုတ်တရက် တုန်ခါ သွားကာ ဝမ်လင်းထံက အရပ်မျက်နှာအနှံ့မှ တုန်ခါလှိုင်းများကို ခံစားလိုက်ရသည်။ သည်တုန်ခါလှိုင်းများက အပေါ်သို့ တက်သွားနေခြင်း ဖြစ်၏။
ဝမ်လင်းက သူ့ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို သိပ်သည်းစေလိုက်သည်။သူ့မျက်လုံးထဲ၌လည်း ကြောက်လန့်မှုနှင့် ပြည့်လာ၏။ သူ့နတ်ဘုရားအာရုံက ဖြန့်ကျက်ထားဆဲ ဖြစ်ရာ သူက သည်သတ္တုကြောထံကနေ မရေမတွက်နိုင်သော လက်တံများ ထွက်ပေါ်ကာ မြေပြင်ထက်သို့ ချဲ့ထွက်နေသည်ကို တွေ့မြင်လိုက်ရ၏။ နောက်ဆုံးတွင် ထိုလက်တံအမျှင်များက မျက်နှာပြင်ပေါ်ရှိ အက်ကွဲကြောင်းများထဲမှ ထိုးထွက်သွားကာ စတင်၍ လူးလားခေါက်တုံ့ ယိမ်းထိုး ဝှေ့ခါနေချေသည်။
ဝမ်လင်းက ခဏတာ မှင်သက်လို့သွားသည်။သို့သော် သူက ချက်ခြင်းပင် ခေါင်းငုံ့ကာ သတ္တုသွေးကြောကို ကြည့်လိုက်၏။ သူ့မျက်လုံးထဲရှိ ထူးဆန်းမှုက ပိုအားကောင်းလာခဲ့သည်။
“ဒီမြင်ကွင်းက ရင်းနှီးနေသလိုပဲ…”
သတ္တုကြောကို စူးစိုက်ကြည့်နေရင်း ဝမ်လင်းမျက်လုံးက ရုတ်တရက် လက်ခနဲ ဖြစ်သွားကာ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒီနေရာက လက်တံအမျှင်တွေနဲ့ ဖုံးအုပ်ထားပြီး ဂြိုဟ်တစ်ခုလုံးက အမွှေးအမျှင်လက်တံတွေကြီးထွားနေသလိုမျိုး ထင်ရစေတယ်…”
“လမြွေနဂါးရဲ့ ဒုတိယပုံစံက ၎င်းခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမွှေးအမျှင်တွေအားလုံးကို ပြန်ရုတ်သိမ်းလိုက်တဲ့အချိန်ပဲ ဖြစ်တယ်။ ဒါ့ကြောင့် ဒါက အိပ်မောကျနေတဲ့ အချိန်လို့ ပြောလို့ရတယ်။ ဖြစ်နိုင်တာက ငါ ရှိနေတဲ့ ယွမ်ရှဂြိုဟ် ကိုယ်တိုင်က အလွန်အမင်းကြီးမားတဲ့ လမြွေနဂါးကြီးများ ဖြစ်နေနိုင်လား…”
ဝမ်လင်းက ပင့်သက်ရှိုက်မိလိုက်သည်။ သူက သိပ်မဝေးသောနေရာရှိ သတ္တုကြောကို စူးစိုက်ကြည့်နေမိသည်။
“ဟုတ်ပြီ…ဒါ…ဒါက သတ္တုကြောမဟုတ်ဘူး၊ တကယ့်ကို အရိုးတစ်ခုပဲ။ ဒါပေမဲ့လည်း ဒါက သားရဲတစ်ကောင်ရဲ့ အရိုးမဟုတ်ဘူး။ လမြွေနဂါးကပ်ပါးကောင်ရဲ့ အရိုးတစ်ခုသာ ဖြစ်တယ်…”
ဝမ်လင်းနှလုံးသားက အေးစက်လာခဲ့သည်။
“ငါကသာ သတ္တုကြောကို ယူလိုက်တာနဲ့ ဒီလမြွေနဂါးကောင်ကို နိုးထသွားစေမှာ စိုးရိမ်မိတယ်။ ဒီလိုသာဆိုရင် ငါက သေဖို့ပဲရှိတယ်။ ငါဒီလိုလုပ်လိုက်တာက လမြွေနဂါးကိုယ် လုံးဝ နိုးထမလာစေနိုင်ဘူးဆိုရင်တောင် အရိုးကို ယူဖို့ကြိုစားတဲ့လူကို သတ်ဖို့အချိန်လောက်တော့ နိုးထလာမှာပဲ…”
ဝမ်လင်းက မည်သည့်ကျင့်ကြံသူမှ သည်နေရာသို့လာပြီး သည်သတ္တုကြော တစ်ဖြစ်လဲ အရိုးကို မယူဆောင်ရသည့် အကြောင်းရင်းကို နောက်ဆုံးတွင် နားလည်သွားတော့သည်။ သူတို့က ၎င်းကို မယူချင်လို့ မဟုတ်ဘဲ မယူဝံ့ခြင်းသာ ဖြစ်သည်။
“ဒီနေရာကို အရင်တုန်းက ရောက်လာခဲ့တဲ့လူတွေ ရှိမယ်လို့ ငါ ယုံကြည်တယ်။ ဒါပေမဲ့ သူတို့အားလုံးက သေသွားခဲ့ကြတာ ဖြစ်မယ်။ ဒီလိုဆိုရင် ဟွမ်မိသားစုဝင်က ပါးနပ်တယ်လို့ ဆိုရမယ်။ သူက မျက်နှာပြင်ပေါ်က အရိုးနည်းနည်းကိုပဲ ယူပြီး ချက်ခြင်း ထွက်ခွာသားတာပဲ ဖြစ်ရမယ်။ ဒါက သူကံကောင်းသွားတာလည်း ပါမှာပါ။ အခြားတစ်ယောက်ယောက်ကသာ ဒီလိုနည်းနဲ့ နည်းနည်းလေး အရိုးကို ထပ်ယူရင် လမြွေနဂါးကို နိုးလာစေနိုင်လောက်တယ်…”
ဝမ်လင်း စိတ်ထဲ၌ အတွေးမျိုးစုံ တဖျပ်ဖျပ် ဖြစ်လို့နေသည်။ သူက သည်နေရာကနေ မြန်ဆန်စွာ ထွက်ခွာသွားသင့်မှန်း သိနေ၏။ သူက သည်အကြောင်းကို ဆက်၍ မတွေးတောနေသင့်တော့ပေ။ သို့ရာတွင် သူက သတ္တုကြောကို ကြည့်ကာ မထွက်ခွာလိုဘဲ ဖြစ်နေသည်။
“ငါက ဒီအရိုးတစ်ခုလုံးကို လိုချင်တာ ဖြစ်တယ်။ဒါပေမဲ့လည်း ငါက ဒီလို လုပ်လိုက်တာနဲ့ လမြွေနဂါးက လုံးဝ နိုးထလာလိမ့်မယ်။ ငါသာ ဒီလို လုပ်လိုက်ရင် ၎င်းရဲ့ခန္ဓာကိုယ်က တိုက်ခိုက်ရေးပုံစံ ပြောင်းသွားပြီး ငါလည်း သေချာပေါက် သေရလိမ့်မယ်…ဒါပေမဲ့လည်း ငါက ဒါကို လက်မလျှော့ချင်သေးဘူး…အာ…”
ဝမ်လင်းက သက်ပြင်းမှုတ်ထုတ်လိုက်မိသည်။ သူ့မျက်လုံးက တလက်လက် ဖြစ်လို့နေ၏။ သူက ရှေးဟောင်းနတ်ဘုရား၏မှတ်ဉာဏ်ထဲမှ လမြွေနဂါးနှင့် ပတ်သတ်သည့် အကြောင်းအရာများအားလုံးကို ပြန်စဉ်းစားကြည့်နေသည်။
“ဒီလမြွေနဂါး ကပ်ပါးကောင်တွေက ရှေးဟောင်းနတ်ဘုရားတွေနဲ့အတူ ရှိခဲ့တယ်ဆိုတာကို အခြား သိတဲ့လူတွေ မရှိဘူး။ ဒါက ငါ့အတွက် အားသာချက်ပဲ။ဒီ လမြွေနဂါးက ရှေးဟောင်းနတ်ဘုရားတွေရဲ့ သွေးနဲ့ပဲ အသက်ဆက်ကြတာ…”
“လက်တံအမျှင်တွေက ဒီကောင်တွေရဲ့ အာရုံခံအင်္ဂါတွေပဲ…ငါက ၎င်းကို မနိုးစေဘဲ ဒီအရိုးကို ဘယ်လိုနည်းလမ်းနဲ့ ယူနိုင်မလဲ…”
ဝမ်လင်းမျက်လုံးက ထူးဆန်းသောအလင်းတို့နှင့် ပြည့်နေကာ သူက သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။ “အတိတ်တုန်းက ငါက ကောင်းကင်ဘုံတက်ခြင်းသစ်သီးတွေကို ဝါးမြိုခဲ့တုန်းက ရူးသွပ်တဲ့အခြေအနေ ရောက်သွားခဲ့ဖူးတယ်။အဲ့အချိန်တုန်းက တစ်စုံတစ်ယောက်က ငါ့ အရိုးကို လာထုတ်ယူသွားရင်တောင် ငါက ဒါကို ခံစားမိနိုင်လောက်မှာ မဟုတ်ဘူး။ငါကသာ ဒီလမြွေနဂါးကို အဲ့လို့မျိုး ပုံရိပ်ယောင်အခြေအနေမျိုး ဖြစ်အောင် လုပ်နိုင်ခဲ့ရင် ငါက ၎င်းရဲ့ အရိုးကို ယူကောင်း ယူနိုင်လိမ့်မယ်…”
ဝမ်လင်းက သတ္တုကြောအရိုးကို နှမြောတသဟန်နှင့် ကြည့်နေရင်း သက်ပြင်းမှုတ်ထုတ်လိုက်မိသည်။ သည့်နောက် ခြေတစ်လှမ်းဖြင့်ပင် သူက မြေပြင်ထက်သို့ ရောက်ရှိလာ၏။ သည့်နောက် သူက လေထဲ၌ တည်နေရာရွှေ့ပြောင်းလိုက်ရာ ယွမ်ရှဂြိုဟ်အပြင်ဘက်တွင် ပြန်ပေါ်လာခဲ့သည်။ကြယ်သံလိုက်အိမ်မြှောင်သည်လည်း မြန်ဆန်စွာ ပေါ်ထွက်လာပြီးနောက် သူ့ကို ယွမ်ရှဂြိုဟ်နှင့် အဝေးသို့ ခေါ်ဆောင်လို့သွားသည်။
အတော်လှမ်းသော အကွာအတေးတစ်ခုကနေ ကြယ်သံလိုက်အိမ်မြှောင်ကို စီးနင်းနေရင်း ဝမ်လင်းက ယွမ်ရှဂြိုဟ်ရှိရာသို့ ပြန်လည်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲ၌ ဆုံးဖြတ်ချက်ပြတ်သားဟန်တို့ ဖြစ်ပေါ်လို့နေသည်။
“ငါက လမြွေနဂါးရဲ့ အရိုး ရကို ရရမယ်။ ငါက ဒီလမြွေနဂါးထုံထိုင်းသွားအောင် ဆေးနဲ့ သန့်စင်မွန်းမံ ပစ်ရမယ်။ဒါပေမဲ့လည်း ငါက ဒီလိုလမြွေနဂါးကြီးကို ပုံရိပ်ယောင်ဝိုးဝဝါး အခြေအနေထဲ ရောက်သွားဖို့အတွက် ဆေးဝါးအများကြီး လိုအပ်မှာပဲ…”
အခြားတစ်ယောက်ယောက်က ဝမ်လင်းနည်းလမ်းလိုမျိုး တွေးမိခဲ့ပြီး လုံလောက်သေဆေးဝါးအများကြီး ရရှိခဲ့လျှင်ပင် သူတို့က လမြွေနဂါးကို စုပ်ယူအောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ရှေးဟောင်းနတ်ဘုရားများ၏ လမြွေနဂါးက လူတစ်ယောက် ရှေးဟောင်းနတ်ဘုရားနည်းစနစ်ဖြင့် ၎င်းကို အမိန့်မပေးလျှင် ရှေးဟောင်းနတ်ဘုရား၏ သွေးကလွဲ၍ ကျန်သည့်အရာများအားလုံးကို စုပ်ယူလိမ့်မည် မဟုတ်ပေ။
ဝမ်လင်းတွင်တော့ ရှေးဟောင်းနတ်ဘုရား၏ နည်းစနစ် ရှိလို့နေပေ၏။
ကြယ်သံလိုက်အိမ်မြှောင်တစ်ဖြစ်လဲ ငွေနဂါးက ကြယ်များကြား၌ ဖြတ်၍ ပျံသန်းလာသည်။ ဝမ်လင်းက ၎င်းပေါ်၌ သုန်မှုန်သောအသွင်နှင့် ထိုင်နေ၏။သည်ခရမီးစဉ်က လအတန်ကြာခဲ့သော်လည်း အချည်းနှီးအချိန်ဖြုန်းရုံသပ်သပ်သာ ဖြစ်ခဲ့လေသည်။
“ထားလိုက်ပါတော့လေ…ငါက နှစ်ရှစ်ရာကျော်လောက် စောင့်လာခဲ့ပြီးပြီးပဲ။နည်းနည်းဆက်စောင့်လည်း ဘာမှ မဖြစ်တော့ပါဘူး။ ငါက လုံလောက်တဲ့ကောင်းကင်ဘုံတက်ခြင်း သစ်သီးတွေရရင် ငါ ဒီနေရာကို ပြန်လာနိုင်တာပဲ…”
“ဒါပေမဲ့လည်း ငါက ဒီလောက်ကြီးမားတဲ့လမြွေနဂါးကြီးကို ရှာတွေမိလိမ့်မယ်လို့ မမျှော်လင့်မိခဲ့ဘူး။ ဒီလောက်ကြီးမားတဲ့လမြွေနဂါးကြီးကို သယ်ဆောင်ပြီး ရှေးဟောင်းနတ်ဘုရားတစ်ပါးက ကြယ်တွေဘယ်လောက်များများကိုများ ဖြတ်သန်းသွားလာခဲ့မလဲ။ ကြည့်ရတာ ဒီကပ်ပါးကောင်ကြီးက အိပ်ပျော်နေတာ မရေမတွက်နိုင်တဲ့ နှစ်တွေ ကြာမြင့်နေလောက်ပြီ။ ဘာကြောင့်လဲဆိုတော့ ၎င်းရဲ့မျက်နှာပြင်ပေါ်မှာ မြို့ပျက်တွေတောင် ရှိနေခဲ့လို့ပဲ…”
ဝမ်လင်းက သုန်မှုန်နေရာကနေ ပြေလျော့သွားပြီး သူက စတင်စဉ်းစားနေ၏။
‘ဒီလမြွေနဂါးက ဂြိုဟ်တစ်ခုပုံစံ ဖြစ်ပေါ်နေတာပဲ။ ဒါ့ကြောင့် ၎င်းက နိုးထလာတာနဲ့ ၎င်းမှာ ဘယ်လိုခွန်အားမျိုး ရှိနေမလဲ ငါသိချင်မိတယ်။ လင်းထျန်ဟူ၊ ရှေ့ဖြစ်ဟောသူနဲ့ တစ်ခြားသူတွေတောင် ဒီကောင်ကြီးကို မြင်ရင် ကြောက်ပြီး ထွက်ပြေးမှာ စိုးရတယ်။ ကံမကောင်းစွာနဲ့ ၎င်းက ၎င်းရဲ့သခင်ကလွဲလို့ ဘယ်သူ့စကားကိုမှ နားမထောင်တာပဲ။ ငါ့မူလခန္ဓာကိုယ် ဒီနေရာမှာ ရှိရင်တောင် ဒါက အသုံးဝင်လိမ့်မှာ မဟုတ်ဘူး…”
“မဟုတ်ရင် ငါသာ ဒီကောင်ကြီးကို ထိန်းချုပ်နိင်ပြီး မဟာမိတ်ကြယ်အဖွဲ့အစည်းရှိကို ပြန်ခေါ်သွားရင် ဘယ်လိုတောင် ပျော်ဖို့ ကောင်းလိုက်မလဲ…’
ဝမ်လင်းက ခါးသီးစွာ ပြုံးလိုက်ကာ ကြယ်သံလိုက်အိမ်မြှောင်ကို ရွင်ယွမ်ဂြိုဟ်ရှိရာသို့ ဦးတည်၍ ပျံသန်းသွားစေလိုက်တော့သည်။ တစ်ဖြည်းဖြည်းဖြင့် သူက ယွမ်ရှဂြိုဟ်နှင့် ပို၍ပို၍ ဝေးသွားတော့၏။
ရွင်ယွမ်ဂြိုဟ်ပေါ်တွင် ရွင်မိသားစု၏ဘိုးဘေး၊ အပူအပင်မဲ့ကျောက်၊စွန်ရှီတို့က ကောင်းကင်ထက်သို့ မော့ကြည့်နေကြသည်။သူတို့အသွင်ကလည်း ရှုံ့မဲ့နေကြ၏။
“ဂြိုဟ်ချိပ်ပိတ်ခြင်းအစီအရင်…” စွန်ရှီမျက်နှာက ခါးသီးမှုတို့နှင့် ပြည့်လို့နေသည်။
အပူအပင်မဲ့က ပြောလာ၏။ “ဟွမ်မိသားစုက ဒီလိုမျိုး ဘယ်တုန်းကမှ လုပ်ခဲ့တာ မရှိဘူး။ သူတို့က ဂြိုဟ်ချိပ်ပိတ်ခြင်းအစီအရင်ကို ချမှတ်ထားတယ်ဆိုတော့ ရွင်ယွမ်ဂြိုဟ်ကို ဆင်းသက်လာတော့မှာပဲ…”
ရွင်မိသားစုဘိုးဘေးက အချိန်အတန်ကြာ စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ငါ စိုးရိမ်တာက ဒီကိစ္စဟာ ဟွမ်မိသားစုဘိုးဘေးရဲ့ မွေးစားသမီး ဟွမ်မေ သူ့ခွန်အားကို ပြသဖို့အတွက် ပြင်ဆင်ပေးထားတာ ဖြစ်နေမှာကိုပဲ…”
“ဟွမ်မိသားစုက ငါတို့ မိသားစုသုံးခုကို အမြစ်ဖျက်သုတ်သင်ချင်နေပြီး သူတို့က ငါတို့ထွက်ပြေးလို့မရအောင် အစီအရင်တစ်ခုနဲ့တောင် တားဆီးထားသေးတယ်…”
စွန်ရှီ၏ မျက်လုံးများက အေးစက်လာခဲ့သည်။
ရွင်မိသားစုဘိုးဘေးက ပြောလိုက်သည်။ “သူတို့က ငါတို့ မိသားစုတွေကို အမြစ်မဖျက်နိုင်ပါဘူး။ လွန်ခဲ့တဲ့နှစ်တွေမှာ ငါတို့သုံးယောက်က မိသားစုရဲ့ ပါရမီရှိတဲ့ အဖွဲ့ဝင်တွေကို ဂြိုဟ်အပြင်ကို တိတ်တဆိတ် စေလွှတ်ခဲ့ပြီးပြီး။ သူတို့ရှိနေသ၍ ငါတို့မိသားစုရဲ့ မီးတောက် ဆက်လက် ဖြစ်တည်နေမှာပဲ…’
“ကံမကောင်းစွာနဲ့ ငါတို့ရဲ့ ရင်းမြစ်က ရွင်ယွမ်ဂြိုဟ် ဖြစ်နေတာပဲ။ ဒါ့ကြောင် ငါတို့က အချိန်တိုအတွင်း မိသာစုလိုက် ရွေ့ပြောင်းနိုင်ခြင်း မရှိခဲ့တာ…”
အပူအပင်မဲ့က ခါးသီးစွာ ပြုံးလိုက်၏။
စွန်ရှိက တုံ့ဆိုင်းစွာ ဆိုလာ၏။ “ရောင်းရင်းရှုမူက ပြန်လာကောင်း ပြန်လာနိုင်ပါတယ်…”
ရွင်မိစားစုဘိုးဘေးက အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။ “ဟမ်…သူက ပြန်မလာဘူးဆိုရင်တောင် ငါတို့သုံးယောက်ကို ဟွမ်မိစားစုဝင် ဖမ်းမိတာနဲ့ သူ့ကိုပါ ဒီကိစ္စထဲ ဆွဲသွင်းရမယ်။ ငါက ငါတို့ရဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေကို ဒီအတိုင်း ယူသွားခွင့် ဘယ်ပြုနိုင်ပါ့မလဲ။ သူက ငါတို့ကို ကာကွယ်ပေးမယ်လို့ ကတိပေးခဲ့တယ်။ဒါပေမဲ့ ဒီလိုသေရေးရှင်ရေး အချိန်ကြတော့ ထွက်သွားခဲ့ပြီ။ စက်ဆုပ်ဖို့ ကောင်းလိုက်တာ…”
အပူအပင်မဲ့ကျောက်က တိတ်တဆိတ် စဉ်းစားနေသည်။
စွန်ရှိက သက်ပြင်းမှုတ်ထုတ်ကာ ပြောလာသည်။ “ထားလိုက်ပါတော့။ သူက ပြန်လာရင်တောင် သူ ဘာလုပ်နိုင်မှာ မလို့လဲ။ ဟွမ်မိသားစုရဲ့ဘိုးဘေးက ဒုတိယအဆင့်ကို ရောက်နေခဲ့ပြီ။ ဒါ့ကြောင့် သူက ဒီဘိုးဘေးကို ဘယ်လိုလုပ် တားဆီးနိုင်ပါ့မလဲ။ ပြောကြတာက ဟွမ်မိသားစုမှာ ဒုတိယအဆင့်ကို ခြေချခဲ့တဲ့ ဘိုးဘေးနှစ်ယောက် ရှိတယ်၊ သူတို့ထဲက တစ်ယောက်က မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာ တိုက်ခိုက်ရင်း သေဆုံးခဲ့တယ်။ ဒါ့ကြောင့် တစ်ယောက်ပဲ ကျန်ခဲ့တော့တယ်။ သူက အရင်ဘိုးဘေးလောက် မသန်မာရင်တောင် သူရောက်လာတာနဲ့ အရာအားလုံးက ပွဲပြီးသွားပြီ…”
သူတို့သုံးယောက်လုံးက တိတ်ဆိတ်စွာ စဉ်းစားနေကြသည်။ သူတို့က လွန်ခဲ့သောလေးနှစ်ခန့်က ကိစ္စကြောင့် နောင်တနှင့် ပြည့်နှက်နေကြသည်။သည်အရာကပင် ကံကြမ္မာပင် ဖြစ်၏။
သည်အခိုက်အတန့်၌ ရွင်မိသားစုဘိုးဘေး၏ အသွင်က ပြောင်းလဲသွားကာ သူက ဆိုလာ၏။ “သူတို့ လာနေပြီ…”
စွန်ရှီနှင့်အပူအပင်မဲ့တို့က ခေါင်းမော့၍ ကြည့်လိုက်ကြသည်။သူတို့ကလည်း ကောင်းကင်ထက်မှ လာနေသော အန္တရာယ်ကို ခံစားမိပေသည်။သူတို့အသွင်က ပို၍ပင် သုန်မှုန်သွားကြလေသည်။
ကောင်းကင်ထက်မှ တုန်ခါလှိုင်းများထွက်ပေါ်လာကာ ဖိအားတစ်ခု ဆင်းသက်လာ၏။
ရွင်ယွမ်ဂြိုဟ် အပြင်ဘက်တွင် လျိုမေက ဂြိုဟ်ရှိရာသို့ လှမ်းလာနေသည်။ သူမက ဂြိုဟ်ချိပ်ပိတ်ခြင်းအစီအရင်ကို ကျော်ဖြတ်လာသည့်နောက် သူမနတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ရွင်မိသားစုဘိုးဘေးနှင့်သူ့အပေါင်းအပါများထံသို့ ပိတ်ဆို့ထားလိုက်သည်။
သူမက တစ်ဖြည်းဖြည်း နီးကပ်လာနေရင်း သူမအသွင်က ရေကဲ့သို့ တည်ငြိမ်နေသည်။
“အကိုစွန်…အကိုကျောက်…ငါတို့သုံးယောက်က ငါတို့သက်တမ်းတစ်လျှောက် တိုက်ခိုက်ရင်းနဲ့ ကုန်ဆုံးခဲ့ကြတယ်။ ခုချိန်မှာ ငါတို့အနာဂတ်က သတ်မှတ်ပြီးသွားပြီ။ ငါတို့က သေရမယ်ဆိုရင်တောင် ငါတို့က နောင်တမရှိဘဲ သေကြရအောင်…”
ရွင်မိသားစုဘိုးဘေး၏ အသံက တိုးညင်းသော်လည်း တိုက်ပွဲစိတ်ဆန္ဒတို့ ပါဝင်လို့နေသည်။ သူက ကောင်းကင်ထက်သို့ ကြည့်နေရင်း သူ့မျက်လုံးထဲ၌ မီးတောက်တစ်ခု လောင်ကျွမ်းနေ၏။
“အကိုရွင်က သူရဲကောင်းဆန်တယ်။ သင်က သင့်ရဲ့ စိတ်ဝိညာဉ်ကို လောင်ကျွမ်းနေတဲ့အတွက် ငါ့ကိုလည်း သင်နဲ့အတူ ပါဝင်ခွင့်ပြုပါ…”
အပူအပင်မဲ့ကျောက်က ရယ်မောကာ ဆို၏။သူ့မျက်လုံးထဲ၌လည်း မီးတောက်တစ်ခု လောင်ကျွမ်းလာခဲ့သည်။
စွန်ရှီက ဆုံးဖြတ်ချက် ပြတ်သားသောအကြည့်ကို ထုတ်ဖော်ကာ ပြုံး၍ ဆိုလာ၏။ “ငါ့ဘဝတစ်ခုလုံးကို ကျင့်ကြံနေတယ်ဆိုတာ ငါက ကောင်းကင်ဘုံကို ဝင်ရောက်ပြီး ကောင်းကင်ဘုံဗိုလ်ချုပ်တွေကို မာန်မဲဖို့ပဲ။ ငါက ခုချိန်ကျမှ ဘယ်လိုလုပ် အလျော့ပေးနိုင်ပါ့မလဲ…”
သူတို့သုံးယောက်ထံမှ ထွက်ပေါ်လာသော မွန်းစတားဆန်သော တိုက်ပွဲစိတ်ဆန္ဒက ရွင်ယွမ်ဂြိုဟ်အား မီးစတစ်ခုလို လင်းညှိစေလာသည်။သာမန်မီးတောက်တစ်ခုက မီးခိုးအချက်ပြမှုကို ဖန်တီးနိုင်ပေ၏။
(ဘာသာပြန်သူ မှတ်ချက်….မီးခိုးအချက်ပြမှုဆိုတာက တိုက်ပွဲမှာ ရန်သူကိုတွေ့မြင်သည့်အခါ တိုက်ပွဲဆန္ဒကို ဖော်ထုတ်ခြင်းကို တင်စားခြင်း ဖြစ်နိုင်ပေသည်။)
တိုက်ပွဲစိတ်ဆန္ဒက အထွတ်အထိပ်သို့ ရောက်လာချိန်၌ လျှိုမေ၏လှပသောပုံရိပ်ကလည်း ပေါ်ထွက်လာခဲ့တော့သည်။
လျိုမေက ကောင်းကင်ထက်ကနေ ဆင်းသက်လာရင်း ထိုသုံးယောက်ကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “သူတို့ရဲ့ မူလစိတ်ဝိညာဉ်ကို လောင်ကျွမ်းတာ…”
သူမအသံက လှပကာ နွေလေပြေက ကမ္ဘာမြေကို ရိုက်ခတ်သည်နှင့်ပင် တင်စားနိုင်သည်။သည့်အပြင် သူမအသံထဲ၌ ထူးဆန်းသောအားတစ်ခုလည်း ပါဝင်နေခဲ့သည်။
အပူအပင်မဲ့ကျောက်က ကောင်းကင်ထက်မှ လျိုမေကို ကြည့်နေသည်။သူ့မျက်လုံးထဲရှိ မီးတောက်ကလည်း တစ်ဖြည်းဖြည်း မှိန်ဖျော့သွားကာ ရူးသွပ်စွဲလမ်းမှုအရိပ်အယောင်က အစားထိုးဝင်လာခဲ့ချေသည်။
***