ပုံရိပ်တစ်ထောင်ဂြိုဟ်၏ တောင်ဘက်ပိုင်းသည် ဟွမ်မိသားစုအပိုင် ဖြစ်၏။ ထိုနေရာတွင် လပုံရိပ်လို့ ခေါ်တွင်သော ခပ်နက်နက် ရေကန်တစ်ခု ရှိကာ သွေးမျိုးဆက်လွှဲပြောင်းပေးခြင်းကို သည်ရေကန်၌ ပြုလုပ်လိမ့်မည် ဖြစ်သည်။
သည်ရေကန်ထဲရှိ ရေများက ဟွမ်မိသားစုဘိုးဘေး၏ ယူဆောင်သွားခြင်းကို ခံလိုက်ရပြီးဖြစ်ကာ ခုချိန်၌ ချိုင့်ဝှမ်းတစ်ခုလို ဖြစ်နေတော့သည်။ သူက ထိုရေကန်အထက်၌ အလေးအနက်အသွင်၌ ခုလက်ရှိတွင် ရပ်တန့်လို့နေသည်။
သူ့အောက်တွင်တော့ ဟွမ်မိသားစုဝင်သောင်းချီ ရှိနေကြ၏။သူတို့အားလုံးက တိတ်ဆိတ်လျက် ရှိနေကြ၏။
ဟွမ်မိသားစုဝင် တစ်ယောက်စီက ရေကန်ချို့ဝှမ်းအစွန်းနားသို့ တစ်ယောက်ပြီးတစ်ယောက်သွားနေကာ သူတို့လက်မောင်းကို လှီးဖြတ်ပြီး သွေးများ စိမ့်ထွက်စေသည်။လုံလောက်သော သွေးများ စိမ့်ထွက်စေပြီးနောက် သူတို့မျက်နှာများက ဖြူရောသွားကြကာ သုန်မှုန်သောအသွင်နှင့် နောက်ပြန်ဆုတ်ကြသည်။
မိသားစုဝင်ပေါင်း သောင်းချီ၏ သွေးများက သည်ချိုုင့်ဝှမ်းထဲသို့ သွေးနှင့် ပြည့်နှက်သွားရန် မလုံလောက်သေးချေ။သို့ရာတွင် ချိုင့်ဝှမ်းထဲ၌ သွေးများစွာတော့ ရှိလို့နေပေသည်။ သွေးမထုတ်ရသေးဘဲ နောက်ဆုံးကျန်သည့်လူမှာ ဟွမ်မိသားစုဘိုးဘေးဖြစ်သည်။သူက ချက်ခြင်းပင် သူ့လက်ကောက်ဝတ်ကို ကိုယ်တိုင်လှီးလိုက်ကာ သွေးများစွာကို တရဟော ထွက်သွားစေသည်။သွေးများစွာ ထုတ်လွှတ်ပြီးသည့်နောက် သူ့အသွင်က တစ်ဖြည်းဖြည်း ဖြူရောလာခဲ့သည်။ တစ်ဖြည်းဖြည်းဖြင့် သူ့လက်ကာက်ဝတ်ကို ပြန်ရုတ်သိမ်းကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “ပျော်ဝင်ပေါင်းစပ်လိုက်…”
စကားတစ်ခွန်းဖြင့်ပင် ကန်ထဲ၌ ဝဲကတော့တစ်ခု ပေါ်လာကာ ဖြည်းဖြည်းချင်း လှည့်ပတ်လာသည်။ သည့်နောက် လူသောင်းချီ၏ သွေးများက တစ်ဖြည်းဖြည်း တစ်ခုနှင့်တစ်ခု ပေါင်းစပ်ရောနှောလို့သွားသည်။
ဟွမ်မိသားစုဘိုးဘေး၏ မျက်လုံးက ဝင့်ကြွားသောအကြည့်ကို ထုတ်ဖော်နေကာ သူက အလေးအနက်လေသံနှင့် ပြောလိုက်သည်။ “ဟွမ်မေ…”
“မွေးစားအဖေ…” လျိုမေက လူအုပ်ထဲကနေ လှမ်းထွက်လာ၏။ သူမ၏ အဖြူရောင်ဝတ်စုံက တော်ဝင်ဆန်မှုကို ပေးစွမ်းလို့နေသည်။
ဟွမ်မိသားစုဘိုးဘေးက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “သွေးကန်ထဲ ဆင်သွားပြီး အာရုံစိုက် ကျင့်ကြံချေ…”
လျိုမေက ခေါင်းညိမ့်ကာ သွေးကန်ထဲသို့ ဆင်းလျှောက်သွားသည်။ သူမက သွေးကန်ထဲသို့ ဝင်သွားနေရင်း သွေးနံ့များက သူမထံသို့ တိုးဝင်လာနေသည်။ သူမက အနည်းငယ် မျက်မှောင်ကြုတ်သွား၏။သို့သော် ရှေ့သို့ ဆက်၍ ဆင်းလိုက်သည်။ သူမက သွေးကန်ထဲသို့ ဆက်လက် ဝင်ရောက်နေစဉ် သွေးများက သူမ ဒူး၊ခါး၊ရင်ဘက်နှင့် တစ်ကိုယ်လုံးအား နစ်မြုပ်လို့သွားခဲ့သည်။
သွေးကန်ထဲ၌ လူတစ်ယောက်က ဝဲကတော့တစ်ခုကိုသာ တွေ့မြင်ရမည် ဖြစ်ကာ လျိုမေ၏ အရိပ်အယောင်ကတော့ လုံးဝပင် မမြင်ရတော့ပေ။
ဟွမ်မိသားစုဘိုးဘေးက အသက်ဝဝရှူသွင်းကာ သူ့လက်ဖြင့် မတူညီသော ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ်စေလိုက်သည်။ များစွာသော ချိပ်တံဆိပ်များက သွေးကန်ထဲသို့ ပျံဝဲသွားကြ၏။ ပြင်းထန်သောအော်ရာတစ်ခုက သူ့ခန္ဓာကိုယ်ကနေ မြင့်တက်လာပြီး တစ်ဖြည်းဖြည်းချင်း ပျံ့နှံ့လာသည်။
သူက ချိပ်တံဆိပ်များကို မြန်သထက်မြန်အောင် ပြုလုပ်နေရင်း သွေးကန်က ဆူပွက်လာသလား ထင်မှတ်ရကာ ဝဲကတော့ကလည်း မြန်ဆန်စွာ လှည့်လည်လာတော့သည်။
အချိန်အတန်ကြာပြီးသည့်နောက် ဟွမ်မိသားစုဘိုးဘေး၏ မျက်လုံးများက ရုတ်တရက် လက်ခနဲ ဖြစ်သွားကာ သူက အော်ဟစ်လိုက်သည်။ “လွန်ခဲ့တဲ့ အချိန်တွေတုန်းက ဟွမ်မိသားစုဘိုးဘေးက မိုးကြိုးကောင်းကင်ဘုံနယ်မြေရဲ့ ကောင်းကင်ဘုံသား တစ်ယောက် ဖြစ်ခဲ့တယ်။ ကောင်းကင်ဘုံနယ်မြေ ပျက်စီးသွားပေမဲ့လည်း သွေးမျိုးဆက်က ခုထိ ကျန်ရှိနေတုန်းပဲ။ ဒီနေ့ သွေးမျိုးဆက်လွှဲပြောင်းပေးခြင်းက ဟွမ်မိသားစုရဲ့ အနာဂတ်တောက်ပမှုအတွက် လူတစ်ယောက်ကို ဟွမ်မိသားစုထဲကို ထည့်သွင်းပေးခြင်း ဖြစ်တယ်…”
ရှုပ်ထွေးသောမန္တာန်တစ်ခုက ဟွမ်မိသားစုဘိုးဘေးထံကနေ ထွက်ပေါ်လာခဲ့သည်။ သည်မန္တာန်က အမှတ်အသားအရာများ အဖြစ်သို့ ပြောင်းလဲ၍ သွေးကန်ထဲသို့ ဝင်ရောက်သွားသည်။
“သွေးမျိုးဆက်…ပေါ်ထွက်လာစမ်း…” ဟွမ်မိသားစုဘိုးဘေးက အော်ပြောလိုက်သည်။ သွေးကန်တစ်ခုလုံးက ရုတ်တရပ် တန့်လို့သွား၏။သည့်နောက် ကျယ်လောင်သောပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ သွေးများက တိုင်လုံးတစ်ခုလို ဖြစ်လာခဲ့သည်။
ချက်ခြင်းပင် ထိုသွေးတိုင်လုံးက ပျက်စီးသွားပြီးနောက် သွေးအက္ခရာ စာလုံးများအဖြစ် ပြောင်းကာ ကောင်းကင်ထက်၌ လွင့်ဝဲနေသည်။ ထို တိုင်လုံးထဲတွင်တော့ လျိုမေက ကြာပွင့်သဏ္ဌန်ထိုင်ကာ မျက်လုံးမှိတ်ထားလျက် ရှိသည်။
ဟွမ်မိသားစုဘိုးဘေးက အသက်ဝဝရှူသွင်းလိုက်၏။ သည့်နောက် သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခု ဖြစ်ပေါ်စေကာ လျိုမေထံသို့ လက်ညွှန်လိုက်သည်။ချက်ခြင်းပင် လျိုမေ၏နှဖူးထက်၌ အနာပေါက်တစ်ခု ဖြစ်ပေါ်လာကာ သွေးများက ယင်းအပေါက်ထဲကနေ တရစပ်စီးကျလာခဲ့သည်။သွေးများက အပြင်သို့ စီးကျလာသည်နှင့်အမျှ လျိုမေအသွင်ကလည်း ပို၍ ဖြူရောလာခဲ့သည်။
သည်အခိုက်အတန့်၌ ကောင်းကင်ထက်မှ သွေးစာလုံးများထဲမှ တစ်ခုက ရုတ်တရက် ကျဆင်းလာကာ လျိုမေ၏ ခန္ဓာကိုယ်ပေါ်သို့ ခပ်နှိပ်လို့သွားသည်။သည်နည်းအတိုင်း များစွာသောသွေးစာလုံးများက သူမခန္ဓာကိုယ်ပေါ်သို့ ခပ်နှိပ်လာကြတော့၏။
သွေးစာလုံးများက ဆက်လက်ကျဆင်းလာကာ လျိုမေခန္ဓာကိုယ်၏ တစ်လက်မပင်မကျန် သွေးစာလုံးများနှင့် ပြည့်လာခဲ့သည်။ ဟွမ်မိသားစုဘိုးဘေး၏ မျက်လုံးများက ကျဉ်းမြောင်းလို့သွားသည်။သည့်နောက် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူက လျိုမေရှေ့သို့ ရောက်ရှိလာကာ သူ့ညာလက်ကို မြှောက်၏။ ထူးဆန်းသောအလင်းတစ်ခုက သူ့လက်ပေါ်တွင် ပေါ်လာခဲ့သည်။ သည်အလင်းက အဆသောင်းနှင့်ချီ၍ ပုံစံပြောင်းလို့သွား၏။ ထိုအလင်းကို ကြည့်မိသည့်မည်သူမဆို သူတို့ဘဝထဲရှိ မွေးလာပြီး သေဆုံးချိန်ထိ ဖြစ်နိုင်သမျှကို တွေ့မြင်သွားရပေမည်။ သည်အလင်းပုံရိပ်ယောင်ထဲ၌ လူတစ်ယောက်ဘဝ၏ ဖျားနာမှု၊နာကျင်မှု၊၊အချစ်…စသည့်အရာများစွာ ရှိလို့နေသည်။
သည်အရာက ဟွမ်မိသားစုဘိုးဘေး၏ တာအို၊ အမည်မဲ့ပုံရိပ်တစ်သောင်းတာအို ဖြစ်လေ၏။
သူက သူ့လက်ဝါးကို လျိုမေ နဖူးထက်သို့ ဖိချလိုက်သည်။ ဟွမ်မိသားစုဘိုးဘေး၏ အားကောင်းသော တာအိုက လျိုမေ၏မူလစိတ်ဝိညာဉ်ထဲသို့ တိုက်ရိုက် ဝင်ရောက်လို့သွားသည်။တစ်ချိန်တည်းမှာပင် သူ့ကိုယ်ပိုင် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို လျိုမေ၏ ကျင့်ကြံမှုအဆင့် တိုးမြှင့်အောင် ကူညီရန်အတွက် သူမထံသို့ သွန်းလောင်းပေးလိုက်သည်။
အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် လိုအပ်သည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက အလွန်အမင်း များပြားလှ၏။ထို့ကြောင့် ပထမအဆင့်ကျင့်ကြံသူများက သည်လိုမျိုး လုပ်နိုင်စွမ်းမရှိပေ။ယင်နှင့်ယန်ကျင့်ကြံမှုအဆင့်ရှိသူများပင် ထိုသို့ လုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
ဒုတိယအဆင့်သို့ အစစ်အမှန် ဝင်ရောက်ပြီးသည့်သူများသာ ယခုလို ကောင်းကင်ကို ဆန့်ကျန်နိုင်သည့် စွမ်းအားမျိုး ပိုင်ဆိုင်နိုင်ပေသည်။
ဟွမ်မိသားစုဘိုးဘေးက ဒုတိယအဆင့်၌ အားကောင်းသော ကျင့်ကြံသူတစ်ယောက်။ သူ့ကျင့်ကြံမှုအဆင့်က နိဗ္ဗာနကြိုမြင်ခြင်း အစောပိုင်းအဆင့်တွင် ရှိပေသည်။
ဟွမ်မိသားစုဘိုးဘေးက မြောက်များစွာသောကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များနှင့် အဆုံးမဲ့ တာအိုတို့ကို ပေါင်းစပ်ကာ လျိုမေ၏ခန္ဓာကိုယ်ထဲသို့ လွှဲပြောင်းပေးနေသည်။ ဟွမ်မိသားစုဘိုးဘေးက သူ့တပည့်နှင့် ပတ်သတ်၍ တော်တော်လေး ဂရုစိုက်နေသည်မှာ သိသာပေ၏။ သူ့ရည်ရွယ်ချက်က သူမကို ဟွမ်မိသားစုအား လက်ဆင့်ကမ်းပေးရန်ပင် ဖြစ်လို့နေသည်။ မဟုတ်လျှင် သူက သူ့ကျင့်ကြံမှုအဆင့်ကို ခုလို ထိခိုက်စေပြီး လျိုမေ၏ ကျင့်ကြံမှုအဆင့်မြင့်သွားရန်အတွက် မည်သို့ ကူညီဖို့ ဆန္ဒရှိပါ့မည်နည်း။
လျိုမေခန္ဓာကိုယ်က တုန်ယင်သွားသည်။သည့်နောက် သူမပတ်လည်ရှိ သွေးစာလုံးများအားလုံးက ရုတ်တရက် သူမခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ ဟွမ်မိသားစု၏ သွေးအဖြစ် ပြောင်းလဲသွားချေသည်။ ယင်းသွေးက သူမကိုယ်ထဲ၌ စီးဆင်းနေကာ သူမ၏ ကိုယ်ပိုင်သွေးများကတော့ အတင်း ထုတ်ယူခြင်း ခံလိုက်ရပေ၏။
တစ်ချိန်တည်းမှာပင် သူမမူလစိတ်ဝိညာဉ်က စတင်၍ တောက်ပလာကာ မြန်ဆန်စွာ သန်မာကြီးထွားလာသည်။
အာဏာတက်ခြင်းအစောပိုင်းအဆင့်၊အလယ်အဆင့်၊နောက်ဆုံးအဆင့်၊ အထွတ်အထိပ်အဆင့်။
အနီးအနားရှိ ဟွမ်မိသားစုဝင်များထံမှ မနာလိုသော အကြည့်များ ထွက်ပေါ်လာကြသည်။ သူတို့၏ မနာလိုမှုက ဖြစ်သင့်ပေ၏။ အာဏာတက်ခြင်းက စွမ်းအားကောင်းသောနယ်ပယ်တစ်ခု ဖြစ်ကာ များစွာသောကျင့်ကြံသူများက ထိုအဆင့်၌ တစ်ဆို့နေကြနေသည် မဟုတ်လား။ သူ့ကိုယ်ပိုင်ကျင့်ကြံမှုဖြင့် အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်ကို နှစ်ပေါင်းထောင်ချီအတွင်း ရောက်ရှိသွားသော ကျင့်ကြံသူ ဘယ်လောက်များများ ရှိနေနိုင်ပါ့မလဲ။
သည်လျိုမေက အမွှေးတိုင်တစ်တိုင်ဝက်စာ အချိန်အတွင်း လူအများစု၏ ဘဝပန်းတိုင်သို့ ရောက်ရှိသွားခဲ့သည် မဟုတ်လား။
ဟွမ်မိသားစုဘိုးဘေး၏ လက်မောင်းက ရှုံ့လို့သွား၏။ သူက ချက်ခြင်းပင် ပို၍ အိုစာသွားသည့်ပုံ ဖြစ်လာခဲ့သည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူ့မျက်လုံးထဲရှိ အရောင်ပင် မှိန်ဖျော့သွားခဲ့၏။ သူက လျိုမေကို ကြည့်ကာ တိုးညင်းစွာ ပြောလိုက်သည်။ “ဒီနေ့ကစပြီး…နင်က ဟွမ်မိသားစုဝင် ဖြစ်သွားပြီ။ ဟွမ်မိသားစုရဲ့ သွေးက နင့်ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတယ်။ နင့်အဖေက အခု တံခါးပိတ်ကျင့်ကြံဖို့ သွားတော့မယ်။ ဒီအချိန်အတွင် နင်က ယင်နဲ့ယန်အဆင့်ကို တက်နိုင်သမျှ မြန်မြန်ရောက်အောင် လုပ်ပါ…”
လျိုမေက လှည်၍ ဟွမ်မိသားစုဘိုဘေးအား တိတ်တဆိတ်ငြိမ်သက်စွာ ကြည့်နေသည်။သူမက မည်သည့်စကားမှ မဆိုဘဲ ခေါင်းတစ်ချက်သာ ညိမ့်ပြလိုက်သည်။
“ပုံရိပ်တစ်သောင်းကောင်းကင်နတ်ဆိုးတာအို…။ဒီအဘိုးအိုက ဒီပုံရိပ်တစ်သောင်းကောင်းကင်နတ်ဆိုးတာအိုက ဒုတိယအဆင့် ရောက်သွားရင် ဘယ်လိုပုံစံမျိုး ပြောင်းလဲသွားမလဲ သိချင်မိတယ်….”
အဘိုးအိုက ရယ်မောလိုက်သည်။ သူက လျိုမေ၏ မထုံတက်တေး အသွင်ကို အနည်းငယ်မှပင် ဂရုမစိုက်သည့်ပုံပင်။ သူက အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ ပျောက်ကွယ်လို့သွားတော့သည်။
အဘိုးအိုအသံက ပဲ့တင်ထပ် ကျန်ခဲ့၏။ “ရွင်ယွမ်ဂြိုဟ်ကို သွားပါ။ဟွမ်မေ…ဒါက ဟွမ်မိသားစုဝင်တစ်ယောက်အနေနဲ့ နင့်ရဲ့ပထမဆုံး တိုက်ပွဲပဲ။ နင့်နာမည်အတွက် သွား သတ်ဖြတ်လိုက်ပါ…”
လျိုမေက ခေါင်းမော့ကြည့်လိုက်သည်။ သူမက မိသားစုဝင်တစ်သောင်းကျော်ကို ကြည့်ပင် မကြည့်ပေ။ထိုအစား သူမက လေထဲသို့ ပျံဝဲတက်လိုက်၏။ သူမ ဦးတည်ရာက ရွင်ယွမ်ဂြိုဟ်ပင် ဖြစ်သည်။
သူမက မည်သည့် အကူမှ မခေါ်ဘဲ တစ်ယောက်တည်း ထွက်သွားခဲ့ခြင်းပင်။
မြေကြီးအက်ကွဲကြောင်းထဲ၌ ဝမ်လင်းက သူ့အကြည့်ကို လမြွေနဂါးထံကနေ ပြန်ရုတ်သိမ်းလိုက်သည်။ သူ့မျက်လုံးထဲ၌ တုန်လှုပ်မှုတို့ ရှိလို့နေဆဲပင်။
“ဒီ လမြွေနဂါးက ပေသောင်းနဲ့ချီပြီး ရှည်လျားတယ်။ ၎င်းရဲ့စွမ်းအားက နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကျင့်ကြံသူတွေထက် အားနည်းမှာ မဟုတ်ဘူး။ ရှေးဟောင်းနတ်ဘုရားတွေ မရှိဘူးဆိုရင် ၎င်းက ဦးဆုံးစ မတိုက်ခိုက်တက်ဘူး။ ငါက ၎င်းကို သွားပြီး ရန်စမမိသ၍ သူ့မူလပုံစံအတိုင်းပဲ ရှိနေသင့်တယ်…”
ဝမ်လင်းက စဉ်းစားနေ၏။ ရှေးဟောင်းနတ်ဘုရား၏ မှတ်ဉာဏ်အရ သည်ကပ်ပါးကောင်းများသည် ရှေးဟောင်းနတ်ဘုရား၏ ခန္ဓာကိုယ်ထဲ၌ ပုံစံသုံးမျိုးဖြင့် နေထိုင်ကြသည်။ ပထမဆုံးပုံစံက စောနက ဖြတ်ကျော်သွားသည့် အကောင်လိုမျိုးဖြစ်သည်။ ၎င်းအခြေအနေတွင် မည်သည့်တိုက်ခိုက်လိုစိတ်မှ ၎င်း၌ ရှိမနေပေ။
ဒုတိယပုံစံကတော့ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များအားလုံးက ကျုံ့သွားကာ ရှေးဟောင်းနတ်ဘုရား၏ ခန္ဓာကိုယ်ထဲ၌ ပုံစံအမျိုးမျိုးဖြင့် ရှိနေခြင်းပင်။ သည်ဒုတိယပုံစံက ယင်းကပ်ပါးကောင် လမြွေနဂါးအိပ်ပျော်နေသည့်ပုံစံဟု ဆိုလိုပေသည်။
တတိယနှင့် နောက်ဆုံးအဆင့်က တိုက်ခိုက်လာသည့်အချိန်ဖြစ်သည်။ ၎င်းတို့၏ အမွှေးအမျှင်များက ၎င်းတို့၏ ခန္ဓာကိုယ်အရှည်အလျားအတိုင်း ဆန့်ထွက်လာမည် ဖြစ်သည်။ လူတစ်ယောက် လမြွေနဂါးကို သည်လို အခြေအနေ၌ တွေ့ရလျှင် ချက်ခြင်း ထွက်ပြေးသင့်ပေသည်။ မဟုတ်လျှင် ထိုသူက တိုက်ခိုက်ခံရတော့မည် ဖြစ်၏။
ဝမ်လင်းက စဉ်းစားနေရင်း အက်ကွဲကြောင်း အနက်ထဲသို့ ပိုရောက်လာခဲ့သည်။သူက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ သတ္တုဒြပ်စင်ကြောကို ရှာဖွေကြည့်နေ၏။
“လမြွေနဂါး ဒီမှာ ပေါ်လာတာ နည်းနည်းတော့ ထူးဆန်းနေတယ်။ဒီကပ်ပါးသားရဲက ငါ ရန်စနိုင်တဲ့ကောင် မဟုတ်ဘူး။ဒါ့ကြောင့် ငါက ဒီသားရဲကို လျစ်လျူရှုထားပြီး သတ္တုဒြပ်စင်ကြော ရှာတာကပဲ ပိုကောင်းလိမ့်မယ်…”
ဝမ်လင်းက လွန်စာ မြန်ဆန်စွာသောနှုန်းဖြင့် မြေအောက်တွင် ရွှေ့လျားလို့နေသည်။ သိပ်မကြာခင်ွင် သူက အနက်ပိုင်းသို့ ရောက်လာခဲ့၏။သို့သော် သူက ရပ်တန့်ခြင်း မရှိဘဲ နံရံထဲသို့ တိုးဝင်လိုက်သည်။ သူ့ခန္ဓာကိုယ်က မြေနံရံထဲသို့ တိုးဝင်ပြီးနောက် မြေကမ္ဘာလွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးပြုလိုက်သည်။
သူက ရွှေ့လျားနေရင်းဖြင့် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူ့ပတ်လည်ရှိ ရွှံ့နှစ်များထံမှ ကပ်စေစေးပျစ်ချွဲချွဲအရည်များက စိမ့်ထွက်နေလျက် ရှိသည်။ သူက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နှင့် သူ့ကိုယ်သူ ဝန်းရံထားခြင်းကြောင့်သာ မဟုတ်လျှင် ထိုပျစ်ချွဲအရည်များနှင့် ဖုံးလွှမ်းခြင်းကို ခံနေရလောက်ပြီ ဖြစ်သည်။
“ဒီနေရာက တော်တော်လေး ထူးဆန်းတာပဲ…” ဝမ်လင်း မျက်လုံးက တလက်လက် ဖြစ်နေကာ သူ့နတ်ဘုရားအာရံကို ပိုပို၍ ဖြန့်ကျက်ကြည့်လိုက်သည်။ တစ်ခါတစ်ရံတွင် သူက ပြင်းထန်သောတုန်ခါလှိုင်းအချို့ကို ခံစားမိ၏။ သူက ထိုသို့ ခံစားမိတိုင်း ထိုနေရာကို ပတ်၍ သွားလိုက်သည်။
သူ့နတ်ဘုရားအာရုံက ဆက်လက် ဖြန့်ကျက်လာရာ ဂြိဟ်တစ်ခုလုံးနီးပါးကိုပင် လွှမ်းခြုံလုနီးပါး ဖြစ်သည်။ဝမ်လင်းမျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းလို့သွားသည်။ သည်တွင်းနက်၏ အောက်ခြေအနက်ပိုင်းဆုံးတွင် သူက ကီလိုမီတာမြောက်များစွာ ဆန့်ထွက်နေသည့် သတ္တုကြောတစ်ခုကို တွေ့မြင်လိုက်ပေသည်။
သည်သွေးကြောက ဂြိဟ်အတွင်းနက်ပိုင်းတွင် ရှိနေ၏။ ၎င်း၏ အဆုံးပိုင်းက ဂြိုဟ်၏ အခြားတစ်ဖက်ရှိ မြေပြင်ထဲမှ အနည်းငယ် ထိုးထွက်နေခြင်း ဖြစ်ပုံရသည်။သည်အရာကပင် ဟွမ်မိသားစုဝင်က သတ္တုဒြပ်စင်ကြောကို မည်သို့မည်ပုံ တွေ့ခဲ့ရသည့် အကြောင်းရင်း ဖြစ်ပေလိမ့်မည်။
ဝမ်လင်းက ပိုပို၍ မျက်မှောင်ကြုတ်လာမိသည်။ သူက ချက်ခြင်း လှုပ်ရှားခြင်း မပြုဘဲ စတင်၍ စဉ်းစားနေ၏။
“ဒီသတ္တုကြောက ကောင်းကောင်းဖုံးကွယ်နေမယ်ဆိုရင်တော့ ဒါက ယုတ္တိရှိသေးတယ်။ ဒါပေမဲ့လည်း ဒီအကြောက ဘာမှဖုံးကွယ်နေတာ မရှိဘူး။ ဒီနေရာကို ဖြတ်သန်းသွားနဲ့ ဘယ်အာဏာတက်ခြင်းကျင့်ကြံသူမဆို ဒီအရာကို တွေ့မှာပဲ။ ဒါက တော်တော်လေး ထူးဆန်းနေတယ်…”
အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းက ဆုံးဖြတ်ချက်ချလိုက်သည်။ သူက သူ့ညာလက်ကို ဝှေ့ယမ်းကာ သူ့ရှေ့ရှိ မြေကြီးကို စုတ်ဖြဲလိုက်သည်။သည့်နောက် သူက သတ္တုကြော၏ အနက်ပိုင်းသို့ တိုက်ရိုက် တိုးဝင်သွားသည်။
သတ္တုကြောအနက်ပိုင်းထဲသို့ ရောက်ရန် သူ့အတွက် အချိန်သိပ်မကြာလိုက်ပေ။ ဝမ်လင်းရှေ့တွင် ရွှေရောင်တစ်ဖျပ်ဖျပ်လင်းလက်နေသော ကြီးမားသည့် သတ္တုကြောကြီးတစ်ခု ရှိနေသည်။ထိုကြောက ယွမ်ရှဂြိုဟ်အား နဂါးတစ်ကောင်ရစ်ပတ်ခွေထားသလိုမျိုး ရှိလို့နေ၏။
အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းက ရှေ့သို့ဆက်လက် ရွှေ့လျားလိုက်သည်။သူက တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရသည်။ လမြွေနဂါးကို မြင်တွေ့ပြီးသည့်နောက် တိမ်ထုတစ်ခုက သူ့စိတ်နှလုံးတွင် ရစ်သီနေတော့၏။
***