Switch Mode

အပိုင်း(၇၂၅)

စစ်ထူနန်က နောက်တစ်ဖန် တံခါးပိတ်ကျင့်ကြံဖို့ လုပ်ဆောင်ခြင်း

ဟွမ်တန်၏ သေခြင်းကို ဟွမ်မိသားစုက စုံစမ်းမိသွားမည်သာ ဖြစ်သည်။ အဓိကကျင့်ကြံခြင်းဂြိုဟ်တစ်ခု၏ မိသားစုကြီးတစ်ခုအနေဖြင့် မိသားစုဝင်တစ်ယောက် သတ်ဖြတ်ခြင်းခံရခြင်းက အတော်လေး မွှေနှောက်သွားစေနိုင်ပေသည်။

ဟွမ်မိသားစု၏ ဘိုးဘေးက သည်ကိစ္စကိုကြားသည့်အခါ ဒေါသပုန်ထသွားခဲ့၏။ သို့ရာတွင် သူ့မျက်လုံးက ရုတ်တရက် လက်ခနဲ ဖြစ်သွားကာ ရွင်ယွမ်ဂြိုဟ်အပေါ် လက်စားပြန်ချေစိတ်ကို ဖိနှိပ်ထားလိုက်သည်။ထိုအစား သူက သွေးမျိုးဆက်လွှဲပြောင်းပေးမည့်နေ့ကို တွန်းတွန်းတိုက်တိုက် လုပ်ဆောင်လိုက်၏။

“ဟွမ်မေရဲ့ လက်အောက်က မိသားစုဝင်တစ်ယောက် အသတ်ခံရတာ ဖြစ်တဲ့အတွက် သွေးမျိုးဆက်လွှဲပြောင်းပြီးရင် ဟွမ်မေကို ဒီကိစ္စအတွက် ကိုယ်တိုင် ကိုင်တွယ်ခိုင်းလိုက်…”

မည်သူကမျှ ဟွမ်မိသားစုဘိုးဘေးကို ဆန့်ကျင်ဘက် မလုပ်ဝံ့ကြချေ။ လူတိုင်းက သည်ကိစ္စသည် ဘိုးဘေးက ဟွမ်မေ၏ခွန်အားကို ပြသခွင့်ပြုကြောင်းကို သိကြသော်လည်း မည်သူကမျှ ထုတ်မပြောဝံ့ကြပေ။

သည်ကိစ္စက ဤသို့ဤပုံ အထိုင်ပြန်ကျသွား၏။

“ရွင်ယွမ်ဂြိုဟ်ကို ဂြိုဟ်ချိတ်ပိတ်ခြင်းအစီအရင်နဲ့ ချိပ်ပိတ်ပြီး ဘယ်သူမှ မလွတ်မြောက်နိုင်အောင် လုပ်လိုက်။ ဟွမ်မေက သွေးမျိုးဆက်ဆက်ခံပြီးရင် ဒီဟာကို ကိုင်တွယ်လိမ့်မယ်…”

ဟွမ်မိသားစုက လှုပ်ရှားလာသည့်အခိုက်တွင် ကောင်းကင်ပင် အရောင်ပြောင်းလဲသွားရသည်။ ဂြိုဟ်ချိပ်ပိတ်ခြင်းအစီအရင်နှင့်ဆိုလျှင် ရွင်ယွမ်ဂြိုဟ်က လှောင်အိမ်ထဲက ငှက်တစ်ကောင်လို ဖြစ်ချေတော့မည်။

လျိုမေကတော့ ဟွမ်တန်သေဆုံးသွားသည်ကို ကြားရသည့်အခါ သူမအသွင်က မည်သို့မျှ ပြောင်းလဲသွားခြင်း မရှိပေ။ထိုသို့သော လူတစ်ယောက် သေဆုံးခြင်းက သူမအတွက် ပုရွတ်ဆိတ်တစ်ကောင်သေဆုံးသွားသည်နှင့် မခြားပေ။

လျိုမေက အပြာရောင်ကောင်းကင်ကို မော့ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ရွင်ယွမ်ဂြိုဟ်…ဒါက ဟွမ်မိသားစုကို ငါ့ခွန်အား ပြသပေးဖို့အတွက် တိုက်ပွဲတစ်ခုလား။ ဆရာ့ရဲ့အလိုအတိုင်းဆိုရင် သွေးမျိုးဆက်လွှဲပြောင်းနေစဉ်အတွင်းမှာ သူက ငါ့ကို သူ့ကျင့်ကြံမှုအချို့ပါ လွှဲပြောင်းပေးမယ်တဲ့။ ဒီအတွက်ပေးရတဲ့တန်ဖိုးက သူ့ကျင့်ကြံမှုအဆင့်ကတော့ နှစ်နှစ်ရာလောက် အဆင့်တစ်ခု လျော့ကျသွားလိမ့်မယ်။ သူက ငါ့ကို အာဏာတက်ခြင်းအထွတ်အထိပ်အဆင့် ရောက်အောင် ကူညီပေးလိမ့်မယ်။ ယင်နဲ့ယန်အဆင့်ကို ဝင်ရောက်ပြီးရင်တော့ အားလုံးက ငါ့ကိုယ်ပိုင်နားလည်မှုအပေါ်ပဲ မူတည်တော့မယ်…”

“အဲ့ကျရင် ငါနဲ့ ဟင်္သာပြဒါးဂြိုဟ်ပေါ်က ဝမ်လင်းနဲ့ကြားက ကွာခြားမှုက ပိုကြီးမားလာလိမ့်မယ်။ နောက်လာမယ့်နှစ်တွေမှာ ငါက ကျင့်ကြံခြင်းနယ်ပယ်ရဲ့ ဒုတိယအဆင့်ကို ရောက်ရှိခဲ့ရင် ဒီလူ့ကို ထပ်တွေ့ရမယ်။ အဲ့ကျရင် သူက ဘယ်လို စိတ်မျိုးဖြစ်နေမလဲတော့ ငါ မသိဘူး။ ဒါပေမဲ့လည်း အဲ့အချိန်ကျရင် သူက ငါ့အတွက် ဟွမ်တန်လိုမျိုး ပုရွတ်ဆိတ်တစ်ကောင်သာသာပဲ ဖြစ်လာလိမ့်မယ်…”

လျိုမေက ပြုံးလိုက်၏။ သူမအပြုံးက လှပလွန်းလှကာ လူတိုင်းကို နှလုံးခုန်မြန်သွားစေနိုင်သည်။

“ပုံရိပ်တစ်သောင်း ကောင်းကင်နတ်ဆိုးတာအိုက ဒီကမ္ဘာထဲမှာ ရှိတဲ့ အရာရာတိုင်းကို ပုံရိပ်ယောင်တစ်ခုအောက်မှာ တွန်းပို့ နိုင်တယ်…”

လေပြေက ညင်သာစွာ တိုက်ခတ်လာသည့်အခါ သူမနောက်ကျော်ရှိ ဆံပင်များက လွင့်ဝဲလို့သွားသည်။သူမက ဆံနွယ်စကို ဆုပ်ကိုင်ရန် သူမလက်ကို မြှောက်လိုက်၏။

သည်အခိုက်အတန့်၌ သူမသိုလှောင်အိတ်ထဲမှ တုန်ခါလှိုင်းများ ထွက်ပေါ်လာခဲ့သည်။ ထိုတုန်ခါလှိုင်းများက သိုလှောင်အိတ်ထဲ၌ ကန့်သတ်ပိတ်လှောင်ထားသော်လည်း ယင်းတို့က မကျေမချမ်းမှုတို့နှင့် ပြည့်လို့နေဆဲသာ။ သည်မကျေမချမ်းဖြစ်မှုက သိုလှောင်အိတ်ထဲသို့ ဖြည်းဖြည်းချင်း ပြည့်နှက်လာ၏။

လျိုမေက ခေါင်းငုံ့ကာ သိုလှောင်အိတ်ကို ထိလိုက်သည်။ အထဲရှိ တုန်ခါလှိုင်းက အနည်းငယ် လျော့ကျသွား၏။သို့သော် မကျေမချမ်းဖြစ်မှုကတော့ ပို၍ အားကောင်းလာခဲ့သည်။

လျိုမေက တိုးညင်းစွာ ပြောလိုက်သည်။ “နာခံစမ်း…နင်ခု ထွက်သွားလို့ မရနိုင်ဘူး…”

သူမက လက်ချောင်းထိပ်ကို ကိုက်ကာ သိုလှောင်အိတ်ထဲသို့ သွေးတစ်စက်ညှစ်ချလိုက်၏။ သည့်နောက် သူမအသွင်က နာကျင်သည့်ဟန် ဖြစ်ပေါ်သွားသည်။

တုန်ခါလှိုင်းက တစ်ဖြည်းဖြည်းချင်း လုံးဝ ပြန်ပျောက်ကွယ်သွားသည်။အထဲရှိ မကျေမချမ်းဖြစ်မှုသည်လည်း ကြမ်းတမ်းစွာ ဖိနှိပ်ခြင်း ခံလိုက်ရ၏။

“နင်…ဘာကြောင့် ဒီလို လုပ်နေရတာလဲ…” လျိုမေနောက်မှ ရှေးဟောင်းအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဟွမ်မိသားစုဘိုးဘေးက ဖြည်းဖြည်းချင်း သိပ်သည်းပေါ်ထွက်လာခဲ့သည်။သူက လျိုမေ၏ သိုလှောင်အိတ်ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“ဆရာ နင့်ကို အစကတည်းက ပြောခဲ့ပြီးပြီး ဒါက အရမ်းကြမ်းကြုတ်ပြီး နင် ဒါကို မထိတွေ့ သင့်ဘူး…”

လျိုမေက စဉ်းစားကာနေ၏။ ဘာစကားမှတော့ ပြန်မဆိုချေ။

ဟွမ်မိသားစုဘိုးဘေးက ထပ်ပြောလိုက်ပြန်သည်။ “သိုလှောင်အိတ်ထဲက အရာကို ခုသတ်လိုက်ပါ။ ဒါက ထပ်ပြီး မကြီးထွားစေနဲ့။ နင်က ဒီလိုဆက်လုပ်နေရင် နင့်တာအိုနှလုံးသားကို ထိခိုက်စေလိမ့်မယ်။ နင်က ဒီလိုသာဆို ယင်ယန်အဆင့်ကို ကျော်ဖြတ်ပြီး ဘယ်လိုလုပ် ဒုတိယအဆင့်ကို ရောက်နိုင်ပါ့မလဲ…”

လျိုမေက ခေါင်းမော့ကာ ဟွမ်မိသားစုခေါင်းဆောင်ကို ကြည့်ကာ တိုးညင်းစွာ ပြောလိုက်သည်။ “ဆရာ…လျိုမေ ဘာလုပ်ရမယ်ဆိုတာ သိပါတယ်။ ကျေးဇူးပြုပြီး ဒီအကြောင်းကို ထပ်မပြောပါနဲ့တော့…”

ဟွမ်မိသားစုဘိုးဘေးက လျိုမေကို ကြည့်သည်။ အချိန်အတန်ကြာပြီးနောက် သူက သက်ပြင်းချကာ ဆိုလာသည်။ “ဘာကြောင့်လဲ…ဘာကြောင့် နင်က ဒီလိုလုပ်မှ ဖြစ်မှာလဲ…”

ဝမ်လင်းကတော့ ငွေနဂါးကို စီးနင်းက ယွမ်ရှဂြိုဟ်သို့ ဦးတည်သွားနေ၏။ အကွာအဝေးတစ်ခုမှ ကြည့်လျှင် ယွမ်ရှဂြိုဟ်က ထူထဲသောမြူခိုးများဖုံးအုပ်ထားသောကြောင့် မီးခိုးရင့်ရောင် သန်းနေသည်။နတ်ဘုရားအာရုံဖြင့်ပင် မထွင်းဖောက်နိုင်လောက်အောင် ထူထဲလှ၏။

သည့်အပြင် မြူထုအတွင်းမှ ဟိန်းသံအော်သံများလည်း ထွက်ပေါ်လျက် ရှိနေ၏။ထိုအသံများက သည်နေရာသို့ ဖြတ်သန်းမဝင်ရောက်ရန် သတိပေးနေသကဲ့သို့ပင်။

သည်ငွေရောင်နဂါးက ဝမ်လင်းကို ယွမ်ရှဂြိုဟ်၏ အပြင်ဘက်သို့ ခေါ်ဆောင်လာကာ သူက ထူထဲသောမြူလွှာကို စူးစိုက်ကြည့်နေသည်။ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သိုလှောင်အိတ်ထဲမှ ကြယ်ခုနစ်ခုဓားအစီအရင်ကို ထုတ်ယူလိုက်သည်။ ၎င်းဓားများက မြန်ဆန်စွာ လှည့်ပတ်ကာ ပြင်းထန်သောအားတစ်ခုကို ဖြစ်စေသည်။

သည်အားကို ဝန်းရံပြီး ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သည့်နောက် ကြယ်သံလိုက်အိမ်မြှောင်ကို ပြန်သိမ်းဆည်းလိုက်၏။ သူက မြူထဲသို့ ကြယ်ခုနစ်ခုဓားအစီအရင်နှင့်အတူ ဝင်ရောက်လိုက်သည်။ဓားအစီအရင်က မြန်ဆန်စွာ တဝီဝီလှည့်ပတ်ပြီး ဝမ်လင်းရှေ့ရှိ မြူထုကို တွန်းထုတ်ပေးလေ၏။

သို့ရာတွင် သည်မြူထုက ထုထည်းလွန်းလှကာ သည်နည်းလမ်းနှင့်ပင် ဝမ်လင်းရှေ့ရှိမြူထုက အဆုံးမရှိဟု ထင်မှတ်ရသည်။

ဝမ်လင်းအသွင်ကတော့ ပုံမှန်ပင်။ ဓားအစီအရင်က ဖန်တီးပေးသည့် ဝဲကတော့ကြောင့် မြူများက သူ့နားကိုတော့ နီးကပ်လာခြင်း မရှိပေ။ သို့ရာတွင် သည်အခိုက်အတန့်၌ သူ့ဝန်းကျင်တစ်ခုလုံးက မီးခိုးရောင်ဖြစ်နေကာ အရာတစ်ခုကိုမှ မြင်ရခြင်း မရှိပေ။ သူ့နတ်ဘုရားအာရုံပင် ပိတ်ဆို့ခြင်း ခံထားရ၏။ထို့ကြောင့် ဝမ်လင်းက သူ့အလိုလိုသိစိတ်ပေါ်တွင်သာ မှီတည်၍ ရှေ့သို့ ဆက်ပျံသန်းနေရသည်။

အချိန်အတန်ကြာပြီးနောက် သူ့ရှေ့ရှိ မြူလွှာက တစ်ဖြည်းဖြည်းပါးလွှာသွားသည်။ဝမ်လင်း မျက်လုံးက ကျဉ်းမြောင်းလို့သွား၏။ သူက ချက်ခြင်းပင် အရှိန်တင်လိုက်ကာ မြူထုထဲကနေ ကြယ်ပျံတစ်စင်းအလား ထိုးထွက်လိုက်၏။ သူ့ရှေ့ရှိ ပေါ်ထွက်လာသော မြင်ကွင်းကြောင့် သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့လို့သွားသည်။

ကောင်းကင်တစ်ခုလုံးက သိပ်သည်းသောမြူနှင့် ဖုံးလွှမ်းနေကာ မည်သည့်နေရာမှ ကျရောက်နေခြင်းမရှိဘဲ ကမ္ဘာမြေက နက်မှောင်လို့နေသည်။သို့ရာတွင် သည်အရာက ကျင့်ကြံသူတစ်ယောက်၏ မြင်ကွင်းကိုတော့ သက်ရောက်နိုင်ခြင်း မရှိပေ။

မြေပြင်က အက်ကွဲကြောင်းများနှင့် ပြည့်နေကာ ကြီးမားသည့် ပါးစပ်ကြီးများက အရာရာကို ဝါးမြိုပစ်ရန် ကြိုးစားနေသကဲ့သို့ပင်။

ပြင်းထန်သောသေခြင်းအော်ရာက ကောင်းကင်နှင့်မြေကြီးတွင် ပြည့်နှက်နေသည်။သည်သေခြင်းအော်ရာက လူတစ်ယောက်၊အရာတစ်ခုထဲမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ ဂြိုဟ်တစ်ခုလုံးကနေ ထွက်ပေါ်နေခြင်း ဖြစ်သည်။

အက်ကွဲကြောင်းများ ပြည့်နေသော မြေပြင်က လက်တံများအလားပင်။ ဖျပ်ခနဲ ကြည့်လိုက်လျှင် မြေပြင်က လက်တန့်များဖြင့် ဖုံးလွှမ်းနေသည်နှင့်ပင် ဆင်တူနေသေး၏။

သည်မြင်ကွင်းက လူတိုင်း၏ နှလုံးသားကို ဖိစီးလေးလံစေအောင် ပြုလုပ်နေသကဲ့သို့ပင်။

ယွမ်ရှဂြိုဟ်မှ အော်သံဟိန်းသံလှိုင်းများ၏ အများစုက မြေအောက်ကနေ ထွက်ပေါ်လာနေခြင်း ဖြစ်၏။

“ဒါက လုံးဝပျက်စီးနေတဲ့ ဂြိဟ်တစ်ခုပဲ…” ဝမ်လင်းက စဉ်းစားတွေးတောကြည့်နေရင်း သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ရှေ့တည့်တည့်သို့ ပျံသန်းလာနေရင်း သတ္တုကြောကို ရှာကြည့်နေသည်။ သူက ပျံသန်းနေရင်းဖြင့် မြို့ပျက်များကို တွေ့မြင်ခဲ့သည်။

မြေပြင်မှ ထွက်ပေါ်နေသည့် လက်တံလိုအရာများက ထိုမြို့ပျက်များအား ထွေးခြုံထားသည်။

သူက ကောင်းကင်ကို ဖြတ်သန်း၍ တိတ်တဆိတ်ပျံသန်းလာနေရင်း ဝမ်လင်းအကြည့်က မြို့ပျက်များကြားသို့ ရောက်ရှိသွားသည်။သည်အခိုက်အတန့်၌ မူလက လှုပ်ရမ်းနေသောလက်တံများ အားလုံးက ရုတ်တရက်ကြီး ရပ်တန့်လို့သွားသည်။ သည့်နောက် ၎င်းတို့အားလုံးက မြန်ဆန်စွာ ကျုံ့လာကာ မြေမျက်နှာပြင်ပေါ်ကနေ ပျောက်ကွယ်လို့သွားတော့သည်။

သည်အခိုက်အတန့်ပ မိုးကုပ်စက်ဝိုင်းစွန်းမှ ကောင်းကင်ပင် ကြေမွသွားလောက်သည့် ဟိန်းသံကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။ အနီရောင်တိမ်တိုက်တစ်ခုက အရာအားလုံးကို ဖုံးလွှမ်းလာကာ ဝမ်လင်းထံသို့ ရူးသွပ်ဖွယ် တိုးဝင်လာနေသည်။

ထိုအနီရောင်တိမ်ထု ပေါ်၌ ကြီးမားလှသည့် ကြမ်းကြုတ်သောသားရဲတစ်ကောင်က စီးနင်းလိုက်ပါလာသည်။ သည်သားရဲက နဂါးတစ်ကောင်နှင့် ဆင်တူ၏။သို့သော် နဂါးတော့ မဟုတ်ပေ။ ၎င်း၏ ရှည်လျားလှသော ခန္ဓာကိုယ်ကြီးက ပေသောင်းနှင့်ချီကာ ၎င်း၏ ဦးခေါင်းက တြိဂံအသွင်ရှိ၏။ ၎င်းကို မြွေဟုပင်ပြောရမည့်အလားပင်။ သို့သော် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးက အမွှေးအမျှင်များနှင့် ဖုံးအုပ်လို့နေသည်။

သည်သားရဲက ဟိန်းဟောက်က မြန်ဆန်စွာ ဝရောသုန်းကား တိုးဝင်လာနေရင်း ကောင်းကင်ထက်ရှိ မြူလွှာထုပင် နှစ်ပိုင်းကွဲထွက်သွားလေ၏။

ဝမ်လင်းက သည်သားရဲကို သူ့နတ်ဘုရားအာရုံဖြင့် လှမ်းမြင်လိုက်သည့်အခါ သူ့အသွင်က ကြီးစွာ ပြောင်းလဲသွားကာ အံ့အားသင့်ဟန်ဖြင့် ပြောလိုက်မိသည်။ “ဒဏ္ဍာရီလာ လမြွေနဂါး…”

ရှေးဟောင်းနတ်ဘုရားများသည် သည်သားရဲနှင့် နက်နက်ရှိုင်းရှိုင်း ခံစားမှု ရှိကြ၏။ဝမ်လင်းက လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်သည်။ စကားတစ်ခွန်းမှ မဆိုဘဲ သူက ချက်ခြင်းပင် အောက်သို့ဆင်းသက်ကာ အက်ကွဲကြောင်းများထဲမှ တစ်ခုကို ဖြတ်သန်း၍ မြေအောက်သို့ တိုးဝင်လိုက်သည်။

တစ်ချိန်တည်းမှာပင် ရှေးဟောင်းနတ်ဘုရားထူစီ၏ မှတ်ဉာဏ်ထဲမှ လမြွေနဂါးနှင့် ပတ်သတ်၍ အချက်အလက်များသည် သူ့စိတ်ထဲ၌ တဖျပ်ဖျပ် ပေါ်လာခဲ့သည်။ ဝမ်လင်းမျက်လုံးက ရုတ်တရက် ထူးဆန်းသောအလင်းများ ထွက်ပေါ်လာခဲ့သည်။

လမြွေနဂါးက သဘာဝတရားကနေ မွေးဖွားလာတဲ့ အရာမဟုတ်ဘူး။ ဒီသားရဲက ရှေးဟောင်းနတ်ဘုရားတွေရဲ့ ခန္ဓာကိုယ်ထဲမှ နေထိုင်တဲ့ ထူးထူးခြားခြား ကပ်ပါးကောင်တစ်မျိုး ဖြစ်တယ်။ ရှေးဟောင်းနတ်ဘုရားတွေ ရှင်သန်ချိန်တုန်းက ၎င်းတို့က ရှင်သန်ဖို့အတွက် ရှေးဟောင်းနတ်ဘုရားရဲ့ သွေးကို စုပ်ယူကြတယ်။ “ဒါပေမဲ့လည် ၎င်းတို့က ရှေးဟောင်းနတ်ဘုရားရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်ခွာလို့ မရဘူး။ တစ်ခါတစ်ရံမှာ ရှေဟောင်းနတ်ဘုရားတွေက ဒီကောင်တွေကို လက်နက်ရတနာလို့ အသုံးပြုတက်ကြတယ်…”

“ရှေးဟောင်းနတ်ဘုရား သေဆုံးသွားတာနဲ့ ဒီကပ်ပါးကောင်တွေကလည်း လိုက်ပါ သေဆုံးသွားတက်တယ်။ ဒါပေမဲ့လည်း ရှေးဟောင်းနတ်ဘုရားရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်ခွာပြီး မသေတဲ့ လမြွေနဂါးကပ်ပါးကောင်မျိုး ဖြစ်နိုင်ဖို့က ဖြစ်တောင့်ဖြစ်ခဲပဲ။ ရှေးဟောင်းနတ်ဘုရားက ပိုသန်မာလေလေ ဒီလမြွေနဂါးကလည်း ပိုသန်မာလေ ဖြစ်တယ်…”

“ရှေးဟောင်းနတ်ဘုရား ထူစီရဲ့ကိုယ်ထဲမှာ ရှိတဲ့ လမြွေနဂါး အားလုံးက သေဆုံးသွားခဲ့ပြီ။ ဒါ့ကြောင့် ဒီကောင်တွေက ပေါ်ထွက်မလာခဲ့ကြဘူး။ ဒါပေမဲ့လည်း ဒီနေရာမှာ လမြွေနဂါးတစ်ကောင် ပေါ်ထွက်လာခဲ့တယ်…။ ဖြစ်နိုင်…ဖြစ်နိုင်တာက ဒီနေရာက ရှေးဟောင်းနတ်ဘုရားတစ်ပါးပါးရဲ့ ကြွင်းကျန်တဲ့ နေရာများလား။ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ ဘယ်သူကမှ ဒါကို မသိတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။ အားကောင်းတဲ့ကျင့်ကြံသူတစ်ယောက်က ဒီမြွေနဂါးအသွင်အပြင်ကို မြင်လိုက်တာနဲ့ ရိုးရိုးစင်းစင်း ပြီးစလွယ်ထားခဲ့မှာ မဟုတ်ဘူး…”

ဝမ်လင်းက မြေကြီးအက်ကွဲကြောင်းထဲ၌ ရှိနေကာ ကောင်းကက်ထက်မှ အနီရောင်တိမ်ထုကို ကြည့်လို့နေသည်။ လမြွေနဂါး၏ ဧရာမခန္ဓာကိုယ်ကြီးက တစ်ဖြည်းဖြည်းဖြင့် အကွာအဝေးတစ်ခုသို့ ပျံသန်းသွားသည်ကို ကြည့်နေရင်း သူက တိတ်တဆိတ် စဉ်းစားတွေးတောလို့နေသည်။

သည်အခိုက်အတန့်၌ မဟာမိတ်ကြယ်အဖွဲ့အစည်းကြီး၏ သာမန်ဆန်လှသော ကျင့်ကြံခြင်းဂြိုဟ်တစ်ခုပေါ်တွင် ရောင်စုံဝတ်စုံနှင့် အမျိုးသမီးနှစ်ယောက်သည် သေမျိုးနိုင်ငံတစ်ခု၏ မြို့တော်ထဲသို့ ဝင်ရောက်လာကြသည်။

ထိုအမျိုးသမီးနှစ်ယောက်လုံး၏ ညာလက်ထဲပ တောက်ပသော အလုံးတစ်ခုစီ ရှိလို့နေကြသည်။သည်အလင်းလုံးများက ပြင်းထန်သောသတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ပေးစွမ်းလို့နေသည်။

အမျိုးသမီးနှစ်ယောက်က ကောင်းကင်ထက်၌ ရှိနေရင်း တစ်ယောက်က အော်ပြောလာခဲ့သည်။ “စစ်ထူနန်…ထွက်လာခဲ့စမ်း…”

မြို့တော်ထဲမှ ကျိန်ဆဲသံတစ်ခု ထွက်ပေါ်လာကာ ယင်းအသံနောက်၌ ခရမ်းရောင်ဝတ်စုံနှင့် ယောက်ျားတစ်ယောက်က တရောသုံးပါး ထွက်လို့လာခဲ့သည်။ သူက အမျိုးသမီးနှစ်ယောက်ကို ကြည့်ပင်မကြည့်ပဲ ချက်ခြင်း ထွက်ပြေးလေတော့သည်။

စစ်ထူနန်…ကလန်ခေါင်းဆောင်က အမိန့်ပေးထားပြီးပြီး။ နင်က လွမ့်ဖန်ဂြိုဟ်နဲ့ လက်အောက်ခံ ဂြိုဟ်အားလုံးကို လိုချင်နေတယ်မလား။ နင် လွတ်မြောက်နိုင်စွမ်း မရှိတော့ပါဘူး…”

ထိုလူမှာ စစ်ထူနန်ပင် ဖြစ်ချေ၏။ သူက ခုလက်ရှိတွင် သနားစရာကောင်းသည့် အခြေအနေသို့ စိုက်ရောက်နေကာ ထွက်ပြေးနေရင်း နောက်သို့ ပြန်အော်ဟစ်လိုက်သည်။ “ဒီအနံ့ဆိုးနဲ့မိန်းကလေးကို ပြောလိုက်ပါ။ သူမက ဒီအဘိုးအိုကို အတင်းဖိအားပေးရင် ငါက သူ ပရောပရည်လုပ်တဲ့ မြင်ကွင်းကို ကျောက်စိမ်းပြားတစ်သောင်းထဲထည့်ပြီး မဟာမိတ်ကြယ်အဖွဲ့အစည်းအနှံ့ ဖြန့်ပစ်မယ်လို့။ သေစမ်း…ငါ့နောက်ကို လိုက်ဖမ်းနေတာ ရာစုနှစ်တစ်စုစာလောက် ရှိနေပြီ။ ဒါက တော်တော်စိတ်တိုစရာပဲ…”

“ဟွန့်…” အမျိုးသမီးနှစ်ယောက်က ချက်ခြင်းပင် သူတို့လက်ထဲရှိ အလင်းလုံးနှစ်ခုကို ပေါင်းစပ်လိုက်သည်။ အလင်းလုံးများက တစ်ခုနှင့်တစ်ခု ပျော်ဝင်သွားကာ အလွန်စွဲဆောင်မှုရှိသော အမျိုးသမီးပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားသည်။

“ဒီတစ်ကြိမ်တော့ ငါက နင့်ကို ထွက်ပြေးခွင့် မပြုတော့ဘူး…” အမျိုးသမီးပုံရိပ်က ခြေတစ်လှမ်းလှမ်းကာ သူမ၏ ကျောက်စိမ်းလိုလက်လေးကို ပင့်မြှောက်လိုက်သည်။ ကောင်းကင်က ရုတ်တရက် နက်မှောင်သွားကာ ကမ္ဘာမြေပင် စတင်တုန်ခါလာခဲ့သည်။ ကောင်းကင်နှင့်မြေကြီးက ဖိနှိပ်ခြင်း ခံလိုက်ရချေ၏။

စစ်ထူနန်က ထူးဆန်းစွာ အော်ဟစ်ကာ သူ့ခန္ဓာကိုယ်ထဲမှ မီးတောက်တစ်ခု လောင်ကျွမ်လားသည်ဟုပင် ထင်မှတ်ရသည်။ သူက ထွက်ပြေးနေသော်လည်း သွေးများစွာ အန်ထုတ်ရနေရကာ သူ့မျက်နှာက ချက်ခြင်း ဖြူရောလာခဲ့သည်။

“အနံ့ဆိုးနဲ့မိန်းကလေး…နင် စောင့်နေပါ။ ဒီအဘိုးအိုက မဟာမိတ်ကြယ်အဖွဲ့အစည်းက ကျင့်ကြံသူတွေအားလုံးနဲ့သေမျိုးအားလုံးကို နင့်ရဲ့ ပရောပရီချစ်ရည်လူးနဲ့ အပြုအမူကို တွေ့မြင်ရအောင် လုပ်ပစ်မယ်။ ဒီအဘိုးအိုက မဟာမိတ်ကြယ်အဖွဲ့အစည်းမှာ အလွန်ကျော်ကြားလာလိမ့်မယ်။ ဒီအဘိုးအိုက ကိုယ့်စကားကိုယ် တည်တယ်…”

စစ်ထူနန်က နောက်ထပ်သွေးတစ်လုပ်ထပ်အန်ထုတ်လိုက်ရာကာ အရူးအမူး ထွက်ပြေးလေသည်။

“ငါက ထပ်ပြီး တံခါးပိတ်ကျင့်ကြံဖို့ သွားရတော့မယ်။ နင် စောင့်နေပါ…” စစ်ထူနန်မျက်လုံးက နီရဲလို့နေသည်။သူက သူ့စိတ်ကို ပြင်ဆင်ကာ နောက်တစ်ဖန် တံခါးပိတ်ကျင့်ကြံတော့မည် ဖြစ်သည်။ သူက နိဗ္ဗာနကြိုမြင်ခြင်းအဆင့်သို့ မရောက်မချင်း ထွက်လာတော့မည် မဟုတ်ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset