မရဏလက်ချောင်းက အနက်ရောင်အလင်းတန်းအဖြစ်သို့ ပြောင်းကာ ရှေ့သို့ ထိုးထွက်သွားသည်။ တုန်ခါလှိုင်းများက ၎င်းအလင်းပတ်လည်၌ ပေါ်ထွက်လာကာ ထိုတုန်ခါမှုထဲ၌ပင် လျှပ်စီးများ တလိပ်လိပ် ပါဝင်လို့နေသည်။
မရဏလက်ချောင်း၏ ပတ်လည်ရှိ မိုးကြိုးလျှပ်စီးက ပို၍ အားကောင်းလာလေ၏။
လက်ချောင်းတစ်ချက်ဖြင့်ပင် ဟွမ်တန်၏ခန္ဓာကိုယ်ပတ်လည်ရှိ အလင်းသည် ချက်ခြင်း ပျောက်ကွယ်သွားရသည်။သူ့အသွင်က ဖြူရောသွားကာ နောက်သို့ အမြန်ဆုတ်လိုက်သည်။ ထိုလက်ချောင်း၏ စွမ်းအားက သန်မာလွန်းလှကာ သူ့ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူ့နှလုံးသားကို တုန်ယင်သွားစေ၏။
သို့ရာတွင် ထိုအနက်ရောင်အလင်းက အနက်ရောင်နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။၎င်းက နောက်ဆုတ်သွားသော ဟွန်တန်နောက်သို့ တိုက်ရိုက် တိုးဝင်သွားသည်။
ဟွမ်တန်က သိုလှောင်အိတ်ထဲက သတ္တုဓားတစ်လက်ကို ထုတ်ယူလိုက်သည်။တစ်ချိန်တည်းမှာပင် သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ထိုဓားပေါ်သို့ ဖိချသည်။သူက ဟစ်ကြွေးလိုက်၏။ “သတ္တုခွန်အား…”
သတ္တုဓားက မရဏလက်ချောင်းတိုက်ချက်ထံသို့ တိုက်ရိုက် ပျံသန်းတိုးဝင်သွားသည်။
ကောင်းကင်ထက်၌ ကျယ်လောင်သော ပေါက်ကွဲမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်သွားသည်။ မရဏလက်ချောင်းနှင့် သတ္တုဓားတို့ ထိဆုံသွားချိန်၌ အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ သည့်နောက် သတ္တုဓားက တစ်လက်မချင်း ပျက်စီးလာကာ ပျောက်ကွယ်လို့သွားချေသည်။ မရဏလက်ချောင်းက ဟင်းလင်းပြင်ကို ဖြတ်၍ လျှပ်စီးအလင်းတန်းကဲ့သို့ ဟွမ်တန်ရှေ့သို့ ရောက်လာခဲ့တော့သည်။ထို အရေးတကြီး အခြေအနေ၌ ဟွမ်တန်က သူ့လက်ဖြင့် ချိပ်တံဆိပ်ဖော်ဆောင်ကာ မရဏလက်ချောင်းနှင့် တွေ့ဆုံစေလိုက်သည်။
မိုးကြိုးဟိန်းသံများက သည်ဧရိယာတွင် ပဲ့တင့်ထပ် ပျံ့နှံ့လို့သွားသည်။ဟွမ်တန်ခန္ဓာကိုယ်က တုန်ယင်သွားကာ သွေးတစ်လုပ် အန်ထုတ်လိုက်ရ၏။ သူက နောက်သို့ မြန်ဆန်စွာ ဆုတ်နေ၏။ သူက ထိုသို့ဆုတ်နေရင်းဖြင့် လျှပ်စီးများက သူ့ကိုယ်အနှံ့တွင် တဖျပ်ဖျပ် တောက်လောင်နေခဲ့သည်။ ထိုလျှပ်စီး ဖျပ်ခနဲ ဖြစ်ဖြစ်သွားတိုင်း သူ့ဒဏ်ရာက ပိုပို ဆိုးလာခဲ့သည်။ သည်လျှပ်စီးက အလွန်ထူးဆန်းလှ၏။ ၎င်းက သူ့မူလစိတ်ဝိညာဉ်ပတ်လည်တွင် တစ်စိတ်တစ်ပိုင်းအနေဖြင့် ဝန်းရံလာကာ သူ့မူလစိတ်ဝိညာဉ်အား အလွန်နာကျင်အောင် ပြုလုပ်နေလေသည်။
သူ့မျက်နှာက ဖြူရောကာ ကြောက်ရွှံ့မှုတို့နှင့် ပြည့်လို့နေသည်။
“ဒါက ဘယ်လိုမိုးကြိုးမျိုးလဲ။ ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်များလဲ။ မန္တာန်တစ်ခုတည်းနဲ့ ငါ့ကို ဒီလိုမျိုး ဒဏ်ရာရသွားစေဖို့ လုံလောက်နေတယ်။ ဒီလူက ရွင်ယွမ်ဂြိုဟ်ပေါ်က မဟုတ်တာ ကျိန်းသေတယ်။ ငါက မတိုက်ခိုက်နိုင်ဘူး။ ဒါ့ကြောင့် ဒီကစ္စကို သခင်မစီ အမြန်သတင်းပြန်ပို့မှ ဖြစ်မယ်…”
ဟွမ်တန်က သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အဖြူရောင်အလင်းတစ်ခုက ၎င်းထံကနေ ချက်ခြင်းတောက်ပလာခဲ့သည်။ သူက ပို၍ မြန်ဆန်လာကာ သူ့ခန္ဓာကိုယ်တစ်ဝက်က လေဟာနယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီး ဖြစ်ကာ တည်နေရာရွေ့ပြောင်းလုနီးပါး ဖြစ်လို့သွားသည်။
ဝမ်လင်းက အာဏာတက်ခြင်းအစောပိုင်းအဆင့်တွင်သာ ရှိသေးသော်လည်း သူ့မန္တာန်က အာဏာတက်ခြင်းအလယ်အဆင့်ကို ဖိနှိပ်ထားနိုင်ပြီ ဖြစ်သည်။ အာဏာတက်ခြင်းအစောပိုင်းနှင့် နောက်ဆုံးအဆင့်တို့ကြားရှိ ကွာဟမှုက ကြီးမာလှ၏။သို့သော် ဝမ်လင်း အာဏာတက်ခြင်းအလယ်ပိုင်းအဆင့်ကို ယှဉ်တိုက်ကာ ဖိနှိပ်နိုင်နေပြီ ဖြစ်သည်။
ခုချိန်၌ သူက အာဏာတက်ခြင်းအစောပိုင်းအဆင့်တွင်သာ ရှိသေးသော်လည်း သူ့ကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ပမာဏက အာဏာတက်ခြင်းအလယ်အဆင့်ကျင့်ကြံသူများလောက် နီးနီး ရှိနေခဲ့ပြီ ဖြစ်သည်။ သူက အာဏာတက်ခြင်းအလယ်အဆင့်သို့ ရောက်ရှိဖို သူ့နယ်ပယ်၏ ဉာဏ်အလင်းတစ်ခုသာ လိုချေတော့သည်။
ထို့အတွက်ကြောင့် သည်ဟွမ်တန်ကို သတ်ဖြတ်ခြင်းက သူ့လက်တစ်ဝှေ့ရမ်း စာလောက်ပင် လိုအပ်ပေသည်။
ဝမ်လင်းက ဟွမ်တန် ထွက်ပြေးသည်ကို တွေ့လိုက်သည့်အခါ သူ့မျက်လုံးက အေးစက်လာခဲ့သည်။ သူက ထိုသုံးယောက်၏မျက်နှာသာပေးမှုကို ရယူထားသည့်အတွက် သည်ဘေးကပ်ဆိုးကို ရှင်းလစ်ပစ်ဖို့ လိုအပ်ပေသည်။
ဝမ်လင်းက သိုလှောင်အိတ်ကို ညင်သာစွာပုတ်လိုက်ရာ ကြယ်ခုနစ်ခုဓားအစီအရင်က အလင်းတန်းခုနစ်အဖြစ်ပြောင်းကာ ပျံသန်းထွက်သွားသည်။ သည်ကြယ်ခုနစ်ခုဓားအစီအရင်က ဓားသူတော်စင်လင်းထျန်ဟူ ဖန်တီးခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် မည်သူက ၎င်းကို ခုခံနိုင်ပါ့မည်နည်း။မျက်စိတစ်မှိတ်အွင်း ဓားခုနစ်လက်က ထိုးထွက်သွားကာ လေဟာနယ်ထဲသို့ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ဟွမ်တန်ဘေးနားသို့ ရောက်ရှိလို့သွားသည်။ သည်ဓားခုနစ်လက်မှ သားရဲစိတ်ဝိညာဉ်ခုနစ်ခုက တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းသွား၏။ သည်ပေါင်းစည်းထားသော သားရဲက မာန်သွင်းက ဟွမ်တန်အား ကုတ်ဆွဲချလိုက်သည်။
လေဟာနယ်အတွင်း၌ ဟွမ်တန်၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုများနှင့် ပြည့်လို့နေသည်။ သားရဲက ဟွမ်တန်အား ကြမ်းကြုတ်စွာ လေဟာနယ်ထဲကနေ ပြန်ဆွဲယူလိုက်၏။ သူက ထွက်လာသည့်အခါ ဓားခုနစ်လက်က ဟွမ်တန်အား ဝန်းရံသွားပြီး သူ့ခန္ဓာကိုယ်ပေါ်သို့ ဓားဖျားများနှင့် ထောက်လို့ထားသည်။ သူက နည်းနည်း လှုပ်ရှားလိုက်လျှင်ပင် ထိုဓားများက သူ့ခန္ဓာကိုယ်အား ထွင်းဖောက်ကာ သူ့စိတ်ဝိညာဉ်ကိုပါ ဖျက်စီးပစ်ပေလိမ့်မည်။
ဟွန်တန် ပေါ်လာသည့်အချိန်မှစကာ အခု အဖမ်းခံလိုက်သည့်အချိန်ထိ အရာအားလုံးက မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့ခြင်းပင်။
ရွင်မိသားစုဘိုးဘေးက လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်၏။ သူက ဝမ်လင်း၏ မန္တာန်ကို ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရကာ မည်မျှ အားကောင်းကြောင်း သိထားပေ၏။ ခု တတိယလူအဖြစ်နှင့် အပြင်က တွေ့ရသည့်အခါတွင်လည်း ဝမ်လင်းမန္တာန်က မတူညီမှုကို သူ့အား ပေးစွမ်းလာခဲ့သည်။
သူ့မျက်လုံးထဲ၌ အလွန်ကြောက်လန့်နေမိ၏။ အရင်တုန်းက ဝမ်လင်းသူ့ကို တိုက်ခိုက်လာချိန်တွင် အရိပ်တစ်ခုက ဖျပ်ခနဲ လှုပ်ရှားသွားရုံနှင့် သူက သေမလို ဖြစ်ခဲ့ရပေသည်။ခုချိန်တွင် သူက သည်အနက်ရောင်အရိပ်က ဝမ်လင်း၏ တစ်ခုတည်းသောမန္တာန် မဟုတ်ကြောင်း သဘောပေါ်လို့သွား၏။ ကြည့်ရသည်မှာ ဝမ်လင်း၏ မန္တာန်တိုင်းက ကြောက်မက်ဖွယ်ကောင်းနေသည့်ပုံပင်။
သူက သူ့စိတ်ကိုသူ ပြင်ဆင်ကာ သူရှုမူ(ဝမ်လင်း) နှင့် ဘယ်သောအခါမှ ရန်သူ မဖြစ်စေရဟု ဆုံးဖြတ်လိုက်သည်။
အပူအပင်မဲ့ကျောက်၏ စိတ်ထဲတွင်လည်း ရွင်မိသားစုဘိုးဘေးထက် အားမနည်းသော ကြောက်ရွှံ့မှုကို ခံစားလိုက်ရသည်သာ ဖြစ်သည်။ သည်အခိုက်အတန့်၌ သည်ရှုမူက သူ့ကို သတ်ချင်လျှင် သူက မည်သို့မှ ခုခံနိုင်မည်မဟုတ်ဘဲ သေရလိမ့်မည်ကို သဘောပေါက်သွား၏။
“သူ့ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်း အထွတ်အထိပ်အဆင့်များလား…”
နှိုင်းယှဉ်ရလျှင်တော့ စွန်ရှီက ပို၍ တည်ငြိမ်နေသေး၏။ သူ့စိတ်ထဲ၌ ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်သည် အလွန်မြင်လိမ့်မည်ဟု တွေးနေမိသည်။ သည်အခိုက်အတန့်၌ သူက တွေးလိုက်မိ၏။ “ဒီရှုမူက တော်တော်အားကောင်းတာပဲ။ ငါက သူနဲ့ ဆက်ဆံရေး ကောင်းရအောင် သေချာ လုပ်ဆောင်ရမယ်…”
ဟွမ်တန်၏ ဦးရေပြားပင် ထုံထိုင်းသွား၏။ သူ့ပတ်လည်ရှိ ဓားခုနစ်လက်က သူ့အား အချိန်မရွေး သတ်ပစ်နိုင်သည်ဟု ခံစားနေရသည်။ သူက ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။သို့သော် သူက ဝမ်လင်းနောက်ရှိ အခြားသုံးယောက်ကို တွေ့လိုက်သည့်အခါ လှမ်းအော်လိုက်သည်။ “ရွင်ရွှယ်ဖန်၊ကျောက်ချူဝမ်၊စွန်ရှီ မင်းတို့က ကိုယ့်သေတွင်းကိုယ် တူးချင်နေတာလား…”
ထိုသုံးယောက်က တိတ်ဆိတ်လို့သာ နေကာ စကားပြန်မပြောပေ။သို့ရာတွင် သူတို့မျက်လုံးထဲ၌ အေးစက်မှုတို့ ရိပ်ခနဲ ဖြတ်သန်းသွားသည်။
ဟွမ်တန်က သည်အေးစက်စက်အလင်းကို မြင်လိုက်သည့်အခါ တစ်ခုခုမှားနေပြီဟု သဘောပေါက်လိုက်သည်။သူက အော်ပြောလိုက်သည်။ “ငါက ဟွမ်မိသားစုအမိန့်ကြောင့် ဒီနေရာကို ရောက်လာခဲ့တာ။ မင်းတို့ ငါ့ကို သတ်၍ ဟွမ်မိသားစုက အခြားလူတွေကို ထပ်လွှတ်ဦးမှာပဲ။ မင်းတို့က သူတို့အားလုံးကို သတ်နိုင်လိမ့်မယ်လို့ ထင်နေတာလား။မင်းတို့ရဲ့ ခွန်အားလောက်နဲ့ ဟွမ်မိသားစုကို ခုခံရင် ကျိန်းသေ သေဆုံးရလိမ့်မယ်…”
“ငါ့ကို လွှတ်ပေးလိုက်။ ငါ မင်းတို့အားလုံးအတွက် တရားမျှတမှုတစ်ခု ရှာဖွေပေးမယ်…”
ဟွမ်တန်စကားများက ရွင်မိသားစုဘိုးဘေးနှင့်သူ့အပေါင်းအများထံသို့သာ ရယ်ရွယ်နေသော်လည်း သူ့အကြည့်ကတော့ ဝမ်လင်းထံသို့သာ မကြာမကြာ ရောက်လို့နေ၏။ သူက သူ့အားဖမ်းထားသော ထိုလူ၏ နောက်ခံကို ခန့်မှန်းကြည့်နေမိသည်။
ရွင်မိသားစုဘိုးဘေးက ထိုစကားကို ကြားလိုက်သည့်အခါ သူ့မျက်လုံးထဲ၌ ချီတုံ့ချတုံဟန်ပန် ဖြစ်ပေါ်သွားသည်။သို့သော် ၎င်းက ချက်ခြင်းပင် ဆုံးဖြတ်ချက် ပြတ်သားမှုနှင့် ပြန်လည်အစားထိုးသွား၏။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူ ဟွမ်…သင်က ဘာကြောင့် ရွင်ယွမ်ဂြိုဟ်ကို ရောက်လာရတာလဲ ငါ သိချင်မိပါတယ်…”
ဟွမ်တန်က ရွင်မိသားစုဘိုဘေးကို စူးစိုက်ကြည့်သည်။ထို့နောက် နောက်နှစ်ယောက်ကိုပါ ကြည့်ကာ ပြုံးလိုက်၏။ “ဒီတော့ လွန်ခဲ့တဲ့လေးနှစ်တုန်းက ဟွမ်မိသားစုဝင်ကို မင်းတို့ သတ်ခဲ့တာ အမှန်ပေါ့။ရွင်ရွှယ်ဖန်၊စွန်ရှီ၊ ကျောက်ချူဝမ် မင်းတို့ရဲ့ မိသားစု သွေးမျိုးဆက်တွေက အဆုံးသပ်ကို ရောက်ပြီ…”
ရွင်မိသားစု ဘိုးဘေး၏ အသွင်က သုန်မှုန်လာကာ သူက ဝမ်လင်းထံသို့ ကြည့်၍ ပြောလိုက်သည်။ “ရောင်းရင်းရှု… ဒီလူ့ကို ငါတို့လက်ထဲ လွှဲပေးနိုင်မလား…”
ဝမ်လင်းက ခေါင်းညိတ်ပြလိုက်၏။
“ရှုဆိုတဲ့ကောင်…မင်းက ဘယ်သူလဲ။ မင်းက ငါတို့ ဟွမ်မိသားစုရဲ့ ကိစ္စမှာ ဘာကြောင့် ပါဝင် ပတ်သတ်ချင်နေတာလဲ..”
ဟွမ်တန်က ဝမ်လင်းထံသို့ လှည့်၍ ကြည့်ကာ ပြောလိုက်သည်။။ ငါတို့ ဟွမ်မိသားစုရဲ့ဘိုးဘေးက ပြန်ရောက်လာခဲ့ပြီ။ မင်းက ဟွမ်မိသားစုရဲ့ဘိုးဘေးနဲ့ ဆန့်ကျင်တိုက်ခိုက်နိုင်တယ်လို့ ထင်နေတာလား။ မင်းသာ ငါ့ကို လွှတ်ပေးမယ်ဆိုရင် ငါ့အရှင်မကို မင်းနာမည် ပြန်မပြောပြဖို့ ကတိပေးတယ်။ ငါက မင်းကို ဒီကိစ္စထဲ ဆွဲမတည့်တော့ဘူး…”
“ဟွမ်မိသားစု သခင်မ…” ဝမ်လင်းက ဟွမ်တန်ကို ကြည့်လိုက်သည်။
စွန်ရှီက ရှင်းပြလိုက်၏။ “ရောင်းရင်းရှု…သင်က ဒီကိစ္စကို မသိဘူးလား။ ဒီဟွမ်မိသားစုရဲ့ ဘိုးဘေးက မဟာမိတ်ကြယ်အဖွဲ့အစည်းကနေ အမျိုးသမီးတစ်ယောက်ကို ခေါ်လာခဲ့တယ်။ သူက သူမကို တပည့်အဖြစ် သတ်မှတ်ပြီး သွေးမျိုးဆက်ရိုးရာအတိုင်း လုပ်ပြီး သူမရဲ့ သွေးမျိုးဆက်ကို ပြောင်းလဲပေးလိမ့်မယ်…”
ဝမ်လင်းမျက်လုံးများက ကျဉ်းမြောင်းလို့သွားသည်။ သူက မေးလိုက်၏။ “ဟွမ်မိသားစုဘိုးဘေးရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်လဲ…”
ဟွမ်တန်က စိတ်သက်သာရာရသွားကာ ပြောလာသည်။ “ဘိုးဘေးရဲ့ ကျင့်ကြံမှုအဆင်က ကျင့်ကြံခြင်းဒုတိယအဆင့်ကို ရောက်နေခဲ့ပြီ။ လွန်ခဲ့တဲ့ နှစ်ထောင်ချီကတည်းက သူက ယင်နဲ့ယန်အဆင့်ကို ရောက်နှင့်ပြီးသား ဖြစ်တယ်…”
ဝမ်လင်းက ရွင်မိသားစုဘိုးဘေးနှင့် သူ့အပေါင်းအပါများကို မည်ကာမတ္တအပြုံးမျိုးဖြင့် ပြုံး၍ ကြည့်လိုက်သည်။ သူ့အကြည့်ထဲ၌ လှောင်ပြောင်လိုမှု ပါဝင်နေကာ ရွင်မိသားစုဘိုးဘေးကို ခေါင်းငုံ့သွားစေ၏။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါ သူ့ကို မင်းတို့ရှိ လက်လွှဲခဲ့ပြီ။ ဒါက ငါနဲ့ ဘာမှ မပတ်သတ်တော့ဘူး…” သည့်နောက် သူက လက်ဝှေ့ယမ်းလိုက်ရာကြယ်ခုနစ်ခုဓားအစီအရင်က ဟွမ်တန်ကို ဝန်းရံသွားပြီး သူ့မူလစိတ်ဝိညာဉ်ကို ချိပ်ပိတ်ပစ်သည်။ သည့်နောက် ဓားများက ဝမ်လင်းဘေးနားသို့ ပြန်ရောက်လာ၏။
“ငါ့မှာ အရေးတကြီးကိစ္စရှိလို့ ထွက်သွားတော့မယ်။ ငါ လအနည်းငယ်နေရင် ပြန်လာခဲ့မယ်…” ထိုသို့ပြောပြီးနောက် ဝမ်လင်းက လှည့်၍ ထွက်ခွာဟန် ပြင်လိုက်သည်။
ဟွမ်တန်မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့နေဟန်ရကာ သူက အော်ဟစ်လိုက်သည်။ “မင်းတို့ ငါ့ကို သတ်ရင် ငါ့သခင်မက မင်းတို့ကို မခွင့်လွှတ်ဘူးမှတ်။ အရှင်မလျိုမေက ဘိုးဘေးရဲ့ တစ်ဦးတည်းသောတပည့်ပဲ။သူမက နောက်အနာဂတ်မှာ ဟွမ်မိသားစုခေါင်းဆောင် ဖြစ်လာလိမ့်မယ်…”
ဝမ်လင်းက ရုတ်တရက် ရပ်တန့်သွားကာ နောက်သို့ ပြန်လှည့်လာသည်။သူက ဟွမ်တန်ကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။ “ဟွမ်မေ…သူ့မူလနာမည်က ဘာလဲ…”
ဟွမ်တန်က နှာခေါင်းရှုံ့ကာ ဆိုသည်။ “မင်း ငါ့ကို သွားခွင့်ပြုရင် ငါမင်းကို ပြောပြမယ်…”
သူ့စကားမဆုံးသေးခင်မှာပင် ဝမ်လင်းက မျက်မှောင်ကြုတ်ကာ လက်ဆန့်ထုတ်သည်။ ဟွမ်တန်ခန္ဓာကိုယ်က ချက်ခြင်း ဝမ်လင်းလက်ထဲသို့ ကျရောက်လာ၏။ ဝမ်လင်းက ဟွမ်တန်၏ဦးခေါင်းပေါ်သို့ သူ့လက်ကို ဖိချလိုက်ရာ သူ့မျက်လုံးထဲ၌ လျှပ်စီးတန်းတစ်ခုက တဖျပ်ဖျပ် ဖြစ်လို့သွားသည်။ သူ့နောက်မှ အရိပ်က မြန်ဆန်စွာဖြင့် ဝမ်လင်းလက်မောင်းတစ်လျှောက် ရွှေ့လျားလာကာ ဟွမ်တန်၏ခန္ဓာကိုယ်အား လွှမ်းခြုံသွားသည်။
“ စိတ်ဝိညာဉ်ရှာဖွေခြင်း…”
တကယ်တော့ ဟွမ်တန်၏ ကျင့်ကြံမှုက အာဏာတက်ခြင်းအလယ်အဆင့် ဖြစ်၏။ ထို့ကြောင့် သူက စိတ်ဝိညာဉ်ရှာဖွေခြင်းမန္တာန်ကို အသုံးပြုလိုလျှင် ကောင်းကင်ဘုံသက်တော်စောင့်၏စွမ်းအားကို ငှားယမ်းသုံးစွဲရမည် ဖြစ်သည်။
ဝမ်လင်းက ကောင်းကင်ဘုံသက်တောင်စောင့် အကူအညီဖြင့် ဟွမ်တန်၏မှတ်ဉာဏ် အပိုင်းအစများကို ဖြတ်သန်းကြည့်ရှုနေ၏။ သူက ကြည့်နေရင်းဖြင့် ဟွမ်တန်၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်လာပြီး သူ့မျက်လုံးများက နာကျင်ရုန်းကန်နေဟန်တို့ ထွက်ပေါ်လို့နေသည်။
သူက မှတ်ဉာဏ်များကို ဖြတ်၍ ရှာဖွေနေရင်း ဝမ်လင်းက လှပသောအမျိုသမီးတစ်ယောကို ဟွမ်တန်၏မှတ်ဉာဏ်ထဲ၌ တွေ့လိုက်ရ၏။ သူ့အသွင်က သုန်မှုန်လို့သွားသည်။ သူက လက်ကို ပြန်ဖြေလျော့ပေးလိုက်ပြီး ဟွမ်တန်၏ခန္ဓာကိုယ်အား ရိုက်ထုတ်လိုက်၏။ ဟွမ်တန်၏ခန္ဓာကိုယ်က ပျက်စီးသွားကာ သူ့မူလစိတ်ဝိညာဉ်ကို ဝမ်လင်းက ဖမ်းယူလိုက်သည်။သည့်နောက် ဝမ်လ်ငးက ဟွမ်တန်၏မူလစိတ်ဝိညာဉ်ကို စိတ်ဝိညာဉ်တစ်ကုဋေအလံထဲသို့ ပစ်သွင်းလိုက်သည်။
သည်ရုတ်တရက် ဖြစ်ပျက်သွားသည့် မြင်ကွင်းကြောင့် ရွင်မိသားစုဘိုးဘေးနှင့် သူ့အပေါင်းအပါများက မှင်သက်လို့သွားကြသည်။သူတို့တစ်ယောက်ချင်းစီကလည်း ကိုယ်ပိုင်အတွေးကိုယ်စီ ရှိလို့နေကြ၏။
“လျိုမေ…” ဝမ်လင်းက မျက်မှောင်ကြုတ်သွားကာ ဟင်္သာပြဒါးအုတ်ဂူထဲရှိ ဖြစ်ပျက်ခဲ့သမျှ အပါအဝင် ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ အတိတ်တုန်းက မြင်ကွင်းများက သူ့မျက်လုံးထဲတွင် တရိပ်ရိပ် ပြန်မြင်ယောင်လာမိသည်။
“ဒီအမျိုးသမီးက ကံတော်တော်ကောင်းတာပဲ။ သူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကိုတောင် ရောက်လာခဲ့တယ်…”
ဝမ်လင်းက အချိန်အတန်ကြာ စဉ်းစားနေ၏။ သူက ကောင်းကင်ထက်သို့ မော့ကြည့်ကာ မည်သည့်စကားမှ မဆိုဘဲ ထွက်ခွာလို့သွားတော့သည်။
ရွင်မိသားစုဘိုးဘေးနှင့်သူ့အပေါင်းအပါများက သူ့အား တားဆီးဝံ့ကြခြင်း မရှိပေ။သူတို့က ဝမ်လင်း တစ်ဖြည်းဖြည်းပျောက်ကွယ်သွားသည်ကိုသာ အကူအညီမဲ့စွာ ကြည့်နေရုံသာ တက်နိုင်လေသည်။
လေထုထဲကနေ ထွက်လာခဲ့ပြီးနောက် ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်ကာ ကြယ်သံလိုက်အိမ်မြှောင်က ထွက်ပေါ်လာခဲ့သည်။
ဝမ်လင်းက သူ့စိတ်ကိုယ်သူ ပြင်ဆင်လိုက်ပြီးနောက် လျိုမေနှင့် ပတ်သတ်၍ မတွေးတော့ဘဲ သူ့စိတ်ထဲရှိ မြေပုံကိုသာ အာရုံစိုက်လိုက်သည်။ သူက ယွမ်ရှဂြိုဟ်ရှိရာသို့ ဦးတည်သွားလိုက်၏။
“ယွမ်ရှဂြိုဟ်ပေါ်မှာ ရှိတဲ့ သတ္တုကြောက ငါ့အတွက် အလွန်ပဲ အရေးကြီးတယ်။ဒါက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ရဲ့ သတ္တုဒြပ်ကို လုံးဝ ပြည့်စုံသွားစေနိုင်တဲ့ အခွင့်အရေးပဲ။ ငါ့ရှိကနေ ဒီသတ္တုကြောကို လာလုချင်တဲ့ ဘယ်သူမဆို ငါ သတ်တာ ခံရလိမ့်မယ်…”
လမ်းတစ်လျှောက်တွင် ဝမ်လင်းက တစ်စက်ကလေးပင် ရပ်နားခဲ့ခြင်း မရှိပေ။တစ်လခန့် ကြာပြီးနောက် နတ်ဘုရားအာရုံဖြင့် ထောက်လှမ်းမိသည့် အကွာအဝေးတွင် ယွမ်ရှဂြိုဟ်က ထွက်ပေါ်လာခဲ့တော့သည်။
***