Switch Mode

အပိုင်း(၇၂၃)

“ကံမကောင်းစွာနဲ့ ဒီမီးခတ်ကျောက်တွေမှာက အပြစ်အနာစာတွေ အများကြီး ရှိနေပြီး သတ္တုဒြပ်စင်သိပ်မပါဝင်တော့တာပဲ။ မဟုတ်ရင် ဒီမီးခတ်ကျောက်တွေက တစ်ဝက်တစ်ပျက် ကောင်းကင်ဘုံရတနာ အထွတ်အထိပ်ထပ် အားနည်းလိမ့်မှာ မဟုတ်ဘူး။ ဒီမီးခတ်ကျောက်တွေက နည်းနည်းပိုကြီးရင် အဆင့်နိမ့်ကောင်းကင်ဘုံရတနာတွေနဲ့တောင် ယှဉ်နိုင်လောက်တယ်…”

ဝမ်လင်းက နှမျောဟန်ဖြင့် သည်မီးခတ်ကျောက်တစ်စုံကို ကြည့်လို့နေသည်။

သည်မီးခတ်ကျောက်တစ်စုံက သဘာဝအတိုင်း ဖြစ်ပေါ်သော်လည်း မသန့်စင်မှုများစွာ ရှိနေ၏။ ၎င်းတို့ကို ပြန်သန့်စင်မည်ဆိုလျှင်လည်း မူလအရွယ်အစား၏ ဆယ်ရာခိုင်နှုန်းပင် ရှိတော့မည် မဟုတ်ပေ။

၎င်းတို့ကို ပြန်သိမ်းလိုက်ပြီးနောက် ဝမ်လင်းက တုန်ကင်ကို ကောက်ယူကာ သူ့နတ်ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်သည်။ တုန်ကင်က ချက်ခြင်းပင် လက်ခနဲ ဖြစ်သွားကာ သုံးကြိမ်သုံးခါ လင်းလက်သွားပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်လို့သွား၏။

“ဒါက ဟွမ်မိသားစုအမှတ်အသားတုန်ကင်ပဲ…” ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် သေချာ ရှာဖွေကြည့်လိုက်၏။ အချိန်အတန်ကြာပြီးနောက် သူ့မျက်လုံးက အလေးအနက်ဖြစ်လာခဲ့သည်။

ပထမ တစ်ကြိမ် ဖျပ်ခနဲ ကြည့်လိုက်ချိန်၌ သည်တုန်ကင်နှင့် ပတ်သတ်၍ မည်သည့်ထူးခြားမှုမှ ရှိမနေခဲ့ပေ။

သို့ရာတွင် ဝမ်လင်းကတော့ တစ်ခုခုမှားနေသကဲ့သို့ ခံစားမိနေဆဲ ဖြစ်သည်။သူက အနည်းငယ်စဉ်းစားပြီးနောက် အော်ပြောလိုက်၏။ “ကောင်းကင်ဘုံသက်တော်စောင့်…”

သူ့နောက်မှအရိပ်က မြန်ဆန်စွာ ရောက်ရှိလာကာ သူ့အရည်ပြားတစ်လျှောက် ရွှေ့လျားသွားပြီး တုန်ကင်ကို ထွေးပတ်လိုက်၏။ ဝမ်လင်းက မျက်လုံးမှိတ်၍ ကောင်းကင်ဘုံသက်တောင်စောင့်၏ စွမ်းအားကို ငှားယမ်းလိုက်ရာ တုန်ကင်ကို ချက်ခြင်း ဖြတ်မြင်နိုင်သွားသည်။

သိပ်မကြာခင်တွင် ဝမ်လင်းက မျက်လုံးဖွင့်လာ၏။သူ့အသွင်က သုန်မှုန်လို့နေသည်။

“ဒီတုန်ကင်က သာမန်သတ္တုတွေနဲ့ ပြုလုပ်ထားတာပဲ။ ဒါပေမဲ့လည်း ဒီထဲမှာ မန္တာန်တစ်ခု ရှိနေတယ်။ဒီမန္တာန်က စိတ်ဝိညာဉ်နဲ့လည်း ဆက်နွှယ်နေတယ်။ ဒါ့ကြောင့် ဟွမ်မိသားစုက သူတို့ရဲ့မိသားစုဝင် သေတာနဲ့ သိသွားလိမ့်မယ်လို့ ယူဆလို့ ရနိုင်တယ်…”

အနည်းငယ် စဉ်းစားပြီးသည့်နောက် ဝမ်လင်းက တုန်ကင်ကို ပြန်ချကာ ကျောက်စိမ်းပြားကို ကောက်ယူလိုက်၏။ သည်ကျောက်စိမ်းပြား ပေါ်၌ မည်သည့်နတ်ဘုရားအာရုံမှ ရှိမနေခဲ့ပေ။၎င်းပေါ်၍ သေဆုံးသွားသူ၏ အကြွင်းအကျန်အငွေ့သက်သာ ရှိလို့နေသည်။

“သူတို့သုံးယောက်က ဒီကျောက်စိမ်းပြားကို သူတို့နတ်ဘုရားအာရုံနဲ့ စစ်ဆေးဖို့ မလုပ်ဝံ့ခဲ့ကြတာ ဖြစ်မယ်။ မဟုတ်ရင် ဒီကြွင်းကျန်တဲ့ အငွေ့အသက်က သူတို့နတ်ဘုရားအာရုံ ဒီကျောက်စိမ်းပြားထဲကို ဝင်ရောက်လိုက်တာနဲ့ ချက်ခြင်း ပျက်စီးသွားမှာ…”

သည်အခိုက်အတန့်၌ ဝမ်လင်းနတ်ဘုရားအာရုံက ဝင်ရောက်သွားရာ မမြင်ရသော လှိုင်းတွန့်များ ပျံ့နှံ့သွားပြီး စတင် ပြန့်ကျဲလာသည်။

“ငါက ဒီကျောက်စိမ်းပြားမှာ ကျန်ခဲ့တဲ့ သတင်းပို့မန္တာန်ကို ဖျက်စီးလိုက်ပြီ…”

ဝမ်လင်းက ကျောက်စိမ်းပြားထဲတွင် မှတ်တမ်းတင်ထားသည့် အချက်အလက်များကို သေချာကြည့်လိုက်၏။ အချိန်အတန်ကြာပြီးနောက် သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ့ မျက်လုံးကလည်း တောက်ပသထက် တောက်ပလာခဲ့၏။

“ဒါက ပုံရိပ်တစ်ထောင်ရက်စက်ခြင်းနယ်ပယ်ပဲ။ ဒါ့ကြောင့် ပုံရိပ်တစ်ထောင်ဂြိုဟ်ရဲ့ ဟွမ်မိသားစုကလည်း ဒီလိုမျိုး နယ်ပယ် ရှိရမယ်…” သည်ကျောက်စိမ်းပြားထဲ၌ ဟွမ်မိသားစု၏ ပုံရိပ်တစ်ထောင်မန္တာန်များကို ကျင့်ကြံသည့် နည်းလမ်းများ ပါရှိနေ၏။ သို့ရာတွင် ထိုနည်းလမ်းများ၏ အဓိက အချက်များပေါ်တွင် အထူးအတားအဆီးများ ရှိလို့နေသည်။ထို့အတွက် အပြင်လူတစ်ယောက်က သည်နည်းလမ်းကို ရလျှင်ပင် သင်ယူနိုင်လိမ့်မည် မဟုတ်ပေ။

ထိုအတားအဆီးများကို ချိုးဖျက်ဖို့နည်းလမ်းမှာ သွေးမျိုးဆက်ပင် ဖြစ်၏။

ဝမ်လင်း၏ အာရုံကို ဖမ်းစားသွားသောအရာကတော့ ဟွမ်မိသားစုဝင် ချန်ခဲ့သော ကျောက်စိမ်းပြားပေါ်ရှိ သတင်းသာ ဖြစ်သည်။

“ယွမ်ရှဂြိုဟ်…ငါက ဒီဂြိုဟ်ပေါ်မှာ သတ္တုမီးတောက်ကြောကို ရှာတွေ့ခဲ့တယ်။ ငါက အဲ့အကြောရှိကနေ အပိုင်းအစနှစ်ခု ယူဆောင်လာခဲ့တယ်…”

ထိုသတင်းစကားကြောင့် ဝမ်လင်းမျက်လုံးများက လင်းလက်လို့နေတော့သည်။သူက ကျောက်စိမ်းပြားကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သတ္တုဒြပ်စင်သွေးကြောတစ်ခု…ဒီလူက ဒဏ်ရာပြင်းပြင်းထန်ထန်ရတဲ့အထိ နောက်က အမဲလိုက်ခံရတာ အံ့ဩစရာမရှိတော့ဘူး။ ဒါကို ရှာတွေ့မိတဲ့ ဘယ်သူမဆို ဒီသတင်းကို ချိပ်ပိတ်ဖို့အတွက် သိတဲ့လူတိုင်းကို သတ်မှာပဲ…”

“ဟိုသုံးယောက်က ဒီကျောက်စိမ်းပြားကို စစ်ဆေးမကြည့်ရသေးတာ သေချာသွားပြီ။ မဟုတ်ရင် သူတို့က ငါ့ကို ဒီလိုလုပ်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူး…”

ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးနောက် ရွင်ယွမ်ဂြိုဟ်ပေါ်ရှိ အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူ သုံးယောက်က သည်သတ္တုကြောနှင့် ပတ်သတ်၍ မသိကြောင်း သေချာသွားသည်။

အသက်ဝဝရှူသွင်းပြီးနောက် ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က သတ္တုဒြပ်စင်တစ်ခုပဲ လိုတော့တာ။ စစ်ထူနန် ပြောပုံအရဆိုရင် ဒြပ်စင်ငါးခု ပြည့်စုံသွားတာနဲ့ ဒီပုတီးစေ့က ပိုင်ရှင်ကို အသိအမှတ်ပြုလိမ့်မယ်တဲ့ ။အဲ့အခါကျရင် ဒီပုတီးစေ့ရဲ့ စွမ်းရည်က ဘယ်လိုဖြစ်လာမလဲ ဆိုတာတော့ ငါလည်း မသိဘူး…”

“သတ္တုမီးတောက်ကျောက်တုံးကျောက်ရဲ့ သတင်းက ပျံ့နှံ့သွားတာ မဟုတ်ရင် အဆင်ပြေလိမ့်မယ်။ မဟုတ်ရင် ဒီအတွက် ငါနဲ့ လာတိုက်ခိုက်ဝံ့တဲ့လူမှန်သမျှ ငါ သတ်တာ ခံရလိမ့်မယ်…”

ဝမ်လင်းမျက်လုံးများက အေးစက်လာကာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့နှင့် ပြည့်နှက်လာခဲ့သည်။

ဝမ်လင်းက ပစ္စည်းများအားလုံးကို ပြန်သိမ်းထည်းလိုက်၏။ သူ့မျက်လုံးက စဉ်းစားကြံဆနေရင်း တောက်ပလို့နေသည်။

“ယွမ်ရှ ဂြိုဟ်က ဘယ်နေရာမှာလဲဆိုတာ ငါမသိဘူး…” သည့်နောက် ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ချက်ခြင်း ဖြန့်ကျက်လိုက်သည်။ သူ့နတ်ဘုရားအာရုံက ရွင်ယွမ်ဂြိုဟ်အနှံ့ ပျံ့နှံ့သွားကာ စွန်ရှီ ရှိနေသောနေရာသို့ ကျရောက်သွားသည်။

စွန်ရှီက စွန်မိသားစုဘိုးဘေးအိမ်တော်ရှိ အခန်းထဲတွင် ကြာပွင့်သဏ္ဌာန်ထိုင်လျက် ရှိက ကျင့်ကြံရန် အဆင့်သင့် ဖြစ်နေသည်။သို့ရာတွင် သူက စတင်ကျင့်ကြံတော့မည့် အခိုက်၌ ဝမ်လင်းအသံ ထွက်ပေါ်လာသည့်အခါ သူ့ခေါင်းက ဆက်ခနဲ ဖြစ်လို့သွား၏။

“အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ မြေပုံနဲ့ ပတ်သတ်ပြီး မင်းသိသမျှကို ငါ့ကို ပို့ပေးပါ…”

စွန်ရှိမျက်လုံးက လက်ခနဲ ဖြစ်လို့သွားကာ သူက ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။သူက သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ဘူက ၎င်းပေါ်သို့ အာရုံစူးစိုက်လိုက်၏။ သည့်နောက် သူက ယင်းကျောက်စိမ်းပြားကို ပစ်လွှတ်လိုက်ရာ အကွာအဝေးတစ်ခုတွင် ပျောက်ကွယ်လို့သွားတော့သည်။

ဆယ်ရက်က ချက်ခြင်းလိုလိုပင် ကုန်ဆုံးသွားခဲ့ပြီ။ ဝမ်လင်းက ကျောက်စိမ်းပြားကို လက်ခံရရှိကာ ယွမ်ရှ ဂြိုဟ်၏ တည်နေရာကို သိရှိသွားသည်။သို့ရာတွင် သည်ဂြိဟ်က အတော်အတန် ဝေးလှ၏။ ဝမ်လင်း တွက်ကြည့်လိုက်ရာ မည်သည့်နှောင့်နှေးမှုမှ မရှိလျှင် သည်ဂြိဟ်သို့ သွားမည့် ခရီးစဉ်က လများစွာ ကြာသွားနိုင်သည်။

ထိုကျောက်စိမ်းပြားထဲ၌ စွန်ရှီထံမှ အချက်အလက်အချို့ ပါရှိ၏။ မည်သည့်ကျင့်ကြံသူကမှ ယွမ်ရှဂြိုဟ်ပေါ်တွင် နေထိုင်ခြင်း မရှိသည့်အပြင် ထိုဂြိုဟ်ပေါ်၌ ကျင့်ကြံသူများကို သေစေနိုင်သော အဆိပ်နှင့် ပြည့်လို့နေသည်ဟု ဆိုသည်။

စွန်ရှီထံမှ ကျောက်စိမ်းပြားကို လက်ထဲကိုင်ထားရင်း ဝမ်လင်းက စဉ်းစားလို့နေသည်။ သည်ဆယ်ရက်အတွင်း သူက မြေပံကို သေချာလေ့လာခဲ့ပြီး မှတ်သားထားလိုက်၏။

သည်နေ့တွင် ဝမ်လင်းက မတ်တပ်ထရပ်လာကာ အိမ်ထဲကနေ လှမ်းထွက်လာသည်။သည့်နောက် သူက ပျောက်ကွယ်သွားပြီးနောက် မြို့နှင့် ကီလိုမီတာ သောင်းချီကွာဝေးသော နေရာတွင် ပြန်ပေါ်လာခဲ့သည်။ သည့်နောက် သူက လေထဲကို တိုက်ရိုက် ဖြတ်သန်းသွား၏။

သည်အခိုက်အတန့်မှာပင် ရွင်မိသားစုဘိုးဘေး။ အပူအပင်မဲ့ ကျောက်နှင့် စွန်ရှီ တို့သည် ဝမ်လင်း ရှေ့၌ ပေါ်လာကြသည်။

ရွင်မိသားစု ဘိုးဘေးက သုန်မှုန်စွာဖြင့် ဝမ်လင်းကို ကြည့်ကာ မေးလိုက်၏။ “ရောင်းရင်းကျင့်ကြံသူ ရှု…သင်ထွက်သွားတော့မှာလား…”

အပူအပင်မဲ့ကျောက်၏ အသွင်က သူသည် သူ့ဒေါသကို မနည်းဖုံးကွယ်ထားရကြောင်း သိသာနေ၏။ စွန်ရှီကတော့ မချင့်ပြုံးပြုံးနေမိသည်။ သူက ဝမ်လင်း သူ့ထံကနေ မြေပုံလိုချင်သည်ဟု ပြောကတည်းက ဆိုးရွားသောခံစားချက် ရနေခဲ့သည်။သို့ရာတွင် သည်ရှုမူ(ဝမ်လင်း)က ခုလိုမျိုး အမှန်တကယ် ထွက်သွားလိမ့်မည်ဟု သူက မထင်ထားမိပေ။

ဝမ်လင်းက သူတို့သုံးယောက်ကို အေးစက်စွာကြည့်၍ ပြောလိုက်သည်။ “ငါက ငါ့ကတိကို ပြန်ဖျက်မှာ မဟုတ်ဘူး။ဒီခရီးစဉ်က အလွန်ဆုံး တစ်နှစ်လောက် ဒါမှမဟုတ် လအနည်းငယ်လောက်ပဲ ကြာနိုင်လိမ့်မယ်…”

သူတို့သုံးယောက်က သူ့ကို ကောင်းကင်ဘုံကျောက်စိမ်းပြားများ ပေးထားခြင်းကြောင့်သာ မဟုတ်ပါက ဝမ်လင်းသည် သည်သုံးယောက်အား ရှင်းပြနေရန် စိတ်ဝင်းစားလိမ့်မည် မဟုတ်ပေ။

ဝမ်လင်း ရှင်းပြချက်ကို ကြားလိုက်သည့်အခါ ရွင်မိသားစုဘိုးဘေးက ချီတုံ့ချတုံဟန်ဖြင့် ပြောလာသည်။ “ရောင်းရင်းရှုက ဘာကိစ္စကြောင့်မလို့ ခုလို အလျင်လိုနေတယ် ငါမသိပါဘူး။ ငါတို့ထဲက တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက် သင်နဲ့ လိုက်ပါလာလို့ ရမလား…”

အပူအပင်မဲ့ကျောက်က အလေးအနက် ပြောလာသည်။ “ကျေးဇူးပြုပြီး ငါတို့ကို အပြစ်မတင်ပါနဲ့…ရောင်းရင်းရှု။ ငါတို့သုံးယောက်က သင့်ကို အရာအားလုံး ပေးထားခဲ့ပြီးပြီး။ခု လဝက်တောင် မကြာသေးတဲ့အချိန်မှာ သင်က ရွင်ယွမ်ဂြိုဟ်ကနေ ထွက်သွားချင်နေတယ်။ ဒီ့အတွက် ငါတို့သုံးယောက်က စိတ်ထဲမှ သံသယ မဝင်ဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်…”

“ရောင်းရင်းကျင့်ကြံသူ ရှု၊ ငါ မင်းရဲ့ စရိုက်ကို ယုံကြည်ပါတယ်။ ဒါပေမဲ့လည်း ဒီကိစ္စက…”

စွန်ရှီက ခြောက်ကပ်စွာသာ ပြုံးနိုင်တော့သည်။

ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။သည့်နောက် သူ့အသွင်က ရုတ်တရက် ပြောင်းလဲသွားပြီး ကောင်းကင်ထက်သို့ ခေါင်းမော့ကာ ကြည့်လိုက်သည်။

တစ်ခြားသုံးယောက်၏ အသွင်ကလည်း အနည်းငယ် ပြောင်းလဲသွားကြ၏။ သူတို့ကလည်း ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်လိုက်ကြသည်။

သည်အခိုက်အတန့်၌ ရွင်ယွမ်ဂြိုဟ်ပြင်ပ၌ ဟွမ်တန်က မြန်ဆန်စွာ နီးကပ်လာနေ၏။ သူ့မျက်လုံးက အေးစက်ကာ မောက်မာသည့်ပုံစံဖြင့် ရွင်ယွမ်ဂြိုဟ်ရှိရာသို့ ဦးတည်လာနေသည်။

သူက ရွင်ယွမ်ဂြိုဟ်၏ လေထုကို တိုက်ရိုက် ဖြတ်သန်း ဆင်းသက်လာ၏။သူ့ ဆင်းသက်လာမှုက မောက်မာလွန်းလှသည်။ သူက နတ်ဘုရားအာရုံကို ရူးသွပ်ဖွယ် ဖြန့်ကျက်ထားကာ ဂြိဟ်တစ်ခုလုံးအား ဝန်းရံလို့ထားသည်။

သည်အခိုက်အတန့်၌ ရွင်ယွမ်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူအားလုံးက သည်စွမ်းအားကောင်းသောအော်ရာကို ခံစားလိုက်ရသည်။သည်အော်ရာက မောက်မာလွန်းနေ၏။

“ငါက ဟွမ်တန်….ပုံရိပ်တစ်ထောင်ဂြိဟ် ဟွမ်မိသားစုရဲ့ ဒုတိယအဆင့်မိသားစုဝင် ဖြစ်တယ်။ ရွင်ယွမ်ဂြိုဟ်ပေါ်က အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူအားလုံး ငါ့ကို မြန်မြန် ထွက်လာတွေ့ကြချေ…”

ထိုအေးစက်စက်အသံက မော်ကြွားမောက်မာမှုနှင့် ပြည့်လို့နေ၏။ သူ့အသံက ဂြိုဟ်တစ်ခုလုံး၌ ဟိန်းသွားသည်။ အာဏာတက်ခြင်းအဆင့်အောက် ကျင့်ကြံသူအားလုံးက ထိုအသံကြောင့် တုန်လှုပ်သွားကြသည်။အဆင့်နိမ့်ကျင့်ကြံသူများဆိုလျှင် သွေးပင် အန်ထုတ်လိုက်ရသည်။

ရွင်မိသားစုဘိုးဘေး၊အပူအပင်မဲ့ကျောက်နှင့် စွန်ရှီတို့က ရုတ်တရက် ဖြူရောလို့သွားကြသည်။

ဟွမ်မိသားစု ဆိုသည့်စကားက သူတို့နှလုံးသားထဲသို့ မမြင်ရသော ဓားများနှင့် ထိုးစိုက်လာသကဲ့သို့ ခံစားလိုက်ရကာ သူတို့ဟန်ပန်များက ကြီးစွာ ပြောင်းလဲသွားကြသည်။

“သူတို့ရောက်လာပြီ…ဟွမ်မိသားစု …ရောက်လာကြပြီ…” စွန်ရှီက ခါးသီးသည့်ဟန်ပန်ဖြင့် သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်၏။ သူက ဝမ်လင်းကို မျှော်လင့်ချက်မဲ့သည့် အကြည့်နှင့် ကြည့်နေသည်။ သို့သော် သူ့အကြည့်ထဲပ မျှော်လင့်မှု ယောင်ယောင်လေးတော့ ရှိလို့နေသည်။

ရွင်မိသားစုဘိုးဘေးနှင့် အပူအပင်မဲ့ရှန်ရန်တို့ကလည်း ဝမ်လင်းကို ကြည့်နေကြ၏။

ဝမ်လင်းအသွင်က မပြောင်းမလဲပင် ရှိနေ၏။သို့သော် သူ့မျက်လုံးများကတော့ အေးစက်လို့နေသည်။

ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို မိုးကြိုးဟိန်းသံကဲ့သို့ ဖြန့်ကျက်လိုက်၏။ သည့်နောက် သူ့နတ်ဘုရားအာရုံက ကောင်းကင်ထက်သို့ ထိုးတက်ကာ စကားတစ်ခွန်းအဖြစ်သို့ ပြောင်းလဲသွားသည်။

“ထွက်သွားစမ်း…”

သည်တစ်ခွန်းက မိုးကြိုးများကို ဖြစ်ပေါ်သွားစေကာ လေထုကို ဖြတ်သန်းဆင်းသက်လာသော ဟွမ်တန်ပေါ်သို့ မိုးကြိုးများက ကျရောက်လာ‌လေ၏။ထိုအခါ ဟွမ်တန်မျက်လုံးက သတ်ဖြတ်ချင်စိတ်နှင့် ပြည့်နှက်သွားပြီး သူက အော်ပြောလိုက်သည်။ “သေချင်နေတာလား…” ထိုသို့ပြောပြီးနောက် သူ့လက်က ချိပ်တံဆိပ်တစ်ခုကို ဖြစ်တည်စေကာ အဖြူရောင်အလင်းတန်းတစ်ခုက သူ့လက်ဝါးထက်၌ စုဝေးသွားသည်။ အေးစက်စက် ယင်အော်ရာက ချက်ခြင်း စုစည်းလာပြီး ကမ္ဘာလောကနှင့် ပေါင်းစပ်သွားသည်.

အာဏာတက်ခြင်းအဆင့်သို့ ရောက်သွားသည့် ကျင့်ကြံသူတစ်ယောက်အတွက် သူတို့၏နယ်ပယ်များကို မူလစိတ်ဝိညာဉ်နှင့် ပေါင်းစည်းပြီးသား ဖြစ်ကြသည်။ သည်လူက ဟွမ်မိသားစုက ဖြစ်သော်လည်း သူ့ပါရမီကြောင့် ပုံရိပ်တစ်ထောင်ရက်စက်ခြင်းနယ်ပယ်ကို မကျင့်ကြံနိုင်ခဲ့ပေ။ထိုအစား သူက ဟွမ်မိသားစု၏ ဒုတိယမြောက်ကျင့်ကြံခြင်းနည်းလမ်းဖြစ်သည့် ဒြပ်စင်ငါးခုစိတ်ဆန္ဒပညာရပ်ကို ကျင့်ကြံခဲ့ပေသည်။

သူ့နယ်ပယ်က ဒြပ်စင်ငါးခုမှ သတ္တုဒြပ်စင်ပင် ဖြစ်သည်။ သတ္တုက ခိုင်ကျဉ်ခြင်းကို ကိုယ်စားပြုပေ၏။သူ့နယ်ပယ်က မန္တာန်နှင့်အတူ ရွှေ့လျားလာကာ သူ့လက်က လင်းလက်လာ၏။ သည်အခိုက်အတန့်၌ ကောင်းကင်ထက်မှ ကျဆင်းလာသော အလင်းအစား ထိုအလင်းက အစားထိုးဝင်သွား၏။ထိုအလင်းစွမ်းအားကို အသုံးပြုကာ သူက သူ့လက်ကို အောက်သို့ ဖိချလိုက်သည်။

ဝမ်လင်းအသွင်ကတော့ ပုံမှန်ပင်။ သူ့မျက်လုံးထဲ၌ လျှပ်စီးများ လင်းလက်နေကာ သူ့တစ်ကိုယ်လုံးတွင်လည်း ရွှေ့လျားလို့နေ၏။ သူက လက်ညွှန်လိုက်ရာ မရဏလက်ထောင်းကို ထိုးထွက်လို့သွားသည်။ မရဏလက်ချောင်းထဲ၌ လျှပ်စီးစွမ်းအားများပါ ပါဝင်နေသည့်အတွက် အရင်ထက် များစွာ ပိုအစွမ်းထက်နေခဲ့သည်။ လူတစ်ယောက်က ၎င်းကို သေချာကြည့်ပါက ထိုသူသည် နတ်ဘုရားပြစ်ဒဏ်နှင့် ရင်ဆိုင်နေရသကဲ့သို့ တွေးထင်မိပေလိမ့်မည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset