“ဒါတွေက မင်းတို့ကို ကာကွယ်ပေးဖို့အတွက် ငါ့ရဲ့ တောင်းဆိုမှုပဲ…” ဝမ်လင်းစကားများက ထိုသုံးယောက်ကို မည်သည့်ရွေးချယ်မှုမှ ပေးမနေချေ။ သည့်နောက် သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။
သည်သုံးယောက်က သဘောတူလျှင် အဆင်ပြေပေလိမ့်မည်။မဟုတ်လျှင် ဝမ်လငး်က သည်အရှုပ်အထွေးထဲ၌ ပါဝင်လိမ့်မည် မဟုတ်ပေ။
ရွင်မိသားစု၏ ဘိုးဘေးက စဉ်းစားနေ၏။ ဟွမ်မိသားစု၏ အန္တရာယ်က ကြီးမားနေသည်။ မည်သူကမျှ သည်ကိစ္စထဲ၌ မပါဝင်ပါက သူ့ရွင်မိသားစုက ပျောက်ကွယ်သွားနိုင်လောက်သည့် အန္တရာယ်နှင့် ရင်ဆိုင်ရလာနိုင်သည်။
သူက အံတင်းတင်း ကြိတ်ကာ ပြောလိုက်၏။ “ကောင်းပြီ…” သည့်နောက် ရွင်မိသားစု၏ ဘိုးဘေးက ခေါင်းလှည့်ကာ ရေခဲလွှာထဲမှ သက်လတ်ပိုင်းလူကြီးထံသို့ ကြည့်လိုက်၏။
ရွင်မိသားစုဘိုးဘေးသာမက စွန်ရှီကလည်း ထိုလူ့ထံသို့ ကြည့်လိုက်သည်။
ရွင်မိသားစုဘိုးဘေးက အေးစက်စွာ ပြောလာ၏။ “အကိုကျောက်…ငါတို့သုံးယောက်က အတိတ်တုန်းက အတူတိုက်ခိုက်ခဲ့ကြတယ်။ ဒီတော့ အကိုကော သဘောတူနိုင်မလား…”
သက်လတ်ပိုင်းလူကြီးက စဉ်းစားနေ၏။ခဏအကြာတွင် သူက မချင့်ပြုံးပြုံးကာ ပြောလာသည်။ “ငါ သဘောတူပါတယ်…”
သည့်နောက် သူက သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံကျောက်စိမ်းပြားအချို့ကို ထုတ်ယူပြီးနောက် သိုလှောင်အိတ်ကို ဝမ်လင်းထံသို့ ပစ်ပေးလိုက်သည်။ သူက တစ်ဆက်တည်း ခါးသီးစွာ ပြောလိုက်သည်။ “ငါ့မိသားစုက ကြီးမားခြင်း မရှိဘူး။ဒါ့ကြောင့် ငါတို့မှာ ကောင်းကင်ဘုံကျောက်စိမ်းပြား အများကြီးမရှိဘူး။ ငါက ဒီသိုလှောင်အိတ်ထဲက ကောင်းကင်ဘုံကျောက်စိမ်းပြား တွေရဖို့ အပက်တကုပ် စုဆောင်းခဲ့ရတာ…”
ရွင်မိသားစုဘိုးဘေးနှင့် စွန်ရှီတို့သည်လည်း ကောင်းကင်ဘုံကျောက်စိမ်းပြားများကို ကမ်းလှမ်းလိုက်ကြသည်။ကောင်းကင်ဘုံကျောက်စိမ်းပြားများက အဖိုးထိုက်သောအရာများ ဖြစ်သည့်အတွက် ကျင့်ကြံသူများက မကြာခဏ ကိုယ်နှင့်မကွာ သယ်ဆောင်တက်ကြပေသည်။
ဟွမ်မိသားစုဝင်၏ ပစ္စည်းများကိုတော့ သူတို့သုံးယောက်က ချက်ခြင်း ပေးလိုက်ကြသည်။ သူတို့အတွက် ထိုရတနာများကြောင့် လွန်ခဲ့သောလေးနှစ်လုံးလုံး စိတ်ထဲ၌ လေးလံဖိစီးခဲ့ရသည် မဟုတ်လား။
သည်ပစ္စည်းများကို စုစည်းယူဆောင်ပြီးနောက် ဝမ်လင်းက လှည့်၍ ပျောက်ကွယ်လို့သွားသည်။သည့်နောက် သူက စကားတစ်ခွန်း ချန်ထားခဲ့လိုက်သည်။
“အရေးကြီးကိစ္စမရှိရင် ငါ့ကို မနှောက်ယှက်ပါနဲ့။ ဟွမ်မိသားစု ပေါ်လာရင် ငါ့ဘာသာ လုပ်ဆောင်မယ်…”
ဝမ်လင်း ထွက်ခွာသွားပြီးနောက် သူတို့သုံးယောက်လုံးက တိတ်ဆိတ်စွာ စဉ်းစားနေကြသည်။စွန်ရှီ၏ စိတ်ထဲ၌ အခြားအတွေးများလည်း ရှိနေကာ သူက စိတ်သက်သာရာအရဆုံ လူတစ်ယောက် ဖြစ်နေ၏။သူက ပြုံး၍ လက်နှစ်ဖက်ယှက်ကာ ဆိုလာသည်။ “ရောင်းရင်းကျင့်ကြံသူတို့…ငါ့မှာ အရေးကြီး ကိစ္စတစ်ခု ရှိလို့ ငါအရင်ဆုံး သွားနှင်ပြီ…”
သက်လတ်ပိုင်းလူကြီးက သက်ပြင်းချကာ ဆိုလာသည်။ “ငါက ရောင်းရင်းကျင့်ကြံသူ ရှုလိုအပ်တဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေအတွက် ကြိုပြင်ဆင်ဖို့ အိမ် ပြန်ရဦးမယ်…”
သူတို့နှစ်ယောက်က တောင်နှင့်မြောက် အသီးသီးသို့ အလင်းတန်းများအဖြစ် ပျံသန်းသွားကြတော့သည်။ ထိုနေရာ၌ ရွင်မိသားစုဘိုးဘေးတစ်ယောက်တည်းသာ မတ်တပ်ရပ်လျက် ရှိနေက သူက အချိန်အတန်ကြာ တွေးတောလို့နေသည်။ သည့်နောက် သူက လေပူများ မှုတ်ထုတ်ကာ အကွာအဝေးတစ်ခုသို့ ကြည့်၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ထားလိုက်ပါတော့လေ။ ကပ်ဘေးကို ရှောင်ဖို့အတွက်ပဲ…လွန်ခဲ့တဲ့လေးနှစ်က ကိစ္စကို ရှုမူက ပုခုံးလွှဲ ယူလိုက်ပြီပဲ။ သူသာ မသေဘူးဆိုရင်တော့ ငါတို့အတွက် အဆင်ပြေလိမ့်မယ်။ ဒီလူက ကတိဖျက်မယ့်လူနဲ့ မတူပေမဲ့လည်း ငါက သူ ရွင်ယွမ်ဂြိုဟ်ကနေ ထွက်သွားလို့မရအောင် တိတ်တဆိတ် တားဆီးဖို့ လုပ်ထားရမယ်…”
သည်အခိုက်အတန့်၌ ပုံရိပ်တစ်ထောင်ဂြိုဟ်၏ တောင်ဘက်ပိုင်း ဟွမ်မိသားစု ဘိုးဘေး အိမ်တော်တွင် ဟွမ်မိသားစုခေါင်းဆောင် ဟွမ်ဖန်ရှန်က အဘိုးအိုတစ်ယောက်၏ ဘေးနားတွင် လေးစားသည့်ဟန်ပန်ဖြင့် မတ်တပ်ရပ်လို့နေသည်။ သည်အဘိုးအိုက ပိန်ပါးပါးဖြစ်ကာ လျိုမေကို အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထံသို့ ခေါ်ဆောင်လာသည့်သူလည်း ဖြစ်နေပေသည်။
အဘိုးအိုအသံက အေးစက်စွာ ထွက်လာ၏။ “သူက လွန်ခဲ့တဲ့ လေးနှစ်ကတည်းက ပျောက်သွားခဲ့တာဆိုရင် ဘာလို့ ခုချိန်မှ ဒါကို ကိုင်တွယ်ရတာလဲ…”
ဟွမ်ဖန်ရှန်က ပြောလိုက်သည်။ “ဘိုးဘေး…ဒိလူက ငါ့တို့မိသားစုရဲ့ အခွဲတစ်ခုက လူတစ်ယောက်မျှသာ ဖြစ်တယ်။ ဒါပေမဲ့လည်း သူ့ပါရမီက ကောင်းမွန်တဲ့အတွက် သူက အာဏာတက်ခြင်းအလယ်အဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့တယ်။ ဒါ့ကြောင့်ပဲ သူက ပြင်ပတာဝန်ကို ရရှိသွားတာ။ ဘိုးဘေး…သင်က ငါတို့ ဟွမ်မိသားစုက ကြီးမားတယ်ဆိုတာ သိပါတယ်။ တိုက်ရိုက်တပည့်တွေကလွဲလို့ သူတို့ပျောက်သွားရင် အားလုံးကို ခြေရာခံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး…”
ဘိုးဘေးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “ကျင့်ကြံမှုအဆင့်မြင့်တဲ့လူ ဘယ်သူမှ မရှိတော့ဘူးလား…”
ဟွမ်ဖန်ရှန်က ခပ်တိုးတိုး ဆိုလာ၏။ “ဘိုးဘေး…သင် ငါတို့ကို ပေးတဲ့ အချိန်က တိုတောင်းလှပါတယ်။ ဘိုးဘေးကသာ နောက်ထပ် အချိန်သုံးလ ထပ်ပေးရင် ငါက ပိုမို အရည်အချင်းရှိတဲ့လူကို ရှာနိုင်ပါလိမ့်မယ်။ဒါပေမဲ့လည်း ခုချက်ခြင်းတော့ ငါက လုပ်နိုင်စွမ်း မရှိပါဘူး…”
အဘိုးအိုက ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်၏။ “ကောင်းပြီ…ငါမင်းကို နောက်ထပ် အချိန်သုံးလ ထပ်ပေးမယ်…”
ဟွမ်ဖန်ရှန်က ခေါင်းမော့က မေးလိုက်၏။ “လွန်ခဲ့တဲ့လေးနှစ်က ပျောက်သွားတဲ့ မိသားစုဝင်အတွက်ကရော ဘယ်လို ဆောင်ရွက်လိုက်ရပါ့မလဲ…”
“ငါတို့က ဒီကိစ္စကို သိကတည်းက ဟွမ်မေကို ဒီကိစ္စအတွက် လုပ်ဆောင်ဖို့ သတ်မှတ်ပေးလိုက်တယ်။ ဒီကိစ္စမှာ ပါဝင်ခဲ့တဲ့လူမှန်သမျှကို မျိုးဖြတ်ပစ်ရမယ်။ ငါတို့က ဟွမ်မိသားစုရဲ့ ခွန်အားကို ပြသပေးမှ ဖြစ်မယ်…”
ဟွမ်ဖန်ရှန်က ခေါင်းညိတ်ကာ ထွက်ခွာသွားတော့၏။
အခန်းထဲမှ ထွက်ခွာသွားပြီးနောက် သူမျက်လုံးက နက်မှောင်နေကာ သူက စိတ်ထဲ၌ တွေးလိုက်သည်။ “ဘိုးဘေးက တကယ့်ကို အိုသွားပြီ။ သူက အပြင်လူတစ်ယောက်ကို သွေးမျိုးဆက် လွှဲပြောင်းပေးဖို့ တကယ့်ကို ဆန္ဒ ရှိနေတာပဲ။ သူက ဒီဟွမ်မေကိုတောင် ဟွမ်မိသားစုရဲ့ ခွန်အားကို ပြသဖို့အတွက် ပွဲထုတ်ပေးလိုက်သေးတယ်။ သူမက ဟွမ်မိသားစုကို နောက်ထပ် ဦးဆောင်လာမယ့်လူများ ဖြစ်နေနိုင်လား…”
လျိုမေ(ဟွမ်မေ)ကတော့ သူမအိမ်ထဲ၌ ရှိလို့နေ၏။ သူမက အပြင်ဘက်ရှိ ကောင်းကင်ကို ကြည့်နေကာ တိုးညင်းစွာ ဆိုလာသည်။ “ရွင်ယွမ်ဂြိုဟ်…ငါ့မွေးစားအဖေက ငါ့ကို ဒီကိစ္စကို ကိုင်တွယ်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်ဖို့ တောင်းဆိုခဲ့တယ်…ဟွမ်တန် နင်သွားမလား…”
“ဟုတ်ကဲ့…” လျိုမေ၏ အရိပ်ထဲကနေ လူတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာသည်။ သူက အသက်သုံးဆယ်ခန့် ရှိကာ ချောမောသည့်သူပင်။ သူက ပေါ်လာသည်နှင့် ဒူးတစ်ဖက်ထောက်ကာ လျိုမေ၏ နောက်ကျောကို ရူးသွပ်သည့်အကြည့်နှင့် ကြည့်လိုက်သည်။
လျိုမေက လှည့်၍ ထိုလူ့ထံသို့ ကြည့်ကာ ညင်သာစွာ ဆိုလာသည်။ “နင့် ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအလယ်အထွတ်အထိပ်အဆင့် ရောက်နေပြီ။ ဒီတော့ နင်က ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး။ ဒါက ကိစ္စသေးသေးလေး ဆိုပေမဲ့လည်း ဟွမ်မိသားစုအတွက် ငါပထမဆုံး လုပ်ပေးရတဲ့ အရာဖြစ်တယ်။ ဒါ့ကြောင့် နင်က ဒီကိစ္စကို ဖြစ်နိုင်သမျှ မြန်အောင် အပြီးသပ်ပေးရမယ်။ နင် နားလည်လား…ဟွမ်တန်…”
“သခင်မ စိတ်ချနေပါ။ ဟွမ်တုန်က သင့် ယုံကြည်မှုကို စိတ်မပျက်စေရပါဘူး…”
ဟွမ်တန်က အသက်ဝဝရှူသွင်းလိုက်ကာ သူ့မျက်လုံးထဲရှိ ရူးသွပ်မှုက ပိုတိုးလာခဲ့သည်။သူက လျိုမေကို ပထမဆုံး မြင်လိုက်ရချိန်က တုန်လှုပ်သွားခဲ့ရပေ၏။ သူက သူမသည် ကောင်းကင်ဘုံမှ တစ်ယောက်ဟုပင် စိတ်ထဲ၌ တွေးမိခဲ့ပေသည်။
“ရွင်ယွမ်ဂြိုဟ်ပေါ်မှာ အားအကောင်းဆုံးကျင့်ကြံသူက ရွင်မိသားစုဘိုးဘေးပဲ။ သူ့ကျင့်ကြံမှုအဆင့်က အကျွန်နဲ့ တူတူပဲ။ သူ့မှာ သတ္တိဘယ်လောက်ပဲ ရှိရှိ ငါ့ကို ခုခံဝံ့မှာ မဟုတ်ဘူး။ ဒီတစ်ကြိမ် ငါ့ခရီးစဉ်က သခင်မကို မျက်နှာမပျက်စေရပါဘူး…”
လျိုမေက အလွန်လှပစွာ ပြုံးလိုက်၏။ ဟွမ်တန်က ထိုအပြုံးကြောင့် မှင်ငွေးမိသွားကာ ခဏတာပင် တောင့်တင်းသွားရ၏။ သူ့မျက်လုံးထဲရှိ ရူးသွပ်မှုက ပို၍ အားကောင်းလာကာ ပိုင်ဆိုင်စွဲလမ်းစိတ် အရိပ်အယောင်ပင် ဖြစ်ပေါ်သွားခဲ့သည်။
ဝမ်လင်းက တည်နေရာ ရွှေ့ပြောင်းပြီးသည့်နောက် စွန်မိသားစု၏ မြို့သို့ ပြန်ရောက်လာခဲ့သည်။သူက အိမ်ထံသို့ တိုက်ရိုက် မသွားဘဲ လမ်းမများအတိုင်း လမ်းလျှောက်လာခဲ့ကာ သူ့နယ်ပယ်နှင့် ပတ်သတ်၍ တွေးတောဆင်ခြင်နေ၏။ သူ့သေခြင်းရှင်ခြင်းနယ်ပယ်က သူ့မူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ်သွားသည့်အဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။သူ့မူလစိတ်ဝိညာဉ်က သူ့သေခြင်းရှင်ခြင်းနယ်ပယ်ကို သူ့နားလည်သဘောပေါက်မှုပင် ဖြစ်သည်။
“သေခြင်းရှင်ခြင်း အပေါ်မှာ ကံကြမ္မာ ဖြစ်နိုင်တယ်…ငါကဒါကို ဆုံးဖြတ်နိုင်စွမ်းတော့ မရှိဘူး။ ကံကြမ္မာတာအိုက ကြီးမားလွန်းလှတယ်။ ငါက အာဏာတက်ခြင်းအဆင့်ကို ရောက်တာနဲ့ ဉာဏ်အလင်း ရရှိပြီး တစ္ဆေလောကမြစ်ကို ဖန်တီးနိုင်ခဲ့တယ်…။ဒါပေမဲ့လည်း ဒါက သေခြင်းသပ်သပ်ပဲ ရှိသေးတယ်…”
သူ့ပတ်လည်ရှိ စည်ကားဆူညံနေသော မြို့ကို ကြည့်နေရင်း ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
“ဒါပေမဲ့ ရှင်သန်ခြင်းတာအိုကရော ဘယ်နေရာမှာလဲ…”
စဉ်းစားနေရင်း ဝမ်လင်းက သက်ပြင်းချမိ၏။ သိပ်မကြာခင်တါင် သူက မြို့မြောက်ပိုင်းသို့ ရောက်လာခဲ့သည်။ သူက ကျောက်တုံးအောက်ရှိ လူငယ်ကို တွေ့သည့်အခါ ပြုံးပြလိုက်၏။
“ဒီအမျိုးသမီးရဲ့ နှလုံးသားက တော်တော်လေး ကြင်နာတက်တယ်။ ကျင့်ကြံခြင်းလောကမှာ ဒီလိုလူမျိုး အများကြီး မရှိဘူး…”
အမျိုးသမီးအယောင်ဆောင်ထားသည့် လူငယ်က တစ်ခုခုကို သတိပြုမိဟန်နှင့် မျက်လုံးဖွင့်လာခဲ့သည်။ သူမက ဝမ်လင်းကို မြင်လိုက်သည့်အခါ တုန်လှုပ်သွားကာ မေးလိုက်၏။ “မင်း…အဖမ်းမခံခဲ့ရဘူးလား…”
ဝမ်လင်းက ပြုံး၍ ပြောလိုက်၏။ “သူက ငါ့ကို တစ်ချို့အရာတွေ မေးပြီး ပြန်လွှတ်လိုက်တာ…”
လူငယ်က ဝမ်လင်းကို ပဟေဋိဖြစ်ဟန်နှင့် ကြည့်ကာ ထပ်၍ မမေးတော့ပေ။ လူတိုင်းက ကိုယ်ပိုင်လျှို့ဝှက်ချက် ရှိကြသည်မဟုတ်လား။ သူက မပြေလို့လျှင် မေးလည်း အပို ဖြစ်နေပေလိမ့်မည်။
မ”င်းက မင်းအချိန်ကို ကျင့်ကြံဖို့ သုံးတာ ပိုကောင်းလိမ့်မယ်။ ငါမြင်တာကတော့ မင်းက ဒီနေရာကို ရောက်လာကတည်းက မင်းရဲ့ကျင့်ကြံမှုက ပြောင်းလဲသွားတာ မရှိဘူး။ ငါမေင်းကို နောက်ဆုံးအကြိမ် ပြောခဲ့တာကို မှတ်ထားပါ…”
လူငဘ်က ဝမ်လင်းကို လေးနက်စွာ ကြည့်၍ ပြောလိုက်သည်။ လုံ့လရှိရှိကြိုးစားတာက မင်းရဲ့ ပါရမီကင်းမဲ့မှုကို ဖာထေး ပေးနိုင်တယ်…”
ဝမ်လင်းက ခေါင်းညိတ်ပြကာ ပြုံးလိုက်၏။ “သင်ကတော့ ကောင်းကောင်းကြိုးစားတဲ့အတွက် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်ကို ရောက်မှာပါ…”
“စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း…” လူငယ်က ခေါင်းယမ်းကာ ပြောလိုက်၏။ “ငါ မိသားစုအကြီးအကဲ တွေဆီက ကြားရတာကတော့ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်က မတူကွဲပြားတယ်။ မင်းက ဘယ်လောက်ပဲ ကြိုးစားပါစေ ကောင်းကင်နဲ့မြေကြီးကို နားလည်နိုင်စွမ်း မရှိရင် ဒီလိုမျိုးအဆင့်ကို မရောက်နိုင်ဘူးတဲ့…”
“ငါက ငါ့ဘဝမှာ စဦးစိတ်ဝိညာဉ် အထွတ်အထိပ်အဆင့်ကို ရောက်ရင်ပဲ တော်တော်ကျေနပ်နေပါပြီ…”
ဝမ်လင်းက ပြုံးလိုက်၏။
“မင်းရဲ့ ခုလက်ရှိ စိတ်ထားကို ဆက်ထိန်းသိမ်းထားရင် မင်းက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်ကို ရောက်နိုင်စွမ်း ရှိပါလိမ့်မယ်…”
လူငယ်က သူက သူမကိုနှစ်သိမ့်နေသည်ဟု တွေးကာ ပြုံး၍ ပြောလိုက်သည်။ “ကောင်းပါပြီ…ငါက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်ကို ရောက်တာနဲ့ ဒီနေ့မင်းရဲ့ ဉာဏ်အလင်းပြမှုကို ပြန်အမှတ်ရပါ့မယ်။ခုတော့ မင်းက အိမ်ထဲသွားပြီး စကျင့်ကြံသင့်ပြီ…”
ဝမ်လင်းက ပြုံး၍ ခေါင်းညိမ့်လိုက်သည်။ သူက ဝင်ပေါက်သို့ ဖြတ်လျှောက်ကာ ပျောက်ကွယ်လို့သွားသည်။
ကျောက်တုံးအောက်ရှိ ယောက်ျားယောင် ဆောင်ထားသည့် လူငယ်ကတော့ သူမကိုယ်သူမ ခပ်တိုးတိုး ပြောလိုက်၏။ “ငါက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းကို တကယ် ရောက်နိုင်လား…”
သူ့အခန်းသို့ ပြန်ရောက်လာပြီးနောက် ဝမ်လင်းက ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက်သည်။သူ့ခန္ဓာကိုယ်က ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်လို့နေသည်။ သူ့နယ်ပယ်က ဖွံဖြိုးလာခြင်း မရှိခင်ထိ ပိုများပြားသောကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူလျှင်ပင် အသုံးမဝင် ဖြစ်ပေလိမ့်မည်။
ခဏတာစဉ်းစားကြည့်ပြီးနောက် သူက ဟွမ်မိသားဝု ကျန်ခဲ့သော သိုလှောင်အိတ်ထဲမှ ပစ္စည်းများကို ထုတ်ယူကြည့်လိုက်သည်။
ဝမ်လင်း မျက်လုံးက အလေးအနက် ဖြစ်လာခဲ့သည်။ အဆင့်ရှစ်ဆေးလုံးအပြင် ထိုသိုလှောင်အိတ်ထဲ၌ ရတနာနှစ်ခု၊ကျောက်စိမ်းပြားတစ်ခုနှင့် တုန်ကင်တစ်ခုတို့ ရှိလို့နေကြသည်။
ရတနာနျစ်ခုပေါ်၌ မည်သည့်နတ်ဘုရားအာရုံမှ ရှိလို့မနေပေ။သေဆုံးသွားသောဟွမ်မိသားစုဝင်၏ ကြွင်းကျန်သောစိတ်ဝိညာဉ်အမျှင်တန်းသာ ကျန်ရစ်တော့သည်။
ရွင်မိသားစုဘိုးဘေးနှင့် သက်လတ်ပိုင်းလူကြီးတို့က သည်ရတနာနှစ်ခုပေါ်တွင် သူတို့၏ နတ်ဘုရားအာရုံများကို ချမှတ်ခြင်း မပြုဝံ့ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
ရတနာများထဲမှ တစ်ခုက အသွားစိတ်ကိုးခုနှင့် အနက်ရောင်ဘီးတစ်လက် ဖြစ်သည်။၎င်းက ဝမ်လင်းလက်ထဲ ရောက်လာသည့်အခါတွင် သူက ၎င်းထံမှ ကြမ်းကြုတ်မှုကို ခံစားမိ၏။
“တိုက်ခိုက်ရေး တစ်ပျက်တစ်ပျက်ကောင်းကင်ဘုံရတနာ…။ဒီအပေါ်မှာ အစီအရင်တစ်ခုတောင် ရှိနေသေးတယ်။ ဒီရတနာရဲ့စွမ်းအားက ရိုးရှင်းမှာ မဟုတ်ဘူး…”
ဝမ်လင်းက ထိုဘီးသွားများကို ညင်သာစွာထိကြည့်လိုက်သည်။သည့်နောက် သူ့အကြည့်က အခြားရတနာတစ်ခုပေါ်သို့ ကျရောက်လို့သွား၏။
သည်တစ်ခုကတော့ သတ္တုဒြပ်စင်မီးခတ်ကျောက် တစ်စုံပင်။သည်နှစ်ခုက နီရဲနေကာ ဝမ်လင်းလက်ဝါးပေါ်၌ ဝဲလွင့်နေ၏။သူက ၎င်းနှစ်ခုထဲမှ ထွက်ပေါ်လာနေသော အပူကို ခံစားမိ၏။
“ဒါက…” ထိုမီးခတ်ကျောက်ကို စိုက်ကြည့်နေရင်း ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်လို့သွားသည်။ သည့်နောက် သူက တစ်ခုကို ဆွဲယူကာ တစ်ခုနှင့်တစ်ခု ပွတ်သပ်ကြည့်လိုက်၏။ မီးပွားတစ်ခု ပေါ်လာကာ အပူလှိုင်းတစ်ခုက ရုတ်တရက် ပျံ့နှံ့လို့လာသည်။
“သဘာဝအတိုင်း ဖြစ်ပေါ်တဲ့ ရတနာ…” ဝမ်လင်းက လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်သည်။သူ့စိတ်က ထိုမီးခတ်ကျောက်ပေါ်၌ အာရုံစိုက်ထားလိုက်၏။
ရတနာအများစုသည် ကျင့်ကြံသူများ မွန်းမံသန့်စင်ထားခြင်း ဖြစ်သည်။ သို့သော် အချို့ရတနာများကိုတော့ သဘာဝအတိုင်း တွေ့ရတက်၏။ သို့ရာတွင် ထိုသို့သောရတနာများက အမွေအနှစ်ရတနာများထက်ပင် ပို၍ ရှားလွန်းလှသည်။
ဝမ်လင်းက သည်အရာကို ရှေးဟောင်းနတ်ဘုရား၏မှတ်ဉာဏ်များထဲကနေ သိရှိခြင်း ဖြစ်သည်။သို့ရာတွင် ရှေးဟောင်းနတ်ဘုရားများကတော့ သည်အရာကို ရတနာတစ်ခုဟု မယူဆဘဲ ရတနာများသန့်စင်ဖို့အတွက် သတ္တုပစ္စည်းတစ်ခု အဖြစ်သာ ယူဆကြသည်။
မီးခတ်ကျောက်က သဘာဝအတိုင်းဖြစ်ပေါ်သော သန့်စင်ပြီးရတနာများထဲမှ တစ်ခု ဖြစ်သည်။၎င်းက မူလအားဖြင့် သတ္တုဒြပ်စင် ဖြစ်၏။သို့သော် ၎င်း၏မာကြောမှုကြောင့် အချို့စွမ်းရည်များလည်း ပါဝင်သွားကာ တစ်ခုနှင့်တစ်ခု ပွတ်တိုက်သည့်အခါ မီးပွားများကိုလည်း ဖြစ်ပေါ်စေသည်။
သည်မီးခတ်ကျောက်နှစ်ခုက သေမျိုးများ မီးမွှေးရာတွင် အသုံးပြုလေ့ရှိသည့် အရာများနှင့် မတူပေ။ ၎င်းတို့က ကောင်းကင်နတ်ဆိုးနိုင်ငံ၏ အမှူထမ်းအကြီးအကဲ အသုံးပြုခဲ့သော ယန်မီးတောက်နှင့် အလားသဏ္ဌာန်တူ၏။ ၎င်း၏ စွမ်းအားကလည်း အားနည်းလိမ့်မည် မဟုတ်ပေ။
ဘာသာပြန်သူ မှတ်ချက်…(ကောင်းကင်နတ်ဆိုးနိုင်ငံ၏ အမှူထမ်းအကြီးအကဲသည် နတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲ၌ ဝမ်လင်းကို ၎င်း၏ နေလှံမန္တာန်ဖြင့် တိုက်ခိုက်ရာ၌ လွဲချောသွားခဲ့သည့်သူ ဖြစ်သည်။)
***