အချို့က သေခြင်းရှင်ခြင်းသည် ဤကမ္ဘာလောက၌ ခန့်မှန်းလို့မရဆုံး အရာများ ဖြစ်သည်ဟု ဆိုကြသည်။ထိုသို့ ဆိုရသည့် အကြောင်းရင်းမှာ သေမျိုးများက သူတို့ မည်သည့်အချိန်၌ သေဆုံးရမည်ကို မသိသောကြောင့်သာ ဖြစ်၏။ သေခြင်းတရား၏ ထူးဆန်းမှုက သူတို့၏ ဦးခေါင်းထက်သို့ ကြိုမမြင်ရသည့်ဓားဖြင့် မိုးထားကာ လူများ၏ စိတ်ဝိညာဉ်အနက်ပိုင်းထိ ကြောက်ရွှံ့မှုခံစားရအောင် ပြုလုပ်နေခဲ့ပေသည်။
သို့ရာတွင် သူတို့က သေခြင်းရှင်ခြင်းက ပိုကြီးမားသွားသည် တစ်စုံတစ်ရာ၏ အစိတ်အပိုင်းငယ် တစ်ခုမျှသာ ဖြစ်ကြောင်းကို မသိကြပေ။သူတို့က ယင်းသေခြင်းရှင်ခြင်း၏ ရင်းမြစ်ကို လိုက်လံရှာဖွေကြည့်ပါက သည်အရာသည် ကံကြမ္မာပုံစံတစ်မျိုးသာ ဖြစ်ကြောင်းကို ရှာတွေ့မိပေလိမ့်မည်။
မည်သူကမျှ မနေ့ကကံကြမ္မာ အကြောင်းရင်းနှင့် ယနေ့ကံကြမ္မာ အကျိုးဆက်တို့မှ လွတ်မြောက်နိုင်စွမ်း မရှိကြပေ။
ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်ရှိ အခန်းတစ်ခု၌ တင်ပလွေချိတ်၍ ထိုင်လျက် ရှိနေသော လျှိုမေကဲ့သို့ပေ။သူမက သိုလှောင်အိတ်ကို ထိလိုက်ရင်း အပြင်ဘက်ရှိ စိမ်းသောပတ်ဝန်းကျင်ကို ကြည့်နေကာ သူမနှလုံးသားက ပို၍ တည်ကြည်ခိုင်မာလာသည်ဟု ခံစားမိနေသည်။
သူမ သိုလှောင်အိတ်ထဲရှိ အရာဝတ္ထု ရှိသေသ၍ သူမက အထီးကျန်သည်ဟု ခံစားရလိမ့်မည် မဟုတ်ပေ။
သူမက သိုလှောင်အိတ်ကို ခပ်ဖွဖွ ရိုက်လိုက်၏။ လျိုမေမျက်နှာက နာကျင့်သည့်အရိပ်အယောင် ပေါ်ထွက်သွား၏။သို့သော် သည်နာကျင်မှုကို မထူးမခြားနားဟန်က မြန်ဆန်စွာ အစားထိုးလို့သွားသည်။
သူမ သိုလှောင်အိတ်ထဲရှိ တစ်စုံတစ်ရာက တုန်ခါလှိုင်းတွန့်များကို ထုတ်လွှတ်လို့နေခဲ့သည်။
သိုလှောင်အိတ်ထဲမှ တုန်ခါလှိုင်းကို ခံစားမိသည့်နောက် လျိုမေက သူမလက်ချောင်းထိပ်ကို ကိုက်လိုက်၏။ သည့်နောက် သူမက လက်ချောင်းထိပ်ကို ညှစ်လိုက်ာ လတ်ဆတ်သော သွေးတစ်စက်က သိုလှောင်အိတ်ပေါ်သို့ ကျရောက်သွားသည်။ထိုအခါ တုန်ခါလှိုင်းကလည်း တစ်ဖြည်းဖြည်းချင်း ပျောက်ကွယ်လို့သွား၏။
လျိုမေက သက်ပြင်းချသည်။ “သူ့(ဝမ်လင်း)အတွက် ပြင်ဆင်ထားတဲ့ ရတနာက ခုချိန်မှာ အသုံးမဝင်တော့ဘူး…”
ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်၌ ကိစ္စရပ်ကြီးတစ်ခု ဖြစ်ပွားခဲ့လေ၏။လွန်ခဲ့သော နှစ်ထောင်ချီက ထွက်ခွာသွားခဲ့သော ဘိုးဘေးတစ်ယောက် ပြန်ရောက်လာခဲ့သည်။သူက သူနှင့်အတူ အံ့အားသင့်ဖွယ် ပါရမီနှင့် တပည့်တစ်ယောက်ကို ဂြိဟ်ပေါ်သို့ ခေါ်လာခဲ့ကာ ခုကစ၍ သုံးလအတွင်း သွေးမျိုးဆက် ပြောင်းလဲခြင်းကို ထိုတပည့်အပေါ်၌ ပြုလုပ်ပေးပြီး ဟွမ်မိသားစု၏ ပင်မအဖွဲ့ဝင် ဖြစ်လာစေပေမည်။
သည်သတင်းက မုန်တိုင်းတစ်ခုအလား ပုံရိပ်တစ်ထောင်ဂြိဟ်နှင့် ဆက်နွှယ်နေသော ဂြိုဟ်တိုင်းသို့ ပျံနှံ့လို့သွားခဲ့ပေသည်။
ရွင်ယွမ်ဂြိုဟ်သည်လည်း ပုံရိပ်တစ်ထောင်ဂြိုဟ်၏ လက်အောက်ခံ ဂြိုဟ်တစ်ခု ဖြစ်လေသည်။
စွန်ထိုင် ထွက်ခွာသွားပြီးနောက် ဝမ်လင်းက အခန်းထဲမှာပင် တိတ်ဆိတ်စွာ ကျင့်ကြံလျက် ရှိ၏။စွန်ထိုင် ထားခဲ့သော သူ့သိုလှောင်အိတ်ထဲ၌ ကောင်းကင်ဘုံကျောက်စိမ်းပြား ငါးသောင်းကျော် ရှိလို့နေသည်။
အရင်က ကောင်းကင်ဘုံကျောက်စိမ်းပြားများကို ထည့်ပေါင်းပါက ဝမ်လင်းတွင် စုစုပေါင်း ကောင်းကင်ဘုံကျောက်စိမ်းပြား သုံးသိန်းလောက် ရှိနေခဲ့ပြီ ဖြစ်၏။သူ့မျက်လုံးက တလက်လက် ဖြစ်နေကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒါက လုံလောက်ရုံ ဖြစ်သင့်နေပြီ…”
သူက မတ်တပ်ထရပ်ကာ အခန်းထဲကနေ ပျောက်ကွယ်လို့သွား၏။ သူ ပြန်ပေါ်လာသည့်အခါတွင် အိမ်နှင့် ကီလိုမီတာ ငါးသောင်းအကွာသို့ ရောက်နေခဲ့၏။ သူက သူ့နတ်ဘုရားအာရုံကို သည်ဧရိယာအား ဖြန့်ကျက်လွှမ်းခြုံလိုက်၏။သည့်နောက် သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံကျောက်စိမ်းပြားများကို ထုတ်ယူလိုက်သည်။
ဝမ်လင်းက ကြာပွင့်သဏ္ဌာန်ထိုင်ချကာ သူ့လက်ဖြင့် ချိပ်တံဆိပ်များဖြစ်စေပြီး အတားအဆီးများအဖြစ် စေလွှတ်လိုက်သည်။ အတားအဆီးပေါင်း ဒါဇင်ချီ၍ အထိုင်ချပြီးနောက် ကောင်းကင်ဘုံကျောက်စိမ်းပြားများက တစ်ခုပြီးတစ်ခု နေရာချကာ ဧရာမအစီအရင်ကြီးတစ်ခု ဖြစ်တည်လာခဲ့၏။
သည်အစီအရင်တွင် အမည်မရှိပေ။ သည်အရာက သူ့တစ္ဆေလောကမြစ်၏ တတိယစွမ်းရည်မှ သူကိုယ်တိုင် ထုတ်ယူထားသည့် တစ်စုံတစ်ခုသာ ဖြစ်သည်။၎င်းက ကောင်းကင်ဘုံကျောက်စိမ်းပြား များစွာကို စုပ်ယူနိုင်ပြီး သူ့ကျင့်ကြံမှုကို တိုးတက်ဖို့အတွက် အားကောင်းသော ထောက်ပံမှုအဖြစ် အသုံးပြုနိုင်ပေ၏။
ကောင်းကင်ဘုံကျောက်စိမ်ပြား သုံးသိမ်းကျော် ကျဆင်းလာသည့်အခါတွင်တော့ ဝမ်လင်းက သိုလှောင်အိတ်ကိ နောက်တစ်ကြိမ် ပုတ်လိုက်ရာ ကြယ်ခုနစ်ခုဓားအစီအရင် ပျံသန်းထွက်လာ၏။ ၎င်းက ဝမ်လင်းကို လှည့်ပတ်ချိတ်ဆက်ကာ ကာကွယ်မှု ပေး၏။ကောင်းကင်ဘုံသက်တော်စောင့်သည်လည်း ဝမ်လင်းအရိပ်ထဲကနေ ထွက်ပေါ်လာကာ ဗလာအဖြစ်သို့ ပေါင်းစပ်၏။လူတစ်ယောက်က သူ့ကို နှောက်ယှက်ဝံ့လျှင် ကောင်းကင်ဘုံသက်တော်စောင့်က ထိုသူများ ချက်ခြင်း သတ်ဖြတ်ပစ်ပေလိမ့်မည်။
အသက်ဝဝရှူသွင်းပြီးသည့်နောက် ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ သူ့လက်နှစ်ဖက် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၏။သည့်နောက် သူ့ ဒူးနှစ်ဖက်ပေါ်တွင် နေရာချကာ တိုးညှင်းစွာ ဆိုသည်။ “ပြန့်ကျဲပျက်စီးစမ်း…”
သူ့အသံက မန္တာန်တစ်ခု ဖြစ်လာကာ ကျယ်လောင်သော တုန်ဟီးသံတစ်ခုကဲ့သို့ ပျံ့နှံ့သွား၏။၎င်းက အနီးပတ်လည်ရှိ ကောင်းကင်ဘုံကျောက်စိမ်းပြားများကို ပေါက်ကွဲစေကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားစေသည်။သည်အခိုက်အတန့်၌ ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးက ကောင်းကင်ဘုံကျောက်စိမ်းပြား အမှုန့်များနှင့် ဖုံးလွှမ်းသွားချေ၏။ သည့်နောက် အံ့မခန်းကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များက ရုတ်တရက် ပေါက်ကွဲထွက်လာလေသည်။
သည်ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များက လွန်စာ အားကောင်းလွန်းလှကာ ကြောက်မက်ဖွယ်အဆင့် ဖြစ်နေ၏။၎င်းက ဝမ်လင်းကို ဗဟိုပြုကာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် မုန်တိုင်းအဖြစ်ပြောင်းလဲပြီး ကောင်းကင်ထက်သို့ ထိုးတက်သွားချေသည်။
ပြင်းထန်သော တုန်ခါလှိုင်းများက ပျံ့နှံ့ကာ ကမ္ဘာလောကအနှံ့ မိုးခြိမ်းသံကို တုန်ဟီးစေ၏။
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် မုန်တိုင်းက ပို၍ သန်မာလာလေလေ ကောင်းကင်ဘုံကျောက်စိမ်းပြားများက ပို၍ ပေါက်ကွဲကုန်လေ ဖြစ်သည်။
ရွင်ယွမ်ဂြိုဟ်ပေါ်ရှိ လူသုံးယောက်ကသာ သည် အားကောင်းသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် မုန်တိုင်းကို ရှင်းရှင်းလင်းလင်း ခံစားမိသွားကြသည်။ ပထမဆုံးလူက ဝမ်လင်းကျင့်ကြံနေသည့် နေရာနှင့် အနီးဆုံး ဖြစ်သူ စွန်ရှီပင် ဖြစ်၏။
စွန်ရှီက ကျင့်ကြံနေရာကနေ ရုတ်တရက် မျက်လုံးဖွင့်လာခဲ့ကာ သူ့မျက်လုံးထဲ၌ တုန်လှုပ်မှုနှင့် ပြည့်နေ၏။
ဒုတိယလူက ရွင်ယွမ်ဂြိုဟ်၏ အခြားဘက်ခြမ်းရှိ ရေခဲပြင်အနက်ပိုင်းမှ သက်လတ်ပိုင်းလူကြီး ဖြစ်သည်။သည်လူက မပျော်နိုင်သော ရေခဲလွှာထဲ၌ ရှိနေကာ အတွင်းမှ အအေးစွမ်းအင်များကို စုပ်ယူလို့နေသည်။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ပေါက်ကွဲထွက်လာသည်ကို တွေ့သည့်အခါ သူက မျက်လုံးဖွင့်လာခဲ့၏။သူ့မျက်လုံးက အေးစက်စက် အလင်းကို ထုတ်လွှတ်ကာ ယင်းစွမ်းအင် ထွက်ပေါ်လာရာနေရာသို့ ကြည့်လိုက်သည်။
“ဒါက သတိပေးခြင်းလား…” သက်လတ်ပိုင်းလူကြီးက ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ယင်းအခြင်းအရာကို လစ်လျူရှူလိုက်သည်။
တတိယလူကတော့ ရွင်ယွမ်ဂြိုဟ်၏ အလယ်ဗဟိုရှိ ရွင်မိသားစု တည်ရှိရာနေရာမှ ဖြစ်၏။
ရွင်မိသားစု၏ ဘိုးဘေးအိမ်တော်၌ တစ်ခေါင်းလုံး ဆံပင်ဖြူဆွတ်နေသည့် အဘိုးအိုတစ်ယောက်က လေလံပွဲမှ အကြောင်းကို မိသားစုဝင် တစ်ယောက်က တင်ပြနေသည်ကို နားထောင်နေရင်း သူက မျက်မှောင်ကြုတ်နေသည်။ အဆင့်ရှစ်ဆေးလုံးက ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်ပြားတည်းနှင့် ရောင်းလိုက်ရသည်ကို ကြားလိုက်သည့်အခါ သူက အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။သူ့မျက်လုံးထဲ၌လည်း မကျေမချမ်း ဖြစ်မှုနှင့် ပြည့်လို့နေ၏။
သူက စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် မုန်တိုင်း၏ သွင်ပြင်ကို ထောက်လှမ်းမိသွားသည်။သူက ချက်ခြင်းပင် မတ်တပ်ထရပ်ကာ မုန်တိုင်းဦးတည်ရာသို့ သုန်မှုန်စွာ ကြည့်လိုက်၏။
ထိုမုန်တိုင်းအတွင်း၌ ဝမ်လင်းလက်က ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေသည်။သူက ရုတ်တရက် ပါးစပ်ဟကာ အော်လိုက်၏။ “စုပ်ယူစမ်း…”
သည်စကားတစ်ခွန်းဖြင့်ပင် မုန်တိုင်းက ပြန့်ကျဲပျက်စီးသွားသည်။ဝမ်လင်းက ပါးစပ်ဟကာ ယင်းမုန်တိုင်းကို သူ့ပါးစပ်ထဲသို့ မြန်ဆန်စွာ စုပ်ယူလိုက်၏။
ဝမ်လင်းပတ်လည်၌ တစ္ဆေလောကမြစ်က ခပ်ယောင်ယောင် ပေါ်လို့နေသည်။တစ္ဆေလောက မြစ်က ဝမ်လင်းအား လှည့်လည်ကာ မမြင်ရသောအားတစ်ခုကို ဖြစ်စေပြီး ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် မုန်တိုင်းကို သိပ်သည်းစေ၏။
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် မုန်တိုင်းကို ဝမ်လင်း၏ စုပ်ယူရှိုက်သွင်းခြင်းကို ခံလိုက်ရချေသည်။ ကောင်းကင်ဘုံကျောက်စိမ်းပြား မြောက်များစွာက ဝမ်လင်းပတ်လည်၌ ဝန်းရံနေကာ သူ့သွေးကြောများက ဖောင်းကြွလျက် ရှိ၏။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက ဝါးမြိုခံလိုက်ရပြီးနောက် သူ့မူလစိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်လို့သွားသည်။
ခုချိန်၌ ဝမ်လင်းခန္ဓာကိုယ်က ဒီလှိုင်းအသူတစ်ရာချောက်နက်ထဲကလို ဖြစ်နေ၏။သူ့မူလစိတ်ဝိညာဉ်က ဒီလှိုင်းအသူတစ်ရာချောက်ထဲရှိ အရာအားလုံးကို ဝါးမြိုပစ်သည် တွင်းနက်နှင့် တင်စားနိုင်ပေသည်။
ဝမ်လင်းအသားအရည်ကလည်း အနည်းငယ် နီမြန်းလာကာ သူ့မျက်လုံးများက တောက်ပလျက်ရှိ၏။လျှပ်စီးများကလည်း သူ့ခန္ဓာကိုယ်အနှံ့တွင် ကွဲအက်လျက် ရှိသည်။
ဧရာမကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် မုန်တိုင်းပျောက်ကွယ်သွားသည့်နောက် ကမ္ဘာလောကက ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့သည်။
ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်၏။ သည့်နောက် သူက မတ်တပ်ထရပ်လိုက်သည်။
“အာဏာတက်ခြင်း အလယ်အဆင့်ကို ရောက်ဖို့ ငါ့နယ်ပယ်ရဲ့ ဉာဏ်အလင်းတစ်ခုပဲ လိုအပ်တော့တယ်။ဒါပေမဲ့လည်း ငါက နယ်ပယ်ဉာဏ်အလင်းရဖို့ အလျင်လိုစရာ မလိုဘူး။ ဒါက နောက်ချက်ခြင်းလည်း ဖြစ်နိုင်တယ်။ဒါမှ မဟုတ် ဆယ်နှစ်၊ နှစ်တစ်ရာ ကြာမှလည်း ရရှိလာနိုင်တယ်…”
“ခုချိန်မှာတော့ ငါက တစ်ချို့ကိစ္စတွေကို ရှင်းရဦးမယ်…ငါက ရွင်ယွမ်ဂြိုဟ်ပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံနေခြင်ပေမဲ့ အချို့လူတွေက ငါ့ကို အေးချမ်းမှု မပေးလိုကြဘူး။ သူက ငါ့ကို ဒီကိစ္စထဲမှာ ပါဝင်စေချင်နေတယ်ဆိုရင် သူက လုံလောက်တဲ့ ရိုးသားမှုကို ပြသဖို့လိုတယ်။ငါက ဒီသုံးယောက်ကို ငါ့လုပ်ဆောင်မှုက ဘယ်လိုဘယ်ပုံဆိုတာ နားလည်သွားအောင် ခု ပြသပေးမှ ရတော့မယ်…”
ဝမ်လင်းက နှာခေါင်းရှုံ့ကာ သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ ကြယ်ခုနစ်ခုဓားအစီအရင်က သိုလှောင်အိတ်ထဲသို့ ပြန်ရောက်ရှိလာခဲ့ကာ ကောင်းကင်ဘုံသက်တော်စောင့်ကလည်း သူ့အရိပ်အဖြစ်သို့ ပြန်ပြောင်းလဲသွား၏။
ဝမ်လင်းက လျှောက်လှမ်းလာရင်း မဟာတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုလိုက်၏။ တစ်ချိန်တည်းမှာပင် သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ဂြိုဟ်တစ်ခုလုံးအား ဖုံးလွှမ်းလိုက်သည်။ အလယ်အလင်အဆင့် အာဏာတက်ခြင်းကျင့်ကြံသူအပေါ်၌ သူ့နတ်ဘုရားအာရုံကို ချမှတ်လိုက်ပြီးနောက် ဝမ်လင်းက ပျောက်ကွယ်လို့သွားသည်။
ရွင်မိသားစု ဘိုးဘေးအိမ်ထဲရှိ ဆံဖြူအဘိုးအို၏ အသွင်က ပြောင်းလဲသွားသည်။သူ့မျက်လုံးကလည်း တောက်ပလို့သွား၏။ သည့်နောက် သူ့ခန္ဓာကိုက် ဖျပ်ခနဲ လှုပ်ရှားကာ တည်နေရာရွှေ့ပြောင်းလိုက်သည်။သည့်နောက် သူက ရွင်မိသားစုနှင့် ငါးထောင်ကီလိုမီတာ အကွာရှိ နေရာတစ်ခုပေါ်တွင်ပေါ်လာကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ လျှပ်စီးအလင်းတန်းတစ်ခုက ပေါ်ထွက်လာကာ ချက်ခြင်းပင် လေဟာနယ်ထဲသို့ ပစ်ဝင်သွားသည်။
အဘိုးအိုက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လျှပ်စီးအလင်းတန်းတစ်ခုက ကောင်းကင်ထက်၌ ကျယ်လောင်သေအသံနှင့်အတူ ဖြစ်ပေါ်လာခဲ့သည်။
မိုးကြိုးလက်ဝါး။ ရွင်မိသားစု၏ ဘိုးဘေး အာဏာတက်ခြင်းကျင့်ကြံသူ၏ မန္တာန်များထဲမှ တစ်ခု။
လျှပ်စီးအလင်းတန်းက လေဟာနယ်ထဲသို့ တိုက်ရိုက် တိုးဝင်သွားသည်။သည်အခိုက်အတန့်၌ လေဟာနယ်ထဲကနေ အေးစက်စက်နှာခေါင်းရှုံ့သံနှင့်အတူ ဝမ်လင်းအသွင်က ထွက်ပေါ်လာခဲ့သည်။သူက လှုပ်ရှားခြင်းမပြုပေ။သို့သော် သူ့နောက်မှ အရိပ်က ဖျပ်ခနဲ လက်သွားသည်။ကောင်းကင်ဘုံသက်တော်စောင့်က ဝမ်လင်းရှေ့သို့ ရိပ်ခနဲ ရောက်ရှိလာကာ မိုးကြိုးလက်ဝါးက ချက်ခြင်း ပျက်စီးသွားလေသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံသက်တော်စောင့်၏ အရိပ်က ရွင်မိသားစုဘိုးဘေးရှေ့သို့ ပေါ်ထွက်လာကာ သူ့အား ညင်သာစွာ တွန်းထုတ်သွား၏။ ရွင်မိသားစုဘိုးဘေးက ချက်ခြင်းပင် သွေးအန်ထုတ်လိုက်ရကာ နောက်သို့ လွင့်စင်ထွက်သွားချေသည်။သည့်နောက် သူက သွေးဆက်တိုက်အန်ထုတ်လိုက်ရာက သူ့အသွင်က ဖြူဖပ်ဖြူရော ဖြစ်လို့လာ၏။ သူက မြန်ဆန်စွာပင် သိုလှောင်အိတ်ထဲမှ ဆေးလုံးများကို ထုတ်ယူကာ သောက်သုံးလိုက်ရ၏။
သည်အရာများအားလုံးက မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်းပင်။ ထို့ကြောင့် ရွင်မိသားစုဘိုးဘေးက သူ့နှလုံးသာထဲ၌ နက်ရှိုင်းသော ကြောက်ရွှံ့မှုကို ခံစားလိုက်ရသည်။
“သူ့ ကျင့်ကြံမှုအဆင့်က ဘယ်အဆင့်လဲ…ဒါက ကြောက်ဖို့ကောင်းလွန်းတယ်။ သူက ငါ့ကို မသတ်ချင်ခဲ့လို့သာပေါ့။ မဟုတ်ရင် ငါက တစ်ချက်တည်းနဲ့ သေနေလောက်ပြီ။ ဒီလူက အာဏာတက်ခြင်းနောက်ဆုံး အထွတ်အထိပ်များ ဖြစ်နေမလား…”
အဘိုးအိုက ပင့်သက်ရှိူုက်မိလိုက်သည်။
ကောင်းကင်ဘုံသက်တော်စောင့် အရိပ်က ဝမ်လင်းနောက်တွင် ပြန်ပျောက်ကွယ်သွားသည်။သည့်နောက် ဝမ်လင်းက ရွင်မိသားစုဘိုးဘေးအား အေးစက်စွာကြည့်၍ တည်ငြိမ်စွာ မေးလိုက်သည်။ “မင်းက လွန်ခဲ့တဲ့လေးနှစ်က ကိစ္စထဲကို ငါ့ကို ဆွဲထည့်ချင်တဲ့လူလား…”
အဘိုးအိုက စိတ်ထဲ၌ တုန်ယင်သွား၏။ အနည်းငယ် စဉ်းစားပြီးသည့်နောက် သူက အံတင်းတင်းကြိတ်ကာ ဆိုလာသည်။ “ရောင်းရင်းကျင့်ကြံသူ…ဒီကိစ္စက ငါ့အမှားပါ။ ငါက ဒါကို လုပ်ခဲ့တာ ဘာလို့လဲဆိုတော့…”
“ငါ မင်းဆင်ခြေဆင်လက်တွေ နားမထောင်ချင်ဘူး။ မင်းက ငါ့ ကာကွယ်မှုကို လိုချင်ရင် မင်းရဲ့ ရိုးသားမှုကို ပြသရမယ်။ မင်းပြသခဲ့တဲ့ ရိုးသားမှုက လုံလောက်ဖို့ အဝေးကြီး လိုသေးတယ်…”
ဝမ်လင်းက လက်နောက်ပစ်ကာ တည်ငြိမ်စွာ ရှိနေသည်။
အဘိုးအိုက အသက်ဝဝရှူသွင်းမိလိုက်သည်။ သူ့ခေါင်းထဲသို့ အကြံဉာဏ်ပေါင်း ရာချီ တိုးဝင်လာကာ သူက ချက်ခြင်းပင် မေးလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူက ဘာကို ဆိုလိုတာများလဲ…”
ဝမ်လင်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါ့ကို မင်းမိသားစုမှာရှိတဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြား အားလုံးရဲ့ ကိုးဆယ်ရာခိုင်နှုန်းပေးပါ…”
အဘိုးအိုက စဉ်းစားသွား၏။သူ့စိတ်ထဲ၌ ချီတုံ့ချတုံ့ ဖြစ်လို့နေသည်။
ဝမ်လင်းက ရှေ့သို့ ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်ပြန်သည်။ “မင်းတို့နှစ်ယောက်ပါ…ထွက်လာခဲ့ကြ…”
ဝမ်လင်း ကြည့်လိုက်သော နေရာ၌ ပုံရိပ်ယောင်နှစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုနှစ်ယောက်မှာ စွန်ရှီနှင့် ရေခဲလွှာထဲရှိ သက်လတ်ပိုင်းလူကြီး တို့ဖြစ်ကြသည်။သူတို့နှစ်ယောက်၏ မျက်လုံးများထဲ၌ ကြောက်လန့်မှုနှင့် ပြည့်လို့နေသည်။ ရွင်မိသားစုဘိုးဘေးက တစ်ချက်တည်းဖြင့် သူ့အသက်ပါ ပေးလိုက်ရလုနီးပါး ဖြစ်သွားစေသည့် မြင်ကွင်းက သူတို့နှလုံးသားအား ကြီးစွာတုန်လှုပ်စေခဲ့သည်။
“မင်းက မင်းမိသားစုရဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြား ခုနစ်ဆယ်ရာခိုင်နှုန်းကို ငါ့ကာကွယ်မှုအတွက်ပေးရမယ်…” ဝမ်လင်းက စွန်ရှီအား ထိုသို့ ပြောလိုက်သည်။
စွန်ရှီမျက်လုံးများက အလေးအနက် ဖြစ်လာကာ ချက်ခြင်း ခေါင်းညိတ်လိုက်သည်။ “ရောင်းရင်းရှု…ဒါက အဆင်ပြေပါတယ်။ ငါဟာ လွန်ခဲ့တဲ့လေးနှစ်တည်းက ဒီအရိပ်ဆိုးထဲမှ လျှောက်လှမ်းနေရတော့ ဒီအခြေအနေကို လက်ခံနိုင်ပါတယ်…”
“မင်းကတော့ ငါ့ကို မင်းမိသားစုရဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြား ကိုးဆယ်ရာခိုင်နှုန်းပေးရမယ်…”
ဝမ်လင်းအကြည့်က သက်လတ်ပိုင်းလူကြီးထံသို့ ကျရောက်လို့သွားသည်။
“ဒါ့အပြင် လွန်ခဲ့တဲ့လေးနှစ်က ဟွမ်မိသားစုဝင်ရဲ့ သိုလှောင်အိတ်ထဲက မင်းတို့ရရှိခဲ့တဲ့ ကျန်နေသေးတဲ့ ဆေးလုံးတွေကိုပါ ပေးရမယ်။ တစ်ခုမှ မကျန်စေဘဲ ငါ့ရှိကို အကုန်လုံး လာပေးကြ…”
“ဒါ့အပြင် ငါ့မှာ လုံလောက်တဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြား မရှိတဲ့အတွက် မင်းတို့က ငါ့အတွက် ပိုရအောင် လုပ်ပေးရမယ်။ ငါ့ကျင့်ကြံမှုအဆင့်က မလုံလောက်ဘူးဆိုရင် ငါက ဒီကိစ္စကို ပါဝင်ပေးဖို့ စိတ်ဝင်စားမှာ မဟုတ်ဘူး…”
***