Switch Mode

အပိုင်း(၇၂၀)

သေခြင်းရှင်ခြင်းအထက်မှာ ကံကြမ္မာရှိတယ်…

စွန်ထိုင်က စိတ်ရှုပ်ထွေးဟန်ဖြင့် ဝမ်လင်းကို ကြည့်သည်။ သူက အချိန်အတန်ကြာ စကားမဆိုနိုင် ဖြစ်နေ၏။ သူ့ကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်သို့ ကျဆင်းသွား‌သော်လည်း သူ့ထိုးထွင်းနိုင်စွမ်းကတော့ ရှိနေဆဲသာ ဖြစ်သည်။ သို့ရာတွင် သူက မည်မျှကြိုးစားပါစေ ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ကို ဖြတ်မြင်နိုင်စွမ်း မရှိ ဖြစ်နေသည်။်ပေါ်ခြင်း အဆင့်သို့ ကျဆင်း‌ေံစြစ်နေသည်

သူက တုန်လှုပ်သွား၏။ သူက အတိတ်တုန်းက ကောင်းကင်ဘုံနယ်မြေ၌ သူ့ကို ထိန်းချုပ်လို့မရအောင် အတင်းဖိအားပေးခဲ့သည့် အားနည်းသော စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း ကျင့်ကြံသူတစ်ယောက် အကြောင်း ပြန်တွေးနေမိသည်။ ထိုအားနည်းသော ကျင့်ကြံသူက သူနှင့်ကျောက်ရီတို့ကြား တိုက်ပွဲတွင် စောင့်ကြည့်နေရုံသာ တက်နိုင်ခဲ့ပေသည်။ ထိုအားနည်းသော ကျင့်ကြံသူက ခု သူ့ရှေ့တွင် ရှိနေသောလူနှင့် တူတူဖြစ်သည်ဟု ယူဆရန် မဖြစ်နိုင်ပေ။

ဝမ်လင်းက အတိတ်တုန်းက ကြမ်းကြုတ်သော်လည်း သူက ဉာဏ်နီဉာဏ်နက် ရှိခဲ့သော်လည်း သူ့ကျင့်ကြံမှုအဆင့်ကတော့ နိမ့်လွန်းခဲ့သည် မဟုတ်လား။ ကျောက်ရီ၏ အမှတ်အသားကြောင့်သာ မဟုတ်လျှင် သူက အတိတ်တုန်းက ဝမ်လင်းကို လက်ဝါးတစ်ချက်ဖြင့်ပင် သတ်ပစ်နိုင်စွမ်း ရှိခဲ့ပေသည်။

ယခု သူ့ရှေ့ရှိ ဝမ်လင်းကတော့ တည်ငြိမ်လှကာ သူ့အကြည့်က သူ့မူလစိတ်ဝိညာဉ်ကိုပင် တုန်ယင်အောင် ပြုလုပ်လို့နေသည်။ သည်ကြီးမားလှသည့် ကွာခြားမှုက စွန်ထိုင်ကို လက်မခံနိုင်လောက်အောင် ဖြစ်နေစေ၏။

အတိတ်တုန်းက ဝမ်လင်းက အဆင့်နိမ့်လှရာ ပွန်းတစ်ကောင်အဖြစ် ယူဆနိုင်ပေမည်။ မည်သည့်အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူမှလည်း သူ့အား ကြောက်လန့်နေမည် မဟုတ်ပေ။

သို့ရာတွင် ခု ဝမ်လင်းပေါ်လာသည်အခါ၌ သူက ချက်ခြင်းပင် ရွင်မိသားစု ဘိုးဘေး၏ အာရုံကို စွဲဆောင်ခဲ့ကာ အဆင့်ရှစ်ဆေးလုံးပင် လက်ဆောင်အဖြစ် ပေးအပ်ခံရသလို ရှိနေ၏။ သူ့အတွက်တော့ သူက ရွင်မိသားစု၏ ဧည့်သည်တစ်ယောက်မျှသာ ဖြစ်ကာ အတိတ်တုန်းက တောက်ပမှုအားလုံး ဆုံးရှုံးသွားခဲ့ပြီ ဖြစ်၏။

အတိတ်တုန်းက ဝမ်လင်း သေရေးရှင်ရေး ရင်ဆိုင်ရချိန်၌ ဝမ်လင်းက သူ့အကူအညီကိုပင် ရယူခဲ့ရပေသည်။ သူ့ကြောင့်သာ မဟုတ်ပါက သူက အတိတ်မှာတည်းက ဘီလူးနတ်ဆိုးကလန်ဘိုးဘေး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီဖြစ်၏။

သို့ရာတွင် ခု သူ့ရှေ့ရှိလူကတော့ အလွန်မြင့်မားသော ကျင့်ကြံခြင်းအဆင့် ရှိနေသည်။သည့်အပြင် ဝမ်လင်းအော်ရာက အဆင့်တူများကိုပင် သတ်ဖြတ်ခဲ့သော အော်ရာ ဖြစ်နေသည်ဟု စွန်ထိုင် ခံစားနေရ၏။

စွန်ထိုင် စိတ်နှလုံးထဲ၌ လွန်စွာ ရှုပ်ထွေးလို့နေ၏။ သူက တုန်လှုပ်နေရင်း သူ့စိတ်ထဲရှိ အားနည်းသော ကျင့်ကြံသူ၏ ပုံရိပ်နှင့် အဖြစ်အပျက်များ တစ်ဖြည်းဖြည်း ပျောက်ကွယ်လာကာ မျက်လုံဖြင့်ပင် မော်မကြည့်ရဲသည့် အားကောင်းသောကျင့်ကြံသူက အစားထိုး ဝင်လာခဲ့ချေသည်။ သူကသာ ခုသူ့ရှေ့ရှိ အစေခံ ဖြစ်လာခွင့် ရမည်ဆိုပါက မည်သည့် ချေပချက်မှ လုပ်နေမိလိမ့်မည် မဟုတ်ပေ။

ဝမ်လင်းက မည်သည့်စကားမှ မဆိုပေ။ သို့သော် သူက စွန်ထိုင်၏ ပုံစံဟန်ပန်ကနေတစ်ဆင့် သူ့အတွေးခံစားချက်များကို အနည်းနှင့်အများ ခန့်မှန်းမိနေ၏။ သူက ဆက်၍ တိတ်ဆိတ်နေကာ စွန်ထိုင်အား တည်ငြိမ်စွာ ကြည့်လို့နေသည်။

စွန်ထိုင်က ဝမ်လင်းကို စူးစိုက်ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “မင်း…မင်း ကျင့်ကြံမှုအဆင့်က ခု ဘယ်အဆင့်မှာလဲ…”

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “အာဏာတက်ခြင်း…”

စွန်ထိုင်က မဖြစ်ညစ်ကျယ် ပြုံးလိုက်မိသည်။သူက ဝမ်လင်းသည် အာဏာတက်ခြင်းအဆင့်မျှသာ ဖြစ်သည်ဟု မယုံကြည်နိုင်ဟန် ဖြစ်နေ၏။ ဝမ်လင်းကသာ အာဏာတက်ခြင်းအဆင့်မျှသာ ဖြစ်လာခဲ့ပါက သူက တစ်ခုခုကို ခံစားမိနိုင်စွမ်း ရှိပေလိမ့်မည်။ သူ့အမြင်တွင် ရွင်မိသားစု၏ ဘိုးဘေးပင် တစ်ချိန်ကအားနည်းခဲ့သော သည်ကျင့်ကြံသူနှင့် ယှဉ်နိုင်လိမ့်မည် မဟုတ်ဟု ထင်မြင်မိနေ၏။

နောက်ဆုံးတွင်တော့ စွန်ထိုင်က ရွင်မိသားစုဘိုးဘေးက အဆင့်ရှစ်ဆေးလုံးကို လေလံပွဲကနေ တစ်ဆင့် ဝမ်လင်းကို ဘာကြောင့် ပေးခဲ့သည်ကို နားလည်သွားခဲ့သည်။

“သင် ငါ့ မေးခွန်းကို မဖြေရသေးဘူး…” ဝမ်လင်း အသံက တည်ငြိမ်နေ၏။သူ့အကြည့်ကို စွန်ထိုင်ထံကနေ ပြတင်းပေါက်အပြင်ဘက်သို့ ရွှေ့လိုက်၏။

သည်ရိုးစင်းသော စကားများကပင် စွန်ထိုင်၏ ခန္ဓာကိုယ်အား တုန်လှုပ်သွားစေကာ သူ့စိတ်ထဲတွင် ရှုပ်ထွေးသောခံစားချက်များ ဖြစ်ပေါ်သွားစေသည်။ အတိတ်တုန်းက သည်အားနည်းသော ကျင့်ကြံသူက သူ့ကို ယခုလို ပုံစံမျိုး ပြောလာဝံ့နေပေသည်။ သို့သော် ဝမ်းနည်းစွာဖြင့် သည်စကားတစ်ခွန်းကပင် သူ့စိတ်ဝိညာဉ်ကို တုန်ယင်သွားစေဖို့ လုံလောက်နေခဲ့ပေ၏။

စွန်ထိုင်က ခါးသက်စွာ ပြောလိုက်သည်။ “ငါ… အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကို တည်နေရာ အပြောင်းခံလိုက်ရတဲ့နောက် တန်လင်းဂြိုဟ်ဘေးနားမှာ ပေါ်လာခဲ့တယ်။ ငါက အဲ့နေရာမှာ ရာစုနှစ်တစ်ခုလောက် နေထိုင်ခဲ့ပြီး လုမိသားစု အတွက် အလုပ်လုပ်ပေးခဲ့တယ်။ အဲ့နောက်မှာတော့ ငါက လွတ်လပ်မှု ပြန်ရလာခဲ့တယ်…”

“ငါ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အမှတ်အသားကလည်း လုမိသားစုရဲ့ တစ်စုံတစ်ယောက်က ဖျက်စီးပေးခဲ့တယ်။ ဒါ..ဒါပေမဲ့လည်း အဲ့အမှတ်အသားက ခုထိ ဘာလို့ တည်ရှိနေခဲ့လည်းတော့ ငါ မသိဘူး…”

“လုမိသားစု…” ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။

စွန်ထိုင်က ခပ်တိုးတိုး ပြောလိုက်၏။ “တန်လင်းဂြိဟ်ပေါ်က အားအကောင်းဆုံးမိသားစု သုံးစုက ရှု၊လုနဲ့ လျို တို့ပဲ ဖြစ်တယ်…”

ဝမ်လင်းက စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြောလာသည်။ “ဒီမိသားစု သုံးစုက ဘယ်လောက် သန်မာအားကောင်းလဲ။ တန်လင်းဂြိဟ်နဲ့ ပတ်သတ်လို့ကော တစ်ခုခုထူးခြားတာ ရှိလား…”

“အလွန်သန်မာတယ်။ ဒီမိသားစုသုံးခုက မခန့်မှန်းနိုင်လောက်အောင် နက်နဲလွန်းလှတယ်။ သူတို့ဘယ်လောက် သန်မာတယ် တိတိပပ ပြောဖို့အတွက် ငါ့အဆင့်အတန်းက ဒါကို သိရဖို့အတွက် မလုံလောက်ဘူး။ ဒါပေမဲ့လည်း ဒီမိသားစုတွေက ရွင်ယွမ်ဂြိုဟ်ကို ဖျက်စီးဖို့အတွက် အကြီးအကဲတစ်ယောက်ကို စေလွှတ်လိုက်ဖို့ပဲ လိုတယ်…”

“တန်လင်းဂြိုဟ်နဲ့ ပတ်သတ်ပြီး သိသိသာသာ ဖြစ်နေတဲ့တစ်ချက်က ဒီဂြိုဟ်က ကဗြောင်းကဗျန်ဆန်လှပြီး သွေးလွှမ်းတဲ့ ကမ္ဘာတစ်ခု ဆိုတာပဲ…” စွန်ထိုင်က အတိတ်ကို ပြန်တွေးမိကာ သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့နှင့် ပြည့်လို့နေ၏။

ဝမ်လင်းက သည်ကြောက်ရွှံ့မှု အရိပ်အမြွက်ကို သတိပြုမိလိုက်သည့်အခါ ကြိတ်၍ သက်ပြင်းချမိလိုက်သည်။တစ်ခါတုန်းက ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ အလောင်းကောင်ကလန်၏ အကြီးအကဲခေါင်းဆောင်က ပြီးဆုံးသွားခဲ့ချေပြီ။ သူကသူ့ကျင့်ကြံမှုအဆင့်ကို ပြန်ရရှိလျှင်ပင် ဘယ်တော့မှ ပိုမြင့်သောအဆင့်သို့ တက်လှမ်းနိုင်တော့မည် မဟုတ်ပေ။

ထိုသို့ဖြစ်ရခြင်းမှာ သူက ကျင့်ကြံသူတစ်ယောက် ရှိသင့်သော တာအိုနှလုံးသား ဆုံးရှုံးသွားခဲ့သောကြောင့် ဖြစ်၏။ သည်တာအိုနှလုံးသားက တန်လင်းဂြိုဟ်ပေါ်တွင် ရာစုနှစ်တစ်ခုစာ ကုန်ဆုံးသွားပြီးနောက် ပျက်စီးသွားခဲ့ခြင်း ဖြစ်ပေသည်။

ဝမ်လင်းက ရုတ်တရက် မေးလိုက်၏။ “တန်လင်းဂြိုဟ်ပေါ်မှာ ရှောင်မိသားစုကော ရှိလား…”

“ရှောင်မိသားစု…” စွန်ထိုင်က အချိန်အတန်ကြာ စဉ်းစားနေ၏။သည့်နောက် သူက ခေါင်းယမ်းကာ ပြောလာသည်။ “ငါ သိသလောက်တော့ ရှောင်မိသားစု ဆိုတာ မရှိဘူး။ တကယ်တော့ ဒါက ငါ့အဆင့်အတန်းက နိမ့်လွန်းတဲ့အတွက် လျှို့ဝှက်ချက်တိုင်းကို မသိတာလည်း ဖြစ်နိုင်တယ်…”

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးသည့်နောက် စွန်ထိုင်ကို ကြည့်ကာ ပြောလိုက်သည်။ သင်က မဟာမိတ်ကြယ်အဖွဲ့အစည်းမှာ ရှိတဲ့ ဟင်္သာပြဒါးဂြိုဟ်ရဲ့ အလောင်းကောင်ကလန်က အကြီးအကဲခေါင်းဆောင် ဖြစ်ခဲ့တယ် ဆိုတော့ တစ်ချို့ကိစ္စရပ်တော်တော်များများကို သိနေလိမ့်မယ်။ အလောင်းကောင်ကလန်က ဘယ်လို အဖွဲ့အစည်းမျိုးလဲ…”

စွန်ထိုင်က သက်ပြင်းချကာ ခါးသီးစွာ ပြောလိုက်သည်။ “ငါက ဟင်္သာပြဒါးဂြိုဟ်က အလောင်းကောင်ကလန်ရဲ့ အကြီးအကဲခေါင်းဆောင် ဖြစ်ခဲ့ပေမဲ့လည်း ငါ မသိတာတွေ အများကြီး ရှိနေသေးတယ်။ ငါက အလောင်းကောင်ကလန်က မဟာမိတ်ကြယ်အဖွဲ့အစည်းကြီးရဲ့ အကြီးမားဆုံးကလန်နှစ်ခုထဲက တစ်ခုဖြစ်တယ်ဆိုတာပဲ သိတယ်…”

“ငါပြောတဲ့ကလန်တွေက အစစ်အမှန်ကလန်တွေ ဖြစ်ပြီး ဂြိုဟ်တစ်ခုတည်းပေါ်မှာသာ တည်ရှိတဲ့ ကလန်တွေ မဟုတ်ဘူး။ ဒီကလန်တွေက မဟာမိတ်ကြယ်အဖွဲ့အစည်းအနှံ့မှာ တည်ရှိတာ။ သူတို့ထဲမှာ အားကောင်းတဲ့ကျင့်ကြံသူတွေ မြောက်များစွာ ရှိကြတယ်။ သူတို့ရဲ့ခွန်အားက ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းရဲ့ အတွင်းပိုင်းထိတောင် ဆန့်ရောက်ကြတယ်…”

“ပြောကြတာကတော့ အလောင်းကောင်ကလန်ရဲ့ ဘိုးဘေးက မဟာမိတ်အဖွဲ့အစည်းမှာ အဆင့်အတန်းမြင့်မားတဲ့ လူတစ်ယောက်လို့ ဆိုကြတယ်။ဒါ့ကြောင့်ပဲ အလောင်းကောင်ကလန်က အချိန်အကြာကြီးကတည်းက တည်ရှိနေခဲ့တာ ဖြစ်တယ်…”

“အလောင်းကောင်ကလန် ဖက်ပြိုင်နိုင်တဲ့ နောက်ထပ် ကလန်ကြီးတစ်ခုကတော့ နတ်လေးပါးကလန်ပဲ။ တိတိကျကျဆိုရရင် ဟင်္သာပြဒါးဂြိုဟ်က ဒီနတ်လေးပါးကလန်ရဲ့ မထင်မရှား ဂိုဏ်းလက်တက် တစ်ခုလို့ ယူဆလို့ရတယ်။ ဟင်္သာပြဒါးဂြိဟ်ရဲ့ ပထမဆုံးမျိုးဆက် ဟင်္သာပြဒါးက နတ်လေးပါးကလန်က လာခဲ့တာလို့ ဆိုကြတယ်…”

“နတ်လေးပါးဂြိုဟ်က နတ်လေးပါးကလန်ရဲ့ ဂိုဏ်းခွဲတစ်ခုလည်း ဖြစ်တယ်။ မင်းကသာ ဒါကို တွေးမိမယ်ဆိုရင် မင်းကိုလည်း နတ်လေးပါးကလန်ရဲ့ ပြင်ပတပည့်တစ်ယောက်လို့တောင် ယူဆိုလို့ ရနိုင်လိမ့်မယ်…”

ဝမ်လင်း မျက်လုံးက အလေးအနက် ဖြစ်လို့လာ၏။ တကယ်တော့ သူက ကျင့်ကြံသူတစ်ယောက်အဖြစ် ရှိခဲ့သည့် အချိန်က နှိုင်းရသဘောဖြင့်ဆိုလျှင် တိုတောင်းလွန်းလှသေးသည်။ထို့ကြောင့် သူမသိသော လျှို့ဝှက်ချက်များစွာ ရှိလို့နေ၏။ ခု သူက သည်အကြောင်းကို ကြားလိုက်သည့်အခါ သူက မဟာမိတ်ကြယ်အဖွဲ့အစည်းအပေါ် နားလည်သဘောပေါက်မှုအသစ်တစ်ခု ရရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

အနည်းငယ် စဉ်းစားပြီးသည့်နောက် ဝမ်လင်းက စွန်ထိုင်ကို ကြည့်ကာ မေးလိုက်ပြန်သည်။ “ရွင်မိသားမှာ သင့်ရဲ့ အဆင့်အတန်းက ဘာလဲ…”

“ငါက ရွင်မိသားစုရဲ့ ဧည့်သည်မျှသာပါပဲ။ ငါက တစ်ခုတည်းရတနာခန်းမှမှာ တစ်ချိန်လုံး နေနေခဲ့တယ်။ ရွင်မိသားစုရဲ့ ဘိုးဘေးက ငါ့ကို ခေါ်ယူခဲ့တာက ငါဟာ ဆေးဝါးပညာနဲ့ ရတနာသန့်စင်ခြင်းမှာ ကျွမ်းကျင်မှုအချို့ ရှိနေလို့ပဲ…”

စွန်ထိုင်မျက်လုံးထဲ၌ စိတ်ဓာတ်ကျမှုတို့နှင့် ပြည့်လို့နေသည်။ သူက တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်သည်။ “မင်း…မင်းက ဒီအဆင့်ရှစ်ဆေးလုံးကို မယူဆောင်သင့်ဘူး။ ဒါက ရွင်မိသားစုဘိုးဘေးရဲ့ ထောင်ချောက်တစ်ခုပဲ။ လွန်ခဲ့တဲ့ လေးနှစ်တုန်းက…”

စွန်ထိုင်က ဆေးလုံးနှင့်ပတ်သတ်သည့် လွန်ခဲ့သော လေးနှစ်က အဖြစ်အပျက်များကို ပြန်ရှင်းပြလိုက်သည်။ သည်ပြောပြသည့်အကြောင်းက စွန်ရှီ ဝမ်လင်းကို ပြောပြသည့် အကြောင်းနှင့် အကြမ်းဖျဉ်း တူညီနေပေသည်။

သည်အခိုက်အတန့်၌ အပြင်ဘက်ရှိ ကောင်းကင်က မှောင်စပြုလာခဲ့သည်။နေဝင်သွားခဲ့ပြီ ဖြစ်၏။ အပြင်ဘက်မှ နေဝင်ချိန်အလင်းက စွန်ထိုင်ပေါ်သို့ ကျရောက်ာလသည့်အခါ သူ့အား ပို၍ အိုစာသွားသလို ဖြစ်နေစေ၏။

စွန်ထိုင်၏ ခန္ဓာကိုယ်ပတ်လည်တွင် သေဆုံးခြင်းအငွေ့အသက်တို့ပင် ပေါ်လို့နေခဲ့ပြီ ဖြစ်သည်။ ယင်းအော်ရာက ဖျော့တော့သော်လည်း ဝမ်လင်း၏နယ်ပယ်မှာ သေခြင်းရှင်ခြင်းနယ်ပယ်ဖြစ်ခြင်းကြောင့် သူက သည်အရာကို ဖြတ်မြင်နိုင်စွမ်း ရှိခဲ့ပေ၏။

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ တည်ငြိမ်စွာ ပြောလိုက်၏။ “သင့်မှာ နေရဖို့ အချိန်သိပ်မကျန်တော့ဘူး…”

စွန်ထိုင်က ခါးသက်စွာ ခေါင်းညိမ့်သည်။ “မှန်တယ်…ငါ့မှာ အချိန်သိပ်မကျန်တော့ဘူး။ ငါက နောက်နှစ်ဆယ်လောက်ပဲ နေရတော့မယ်လို့ ခံစားမိနေတယ်…”

“သင် ပြန်နိုင်ပြီ။ ငါက နှစ်နှစ်ဆယ်အတွင်း ရွင်ယွမ်ဂြိုဟ်ပေါ်မှာပဲ ရှိနေမယ်ဆိုရင် ငါကိုယ်တိုင် သင့်ကို လာနှုတ်ဆက်ပါ့မယ်…”

ဝမ်လင်းက မျက်လုံးမှိတ်ထားလိုက်တော့၏။

စွန်ထိုင်က အချိန်အတန်ကြာ စဉ်းစားပြီးနောက် မတ်တပ်ထရပ်လာ၏။သူက ပြတင်းပေါက်ကို ကြည့်ကာ တိုးညင်းစွာ ဆိုလာခဲ့သည်။ “မင်း…မင်း ငါ့ကို တစ်ခု ကတိပေးနိုင်မလား…”

ဝမ်လင်းက မျက်လုံးမဖွင့်ဘဲ တည်ငြိမ်စွာ ဆိုလိုက်၏။ “ပြောပါ…”

“မင်းက နှစ်နှစ်ဆယ်အတွင်း ငါ့ရှိကို လာနှုတ်ဆက်မယ်ဆိုရင် ကျေးဇူးပြုပြီး ငါ့အရိုးပြာကို မဟာမိတ်ကြယ်အဖွဲ့အစည်းရဲ့ လနက်ဂြိုဟ်ကို ယူသွားပေးပါ။ အဲ့နေရာမှာ ကောင်းကင်ထိ ထိုးတက်နေတဲ့ တောင်တစ်ခု ရှိတယ်။ အဲ့တောင်ရဲ့ အောက်ခြေမှာ ရွာလေးတစ်ရွာ ရှိတာ ငါမှတ်မိနေသေးတယ်။ ကျေးဇူးပြုပြီး ငါ့ပြာကို အဲ့နေရာထိ ယူသွားပေးပါ…”

ဝမ်လင်းက သက်ပြင်းချမိ၏။သည့်နောက် သူက မျက်လုံးဖွင့်လာကာ စွန်ထိုင်ကို ခေါင်းညိတ်ပြလိုက်သည်။

စွန်ထိုင်က ကျေးဇူးတင်သည့်ဟန်ဖြင့် ပြုံးပြလိုက်၏။သည်အခိုက်အတန့်၌ သူက သူ့သေဆုံးပြီးနောက် သူ့အရိုးပြာကို သူ့ဇာတိရင်းမြစ်သို့ ပြန်ရောက်စေလိုသော သာမန် သေမျိုးအဘိုးအိုတစ်ယောက်နှင့်ပင် တူလို့နေ၏။

သူက သိုလှောင်အိတ်ကို ထုတ်ကာ ဖြည်းဖြည်းချင်း ချ၍ ပြောလာ၏။ “ဒီထဲမှာ ကောင်းကင်ဘုံကျောက်စိမ်းပြား အချို့ရှိတယ်။ငါက ဒါကို ငါ့ကျင့်ကြံမှုအဆင့် ပြန်ကောင်းလာတဲ့ အချိန်အတွက် စုဆောင်းထားခဲ့တာ။ဒါပေမဲ့ ငါ မင်းကို တွေ့ပြီးတဲ့နောက် ငါက ဒါတွေကို ထပ်မလိုတော့ဘူးလို့ ခံစားမိလိုက်တယ်။ ဒီသိုလှောင်အိတ်ထဲမှာ ငါ့ ဆေးဝါးပညာနဲ့ ရတနာသန့်စင်ခြင်းအတွေ့အကြုံ မှတ်တမ်းမှတ်ရာတွေလည်း ပါဝင်တယ်။ ဒီအဘိုးအိုရဲ့ အိမ်ပြန်ခရီးကို ပို့ဆောင်ပေးမယ်လို့ ကတိဆိုတဲ့အတွက် ငါ့ကျေးဇူးတင်မှုကို လက်ခံတဲ့အနေနဲ့ ဒါတွေကို ယူလိုက်ပါ…”

စွန်ထိုင်က နေဝင်ချိန်ကို ကြည့်ရင်း လမ်းလျှောက်၍ ထွက်ခွာသွားတော့သည်။ သည့်နောက် သူက ပို၍ပို၍ ဝေးဝေးသွားချေ၏။

ဝမ်လင်းက ထွက်ခွာသွားသော စွန်ထိုင်၏ ပုံရိပ်ကို ကြည့်နေရင်း တစ်ခါတုန်းက ကျောက်ရီနှင့် တိုက်ခိုက်ကာ အမျိုးသမီးအလောင်းကို လုယူခဲ့သည့် စွမ်းအားကောင်းသည့် အလောင်းကောင်ကလန်ခေါင်းဆောင်တစ်ယောက်ကို သည်ပုံရိပ်နှင့် ယှဉ်ထိုးကြည့်နေမိတော့သည်။

စွန်ထိုင်က ထွက်ခွာသွားသည့်တိုင် သူ့ အတိတ်တုန်းက လက်လွှတ်လိုက်ရသည့် ကလေးက မည်သို့မည်ပုံ ဖြစ်ပျက်ခဲ့သည်ကိုလည်း မမေးမြန်းခဲ့တော့ချေ။ ဖြစ်နိုင်သည်က သူက အရာအားလုံးကို လက်လျှော့ကာ ကျန်သည် နှစ်နှစ်ဆယ်အတွင်း ငြိမ်သက်တိတ်ဆိတ်စွာ အသက်ရှင်သန်လိုခြင်း ဖြစ်ပုံရပေသည်။

(ဘာသာပြန်သူ မှတ်ချက်… စွန်ထိုင်၏ ကလေးငယ်ဆိုသည်မှာ အတိတ်တုန်းက စစ်ထူနန် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထဲမှ နိုးထလာချင်းချင်း ခန္ဓာကိုယ်သိမ်းပိုက်ခဲ့သော လူငယ်လေးပင် ဖြစ်သည်။)

စွန်ထိုင်က ဝမ်လင်းကြောင့် သည်လိုကံကြမ္မာနှင့် အဆုံးသပ်ခဲ့ရသလို ဝမ်လင်းကြောင့်ပဲ နှစ်ရာချီ သူ့စိတ်ဝိညာဉ်ထဲရှိ နာကျင်ခံစားနေရမှုကိုလည်း သက်သာရာ ရသွားခဲ့ခြင်း ဖြစ်နေသည်။ ကံကြမ္မာသာ ရှိမည်ဆိုလျှင် သည်အဖြစ်အပျက်က ကံကြမ္မာပင် ဖြစ်ချေ၏။

သူ့တစ်ခုတည်းသော တောင်းဆိုမှုက သူ့မွေးရပ်ဇာတိ ဖြစ်သည့် မိုးထိတောင်တစ်ခု၏ အောက်ခြေရှိ တောင်ခြေရွာလေးသို့ သူ့အရိုးပြာကို ဝမ်လင်းအား ပြန်ပို့ခိုင်းခဲ့ခြင်းသာ…။

နေ ဝင်သွားခဲ့ချေပြီ။ ဝမ်လင်းက မျက်လုံး မှိတ်လိုက်၏။ သေခြင်းရှင်ခြင်း၊ ကံကြမ္မာ၏ အကြောင်းကြောင့် အကျိုး တို့ကို အတွေးတစ်ချက်ဖြင့်ပင် ပိုင်းခြားနိုင်၏။ ယင်နှင့်ယန်၊ အမှန်နှင့်အမှားကဲ့သို့ပင်။

သည်အရာကသာ ကမ္ဘာလောကကြီး၏ နည်းလမ်းဥပဒေသလော။

“ကံကြမ္မာက သေခြင်းရှင်ခြင်းပြီးတဲ့နောက် လျှောက်လှမ်းရမယ့် လမ်းကြောင်းတစ်ခုပဲ။ ကံကြမ္မာက သေခြင်းရှင်ခြင်းရဲ့ ပင်မရင်းမြစ်လို့တောင် ဆိုနိုင်တယ်။ ဒါ့ကြောင့်ပဲ ရှင်သန်ခြင်းဖြစ်စေတဲ့ ကံကြမ္မာ အကြောင်းရင်းက အသက်ဓာတ်ဆိုတဲ့ ကံကြမ္မာ အကျိုးဆက်ကို ဖြစ်စေတာပဲ…”

ဝမ်လင်းက ဉာဏ်အလင်း အရိပ်အမြွက်ကို ခံစားမိ၏။သို့သော် အရာအားလုံးက စိမ်းနေသလိုလည်း သူက ခံစားနေရဆဲသာ။ သူက သည်ဉာဏ်အလင်းကို တွေ့မြင်မိသော်လည်း မထိတွေ့၊မဖမ်းဆုပ် နိုင်သေးသကဲ့သို့ ဖြစ်လေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset