ဒုတိယမြောက်ထပ်၌ အနီရောင်ဝတ်စုံနှင့်လူကြီး၏ လက်ထဲတွင် ကျောက်စိမ်းသေတ္တာတစ်ခုကို ကိုင်ဆောင်ထားသည်။ သူက ၎င်းကို ဖွင့်လိုက်ရာ ကလေးလက်သီးစုပ် အရွယ်ခန့် ဆေးလုံးတစ်လုံး ထွက်ပေါ်လာခဲ့သည်။
ယင်းဆေးလုံးက မည်သည့် ဆေးရနံ့ကိုမှ ပေးစွမ်းနေခြင်းမရှိဘဲ သာမန်အတိုင်းသာ ဖြစ်သည်။
ဆွေးနွေးသံများက လေလံခန်းမ ထဲ၌ ပွက်လောရိုက်ကုန်ကြ၏။ သည်နေရာရှိ ကျင့်ကြံသူတိုင်းက အမြင်ကောင်း ရှိကြသူများသာ ဖြစ်သည်။အဆင့်ရှစ်ဆေးလုံးက သူတို့အတွက် ရှားပါးလှသည့် ရတနာတစ်ခု မဟုတ်လား။ သို့ရာတွင် လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်က လုံလောက်မှု မရှိပါကာ သည်ဆေးလုံးက အဆိပ်နှင့် တူနေပေ၏။
၎င်းဆေးလုံးကို သုံးစွဲနိုင်စွမ်း မရှိဘဲ ထိန်းသိမ်းလျှင် သူတို့အတွက် ကျိန်စာတစ်ခုလို ဖြစ်လာနိုင်ပေ၏။ သည်ဆေးလုံးကို ကာကွယ်နိုင်စွမ်း မရှိသော မည်သည့်ကျင့်ကြံသူမဆို သည်မြို့က ထွက်ခွာသွားသည်နှင့် ဘေးကပ်ဆိုးနှင့် ရင်ဆိုင်သွားရနိုင်၏။
သည့်အတွက်ကြောင့် ခန်းမထဲ၌ ဆွေးနွေးသံများနှင် ပြည့်နှက်နေသော်လည်း အဆုံးသပ်၌ မည်သူကမျှ လေလံဝင်ဆွဲကြခြင်း မရှိကြပေ။
အချို့ ငယ်ရွယ်သော ကျင့်ကြံသူများက လေလံဝင်ဆွဲချင် ကြသော်လည်း သူတို့အနားရှိ အကြီးအကဲများက တားလိုက်ကြသည်။သူတို့မျက်လုံးထဲ၌ ထိုအရာဝတ္ထုက ဆေးလုံး မဟုတ်ဘဲ လူ့ဦးခေါင်းလို ဖြစ်နေ၏။သည်ဆေးလုံးကို ဝယ်လိုက်သည့်လူက သူ၏ ဦးခေါင်းကို ဆုံးရှုံးရမည့် ဆိုသည့် အဓိပ္ပာယ်ပင်။
သည့်အပြင် သည်ဆေးလုံး လေလံကိစ္စက လွန်စွာ ထူးဆန်းလှ၏။ ရွင်မိသားစုက သည်ဆေးလုံးကို သည်လိုပုံစံမျိုးဖြင့် ရောင်းနိုင်ပါ့မလား။ ရွင်မိသားစု ဘိုးဘေးက သည်ဆေးလုံးကို တကယ်မလိုအပ်တာလား။
အချိန်က တစ်ဖြည်းဖြည်းချင်း ကုန်ဆုံးလို့လာသည်။မည်သူကမျှ လေလံဝင်ဆွဲကြခြင်း မရှိသေးပေ။ အနီရောင်ဝတ်စုံနှင်လူက အံ့အားသင့်ခြင်း၊ စိတ်မရှည် ခြင်းတို့ ဖြစ်မလာခဲ့ချေ။ ရွင်မိသားစုက သည်လေလံပွဲတွင် ပါဝင်ရန်အတွက် လူများကို တုန်ကင်များ ပို့ပေးခဲ့ပေသည်။ထိုလူများထဲမှ မည်သူကမျှ သည်ဆေးလုံးအတွက် လေလံဝင်ဆွဲဝံ့သည့် ယုံကြည်ချက် မရှိပေ။
လေလံစင်ပေါ်ရှိလူ၏ အကြည့်က လေးထပ်မြောက်သို့ ရောက်သွားကာ သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ “လေလံဆွဲ ချင်တဲ့လူ မရှိဘူးလား။ ဘယ်သူမှ မရှိဘူးဆိုရင်တော့ အဆင့်ရှစ်ဆေးလုံးကို ငါတို့ တစ်ခုတည်းရတနာခန်းမမှာ သိုလှောင်အထားရလိမ့်မယ်…”
ဝမ်လင်းအကြည့်က ဆေးလုံးပေါ်သို့ ရောက်ရှိနေ၏။ သူ့မျက်လုံးထဲ၌ အေးစက်သည့်အရိပ်အယောင် ဖျပ်ခနဲ ဖြစ်ပေါ်လာကာ သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်ပြား…”
“သင် ငါ့ကို ရောင်းချင်နေမှတော့ ငါက ဒါကို ဝယ်ရတော့မှာပေါ့…”
သူ့အသံက တည်ငြိမ်လှသော်လည်း ဒုတိယထပ်ရှိ လူတိုင်းက ရှင်းလင်းစွာ ကြားလိုက်ရသည်။ချက်ခြင်းပင် ဆွေးနွေးငြင်းခုန်သံများ ပေါက်ကွဲထွက်လာခဲ့သည်။
“ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်ပြား…။ ဒါက ဘယ်သူလဲ…။ဒီလူ ရူးများ ရူးနေလား…”
“လေလံတန်ဖိုးက ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်သောင်းနဲ့ စတာ။ ဒါကို ဒီလူက တစ်ပြားပဲ တကယ်ပေးလိုက်တယ်။ ဒါက အဆင်အခြင်မဲ့တာပဲ။ တစ်ခုတည်းရတနာခန်းမအတွက် ဒီလိုပုံစံမျိုး တစ်ခါမှ ဖြစ်ပျက်ခဲ့တာ မရှိခဲ့ဘူးဖူး။
“တစ်ခုတည်းရတနာခန်းမ နောက်မှာ ရွင်မိသားစု ရှိနေတယ်လေ။ ဒီလိုမျိုး အပြုအမူမျိုးက ဘေးဒုက္ခကို လာစွဲဆောင်နေတာပဲ။ ဒါက ရတနာခန်းမကို အရှက်ခွဲဖို့ ကြိုးစားနေတယ်ဆိုတာ သိသာနေတာပဲ…”
“ဒီအသံက လေးထပ်မြောက်က ဖြစ်လိမ့်မယ်။ လေးထပ်မြောက်က လူတစ်ယောက်ယောက်ဆိုတော့ ရိုးရှင်းမှာ မဟုတ်ဘူး။ဒါပေမဲ့ ဒီဟာက ရွင်မိသားစုကို စော်ကားလိုက်တာလေ…”
အနီရောင်ဝတ်စုံနှင့်လူက မှင်သက်သွား၏။ သူက ခေါင်းမော့ကာ လေးထပ်မြောက်သို့ ကြည့်လိုက်သည်။ သူက သည်မြို့မှ လူတစ်ယောက်မဟုတ်သော်လည်း ပင်မရွင်မိသားစုက ဖြစ်နေ၏။ သူ့ရည်ရွက်ချက်ကိုက သည်ဆေးလုံးကို သတ်မှတ်ထားသောလူထံသို့သာ ရောင်းရန် ဖြစ်နေခဲ့သည်။
သူက စိတ်ထဲ၌ မချင့်ပြုံးပြုံးကာ ထိုလူပေါ်လာပြီး လေလံဆွဲမည့်အချိန့်ကို စောင့်နေခြင်းပင်။ သို့ရာတွင် ကမ်းလှမ်းလာသည့် တန်ဖိုးကတော့ မသင့်တော်လှချေ။ သည်တန်ဖိုးနှုန်းကိုသာ လက်ခံလိုက်ပါက မရေမတွက်နိုင်သောလူများက သည်ရောင်းဝယ်မှု၏ နောက်ကွယ်၌ ကြီးမားသည့်လျှို့ဝှက်ချက်တစ်ခု ရှိနေကြောင်းကို ရိပ်စားမိသွားကြမည် ဖြစ်လေ၏။
ရွင်မိသားစု၏ ဂုဏ်သိက္ခာလည်း ထိခိုက်ခံရမည် ဖြစ်ကာ ပို၍ အရေးကြီးသည်က သည်လူ့ကိုသာ ဒီတန်ဖိုးနှုန်းနှင့် ဒီဆေးကို ရောင်းလိုက်ပါက လူတိုင်းက ရွင်မိသားစုက ကြောက်သွေးပါသည်ဟု ပြောဆိုကြပေတော့မည်။
မည်သူကမျှ အဆင့်ရှစ်ဆေးလုံးကို ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်ပြားထဲနှင့် ရောင်းလိမ့်မည်ဟု ယုံကြည်ချခြင်း ရှိလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် သည်အရာကသာ တကယ်ဖြစ်လာခဲ့လျှင်လည်း မခန့်မှန်းနိုင်သော ပြဿနာများ ဆက်တိုက် ဖြစ်လာနိုင်ပေသည်။
သို့ရာတွင် သူက သည်ဆေးလုံးကို ရောင်းကိုရောင်းရမည် ဖြစ်နေ၏။ဘိုးဘေးက သူ့ကို သည်ဆေးလုံးအား သည်လေလံပွဲ၌ ရောင်းကိုရောင်းရမည်ဟု အမိန့်ပေးထားခဲ့ပြီး ဖြစ်သည် မဟုတ်လား။
လေးလွှာမြောက် အခန်းထဲ၌ စွန်ရှီက မှင်သက်သွား၏။ သူ့မျက်လုံးထဲ၌ ထူးဆန်းသောအသွင်နှင့် ပြည့်နှက်သွား၏။သည့်နောက် သူက သောက်လက်စရေနွေးခွက်ကို ပြန်ချကာ သက်ပြင်းချ၍ ဆိုသည်။ “အကိုရှု…ငါ သင့်ကို လေးစားပြီလေ…ငါသင့်ကို လေးစားပြီလေ…”
စွန်ချီမင်ကလည်း လေးနက်သည့်အသွင် ဖြစ်ပေါ်သွားကာ သည်ခဏ၌ ပြောစရာစကားမဲ့သွား၏။
သူတို့သာမက လျိုလို့ခေါ်လသည့်လူငယ်၏ မျက်လုံးကလည်း ပြူးကျယ်သွားကာ တုန်လှုပ်သည့်ဟန် ဖြစ်ပေါ်နေ၏။ သည်အသံက သူနှင့် တော်တော်လေး ရင်းနှီးနေပေသည်။ သည်လူငယ်က လွန်ခဲ့သော ခုနစ်ရက် သူ ရတနာခန်းမအပြင်ဘက်၌ အထဲသို့ မဝင်ရန် တားဆီးခဲ့သော လူငယ် ဖြစ်လို့နေသည် မဟုတ်လား။
သူက ဝမ်လင်း၏ ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်ပြားဆိုသည့် အသံကို ကြားလိုက်သည့်အခါ လျိုလို့ခေါ်သည့်လူငယ်က သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်၏။ “ဒီလူကတော့ တကယ် ရူးသွားပြီ…”
သည်အခိုက်အတန့်၌ တတိယထပ်၏ အခန်းတစ်ခု၌ အဘိုးအို တစ်ယောက်၏ စိတ်က သည်အသံကို ကြားလိုက်သည့်အခါ ပြင်းထန်စွာ တုန်လှုပ်မိသွားသည်ကို မည်သူကမျှ သတိမပြုမိလိုက်ကြချေ။
သူက ရုတ်တရက် ခေါင်းမော့ကာ လေးထပ်မြောက်သို့ ကြည့်လိုက်သည်။
“ဒီ…ဒီအသံက သူ့အသံ မဟုတ်ဘူး။ဒါပေမဲ့လည်း ဘာလို့ ငါ့စိတ်က တုန်လှုပ်သွားရတာလဲ။ ဒီအဘိုးအိုရဲ့ ဘဝမှာ စန်နူး(ဝမ်လင်း)တစ်ယောက်ကသာ ငါ့စိတ်ဝိညာဉ်မှာ အမှတ်အသား ထားခဲ့တာ ဖြစ်တယ်…”
အဘိုးအိုက အချိန်အတန်ကြာ တိတ်ဆိတ်လို့သွား၏။
“ငါ့အမှတ်အသားကလည်း တန်လင်းဂြိုဟ်ပေါ်မှာ ပျက်စီးသွားခဲ့ပြီပဲ။ ဒါဆို ဘာကြောင့် ခုထိ ဒါက ရှိနေသေးတာလဲ…”
နှစ်ထပ်မြောက်ရှိ အနီရောင်ဝတ်စုံနှင့်လူက ခဏတာ တုံ့ဆိုင်းသွားပြီးနောက် အံတင်းတင်း ကြိတ်ကာ ဆိုလိုက်သည်။ လူတစ်ယောက်ကပဲ လေလံဝင်ဆွဲတဲ့အတွက် ငါက ဒီဆေးလုံးကို ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်ပြားနဲ့ ရောင်းလိုက်ပြီ…”
ဝမ်လင်းက နှာခေါင်းရှုံ့ကာ သူ့ညာလက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ သည်ဆေးလုံးက ထိုလူ၏လက်ထဲကနေ ဝမ်လင်းထံသို့ ပျံသန်းရောက်ရှိလာသည်။ သည့်နောက် သူက ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်ပြာကို သူ့ထံသို့ ပစ်ပေးလိုက်သည်။သည့်နောက် စွန်ရှီကို လက်နှစ်ဖက်ယှက် နှုတ်ဆက်၍ ထွက်ခွာလို့သွားတော့သည်။
ဝမ်လင်းက သူ့နောက်ဘက်မှ ဆူညံငြင်းခုံသံများကို လစ်လျူရှုထားခဲ့ပေသည်။ ခြေတစ်လှမ်းဖြင့်ပင် သူက ရတနာခန်းမ အပြင်ဘက်သို့ တည်နေရာရွှေ့ပြောင်းလို့သွားသည်။
“ဆေးတစ်လုံးက ငါ့ကို ပါဝင်ပတ်သတ်စေဖို့ မလုံလောက်သေးဘူး…”
ဝမ်လင်းက ခန်းမထဲကနေ လှမ်းလျှောက်ထွက်လာခဲ့သည်။
တတိယထပ်ရှိ အဘိုးအိုကလည်း အံတင်းတင်းကြိတ်ကာ ပျောက်ကွယ်လို့သွားသည်။
ဝမ်လင်းက လူရှင်းသည့်နေရာတစ်ခုသို့ ရောက်လာသည့်နောက် သူက နောက်သို့ လှည့်ကြည့်လိုက်သည်။ ရတနာခန်းမမှ အဘိုးအိုက သူ့နောက်တွင် ပေါ်လာခဲ့သည်။ သူက ဝမ်လင်းကို သေသေချာချာကြည့်ကာ သံသယရှိဟန် ဖြစ်လို့နေသည်။
ဝမ်လင်းအကြည့်ကို သတိပြုမိလိုက်ပြီးနောက် ထိုအဘိုးအိုက သက်ပြင်းချ၍ ဆိုလာသည်။ “ရောင်းရင်းကျင့်ကြံသူ…ဒီအဘိုးအိုက သင့်ကို လူတစ်ယောက်နဲ့ မှားသွားလို့ပါ။ သင်က ငါ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်…”
သူက လှည့်၍ အကွာအဝေးတစ်ခုသို့ လမ်းလျှောက်လို့သွားသည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးသည့်နောက် သူက ဖြည်းဖြည်ချင်း ပြောလိုက်သည်။ “စွန်ထိုင်…”
သည်စကားနှစ်ခွန်းက အဘိုးအို၏ နားထဲသို့ ဝင်လာသည့်အခိုက်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်လို့သွားသည်။ သူက ခေါင်းကို ဆက်ခနဲ ပြန်လှည့်ကာ ဝမ်လင်းကို တုန်လှုပ်အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်သည်။ “မင်း…မင်းပဲ…”
ဝမ်လင်းက စွန်ထိုင်ကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်၏။သည့်နောက် သူက မျက်မှောင်ကြုတ်သွားကာ ပြောလိုက်သည်။ “ဘီလူးနတ်ဆိုးကလန်ရဲ့ ဘိုးဘေး သွေးမျိုးဆက်စွမ်းအးက သင့်ကို အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထိ ရောက်အောင် ပို့လိုက်တာ ဘယ်လို ဖြစ်နိုင်မှာလဲ…”
စွန်ထိုင်က ခါးသီးစွာ ပြောလိုက်သည်။ “ငါလည်း ဒီကိစ္စနဲ့ ပတ်သတ်လို့ နှစ်ရာချီပြီး ပဟေဋိ ဖြစ်နေခဲ့ရတာ။ ငါ နားလည်သလောက် သွေးမျိုးဆက်စွမ်းအားက ခုလိုမျိုး သန်မာမနေသင့်ဘူး…”
ဝမ်လင်းက မေးလိုက်၏။ “သင့်ကိုယ်ပေါ်က အမှတ်အသားက အရမ်းအားနည်းနေပြီ။ ဘာကြောင့်လဲ…”
စွန်ထိုင်က အနည်းငယ် စဉ်းစားပြီးနောက် ပြောလာသည်။ “မင်း တန်လင်းဂြိုဟ်အကြောင်းကို သိလား…”
ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။ သူက စွန်ထိုင်ကို စကားဆက်ပြောခွင့် မပြုတော့ပေ။သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ သူတို့နှစ်ယောက်လုံး ပျောက်ကွယ်လို့သွားသည်။ သည့်နောက် သူတို့က မြို့မြောက်ပိုင်းရှိ အိမ်နေရာတွင် ပြန်ပေါ်လာခဲ့သည်။ ဝမ်လင်းက စိတ်ထိုင်ကို အိမ်ထဲသို့ ခေါ်သွားလိုက်၏။
ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက်ပြီးနောက် ဝမ်လင်းက စွန်ထိုင်ကို ကြည့်ကာ ပြောလိုက်သည်။ “သင် ခု ပြောပြနိုင်ပြီ…”
(ဘာသာပြန်သူမှတ်ချက်… စွန်ထိုင်ဆိုသည်မှာ အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ အလောင်းကောင်ကလန်၏ ခေါင်းဆောင်ဖြစ်သည်။ကျောက်ရီက ထိုသူ့ကို ဝမ်လင်းအတွက် ကျွန်အမှတ်အသားလုပ်ပေးခဲ့ဖူးသည်။ သူက ဟင်္သာပြဒါးဂြိုဟ်ပေါ်မှ ဘီလူးနတ်ဆိုးကလန်ဘိုးဘေး၏ သွေးမျိုးဆက်စွမ်းအားကြောင့် တည်နေရာရွှေ့ပြောင်းခံလိုက်ရခြင်း ဖြစ်သည်။)
***