Switch Mode

အပိုင်း(၇၁၈)

လွန်ခဲ့သောလေးနှစ်က အကြောင်းရင်း

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါ မင်းကို အရင် သတိပေးထားပြီးပြီး…”

သူ့စိတ်ထဲ၌ စွန်ရှီက သူနှင့် ကျင့်ကြံမှုအဆင့်တူသော်လည်း အဆင့်တူ တစ်ယောက်ဟု မသတ်မှတ်ထားပေ။ တကယ်တော့တော့ ဝမ်လင်းက သည်ရွင်ယွမ်ဂြိုဟ်ပေါ်ရှိ မည်သည့်ကျင့်ကြံသူကိုမဆို သူ့အတွက် အန္တရာယ်ပေးနိုင်သည်ဟု ယူဆမထားပေ။သည့်အပြင် သူက စွန်ရှီကို သတိပေးထားသည်က သူ့ကို မျက်နှာသာ ပေးထားခဲ့ပြီး ဖြစ်သည်ဟု ဆိုလိုနေပေသည်။သည့်အတွက်ကြောင့် သူက စွန်ရှီကို အပြစ်ပေးရန် လိုပေသည်။မဟုတ်လျှင် အနာဂတ်မှာ ပြဿနာ ပိုတက်လာနိုင်ပေ၏။

သည့်အတွက်ကြောင့် ဝမ်လင်းလေသံက ယဉ်ကျေးနေခြင်း မရှိပေ။

ဝမ်လင်းက နှစ်တစ်ထောင်နီးပါးလောက် ကျင့်ကြံလာကာ သူ့ဘဝတွင် အရာများစွာကို တွေ့မြင်ခဲ့ဖူးပြီ ဖြစ်သည်။ အများစုက အလျော့ပေးလျှင် ရောင့်တက်ကာ သူ့အား အားနည်းသလို ပြုမူတက်ကြ၏။သို့ရာတွင် သူက ခပ်တင်းတင်း ဆက်ဆံလျှင်တော့ သူတို့က သူ့ကို သန်မာသည့်လူတစ်ယောက်ကဲ့သို့ ဆက်ဆံတက်ကြပေသည်။

ဝမ်လင်းက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးဖြစ်ကာ ထို့အတွက်သူက အရာများစွာကို နားလည်လာခဲ့ပြီး ဖြစ်သည်။

စွန်ရှီက စဉ်းစားနေ၏။ အချိန်အတန်ကြာပြီးနောက် သူက မချင့်ပြုံးပြုံးကာ ပြောလာသည်။ “ဒါက ငါ အဆင်အခြင်မဲ့သွားလို့ပါ။ ဒါပေမဲ့ ငါ့မှာ အရေးတကြီး မေးစရာ တစ်ခု ရှိနေခဲ့လို ခုလိုမျိုး နည်းနည်းအလောတကြီး ဖြစ်သွားတာပါ…”

ဝမ်လင်းက ပြန်မပြောဘဲ ရှေ့သို့သာ ဆက်၍ လျှောက်နေ၏။

စွန်ရှီက အံ့တင်းတင်းကြိတ်ကာ ပြောလိုက်ပြန်သည်။ “အကိုရှု…သင်သာ ငါ့ကို ဒီတစ်ကြိမ် ကူညီပေးမယ်ဆိုရင် ငါက စွန်မိသားစုတစ်ခုလုံးကို အသုံးပြုပြီး သင့်ကျင့်ကြံမှုအတွက် ထောက်ပံ့ပေးပါ့မယ်…”

ဝမ်လင်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ “မင်း မိသားစုက အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်ကို ထောက်ပံ့ပေးနိုင်စွမ်း မရှိဘူး…”

စွန်ရှီ မျက်လုံးက အလေးအနက်ဖြစ်လာကာ သူက ပြောလိုက်သည်။ “အကိုရှု…ငါ့စွန်မိသားစုက အာဏာတက်ခြင်းကျင့်ကြံသူနှစ်ယောက်ကို ထောက်ပံ့နိုင်ခြင်း မရှိတာ မှန်ပါတယ်။ ဒါပေမဲ့လည်း သင်သာ ငါ့ကို ကူညီမယ်ဆိုရင် ငါက သင့်ကို ရာစုနှစ်တစ်ခုအတွင်း မိုးကြိုးကောင်းကင်ဘုံနယ်မြေကို ဝင်ရောက်ဖို့အတွက် တစ်နေရာ ပေးနိုင်တယ်…”

ဝမ်လင်းက တုံ့ခနဲ ရပ်ကာ စွန်ရှီထံသို့ ငဲ့စောင်းကြည့်လိုက်သည်။သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် သူက ဆက်လျှောက်လာခဲ့သည်။

“အကိုရှုက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ မိုးကြိုးကောင်းကင်ဘုံနယ်မြေဖွင့်တဲ့ အချိန်တိုင်း ဝင်ရောက်ခွင့်တုန်ကင် ဖြစ်တဲ့ မိုးကြိုးဒယ်စောက်ကို မိုးကြိုးကောင်းကင်ခန်းမက ထိန်းချုပ်ထားတယ်ဆိုတာကို သိလိမ့်မယ်လို့ ငါယုံကြည်တယ်။ အပြင်လူတစ်ယောက်က ဒီမိုးကြိုးဒယ်ဇောက်ကို ရဖို့ မဖြစ်နိုင်ဘူး။ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ လူအချိုနဲ့ မိုးကြိုးကောင်းကင်ခန်းမမှာ မှတ်တမ်းတင်ထားတဲ့ မိသားစုတွေပဲ နေရာတစ်နေရာစာ ရနိုင်တယ်…”

စွန်ရှီက အသေးစိတ်ကို ရှင်းပြလိုက်သည်။

အာဏတာက်ခြင်းအဆင့်သို့ ရောက်ရှိသွားသည့်အခါ အလွန့်အလွန်နည်းပါးလှသည့်လူအချို့သာ ဉာဏ်နီဉာဏ်နက် မများတက်ကြခြင်း ဖြစ်သည်။ သည်စွန်ရှီက သူ့မိသားစု၏ ဘိုးဘေးဖြစ်သည့်အတွက်ကြောင့် သူက ဉာဏ်များလှသည့်လူတစ်ယောက်သာ ဖြစ်သည်။ အစောပိုင်းတုန်းက ဝမ်လင်း၏ ဖိအားအောက်၌ သူက အားနည်းသလို ပြုမူခဲ့ပေသည်။သို့သော် ခုတော့ သူက တန်ပြန်တိုက်စစ်ဆင်လာခဲ့ချေပြီ။

သူခုလိုမျိုး ရှင်းပြခြင်းက ဝမ်လင်း၏ နောက်ခံသမိုင်းအပေါ် သူက လှမ်းထောက်လှမ်းလိုက်ခြင်း ဖြစ်နေပေသည်။

ဝမ်လင်းက ပြုံး၍ ဆိုလိုက်သည်။ “သင့်မိသားစုမှာ စွန်ရွှယ်ရှန်ဆိုတဲ့ ဂျူနီယာတစ်ယောက် ရှိတယ်။ သူကော အဆင်ပြေလား…”

စွန်ရှီမျက်လုံးက ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်သွားကာ သူက ဝမ်လင်းကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်လိုက်သည်။ သည့်နောက် သူက ပြုံး၍ ဆိုလာ၏။ “ရွှယ်ရှန်က ကောင်းမွန်တဲ့ ကျင့်ကြံခြင်းအဆင့် ရှိပါတယ်။ ဒါပေမဲ့ သူ့မှာ လုံလောက်တဲ့ အတွေ့အကြုံ မရှိသေးဘူး…။အကိုရှုကသာ သူ့ကို ကယ်တင်ပေးရင် ငါက တကယ်ကျေးဇူးတင်မိမှာ…”

သည့်နောက် သူတို့နှစ်ယောက်က ပြုံး၍ အကြည့်ပြန်ရုတ်သိမ်းလိုက်ကြသည်။ စွန်ရှီက ဝမ်လင်းကို ပို၍ လန့်လာမိသည်။ သူက ဝမ်လင်းကို ဘေးတိုင်အနေထားနှင့် တစ်ချက် ကြည့်ကာ စိတ်ထဲ၌ သက်ပြင်းချလိုက်မိ၏။ “ဒီလူရဲ့ မူလရင်းမြစ်က ထူးဆန်းနေတယ်။ သူ့တွေးခေါ်ပုံကလည်း အံ့မခန်းပဲ။ စွန်ချီမင်က သူ့ကို သွားထောက်လှမ်းတဲ့ အချိန်မှာ သူက ဒါကို ချက်ခြင်း ဖြတ်မြင်နိုင်စွမ်း ရှိခဲ့တယ်။ သူက ငါသံသယဝင်မိတဲ့ သူ့နောက်ခံပုံရိပ်နဲ့ ပတ်သတ်ပြီးတော့လည်း စွန်ရွှယ်ရှန်ကို အသုံးချပြီး ဖြေရှင်းလိုက်တယ်။ ဒါ့ကြောင့် ငါက ဒီကိစ္စကို ဆက်ပြီး ပြောဖို့ မသင့်တော့ဘူး။ဒါပေမဲ့လည်း သူက သူ့ကိုယ်သူ ဝန်ခံလာတဲ့အတွက် ဒါက ထူးဆန်းနေတယ်။ သူက ငါ သူ့အကြောင်းသိသွားမှ မစိုးရိမ်တဲ့ပုံပဲ။ သူ့ကျင့်ကြံမှုအဆင့်က မြင့်မားလှပြီး ငါ့အထက်မှာ ရှိနေတယ်။ ဒီလိုလူမျိုးကို ငါတို့ စွန်မိသားစုက ရန်သူမလုပ်ဘဲ မိတ်ဆွေလုပ်မှ ဖြစ်မယ်…”

“တန်လင်းဂြိုဟ်…ဒီလူက တန်လင်းဂြိုဟ်ကများ ဖြစ်နေနိုင်လား…” စွန်ရှီက တိတ်တဆိတ် စဉ်းစားကြည့်နေ၏။

သည့်နောက် စွန်ရှီက မေးလိုက်သည်။ “အကိုရှုက ငါ့တောင်းဆိုကမ်းလှမ်းချက်ကို စိတ်ကျေနပ်ရဲ့လား…”

“ဒီကိစ္စကို ငါတို့ နောက်မှ ဆွေးနွေးကြတာပေါ့။ ငါက ဒါကို စဉ်းစားကြည့်ဖို့ အချိန်တစ်ခု လိုသေးတယ်…”

ဝမ်လင်းက စွန်ရှီ၏ မေးခွန်းကို လွယ်ကူစွာ ရှောင်လိုက်၏။

စွန်ရှီက စိတ်ထဲ၌ သက်ပြင်းချလိုက်ကာ ဝမ်လင်းကို ဆက်လက်၍ စမ်းသပ်ရန် မကြိုးစားတော့ပေ။ သူက ဝမ်လင်းကို ရွင်ယွမ်ဂြိုဟ်နှင့် ပတ်သတ်၍ မိတ်ဆက် ပြောပြနေသည်။ သူတို့နှစ်ယောက်က စကားပြောရင်းဖြင့် မြို့အရှေ့ဘက်မှ တစ်ခုတည်းရတနာခန်းမ ရှိရာသို့ ရောက်ရှိလာကြသည်။

ယနေ့သည် တစ်ခုတည်းရတနာခန်းမ၏ လေလံပွဲနေ့ ဖြစ်သည်။ ထို့ကြောင့် အပြင်ဘက်၌ ကျင့်ကြံသူများစွာ စုဝေး နေကြလျက် ရှိ၏။

စွန်ရှီနှင့် ဝမ်လင်းတို့ နီးကပ်လာသည့်အခါ စွန်ချီမင်က ခန်းမအပြင်ဘက်၌ စောင့်နေရာကနေ သူတို့ရှိရာသို့ ခပ်သွက်သွက်လှမ်းလာခဲ့သည်။ သူ့မျက်လုံးထဲ၌ လေးစားမှုနှင့် ပြည့်နေက သူက ဦးညွတ်လိုက်သည်။ “တတိယမျိုးဆက် စွန်ချီမင်က ဘိုးဘေးနဲ့ စီနီယာရှုတို့ကို နှုတ်ဆက်ပါတယ်…”

စွန်ရှီက မည်သည့်စကားမှ ပြန်မဆိုဘဲ ခေါင်းညိမ့်ရုံသာ ညိမ့်လိုက်သည်။

စွန်ချီမင်က တစ်ခုတည်းရတနာခန်းမသို့ ကြိုရောက်နေခြင်းပင်။ ရတနာခန်းမက ရွင်မိသားစု ပိုင်ဆိုင်သော်လည်း စွန်ချီမင်က သည်မြို့ရှိ စွန်မိသားစုမှ ခေါင်းဆောင်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူက အခြားလူများနှင့် နှိုင်းယှဉ်နိုင်သည့် အဆင့်အတန်းတစ်ခု ရှိနေပေသည်။ သူက သူကိုယ်တိုင် ဝမ်လင်းနှင့်စွန်ရှီတို့အား လေးထပ်မြောက်သို့ ခေါ်ဆောင်သွား၏။

လျိုလို့ခေါ်သည့်လူငယ်က တစ်ခြား ဖောက်သည်များနှင့် စကား ပြောဆိုနေရင်း ဝမ်လင်း ဝင်လာသည်ကို တွေ့လိုက်သည့်အခါ တားဆီးရန် လက်မြှောက်လိုက်သည်။ သို့သော် သူက ဝမ်လင်းနှင့်အတူ စွန်ချီမင်ကို တွေ့လိုက်သည့်အခါ တုန်လှုပ်လို့သွား၏။ စွန်ရှီကိုတော့ လျိုက မသိပေ။ သို့သော် သူက စွန်ချီမင် အလွန်လေးစားစွာ ဆက်ဆံနေသည့်အတွက် ထိုလူက စွန်မိသားစု၌ မြင့်မားသော အဆင့်အတန်း ရှိသည့်သူ ဖြစ်မှန်း သတိပြုမိလိုက်၏။

သူက ဝမ်လင်းကို တွေ့လိုက်သည့်အခါတွင်တော့ တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။

တစ်ခုတည်းသောရတနာခန်းမက အထပ်လေးထပ် ပိုင်းခြားထားသည်။ လေးထပ်မြောက်ကို အခန်းများ ဖွဲ့လို့ထား၏။

စွန်ရှီနှင့်ဝမ်လင်းတို့က လေးထပ်မြောက် ဘယ်ဘယ်ခြမ်း ဦးဆုံးအခန်းတွင် ဝင်ထိုင်လိုက်ကြသည်။ သူတို့နေရာက နေရာကောင်းဖြစ်ကာ ဒုတိယအထပ်ရှိ လေလံပွဲကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

စွန်ချီမင်က လေးစားသည့်ဟန်ပန်ဖြင့် ဘေးတစ်ဖက်တွင် မတ်တပ်ရပ်ကာ စွန်ရှီ၏အမိန့်ကို စောင့်ဆိုင်းလို့နေသည်။

ဝမ်လင်းက သည်ရတနာဆိုင်ထဲသို့ ဝင်လာသည်နှင့် ထူးဆန်းသောခံစားချက်တစ်ခုကို ရလိုက်သည်။ ထို့ကြောင့် ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ တတိယထပ်တွင် အဘိုးအိုတစ်ယောက်၏ ပုံရိပ်ကို တွေ့မြင်လိုက်ရတော့သည်။

“ဒါက သူပဲ…” ဝမ်လင်းက မှင်သက်သွားမိသည်။ချက်ခြင်းပင် သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်သည်။

“သူ့ကိုယ်ပေါ်မှာရှိတဲ့ အမှတ်အသားက အလွန်လျော့နည်းပြီး ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ…”

စွန်ရှိက ဝမ်လင်းကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။ “အကိုရှု…ဒီအဆင့်ရှစ်ဆေးလုံးမှာ တစ်ချို့ဇာတ်ကြောင်းလေးတွေ ရှိတယ်။ဒီဆေးလုံးက ရွင်ယွမ်ဂြိုဟ်ပေါ်က မဟုတ်ဘူး။ဒါပေမဲ့ ပြင်ပကျင့်ကြံသူတစ်ယောက်က ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ဒီနေရာကို ထွက်ပြေး ရောက်ရှိလာခဲ့တာက ရတာ ဖြစ်တယ်။ငါရယ်၊ ရွင်မိသားစုဘိုးဘေးရယ်၊ အပူအပင်မဲ့ ရယ်က ဒါကို အတူပူးပေါင်းပြီး လုယူခဲ့ကြတာ။ ဒီကျင့်ကြံသူကတော့ ရွင်မိသားစု ဘိုးဘေးကြောင့ သေဆုံးသွားခဲ့ရတယ်….”

ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။သည့်နောက် သူက စွန်ရှီကို ဖျပ်ခနဲ ကြည့်လိုာ စကားတော့ မဆိုပေ။ သူက သည်လိုလျှို့ဝှက်ချက်များကို မသိချင်ပေ။ သို့သော် စွန်ရှီကတော့ သူ့ကို ပြောပြနေခဲ့၏။ ဖြစ်နိုင်သည်က သည်ကိစ္စက စွန်ရှီ သူ့ကို အကူအညီတောင်းသည့် ကိစ္စနှင့် ဆက်နွှယ်နေခြင်း ဖြစ်ပုံရသည်။

စွန်ရှီက ဝမ်လင်းအကြည့်ကို မမြင်သည့်အလား ဆက်၍ ပြောလာပြန်သည်။ “ဒါက လွန်ခဲ့တဲ့ လေးနှစ်က ဖြစ်ခဲ့တာ။ ဒီဆေးက တကယ့်ကို အဖိုးတိုက်တန်လွန်းတယ်။ အထူးသဖြင့် ငါတို့လို အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူတွေအတွက်ပေါ့။ ဒီဆေးက စုစုပေါင်း ငါးလုံး ရှိခဲ့တာ ဖြစ်တယ်၊ ငါနဲ့ အပူအပင်ကင်း ရှန်ရန်တို့က တစ်ယောက်တစ်လုံးစီ ရရှိခဲ့ကြပြီး ရွင်မိသားစုရဲ့ ဘိုးဘေးကတော့ အာဏာတက်ခြင်းအလယ်အဆင့် ဖြစ်တဲ့အတွက် သုံးလုံး ရရှိခဲ့တယ်…”

ဝမ်လင်းအသွင်က ဒုတိယထပ်ရှိ လေလံပွဲကိုသာ ကြည့်နေကာ စွန်ရှီ၏စကားကို နားမထောင်သည့်အလား ပြုမူလို့နေသည်။

စွန်ရှီကတော့ စိတ်ထဲမထားပေ။သူက ဆက်၍ ပြောလာပြန်သည်။ “ဒီဆေးလုံးတွေက တကယ်တော့ အပူခဲပဲ။ ဘာလို့လဲ ဆိုတော့ ငါတို့က ရွင်မိသားစုဘိုးဘေး သတ်ခဲ့တဲ့ လူရဲ့ သိုလှောင်အိတ်ထဲမှာ ပုံရိပ်တစ်ထောင်ဂြိဟ်ပေါ်က ဟွမ်မိသားစုရဲ့ တုန်ကင်တစ်ခုကို တွေ့ရှိခဲ့ရလို့ပဲ…”

ဝမ်လင်းက ခေါင်းလှည့်လာကာ စွန်ရှီကို ကြည့်၍ ပွင့်ပွင့်လင်းလင်း ဆိုလာ၏။ “ရောင်းရင်းစွန်…ငါက ဒီလိုပုံပြင်တွေ နားထောင်ရတာ မနှစ်သက်ဘူး…”

စွန်ရှီက ပြုံး၍ ဆိုလာပြန်သည်။ “အကိုရှု…ငါက သင့်ကို ဒီပုံပြင်မပြောပြရင်တောင် တစ်စုံတစ်ယောက်က ပြောပြမှာပဲ။ဒီမြို့က ငါတို့စွန်မိသားစု ပိုင်တယ်။ ခု ဒီဆေးလုံးကလည်း ဒီနေရာမှာ လေလံတင်နေတာ ဖြစ်တယ်။ အကိုရှုရဲ့ ဉာဏ်ပညာနဲ့ ဆိုရင် ဒါက အကြောင်းရင်းတစ်ခုခု ရှိလို့ဆိုတာ သတိထားမိလိမ့်မယ်လို့ ငါ ယုံကြည်တယ်…”

ဝမ်လင်းအသွင်ကတော့ ပုံမှန်အတိုင်းပင်။ သူက အရင်ကတည်းက သံသယများ ရှိနှင့်နေခဲ့ပြီး ဖြစ်သည်။သို့သော် သူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းအကြောင်း ကောင်းကောင်းနားလည်ထားခြင်း မရှိသည့်အတွက် များစွာမတွေးကြည့်ခြင်းသာ ဖြစ်သည်။သို့ရာတွင် ခုချိန်၌ စွန်ရှီက သူ့ကို သည်ဆေးလုံးကိစ္စကို တည်၍ ပြောလာနေခဲ့သည်။ ဝမ်လင်းက ဒုတိယထပ်သို့ သိမ်းကြုံးကြည့်လိုက်ကာ သူ့အကြည့်က အေးစက်လာခဲ့သည်။

စွန်ရှီက အမြဲလိုလို ဝမ်လင်းအမူအရာကို စူးစိုက် ကြည့်နေခြင်း ဖြစ်သည်။ သူက ဝမ်လင်းမျက်လုံးထဲရှိ အေးစက်မှုကို တွေ့မြင်လိုက်သည့်အခါ သူက စိတ်သက်သာရာရသလို ခံစားလိုက်ရသည်။သူက ဆက်၍ စကားမဆိုတော့ဘဲ ရေနွေကြမ်းတစ်ခွက် ကိုယ်တိုင်ငှဲ့ကာ မြည်းစမ်း သောက်ကြည့်လိုက်သည်။

ဝမ်လင်းမျက်လုံးထဲရှိ အေးစက်မှုက ချက်ခြင်းပျောက်ကွယ်သွား လေ၏။ ရွင်မိသားစု၏ အာဏာတက်ခြင်းအလယ်အဆင့် ကျင့်ကြံသူကသာ ခွင့်မပြုပါက သည်လေလံပွဲက သည်နေရာတွင် မည်သို့ ကျင်းပနိုင်ပါ့မည်နည်း။ သည်ဆေးလုံး၏ တန်ဖိုးက ကောင်းကင်လောက်လည်း မြင့်မားခြင်း မရှိသလို အာဏာတက်ခြင်းအဆင့်အောက် ကျင့်ကြံသူများအတွက်လည်း အသုံးမဝင်ပေ။ ၎င်းဆေးလုံးက လူအများစုအတွက် အသုံးမဝင်သည့်အပြင် လေလံပွဲ၏ ပုံရိပ်အတွက်သာ ဦးတည်ထားခဲ့ခြင်း ဖြစ်သည်။ ပါးနပ်သောလူမှန်သမျှက ယင်းဆေးလုံးကို ဝယ်ယူလိမ့်မည် မဟုတ်ပေ။

အာဏာတက်ခြင်းအဆင့်အောက်ရှိ ကျင့်ကြံသူတစ်ယောက်က သည်အဆင့်ရှစ်ဆေးလုံးကို သောက်သုံးနိုင်ခြင်း မရှိပေ။ သူတို့က သောက်သုံးလိုက်ပါကာ အဆိပ်ကို ဝါးမြိုလိုက်သည်နှင့် တူနေပေလိမ့်မည်။

တကယ်တော့ သည်ဆေးလုံးကို လေလံဖွင့်ရသည့် အကြောင်းရင်းက ဝမ်လင်းကြောင့်သာ ဖြစ်၏။ ရွင်ကျင့်ကြံသူက ဝမ်လင်းကို သည်ဆေးလုံးအား ဝယ်ယူရန် ကြိတ်၍ ဆန္ဒရှိနေပေသည်။

ဝမ်လင်းက ရွင်မိသားစုကျင့်ကြံသူက သူသည်နေရာတွင် ရှိနေသည်ကို သိနေသည်နှင့် ပတ်သတ်၍ ထူးဆန်းသလို မခံစားရပေ။တကယ်တော့ သည်ဂြိဟ်နာမည်ပင် ရွင် ဆိုသည့်နာမည် ပါနေသည် မဟုတ်လား။ သူတို့က မည့်သည့်နည်းလမ်းမှ မရှိပါက ခုလက်ရှိ သူတို့ရွင်မိသားစု၏ အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်လိမ့်မည် မဟုတ်ပေ။

ထိုဆေးလုံးကို ယူလိုက်ခြင်းက လွန်ခဲ့သောလေးနှစ်တွင် ဖြစ်ခဲ့သော ကိစ္စတွင် ပါဝင်လာသည် ဆိုသည့် သဘောပင် မဟုတ်လား။ထို့အတွက် ဝမ်လင်းက ဟွမ်သားစုကို သည်ဆေးလုံးနှင့် ပတ်သတ်၍ ရှင်းပြလျှင်ပင် အချည်းနှီး ဖြစ်ပေလိမ့်မည်။ ရွင်မိသားစု၏ ကျင့်ကြံသူက သည်ကိစ္စတွင် ဝမ်လင်းအား ပါဝင်လာနေစေရန် ရည်ရွယ်ထားပေ၏။

“ဘယ်လောက်တောင် နက်နဲတဲ့ အကြံအစည်လဲ…” ဝမ်လင်းအသွင်က တည်ငြိမ်နေဆဲပင်။သိုသော် သူ့စိတ်ထဲတွင်တော့ သတိထားနေခဲ့၏။ မည်သည့်အာဏာတက်ခြင်းကျင့်ကြံသူမဆို ရင်ဆိုင်ရ လွယ်ကူသည် မရှိပေ။ မိသားစုတစ်စု၏ တည်ထောင်သူ ဘိုးဘေးဖြစ်နေမှတော့ မည်သို့ အားနည်းပါ့မည်နည်း။

“ရွင် မိသားစုက ဒီလေလံပွဲကို ထိန်းချုပ်ထားတယ်။ ဒါ့ကြောင့် ဘယ်သူကမှ ဒီဆေးလုံးကို ဝယ်ယူရဲမှာ မဟုတ်ဘူး။ ငါက ဒါကို မဝယ်ဘူးဆိုရင်လည်း ရွင်မိသားစုက နောက်ထပ် နည်းလမ်းတစ်ခုနဲ့ ဒီပြဿနာထဲ ငါ့ကို ဆွဲသွင်းဦးမှာပဲ…”

ဒုတိယထပ်တွင် လေလံပွဲက စတင်နေပြီ ဖြစ်သည်။ အမျိုးမျိုးသော လက်နက်၊သတ္တုပစ္စည်းနှင့် ဆေးလုံးများကို လေလံပစ်နေကြ၏။

စွန်ရှီက ရေနွေကြမ်းခွက်ကို အောက်ချကာ သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။ “ကံမကောင်းစွာနဲ့ လွန်ခဲ့တဲ့လေးနှစ်က ငါတို့သုံးယောက် ဒီလူ့ကို အလစ်ချောင်းတိုက်ခိုက်တဲ့အချိန်မှာ သူ့ နောက်ခံကို ပြောဖို့တောင် အချိန်မရလိုက်ဘူး။ ငါတို့ကသာ သူက ဟွမ်မိသားစုကမှန်းသာ သိခဲ့ရင် ငါတို့က အဲ့တုန်းကလို တိုက်ခိုက်ဝံ့မှာ မဟုတ်ဘူး…”

“ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်က ဟွမ်မိသားစုက အလွန်အမင်း လွှမ်းမိုးနိုင်လွန်းတယ်။ သူတို့ မိသားစုဝင် အသက်ခံရတာကိုသာ သိသွားရင် လူတိုင်းက လက်စားချေတဲ့အနေနဲ့ ပြန်အသတ်ခံရလိမ့်မယ်။လူတစ်ယောက်က လေလံပွဲကနေ တစ်ဆင့် သူတို့မိသားစုဝင်တစ်ယောက်ယောက်စီက တစ်စုံတစ်ခုကို ရသွားမယ်ဆိုရင်တောင် ဟွမ်မိသားစုရဲ့ အမျက်ဒေါသ သင့်တာ ခံရလိမ့်မယ်…”

“ဟွမ်မိသားစုက အမှန်အဆင့်မြင့်လှတယ်။ ဟွမ်မိသားစုဝင်တစ်ယောက်ရဲ့ သိုလှောင်အိတ်ကို သင့်ရှေ့မှာ ချထားရင်တောင် သင်က ဒီသိုလှောင်အိတ်ကို ယူဆောင်ဝံ့မှာ မဟုတ်ဘဲ ပြန်ပေးချင်စိတ်ပဲ ရှိလိမ့်မယ်။ မဟုတ်ရင် သင်က သူတို့ သင့်ကို ရှာမတွေ့ဖို့ဘဲ မျှော်လင့်ရတော့မှာ။ ဒါပေမဲ့လည်း သင်က သင့်ဘဝတစ်လျှောက်လုံး ကြောက်ရွှံ့ပူပန်မှုတွေနဲ့ နေထိုင်သွားရလိမ့်မယ်…။ကံမကောင်းစွာနဲ့ ငါက ငါ့ဆီမှာ ရှိတဲ့ ဆေးကို သုံးစွဲပစ်ဖို စိတ်ပူနေခဲ့တယ်…”

ဝမ်လင်းက ဘာစကားမှ မဆိုပေ။သူ့အကြည့်က ဒုတိယထပ်တွင်သာ ရှိလို့နေ၏။

ဒုတိယထပ်မှ ယောက်ျားတစ်ယောက်၏ အသံထွက်ပေါ်လာသည်။ “လေလံပွဲရဲ့ နောက်ထပ် လာမယ့် ပစ္စည်းကတော့ အဆင့်ရှစ် ဆေးလုံးပါ။ ဒီဆေးလုံးကို အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတွေပဲ ယူဆောင်နိုင်တယ်။ အာဏာတက်ခြင်းအဆင့်အောက်က လူတစ်ယောက် ဒါကို သောက်သုံးတာနဲ့ သူတို့ခန္ဓာကိုယ်ဟာ ပေါက်ကွဲပြီး သေဆုံးရလိမ့်မယ်။ လေလံကို ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်သောင်းနဲ့ စဖွင့်တယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset