” ညီအစ်ကိုတို့… ပိုင်ရှောင်ချန်း ပြန်လာပြီဗျို့။ ”
ပိုင်ရှောင်ချန်း၏ အသံမှာ တောင်ခြမ်းတစ်ခွင်တွင် မိုးခြိမ်းသံများအလား ပဲ့တင်ထပ်နေပြီး မြောက်ခြမ်းကပင် ကြားနေရသည်။
မကြာသေးမီက ဂိုဏ်းမှာ ပျားပန်းခတ်အောင် အလုပ်ရှုပ်နေကြပြီး ဆူညံသံများနှင့် ပွက်လောရိုက်နေခဲ့သည်။ သို့သော် အနည်းငယ်အကြာတွင်မူ အရာရာတိုင်းမှာ တိတ်ဆိတ်သွားတော့သည်။ ဂိုဏ်းအပေါ်တွင်ဝဲပျံနေသည့် ဖီးနစ်ငှက်များပင်လျှင် တုန်ရီသွားကြပြီး ပျံသန်းရန်ပင်မေ့သွားကြတော့သည်။
လီချင်းဟောက်က ကာလရှည် တံခါးပိတ်ကျင့်ကြံနေသဖြင့် အကြီးအကဲကျိုးက မွှေးရနံ့တိမ်တောင်၏ တောင်ထိပ်သခင်အဖြစ် တာဝန်ယူထားသည်။ ထိုမိုးခြိမ်းသံကဲ့သို့သောအသံကြီးကြောင့် သူ၏ တရားထိုင်နေခြင်းမှာ ပျက်သွားရပြီး သူ့မှာ မျက်လုံးများပွင့်သွားကာ ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။
ကျိုးရှင်းချီက တာအိုသစ်စေ့တောင်ပေါ်တွင် ကျင့်ကြံနေရာမှ ပြီးဆုံးသွားသဖြင့် ထွက်ခွာရန် ပြင်လိုက်လေသည်။ မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်နေသည့်အသံကြီးကို ကြားလိုက်ရသောအခါ သူမမှာ မျက်နှာပျက်သွားလေသည်။
ရွှီပေါက်ချိုင်ကမူ သူမကြာသေးမီကသိရှိလိုက်သည့် အထူးသတင်းအသစ်များကို သူ၏မိတ်ဆွေများအား သွား၍ဖောက်သည်ချရန် မြစိမ်းတောင်သို့သွားရန် ပြင်ဆင်နေစဥ် ထိုအသံကျယ်ကြီးကိုကြားလိုက်သဖြင့် မျက်လုံးများပြူးသွားသည်။
ဖက်တီးကျန်းကြီးကမူ အဆူခံထိနေသဖြင့် ရွှီမေ့ရှန်းအရှေ့တွင် သနားစဖွယ်အမူအရာဖြင့် မတ်တတ်ရပ်နေရသည်။ ထို့နောက် သူတို့က ပိုင်ရှောင်ချန်း၏အသံကိုကြားလိုက်ရ၍ မော့ကြည့်လိုက်ကြတော့သည်။
ပိုင်ရှောင်ချန်း၏ စနောက်ကျီစယ်သည့်အသံကြီးကို ကြားလိုက်ရသော တောင်ခြမ်းရှိ ကျင့်ကြံသူအားလုံးမှာ သူ၏ စကားလုံးများကြောင့် ဆွံ့အသွားကြတော့လေသည်။
မွှေးရနံ့တိမ်တောင်ပေါ်တွင်မူ အကြီးအကဲတစ်ယောက်က သူ့စကားကိုတစ်လုံးမကျန် မြေဝယ်မကျနားထောင်နေသည့် ဂိုဏ်းသားအုပ်စုတစ်စုကို ကျင့်ကြံခြင်းနှင့်ပတ်သတ်၍ ဟောပြောချက်များ ပို့ချနေသည်။ ပိုင်ရှောင်ချန်း၏ ကျယ်လောင်သည့်အသံကြီးကြောင့် သူ၏ ဟောပြောနေခြင်းများ ပျက်သွားရသဖြင့် သူက မျက်စိမျက်နှာ ပျက်သွားလေသည်။ ဂိုဏ်းသားများကမူ တုန်လှုပ်နေပုံမပေါ်သော်လည်း စိတ်လှုပ်သွားသည်ကို အထင်အရှားမြင်နိုင်ပေသည်။
တာအိုသစ်စေ့တောင်ပေါ်တွင် ကျိန်းယွမ်သုန်က ကျောက်စိမ်းပေလွှာတစ်ခုကို တင်းမာသည့်မျက်နှာထားဖြင့် ဖတ်နေသည်။ ကျောက်စိမ်းပေလွှာပေါ်ရှိ သတင်းမှာ မကောင်းသဖြင့် သူက စီမံေရးရာဆောင်သို့သွားကာ အရေးကြီးတာဝန်တစ်ခု ကြေငြာရန်ပြင်လိုက်ပါသော်လည်း ထိုအသံကျယ်ကြီးကြောင့် သူ၏ အတွေးများမှာ ကမောက်ကမဖြစ်သွားတော့သည်။ ချက်ချင်းပင် သူ၏ အမူအရာပြောင်းလဲသွားပြီး လမ်းတွင်ရပ်လိုက်တော့သည်။
တာအိုသစ်စေ့တောင်ပေါ်တွင်ရှိသည့် ဂိုဏ်းစောင့်အကြီးအကဲ နှစ်ယောက်မှာလည်း မျက်နှာပျက်သွားတော့သည်။ သူတို့နှစ်ယောက်မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာက ပိုင်ရှောင်ချန်း၏ ဆွဲငင်တွန်းကန်အား ပုလဲလုံးကြောင့် အဝတ်အစားများဆုတ်ဖြဲခံလိုက်ရသည့် အဖွဲ့ထဲတွင် ပါခဲ့သူများဖြစ်သည်။
ပိုင်ရှောင်ချန်းကမူ တိတ်ဆိတ်ငြိမ်သက်သွားသည့်တောင်ခြမ်း၊ ပျံသန်းရန်ပင်မေ့သွားသည့် ငှက်များနှင့် လေပေါ်တွင်ဝဲပျံနေသည့် ကျင့်ကြံသူများက ရုတ်တရက်ရပ်တန့်သွားသည့် မြင်ကွင်းကို မျက်စိဝေ့ကာကြည့်လိုက်လေသည်။ သူသည် စိတ်နှလုံး အလွန်လှုပ်ရှားသွားတော့သည်။
” လူတိုင်းက ငါ့ကို မှတ်ရောမှတ်မိကြသေးရဲ့လား…. မင်းတို့တွေ ငါ့ကိုသေချာပေါက်လွမ်းနေမှာပါကွာ။ ငါမရှိလို့ မင်းတို့ ပျင်းစရာကောင်းနေကြတယ်မလား….” သူကသက်ပြင်းချကာ ချန်ဖေးနှင့် အခြားကျင့်ကြံသူသုံးယောက်ကိုကြည့်ကာ မေးလိုက်လေသည်။
“ချန်ဖေး… ငါပြောတာကို မင်းလက်ခံတယ်မလား။”
အစတွင် ချန်းဖေးက ဘာပြောရမှန်းမသိပေ။ ထို့နောက် သူက အားတင်ကာ ချီးမွန်းခန်းဖွင့်လိုက်လေတော့သည်။
” ဂိုဏ်းတူဦးလေးပိုင်ရေ။ ဦးလေးမှာ ပြိုင်ဘက်ကင်း မှော်သိုင်းတွေရှိတယ်။ ဂုဏ်သတင်းကျော်ဇောတယ်။ ဦးလေးပြန်လာပြီလို့ အော်လိုက်တဲ့ အသံတစ်ခုထဲနဲ့တင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ အတွင်းရော အပြင်မှာပါရှိတဲ့ လူတိုင်းရဲ့ စိတ်ဓာတ်တွေ တက်ကြွသွားမှာ အမှန်ပဲဗျ။ ”
ချန်ဖေး၏ မိတ်ဆွေသုံးယောက်ကမူ ထိုစကားများပြောနေသည်ကို မယုံနိုင်အောင်ဖြစ်နေလေသည်။ စောစောက ပိုင်ရှောင်ချန်း၏စကားလုံးများကြောင့် ဖြစ်ပျက်သွားကြသည်ကို သူတို့က တအံ့တသြဖြစ်နေပြီးဖြစ်သည်။ သို့သော်လည်း အမြဲတမ်း အေးတိအေးစက်နှင့် ဖာသိဖာသာနေတတ်သည့် သူတို့၏အစ်ကို ချန်းဖေးမှာ ထိုသို့ မြှောက်ပင့်ပြောဆိုနေသည်ကိုမြင်လိုက်ရသောအခါ သူတို့မှာ မှင်တက်သွားလေသည်။
ထိုသုံးယောက်မှာ ပိုင်ရှောင်ချန်း နာမည်ကြီးခဲ့စဥ်တုံးက ဂိုဏ်းထဲတွင်မရှိခဲ့ပေ။ သူတို့က ဂိုဏ်းသို့ နောက်မှဝင်လာသည်ဖြစ်ရာ ပိုင်ရှောင်ချန်း၏ လုပ်ရပ်များအကြောင်းကို စကားအဖြစ်သာ ကြားဖူးကြသည်။ ထိုအချိန်တွင် သူတို့က တစ်ယောက်နှင့် တစ်ယောက် အူကြောင်ကြောင် ကြည့်နေကြတော့သည်။
ပိုင်ရှောင်ချန်းကမူ အကြာကြီး ရယ်မောနေလေ၏။
” ဟားဟားဟား။ မင်းမှန်တယ်ကွ။ လူတိုင်းက ငါ့ကို သေလောက်အောင် လွမ်းနေကြတာ။ ကြည့်လေ။ ငါတစ်ချက်ပဲ အော်ရသေးတယ်.. လူတိုင်းက ဘာပြောရမှန်းတောင် မသိတော့ဘူး။”
” မိတ်ဆွေတို့အားလုံး မပူနဲ့ဗျို့။ ကျုပ်ပြန်ရောက်လာပြီ။ ပြီးတော့ ဘယ်တော့မှ ပြန်ထွက်မသွားတော့ဘူးဗျ။ ” ပိုင်ရှောင်ချန်းက သက်ပြင်းချကာ အသံကုန်ထပ်အော်ရန် ပြင်လိုက်ချိန်တွင် ရုတ်တရက် တောင်ခြမ်း၏ တောင်သုံးတောင်မှ ကောင်းကင်ကြီးကိုတုန်လှုပ်စေကာ မြေကြီးကိုပင် အက်ကွဲစေနိုင်သည့် အာခေါင်ခြစ်သံများ ထွက်လာတော့သည်။
” ကောင်းကင်ကြီးက မျက်စိမပါဘူးဗျာ။ ပိုင်ရှောင်ချန်း ပြန်ရောက်လာပြီဗျ။”
” သောက်ကျိုးနည်းကွာ။ သူအတွေ့အကြုံအသစ်တွေ သွားရှာတာဆို။ ထွက်သွားတာမှ နှစ်အနည်းငယ်ပဲရှိသေးတယ်။ ဘာလို့အစောကြီး ပြန်လာရတာလဲ။”
” အခြေအနေ မဟန်ဘူးဟေ့။ ဝိညာဥ်အမြီးကြက် အရေအတွက်က အခုမှ ပုံမှန်အနေအထားပြန်ရောက်လာပါတယ်ဆို…”
” မိစ္ဆာသမားတော် ပြန်လာပြီဟေ့။”
ထိုအော်ဟစ်သံများထွက်လာသောအခါ လေထဲရှိ ဖီးနစ်ငှက်များမှာ သနားစဖွယ်အော်မြည်ကာ အဝေးသို့ ပျံထွက်သွားတော့သည်။ ပျံသန်းနေကို ရပ်တန့်လိုက်သည့် ကျင့်ကြံသူများမှာ မှင်တက်သွားကြသည်။ ပျံသန်းတတ်သည့် ကျင့်ကြံသူ အများစုမှာ အခြေခိုင်မာခြင်းအဆင့်မှ လူများဖြစ်သည်။ ပိုင်ရှောင်ချန်းက လူတိုင်း၏ အဝတ်အစားများကို အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲခဲ့သဖြင့် သူတို့မှာ ကိုယ်လုံးတီးဖြစ်သွားရသည့် ကြောက်မက်ဖွယ် မြင်ကွင်းကို ပြန်တွေးမိလိုက်ကြသောအခါ ထိုကျင့်ကြံသူများမှာ ဦးရေခွံများပင် ထုံကျဥ်သွားပြီး ထွက်ပြေးကုန်ကြလေသည်။
တောင်သုံးတောင်မှ ရိုးရိုးဂိုဏ်းသားများကမူ အတိတ်က အဖြစ်ဆိုးများကို ပြန်မြင်ယောင်ကာ ပူဆွေးသောကရောက်ကုန်ကြလေသည်။
ကျိုးရှင်းချီမှာ အံကြိတ်၍ ပိုင်ရှောင်ချန်း၏ စကားလုံးများကြောင့် နှလုံးသားထဲတွင် အမုန်းမီးများ တောက်လောင်နေတော့သည်။သူမက အေးစက်စက်နှာမှုတ်လိုက်ပြီး တံခါးပိတ်ကျင့်စဥ်ကို ဆက်ကျင့်ရန် ဆုံးဖြတ်လိုက်သည်။
ရွှီပေါက်ချိုင်မှာ ငိုမဲ့မဲ့နှင့် မြည်တွန်တီးတောက်ကာ အပြင်ထွက်ချင်သည့် စိတ်များပင် ပျောက်သွားတော့သည်။ သို့သော်လည်း ဂိုဏ်းထဲရှိ ပိုင်ရှောင်ချန်း၏ အဆင့်အတန်းကို တွေးမိလိုက်သောအခါ သူ့ကိုသွားတွေ့ရန် ပျံထွက်သွားလေသည်။
ပိုင်ရှောင်ချန်းမှာ ထိုအော်သံများကြောင့် မျက်တောင်တဖျတ်ဖျတ် ခတ်နေတော့သည်။ သူက ခြောက်ကပ်ကပ်ချောင်းဟန့်လိုက်ပြီး နှာခေါင်းကိုပွတ်ကာ ချန်ဖေးနှင့် သူ၏မိတ်ဆွေများကို လှမ်းကြည့်လိုက်သည်။
” ဟားဟားဟား။ တော်တော် အစွဲအလမ်းကြီးတဲ့လူတွေကွာ။”
ချန်ဖေး၏ နဖူးတွင် ချွေးသီးများပင် စို့လာသည်။ ခေါင်းမီးတောက်အောင် မွှေနှောက်ရှာဖွေပါသော်လည်း မည်သည်ကိုဆက်ပြောရမှန်း သူ မသိတော့ချေ။ သူ၏ မိတ်ဆွေသုံးယောက်မှာ ပိုင်ရှောင်ချန်းကို နတ်ဘုရားတစ်ပါးအလား ကြည့်နေကြသည်။ လူတစ်ယောက်၏ စကားသံတစ်ခွန်းက တောင်ခြမ်းကို ထိုသို့ ပြိုကွဲသွားအောင်လုပ်နိုင်လိုက်သည်ကို သူတို့မှာ မယုံကြည်နိုင်အောင်ပင် ဖြစ်နေတော့သည်။
ပိုင်ရှောင်ချန်းမှာ အနည်းငယ်နေရခက်သွားပြီး ကသိကအောက်ပင်ဖြစ်လာတော့သည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်ဆိုလျှင် သူက သွေးသခင်ရာထူးရှိသဖြင့် သူမည်သည့်နေရာသွားသွား လူတိုင်းက ရို့ကျိုးစွာ ဆက်ဆံရစမြဲပင်။ သူစကားတစ်ခွန်းပြောရုံ၊ တစ်ချက်လောက်ပြူးကြည့်လိုက်ရုံဖြင့် လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်သွားရလေသည်။
စိတ်ထဲတွင် တရားမျှတမှု လုံးဝမရှိကြောင်း ကျိန်ဆဲနေစဥ်တွင် ခရမ်းဒယ်အိုးတောင်မှ အလင်းတန်းတစ်ခု ထွက်လာလေသည်။ ထိုသူမှာ ခေါင်းကိုနောက်ပစ်၍ အော်ဟစ်နေသည့် ဖက်တီးကျန်းကြီးဖြစ်သည်။
ဟိုရှောင်မေ့မှာ တံခါးပိတ်ကျင့်စဥ် ကျင့်နေသော်လည်း ယခုတွင်မူ စိတ်လှုပ်ရှားစွာဖြင့် ပျံထွက်လာလေသည်။
ထို့နောက် အမှတ်သုံး ဖက်တီးဟီ နှင့် ဟိုယွင်ဖေးတို့လည်း ထွက်လာတော့သည်။ ပိုင်ရှောင်ချန်းနှင့် အလွန်တရာရင်းနှီးကြသူများကမူ တခြားသူများနှင့်မတူပဲ ကျေနပ်နေသည့် အမူအရာများဖြင့် ထွက်လာကြလေသည်။
ကျိန်းယွမ်သုန်ကမူ ချောင်းဟန့်လိုက်သည်။ သူက ထွက်မတွေ့ရန်တော့ မတွေးထားပေ။ တာအိုသစ်စေ့တောင်ပေါ်တွင်ရပ်ကာ သူက ပိုင်ရှောင်ချန်းကို လှမ်းကြည့်ပြီး အတိတ်က သူလုပ်ခဲ့သည့် ပြဿနာများကိုပြန်တွေးရင်း တစ်ယောက်ထဲ ရယ်မောနေလေသည်။
ထိုအချိန်တွင် မြောက်ခြမ်းမှ ကျေနပ်မှုအပြည့်နှင့် အော်သံကြီးတစ်သံထွက်လာသည်။ မီတာသုံးဆယ်အတိ အရပ်ရှည်နေပြီဖြစ်သည့် ဘရူဆာမှာ တောင်အသေးစားလေးသဖွယ် လေကိုဖြတ်၍ ပြေးလာနေသည်။ ကောင်းကင်ကိုတုန်ခါစေကာ မြေကြီးကိုအက်ကွဲစေနိုင်သည့် သူ၏အော်သံကြီးကြောင့် မြောက်ခြမ်းရှိ မရေမတွက်နိုင်သော သားရဲများမှာလည်း အသံကုန် အော်ဟစ်နေကြတော့သည်။
ထို သားရဲများ၏ အော်သံများကြောင့် မြောက်ခြမ်းမှာ ငြိမ်ကျသွားတော့သည်။ ဂိုဏ်းသားအများစုမှာ ဖြစ်ပျက်နေသည်များကို နားမလည်သဖြင့် လေပေါ်သို့ ပျံတက်လိုက်ကြလေသည်။ သို့သော်လည်း ခပ်လှမ်းလှမ်းရှိ တောင်ခြမ်းတွင် ပိုင်ရှောင်ချန်းကို မြင်လိုက်ရသောအခါ ပါးစပ်အဟောင်းသားဖြစ်ကုန်ကြလေသည်။ ပင့်သက်ရှိုက်သံများနှင့်အတူ အလန့်တကြားအော်ဟစ်သံများ ထွက်လာတော့သည်။
” ပိုင်ရှောင်ချန်း ပါလား….”
” သူပြန်လာပြီဟေ့။”
မြောက်ခြမ်းဂိုဏ်းသားများစွာမှာ အော်ဟစ်နေကြပြီး နောက်သို့ ဆုတ်ကုန်ကြသည်။ ထိုသတင်းမှာ တောမီးကဲ့သို့ပျံ့သွားသဖြင့် မြောက်ခြမ်းတစ်ခြမ်းလုံးမှာ အုပ်အော်သောင်းနင်းဖြစ်သွားလေသည်။
ပိုင်ရှောင်ချန်းကမူ အားပါးတရ ရယ်မောကာ ဘရူဆာဆီသို့ ခြေလှမ်းလှမ်းလိုက်လေသည်။ ပိုင်ရှောင်ချန်းရှေ့တွင် ဘရူဆာမျက်လုံးပြူးကာ ပျော်ရွှင်နေသည့် မျက်နှာဖြင့် ရပ်သွားလေသည်။ သူက တုန့်ဆိုင်းမနေပဲ သူမွေးဖွားခဲ့စဥ်တုံးက ပုံစံအတိုင်း ခန္ဓာကိုယ်ကို ကျုံ့လိုက်လေသည်။ ထို့နောက် သူက ပိုင်ရှောင်ချန်းကထပ်၍ တစ်ကိုယ်တော် စွန့်စားခန်းများဖွင့်ကာ သူ့ကိုထားခဲ့မည်ကို စိုးရိမ်နေသည့်အလား ပိုင်ရှောင်ချန်း၏ ဘောင်းဘီအောက်ပိုင်းကို မလွှတ်တမ်း ကိုက်ထားတော့သည်။
ပိုင်ရှောင်ချန်းမှာ ပျော်ရွှင်ဝင်းလက်နေသည့် မျက်နှာဖြင့် ဘရူဆာကို ကောက်ချီလိုက်လေသည်။ ထို့နောက် သူက စကားမနားတမ်း ပြောချင်နေသည့် ဖက်တီးကျန်းကြီးကို ဖက်လိုက်လေသည်။ သူ စကားတစ်ခွန်းမှပင် မပြောရသေးခင် တလက်လက်တောက်ပနေသည့် မျက်ဝန်းများဖြင့် ဟိုရှောင်မေ့က ရောက်လာပြီး ပိုင်ရှောင်ချန်းကို ကြည့်လိုက်လေသည်။ ဖက်တီးကျန်းကြီးက ဘေးသို့ ဖယ်ပေးလိုက်လေသည်။
ပိုင်ရှောင်ချန်းက ပျော်ရွှင်စွာရယ်မောကာ ဟိုရှောင်မေ့ကို ကြည့်လိုက်သည်။ သူက ယခင်ကလို အရိပ်အကဲမသိသည့် ကောင်ကလေးမဟုတ်တော့ချေ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ဖြစ်ခဲ့သည့် ကိစ္စအဝဝကြောင့် သူက အနည်းငယ် ရင့်ကျက်လာပြီဖြစ်သည်။ ချက်ချင်းပင် သူက အလိုအလျောက် ရှေ့သို့တိုးကာ ဟိုရှောင်မေ့ကို ပွေ့ဖက်လိုက်လေသည်။
ထိုအခါ ဟိုရှောင်မေ့၏ မျက်နှာမှာ နီမြန်းသွားပြီး နှုတ်ခမ်းစူကာ သူ့ကို တွန်းထုတ်လိုက်လေသည်။
မကြာမီတွင် ဟိုယွင်ဖေးမှာ ရွှီပေါက်ချိုင်နှင့်အတူ ရောက်ရှိလာသည်။ မြေခဓားကမ္ဘာတုံးက ပိုင်ရှောင်ချန်း ကူညီပေးခဲ့သည့် ဂိုဏ်းသားများစွာလည်း ရောက်လာလေသည်။ လူအယောက်တစ်ရာကျော်က သူ့နားသို့ စိတ်လှုပ်တရှား စုပြုံလာကြတော့သည်။ အချိန်အနည်းငယ်ကြာသောအခါ သူတို့က ရယ်ရယ်မောမောနှင့် စကားများပြောကာ တာအိုသစ်စေ့တောင်ပေါ်သို့ သွားကာ ပိုင်ရှောင်ချန်းအား သူဂိုဏ်းတွင်မရှိခဲ့သည့် နှစ်များတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စအဝဝကို ဖောက်သည်ချနေကြသည်။
ပိုင်ရှောင်ချန်း ပထမဆုံးမေးသည့်အရာမှာ လီချင်းဟောက်အကြောင်းဖြစ်သည်။ မည်သူကမှ အသေးစိတ်မသိသော်လည်း သတင်းဆိုးများကိုလည်း မကြားမိပေ။ ထိုကြောင့် ပိုင်ရှောင်ချန်းမှာ အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။
ပိုင်ရှောင်ချန်းကို ထိုသို့လူများစွာ ထွက်ကြိုကြသည်ကို မြင်သောအခါ လူအများစုမှာ အံ့သြနေကြသည်။ သူ့ကြောင့် နစ်နာခဲ့ရသူများမှာ ပို၍ပင်ဆိုးကာ သူတို့မြင်နေရသည်ကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့သည်။
ဂိုဏ်းထဲရှိ လူများစွာကို စိတ်ရှုပ်ဒေါသထွက်အောင် လုပ်ခဲ့သည့် သူ့လိုမျိုးလူတွင် သူ့ကိုနှစ်သက်သည့် မိတ်ဆွေများစွာရှိနေမည်ဟု သူတို့က လုံးဝမထင်ထားချေ။
ချန်ဖေး၏ မိတ်ဆွေသုံးယောက်မှာ သူတို့ကိုယ်သူတို့ တီးတိုးပြောနေကြလေသည်။
” ဂိုဏ်းတူဦးလေးပိုင်အကြောင်း ပုံပြင်တွေ ငါအများကြီးကြားဖူးတယ်ကွ။”
” သူက ဘယ်လိုလူမျိုးပါလိမ့်။”
” တစ်ခုခုတော့တစ်ခုခုပဲ။ ဂိုဏ်းတူဦးလေးပိုင်ပြန်လာတာနဲ့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက အရင်နဲ့ မတူတော့သလိုပဲ။ အရင်ကဆို လူတိုင်းက အလုပ်ရှုပ်နေကြပြီး ဘယ်အချိန်မဆို စစ်ပွဲထဖြစ်နိုင်တဲ့ အချက်ကြောင့် လူတိုင်းက ဖိအားကြီးတစ်ခုအောက် ရောက်နေတဲ့အတိုင်းပဲ။ ဒါပေမဲ အခုကြတော့ ဘယ်လိုများ အဲ့ဖိအားက နည်းနည်းလျော့သွားသလို ဖြစ်သွားရတာလဲဟ။”
ချန်ဖေးက ပိုင်ရှောင်ချန်းနှင့် အခြားလူများနောက်သို့ လိုက်မသွားချေ။ သူက ထိုသူများထွက်သွားသည်ကိုကြည့်ကာ စိတ်ထဲတွင် ပဋိပက္ခများ ဖြစ်နေ၏။ သူ၏မိတ်ဆွေများ၏ မှတ်ချက်ပေးသံများကို ကြားလိုက်ရသောအခါ သူက ခေတ္တမျှ တိတ်သွားပြီးနောက် ခပ်တိုးတိုး ပြောလိုက်လေသည်။
” သူက ပိုင်ရှောင်ချန်းပဲ။ အမွေဆက်ခံသူအဆင့်အတွက် လျာထားခံရသူဆိုလည်းဟုတ်တယ်။ ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့် ပါရမီရှင်ဆိုလည်း ဟုတ်တယ်။ ဘယ်သူမှ သူ့ကို ယှဥ်လို့မရဘူး။ သူ့ဆီကထွက်လာတဲ့ အလင်းရောင်တွေကြောင့် လူတိုင်းက အရိပ်ထဲရောက်သွားရတဲ့အတိုင်းပဲ။ အများစုက သူ့ကို ချစ်လည်းချစ်သလို မုန်းလည်းမုန်းကြတယ်။ ဒါပေမဲ့ လူတိုင်းက သူ့ကို ယုံကြည်ကြတယ်။ အဲ့လူက ပိုင်ရှောင်ချန်းပဲ။”
မိတ်ဆွေသုံးယောက်မှာ ဘာမှထပ်မပြောတော့ပဲ သူတို့၏ မျက်လုံးများထဲတွင် နားလည်သွားသည့် အရိပ်အယောင်များ ပေါ်လာတော့သည်။ ပိုင်ရှောင်ချန်းက အဝေးသို့ရောက်သွားသောအခါ သူတို့၏ အမူအရာမှာ ယခင်ကထက်ပင် ပို၍ ချစ်ကြောက်ရိုသေသည့် အသွင် ပြောင်းသွားကြလေသည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ခုလုံးက ပိုင်ရှောင်ချန်း ပြန်ရောက်လာမှုကြောင့် တုန်လှုပ်နေကြစဥ် ယန်ဝေ့တောင်ပေါ်တွင် လူတစ်ယောက်က အင်မော်တယ်ဂူတစ်လုံးထဲမှ ပေါ်ထွက်လာသည်။
ထိုလူမှာ မိန်းမပျိုတစ်ဦးဖြစ်ပြီး သူမက တောင်ခြမ်းသို့လှမ်းကြည့်နေစဥ်တွင် သူမ၏ဆံနွယ်မှာ လေပြေ ကြောင့် မြောက်တက်သွားသဖြင့် သူမ၏ ဖြူဖွေးနူးညံ့သည့် အသားအရေမှာ ပေါ်လာလေသည်။ သူမ၏ မျက်လုံးများမှာ ရေနက်ပိုင်းက ရေစက်များကဲ့သို့ အရောင်လက်နေပြီး လုံခြုံသော အဝတ်အစားများဝတ်ဆင်ထားပါသော်လည်း သူမ၏ နှစ်လိုဖွယ် ကောက်ကြောင်းအလှကို မဖုံးကွယ်နိုင်ချေ။ သူမ၏ မျက်ဝန်းထဲရှိ ညို့ဓာတ်ပြင်းသည့်အကြည့်ကြောင့် သူမ၏ အနီးသို့ရောက်သွားသူတိုင်း ရာဂဆန္ဒမီးများမှာ နှလုံးသားထဲတွင် လောင်ကျွမ်းလာမည်သာဖြစ်သည်။
သူမက နှုတ်ခမ်းကို လက်ဖြင့်အုပ်ကာ ပြုံးလိုက်ရင်း သာယာနာပျော်ဘွယ်အသံဖြင့် ရေရွတ်လိုက်လေသည်။
” နောက်ဆုံးတော့.. အချစ်လေး ပြန်လာပြီပေါ့….”