Switch Mode

အပိုင်း(၇၁၇)

ဝမ်လင်းအတွက်အထူးရတနာ

အနီရောင်အလင်းတန်းတစ်ခုက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ မြောက်ပိုင်းနယ်မြေကြီးကို ဖြတ်သန်းလာနေ၏။ ရှေးဟောင်းအသံတစ်ခုက ထိုအနီရောင်အလင်းထဲကနေ ထွက်ပေါ်လာခဲ့သည်။

“မေအာ…ဒါက ဆရာ့ရဲ့ မွေးရပ်မြေ၊ တပည့်ရဲ့ အနာဂတ်အိမ်လည်း ဖြစ်တယ်။ ခုတွေးကြည့်တော့ ငါပြန်လာတာ နှစ်ပေါင်း ထောင်ချီ ရှိခဲ့ပြီ။ဘိုးဘေး ချန်ထားခဲ့တဲ့ အလုံးစုံကောင်းကင်ကျောက်တုံး ကြောင့်သာ မဟုတ်ရင် ဆရာက နင့်ကို ဒီနေရာကို ခုလိုမျိုး လွယ်လွယ် ခေါ်လာနိုင်မှာ မဟုတ်ဘူး…”

ထိုအနီရောင်အလင်းတန်းထဲ၌ အမျိုးသမီးတစ်ယောက် ရှိနေ၏။ သူမက သူနှင့် မရင်းနှီးသော သည်ကြယ်အဖွဲ့အစည်းကြီးကို ကြည့်လို့နေ၏။

“ဒီဖန်သားနဲ့ တူတဲ့ ဂြိုဟ်က ပုံရိပ်တစ်ထောင်ဂြိုဟ်ပဲ။ ဒီဂြိုဟ်က အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ မြောက်ပိုင်းနယ်မြေကြီးထဲက အဓိက ဂြိုဟ်ငါးခုထဲက တစ်ခုလည်း ဖြစ်တယ်။ မေအာ…ငါတို့အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းက သွေးမျိုးဆက်နဲ့ ပတ်သတ်ပြီး တော်တော်လေး အရေးထားကြတယ်။ မိသားစု သွေးမျိုးဆက်မရှိဘဲ နင်က အဆင့်မြင့်ကျင့်ကြံခြင်းနည်းလမ်းတွေကို လေ့ကျင့်နိုင်စွမ်း ရှိမှာ မဟုတ်သလို မိသားစုရဲ့ အကာအကွယ်လည်း ရမှာ မဟုတ်ဘူး…”

“ခုက စပြီး နင်က ငါ့တပည့်တစ်ယောက် ဖြစ်သလို ငါ့ရဲ့ မွေးစားသမီးလည်း ဖြစ်တယ်။ငါက ပုံရိပ်တစ်ထောင်ဂြိုဟ်ကို ပြန်‌ရောက်တာနဲ့ နင့်သွေးမျိုးဆက်ကို ပြောင်းလဲပေးမယ်။ အဲ့အချိန်ကစပြီး နင့်ကို လျိုမေလို့ မခေါ်တော့ဘဲ ဟွမ်မေလို့ပဲ ခေါ်ရလိမ့်မယ်…နင် သဘောတူလား…”

အဘိုးအိုက အမျိုးသမီးငယ်ကို တောက်ပသောမျက်လုံးများဖြင့် ကြည့်နေသည်။သူက သည်တပည့်နှင့် ပတ်သတ်၍ အလွန် စိတ်ကျေနပ်ကာ အလုံးစုံကြယ်အဖွဲ့အစည်း၏ အချို့ရိုးရာဓလေ့များကြောင့် သူမကို မခံစားစေလိုပေ။သင့်တော်သော သွေးမျိုးဆက်မရှိလျှင် သူမက မည်သည့်အဆင့်အတန်းမှ ရှိလိမ့်မည် မဟုတ်ပေ။ထို့ကြောင့် သူက တုံ့ဆိုင်းခြင်းမရှိ အသုံးပြုခဲလှသည့် သွေးမျိုးဆက်ပြောင်းလဲပေးခြင်းကို သူမအတွက် အသုံးပြုရန် ပြောလာခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးက စဉ်းစားနေ၏။ သူမဆရာက သူမကို သည်အကြောင်းကို လမ်းတွင် ပြောပြခဲ့ပြီးသွား ဖြစ်သည်။ သူမကခဏတာ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ဆရာ့အလိုကျပါပဲ…”

အဘိုးအိုက ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ “မေအာ…ဒီအဘိုးအိုက နင့်ကို ကျင့်ကြံခြင်းဒုတိယအဆင့်နယ်ပယ်ထဲကို ခြေချနိုင်အောင် ကျိန်းသေ ထောက်ပံ့ပေးမယ်။ နင်က ဒီအဘိုးအိုရဲ့ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ထက် ကျော်လွန်တဲ့ အဆင့်ကိုတောင် ရောက်ရှိ ရလိမ့်မယ်…”

သည့်နောက် အနီရောင်အလင်းက တောက်ပသော ပုံရိပ်တစ်ထောင်ဂြိုဟ်ရှိရာသို့ ဦးတည်ပျံသန်းသွားတော့သည်။

အမျိုးသမီးက ပုံရိပ်တစ်ထောင်ဂြိုဟ်ကို ကြည့်ကာ သူ့စိတ်ထဲ၌ တွေးနေသည်။ “ဒီအလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကို လာတဲ့ ခရီးက ငါ့အတွက် ဘဝအသစ်ပဲ…ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ ရှိခဲ့တဲ့ ဝမ်လင်းနဲ့အရာအားလုံးက အတိတ်မှာ ကျန်ရစ်ခဲ့ပြီ။ ဝမ်လင်းက သူ့ပါရမီနဲ့ဆိုရင် ခုထိ အာဏာတက်ခြင်းအဆင့်ကို ရောက်သေးမှာ မဟုတ်ဘူး။ ဒါ့အပြင် သူက အာဏာတက်ခြင်းအဆင့်ကို ချိုးဖျက်နိုင်ဖို့ သေခြင်းရှင်ခြင်းစမ်းသပ်ချက်ကို ကျော်လွှားနိုင့်ပါ့မလားကလည်း မသေချာလှဘူး…”

“သူနဲ့ငါ့ကြားက ကွာခြားမှုက ပိုပို ကျယ်ပြန့်သထက် ကျယ်ပြန့်လာခဲ့ပြီ။ သူက ငါ့ပြိုင်ဘက် ဖြစ်ဖို့ အရည်အချင်း မပြည့်မှီတော့ဘူး။ ကံမကောင်းစွာနဲ့ သူ့အတွက် ငါပြင်ဆင်ထားတဲ့ အထူးရတနာတစ်ခုက အသုံး မဝင်တော့တာပဲ…”

အမျိုးသမီးက အသက်ဝဝရှူသွင်းကာ သူမ ဝမ်လင်းအတွက် အထူးပြင်ဆင်ထားသည့် ရတနာအကြောင်း တွေးမိလိုက်သည်။ သူမမျက်လုးထဲ၌ နှလုံးသား၏နာကျင်မှုတို့ ဖြစ်ပေါ်သွားသည်။သို့သော် သည်အရာက ချက်ခြင်း ပြန်ပျောက်ကွယ်သွား၏။

“သူက ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာပဲ ရှိနေလောက်သေးတယ်။ ငါနဲ့ နှိုင်းယှဉ်ရင်…သူက ငါနဲ့အဆင့်တူမှာ မရှိတော့ဘူး…”

သည့်နောက် အနီရောင်အလင်းတန်းက ပုံရိပ်တစ်ထောင်ဂြိုဟ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။

ရွင်ယွမ်ဂြိုဟ်ပေါ်တွင် ဝမ်လင်း ပတ်လည်၌ ကောင်းကင်ဘုံကျောက်စိမ်းပြားများစွာ ဝန်းရံနေကာ သူက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို ဖြည်းဖြည်းချင်း စုပ်ယူလို့နေသည်။ခုနစ်ရက် ကြာမြင့်ပြီးနောက် သူက မျက်လုံးဖွင့်လာခဲ့သည်။သူ့မျက်လုံးထဲ၌ လျှပ်စီးတို့ လှုပ်ရှားလျက် ရှိကာ အလွန်ထူးဆန်းလှ၏။

အသက်ဝဝရှူသွင်းလိုက်ပြီး ကြွင်းကျန်သောကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို ဝါးမြိုလိုက်ပြီးနောက် ကောင်းကင်ဘုံကျောက်စိမ်းပြား အများအပြားက ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားချေသည်။ဝမ်လင်းက အပြင်ဘက်ရှိ တစ်စုံတစ်ခုကို သတိပြုမိသွားဟန်ဖြင့် မတ်တပ်ထရပ်ကာ အပြင်သို့ လှမ်းလျှောက်ထွက်လာခဲ့သည်။

ကျောက်တုံးအောက်ရှိလူငယ်အသွင် အမျိုးသမီးငယ်က ကျင့်ကြံနေလျက်ပင်။သူမ ပတ်လည်၌ အဖြူရောင်အခိုးငွေ့တန်းနှစ်ခုက လှည်ပတ်နေပြီးနောက် ဖြည်းဖြည်းချင်း ပျောက်ကွယ်လို့သွား၏။

သူမက မျက်လုံးဖွင့်ကာ ကောင်းကင်ထက်သို့ မော့ကြည့်၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါ့ပါရမီက မလုံလောက်သေးဘူး။ ဒါပေမဲ့ ဝီရီယ ရှိရှိ ကြိုးစားမယ်ဆိုရင် ငါက စဦးစိတ်ဝိညာဉ်အလယ်အဆင့်ကို တစ်နေ့တော့ ရောက်မှာပဲ…”

သည်အခိုက်အတန့်၌ သူမက မျက်မှောင်ကြုတ်သွား၏။လူတစ်ယောက်က သူမ ရှိရာသို့ လှမ်းလျှောက်၍ လာနေသည်။ထိုလူက အနက်ရောင်ဆံပင်များ ပိုင်ဆိုင်ကာ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

သည်လူက အသက်သုံးဆယ်ခန့် ရှိမည် ဖြစ်ကာ ချောမောလှ၏။သူ့ထံမှ ကြမ်းကြုတ်သောအော်ရာကို ပေးစွမ်းလို့နေသေးသည်။

ထိုလူက လက်နှစ်ဖက်ကို နောက်ပစ်ထားလျက် ရှိနေကာ ဝင်ပေါက်မှ တစ်စုံတစ်ရာကို စောင့်နေသည့်ပုံပင်။

ကျောက်တုံးအောက်မှ လူငယ်၏ အကြည့်ကို သတိပြုမိလိုက်သည့်အတွက် သူက ထိုလူငယ်ကို တစ်ချက်သာ ကြည့်လိုက်သည်။သည့်နောက် သူက သူမနှင့် ပတ်သတ်၍ အာရုံမစိုက်တော့ပေ။

ကျောက်တုံးအောက်ရှိ လူငယ်က ပို၍ မျက်မှောင်ကြုတ်သွားသည်။သူမက သည်လူ၏ ကျင့်ကြံမှုအဆင့်ကို ဖြတ်မြင်နိုင်စွမ်း မရှိပေ။သို့သော် သူမက သည်လူက သွားရောက်ရန်စရန် မသင့်ဟူသော ခံစားချက်ကို ရရှိနေ၏။

သည့်နောက် အခန်းတစ်ခုထဲမှ ဖျပ်ခနဲ လူတစ်ယောက် ထွက်ပေါ်လာသည်။ထိုသူကတော့ ဝမ်လင်းပင်။

သူထွက်ပေါ်လာသည်နှင့် ခရမ်းရောင်ဝတ်စုံနှင့်လူက ရုတ်တရက် ‌ရောက်ရှိလာ၏။

ခရမ်းရောင်ဝတ်စုံနှင့် လူထံမှ တိုက်ပွဲစိတ်ဆန္ဒ အငွေ့အသက် ယောင်ယောင်လေး ထွက်ပေါ်နေသည်။သို့သော် သူက ၎င်းစိတ်ဆန္ဒကို ဖိနှိပ်လို့ထားသည်။ ဝမ်လင်းကလွဲ၍ မည်သူမျှ သည်အရာကို ထောက်လှမ်းမိလိုက်ခြင်း မရှိပေ။

ကျောက်တုံးအောက်ရှိ လူငယ်က သူမ ပတ်ဝန်းကျင်ရှိ ရာသီဥတုက ရုတ်တရက် အေးစက်လာသကဲ့သို့ ခံစားလိုက်ရ၏။ သူမနှလုံးသားက ခုန်ပေါက်နေကာ တစ်ခုခုဆိုးဆိုးရွားရွား ဖြစ်တော့မည်ကဲ့သို့ ခံစားနေရသည်။သူမက ဝမ်လင်းထွက်ပေါ်လာသည်ကို မြင်သည်နှင့် ချက်ခြင်း လှမ်းပြောလိုက်သည်။ “အထဲ ပြန်သွားချေ…”

ဝမ်လင်းက မှင်သက်သွားကာ ကျောက်တုံးအောက်မှ လူငယ်ကို ကြည့်လိုက်သည်။

လူငယ်က မတ်တပ်ထရပ်လာသည်။သူမ၏ ယောက်ျားလေးဝတ်စုံက ဖောင်းပွလို့နေ၏။ သို့သော် သူမမျက်နှာပေါ်၌ အလေးအနက်အသွင်နှင့် ရှိလို့နေသည်။ ခြေလှမ်းအနည်းငယ်ဖြင့် သူမက အစီအရင်ထိန်းချုပ်သည့် နေရာသို့ ရောက်ရှိလာခဲ့၏။ သူမက အလျင်လိုစွာ ပြောလိုက်သည်။ “မင်းက ဘာလို့ ဒီနေရာမှာ မတ်တပ်ရပ်နေတာလဲ။အထဲ ပြန်သွားချေ။ ဒီလူက ဒီနေရာကို ရောက်လာတာ မင်းကို ဒုက္ခပေးဖို့ဆိုတာ ထင်ရှားနေတယ်။ ငါက ခု အစီအရင်ရဲ့ အလယ်မှာ ရှိနေတဲ့အတွက် မင်းကို လုံခြုံအောင်လုပ်ပေးမယ်…”

သူမက ထိုသို့ ပြောလိုက်ရင်း သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကျောက်စိမ်းပြားတစ်ခုက သူမ လက်ထဲ၌ ပေါ်လာခဲ့သည်။

ဝမ်လင်းက ထိုလူငယ်ကို ကြည့်ကာ ပြောလိုက်၏။ “နင်က သူ့ပြိုင်ဘက် မဟုတ်ဘူး…”

လူငယ်က မျက်မှောင်ထပ်ကြုတ်သွားသည်။ သူမက ကျောက်စိမ်းပြားကို ကိုင်ဆောင်ထားရင်း ပြောလိုက်သည်။ “မင်းက ဒီကိစ္စနဲ့ ပတ်သတ်ပြီး စိတ်ပူစရာမလိုဘူး။ မင်း အတင်းခံညင်းနေရင် ငါက ဒီကိစ္စမှာ မင်းကို မကူညီပေးတော့ဘူး…”

ဝမ်လင်းက မှင်သက်မိသွားသည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ အစီအရင်ထဲသို့ ပြန်ဝင်လိုက်သည်။ လူငယ်က ဝမ်လင်းရှေ့သို့ ချက်ခြင်း ရောက်ရှိလာ၏။သူမက ခရမ်းရောင်ဝတ်စုံနှင့်လူကို ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်၏။ “စီနီယာ…ဒီနေရာက စွန်မိသားစုရဲ့ ဧရိယာပါ…။ စီနီယာက ဘာလို့ ဒီနေရာမှာ ရှိနေတာလဲ ငါ သိချင်ပါတယ်…”

ခရမ်းရောင်ဝတ်စုံနှင့် လူသည်လည်း မှင်တက်သွားမိသည်။ သူ့ထံရှိ တိုက်ပွဲစိတ်ဆန္ဒပင် လုံးဝပျောက်ကွယ်သွားခဲ့သည်။ သူ့မျက်လုံးထဲ၌ စိတ်ဝင်စားမှုနှင့် ပြည့်သွားကာ သူက လူငယ်ကို သေချာကြည့်၍ ပြုံး၍ ပြောလိုက်သည်။ “မင်း နာမည် ဘယ်သူလဲ…”

လူငယ်ကအသွင်က ခဏတာ တောင့်တင်းသွားပြီးနောက် သူမက ပြောလာသည်။ “ဂျူနီယာနာမည်က စွန်လင်းပါ…”

ခရမ်းရောင်နှင့်လူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “မင်းက မင်း အလုပ်ကို သေချာ လုပ်တာပဲ။ကောင်းတယ်။ မင်း ထွက်သွားနိုင်ပြီ။ ငါက မင်းနောက်ကလူကို လာရှာတာ…”

လူငယ့်အသွင်က ပြောင်းလဲသွားကာ သူမက ပြောလာ၏။ “စီနီယာ…သူက ဒီနေရာက ထွက်သွားရင် ဂျူနိယာက ဘာမှ လုပ်ပေးစရာ မရှိပါဘူး။ ဒါပေမဲ့လည်း သူက ခုထိ အိမ်ဧရိယာမှာ ရှိနေသေးတဲ့အတွက် ဂျူနီယာအတွက် တာဝန်ယူပေးဖို့ ရှိနေပါတယ်…”

ခရမ်းရောင်ဝတ်စုံနှင့်လူက မျက်မှောင်ကြုတ်ကာ လူငယ်ထံသို့ ကြည့်လိုက်သည်။သည့်နောက် သူ့အကြည့်က ထိုလူငယ်နောက်ရှိ ဝမ်လင်းထံသို့ ကျရောက်လို့သွားသည်။

အကြည့်တစ်ချက်ဖြင့်ပင် စွန်လင်းခန္ဓာကိုယ်က တုန်ယင်သွား၏။သူမက ရုတ်တရက် သူမရှေ့ရှိလူသည် ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ ရှေးဟောင်းသားရဲ တစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။ သည်အကြည့်က သတိပေးသည့်နှင့် တူနေ၏။ သူမကသာ ဆက်ပြီး လမ်းမဖယ်ပေးလျှင် သူမက သည်ရှေးဟောင်းသားရဲနှင့် တူသည့်လူကြောင့် စုတ်ပြတ်သွားမည်ဟု ခံစားမိလိုက်ရသည်။

ဝမ်လင်းအသွင်ကတော့ တည်ငြိမ်နေဆဲပင်။သူက ထိုလူ့ထံသို့ မထူးမခြားနားအကြည့်ဖြင့် ပြန်ကြည့်လိုက်၏။ လူငယ်မူလစိတ်ဝိညာဉ်က တုန်ယင်သွား၏။သို့သော် သူမက ဝမ်လင်းရှေ့တွင် ရပ်နေဆဲသာ။ ဝမ်လင်းက လူငယ်၏ နောက်ကျောကို ကြည့်ကာ စတင် စဉ်းစားနေ၏။

စွန်လင်းက အသက်ဝဝရှူသွင်းကာ အံတင်းတင်း ကြိတ်လိုက်၏။ “စီနီယာ…သူက ဒီထဲကနေ ထွက်မသွားသေးသ၍ သူ့လုံခြုံမှုအတွက် ငါ့မှာ တာဝန်ရှိနေပါတယ်။ ဒါ့အပြင် သူက အမြုတေဖွဲ့တည်ခြင်း ကျင့်ကြံသူတစ်ယောက်သာသာပဲ ဖြစ်ပါတယ်…စီနီယာ…”

ခရမ်းရောင်ဝတ်စုံနှင့်လူက မျက်မှောင်ကြုတ်သွားသည်။ သူက စိတ်မသက်မသာ ဖြစ်လာခဲ့သည်။

“မင်း…ပြန်…”

သို့ရာတွင် ခရမ်းရောင်ဝတ်စုံနှင့်လူ၏ စကားမဆုံးသေးခင်မှာပင် ဝမ်လင်းက ရုတ်တရက် ပြောလာ၏။

“တော်လောက်ပြီ…” ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။သူက ဝင်ပေါက်ကနေ လှမ်း၍ ထွက်လာလိုက်၏။

သူက ထိုသို့ လှမ်းထွက်လိုက်သည့်အခိုက်တွင် စွန်လင်းက ချက်ခြင်း ပြောလိုက်သည်။ “မင်းက ဘာလို့ ထွက်သွားတာလဲ။ ပြန်လာခဲ့ချေ…” သူမက လက်ထဲရှိ ကျောက်စိမ်းပြားကို ခွဲချေရန် ကြံရွယ်လိက်၏။ သည်ကျောက်စိမ်းပြားက သတင်းပို့ သည့်အရာဖြစ်သည်။

ဝမ်လင်းက နောက်လှည့်၍ ပြုံးကာ ပြောလိုက်သည်။ “ပြဿနာမရှိဘူး…”

ထိုသို့ပြောပြီးသည့်နောက် ဝမ်လင်းက ခရမ်းရောင်ဝတ်စုံနှင့်လူ ရှိရာသို့ လှမ်းလာ၏။အပြာရောင်မြူတစ်ခုပေါ်လာကာ စွန်လင်း၏ အမြင်အာရုံကို ပိတ်ဆို့သွားကာ ပတ်ဝန်းကျင်အား လွှမ်းခြုံသွားသည်။

ဝမ်လင်းနှင့် ခရမ်းရောင်ဝတ်စုံနှင့်လူကြားတွင် ခြေလှမ်းသုံးဆယ်သာ လိုတော့သည်။ဝမ်လင်းက သူ့ထံသို့ တည်ငြိမ်စွာ ကြည့်ကာ တစ်လှမ်းချင်း လှမ်းလာသည်။ ခရမ်းရောင်ဝတ်စုံနှင့်လူက အစပိုင်း၌ သက်တောင့်သက်သာပင်။သို့သော် ဝမ်လင်း နီးကပ်လာသည်နှင့် သူက ဝမ်လင်းထံမှ ဖိအားကို ခံစားလာရသည်။

သည်ဖိအားက လွန်စွာ အားကောင်း၏။ဝမ်လင်းက သူနှင့် ခြေဆယ်လှမ်းအကွာသို့ ရောက်လာခဲ့သည့်အခါ ဖိအားက အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်လာခဲ့သည်။

ခရမ်းရောင်ဝတ်စုံနှင့်လူ၏ အသွင်က အနည်းငယ် ပြောင်းလဲသွား၏။ သူ့မျက်လုံးကလည်း တောက်ပလာခဲ့သည်။သူက ဝမ်လင်းကို စူးစိုက်ကြည့်ကာ နောက်ဆုတ်ရမည့်အစား နေရာ၌သာ မားမားမတ်မတ် ရပ်နေလိုက်သည်။

ဝမ်လင်းက ရပ်တန့်သွားခြင်း မရှိဘဲ နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်။ ထိုခြေလှမ်း ချလိုက်သည့်အခိုက်၌ ထိုလူ့စိတ်ထဲ၌ မိုးခြမ်းသံတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။ သည်ခြေလှမ်းက မြေကြီးပေါ်သို့ လှမ်းလိုက်ခြင်းမဟုတ်ဘဲ သူ့စိတ်ထဲသို့ ခြေချလိုက်ခြင်းပင်။

ထိုလူက နောက်သို့ ခြေတစ်လှမ်း မဆုတ်ဘဲ မနေနိုင် ဖြစ်သွားရသည်။

ဝမ်လင်းက ခြေရှစ်လှမ်းထိ ဆက်လှမ်းလာခဲ့သည်။ ခြေလှမ်းတစ်လှမ်းချင်းစီက ခရမ်းရောင်ဝတ်စုံနှင့်လူ၏ စိတ်ထဲတွင် မိုးကြိုးမုန်တိုင်းတစ်ခုအား ဖြစ်စေသည်။

သူက နောက်သို့ ဆက်လက် ဆုတ်နေရင်း သူ့အသွင်က ဖြူရောလာခဲ့သည်။သူ့မျက်လုံးက ဝမ်လင်းကို ကြည့်နေရင်း တုန်လှုပ်မှုနှင့် ပြည့်လို့နေတော့သည်။

နောက်ဆုံးတစ်လှမ်းအနေဖြင့် ဝမ်လင်းက သူ့ခြေထောက်ကို ပင့်ကာ ခရမ်းရောင်ဝတ်စုံနှင့်လူအား ကြည့်လိုက်သည်။သူ့မျက်လုံးထဲ၌ အေးစက်မှုတို့ ဖြစ်ပေါ်လာကာ သူက ရုတ်တရက် ခြေလှမ်းချလိုက်၏။

သည်ခြေလှမ်းက အရင်ခြေလှမ်းများ၏ စွမ်းအားကို စုစည်းတည်ဆောက်ပြီး နောက်ဆုံးအဖြစ် လှမ်းလိုက်ခြင်း ဖြစ်သည်။

ခရမ်းရောင်ဝတ်စုံနှင့်လူ၏ အသွင်က ကြီးစွာ ပြောင်းလဲသွားသည်။သူက ချက်ခြင်းပင် နောက်ဆုတ်ကာ လက်နှစ်ဖက်ယှက်၍ ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူ…ငါ့မှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး…”

ဝမ်လင်းက ထိုလူ့ကို အေးစက်စွာ ကြည့်၍ သူ့ကို ကျော်လွန်ပြီး လှမ်းလျှောက်သွားလိုက်သည်။ ခရမ်းရောင်ဝတ်စုံနှင့်လူက ခြောက်ကပ်စွာ မချင့်ပြုံးပြုံး၍ ဝမ်လင်းနောက်သို့ လိုက်ပါသွားသည်။

အပြာရောင်မြူပျောက်ကွယ်သွားသည့်အခါ မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သကဲ့သို့ပင်။စွန်လင်းက သည်မြူထဲရှိ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို ခံစားမိခြင်း မရှိပေ။သူမက သက်ပြင်းချကာ ကျောက်တုံးအောက်၌ ကြာပွင့်သဏ္ဌာန် ပြန်ထိုင်ချလိုက်သည်။

“သူ့ကို ဒီစီနီယာခေါ်သွားတော့ သူ့အတွက် တော်တော်လေး ခက်ခဲတော့မှာပဲ…”

သည့်နောက် လူငယ်က မျက်လုံးပြန်မှိတ်ကာ ပြန်ကျင့်ကြံလိုက်သည်။

မြို့၏ မြောက်ဘက်ပိုင်းသို့ ရောက်ရှိလာပြီးနောက် ဝမ်လင်းက အရှေ့ဘက်ခြမ်းရှိ တစ်ခုတည်းရတနာခန်းမ ရှိရာသို့ လှမ်းလျှောက်၍ သွားနေသည်။ခရမ်းရောင်ဝတ်စုံနှင့်လူကတော့ မချင့်ပြုံးပြုံး၍ ပြောလိုက်သည်။ “ရောင်းရင်းရှု…ငါ့နာမည်က စွန်ရှီပါ။ အစောပိုင်းက ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး…” သူ့အဆင့်အတန်းကြောင့် သူက ပုံမှန်အားဖြင့် သူနှင့် ကျင့်ကြံခြင်းအဆင့်တူ တစ်ယောက်ကို ခုလိုမျိုးပုံစံနှင့် လုံးဝ မပြောဆိုခဲ့ပေ။သို့ရာတွင် သူက အစောပိုင်းတုန်းက သည့်လူ့ကို စမ်းသပ်ကြည့်ခဲ့သည့် အချိန်၌ သည်ရှုမူ၏ ကျင့်ကြံမှုက အလွန်ထူးဆန်းကာ သူက မည်သည့်သဲလွန်စကိုမျှ ဖြတ်မြင်နိုင်စွမ်း မရှိ ဖြစ်ခဲ့ရသည်။

သည်အရာက အရေးကြီးဆုံး မဟုတ်သေးပေ။ သူက ဝမ်လင်းထံမှ ယုံကြည်မှုနှင့်ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ကို ခံစားမိလိုက်ရသည်။ သည်အော်ရာက အဆင့်တူကျင့်ကြံသူများကို သတ်ခဲ့သော တစ်စုံတစ်ယောက်ထံမှသာ ရရှိနိုင်ပေ၏။ထိုသို့ လုပ်နိုင်စွမ်းရှိမှသာ ခုလိုမျိုး ယုံကြည်မှုအော်ရာကို ရရှိနိုင်မည် ဖြစ်သည်။

သည်စွန်ရှီက ရွင်ယွမ်ဂြိုဟ်ပေါ်ရှိ အာဏာတက်ခြင်းအဆင့် သုံးယောက်ထဲမှ တစ်ယောက် ဖြစ်၏။ သူက စွန်မိသားစု၏ ဘိုးဘေးတစ်ယောက်ဖြစ်သူ အာဏာတက်ခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူပင်။သူ့ကျင့်ကြံမှုအဆင့်ကို ပင်လယ်ကြမ်းပြင်၌ အပြီးသပ်ပြီးနောက် သူက သည်မြို့သို့ အလျင်စလို ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset