Switch Mode

အပိုင်း(၇၀၉)

ထွက်ခွာခြင်း…

လင်းထျန်ဟူ၏ လက်ဝါးက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ ဂိတ်ပေါက်ပေါ်သို့ ကျရောက်သွားသည်။သို့သော် ယင်းလက်ဝါးက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတစ်ခုလုံးကို တုန်ခါသွားစေ၏။သည်အခိုက်အတန့်၌ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ နိုင်ငံကိုးခုလုံးသည် တုန်ယင်သွားရသည်။

နတ်ဆိုးစိတ်ဝိညာဉ်တစ်ခုလုံးက ဆူညံသံများနှင့် ပြည့်နှက်သွားကာ ကောင်းကင်ပင် နက်မှောင်သွားရ၏။တိမ်များက တဝီဝီလှည့်ပတ်လာကာ ဧရာမဝဲကတော့ကြီး တစ်ခု ဖြစ်လာသည်။

သည်ဝဲကတော့က လွန်စွာ ကြီးမား၏။၎င်းက ပျံ့နှံ့ကာ တစ်ဖြည်းဖြည်းလှည့်လည်လာသည်။ထိုဝဲကတော့ကြီးထဲကနေ ဓားစွမ်းအင်တစ်ခု ထွက်ပေါ်လာကာ ကောင်းကင်ထက်၌ ပျံ့နှံ့လာသည်။

ကောင်းကင်ထက်၌ ကြီးစိုးလွှမ်းမိုးမှု အော်ရာတစ်ခု ပေါ်လာခဲ့သည်။တစ်ချိန်တည်းမှာပင် သက်တံရောင်စုံတစ်ခုက ထိုဝဲကတော့ထဲကနေ ထွက်ပေါ်လာပြီး ဆင်းသက်လာ၏။

သည်အခိုက်အတန့်၌ မြင့်မြတ်နယ်မြေ အသီးသီးမှ ရှေးဟောင်းနတ်ဆိုးများသည် ထွက်ပေါ်လာကာ ကောင်းကင်ထက်ရှိ ဝဲကတော့ကြီးကို သုန်မှုန်စွာ စူးစိုက်ကြည့်နေကြသည်။

ရှေးဟောင်းနတ်ဆိုးပေလောက မျက်မှောင်ကြုတ်ကာ ကောင်းကင်ထက်သို့ မော့ကြည့်နေသည်။ တစ်ချက် ကြည့်ပြီးနောက် သူက အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ ပြန်ပျောက်ကွယ်သွား၏။

ထိုဝဲကတော့ထဲကနေ လူများလှမ်းလျှောက်၍ ထွက်လာကြ၏။အစိမ်းရောင်ဝတ်စုံနှင့် လင်းထျန်ဟူက ကောင်းကင်ထက်၌ မတ်တပ်ရပ်နေသည်။သူက အောက်သို့ ကြည့်ကာ အော်ပြောလိုက်၏။ “လောဘကြီး…ထွက်လာပြီး ဒီအဘိုးအိုကို လာတွေ့ချေ…”

သူ့အသံက မိုးခြိမ်းသံအလား ကောင်းကင်အနှံ့ တုန်ခါပျံ့နှံ့သွားသည်။မြေပြင်ပင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာကာ ပျံ့နှံ့ကုန်ကြ၏။ မျက်စိတစ်မှိတ်အတွင်း လင်းထျန်ဟူ၏ အသံက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတစ်ခုလုံးကို ပျံ့နှံ့သွားတော့၏။

ထူးဆန်းစွာပင် လူတိုင်းက လောဘကြီး သည်နေရာသို့ ရောက်နေသည်ကို ကြိုသိနေကြသည့်အလား အံ့အားသင့်သွားကြခြင်း မရှိပေ။

သွေးဘီးလူးက မျက်မှောင်ကြုတ်ကာ သူ့မျက်နှာက ရှုံ့တွ်နေ၏။သူက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ ခြေချလိုက်သည်နှင့် ကုန်းမြေတစ်ခုလုံးကို သူ့နတ်ဘုရားအာရုံဖြင့် ဖြန့်ကျက်ကြည့်ခဲ့သည်။သို့သော် သူက ယောင်ရှင်းရွှယ်၏ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့ဘဲ ဖြစ်နေ၏။ သူမက လုံးဝ ပျောက်ကွယ်နေသကဲ့သို့ ဖြစ်နေကာ သွေးဘိုးဘေးအား မသက်မသာ ဖြစ်နေစေသည်။

သူက အသက်ဝဝရှူသွင်းကာ လျှို့ဝှက်မန္တာန်တစ်ခုကို စတင် အသက်သွင်းလိုက်သည်။ သူက သူ့လျှို့ဝှက်မန္တာန်ဖြင့် ထပ်မံ၍ စစ်ဆေးကြည့်လိုက်ပြန်သည်။ထိုအခါ သူ့အသွင်က ပိုမို၍ သုန်မှုန်သွားတော့သည်။

ရှေ့ဖြစ်ဟောသူက လက်ဆန့်ထုတ်ကာ သူ့လက်မနှင့်လက်ညှိုးကို ပွတ်ကာ တွက်ချက်လို့နေသည်။ အပြင်ဘက်၌ အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေက သူ့ရှေ့ဖြစ်ဉာဏ်ကို အနှောက်အယှက် ပြုထားသည်။သို့သော် ခုချိန်၌ သူက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထဲသို့ ရောက်နေပြီ ဖြစ်သည့်အတွက် သူ့အား နှောက်ယှက်မည့်အရာ မရှိတော့ပေ။

သည်မွန်းစတားအိုကြီးများက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ ဝင်လာသည်နှင့် ဝမ်လင်းက ဒီလှိုင်းအသူတစ်ရာချောက်ထဲသို့ ခုန်ချခဲ့ပြီး ဖြစ်သည်။သူက အောက်ခြေသို့ ကြယ်ပျံတစ်စင်းအလား ထိုးဆင်းလာသည်။

စုပ်အားက ဝမ်လင်းကို တွင်းနက်ထဲသို့ ပိုမိုရောက်ရှိရန် ထောက်ပံ့ပေးနေခဲ့၏။

လင်းထျန်ဟူ၏ အသွင်က သုန်မှုန်နေခဲ့သည်။သူ့အသံထွက်ပေါ်လာပြီးနောက် သူက နတ်ဘုရားအာရုံဖြင့် သည်ဧရိယာတစ်ခုလုံးကို သိမ်းကြုံးခြုံလွှမ်းကြည့်လိုက်သည်။ မြောက်အရပ်စွန်းစွန်း၌ အခြားနတ်ဘုရားအာရုံနှစ်ခုက ရုတ်တရက် ပေါ်လာကာ သူ့နတ်ဘုရားအာရုံနှင့် ထိတိုက်သွားသည်။လင်းထျန်ဟူက တိုးညှင်းစွာ ငြီးတွားလိုက်ရကာ သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားသည်။သည့်နောက်သူ့မျက်လုံးက လွန်စွာ တောက်ပလာလေ၏။

တစ်ချိန်တည်းမှာပင် သူတို့ရှေ့တွင် တိမ်တိုက်တစ်ခုက တိတ်တဆိတ်ပေါ်လာ၏။သည်တိမ်ထုက ပုံရိပ်ယောင်တစ်ခုသာ ဖြစ်၏။အမျိုးသားနှင့်အမျိုးသမီး တစ်ယောက်တို့သည် ထိုတိမ်ပေါ်၌ ထိုင်လျက် ရှိနေသည်။

သူတို့က ကောင်းကင်ဘုံတိမ်စုံတွဲ ဝမ့်ဝေနှင့်ဟူကျွမ့်တို့ ဖြစ်ကြပေ၏။

ဝမ့်ဝေက လင်းထျန်ဟူနှင့် အပေါင်းအပါများကို တည်ငြိမ်စွာ ကြည့်လိုက်သည်။သူ့အကြည့်က ရှေ့ဖြစ်ဟောသူ ပေါ်သို့ ကျရောက်သွားသည့်အခါ သူ့မျက်လုံးသူငယ်အိမ်က ယောင်ယောင်လေး ကျုံ့သွားခဲ့၏။ရှေ့ဖြစ်ဟောသူက မျက်လုံးမှိတ်ထားလျက်သာ ရှိနေသည်။သူက ထိုနှစ်ယောက်ရောက်လာသည့်နောက်တွင်လည်း ဆက်လက်၍ တွက်ချက်လို့နေသည်။

ဝမ့်ဝေက ပြုံး၍ ဆိုလာ၏။ “ရောင်းရင်းကျင့်ကြံသူတွေ…မတွေ့ရတာ ကြာပြီ…”

ဟူကျွမ့်ကလည်း ယောင်ယောင်လေး ပြုံးလိုက်သည်။ သို့သော် သူမက စကားတော့ မဆိုပေ။

လင်းထျန်ဟူက ဝမ့်ဝေ့ကို ကြည့်ကာ အေးစက်စွာ ဆို၏။ ရောင်းရင်းဝမ့်…ငါက လောဘကြီးက မင်းနဲ့အတူ ရှိနေတာကို သတိပြုမိတယ်။ “သူ့ကို ငါ့ရှိ ပေးပါ။ ငါ သူ့ကို အရေးတကြီး မေးစရာ ရှိတယ်…”

ဝမ့်ဝေက ပြုံး၍ သူ့နှလုံးသည်းပွတ် ဟူကျွမ့်သို့ ပြောလိုက်၏။ “ကြည့်ပါဦး…ဒီလောက်နှစ်တွေကြာတာတောင် …ဓားသူတော်စင်ရဲ့ ရန်လိုမှုက လျော့နည်းလာတာ မရှိတဲ့အပြင် ပိုတောင် ဆိုးလာသလားလို့…”

ဟူကျွမ့်က နူးညံစွာကြည့်ကာ ပြုံး၍ ဆိုလာ၏။ “ဓားသူတော်စင်က သူ့တပည့်တွေအတွက် စိတ်ပူပန်နေတာကို နားလည်ပေးရမှာပေါ့…”

လင်းထျန်ဟူ၏ အသွင်က ပို၍ သုန်မှုန်သွားတော့သည်။ သူက သည်နှစ်ယောက်ကို လန့်နေသည်ကြောင့်သာ မဟုတ်ပါက သူက သူတို့ကို သူ့စိတ်ထဲရှိသည့်အတိုင်း တိုက်ခိုက်ပြီးနေလောက်ပြီ ဖြစ်သည်။

ဝမ့်ဝေက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ လူနှစ်ယောက် ချက်ခြင်း ပျံသန်းထွက်လာခဲ့သည်။တစ်ယောက်ကတော့ ချန်လုံဖြစ်ကာ နောက်တစ်ယောက်ကတော့ လောဘကြီးပင်။

ချန်လုံက လင်းထျန်ဟူကို မြင်လိုက်ရသည့်အခါ သူ့မျက်လုံးထဲ၌ ပျော်ရွှင်မှုနှင့် ပြည့်နှက်သွားတော့သည်။ သူက ဒူးတစ်လောက်ထောက်ကာ ဆိုလာ၏။ “ဆရာ…ဒီလောဘကြီး…သူက ငါ့ဂျူနီယာညီတွေကို အန္တရာယ်ပေးခဲ့တယ်…”

လောဘကြီး၏ အသွင်က ပုံမှန်ပင် ဖြစ်ကာ နည်းနည်းလေးပင် ပြောင်းလဲမသွားချေ။ သူက ထွက်ပေါ်လာသည်နှင့် ဝမ့်ဝေနှင့် ဟူကျွမ့်တို့နောက်၌ ကျွန်အိုကြီးတစ်ယောက်လို့ မတ်တပ်ရပ်နေပေသည်။

လင်းထျန်ဟူက ချန်လုံကို မကြည့်ဘဲ လောဘကြီးထံသို့သာ စူးရဲစွာ ကြည့်၍ သုန်မှုန်စွာ ပြောလိုက်သည်။ “လောဘကြီး..မင်းက သတ္တိသိပ် ရှိနေတယ်ပေါ့…”

လောဘကြီး၏ နှလုံးက တစ်ချက် ခုန်ပေါက်သွားသော်လည်း သူ့အသွင်ကတော့ ပြောင်းလဲသွားခြင်း မရှိပေ။သူက ချန်လုံကို အေးစက်စွာ ကြည့်၍ ပြောလိုက်၏။ “ကောင်လေး…ဒီအဘိုးအိုက မင်းတို့တာ့လော့ဓားကလန်ရဲ့ လူတစ်ဦးတစ်ယောက်ကို ကိုယ်တိုင် သတ်ခဲ့လား…”

ချန်လုံက လောဘကြီးထံသို့ ကြမ်းကြုတ်စွာ ကြည့်နေသည်။ သူ့ဆရာက သည်နေရာမှ ရှိနေသည့်အတွက် သူက စွမ်းအားပြည့်နေသလို ခံစားရကာ အော်ပြောလိုက်သည်။ “သင်က ငါတို့ကို ကိုယ်တိုင် မသက်ပေမဲ့လည်း ငါတို့ကို ခရမ်းရောင်မြူကြားမှ ပိတ်လှောင်ထားခဲ့တယ်။ဒါ့ကြောင့်သာ မဟုတ်ရင် ငါ့ဂျူနီယာညီတွေက သေသွားစရာ အကြောင်း မရှိဘူး…”

လောဘကြီးက ရယ်မော၍ ပြောလာ၏။ “ဒီအဘိုးအိုက မင်းတို့အားလုံးကို မြူထဲမှာ ပိတ်ထားခဲ့ရတာက တုန်ကင်ကို ရဖို့ပဲ။ ဒါပေမဲ့ ငါက မင်းတို့အားလုံးရဲ့ ဆံချည်တစ်မွှေးတောင် နာကျင်စေခဲ့တာ မရှိဘူး…။မင်းဂျူနီယာတွေကို သတ်ခဲ့တဲ့ လူကို ရှာရမယ့်အစား မင်းက ငါ့ကို လာစွပ်စွဲနေတယ်…”

ချန်လုံက စကားဆက်ပြောဟန် ပြင်လိုက်သည်။သို့သော် လင်းထျန်ဟူက သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ အေးစက်စွာ ပြောလိုက်၏။ “ချန်လုံ…ဆက်မပြောတော့နဲ့…” လင်းထျန်ဟူက လောဘကြီးကို သတ်ဖြတ်ချင်စိတ်ဖြင့် ကြည့်ကာ တစ်လုံးချင်း ပြောလာ၏။ “လောဘကြီး…တုန်ကင် ဘယ် မှာ လဲ…”

လောဘကြီးက ခါးသီးစွာ ပြုံး၍ ဆိုလာ၏။ “သင်တို့အားလုံးက ငါ့ကို မယုံကြဘူး။ ဒါပေမဲ့ ငါက ငါ့နှစ်သောင်းနဲ့ချီတဲ့ ကျင့်ကြံမှုကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်။ငါ့လက်ထဲမှာ ဒီတုန်ကင် မရှိဘူး…”

လင်းထျန်ဟူက စကားတစ်ခွန်းမှ မဆိုဘဲ လောဘကြီးထံသို့ ကြည့်လိုက်သည်။သူက လောဘကြီးဆက်ပြောမည့် စကားကို စောင့်နေလိုက်၏။ သည်အခိုက်အတန့်၌ မျက်လုံးမှိတ်ထား‌သော ရှေ့ဖြစ်ဟောသူကလွဲ၍ ကျန်သည့်မွန်းစတားအိုကြီးအားလုံး၏ ထက်ရှသော အကြည့်များက လောဘကြီးထံသို့ ကျရောက်လာခဲ့သည်။

လောဘကြီးက ဦးရေပြားပင် ထုံထိုင်းသွားမိသည်။ခုရှိနေသည့်လူများထဲတွင် ချန်လုံကလွဲ၍ ကျန်သည့်လူအားလုံးထဲ၌ သူ့ကျင့်ကြံမှုအဆင့်က အနိမ့်ဆုံး ဖြစ်နေပေသည်။သည်အခိုက်အတန့်၌ သည်လိုအားကောင်းလှသည့် ကျင့်ကြံသူများ၏ အကြည့်များက သူ့ထံသို့ ရောက်လာသည့်အခါ သူ့စိတ်ထဲ၌ တုန်လှုပ်မှုကိုပါ ခံစားလိုက်ရသည်။သူက သူ့ကိုယ်သူ ပြန်တည်ငြိမ်အောင် မနည်းလုပ်လိုက်ပြီးနောက် အသက်ဝဝရှူသွင်းကာ ခပ်မြန်မြန် ပြောလိုက်သည်။ “ဒီတုန်ကင်ကို ယူသွားတဲ့လူက ကောင်းကင်ကံကြမ္မာကလန်က ဝမ်လင်းဆိုတဲ့လူပဲ။ တူလေး ချန်လုံး မင်းက ဒါကို သက်သေပြုနိုင်တယ်။ သူက မင်းတို့တာ့လော့ကလန်ရဲ့ လူတွေကိုလည်း သတ်ခဲ့သေးတယ်…”

လင်းထျန်ဟူက မျက်မှောင်ကြုတ်ကာ ချန်လုံထံသို့ ကြည့်လိုက်သည်။

ချန်လုံက မြန်ဆန်စွာ ပြောလာ၏။ “ဆရာ…တပည့်က လောဘကြီး ချုပ်နှောင်ထားတာ ခံရတဲ့အချိန်မှာ ဝမ်လင်း တုန်ကင်ကို ရသွားတာ မြင်ခဲ့ရုံပါပဲ။အဲ့နောက်မှာ ဘာတွေ ဆက်ဖြစ်သွားလဲ တပည့် မသိပါဘူး…။ဒါပေမဲ့လည်း သူက ငါ့ဂျူနီယာတွေကို သတ်ခဲ့တာတော့ အမှန်ပါပဲ…”

သည်အခိုက်အတန့်၌ ရှေ့ဖြစ်ဟောသူက ရုတ်တရက် မျက်လုံးဖွင့်လာကာ သူက အရှေ့အရပ်သို့ ကြည့်လိုက်သည်။

“သူ ထွက်သွားချင်နေတယ်…” ရှေ့ဖြစ်ဟောသူ၏ လက်က မြန်ဆန်စွာ လှုပ်ရှားသွားကာ သူ့အကြည့်က အကွာအဝေးတစ်ခုထံသို ထွင်းဖောက်သွားသည်။ယင်းအကြည့်က ရေနတ်ဆိုးနိုင်ငံရှိ ဒီလှိုင်းအသူတစ်ရာချောက် ဝင်ပေါက်သို့ တိုက်ရိုက်ကျရောက်သွားကာ တွင်းနက်၏ အပေါက်ထိ ထွင်းဖောက်လာခဲ့သည်။သို့ရာတွင် သူ့အကြည့်က ရပ်တန့်သွားခြင်း မရှိဘဲ တွင်းနက်ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာခဲ့သည်။

ဝမ်လင်းက အောက်သို့ ဆင်းသက်နေရင်း သူက ချက်ခြင်း သတိပြုမိလိုက်သည်။သည့်နောက် သူက စုပ်အားနှင့် တစ်သားတည်း ဖြစ်လာကာ ပို၍ မြန်ဆန်စွာ ရွှေ့လျားလိုက်သည်။ ရှေ့ဖြစ်ဟောသူက သူ့အကြည့်ပင် စုပ်အား၏ သက်ရောက်မှုကို ခံလိုက်ရသည်ဟု ခံစားမိလိုက်၏။သူက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် သူ့အကြည့်က စုပ်အားကို ထွင်းဖောက်ကာ အောက်သို့ ဆက်၍ သွားသည်။

ရှေ့ဖြစ်ဟောသူ၏ မန္တာန်က လင်းထျန်ဟူနှင့် အခြားလူများ၏ အာရုံကို ချက်ခြင်း ဖမ်းစားသွားနိုင်သည်။ ကောင်းကင်ဘုံတိမ်စုံတွဲ၏ မျက်လုံးထဲ၌ပင် အံ့အားသင့်သည်ဟန်တို့ ဖြစ်ပေါ်သွားကြ၏။သည်မွန်းစတားအိုကြီးများက သူတို့၏ နတ်ဘုရားအာရုံများကို ဖြန့်ကျက်ကာ ဒီလှိုင်းအသူတစ်ရာချောက်အောက်ရှိ တွင်းနက်ထဲသို့ ဝင်သွားသည့် ရှေ့ဖြစ်ဟောသူ၏ အကြည့်နောက်သို့ လိုက်ပါလာကြသည်။

ဝမ်လင်းအသွင်က ပုံမှန်အတိုင်း ရှိနေကာ သူက သိုလှောင်အိတ်ထဲမှ ကြယ်ခုနစ်ခုဓားအစီအရင်ကို ထုတ်ယူလိုက်သည်။သည်အစီအရင်က သူ့ခန္ဓာကိုယ်အား လှည့်ပတ်လာကာ သူ့အား ပို၍ မြန်ဆန်အောင် လုပ်ပေးလေသည်။

ဝမ်လင်းက တွင်းနက်အောက်ခြေသို့ တိုက်ရိုက် တဟုန်ထိုး ဆင်းလာသည်။သိပ်မကြာခွင်တွင် သူက ဝဲကတော့ ရှိသောနေရာသို့ ရောက်လာခဲ့သည်။သည်အခိုက်အတန့်၌ ရှေ့ဖြစ်ဟောသူနှင့်မွန်းစတားအိုကြီးများ၏ နတ်ဘုရားအာရံဒကလည်း ဆင်းသက်လာကြသည်။

လင်းထျန်ဟူက ချက်ခြင်းပင် ကြယ်ခုနစ်ခုဓားအစီအရင်ကို တွေ့မြင်လိုက်သည်။သည်အရာက သူ့ကို ချက်ခြင်းပင် ဒေါသပုန်ထသွားစေ၏။

ရှေ့ဖြစ်ဟောသူက ဝမ်လင်းတွင် ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်၏ အမှတ်အသား မရှိတော့သည်ကို မြင်တွေ့လိုက်ရသည်။သည်အရာက ရှေ့ဖြစ်ဟောသူ၏ အကြည့်ကို အေးစက်သွားစေ၏။

ဝမ်လင်းက ဝဲကတော့ထဲသို့ ခြေချလိုက်သည်။သည့်နောက် သူကလှည့်၍ သူ့နောက်ကနေ လိုက်ပါလာသော လူတိုင်းကို အေးစက်စွာ ကြည့်လိုက်ရင်း တစ်ဖြည်းဖြည်း ဝဲကတော့ထဲသို့ နစ်မြုပ်လို့သွားသည်။

ဝဲကတော့ထဲမှ ပြင်းထန်သောအားတစ်ခု ထွက်ပေါ်ကာ ပျံ့နှံ့လာခဲ့သည်။သည်စွမ်းအားက ရှေ့ဖြစ်ဟောသူနှင့်တစ်ခြားသူများ၏ နတ်ဘုရားအာရုံများအတွက်ပင် အလွန်အားကောင်းနေခဲ့ပေသည်။သူတို့က နောက်သို့ ပြန်ဆုတ်ကာ ဝမ်လင်း ဝဲကတော့ထဲသို့ ဝင်ရောက်သွားသည်ကိုသာ ကြည့်နေရုံသာ တက်နိုင်တော့သည်။

သည်အရာက သူတို့ ဝမ်လင်းကို မရပ်စေလိုခြင်းတော့ မဟုတ်ပေ။သို့သော် ထိုဝဲကတော့မှ ထွက်ပေါ်လာသည့် စွမ်းအားက ကြယ်အဖွဲ့အစည်းကြီးနှစ်ခုကြား ချိတ်ဆက်ထားသည်ဖြစ်ရာ လွန်မင်းစွာ သန်မာအားကောင်းနေသည် မဟုတ်လား။

ဝမ်လင်းပုံရိပ်က ဝဲကတော့ထဲသို့ ဝင်သွားသည့်အခိုက်တွင် သွေးဘိုးဘေး၏နတ်ဘုရားအာရုံက ဝမ်လင်းကို စူးစိုက်ကြည့်ကာ သူ့အသွင်က အလွန်အမင်း သုန်မှုန်သွားချေသည်။သည်အခိုက်အတန့်လေး၌ သူက ဝမ်လင်းကိုယ်ပေါ်ကနေ ယောင်ရှင်းရွှယ်၏ အော်ရာကို ခံစားမိလိုက်ပေသည်။ယောင်ရှင်းရွှယ်၏ ရုန်းကန်နေမှု၊ပုန်ကန်နေမှုက သွေးဘိုးဘေးကို ယောင်ရှင်းရွှယ်ပျောက်ကွယ်သွားခြင်းသည် ဝမ်လင်းနှင့်တစ်ခုခု ပတ်သတ်နေမည်ကို ကောက်ချက်ချမိသွားစေ၏။

သူ့အသွင်က အလွန်အမင်း နက်မှောင်နေကာ သူက အော်ပြောလိုက်သည်။ “ဝမ်လင်း..ငါ့ သမီးဘယ်မှာလဲ…”

“လှိုဏ်ဂူအတုက သုံးခုပဲ ရှိတာ မဟုတ်ဘူး…လေးခုရှိတာ…” ဝမ်လင်းက ပျောက်ကွယ်မသွားခင် သည်နောက်ဆုံးစကားကို ချန်ထားခဲ့လိုက်၏။

အခြားလူများက ဝမ်လင်း၏စကားကို နားလည်လိမ့်မည် မဟုတ်သော်လည်း သွေးဘိုးဘေးကတော့ ချက်ခြင်း နားလည်လိုက်၏။လေးခုမြောက်လှိုဏ်ဂူအတုက သူနှင့်ယောင်ရှင်းရွှယ်တို့သာ သိသည့် လျှို့ဝှက်ချက် တစ်ခု ဖြစ်နေသည်မဟုတ်လား။

သည်အရာကပင် ဝမ်လင်း မျှော်လင့်ထားသည့်အရာ ဖြစ်နေ၏။ သူက ထွက်ခွာသွားတော့မည် ဖြစ်သော်လည်း ထိုမွန်းစတားအိုကြီးများ၏ စိတ်ကို ဒွိဟ ဖြစ်အောင် မွှေနောက်သွားခဲ့မည် ဖြစ်သည်။ သွေးဘိုးဘေးကသာ ယောင်ရှင်းရွှယ် ကို သတိမပြုမိပါက အဆင်ပြေလိမ့်ဦးမည် ဖြစ်၏။သို့ရာတွင် သူက ရှာတွေ့သွားသည့်အတွက် ဝမ်လင်းကလည်း တန်ပြန်တိုက်ခိုက်ခဲ့ရမည်သာ ဖြစ်သည်။ဝမ်လင်း ရည်ရွယ်ချက်က သွေးဘိုးဘေး ယောင်ရှင်းရွှယ်ကို အကြောင်းပြု၍ သူ့နောက်သို့ လိုက်မလာနိုင်ရန် ဖြစ်လေ၏။သူက သည်မွန်းစတားအိုကြီးများ၏ စိတ်ထဲ၌ သူ့စကားများက များစွာတာသွားလိမ့်မည်ဟု ယုံကြည်ထားပေ၏။

ဝမ်လင်းက ပျောက်ကွယ်လို့သွား၏။

ဝဲကတော့ပတ်လည်ရှိဧရိယာသည် လုံးဝ တိတ်ဆိတ်လို့နေသည်။သည်မွန်းစတားအိုကြီးများက သုန်မှုန်သောအသွင်နှင့် ရှိနေကြ၏။သူတို့က မူလကတည်းက ကိုယ်ပိုင်အစီအစဉ်များ ကိုယ်စီ ရှိကြသော်လည်း ဝမ်လင်း၏ စကားကို ကြားလိုက်ရသည့်အခါ သူတို့အားလုံးက သွေးဘိုးဘေး၏ တုံ့ပြန်မှုကို ကြည့်လာကြသည်။

သွေးဘိုးဘေးက သူ့နောက်ကျောသို့ အပ်များနှင့် ထိုးစိုက်သကဲ့သို့ ခံစားလိုက်ရ၏။သူက အနည်းငယ် စဉ်းစားပြီးနောက် ပြောလာသည်။ “လေးခုမြောက်လှိုဏ်ဂူက အမှန်တကယ် ရှိနေလိမ့်မယ်။ ဒါပေမဲ့ ဒါက ဒီဝမ်လင်း သိမ်းပိုက်ထားတာပဲ ဖြစ်ရမယ်။ သူ့မှာ တုန်ကင်လည်း ရှိတော့ ဒါ့ကြောင့် သူ့ကိုသာ ငါတို့ မဖမ်းနိုင်ရင် အစစ်အမှန်လှိုဏ်ဂူထဲဝင်ဖို့ ငါတို့အားလုံးအတွက် ဘာအခွင့်အရေးမှ ရှိမှာ မဟုတ်တော့ဘူး…”

“ငါတို့က ဒီဝဲကတော့ဟာ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ ဝင်ပေါက် ဖြစ်တာကို သိထားကြပြီး ဖြစ်တယ်။ ဒါပေမဲ့လည်း ဒီဝဲကတော့ထဲက စွမ်းအားက သန်မာလွန်းလှတယ်။ဒီဝမ်လင်းက ပစ္စည်းတစ်ခုခု ရခဲ့လို့သာ ဒီထဲကို ဝင်သွားနိုင်တာ ဖြစ်လိမ့်မယ်…”

“ငါတို့အားလုံးက ဒီထဲကို ဝင်နိုင်ဖို့ ကြိုးစားခဲ့ကြဖူးပေမဲ့ မအောင်မြင်ခဲ့ကြဘူး…။ဒါပေမဲ့လည်း ငါတို့သာ အတူလက်တွဲလုပ်ရင် လူတစ်ယောက်ကိုတော့ စေလွှတ်နိုင်လိမ့်မယ်…”

လင်းထျန်ဟူက အလေးအနက် မေးလိုက်၏။ “ဘယ်သူ သွားမှာလဲ…”

“ငါ သွားမယ်လို့ပြောရင် ရောင်းရင်းကျင့်ကြံသူအားလုံက ငါ့ကို သံသယ ဝင်လိမ့်မယ်။အကောင်းဆုံး ရွေးချယ်မှုကတော့ လောဘကြီး ဆိုတာ သံသယ ရှိစရာ မလိုဘူး။ ငါတို့တစ်ယောက်စီက သူ့ပေါ်မှာ အတားအဆီးတစ်ခုကို ချထားကြမယ်။ ပြီးရင် ဒီလောဘကြီးက ငါတို့လက်ထဲကနေ ပြေးလွတ်မှာ မဟုတ်ပါဘူး။သူက ဝမ်လင်းကို ဖမ်းပြီး ဒီကို ပြန်ခေါ်လာဖို့ပဲ နာခံရလိမ့်မယ်။ လောဘကြီးရဲ့ ကျင့်ကြံမှုကလည်း ဝမ်လင်းကို ရင်ဆိုင်ဖို့ လုံလုံလောက်လောက် မြင့်မားတယ်…”

ရှေ့ဖြစ်ဟောသူက ဝဲကတော့ထံသို့ တိတ်ဆိတ်စွာ စူးစိုက် ကြည့်လို့နေ၏။သူ့မျက်လုံးထဲကနေလည်း ထူးဆန်းသောအလင်းတစ်ခု ထုတ်လွှတ်နေသည်။မည်သူကမျှ သူ ဘာတွေးနေသည်ကို သိနိုင်လိမ့်မည် မဟုတ်ပေ။

Comment

Leave a Reply

Options

not work with dark mode
Reset