Switch Mode

အပိုင်း(၇၀၇)

မွန်းစတားအိုကြီးများ ဆင်းသက်လာခြင်း(၁)

“အလုံးစုံကြယ်အဖွဲ့အစည်းကြီး…” ဝမ်လင်းက မျက်မှောင်ကြုတ်သွားမိသည်။သူ့မှတ်ဉာဏ်ထဲ၌ သည်အလုံးစုံကြယ်အဖွဲ့အစည်း နှင့်ပတ်သတ်၍ ဘာအချက်အလက်မှ ရှိမနေခဲ့ပေ။ထူစီ၏ မှတ်ဉာဏ်ထဲ၌ပင် သည်ကြယ်အဖွဲ့အစည်းအကြောင်း လုံးဝ ရှိမနေခဲ့ချေ။

စာလိပ်ထဲရှိ အမျိုးသမီးက တုန်ယင်သွား၏။သူမက လှည့်ကြည့်လိုက်သော်လည်း မမြင်ရသောစွမ်းအားတစ်ခုက သူမကို ဟန့်တားထားသည်။

“အိမ်…”

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။သူက စာလိပ်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ “ငါက နင့်ကို ဒီနေရာထိရောက်အောင် ခေါ်လာခဲ့ပြီးပြီး…ခုနင့်အလှည့်ပဲ…”

အမျိုးသမီးက သက်ပြင်းချကာ ဝိုးဝဝါးအသံ ထွက်ပေါ်လာ၏။

“နင် ပုံပြင်တစ်ပုဒ် ကြားချင်လား…”

ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။သူ့အသွင်က သုန်မှုန်သွားကာ အေးစက်စက် ပြောလိုက်၏။ “စိတ်မဝင်စားဘူး…”

အမျိုးသမီးက မှင်သက်သွား၏။သူမက ခါးသက်စွာ ပြုံး၍ ဆိုလာသည်။ “လွန်ခဲ့တဲ့ အချိန်တွေတုန်းက ထူးဆန်းတဲ့နယ်မြေတစ်ခု ရှိခဲ့တယ်။ဒီနေရာက တစ်လောကလုံးရဲ့..မဟုတ်သေးဘူး…စကြဝဠာတစ်ခုလုံးက ကျင့်ကြံသူတွေရဲ့ မြင့်မြတ်ကုန်းမြေတစ်ခု ဖြစ်ခဲ့တယ်။ဒီနေရာကို ကောင်းကင်ဘုံနယ်မြေလို့ ခေါ်တွင်တယ်…”

“အချိန်ရဲ့စီးဆင်းမှုအောက်မှာ ကောင်းကင်ဘုံနယ်မြေပျောက်ကွယ်သွားတဲ့နောက် ကောလဟာလမျိုးစုံ ဆိုလာကြတယ်။ဘယ်သူကမှ ဒီကောင်းကင်ဘုံနယ်မြေက တည်ရှိခဲ့ရဲ့လားတောင် သေချာမသိခဲ့ကြဘူး…”

“ဒါပေမဲ့လည်း ကောလဟာလတစ်ခုက ပြန့်နှံ့လာခဲ့တယ်။ ဒီကောလာဟာလက ကောင်းကင်ဘုံနယ်မြေက ကျင့်ကြံသူတွေကို စွန့်ခွာပြီး ဒီစကြဝဠာကနေ ထွက်ခွာသွားတယ်လို့ ဆိုတယ်။ ကျန်ခဲ့တဲ့ အရာတွေဆိုလို့ ကောင်းကင်ဘုံနယ်မြေနဲ့ ချိတ်ဆက်ထားတဲ့ ဥမင်လေးခုပဲ ရှိခဲ့တာ။မရေမတွက်နိုင်တဲ့ နှစ်တွေကြာပြီးတဲ့နောက် ဒီဥမင်လေးခုက အဆင့်မြင့်မားတဲ့ကျင့်ကြံသူတွေက သွားတဲ့နေရာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်ဘုံနယ်မြေလို့ ဖြစ်လာခဲ့တာ။ ဒီကောင်းကင်ဘုံနယ်မြေတွေက လေ၊မိုး၊မိုးကြိုးနဲ့ လျှပ်စီး ဆိုပြီး အသီးသီး ဖြစ်ကြတယ်…”

“ဒီကောင်းကင်ဘုံနယ်မြေလေးခုရဲ့ တစ်ခုစီအောက်မှာ သက်ဆိုင်တဲ့ကြယ်အဖွဲ့အစည်းတစ်ခု ရှိကြတယ်။ ငါတို့ အလုံးစုံကြယ်အဖွဲ့အစည်းရဲ့အထက်မှာရှိတာကတော့ မိုးကြိုးကောင်းကင်ဘုံနယ်မြေပဲ ဖြစ်တယ်…”

“ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က မဟာမိတ်ကြယ်အဖွဲ့အစည်းကြီး ပိုင်ဆိုင်ခဲ့တဲ့အရာ မဟုတ်ဘူး။အရင်ဆုံး ဒီဟာက ငါတို့ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးမှာ ပေါ်ထွက်လာခဲ့တာ။ ဒီပုတီးစေ့ ဘယ်လိုပေါ်ထွက်လာလဲတော့ ဘယ်သူမှ မသိကြဘူး။ဒါပေမဲ့လည်း ဒီပုတီးစေ့ ပေါ်ထွက်လာတဲ့အချိန်မှာ အလုံးစုံကြယ်အဖွဲ့အစည်းကြီးရဲ့ ထိပ်ဆုံးကျင့်ကြံသူတွေက ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ တည်ရှိမှုကို ခံစားမိခဲ့ကြတယ်…”

ဝမ်လင်းက စာလိပ်ကို အေးစက်စွာ ကြည့်နေရင်း သူ့မျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။သို့သော် သူက စကားတော့မဆိုပေ။

“ရှေးဟောင်းကောင်းကင်ဘုံနယ်မြေဆိုတဲ့ သဲလွန်စလမ်းကြောင်းတစ်ခုက ကျင့်ကြံသူတွေအားလုံးကို ဘယ်လောက်တောင် ရူးသွပ်သွားစေမလဲ လွယ်လွယ်လေး စိတ်ကူး ကြည့်လို့ရတယ်။ ဒါပေမဲ့လည်း အဆုံးသပ်မှာတော့ ဒီပုတီးစေ့က ထူးထူးဆန်းဆန်း ပျောက်ကွယ်လို့သွားခဲ့တယ်…”

“မရေမတွက်နိုင်တဲ့ နှစ်တွေကြာပြီးတဲ့နောက်မှာ ငါတို့က သဲလွန်စအချို့ ရရှိခဲ့တယ်။ အချို့အကြောင်းရင်တွေကြောင့် ဒီပုတီးစေ့က မဟာမိတ်ကြယ်အဖွဲ့အစည်းကြီးရဲ့ မိုးကောင်းကင်ဘုံနယ်မြေမှာ ပေါ်ထွက်လာခဲ့တယ်…”

ဝမ်လင်းမျက်လုံးထဲ၌ အေးစက်မှု ဖျပ်ခနဲ ပေါ်ထွက်သွားကာ သူက အပေါ်သို့ လက်ညှိုးထိုး၍ ပြောလိုက်၏။ “ဒီတော့ နင်က ဒီတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ချမှတ်ခဲ့တဲ့လူပေါ့…”

စာလိပ်ထဲရှိ အမျိုးသမီးက အချိန်အတန်ကြာ စဉ်းစားပြီးနောက် ခေါင်းယမ်း၍ ဆိုလာ၏။ “ငါက ဒီနေရာကနေ မဟာမိတ်ကြယ်အဖွဲ့အစည်းထဲကို ဝင်လာခဲ့တာ မဟုတ်ဘူး။ဒါပေမဲ့ ဒီတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က ငါတို့ ကြယ်အဖွဲ့အစည်းရဲ့ ကျင့်ကြံသူတစ်ယောက်က ပြုလုပ်ထားတာတော့ သေချာတယ်။ ဒီတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်က အလုံးစုံကောင်းကင်ကျောက်တုံး မရှိရင် အသုံးဝင်မှာ မဟုတ်ဘူး။ ကောင်းကင်ဘုံကျောက်စိမ်းနဲ့တောင် ဒါကို အသက်မသွင်းနိုင်ဘူး…”

“ငါက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့နဲ့ ပတ်သတ်လို့ ငါ သိသလောက် ပြောပြပြီးပြီး…။ဒီထဲမှာ ရှိတဲ့ စိတ်ဝိညာဉ်အတွက်တော့ ငါ့ဘိုးဘေးက နင့်ကို ကူညီပေးနိုင်မှာပါ။ နင်က ငါ့ကို အလုံးစုံကောင်းကင် ကြယ်အဖွဲ့အစည်းရှိကို ပြန်ခေါ်ပေးပြီး ငါ့အိမ်ကို ပို့ပေးတာနဲ့ ငါက ဘိုးဘေးကို ပုတီးစေ့ထဲမှာရှိတဲ့ စိတ်ဝိညာဉ်ကို ပြန်ရှင်သန်အောင်လုပ်ဖို့ နင့်အတွက် အကူအညီတောင်းပေးမယ်…”

ဝမ်လင်းက အမျိုးသမီးကို အချိန်အတန်ကြာ အေးစက်စက် ကြည့်နေပြီးနောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။သူက အလုံးစုံကြယ်အဖွဲ့အစည်းကြီးကို မြင်လိုက်သည့်အခိုက်၌ သူ့တည်ငြိမ်မှုကို ပြန်ရသွားခဲ့ပြီ ဖြစ်သည်။သည်အမျိုးသမီးက သူ့ကို အလုံးစုံကြယ်အဖွဲ့အစည်းထံသို့ သွားရန် မြူဆွယ်ပြောနေသည်မှာ ထင်ရှားနေပေသည်။

ဝမ်လင်းက တည်ငြိမ်စွာ မေးလိုက်၏။ “နင်က ဒီအလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ ဘယ်ကလန်ကလဲ…”

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းက နင်တို့ရဲ့ မဟာမိတ်ကြယ်အဖွဲ့အစည်းနဲ့ မတူဘူး။အဲ့နေရာမှာ ကလန်တွေမရှိဘူး။ ကျင့်ကြံခြင်းမိသားစုတွေပဲ ရှိတယ်။ငါ့မိသားစုက ရှောင်မိသားစုဖြစ်ပြီး တန်လင်းဂြိုဟ်ပေါ်မှာ တည်ရှိတယ်…”

ဝမ်လင်းက စဉ်းစားနေသည့်ပုံပင်။ခဏအကြာတွင် သူက ပြောလိုက်၏။ “ငါက ဒီဝဲကတော့ကို ငါ့ကျင့်ကြံမှုအဆင့်နဲ့ ဖြတ်ကျော်မသွားနိုင်မှာ စိုးရိမ်မိတယ်…”

စာလိပ်ထဲရှိ အမျိုးသမီးက ခေါင်းယမ်းကာ တိုးညင်းစွာ ပြောလာ၏။ “နင့်မှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ရှိနေတာပဲ။ဒါ့ကြောင့် နင်က ဒါကို သေချာပေါက် ဖြတ်ကျော်သွားနိုင်လိမ့်မယ်…”

ဝမ်လင်းမျက်လုံးထဲ၌ အေးစက်မှုက ဖျပ်ခနဲ ဖြစ်ပေါ်သွား၏။သည်အမျိုးသမီးက အလွန်သေချာနေကာ သူမက အရာတော်တော်များများကို ဖုံးကွယ်ထားပေရမည်။

ဝမ်လင်းက သည်အမျိုးသမီးနှင့်ဆက်၍ အချိန်မဖြုန်းတော့ပေ။သူ့ညာလက်ကို ဆန့်ထုတ်ကာ မှော်စာလိပ်ကို ဆွဲယူ၍ သူက လှုပ်ရှားလိုက်သည်။သူက ဝဲကတော့ထဲသို့ ဖြတ်သန်းသွားခြင်းတော့မဟုတ်ပေ။ထိုအစား သူက အပေါ်သို့ ပျံတက်သွားခြင်း ဖြစ်၏။

စာလိပ်ထဲရှိ အမျိုးသမီးက ချက်ခြင်းပင် ပြောလာသည်။ “နင်…နင်က ပုတီးစေ့ထဲဥ စိတ်ဝိညာဉ်ကို ပြန်မရှင်သန်စေချင်ဘူးလား….”

ဝမ်လင်းက တိတ်ဆိတ်စွာ စဉ်းစားနေရင်း အပေါ်သို့ ပျံတက်နေ၏။သူက သူ့မူလစိတ်ဝိညာဉ်ကို ဖြန့်ကျက်ကာ သည်စုပ်အားနှင့်ပေါင်းစပ်စေပြီး အပေါ်သို့ ပျံတက်နေခြင်းပင်။

လမ်းတစ်လျှောက်တွင် အမျိုးသမီး ဘာပြောပြော ဝမ်လင်းက တစ်ခွန်းမှ ပြန်မတုန့်ပြန်တော့ပေ။အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် ဝမ်လင်းက ကျောက်တုံးကြီးနားသို့ ရောက်ရှိလာ၏။သည်ကျောက်တုံး၏ အပေါ်ထောင့်ချိုးတွင် သူနေခဲ့သည့် အက်ကွဲကြောင်းရှိနေပေ၏။

သူက ထိုကျောက်တုံးပေါ်သို့ ခြေချကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို သေသေချာချာ ကြည့်ရှုကြည့်သည်။သူ့မူလစိတ်ဝိညာဉ်က လျှပ်စီးတန်းကို ထုတ်လွှတ်ကာ သူ့ခြေထောက်မှ ဖြတ်၍ ကျောက်တုံးကြီးထံသို့ ရောက်ရှိသွားသည်။

ကျောက်တုံးထံမှ အက်ကွဲသံများ ချက်ခြင်း ထွက်ပေါ်လာချေ၏။သည့်နောက် ပေါက်ကွဲသံတစ်ခုနှင့်အတူ ကျောက်တုံးက ကျောက်စကျောက်နများအဖြစ် ပျက်စီးသွားကာ စုပ်အား၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

သည်ကျောက်တုံးကြီး မရှိပါက သည်နေရာသည် တွင်းနက်ထဲက တစ်ခြားနေရာများနှင့် အတူတူ သဘော ဖြစ်လို့သွား၏။ဝမ်လင်းက မှော်စာလိပ်ကို ဆုပ်ကိုင်ထားကာ ပေနှစ်ရာအကွာရှိ အက်ကွဲကြောင်းထဲသို့ ဝင်သွား၏။

သည်နေရာသို့ ဝင်လာပြီးသည့်နောက် ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယမ်းကာ စာလိပ်ကို အက်ကွဲကြောင်းနံရံထဲသို့ ထိုးသွင်းလိုက်၏။သူ့မျက်လုံးက အေးစက်လာကာ သူ့က လက်ဖြင့် ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ်စေလိုက်သည်။သည့်နောက် မရေမတွက်နိုင်သောအတားအဆီးများကို စာလိပ်ပတ်လည်၌ နေရာချထားလိုက်၏။

“နင် ဘာလုပ်နေတာလဲ…ငါ့အကူအညီမပါဘဲ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထဲမှာ ရှိနေတဲ့ စိတ်ဝိညာည်က ပြန်ရှင်သန်နိုင်မှာ မဟုတ်ဘူး…”

စာလိပ်ထဲမှ အမျိုးသမီး၏ စိုးရိမ်ပူပန်နေသော အသံက ထွက်ပေါ်လာခဲ့သည်။

“အသံချိပ်ပိတ်ခြင်း…”ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်လို့သွား၏။သူ့လက်က မြန်သထက်မြန်အောင် လှုပ်ရှားသွားသည်။မရေမတွက်နိုင်သောအတားအဆီးများက သည်အက်ကွဲကြောင်းတစ်ခုလုံးကို ဖုံးလုနီးပါး ဖြစ်လို့သွားသည်။

သူက ပျံသန်းနေရင်းဖြင့် ထိုစာလိပ်ကို စစ်ဆေးကြည့်ခဲ့ရဦ သူက ၎င်းကို ဖျက်စီးနိုင်ခြင်း မရှိသည်ကို သိလိုက်၏။သို့ရာတွင် ထိုစာလိပ်ထဲရှိ အမျိုးသမီးက သူ့လျှို့ဝှက်ချက်များကို သိလို့နေခဲ့၏။သူက သူမကို မသတ်နိုင်လျှင် သည့်နောက် သူမကို လုံးဝချိပ်ပိတ်ထားမှ ဖြစ်ပေတော့မည်။

“ဝမ်လင်း…ငါမရှိဘဲ နင့်ပုတီးစေ့ထဲက စိတ်ဝိညာဉ်က ဘယ်တော့မှ ပြန်လည်ရှင်သန်နိုင်မှာ မဟုတ်ဘူး…” စာလိပ်ထဲမှ ကြမ်းကြုတ်သောအသံက တစ္ဆေငြီးသံအလား ထွက်ပေါ်လာခဲ့သည်။

ဝမ်လင်းအသွင်က သုန်မှုန်သွား၏။သူ့လက်ကို ပို၍ မြန်ဆန်အောင် လှုပ်ရှားလိုက်သည်။ထိုအခါ ထိုကြမ်းကြုတ်သောအသံက ဖြည်းဖြည်းချင်း တိုးဝင်ကာ ပျောက်ကွယ်လို့သွား၏။

သည်ချိပ်ပိတ်ခြင်းဖြစ်စဉ်က လအချို့ ကြာမြင့်ခဲ့၏။သည်အချိန်အတွင်း ဝမ်လင်းက လုံးဝ ရပ်တန့်ခြင်း မရှိခဲ့ပေ။သူက မရေမတွက်နိုင်သောချိပ်ပိတ်မှုများကို အတူပေါင်းစပ်ကာ ကြောက်မက်ဖွယ်ချိပ်ပိတ်မှုကို ဖြစ်ပေါ်စေခဲ့ပေသည်။

လအနည်းငယ် ကြာမြင့်ပြီးနောက် ဝမ်လင်းက နောက်သို့ ခြေလှမ်းကာ အပေါ်သို့ ပျံတက်သွား၏။သူ့မျက်လုံးထဲ၌ အေးစက်မှုတို့ ရှိနေကာ သူက အက်ကွဲကြောင်းကို ညာလက်ဖြင့် ရိုက်ချလိုက်၏။အက်ကွဲကြောင်းက ချက်ခြင်း ပျက်စီးသွားကာ စာလိပ်ကို မြေမြှုပ်ပြီးသား ဖြစ်လို့သွားသည်။

အပြင်ဘက်မှကြည့်လျှင် သည်အက်ကွဲကြောင်းနေရာက ဘာမှမထူးခြားတော့ဟု ထင်မှတ်ရ၏။မည်သူကမျှ သည်နေရာတွင် စာလိပ်ထဲရှိ အမျိုးသမီးကို ချိပ်ပိတ်ထားသည်အား သိလိမ့်မည် မဟုတ်တော့ပေ။

သူက ချိပ်ပိတ်ခြင်း ပြီးစီးသွားသည့်နောက် ချက်ခြင်း ထွက်မသွားသေးဘဲ အကွာအဝေးတစ်ခုကနေ နေ၍ တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့၏။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့သည်။ရက်အချို့ ကြာပြီးနောက် ထိုစာလိပ်ချိပ်ပိတ်ထားသော နေရာမှ ခပ်ဖျော့ဖျော့ တုန်ခါလှိုင်းများ ထွက်ပေါ်လာ၏။ထိုတုန်ခါလှိုင်း ထွက်ပေါ်လာသည်နှင့် အကွာအဝေးတစ်ခုရှိ ဝမ်လင်းက မျက်လုံးဖွင့်လာကာ အေးစက်စွာ ပြုံးလိုက်သည်။

သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ အနက်ရောင်အရိပ်က သူ့နောက်တွင် ချက်ခြင်းပေါ်လာခဲ့သည်။သည်အရိပ်က အက်ကွဲကြောင်း ရှိနေသော နေရာသို့ တစ်ဟုန်ထိုး တိုးဝင်သွား၏။

“ချိပ်ပိတ်ခြင်း…” ဝမ်လင်းက ထိုသို့ အော်ဟစ်လိုက်သည်နှင့် ကောင်းကင်ဘုံသက်တော်စောင့်၏ လက်က ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။အားကောင်းသော ချိပ်တံဆိပ်တစ်ခုက ကောင်းကင်ဘုံသက်တော်စောင့်၏ လက်ထဲ၌ ချက်ခြင်း ထွက်ပေါ်လာကာ သူက ထိုတုန်ခါလှိုင်းအပေါ်သို့ ဖိချလိုက်၏။

ဝမ်လင်းက အထိတ်တလန့်ငြီးတွားသံတစ်ခုကို ရေးတေးတေး ကြားလိုက်ရ၏။သည့်နောက် သူ့မျက်လုံးက လက်ခနဲ ဖြစ်လို့သွား၏။သူက ကောင်းကင်ဘုံသက်တော်စောင့်နှင့်အတူ သည်အက်ကွဲကြောင်း အနက်ထဲသို့ မရေမတွက်နိုင်သော အတားအဆီးများစွာကို ချထားခဲ့ပေသည်။

သည်အရာများကို ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းက ကောင်းကင်ဘုံသက်တော်စောင့်ကို ပြန်ဆင့်ခေါ်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေပြန်သည်။

ရက်အနည်းငယ် ကြာမြင့်ပြီးနောက် တုန်ခါမှုလှိုင်းက နောက်တစ်ကြိမ် ပေါ်လာခဲ့ပြန်သည်။ထိုအခါ ဝမ်လင်းက နောက်ထပ် ချိပ်ပိတ်ပစ်လိုက်ပြန်သည်။သုံးကြိမ်သုံးခါ ချိပ်ပိတ်ပစ်ပြီးနောက် ဝမ်လင်းက အနည်းငယ် စဉ်းစားကာ ဆက်၍မစောင့်တော့ဘဲ အပေါ်သို့ တန်းတန်းမတ်မတ် ပျံတက်သွားတော့၏။

“ဒီစာလိပ်ထဲက အမျိုးသမီးက တော်တော်လေး စွမ်းအားကောင်းနေနိုင်တယ်။ ဒါပေမဲ့ သူမက ဒီစာလိပ်ထဲမှာ ချိပ်ပိတ်ထားခံနေရတယ်။ ငါစိုးရိမ်တာက သူမက ဒီထဲကနေ ဘယ်လိုမှ လွတ်မြောက်နိုင်ဖို့ အခွင့်ရေးမရှိမှာကိုပဲ။ ဒါပေမဲ့လည်း အတိတ်တုန်းက သူမက စွန့်ပစ်ခံမသေမျိုးကလန်ရဲ့ ဘိုးဘေးသုံးမန္တာန်ကို စုပ်ယူခဲ့ပြီး အချို့စွမ်းအားတွေ ရသွားလောက်တယ်…”

“ငါက စစ်ဆေးကြည်ခဲ့တာ မရှိဘူး။ဒါ့ကြောင့် သူမက ငါ့လျှို့ဝှက်ချက်အများကြီးကို ဒီနှစ်ပေါင်းများစွာမှာ သိလာခဲ့တယ်။ ခုလိုမျိုး ဒီလှိုင်းအသူတစ်ရာချောက်ထဲမှာ အရေးအကြီးအခြေအနေမဟုတ်ရင် သူမက ငါ့ကို ဘယ်တော့မှ စကားလာပြောမှာ မဟုတ်ဘူး။ အဲ့အစား သူမက သူပြန်ကောင်းမွန်လာတဲ့ အချိန်ထိ စောင့်နေလိမ့်မယ်…”

“ငါက ပုန်းကွယ်နေတဲ့ အန္တရာယ်ကို ငါ့ဘေးမှာ ဆက်ထားရင် ငါ့အနာဂတ်မှာ ငါ့အပေါ် သက်ရောက်လာလိမ့်မယ်။ သူမမှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ ရှိကို ရှိနေလိမ့်မယ်…”

ဝမ်လင်းက ပျံသန်းနေရင်း သည်အကြောင်းကို တွေးနေလေသည်။

“သူမပြောသမျှက သုံးဆယ်ရာခိုင်နှုန်းလောက်ပဲ မှန်နိုင်တယ်။ဒါပေမဲ့ အလုံးစုံကြယ်အဖွဲ့အစည်းကတော့ အတုအယောင် မဖြစ်နိုင်ဘူး။ မဟုတ်ရင် သူမက ငါ့ကို အဲ့နေရာကို ခေါ်သွားပေးဖို့ တောင်းဆိုမှာ မဟုတ်ဘူး…”

ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်နေကာ သူက အပေါ်သို့ ဆက်တက်နေ၏။သည်နေရာရှိ စုပ်အားက ပြင်းထန်လွန်းလှ၏။ဝမ်လင်းက စုပ်အား၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သော်လည်း သူက အပေါ်သို့ ဆန်တက်ရာ၌ ဖိအားကို ခံစားနေရသေးသည်။

သူက အသက်ဝဝရှူသွင်းလိုက်ကာ သိုလှောင်အိတ်ကို ပုတ်လိုက်၏။ကြယ်ခုနစ်ခုဓားအစီအရင်က ပျံသန်းထွက်လာခဲ့ကာ သူ့ခန္ဓာကိုယ်အား ဝန်းရံသွားသည်။သည်အစီအရင်က အားကောင်းသော ပင့်တင်အားကို ဖြစ်စေကာ သူ့ကို အထက်သို့ ဆန်တက်ရာ၌ ကူညီပေးလေသည်။

“တန်လင်းဂြိုဟ်ပေါ်က ရှောင်မိသားစု။ ဒီမိသားစုက ဒီအမျိုးသမီးနဲ့ ဘာမှမသက်ဆိုင်ရင်တောင် ငါက သူမရဲ့ နောက်ခံနဲ့ ပတ်သတ်ပြီး သဲလွန်စအချို့ကို ရှာတွေ့နိုင်ခဲ့တယ်။ သူမက သူ့မိသားစုဘိုးဘေးက ဝမ်အာကို ပြန်အသက်ရှင်အောင် လုပ်နိုင်တယ်လို့ ပြောလိုက်ကတည်းက ဒါက မှန်လား၊မှားလား စစ်ဆေးကြည့်ဖို့ ထိုက်တန်သွားပြီ။စာလိပ်က ငါနဲအတူ ပါမလာရင် ငါက အလုံးစုံကြယ်အဖွဲ့အစည်းကြီးကို သွားခဲ့မယ်ဆိုရင်တောင် ဘယ်သူကမှ ငါ့မှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ရှိနေတာကို သိလိမ့်မှာ မဟုတ်ဘူး…”

“တကယ်တော့…ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေက အန္တရာယ်တွေနဲ့ ပြည့်နေတာပဲ။ ရှေ့ဖြစ်ဟောသူနဲ့ သူ့အပေါင်းအပါတွေကလည်း အချိန်မရွေး ရောက်လာနိုင်တယ်။ သူတို့ရောက်လာတာနဲ့ ငါက သူတို့နဲ့တွေ့မှာကို ရှောင်လွှဲနိုင်မှာ မဟုတ်တော့ဘူး။ ဒီကျင့်ကြံမှုအဆင့်မှာ ရှိနေတဲ့ သူတို့လို ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ဖို့က ငါ စိတ်ကူးလိုတောင် မရနိုင်ဘူ။ ငါက သူတို့ကို ခုခံဖို့ ဘာစွမ်းအားမှ ရှိမှာ မဟုတ်ဘူး…”

ဝမ်လင်းက ပျံသန်းနေရင်းဖြင့် သူ့မျက်လုံးက အေးစက်လာခဲ့၏။

“ဒါပေမဲ့လည်း တုန်ကင်က ငါ့လက်ထဲမှာ ရှိနေတာကြောင့် သူတို့က အစစ်အမှန်လှိုဏ်ဂူထဲကို ငါမပါဘဲ ဝင်သွားနိုင်မှာ မဟုတ်ဘူး။သူတို့က နတ်ဆိုးစိတ်ဝိညာည်ကုန်းမြေကို ရောက်လာခဲ့မယ်ဆိုရင်တောင် အချည်းနှီး ဖြစ်သွားလိမ့်မယ်။ သူတို့က လောဘကြီးထံကနေ ငါ့မှာ တုန်ကင်ရှိတာ သိသွားမယ်ဆိုရင်တောင် ဒါက နောက်ကျသွားခဲ့ပြီ။ငါက အလုံးစုံကြယ်အဖွဲ့အစည်းကို အဲကျရင် ထွက်ခွာသွားနေလောက်ပြီ…”

“ငါ့ကျင့်ကြံမှုအဆင့်က ရှေ့ဖြစ်ဟောသူနဲ့ သူ့အပေါင်းအပါတွေကို ယှဉ်နိုင်လောက်တဲ့ အဆင့်ရောက်မှ ငါက ပြန်လာပြီး ဒီလှိုဏ်ဂူရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေရမယ်…”

ဝမ်လင်းမျက်လုံးများက တောက်ပလို့နေ၏။

“ဒါပေမဲ့လည်း အဲ့တာ မတိုင်ခင် ငါ့မှာ လုပ်စရာတစ်ချို့ကိစ္စတွေ ရှိနေသေးတယ်။ ငါက ထွက်သွားပြီးတာနဲ့ ဘယ်အချိန်ပြန်လာနိုင်မလဲ မသိနိုင်တော့ဘူး…”

ဝမ်လင်းက သက်ပြင်းချမိ၏။

ကြယ်ခုနစ်ခုဓားအစီအရင်က တစ်ဖြည်းဖြည်းဖြင့် ၎င်း၏ အကျိုးသက်ရောက်မှု ဆုံးရှုံးလာခဲ့သည်။ဝမ်လင်းနောက်တွင် အရိပ်တစ်ခု ပေါ်လာကာ ကောင်းကင်ဘုံသက်တော်စောင့်က မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်သည်။ထိုအခါ ဝမ်လင်း၏ အမြန်နှုန်းက နောက်တစ်ဖန် တိုးသွားပြန်သည်။

သူက တွင်းနက်၏ ဝင်ပေါက်နှင့် နီးကပ်သထက်နီးကပ်လာခဲ့သည်။

တွင်းနက်၏ အပေါက်ဝ၌ ခြင်သားရဲအုပ်က ဟိန်းသံများ ပြုနေကြသည်။ခရမ်းရောင်ခြင်သားရဲ၏ မျက်လုံးက ရုတ်တရက် လက်ခနဲ ဖြစ်သွား၏။သည့်နောက် ၎င်းက ရှေ့သို့ တဟုန်ထိုးတိုးလာကာ ၎င်း၏ မျိုးနွယ်တုများက လမ်းဖယ်ပေးလိုက်ကြသည်။၎င်းက တွင်းပေါက်ထဲသို့ စူးစူးစိုက်စိုက် ကြည့်နေရင်း စူးရှစွာ အော်ဟစ်နေ၏။

သူ့ အော်ဟစ်သံထဲရှိ ပျော်ရွှင်မှုက ဖော်ပြ၍ပင် မရနိုင်ပေ။သည်ခြင်သားရဲ၏ ခန္ဓာကိုယ်က တုန်ယင်နေကာ ၎င်းက တွင်းပေါက်နားသို့ တောင်ပံခတ်ကာ တစ်ဟုန်ထိုး တိုးဝင်လာသည်။

သည်အခိုက်မှာပင် ခြင်သားရဲအားလုံးသည်လည်း တစ်ပြိုင်နက် အော်ဟစ်လိုက်ကြ၏။၎င်းတို့က သည်ခြင်သားရဲကို တွင်းနက်ထဲသို့ ဆင်းသွားသည်အား တားဆီးနိုင်စွမ်း မရှိကြပေ။

ဝမ်လင်းက ပျံတက်လာရင်း အပေါ်မှ အော်သံများကို သတိပြုမိလိုက်သည်။သူက အပေါ်သို့ မော့ကြည့်လိုက်ရာ သူနှင့် ဆယ်စုနှစ်တစ်ခုကျော်လောက် မတွေ့ရသည့် သူ့ခြင်သားရဲကို တွေ့မြင်လိုက်ရ၏။သည်ခြင်သားရဲက ဝမ်လင်းကို မြင်တွေ့သည့်အခါ ၎င်း၏ မျက်လုံးထဲ၌ အပျော်နှင့် ပြည့်လျှံ့သွားတော့သည်။၎င်းက ဝမ်လင်းကို လှည့်ပတ်ကာ ကလေးငယ်တစ်ယောက်လို့ အော်ဟစ်နေတော့၏။

၎င်းက ဝမ်လင်းခြေထောက်အောက်သို့ စိတ်လှုပ်ရှားစွာ ပျံသန်းလာကာ သူ့အား သယ်ဆောင်သွား၏။ ကောင်းကင်ဘုံသက်တောင်စောင့်၏ မုန်တိုင်းအကူအညီဖြင့် ဝမ်လင်းက တွင်းနက်ထဲကနေ တိုက်ရိုက် ပျံသန်းထွက်လာနိုင်တော့၏။သူက ထွက်လာနိုင်သည့်အခါကျမှ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset