Switch Mode

အပိုင်း(၇၀၆)

စာလိပ်၏ လျှို့ဝှက်ချက်ကို ဖြေရှင်းခြင်း

ဝမ်လင်းက ရပ်တန့်လိုက်၏။

“ငါ နင့်ကို အောက်ဆင်းပေးဖို့ တောင်းပန်ပါတယ်။ ငါ့ကို အောက်ကို ခေါ်သွားပေးပါ…”

ထိုအသံထဲ၌ ဝမ်းနည်းမှုနှင့် အလျင်လိုမှုတို့ ပါဝင်နေသည်။

ဝမ်လင်းက စဉ်းစားလိုက်၏။ သည်အသံက ဆယ့်သုံးနှစ်လောက် သူ့စိတ်ထဲတွင် ပျောက်ကွယ်နေပြီး ခုမှ တစ်ဖန် ထွက်ပေါ်လာခြင်း ဖြစ်သည်။သည်ဆယ့်သုံးနှစ်အတွင်း သူက စုပ်အားအကြောင်း နားလည်အောင် လုပ်နေချိန်၌ သည်အမျိုးသမီးက ဘာစကားမှ ဆိုမလာခဲ့ပေ။သို့ရာတွင် ခုသူမစကားက အရင်တုန်းကနှင့်မတူဘဲ စိတ်ခံစားချက်များပါ ပါဝင်လို့နေသည်။

သူက သိုလှောင်အိတ်ကို ညာလက်ဖြင့် ပုတ်လိုက်ရာ မှော်စာလိပ်က ပျံသန်းထွက်လာသည်။ သည်စာလိပ်က ညင်သာစွာလင်းနေသည်။စုပ်အားက ၎င်းပေါ်၌ သက်ရောက်ခြင်း ရှိမနေပေ။သည်စာလိပ်က ဖွင့်လာကာ အမျိုးသမီး၏ နောက်ကျောပေါ်လာခဲ့၏။

ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းက စာလိပ်ထဲမှ အမျိုးသမီးကို သေသေချာချာ ကြည့်ရှုနေသည်။၎င်းက ပုံရိပ်တစ်ခုသာ ဖြစ်သော်လည်း အနှိုင်းမဲ့သည့် ကြော့ရှင်းမှုတို့ ပိုင်ဆိုင်ထားပေသည်။

“ငါ့ကို အောက်ကို ခေါ်သွားပေးပါ…ငါက ဒီစာလိပ်ထဲကနေ မထွက်နိုင်ဘူး။ ဒါ့ကြောင့် နင်က ဘာအန္တရာယ်မှ ရှိမှာ မဟုတ်ပါဘူး…ငါ တစ်ချက်လောက် ကြည့်ချင်ရုံပါပဲ…”

ဝမ်လင်းက စဉ်းစားနေ၏။ဘာစကားမှတော့ မဆိုပေ။

“ငါ နင့်ကို ဘာမှ အကူအညီမပေးနိုင်ဘူး။ငါ နင့်ကို ဘာမှလည်း မပေးနိုင်ပါဘူး…ဒါပေမဲ့ ငါ့ကို အောက်ကို ခေါ်သွားပေးပါ…”

ဝမ်လင်းက ခေါင်းငုံကာ အောက်ခြေသို့ ကြည့်သည်။ သည်အောက်ခြေက လုံးဝ နက်မှောင်နေကာ အလွန်လည်း အေးစက်နေ၏။

“ငါနင့်ကို မကူညီနိုင်ဘူး။ နင် ထွက်သွားချင်ရင်တော့ သွားပါ…” ဝမ်လင်းက ခေါင်းယမ်းကာ ထိုစာလိပ်ကို မကြည့်တော့ဘဲ အပေါ်သို့ ဆက်တက်လာသည်။သူက လုပ်စရာများစွာ ရှိနေသည်မဟုတ်လား။သူက ရှေ့ဖြစ်ဟောသူနှင့်သူ့အပေါင်းအပါများ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ ရောက်မလာခင် လှိုဏ်ဂူထဲရှိအတားအဆီးများကို ဖွင့်လှစ်ထားရန် လိုအပ်ပေသည်။သို့မှသာ သူက အစစ်အမှန်လှိုဏ်ဂူထဲသို့ ဝင်ရောက်နိုင်ပေလိမ့်မည်။

သူက ရှေ့ဖြစ်ဟောသူနှင့် သူ့အပေါင်းအပါများ ဘယ်အချိန်ရောက်လာမလဲ မသိသော်လည်း ယောင်ရှင်းရွှယ်အပြောအရ သူက သဲလွန်စအနည်းငယ် ရရှိခဲ့ပေသည်။ကြည့်ရသည်မှာ ရှေ့ဖြစ်ဟောသူနှင့်သူ့အပေါင်းအပါများ ရောက်လာရန်မှာ သိပ်မလိုတော့ပေ။

သူတို့ရောက်မလာခင် ဝမ်လင်က သူပြင်ဆင်စရာရှိသည်များကို အပြီးသပ်ရမည် ဖြစ်သည်။ သူ့အတွက် အချိန်ကတိုတောင်းနေ၏။

သည့်အပြင် သူက ရှေ့ဖြစ်ဟောသူ သူ့အား ဖြတ်မမြင်နိုင်အောင်လည်း သေချာပေါက် လုပ်ရပေဦးမည်။ထိုမှသာ သူက သည်နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကနေ အန္တရာယ်ကင်းကင်း ထွက်ခွာသွားနိုင်မည် ဖြစ်သည်။ သူသာ တစ်ခုခုမှားယွင်းသွားပါက တန်ဖိုးက သူ့အသက်ပင် ဖြစ်နေသည်မဟုတ်လော။

သူ့တွင် အချိန်သိပ်မရှိတော့ချေ။

စာလိပ်ထဲရှိ အမျိုးသမီးက တုန်ယင်လာ၏။သူမက မျက်နှာချင်းဆိုင် လှည့်ကြည်လိုသော်လည်း သူမအား ထိန်းချုပ်ထားသည့် ချိပ်တံဆိပ်တစ်ခု ရှိလို့နေ၏။သူမက မည်မျှကြိုးစားပါစေ လှည့်လို့မရ ဖြစ်နေ၏။

ဝမ်လင်းက မြင့်သထက်မြင့်အောင် အပေါ်သို့ တက်သွားရင်း ပျောက်ကွယ်လုမတက် ဖြစ်နေ၏။သူမက နှုတ်ခမ်းကိုက်ကာ လှမ်းပြောလာ၏။ “နင်…နင်က နင့်မူလစိတ်ဝိညာဉ်ထဲမှာ ရှိတဲ့ ပုတီးစေ့ရဲ့ သမိုင်းကြောင်းကို မသိချင်ဘူးလား…”

သူမ အသံက တိုးညှင်းသော်လည်း ဝမ်လင်းက ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်သာ ဖြစ်သည်။သည်စကားလုံးများက သူ့စိတ်ထဲသို့ မိုးခြိမ်းသံအလား တိုးဝင်လာကာ သူက ရုတ်တရက် ရပ်တန့်လိုက်သည်။

“နင်က စိတ်ဝိညာဉ်ပျက်စီးနေတဲ့အမျိုးသမီးကို ပြန်ပြီး အသက်မရှင်သန်စေချင်ဘူးလား…”

အမျိုးသမီး၏ ဒုတိယစကားကို ကြားလိုက်သည့်အခါ ဝမ်လင်းစိတ်ထဲ၌ မိုးကြိုးပေါင်း သန်းနှင့်ချီ၍ ပစ်ခတ်လာသကဲ့သို့ ခံစားလိုက်ရသည်။သူ့မူလစိတ်ဝိညာဉ်ပင် တုန်ယင်သွားရ၏။

သူ့မူလစိတ်ဝိညာဉ်၊ သူ့မှတ်ဉာဏ်၊သူ့အရာအားလုံးသည် သည်ဒုတိယမြောက်စကားတစ်ခွန်းဖြင့်ပင် အရာအားလုံး ပေါက်ကွဲထွက်သွားရသည်။ဝမ်လင်းက ကောင်းကင်တစ်ခုလုံး ပြိုကျလာသလားပင် ခံစားလိုက်ရ၏။သူ့စိတ်အင်အားဖြင့်ပင် ဝမ်လင်းက သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မထိန်းနိုင် ဖြစ်ရသည်။

သည်အခိုက်အတန့်၌ သူ့စိတ်ထဲတွင် ရှေ့ဖြစ်ဟောသူ၊ လှိုဏ်ဂူ၊သွေးဘိုးဘေးနှင့် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ…စသည့်စသည့် အကြောင်းအရာများအားလုံးက လွင့်ပြယ်သွားတော့သည်။ဝမ်လင်းက ထိုအမျိုးသမီးအား ရူးသွပ်သောအကြည့်ဖြင့်သာ ကြည့်နေမိတော့သည်။

“နင် ဘာပြောလိုက်တာလဲ…” ခြောက်ကပ်ကပ်အသံတစ်ခုက ဝမ်လင်းပါးစပ်ထဲကနေ ထွက်လာခဲ့၏။

သည်ရိုးစင်းသော စကားလေးခွန်းကပင် ဖော်ပြနိုင်စွမ်းမရှိသည့် ခံစားချက်ကို ထုတ်ဖော်ပြသနေပေ၏။

ထိုအမျိုးသမီး တိုးညင်းစွာ ဆက်၍ ဆိုလာသည်။ “ငါက နင့်ကို ပုတီးစေ့ရဲ့ မူလကို ပြောပြနိုင်တယ်….။ငါက နင့်ကို ဒီပုတီးစေ့ထဲမှာ ရှိတဲ့ စိတ်ဝိညာဉ်ကို ပြန်အသက်ရှင်လာနိုင်တဲ့ နည်းကို ပြောပြနိုင်တယ်။ငါနင့်ကို ဒီနေရာကနေ ထွက်သွားနိုင်တဲ့ အခွင့်ရေးကိုတောင် ပေးစွမ်းနိုင်တယ်…”

ဝမ်လင်းက မျက်လုံးမှိတ်ထားလိုက်၏။သူက သည်အမျိုးသမီး၏ စကားများ မှန်လား၊မှားလား မတွေးလိုတော့ပေ။သူက သူမ သူ့လျှို့ဝှက်ချက်များအားလံးကို ဘာကြောင့် သိနေသည်ကိုလည်း မစဉ်းစားလိုတော့ပေ။

သူက မျက်လုံးပြန်ဖွင့်ကာ ခြေတစ်လှမ်းလှမ်း၍ စာလိပ်ကို ဖမ်းယူသည်။သည့်နောက် တွင်းနက်၏ အောက်ခြေသို့ မြန်ဆန်စွာ ဆင်းသက်သွားလေ၏။

အခွင့်ရေး ဆံချည်တစ်မျှင် ရှိလျှင်ပင် သူက သည့်အတွက် တိုက်ခိုက်ရပေလိမ့်မည်။

လူတစ်ယောက်က ဘယ်လောက်တော်တော် သူ့တွင် အားနည်းချက် တစ်စုံတစ်ရာ ရှိသည်သာ ဖြစ်၏။သူ့တည်ငြိမ်မှုများကလည်း ချက်ခြင်း ပျက်စီးသွားခဲ့ချေပြီ။ သူက အဆုံးမရှိသည့် အန္တရာယ်များကို ရင်ဆိုင်ရချိန်၊သေရေးရှင်ရေး ရင်ဆိုင်ရချိန်တွင်တောင် သူ့ အသိတရားကို ထိန်းထားနိုင်ခဲ့ပေသည်။

ဝမ်လင်းသည် လူတစ်ယောက်ဖြစ်လို့နေဆဲသာ ။သူက ရက်စက်သည့်ကောင်းကင်ဘုံသား၊ ကြမ်းကြုတ်သည့် နတ်ဘုရားတစ်ပါးမဟုတ်ပေ။

နှစ်ပေါင်းရှစ်ရာကျော် ကျင့်ကြံလာပြီးနောက် သူ့တည်ငြိမ်မှုက သူ့အရိုးထဲထိ စွဲနေခဲ့ပြီး ဖြစ်ကာ သူ့သဘာဝလိုပင် ဖြစ်လာခဲ့ပေသည်။သူက ဟင်္သာပြဒါးဂြိုဟ်ကနေ တည်တည်ငြိမ်ငြိမ် ထွက်လာခဲ့ကာ ကျိုးယုကိုပင် ထားရစ်နိုင်ခဲ့သည်။

သူက ရန်သူများအားလုံးကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ခဲ့သူ။ ထိုရန်သူများက မည်မျှပင် စွမ်းအားကြီးပါစေ သူ့တာအိုနှလုံးသားကို အနည်းငယ်ပင် တုန်လှုပ်သွားအောင် လုပ်နိုင်စွမ်း မရှိခဲ့ပေ။

သို့ရာတွင် သူ့ထိုသို့သော တည်ငြိမ်မှုများအားလုံးကို ဖျက်စီးပစ်နိုင်သည့် အရာတစ်ခု ရှိလို့နေ၏။

လူတစ်ယောက်က တစ်ခုခုကို ဆုံးရှုံးသွားမှသာ ထိုအရာကို သူမည်မျှလိုချင်ကြောင်း သဘောပေါက်တက်ပေသည်။

ဝမ်လင်းမျက်လုံးထဲ၌ ဝမ်းနည်းမှုတို့ ရှိနေကာ သူက စာလိပ်ကို ဆွဲကိုင်ရင်း တွင်းနက်ထဲသို့ တိုးဝင်နေ၏။သည်အခိုက်အတန့်၌ သူက အများကြီး မတွေးလိုပေ။ အမှန်နှင့်အမှားကိုလည်း မစဉ်းစားလိုတော့ပေ။

စာလိပ်ထဲရှိ အမျိုးသမီးက သက်ပြင်းချကာ တည်ငြိမ်စွာ ပြောလာ၏။ “နင် စိတ်အေးအေး ထားနိုင်ပါတယ်။ ငါနင့်ကို မလှည့်စားပါဘူး…ငါက နင့်ကို ဒီအရာအားလုံး ပြောပြဖို့ သေသေချာချာ ဆုံးဖြတ်ချက်ချခဲ့ရတာ ဖြစ်တယ်…”

ဝမ်လင်းက မည်သည့်စကားမှ မဆိုပေ။သူ့လက်ထဲ၌ စာလိပ်ကို ကျစ်နေအောင် ဆုပ်ကိုင်ထားရင်း အောက်သို့သာ ဆင်းသက်လာ၏။

တွင်းနက်နံရံပေါ်ရှိ အေးစကမှုက ပိုအားကောင်းလာသလို စုပ်အားကလည်း ပိုပြင်းထန်လာခဲ့၏။

အချိန်မည်မျှကြာသွားမှန်း မသိပြီးနောက် သည်တွင်းနက်တကယ်ပင် အောက်ခြေမရှိသည့်အလား ထင်မှတ်လာရသည်။သူက မည်မျှဆင်းသက်နေသည်ဖြစ်စေ အမှောင်ထုကသာ ကြီးစိုးလို့နေတော့၏။

“ရောက်တော့မယ်…ရောက်တော့မယ်…” စာလိပ်ထဲရှိ အမျိုးသမီး၏ အသံက တုန်ယင်စွာ ထွက်ပေါ်လာသည်။

သည်နေရာတွင် စုပ်အားက အလွန်အမင်း အားကောင်းလှ၏။ဝမ်လင်းခန္ဓာကိုယ်က ထိုစုပ်အားနှင့်အတူ အလိုက်သင့် ပျံသန်းနေခြင်း ဖြစ်၏။အချိန်အတန်ကြာပြီးနောက် နေ့လရက်..နှစ်တို့ပင် ကြာမြင့်နိုင်ပေသည်။

ထိုအမှောင်ထု၏ အောက်ခြေ၌ တိုတောင်းသော စင်္ကြံတစ်ခု ပေါ်ထွက်လာ၏။

သည်စင်္ကြံထဲ၌ ဧရာမဝဲကတော့ကြီး တစ်ခု ရှိလို့နေသည်။သည်ဝဲကတော့ ဖြည်းဖြည်းချင်း လှည်ပတ်နေကာ စုပ်အားက ယင်းဝဲကတော့ထဲကနေ ထွက်ပေါ်လာနေခြင်းပင်။

ဝမ်လင်းက ထိုဝဲကတော့ကို ကြည့်လိုက်သည့်အခိုက် စာလိပ်ထဲမှ ထူးဆန်းသောအားတစ်ခုက သူ့ကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။သည်စွမ်းအးက သူ့မျက်လုံးထဲ၌ သိပ်သည်းလာ၏။သည်အခိုက်အတန့်၌ သူ့မျက်လုံးက ထိုဝဲကတော့အတွင်းဘက်ကို ဖြတ်မြင်နိုင်စွမ်း ရှိလို့လာခဲ့၏။

မရေမတွက်နိုင်သော ကျင့်ကြံခြင်းဂြိုဟ်များနှင့် ကြယ်တွေစုံသော ကောင်းကင်တစ်ခု၊၎င်းက အခြားကမ္ဘာတစ်ခုနှင့်ပင် တူနေခဲ့သည်။

“ဒါက…” ဝမ်လင်းက သူ့အကြည့်ကို ဝဲကတော့ ထံကနေ သွေဖယ်လိုက်သည်။သည်အခိုက်အတန့်၌ သူ့တည်ငြိမ်မှုများကို ပြန်ရရှိလာခဲ့သည်။

စာလိပ်ထဲရှိ အမျိုးသမီးက တိုးညင်းစွာ ပြောလာသည်။ “ငါ့အိမ်…အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး…”

ဘာသာပြန်သူ မှတ်ချက်…( အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးသည် နာမည် သပ်သပ်သာ ဖြစ်၏။သည်နာမည်ကို မည်သည့်အဓိပ္ပာယ်ဆောင်ကြောင်း ဖော်ညွှန်ထားခြင်း မရှိပေ။)

***

Comment

Leave a Reply

Options

not work with dark mode
Reset