Switch Mode

အပိုင်း(၇၀၅)

တတိယစွမ်းရည်

အပြင်ဘက်မှ စုပ်အားက ဝမ်လင်းခန္ဓာကိုယ်အား ဆွဲငင်လာသည်။ထိုစုပ်အားက ဝမ်လင်းအား ဝါးမြိုပစ်ချင်နေသည့်ပုံပင်။

ဝမ်လင်း၏ အရေပြားပင် တွန့်လိမ်ကာ မညီမညာ ဖြစ်ကုန်၏။ထိုစုပ်အားက သူ့အသွေးအသားများကိုပင် သက်ရောက်လို့နေပေ၏။

ဝမ်လင်းက ခုနစ်ရက်တိတိ ကြာပွင့်သဏ္ဌာန်ထိုင်နေခဲ့သည်။ သည်ခုနစ်ရက်အတွင်း သူက ထိုနေရာရှိ စုပ်အား၏ ပြင်းထန်မှုကို အသားကျသွားခဲ့သည်။သည့်နေ့တွင် သူက မျက်လုံးဖွင့်လာကာ နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ပြန်၏။

သူက အက်ကွဲကြောင်းအဝ၏ ဆယ်ပေအတွင်း နေရာသို့ ရောက်ရှိသွား၏။

ပြင်းထန်သော စုပ်အားက ရုတ်တရက် သူ့အား ဝန်းရံလာသည်။ဝမ်လင်း ခန္ဓာကိုယ်က အနည်းငယ်ပင် မတည်မငြိမ် ဖြစ်လာခဲ့၏။

သူ့အသွင်က သုန်မှုန်နေကာ သူက ထိုင်ချလိုက်ပြန်သည်။သူက သူ့ကိုယ်သူ စုပ်အားကို တောင့်ခံရန် ကိုယ်ဟန်ပြင်လိုက်၏။

သူ့ခန္ဓာကိုယ်ထဲရှိ သွေးများပင် ရပ်တန့်သွားလုနီးပါး ဖြစ်ရ၏။သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကြောင့်သာ မဟုတ်ပါက သူ့ခန္ဓာကိုယ်သည် ခုချိန်၌ ဒဏ်ရာများစွာ ရနေလောက်ပြီ ဖြစ်သည်။

“မလုံလောက်သေးဘူး…” အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက သူ့ခန္ဓာကိုယ်အွင်းမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို ရပ်တန့်လိုက်၏။သူ ထိုသို့ ပြုလုပ်လိုက်ချင်းချင်းမှပင် သူက အက်ကွဲကြောင်းထဲကနေ ဆွဲထုတ်ခြင်းကို ခံလိုက်ရ၏။

သူ့ခန္ဓာကိုယ်က အက်ကွဲကြောင်းအစွန်းနားသို့ ရောက်သွားသည့်အခိုက်တွင် ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ထိုအခါ ဓားခုနစ်လက်က ပျံသန်းထွက်လာကာ အစီအရင်တစ်ခု ဖြစ်ပေါ်၏။သည်ဓားခုနစ်လက်က ဝမ်လင်းပတ်လည်ရှိ မြေပြင်တွင် ထိုးစိုက်လို့သွားသည်။

လျှပ်စီးအမျှင်တန်းများက ထိုဓားခုနစ်လက်နှင့် ချိတ်ဆက်ကာ ဝမ်လင်းအတွက် နေရာတစ်ခု ဖြစ်စေ၏။ဓားခုနစ်လက်ကြားရှိ လျှပ်စီးပမာဏက တိုးလာကာ နောက်ဆုံးတွင် ဝမ်လင်းအား ပိုက်ကွန်သဖွယ် အုပ်မိုးပေးလာခဲ့တော့သည်။

ဝမ်လင်းက ထိုဓားအစီအရင်ထဲ၌ ဖြည်းဖြည်းချင်း ထိုင်ချလိုက်၏။သူက အက်ကွဲကြောင်းအစွန်းအားတွင် ထိုင်ချလိုက်ခြင်းပင်။ အေးစက်စက်အော်ရာက သည်ဧရိယာတွင် ပြည့်နေကာ စုပ်အား၏ကျယ်လောင်သော တဝီဝီအသံများက သူ့နားထဲ၌ ပဲ့တင့်ထပ်လို့နေ၏။

ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ပင် သည်စုပ်အား၏ ဖမ်းဆုပ်ထားခြင်းကို ခံရကာ နစ်မြုပ်သွားတော့မည် အရိပ်လက္ခဏာများ ပြသလာခဲ့သည်။သို့ရာတွင် သည်အခိုက်အတန့်၌ အတားအဆီးက ထပ်မံ ပေါ်လာကာ သူ့မူလစိတ်ဝိညာဉ်ကို သူ့ခန္ဓာကိုယ်ထဲ၌သာ ပြန်ပိတ်လှောင်ထားလိုက်၏။

မူလစိတ်ဝိညာဉ်အပြင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒပင် သိပ်သည်းလာသည်ဟု ထင်ရကာ တစ်ဖြည်းဖြည်း ဆွဲထုတ်ခြင်း ခံနေရ၏။သည်သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သတ်ဖြတ်သူနှလုံးထားထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။၎င်းက အနီရောင်အလင်းများအဖြစ်သို့ ဖြစ်တည်ကာ ဝမ်လင်းအရေပြားအောက်၌ပင် မြင်တွေ့နေရပေသည်။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ရှေ့သုံးပေခန့်သို့ ဆက်တိုးလိုက်သည်။ ဓားခုနစ်လက်ကလည်း သူနှင့်အတူ လိုက်ပါ ရွှေ့လျားလာသည်။သည်စုပ်အားက နောက်တစ်ဖန် တိုးလာကာ ဝမ်လင်းအရေပြားပေါ်၌ နောက်ထပ် အနီရောင်လိုင်းတစ်ခု ပေါ်လာပြန်၏။

ပြင်းထန်သော စုပ်အားက ဝမ်လင်း၏ ဓားခုနစ်လက်ကိုပါ ဝန်းရံလာကာ ဓားတေးသံများကို ထုတ်လွှတ်လာစေ၏။ဓားအတွင်းရှိ စိတ်ဝိညာဉ်များပင် ထွက်ပေါ်လာကာ အတူပေါင်းစည်းထားရသည်။၎င်းတို့က အတူပူးပေါင်းကာ စုပ်အားကို ခုခံကြ၏။

သည့်အပြင် ဓားခုနစ်လက်ကို ချိတ်ဆက်ထားသည့် လျှပ်စီးကလည်း ဓားများအတူ ပေါင်းစည်းချိန်၌ တဖျစ်ဖျစ် မည်လာခဲ့သည်။ဓားခုနစ်လက်က မြေကြီးနှင့် ပေါင်းစပ်ကာ ရှေ့သို့ ရွှေ့လျားလာသည်ဟု ထင်မှတ်ရ၏။

ဝမ်လင်းက ရှေ့သို့ ရွေ့နေရင်း ပိုပိုများပြားသော အနီရောင်လိုင်းများက သူ့အရေပြားအောက်၌ ပေါ်လာခဲ့၏။၎င်းတို့က သိပ်သည်းလာရာ နေရာတိုင်းတွင် ပေါ်လာပြီး ဝမ်လင်းတစ်ကိုယ်လုံးကို နီရဲနေစေ၏။

ထိုအနီရောင်လိုင်းများက တစ်သန်းထိ ရှိလာခဲ့ချေ၏။

သည်ပမဏက သတ်ဖြတ်ခြင်းစွမ်းအင်ပမာဏနှင့် အတိအကျ တူပေသည်။

ဝမ်လင်းအရေပြားအောက်ရှိ အနီရောင်လိုင်းများက တဖျပ်ဖျပ် ဖြစ်နေ၏။သို့သော် သူ့စိတ်ကတော့ တည်ငြိမ်နေ၏။သည်အခိုက်အတန့်၌ သူက အက်ကွဲကြောင်း၏ အစွန်းနားသို့ ရောက်လာခဲ့ပြီဖြစ်၏။သို့သော် ၎င်းက သူ့ခန္ဓာကိုယ်ထဲမှသတ်ဖြတ်ခြင်းစိတ်ဆန္ဒကို အတင်း ထုတ်လွှတ်သွားစေဖို့ မလုံလောက်သေးပေ။

အက်ကွဲကြောင်းအပြင်ရှိ အမှောင်ထုကို ကြည့်နေရင်း ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်လို့နေ၏။ သည်အလင်းက သူ့အောက်ပေနှစ်ရာလောက်ရှိ တွင်းနက်နံရံပေါ်တွင် ထိုးစိုက်မှီနေသည့် ကျောက်တုံးကို တွေ့မြင်သွားစေခဲ့ပေသည်။သည်ကျောက်တုံးပေါ်၌ ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခု ရှိလိုနေ၏။

အနည်းငယ် တွက်ချက်ပြီးသည့်နောက် ဝမ်လင်းက အက်ကွဲကြောင်းထဲကနေ ခုန်ထွက်လိုက်၏။သူ့ပုံရိပ်က ပေနှစ်ရာအကွာရှိ ကျောက်တုံးထံသို့ လျှပ်စီးတန်းအလား ရွှေ့လျားသွားတော့သည်။

ကြယ်ခုနစ်ခု ဓားအစီအရင်ကလည်း ဝမ်လင်းနှင့်အတူ လိုက်ပါသွား၏။တွင်းနက်အောက်ခြေမှ ပြင်းထန်သောစုပ်အားက ရုတ်တရက် တိုးလာခဲ့လေသည်။

ထိုစုပ်အားက အဆများစွာ ပိုအားကောင်းလာခြင်းကြောင့် ဝမ်လင်းအရေပြားအောက်ရှိ အနီရောင်လိုင်းများက သူ့ခန္ဓာကိုယ်ကနေ ဆွဲထုတ်ခြင်းကို ခံလိုက်ရလေသည်။အနီရောင်လိုင်းများ သူ့ခန္ဓာကိုယ်မှ ထွက်ခွာသွားသည့်အခိုက်တွင် ၎င်းတို့က ရုန်းကန်လာကြ၏။သို့ရာတွင် ၎င်းတို့က အနီရောင်အခိုးငွေ့အဖြစ်သို့ပြောင်း၍ တွင်းနက်၏ အောက်ခြေသို့ ပျောက်ကွယ်သွားကြတော့သည်။

တစ်ချိန်တည်းမှာပင် ဓားခုနစ်လက်အစီအင်က ဝမ်လင်းအား မြန်ဆန်စွာ လှည့်ပတ်လာ၏။ သည်လှည့်ပတ်နှုန်းက အံ့မခန်းမြန်ဆန်လှကာ အားကောင်းသော ဝဲကတော့ တစ်ခုကိုပင် ဖြစ်သွားစေသည်။သည်ဝဲကတော့က ပင့်တင့်အးကို ဖြစ်ပေါ်စေကာ ထိုအားက ပိုပိုသန်မာအားကောင်းလာခဲ့၏။

ဓားအစီအရင်ထဲတွင်သာ ရှိနေသော ဝမ်လင်းက ကျောက်တုံးကြီးပေါ်သို့ ခြေချလိုက်၏။သူက လုံးဝ အာရုံစူးစိုက်ထားပေ၏။သူက အမှားတစ်ခုသာ လုပ်လိုက်မိပါက သည်တွင်းနက်အောက်ခြေသို့ စုပ်ယူခြင်း ခံလိုက်ရမည် ဖြစ်သည်။

ကြယ်ခုနစ်ခုဓားအစီအရင်၏ အမြန်နှုန်းက အကန့်အသတ်သို့ ရောက်လာခဲ့၏။သို့သော် ၎င်းက ထုတ်လွှတ်ပေးသော ပင့်တင်အားက စုပ်အားကို ခံနိုင်ရန် မလုံလောက်သေးပေ။ဝမ်လင်းခန္ဓာကိုယ်က သည်ဓားအစီအရင်နှင့်အတူ အောက်သို့ ဆွဲချခြင်း ခံနေရသည်။

သည်အခိုက်အတန့်၌ ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ အနက်ရောင်ပုံရိပ်တစ်ခုက သူ့ခြေထောက်အောက်၌ ရုတ်တရက် ပေါ်လာခဲ့သည်။သည်ပုံရိပ်က ဝမ်လင်းနှင့် ချိတ်ဆက်လားပြီး ၎င်းက ခပ်တိုးတိုး ရေရွတ်၍ ၎င်း၏လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။

ချက်ခြင်းပင် ထိုအနက်ရောင်ပုံရိပ်က ပြင်းထန်သောမုန်တိုင်းတစ်ခုကို ဖန်တီးလိုက်ကာ ယင်းအားက စုပ်အားကိုပင် ခဏတာတန့်သွားဖို့ လုံလောက်စေလိုက်၏။၎င်းက ဝမ်လင်းနှင့် ဓားအစီအရင်ကို ကျောက်တုံးကြီးပေါ်သို့ သယ်ဆောင်ပေးလိုက်ပေသည်။

ကျောက်တုံးပေါ်၌ ခြေချလိုက်ပြီးနောက်မှ ဝမ်လင်းက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချနိုင်တော့သည်။ ဓားအစီအရင်နှင့်ရုပ်သေးတို့၏ ပူးပေါင်းမှုဖြင့် စုပ်အားကို သူက တောင့်ခံနိုင်ခဲ့ပေသည်။သို့သော် သည်အရာက အချိန်အကြာကြီးတော့ မဟုတ်ပေ။

ဝမ်လင်းက ကျောက်တုံးပေါ်၌ ထိုင်ချလိုက်၏။သူ့တွင် ထိုကျောက်တုံးပေါ်ရှိ အစီအရင်ကို လေ့လာနေရန် အချိန်မရှိပေ။ထို့ကြောင့် သူက သူ့ခန္ဓာကိုယ်ထဲရှိ အနီရောင်လိုင်းများ အတင်းထွက်သွားအောင်သာ အာရုံစိုက်ထားပေ၏။

သူ့မျက်လုံးက တလက်လက် ဖြစ်နေကာ သူ့ညာလက်ကို လှုပ်ယမ်းလိုက်၏။ မုန်တိုင်းတစ်ခုက ဝမ်လင်း၏အရိပ်ထဲတွင် ပုံးအောင်းနေသည့် ရုပ်သေးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

ထိုမုန်တိုင်း ပျောက်ကွယ်သွားသည့်နောက် ဓားခုနစ်လက်က မြန်ဆန်စွာ ဝမ်လင်းအား လှည်ပတ်လာသည်။ မုန်တိုင်းမရှိသည့်နောက် ဝမ်လင်းက နောက်တစ်ဖန် အံ့မခန်းစုပ်အားကို ခံစားလိုက်ရပြန်သည်။သူက အံတင်းတင်းကြိတ်ထား၏။သူ့မျက်နှာပေါ်ရှိ သွေးကြောများပင် ဖောင်းကြွလို့လာခဲ့သည်။သူက သည်အခိုက်အတန့် အလွန်တရာ ကြမ်းကြုတ်လှသည်ဟု ထင်မြင်ရသည်။

သူ့ခန္ဓာကိုယ်ထဲမှ အနီရောင်လိုင်းများက ပို၍ ဆွဲထုတ်ခြင်း ခံလာရသည်။၎င်းတို့က ဉာဏ်ရှိသည့်အလား ရုန်းကန်ကြသေး၏။သို့သော် ၎င်းတို့က စုပ်အားကြောင့် ဝမ်လင်းခန္ဓဦကိုယ်ကနေ ဆွဲထုတ် စုပ်ယူခြင်းခံရသည်သာ ဖြစ်သည်။သည်အနီရောင်လိုင်းများက အနီရောင်မြူများအဖြစ်ပေါက်ကွဲထွက်ကာ ပျောက်ကွယ်လို့သွားသည်။

ဝမ်လင်းခန္ဓာကိုယ်ထဲမှ အနီရောင်လိုင်းများက ပို၍ ဆွဲထုတ်ခြင်း ခံနေရသည်။သည်မြင်ကွင်းက အလွန်ထူးဆန်းလှ၏။

သည်လိုမျိုး အနီရောင်လိုင်းများ ဝမ်လင်းခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံရခြင်းက ထပ်ခါထပ်ခါ ဖြစ်လို့နေသည်။အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် ဝမ်လင်းအရေပြားက နီရဲနေခြင်း မရှိတော့ဘဲ ပုံမှန်အသားအရေတိုင်း ပြန်ဖြစ်လို့သွားသည်။ဝမ်လင်းက အသက်ဝဝရှူသွင်း၍ ရုတ်တရက် မျက်လုံးဖွင့်လာခဲ့သည်။သူ့အရိပ်ထဲမှ ရုပ်သေးကလည်း ပေါ်လာခဲ့ကာ နောက်တစ်ဖန် မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်၏။သည့်နောက် ၎င်းက သူ့ကို အက်ကွဲကြောင်းရှိရာသို့ ပြန်လည် ခေါ်ဆောင်ပေးသွားလေသည်။

ဝမ်လင်းက အက်ကွဲကြောင်းထဲသို့ ပြန်ရောက်သည့်အခါ မည်သည့်စုပ်အားကိုမှ မခံစားရတော့ပေ။သူက အာဏာတက်ခြင်းနောက်ဆုံးအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ဆယ်ရက်ဆယ်ည တိုက်ခိုက်ခဲ့ရသကဲ့သို့ အားနည်းသွားခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သောရက်အချို့အတွင်း ဝမ်လင်းက စုပ်အားကို တောင့်ခံကာ ကြယ်ခုနစ်ခုဓားအစီအရင်ကို ပိုကျွမ်းကျင်အောင်လုပ်ခြင်း၊သူ့ခန္ဓာကိုယ်ထဲမှ အနီရောင်လိုင်းများကို အတင်းထုတ်ခြင်းနှင့် သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များဖြင့် သူ့ကိုယ်သူ ဟန်ချက်ညီအောင်လုပ်ခြင်းတို့ကို ပြုလုပ်ခဲ့ပေသည်။

သည်အရာများအားလုံးကို ပြုလုပ်ပြီးသည်နှင့် ဝမ်လင်းက အလွန်ပင်ပန်းခဲ့ရသည်။သူက အမှားတစ်ခု ပြုလုပ်သည်နှင့်ကြမ္မာဆိုး ဝင်သွားမည်ကို သိပေသည်။ထို့ကြောင့် သူကအရင်ဆုံး အနားယူရန်ဆုံးဖြတ်သည်။သည့်နောက် သူ့ခွန်အားပြည့် အခြေအနေရောက်မှ ထိုအရာများကို ဆက်လက် လုပ်ဆောင်သည်။

သူ့ကိုယ်သူ ပြုပြင်ပြီးနောက် ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက ဓားအစီအရင်ကို ထိန်းချုပ်ကာ အက်ကွဲကြောင်းထဲကနေ နောက်တစ်ဖန် လှမ်းထွက်လာခဲ့သည်။

သည်လိုမျိုးဖြစ်စဉ်က လများစွာ ဆက်တိုက် ကြာမြင့်လာ၏။သည်နေ့တွင် ဝမ်လင်းက သည်အက်ကွဲကြောင်းထဲ၌ ပိတ်မိနေသည်မှာ လေးနှစ် ရှိလာခဲ့လေပြီ။သူက တွင်းနက်ထဲရှိ ကျောက်တုံးကြီးပေါ်တွင် ထိုင်နေကာ သူ့ညာလက်အောက်ရှိ အရေပြားအောက်၌ အနီရောင်လိုင်းတစ်ခု ရှိလို့နေသည်။ထိုအနီရောင်လိုင်းက စုပ်အားကြောင့် တုန်ခါနေခဲ့သည်။၎င်းက ဝမ်လင်းလက်ထဲကနေ ထွက်ရန် ငြင်းဆန်လိုနေသော်လည်း အနီရောင်မြူအဖြစ်ပြောင်းကာ တွင်းနက်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရလေသည်။

သည်အရာက ဝမ်လင်းကိုယ်ထဲတွင် ကျန်ရှိနေသည့် နောက်ဆုံးအနီရောင်လိုင်းဖြစ်၏။၎င်းကို သူ့ကိုယ်ထဲမှ အတင်း စုပ်အားအကူအညီဖြင့် ထုတ်လွှတ်စေပြီးနောက် ဝမ်လင်းက မျက်လုံးဖွင့်လာ၏။သူ့မျက်လုံးထဲ၌ ပင်ပန်းနေသည့်ပုံ ထွက်ပေါ်နေ၏။သို့သော် အေးစက်မှု အရိပ်အမြွက်လည်း ရှိလို့နေလေသည်။

“ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်…”

သူက အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် သူ့မျက်လုံးထဲရှိ‌ အေးစက်မှုကို ပြန်ဖုံးကွယ်ထားလိုက်သည်။ သည့်နောက် သူက ခေါင်းငုံ့ကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ကြည့်၏။တစ်ချက်ကြည့်ပြီးနောက် ၎င်းအစီအရင်ကို အာရုံမစိုက်တော့ဘဲ သူက ပတ်ဝန်းကျင်မှ စုပ်အားကို ခံစားကြည့်သည်။

ထိုစုပ်အားနှင့် အကြိမ်များစွာ ထိတွေ့ကာ သမူဟ ဖြစ်ပြီးနောက် ဝမ်လင်းက ထိုစုပ်အားအတွင်းမှ အဓိကပြောင်းလဲမှုများကို ခံစားမိခဲ့သည်။သူက သည်စုပ်အားအကြောင်း နားလည်လိုပါက သူက သူ့စိတ်ကိုလွှတ်ကာ ၎င်းကို မခုခံရန် လိုပေ၏။သူက ထိုစုပ်အား သူ့ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားနိုင်သည့်ထိရောက်အောင် သူ့ခန္ဓာကိုယ်အား ဖောက်ထွင်းမြင်သည့်အထိ ဖြစ်လာရန် လုပ်ဆောင်ရမည် ဖြစ်သည်။

တစ်နေ့ပြီးတစ်နေ့။တစ်နှစ်ပြီးတစ်နှစ်။ ဝမ်လင်းက သည်ကျောက်တုံးပေါ်တွင် ထိုင်နေသည်မှာ သုံးနှစ်ရှိလာခဲ့လေပြီ။

ကြယ်ခုနစ်ခုဓားအစီအရင်ကလည်း ဆက်လက်၍ လှည့်ပတ်ခြင်းမရှိတော့ဘဲ သူ့ပတ်လည်ရှိ မြေပြင်တွင် ထိုးစိုက်လို့ထားသည်။ ဝမ်လင်းက ကျောက်တုံးနှင့် တစ်သားတည်းလို ဖြစ်လာခဲ့သည်။ပထမ၌ စုပ်အားက သူ့ကို အနည်းငယ် ရွှေ့လျားစေသေး၏။သို့သော် တစ်ဖြည်းဖြည်းဖြင့် ဝမ်လင်းက အလင်းခန္ဓာကိုယ်တစ်ခုလို ဖြစ်လာခဲ့တော့သည်။ထို့ကြောင့် စုပ်အားက သူ့ခန္ဓာကိုယ်အား ဖြတ်ကျော်သွားကာ သူ့အပေါ်၌ မသက်ရောက်စေတော့ပေ။

အချိန်က ဖျပ်ခနဲပင် နောက်ထပ် သုံးနှစ် ကုန်ဆုံးသွားခဲ့ပြန်ပြီ။

ဝမ်လင်းကို ထွင်းဖောက်ဖြတ်ကျော်သွားသည့် စုပ်အားက ရပ်တန့်သွားခြင်းမရှိဘဲ အဆက်မပြတ်ရှိလို့နေဆဲသာ။

သူ့ခန္ဓာကိုယ်ကသာ လှုပ်ရှားခြင်းမပြုရုံမဟုတ်ဘဲ သူ့စိတ်သည်လည်း လှုပ်ရှားခြင်း မရှိတော့ပေ။သည်ခြောက်နှစ်တာ အတွင်း ဝမ်လင်းက သည်နေရာတွင် ထိုင်နေရင်း သူ့ခန္ဓာကိုယ်အစိတ်အပိုင်းများအားလုံးကို စုပ်အားက ဖြတ်သန်းသွားသည်ကို ခံစားနေရင်း တစ်ဖြည်းဖြည်းဖြင့်သူက ထူးဆန်းသောအခြေအနေသို့ ဆိုက်ရောက်သွားခဲ့တော့သည်။

သူက သူ့ကိုယ်သူ ပျောက်ကွယ်နေပြီဟူသော ခံစားချက်ကိုပါ ရရှိနေခဲ့သည်။ထိုသို့ခံစားရခြင်းမှာ ထိုစုပ်အားက သူ့အပေါ်၌ သက်ရောက်မှု မရှိတော့သောကြောင့်သာ ဖြစ်၏။

သို့ရာတွင် ထိုစုပ်အားက သူ့မူလစိတ်ဝိညာဉ်ကို ခုထိ ဖြတ်ကျော်သွားခြင်း မရှိသေးပေ။ထို့အတွက်ကြောင့် ဝမ်လင်းသည် သူက ထူးဆန်းသောအခြေအနေအတွင်း လုံးဝပြည့်စုံသွားခြင်းမရှိသေးဟူသော ခံစားမှုကို ရရှိစေ၏။

သူက ထိုစုပ်အားကို သူ့ခန္ဓာကိုယ်ကိုသာ ဖြတ်ကျော်သွားစေရင်း စုပ်အားနှင့် တစ်သားတည်း ဖြစ်သွားစေခဲ့ရုံသာ ရှိသေး၏။သို့ရာတွင် သူက ၎င်းစုပ်အားကို သူ့မူလစိတ်ဝိညာဉ်ကို ဖြတ်ကျော်စေခြင်း မရှိသေးသည့်အတွက် သူက စုပ်အားနှင့် အစစ်အမှန်တစ်သားတည်း ဖြစ်လာရန် လိုအပ်နေပေသေးသည်။

ဝမ်လင်းက သည်ကိစ္စကို အလျင်မလိုပေ။သူက စုပ်အားကို ဆက်လက်၍ နားလည်သဘောပေါက်ရန်သာ တည်ငြိမ်စွာ လုပ်ဆောင်နေ၏။သည်ထူးဆန်းသော အခြေအနေအောက်၌ သူက တစ်ဖြည်းဖြည်းဖြင့် သူ့မူလစိတ်ဝိညာဉ်ကို လွင့်ပြယ်သွားစေ နေခဲ့သည်။

ဖျပ်ခနဲပင် နောက်ထပ် ငါးနှစ်ကုန်ဆုံးသွားခဲ့၏။သူက သည်နေရာတွင် ရှိနေသည်မှာ ဆယ့်ငါးနှစ် ရှိလာခဲ့ပြီဖြစ်သည်။ဆယ့်တစ်နှစ်လုံးလုံးက ကျောက်တုံးကြီးပေါ်တွင် ထိုင်၍ စုပ်အားကို နားလည်အောင် လုပ်နေခြင်းပင်။

ခုချိန်၌ သူ့မူလစိတ်ဝိညာဉ်သည်လည်း စုပ်အားနှင့် တစ်သားတည်း ဖြစ်လာခဲ့ချေပြီ။

နောက်ထပ် နှစ်နှစ်ထပ်ကုန်ဆုံးသွားပြန်၏။ ဝမ်လင်းက သည်နေရာတွင် ပိတ်မိနေသည်မှာ ဆယ့်ခုနစ်တိတိ ရှာလာပြီးနောက် နောက်ဆုံးတွင် မျက်လုံးဖွင့်လာခဲ့၏။သူ့မျက်လုံးထဲ အကောင်းအဆိုးကို အံတုနိုင်သည့် အသွင်တို့ ထွက်ပေါ်နေကာ သူက သူ့ရှေ့ရှိ အမှောင်ထုအား တည်ငြိမ်စွာ ကြည့်လို့နေသည်။

“ငါ့စိတ်နဲ့စုပ်အားကို ပေါင်းစပ်ခြင်း။ ငါက စုပ်အားကို နားလည်သွားပြီး ဒါနဲ့ လုံးဝ ပြည့်ပြည့်စုံစုံ သမူဟ ဖြစ်ပြီးတဲ့နောက်မှာ ငါဟာလည်း စုပ်အားရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မယ်…”

“ငါက စုပ်အား ဖြစ်လာတာနဲ့ ငါက ဒီအားနဲ့ ပေါင်းစပ်သွားနိုင်လိမ့်မယ်…”

ဝမ်လင်းက စဉ်းစားနေ၏။သူက သည်အရာကို လွန်ခဲ့သောနှစ်များကတည်းက တွေးမိနေခဲ့ခြင်းပင်။၎င်းက အပြောလွယ်သလောက် အလုပ်ခက်နေပေသည်။သူ့တွင် သူကိုယ်တိုင် သည်စုပ်အား၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာဖို့ အကြံဉာဏ်မရှိ ဖြစ်နေ၏။

ဝမ်လင်းက သက်ပြင်းမှုတ်ထုတ်ကာ မျက်လုံးပြန်မှိတ်ထားလိုက်၏။

“ဆင်းသွားလိုက်…” စာလိပ်ထဲမှ အမျိုးသမီး၏ အသံက သူ့မူလစိတ်ဝိညာဉ်ထဲ၌ နောက်တစ်ကြိမ် ပေါ်လာခဲ့ပြန်၏။

ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်ကြည့်လာသည်။သူ့မျက်လုံးက လျှပ်စီးကို ပေးစွမ်းနေ၏။သူက ခေါင်းငုံကာ သူ့အောက်ရှိ အမှောင်ထုကို ကြည့်လိုက်သည်။သူ့မျက်လုံးထဲရှိ အလင်းက ပိုပိုတောက်ပလာခဲ့၏။သည်အခိုက်အတန့်၌ ထိုတောက်ပမှုက အထွတ်အထိပ်သို့ ရောက်သွားပြီးနောက် ရုတ်တရက် ပြန်ပျောက်ကွယ်သွားတော့သည်။ဝမ်လင်းက ဆယ့်သုံးနှစ်ကြာ မလှုပ်မယှက် နေပြီးနောက်တွင် ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လာကာ ရှေ့သို့ ခြေလှမ်းလိုက်၏။

သူက သည်ခြေလှမ်းတွင် မည်သည့်မန္တာန်ကိုမှ အသုံးမပြုပေ။သေမျိုးတစ်ယောက်ကဲ့သို့သာ ခြေလှမ်းလိုက်ခြင်း ဖြစ်၏။သူ့ခန္ဓာကိုယ်က ချက်ခြင်းပင် တွင်းနက်အောက်ခြေသို့ ထိုးကျသွားခဲ့တော့သည်။သူက အမှောင်ထု၏ ဝါးမြိုခြင်းကို ခံလိုက်ရ၏။

ဝမ်လင်းခန္ဓာကိုယ်က မြန်ဆန်စွာ ပြုတ်ကျနေ၏။သူက သည်အချိန်အတွင်း မျက်လုံးမှိတ်လို့ထား၏။စုပ်အားက သူ့ကို လက်မများဖြင့် ကြမ်းတမ်းစွာ ဆွဲယူနေသကဲ့သို့ ထင်မှတ်ရ၏။

သူက အောက်သို့ ပြန်ကျနေရင်း ယင်းစုပ်အားက ပိုပို၍ အေးစက်လာ၏။သည်နေရာရှိ နရံများပင် အေးခဲလာသလား မှတ်ရ၏။

သည့်နောက် ဝမ်လင်း၏ စိတ်တစ်ခုလုံးက ထူးဆန်းသောအခြေအနေတွင်းသို့ နစ်မြုပ်လို့သွား၏။သူ့စိတ်ထဲရှိ တစ်ခုတည်းသောအတွေးက သူက သည်စုပ်အားနှင့် တစ်သားတည်း ဖြစ်လာရန်သာ ဖြစ်တော့သည်။

စုပ်အားနဲ့ ပေါင်းစပ်ခြင်း…စုပ်အားထဲကို ပြောင်းလဲပစ်ခြင်း…ကိုယ်တိုင် စုပ်အား ဖြစ်လာခြင်း…။

သည်အခိုက်အတန့်၌ ဝမ်လင်းမူလစိတ်ဝိညာဉ်က မရေမတွက်နိုင်သော မိုးခြမ်းသံတစ်မျှ ပေါက်ကွဲမှုများကို ထုတ်လွှတ်လာ၏။သူ့ခန္ဓာကိုယ်ထဲသို့လည်း စုပ်အားများက အရူးအမူး ဖြတ်ကျောက်ကာ သူ့မူလစိတ်ဝိညာဉ်ထံသို့ ရွှေ့လျားသွားကြသည်။

သည်အခိုက်အတန့်၌ ဝမ်လင်းက မျက်လုံးဖွင့်လာခဲ့သည်။သူ့ခန္ဓာကိုယ်ကတော့ နစ်မြုပ်နေဆဲ ဖြစ်သော်လည်း သူ့မျက်နှာပေါ်တွင်တော့ ပြုံးယောင်သန်းလာလေ၏။သူက အသက်ဝဝရှူသွင်းလိုက်၏။သည်အခိုက်အတန့်၌ သူက ပြုတ်ကျနေရာကနေ ရပ်တန့်သွားတော့သည်။

သည်စုပ်အားက သူ့ခန္ဓာကိုယ်ထဲသို့ ဖြတ်သန်းသွားကာ မည်သည့်အတားအဆီး အဟန့်ဖြစ်နေမှုမှ မရှိတော့ပေ။သူ့မူလစိတ်ဝိညာဉ်၊အသွေးအသားအားလုံးက သည်စုပ်အားနှင့်အတူ ပေါင်းစပ်သွားခဲ့လေပြီ။နောက်ဆုံးတော့ သူက စုပ်အား၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ချေပြီ။

ဝမ်လင်းက အောက်သို့ ငုံ့ကြည့်လိုက်ရာ အောက်ခြေကို မမြင်ရချေ။သည်အရာက အဆုံးမရှိသော တွင်းနက်ကြီးတစ်ခုနှင့် ဆင်တူလို့နေသည်။

“ထွက်သွားဖို့ အချိန်တန်ပြီ…ငါ့တာအိုရဲ့ တတိယစွမ်းရည်က…တစ္ဆေလောကရဲ့စွမ်းအားပဲ ဖြစ်တယ်…” ဝမ်လင်းက ခေါင်းမော့ကာ အပေါ်သို့ ကြည့်လိုက်၏။သည့်နောက် သူက အပေါ်သို့ ဖြည်းဖြည်းချင်း ပြန်မြင့်တက်လာတော့သည်။

“ဆင်းသွားပါ…ငါ နင့်ကို တောင်းပန်ပါတယ်…ဆင်းသွားပေးပါ…” ပထမဆုံးအကြိမ်အဖြစ် စာလိပ်ထဲမှ အမျိုးသမီး၏ အသံထဲ၌ စိတ်ခံစားချက်တို့ ပါဝင်လာခဲ့၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset