Switch Mode

အခန်း ( ၂၆၆ )

ကျုပ်ပြန်လာပြီ

သူက ရွှီယွဲ့မျိုးနွယ်စုတွင် အကြာကြီး မနေခဲ့ပေ။ ညနေခင်းသို့ ရောက်သော်သူ့ကို ရှိန်နေပြီး လေးစားမှုရှိသည့် မျိုးနွယ်စုဝင်များက အခမ်းအနားကြီးတစ်ခုကို ကျင်းပပေးလေသည်။ ထို့နောက် ပိုင်ရှောင်ချန်းက ထိုမျိုးနွယ်စုထဲမှ လစ်ထွက်လာကာ လေပေါ်သို့ ပျံတက်သွားတော့သည်။ နာရီအနည်းငယ်ကြာသောအခါ သူက လောချိန်တောင်စဥ်တန်းများအနားသို့ ရောက်သွားပြီဖြစ်သည်။

ယခုတွင်မူ သူ၏ နှလုံးသားထဲတွင် အိမ်ပြန်လိုစိတ်များမှာ နိုးကြားနေတော့သည်။ သူက အသက်ပြင်းပြင်းရှူလိုက်ပြီး လမ်းတစ်လျှောက်ကို စစ်ဆေးရန် နတ်ဘုရားအာရုံများကို သူ၏ရှေ့သို့လွှင့်ကာ တောင်တန်းများဆီသို့ ပြေးသွားလေသည်။ ခဏအကြာတွင် ထိုတောင်တန်းများမှာ တစ်ခုခုလွဲမှားနေကြောင်း သူ သတိထားမိသွားသည်။

ထိုတောင်တန်းများထဲတွင် ထူးဆန်းသော အခိုးအငွေ့တစ်ခု ရစ်ပတ်နေသဖြင့် ပိုင်ရှောင်ချန်းမှာ ကြောက်ကြောက်လန့်လန့်နှင့် နှလုံးခုန်မြန်လာတော့သည်။

” ဘာတွေဖြစ်နေတာလဲဟ။”
သူက တွေးနေတော့သည်။သူက ယခင်ကထက် ပို၍သတိကြီးကြီးထားကာ ညဥ့်နက်သည်အထိ ရှေ့ဆက်သွားနေတော့သည်။ ထိုအချိန်တွင် သူက တောင်ကြားတစ်ခုထဲသို့ လမ်းပေါက်သည့် လျှိုမြောင်တစ်ခုအနီးသို့ ရောက်နေပြီဖြစ်ပြီး တုန်လှုပ်ဖွယ်အရာကြီးတစ်ခုကို မြင်လိုက်ရလေသည်။

ခပ်မှိန်မှိန် အလင်းရောင်တန်းတစ်ခုမှာ ဧရာမနံရံကြီးတစ်ခုအလား ကောင်းကင်ထိတိုင်အောင် ထိုးထွက်နေခြင်းပင်ဖြစ်သည်။

အလင်းနံရံကြီးမှာ တောင်တန်းများဆီမှ မြင့်တက်သွားပြီး မျက်စိတစ်ဆုံးတိုင်အောင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့၏ နယ်နိမိတ်နှစ်ခုကို ပိုင်းခြားထားလေသည်။ ထိုနံရံကြီး၏ စွမ်းအင်ကို သိရှိရန် ပိုင်ရှောင်ချန်းမှာ စစ်ဆေးမှုများပင် လုပ်နေရန်မလိုပေ။ ထိုနံရံကြီးကို အတင်းဖောက်ဝင်ရန်ကြိုးစားပါက သူ၏ ခန္ဓာကိုယ်ရော ဝိညာဥ်ပါ ပျက်စီးသွားမည်ဖြစ်ကြောင်း သူကသိသည်။

သူက အရောင်လက်နေသည့် မျက်နှာဖြင့် ထိုနံရံကြီးမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းထံမှ ထူးဆန်းေသာ ပညာရပ်၏ အငွေ့အသက်များပါဝင်နေ ကြောင်းကို အတည်ပြုလိုက်လေသည်။

” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ရန်ကနေ ကာကွယ်နိုင်ဖို့ဆိုရင် လောချိန်တောင်တန်းတွေက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာရှိတဲ့ အကောင်းဆုံးအရာတွေပဲ။ ”

သူ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်ရှိခဲ့စဥ်တုံးက ကြားခဲ့ရသည့် လောချိန်တောင်တန်းများအကြောင်းကို ပြန်တွေးမိလိုက်သောအခါ သူ၏ နှလုံးသားမှာ တုန်ရီနေတော့သည်။

ထိုတောင်များမှာ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းခန့်ထဲက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ အဓိက ခံစစ်ကြောင်းအဖြစ် အသုံးပြုခဲ့သည့် နေရာဖြစ်သည်။

” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာတုံးက ပြင်ပ ကမ္ဘာမှာ ဖြစ်နေတာတွေကို ငါ သိပ်တောင်မသိခဲ့ရဘူး။ ဒါပေမဲ့ စစ်ပွဲအခြေအနေက ဒီကြောက်မက်ဖွယ်ဒိုင်းကာကြီးကိုတောင် တပ်ဆင်ထားရတဲ့အထိ ရောက်နေပြီပဲ။ တော်တော်ကို အခြေအနေတွေ ပြင်းထန်နေတာပါလား။”

ပိုင်ရှောင်ချန်းက အနည်းငယ်တွေးတောကာ လျှိုမြောင်ဆီသို့ ချဥ်းကပ်သွားပြီး နောက်လှည့်၍ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းဘက်သို့ ကြည့်လိုက်လေသည်။

အချိန်အတော်အတန် ကြာသွားလေသည်။ အဆုံးတွင် သူက ထိုနေရာတွင် သူတစ်ယောက်ထဲသာရှိကြောင်း သေချာအောင်စစ်ဆေးကာ သူ၏မျက်နှာပေါ်သို့ လက်ကိုဖြည်းညင်းစွာတင်လိုက်လေသည်။ တစ်ခဏမျှရပ်တန့်သွားပြီးနောက် သူက မျက်နှာဖုံးကိုဖယ်ရှားလိုက်သောအခါ သူ၏ သရုပ်အမှန်ပေါ်လာတော့သည်။

သူက ထိုမျက်နှာဖုံးကို သိမ်းဆည်းကာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အငွေ့အသက်များအား ဖယ်ရှားရန် လက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူ၏ ထာဝရအသက်ရှည်နည်းကျင့်စဥ်၏ အငွေ့အသက်များကိုပါ သိမ်းဆည်းလိုက်လေသည်။ အနည်းငယ်ကြာသောအခါ သူ၏ စိတ်စွမ်းအင်ပင်လယ်များထဲမှ ခရမ်းရောင်ချီ ကောင်းကင်တံတား မန္တန်၏ အခိုးအငွေ့များထွက်လာလေသည်။ ထို့နောက် သူက အလင်းရောင်ဒိုင်းကာကြီးဆီသို့ လမ်းလျှောက်သွားတော့သည်။

သူက ထိုဒိုင်းကာကြီးနှင့် ထိလိုက်သောအခါ ကြောက်မက်ဖွယ်အရာတစ်ခုက သူ့ကိုဆုပ်ကိုင်လိုက်သဖြင့် အလွန်ပင် ကြက်သီးထကာ ထုံကျဥ်သွားလေသည်။ မည်သည့်အချိန်တွင်မဆို သူ၏ ခန္ဓာကိုယ်မှာ ပျက်စီးသွားနိုင်ကြောင်း သူ ခံစားလိုက်ရလေသည်။ သူက ထိုနေရာတွင် မလှုပ်မယှက်ရပ်ကာ စိုးရိမ်စိတ်များ ကြီးထွားလာတော့သည်။

အသက်ရှူကြိမ်အနည်းငယ်အပြီးတွင် ထိုကြက်သီးထဖွယ် အေးစက်စက်ခံစားမှုကြီးမှာ တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး သူက ပြန်လည်လှုပ်ရှားနိုင်သွားတော့သည်။ သူက ရှေ့သို့ခြေလှမ်းတစ်လှမ်းလှမ်းကာ ဒိုင်းကာကို ဖြတ်သွားလေသည်။

” ကြည့်ရတာ ခေါင်းဆောင်ကြီးတစ်ယောက်ရဲ့ နတ်ဘုရားအာရုံထင်တယ်။ ဒါမှမဟုတ် ဒီ မန္တန်အစီအရင်ရဲ့ အလိုအလျှောက်စနစ်လည်း ဖြစ်နေနိုင်တယ်။” သူက တွေးလိုက်လေသည်။ သူက ကြောက်ကြောက်နှင့် ထိုဒိုင်းကာကြီးကို ပြန်လှည့်ကြည့်လိုက်လေသည်။ သူက အသက်ပြင်းပြင်းရှူကာ ဘေးဘီဝဲယာသို့ကြည့်လိုက်သောအခါ အသီးအရွက်များမှာ သွေးရောင်မလွှမ်းတော့ပဲ စိမ်းလန်းစိုပြည်သည့် မြစိမ်းရောင်ဖြစ်နေပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် လုံးဝကွဲ ပြားသည့် ခံစားချက်တစ်ခုကို ရလိုက်လေသည်။ ဤနေရာတွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အငွေ့အသက်ကို သူစတင်ခံစားလိုက်ရပြီဖြစ်သည်။

” ပိုင်ရှောင်ချန်း ပြန်လာပြီဟေ့။” သူက တစ်ကိုယ်ထဲ ရေရွတ်လိုက်သည်။ ထို့နောက်သူက ရိပ်ခနဲလှုပ်ရှားလိုက်ပြီး လေပေါ်သို့ပြန်တက်ကာ ခရမ်းရောင်ချီ ကောင်းကင်တံတား မန္တန်ကို ထုတ်လွှတ်လိုက်တော့သည်။ သူက ထိုသို့ထုတ်လွှတ်လိုက်သည့်အခါ သူ၏ဘေးပတ်ပတ်လည်တွင် ခရမ်းရောင်အလင်းတန်းများထွက်လာပြီး ထိုနေရာတစ်ခုလုံးကိုပါ လွှမ်းခြုံသွားတော့သည်။

သူ၏နဖူးပေါ်ရှိ တတိယမျက်လုံးမှာလည်း ပွင့်လာကာ သူ၏ အမြင်အာရုံမှာလည်း ပိုမိုတောက်ပကြည်လင်လာတော့သည်။ ယခုတွင် သူ၏ သိုင်းပညာများကို ဖုံးကွယ်နေရန် မလိုတော့သဖြင့် မန္တန်လက်ကွက်တစ်ခုဖော်ကာ လက်ညှိုးထိုးလိုက်ပြီး ခရမ်းရောင်ချီ ဒယ်စောက်အိုးဆင့်ခေါ်နည်းကို ထုတ်သုံးလိုက်လေသည်။ သူ၏ အင်္ကျီကိုခါယမ်းလိုက်သောအခါ ကောင်ကင်နှင့်ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွားပြီး ရေငွေ့များ ဆူပွက်ထလာကာ ရွှယ်ကျဲကော်တုလည်း ထွက်လာလေသည်။

သူက ခေါင်းကိုနောက်ပစ်၍ အားပါးတရ ရယ်မောလိုက်တော့သည်။ မည်သည်ကိုမှ ပူပန်နေစရာမလိုသည့် ခံစားချက်ကြောင့် သူက အပျော်ကြီးပျော်နေလေ၏။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ သူခံစားခဲ့ရသည့် ဖိအားများနှင့် ရောယှက်နေသည့် စိတ်ခံစားချက်များမှာ ပျောက်ကွယ်သွားပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ သူ၏ မိတ်ဆွေများအကြောင်းကိုသာ သူက တွေးနေတော့သည်။

” ဦးလေးလီ၊ ဖက်တီးကျန်းကြီး၊ ဟိုရှောင်မေ့၊ ဟိုယွင်ဖေး၊ ရွှီပေါက်ချိုင်၊ ဂိုဏ်းတူအစ်ကို ဂိုဏ်းခေါင်းဆောင်၊ ဘရူဆာတို့ရေ။ ငါပြန်လာပြီဟေ့။” သူက ပျော်ရွှင်တက်ကြွစွာဖြင့် အရှိန်ကုန်တင်ကာ လေထဲတွင် ပျံသန်းသွားလိုက်တော့သည်။

အဆုံးတွင် သူက အနည်းငယ်အနားယူရန် ရပ်လိုက်ပြီး လိပ်ပုံစံဒယ်အိုးလေးကို ထုတ်လိုက်လေသည်။ ထိုဒယ်အိုးလေးကို မြင်လျှင် သူက သက်ပြင်းအရှည်ကြီးချလိုက်သည်။

” ဒီဟာကို ငါ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာတုံးက မသုံးရဲခဲ့ဘူး။ဒါပေမဲ့ အခုတော့ အဆင့်လေး စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းလုပ်လို့ရပြီဟေ့။” ပိုင်ရှောင်ချန်းမှာ ထိုအကြောင်းတွေးကာ စိတ့လှုပ်ရှားလာတော့သည်။ လေးရောင်ခြယ်မီးတောက်ဖန်တီးနိုင်ရန် လိုအပ်သည်များကို သူက စုဆောင်းပြီးဖြစ်ရာ အချိန်ဆွဲမနေတော့ပေ။

သူက တုန့်ဆိုင်းမနေပဲ မှော်ပစ္စည်းအားလုံးကိုထုတ်ကာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်လိုက်တော့သည်။ သူ၏ အမှတ်အသားဟုပင်ခေါ်နိုင်သည့် သစ်သားဓားလေးကို အဆင့်မြှင့်တင်နေချိန်တွင် သူက အလွန်အမင်း စိတ်လှုပ်ရှား နေ၏။ အဆင့်မြှင့်တင်ပြီးသွားသောအခါ ထိုဓားမှာ သစ်သားနှင့်ပင်မတူတော့ပဲ ရွှေ နှင့်ပင်တူသွားလေသည်။

ေရွှကျီးကန်းဓားကမူ အများကြီး မပြောင်းလဲသွားသော်လည်း ၎င်းမှထွက်ပေါ်နေသည့် အလင်းရောင်များမှာ ယခင်ကထက်ပင် ပို၍ မျက်စိကျိန်းစရာ ကောင်းနေတော့သည်။ မကြာမီတွင် သူ၏ မှော်ပစ္စည်းအားလုံးမှာ အဆင့်မြှင့်တင်ပြီးဖြစ်သွားတော့သည်။

စုန့်မျိုးနွယ်စု ခေါင်းဆောင်ကြီးက သူ့ကိုပေးခဲ့သည့် မီးအိမ်ကိုပါ သူက အဆင့်မြှင့်တင်လိုက်လေသည်။ ၎င်း၏ မျက်နှာပြင်ပေါ်ရှိ ငွေရောင်အင်းကွက်များက တလက်လက်တောက်ပလာသည့်အခါ သူက ကောက်ကိုင်လိုက်သဖြင့် သူ၏ ဝိညာဥ်ပင် တုန်ရီသွားရတော့သည်။ ထိုမီးအိမ်မှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းနေလေ၏။

” အီး.. ငါက အရမ်းအစွမ်းထက်လွန်းလို့ ငါ့ကိုယ်ငါတောင် ပြန်ကြောက်နေရပါလား ” သူက မျက်ခုံးများကို ပင့်ရင်း တွေးနေလေ၏။ ထိုမီးအိမ်လေးကို သေချာသိမ်းဆည်းပြီးနောက် သူက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ ပျော်ပျော်ရွှင်ရွှင် ပြန်လာနေတော့သည်။

တချိန်တွင် သူက လိပ်အသေးလေးကို ရုတ်တရက် ပြန်သတိရသွားသဖြင့် သူ၏ အိတ်ထဲမှ ၎င်းကိုထုတ်ယူ၍ အနည်းငယ် ခါယမ်းလိုက်သည့်အခါ ယခင်လိုပင် ကလောက်ကလောက် ဟူသည့် မြည်သံများ ထွက်လာလေသည်။

ထိုလိပ်ကလေးကို အနည်းငယ် ဆော့ကစားလိုက်ပြီးနောက် သူက ၎င်း၏အမြီးကို ဆွဲဆန့်၍ရကြောင်း သိသွားသဖြင့် အံ့သြသွားတော့သည်။ အမြီးကို ပြန်လွှတ်လိုက်သောအခါ ၎င်းက ဖတ်ခနဲဖြင့် သူ၏ မူလနေရာသို့ ပြန်ရောက်သွားလေသည်။

” အမ်… ဒီလိုလဲ လုပ်လို့ရတယ်လား။ ”
သူက တအံ့တသြ ဆိုလိုက်လေသည်။ လိပ်ကလေး၏ ခြေ၊လက်များနှင့် ဦးခေါင်းကိုလည်း ထိုသို့ ဆွဲဆန့်၍ရကြောင်း သိသွားလေသည်။

သူက ထိုလိပ်ကလေးကို အောက်သို့ ပစ်ချလိုက်သောအခါ လက်နက်တစ်ခုအဖြစ် အသုံးပြု၍ ရကြောင်းကိုလည်း တွေ့လိုက်ရလေသည်။ ကျောက်ဆောင်အချို့ကိုရှာကာ လိပ်ကလေးကို ထိုကျောက်ဆောင်များဆီသို့ ပစ်ပေါက်ကြည့်လိုက်သောအခါ ကျောက်ဆောင်များ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားလေသည်။ လိပ်ကလေးကမူ ခြစ်ရာလေးတစ်ခုပင် မထင်ချေ။

ဤလိပ်ကလေးမှာ ရိုးရိုးလိပ်တော့မဖြစ်နိုင်ဟု ပိုင်ရှောင်ချန်းက တွေးမိလာတော့သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ ပြန်သည့်လမ်းတစ်လျှောက်တွင် သူက ထိုလိပ်ကို ခါယမ်းလိုက် ဆွဲဆန့်လိုက် ပစ်ပေါက်လိုက် လုပ်နေတော့သည်။ ရက်အနည်းငယ်ကြာသောအခါ ထိုလိပ်အတွင်းမှ သင်းပျံ့သည့် မွှေးရနံ့တစ်ခု ပေါ်ထွက်လာသည်ကို သူက သတိထားမိလိုက်လေသည်။

ထိုမွှေးရနံ့မှာ အာရုံခံမိရန် ခက်ခဲပါသော်လည်း ပိုင်ရှောင်ချန်းက ရှူသွင်းမိလိုက်သောအခါ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ ရုတ်တရက် လှုပ်ခတ်သွားလေသည်။ ထို့နောက် သူက ကျင့်ကြံခြင်းအခြေခံကို လည်ပတ်စေလိုက်သောအခါ ထိုနားတစ်ဝိုက်ရှိ စိတ်စွမ်းအင်များစွာက သူ့ဆီသို့ ပြေးဝင်လာသဖြင့် သူ၏ စိတ်စွမ်းအင်ပင်လယ်များမှ ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်များ ထွက်လာတော့သည်။

” အမ်… ” သူ အလန့်တကြား အော်ဟစ်လိုက်သည်။ သူက ထိုသို့ နောက်တစ်ခေါက်ထပ်လုပ်လိုက်ပါသော်လည်း မအောင်မြင်ချေ။ သို့သော်လည်း စုံစမ်းစစ်ဆေးမှုများလုပ်လိုက်သည့်အခါ သူ၏ကျင့်ကြံခြင်းအခြေခံ လည်ပတ်သွားသည့် ထိုခဏမျှသောအချိန်မှာ သူတစ်လတိတိတရားထိုင်ကာ ကျင့်သောအခါရသည့်ရလဒ်နှင့် တူညီနေကြောင်း သိလိုက်ရတော့သည်။

သူက မှင်တက်သွားပြီး လိပ်ကလေးကို အနီးကပ်ကြည့်ရှုလိုက်လေသည်။

” မဟုတ်မှလွဲရော။ ဒါက တကယ်ပဲ ထာဝရတည်မြဲခြင်းအမွေအနှစ်များလား။ ” သူ၏ ရင်ဘတ်မှာ တဒိန်းဒိန်း ခုန်နေတော့သည်။ လိပ်ကလေး၏ ရင်သပ်ရှုမောဖွယ်အရာများကို တွေးတောလိုက်ပြီးနောက် သူက ၎င်းကိုလက်ထဲတွင် ထပ်၍လှုပ်ယမ်းနေလေတော့သည်။

သို့သော်လည်း သူမည်သို့ပင် ယမ်းခါနေပါသော်ငြားလည်း ထိုသင်းပျံ့ပျံ့မွှေးရနံ့မှာ ထပ်၍ ထွက်မလာတော့ချေ။ သူက လက်မလျှော့လိုသေးသဖြင့် လမ်းတစ်လျှောက်တွင် ဆက်၍ လှုပ်ယမ်းနေတော့သည်။ သုံးရက်ကြာသောအခါတွင်မူ လိပ်ထံမှ မွှေးပျံ့သည့်ရနံ့မှာ ထပ်၍ ထွက်လာပြန်သည်။

ပိုင်ရှောင်ချန်းက ချက်ချင်းပင် ထိုရနံ့ကို စုပ်ယူလိုက်သဖြင့် သူ၏ ကျင့်ကြံခြင်းအခြေခံမှာ နိုးထလာပြီး ဘေးပတ်ပတ်လည်ရှိ ကောင်းကင်နှင့် မြေကြီးမှ စွမ်းအင်တို့မှာ သူ့ဆီသို့ ပြေးဝင်လာကြတော့သည်။ သူက ဘေးနားတစ်ဝိုက်ရှိ စိတ်စွမ်းအင်များအားလုံးကို စုပ်ယူနေသည့် လေပွေကြီး တစ်ခုအလားပင်။

ထိုအနားတစ်ဝိုက်တွင် ကျင့်ကြံသူမျိုးနွယ်စုအချို့ ရှိသည်ဖြစ်ရာ ထိုသူများက ဖြစ်ပျက်နေသည်များကို မြင်လိုက်ရသောအခါ သူတို့မှာ မျက်လုံးပြူးသွားကြပြီး နှလုံးသားများပင် တုန်ရီကုန်ကြတော့သည်။

ပိုင်ရှောင်ချန်းကမူ ကျေနပ်နေပြီး ခေါင်းကိုနောက်သို့ပစ်ကာ အားပါးတရ ရယ်မောလိုက်ပြန်သည်။

” ဟားဟားဟား။ ပိုင်ရှောင်ချန်းရဲ့ ဖြတ်ထိုးဥာဏ်က နံပါတ်တစ်ပဲဟေ့။ လိပ်ကလေးက ကောင်းလှပါလားကွ။ ငါဘာမှ အားစိုက်စရာတောင်မလိုပဲ ငါ့ရဲ့ ကျင့်ကြံနှုန်းကို မြန်အောင် လုပ်နိုင်ပြီဟေ့။” ထိုအချိန်တွင် သူက လိပ်ကလေးကို နေ့တိုင်းအချိန်ပေးကာ လှုပ်ခါရန် ဆုံးဖြတ်လိုက်တော့သည်။

ရက်အနည်းငယ်ကြာသောအခါ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို သူလှမ်းမြင်လိုက်ရလေသည်။ တောင်ခြမ်း၏ တောင်ထိပ်သုံးခုမှာ မိုးထိုးနေပြီး မြောက်ခြမ်းရှိ တောင်ထိပ်လေးခု မှာလည်း ထိုနည်းတူပင်။ တာအိုသစ်စေ့တောင်ကမူ ကောင်းကင်တံတားမြစ်အပေါ်ကို အုပ်မိုးထား နေလေသည်။ တောင်ထိပ်များအားလုံးပေါ်တွင်မူ စွမ်းအင်များစုဆောင်းနေသည့်အလား မီးပွားလေးများက တလက်လက် ဖြစ်နေသည်။

အရပ်မျက်နှာပေါင်းစုံသို့ ဖိအားများ လွင့်ပျံနေပြီး ထိုဖိအားများ၏အလယ်ဗဟိုတွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း တည်ရှိလေသည်။

ပိုင်ရှောင်ချန်းကမူ စိတ်လှုပ်ရှားစွာဖြင့် လိပ်ကလေးကို ရှေ့နောက် အကြိမ်ကြိမ် ခါယမ်းနေသည်။

” နောက်ဆုံးတော့ ငါပြန်ရောက်ခဲ့ပြီ။ လူတိုင်းက ငါ့ကိုမခွဲနိုင်၊မခွာနိုင်ဖြစ်ခဲ့တဲ့ပုံကို ငါအခုထိ မှတ်မိနေတုံးပဲ…”

” ငါ ထွက်သွားတာ အကြာကြီးဆိုတော့ လူတိုင်းက ငါ့ကို လွမ်းနေမှာ အသေအချာပဲ။ ဦးလေးလီရော ဂူပိတ်ကျင့်ကြံတာ ပြီးသွားပြီလားမသိဘူး။ ”

သူက လီချင်းဟောက်အကြောင်း တွေးမိလေ ပို၍ စိုးရိမ်လာလေပင်။

လိပ်ကလေးကို အကြိမ်အနည်းငယ်ခန့် ပြင်းပြင်းထန်ထန် လှုပ်ယမ်းကာ အရှိန်တင်လိုက်ပြီး ဂိုဏ်းအဝင်ပေါက်ဆီသို့ တဟုန်ထိုးသွားလိုက်တော့သည်။

အနီးသို့ရောက်သွားသောအခါ ဂိုဏ်းထဲမှ အလင်းတန်းလေးခု ပျံထွက်လာပြီး အက်ကွဲသံကြီးတစ်သံလည်း ထွက်လာသည်။

” ရပ်စမ်း။ ဘယ်သူလဲကွ။”

ကျင့်ကြံသူလေးယောက်ပေါ်ပေါက်လာပြီး တစ်ယောက်မှာ ချီစုစည်းမှုစက်ဝန်းအဆင့်တွင်ရှိကာ တခြားသုံးယောက်မှာ အဆင့်ငါးနှင့်ခြောက်တွင် အသီးသီးရှိကြသည်။ သူတို့၏ စကားသံများထွက်လာသောအခါ သူတို့၏လက်တွေ မှော်သိုင်းများကို ထုတ်ဖော်လာကြသည်။ သို့သော်လည်း ပိုင်ရှောင်ချန်းကို မြင်လိုက်ရသောအခါ သူတို့၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

ချီစုစည်းမှု စက်ဝန်းအဆင့်တွင်ရှိသူမှာ ပိုဆိုးပြီး အသားများပင် တဆတ်ဆတ်တုန်လာသည်။ ထိုသူမှာ ချန်ဖေးပင်။

” ပိုင်ရှောင်….အာ…… ဂိုဏ်းတူဦးလေးပိုင်…”

သူက စကားမမှားစေရန် အလျင်အမြန် သတိထားလိုက်ရလေသည်။သူက တုန့်ဆိုင်းမနေပဲ လက်ဆုပ်ကာ ဦးညွှတ်လိုက်သည်။ အခြားဂိုဏ်းသား သုံးယောက်မှာလည်း ပါးစပ်အဟောင်းသားဖြင့် လက်ဆုပ်ကာ အရိုအသေပေးလိုက်ကြလေသည်။

အိမ်ပြန်လာရသည့် ခံစားချက်သည်ကား ကောင်းလွန်းလှသည်။ ဝါရင့်ဂိုဏ်းဝင်တစ်ဦးပုံစံဖြင့် ပိုင်ရှောင်ချန်းက ခွင့်လွှတ်စိတ်ကြီးမားသည့် အမူအရာဖြင့် ခေါင်းညိတ်ကာ ဆိုလိုက်လေသည်။

” မင်းတို့အကုန်လုံး တာဝန်ကျေပါတယ်။ ကျင့်ကြံခြင်းမှာ အားထုတ်ဖို့လည်း မမေ့ကြနဲ့နော်။ ”

ထိုသို့ဆိုကာ သူက ဂိုဏ်းထဲသို့ ဝင်ကာ ထိုလူလေးယောက်အုပ်စုကိုပါ ခေါ်သွားတော့သည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ မဟာမန္တန်အစီအရင်မှာ သူ့ကို လုံးဝပင် မတားဆီးချေ။ သူဂိုဏ်းထဲသို့ဝင်လိုက်သောအခါ သူ၏ရှေ့တွင် ပျာပန်းခတ်လှုပ်ရှားနေသည့် တောင်ခြမ်းကို တွေ့လိုက်ရလေသည်။ မြစိမ်းတောင်၊ ခရမ်းဒယ်အိုးတောင်နှင့် မွှေးရနံ့တိမ်တောင်တို့နှင့် တောက်ခြေရှိ အစေခံတန်းလျားများမှာ အလုပ်ရှုပ်နေကြသည်။ ဖီးနစ်ငှက်အနည်းငယ်မှာ ကျင့်ကြံသူများစွာနှင့်အတူ လေထဲတွင် ဝဲပျံနေသည်။ ပိုင်ရှောင်ချန်းအတွက်မူ ထိုမြင်ကွင်းများထက်ပို၍ ရင်းနှီးသည့်အရာမရှိတော့ချေ။ သူ့ကိုလွမ်းနေကြသူများအား သူပြန်ရောက်လာကြောင်း အသိပေးလိုစိတ်များမှာ သူ့တွင် တဖွားဖွားပေါ်လာတော့သည်။

သူက လေပေါ်တွင် ဝဲပျံကာ ခေါင်းကိုနောက်ပစ်၍ အော်ဟစ်လိုက်လေသည်။
” ဂိုဏ်းသားအပေါင်းတို့… ကျုပ်ပိုင်ရှောင်ချန်း ပြန်လာပြီဗျို့… ”

သူ၏ အသံမှာ မိုးခြိမ်းသံအလား ပဲ့တင်ထပ်သွားသည်။

ချန်ဖေးကမူ ဘေးတွင်ရပ်ကာ တောင်ခြမ်းအတွက် စိတ်မကောင်းဖြစ်နေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset