ဓားစွမ်းအင်ဖြင့် လမ်းကြောင်းတစ်ခု ဖြစ်စေပြီးနောက် ဝမ်လင်းက သူ့အမြန်နှုန်းအားလုံးကို အသုံးပြုကာ အောက်ခြေသို့ တဟုန်ထိုး ဆင်းလာသည်။သူက ခုချိန်တွင် ကျောက်ရီကို စိတ်ပူပန်နေခြင်း မရှိပေ။အကြောင်းကတော့ လောဘကြီးက ရတနာများစွာ ရှိနေသော်လည် ကျောက်ရီကို လွယ်လင့်တကူ ဖိနှိပ်နိုင်မည် မဟုတ်သောကြောင့်ပင်။
သူက ခုချိန်၌ ထွက်ပေါက်တစ်ခုလိုကာ ကျောက်ရှိ ရောက်လာမည့်အချိန်ထိ တက်နိုင်သမျှ အချိန်ဆွဲပေးနေရန် ဖြစ်သည်။
“ဒီလောဘကြီးက ရတနာတွေများလွန်းတယ်။ငါက သူ့သိုလှောင်အိတ်ထဲမှာ ဘယ်လောက်များတဲ့ ရတနာတွေ ရှိနေနိုင်မလဲတောင် မသိတော့ဘူး။စီနီယာ ကျောက်ရီက အနိုင်ရမယ်ဆိုရင်တောင် အချိန်တစ်ခုတော့ လိုဦးမှာပဲ…” ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်၏။ဓားစွမ်းအင်ဖြင့်သူက အောက်ဘက်မှ ခုခံမှုအားကို ချိုးဖျက်ကာ ဆက်၍ ဆင်းသက်လို့နေ၏။
သူ့နောက်တွင်တော့ လောဘကြီး၏မူလစိတ်ဝိညာဉ်က နီးကပ်စွာ လိုက်ပါလာခဲ့သည်။သည်ဒုတိယမြောက်မူလစိတ်ဝိညာဉ်က သလင်းနှင့်ပြုလုပ်ထားသည့် လူသေးလေး တစ်ယောက် ဖြစ်နေသည်။ထိုလူသေးလေးကို လျှပ်စီးအလင်းတန်းများက လွှမ်းခြုံလို့ထားလေသည်။
အောက်ဘက်မှ ခုခံအားများက လျှပ်စီးအလုံးများကြောင့် ချိုးဖျက်ခြင်း ခံနေရ၏။သူ့မျက်လုံးများကလည်း ဝမ်လင်းထံသို့ စူးရဲစွာကြည့်လို့နေသည်။သူ့ညာလက်က ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ အောက်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
သူ့ပတ်လည်ရှိ လျှပ်စီးလုံးကိုးလုံးက ချက်ခြင်းပင် ပုတီးကုံးကဲ့သို့ ချိတ်ဆက်သွား၏။သည့်နောက် ခုခံအားကို မြှားတစ်စင်းအလား ထိုးခွင်းကာ ဝမ်လင်းထံသို့ တိုက်ရိုက် ပျံသန်း တိုးဝင်လာချေသည်။
“မိုးကြိုး…” ဝမ်လင်းက ခေါင်းလှည့်၍ ပြန်ကြည့်လိုက်၏။သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ နတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထားက ချက်ခြင်း ပျံထွက်လာသည်။၎င်းက လေထဲ၌ လျှပ်စီးအလုံးအဖြစ်သို့ ပြောင်းလဲဿွားပြီးနောက် မြန်ဆန်စွာပင် မိုးကြိုးသားရဲအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။
သည်မိုးကြိုးသားရဲက ကောင်းကင်ဘုံမိုးကြိုးသားရဲ မည်၏။၎င်းက ပေါ်ထွက်လာသည်နှင့် အစိမ်းရောင်အခိုးငွေ့တန်းနှစ်ခုကို နှာမှုတ်ထုတ်လိုက်သည်။၎င်းက မျက်လုံးများကလည်း လျှပ်စီးများနှင့် ပြည့်လို့နေသည်။၎င်း၏ အကြည့်အောက်၌ လျှပ်စီးလုံးကိုးလုံးက အရှိန်လျော့ကျသွားခြင်း မရှိသည့်အပြင် ပို၌ပင် မြန်ဆန်လာသေးသည်။
မိုးကြိုးသားရဲက သူ့ပါးစပ်ကိုဟကာ မာန်သွင်းလိုက်၏။လျှပ်စီးလုံးကိုးခုက ရုတ်တရက် တုန်ခါသွားကာ သည့်နောက် ဝမ်လင်းထံသို့ ဦးတည်သွားရမည့်အစား ၎င်းတို့က မိုးကြိုးသားရဲထံသို့သာ တိုးဝင်သွားပြီး ၎င်း၏ မြိုချခြင်းကို ခံလိုက်ရချေသည်။
လောဘကြီး၏ဒုတိယမူလစိတ်ဝိညာဉ်၏ မျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက သူ့ခန္ဓာကိုယ်အား လှုပ်ရှားလိုက်ရာ သူ့ပတ်လည်ရှိ လျှပ်စီးမိုးကြိုးနက်များအားလုံးက ဝမ်လင်းနှင့် မိုးကြိုသားရဲထံသို့ မိုးရွာသလို ကျဆင်းလာချေသည်။
တစ်ပြိုက်နက်တည်းမှာပင် ဒုတိယမြောက်မူလစိတ်ဝိညာဉ်က ၎င်း၏ နှဖူးအား ပုတ်လိုက်ရာ လျှပ်စီးတန်းများ ဖုံးအုပ်ထားသည့် တူတစ်လက် ရုတ်တရက် ပေါ်ထွက်လာချေ၏။သူက ထိုတူကို ဖမ်းဆုပ်ကာ အောက်သို့ ဖိချလိုက်လေသည်။
ဝုန်း…ဝုန်း…ဝုန်း…။
မိုးကြိုးခြိမ်းသံများက ပေါက်ကွဲထွက်လာကာ ထိုတူထံမှ လျှပ်စီးတစ်ခု ထိုးထွက်လာသည်။ထိုလျှပ်စီးက နဂါးတစ်ကောင်ကဲ့သို့ ရွှေ့လျာလာကာ ဝမ်လင်းထံသို့ ဦးတည်၍ ကုတ်ဆွဲချလာ၏။
ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွား၏။သူက သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံစုတ်တံကို ထုတ်ယူလိုက်သည်။ သည့်နနောက် အသက်ဝဝရှူသွင်းကာ သူ့ရှေ့တွင် စုတ်ချက်များကို ရေးဆွဲလိုက်၏။ စုတ်ချက်ငါးခု သင်္ကေတက သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာကာ ၎င်းအထဲ၌ သူ့မူလစိတ်ဝိညာဉ် အစိအပိုင်းငါးခု ပါဝင်နေခဲ့သည်။
သည်ရွှေရောင်သင်္ကေတက မျက်စိကျိန်းလောက်သည့်အလင်းကို ထုတ်လွှတ်လာသည်။၎င်းက ပေါ်ထွက်လာသည်နှင့် နေတစ်စင်းအလား တောက်ပလာခဲ့သည်။လျှပ်စီးနဂါးရောက်ရှိလာသည့် အခါတွင် သင်္ကေတနှင့် လေထဲ၌ ထိတိုက်သွားကြ၏။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုက ချေက်ထဲ၌ ပဲ့တင့်ထပ်သွားကာ အငူစွန်းများမှ ကျောက်တုံးကျောက်စများစွာပါ ပြုတ်ကျလာခဲ့သည်။သည်ကျောက်များကို အောက်ဘက်မှ ခုခံမှုအားက ပင့်တင်ပေးထားလေသည်။
သည်အခိုက်အတန့်၌ အောက်ဘက်မှ ထွက်ပေါ်လာနေသော ခုခံအားပင် အနည်းငယ် အရှိန်လျော့သွားရ၏။
ထိုသင်္ကေတက နတ်ဘုရားအာရုံအပိုင်းအစငါးခု အဖြစ်ကွဲထွက်ကာ ဝမ်လင်းကိုယ်ထဲသို့ ပြန်ရောက်ရှိသွားသည်။ဝမ်လင်း၏ ခန္ဓာကိုယ်က ဒယိုင်းဒယိုင် ဖြစ်သွားကာ သူ့မျက်နှာက ဖြူရောလို့သွား၏။ ချက်ခြင်းပင် ဝမ်လင်းက အောက်ဘက်သို့ ဆက်၍ ပျံသန်းသွားလိုက်၏။
လျှပ်စီးနဂါးက ရှေ့သို့ ဆက်တိုးဝင်လာခြင်း မရှိဘဲ လေထဲ၌ မလှုပ်မယှက် ရပ်တန့်နေသည်။ခုခံအားက ၎င်းကို ပင့်တွန်းသည့်အခါ ၎င်းလျှပ်စီးနဂါးပေါ်၌ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပေါ်လာပြီး ပျက်စီးသွားချေသည်။
မိုးကြိုးသားရဲကတော့ ကျရောက်လာသော လျှပ်စီးလုံးများကို ပျော်ရွှင်စွာ ပါးစဟ၍ စားသောက်လို့နေသည်။ ပျက်စီးသွားသော လျှပ်စီးနဂါးကိုပင် ၎င်းက ဝါးမြိုပစ်လိုက်လေ၏။သည့်နောက် ၎င်းက လောဘကြီး၏ဒုတိယမြောက်မူလစိတ်ဝိညာဉ်ကို ရန်စသည့်အကြည့်ဖြင့် ကြည့်ကာ ဝမ်လင်းနောက်သို့ လိုက်ပါသွားသည်။
လောဘကြီး၏ ဒုတိယမြောက်မူလစိတ်ဝိညာဉ်၏ မျက်လုံးများက အေးစက်နေကာ သူက မြင်းဟီသံလိုအသံမျိုးဖြင့် ပြောလိုက်သည်။ “သေလိုက်စမ်း သားရဲစုတ်…”
သူက လက်ထဲရှိ မိုးကြိုးတူကို ဝှေ့ယမ်းလိုက်ရာ ယင်းတုက စတင်နီရဲလို့လာ၏။သူက ဝမ်လင်းနောက်သို့ မြန်ဆန်စွာ ဆက်လိုက်လာရင်း တူပေါ်ရှိ အနီရောင်အလင်းကလည်း ပို၍ပို၍ အားကောင်းလာခဲ့သည်။နောက်ဆုံးတွင် တူက သွေးနီရောင်အလင်းတစ်ခုကို ထုတ်လွှတ်လာချေသည်။
ဝမ်လင်းက ထွက်ပြေးနေရင်းဖြင့် သူ့နောက်မှ အားကောင်းသော မိုးကြိုးတစ်ခုကို ရုတ်တရက် ခံစားလိုက်မိသဖြင့် သူ့ဆံပင်များကိုပင် တင်းကြပ်သွားစေ၏။မိုးကြိုးသားရဲသည်လည်း အလေးအနက် ဖြစ်လာခဲ့၏။၎င်းက နောက်သို့ ပြန်ကြည့်ကာ မာန်ဖီသည်။
“လောဘကြီးရဲ့ ဒုတိယမြောက်မူလစိတ်ဝိညာဉ်က ဘယ်လို စိတ်ဝိညာဉ်မျိုးများလဲ…”
ဝမ်လင်းအသွင်က သုန်မှုန်လို့နေသည်။ ခုခံအားကလည်း ပို၍ အားကောင်းလာခဲ့၏။သို့သော်လင်းထျန်ဟူ၏ ဓားစွမ်းအင်ကလည်း သန်မာလှသည်သာ ဖြစ်သည်။သူက လျှပ်စီးတန်းအလား လှုပ်ရှားကာ အောက်သို့ ဆင်းသက်လာနေသည်။
လောဘကြီး၏ ဒုတိယမြောက်မူလစိတ်ဝိညာဉ်ကလည်း ဝမ်လင်းနောက်သို့ နီးကပ်စွာ လိုက်ပါလာသည်။
သူတို့နှစ်ယောက်က အောက်ခြေသို့ အဆက်မပြတ် သက်ဆင်းလာနေကြ၏။သို့ရာတွင် သူတို့က အောက်ခြေနှင့် ပို၍ နီးကပ်လာလေလေ ခုခံမှုအားကလည်း ပိုသန်မာလေလေ ဖြစ်နေသည်။အဆုံးသပ်၌ သူတို့၏ အမြန်နှုန်းက နှေးကွေးသွားကြတော့၏။
လောဘကြီး၏ဒုတိယမြောက် မူလစိတ်ဝိညာဉ်က ဖြည်းဖြည်းချင်း ပြောလာသည်။ “ကောင်းကင်ဘုံဖျက်စီးခြင်း မိုးကြိုး…”
သည့်နောက် သူက လက်ထဲရှိ တူကို ဝှေ့ယမ်းလိုက်ရာ တူပေါ်ရှိ အနီရောင်အလင်းက မြန်ဆန်စွာ ပျံသန်းထွက်လာသည်။ယင်းအလင်းက ဝမ်လင်းနှင့် သူ့မိုးကြိုးသားရဲတို့ထံသို့ ကျဆင်းလာခြင်း မဟုတ်ပေ။သို့သော် ထိုအစား ၎င်းက ချောက်၏ အငူစွန်းအကို တူးဆွလို့သွားသည်။
ဝမ်လင်းမျက်လုံးသူငယ်အိမ်က ကျုံ့သွားကာ သူက သေရှင်းရှင်ရေးအာရုံသိကို ခံစားလိုက်မိသည်။သည်အခိုက်အတန့်၌ သူက မိုးကြိုးသားရဲကို ချက်ခြင်း ဆွဲယူကာ သူ့သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သိမ်းသည်။သည့်နောက် သူ့ကိုယ်ပေါ်ရှိ အသက်ဓာတ်ချိပ်တံဆိပ်များကို စုစည်းလိုက်ပြီး တစ်ချိန်တည်းမှာပင် သူက သွေးကျောက်စိမ်းများစွာကို ထုတ်ယူကာ အားလုံးကို ခွဲချေလိုက်သည်။
သည်သွေးကျောက်စိမ်းပြားများက ယောင်ရှင်းရွှယ်ထံမှ ရရှိထားခြင်း ဖြစ်သည်။ ခုချိန်တွင် သူက ၎င်းတို့ကို ခွဲချေလိုက်သည့်အတွက် သွေးရောင်အလင်းက သူ့အား ဝန်းရံပေးကာ အကာအကွယ်အလွှာ တစ်ခုပြီးတစ်ခု ဖြစ်သွားစေသည်။
ဝမ်လင်းက ထိုအရာများအားလုံးကို ပြုလုပ်ပြီးသည့်နောက် အငူစွန်းတစ်ဖက်ကနေ အနီရောင်အလင်းတစ်ခု ဖျပ်ခနဲ ထွက်ပေါ်လာ၏။အနီရောင်အစက်များကလည်း အငူစွန်းမျက်နှာပြင်ပေါ်၌ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ထိုအနီရောင်လျှပ်စီးအလင်းက ဝမ်လင်းကို ဝန်းရံသွားကာ သူ့သွေးအလင်းအကာအကွယ်များကို ထွင်းဖောက်သွားကာ ပေါက်ကွဲသံများ ဖြစ်စေ၏။တစ်ချို့လျှပ်စီးများက ဝမ်လင်းထံသို့ပင် ရောက်ရှိလာကာ အသက်ဓာတ်ချိပ်တံဆိပ်များက တားဆီးပေးသည်။
ဝမ်လင်းအသွင်က ပို၍ သုန်မှုန်လာခဲ့သည်။သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ဓားသုံးလက် ထွက်ပေါ်လာသည်။လင်းထျန်ဟူ၏ ဓားစိတ်ဝိညာဉ်များကို ယင်းဓားသုံးလက်ထဲသို့ ထည့်သွင်းကာ ဝမ်လင်းက လောဘကြီး၏ ဒုတိယမြောက်မူလစိတ်ဝိညာည်ထံသို့ လက်ညွှန်လိုက်သည်။ ဓားစွမ်းအင်များက လောဘကြီး၏ ဒုတိယမြောက်မူလစိတ်ဝိညာဉ်ထံသို့ တန်းတန်းမတ်မတ် တိုးဝင်လို့သွား၏။
“မင်းက တိုက်ခိုက်ချင်နေတော့လည်း တိုက်ခိုက်ကြတာပေါ့ကွာ…” ဝမ်လင်းက ဆက်လက် ထွက်ပြေးရန် မကြိုးစားတော့ပေ။ဝမ်လင်းက ဒေါသထွက်လာခဲ့ပြီ ဖြစ်၏။
ဓားသုံးလက်က အစီအရင်တစ်ခုအသွင် ဖြစ်ပေါ်ကာ ထိုးထွက်သွား၏။ကြွက်၊ဝက်နှင့်သိုး တည်းဟူသော မကောင်းဆိုးဝါးစိတ်ဝိညာဉ်သုံးခုက လင်းထျန်ဟူ၏ ဓားစွမ်းအင်များနှင့် ပေါင်းစပ်သွားချေသည်။၎င်းတို့က လျှပ်စီးပိုက်ကွန်ကို ထွင်းဖောက်ကာ လောဘကြီး၏ ဒုတိယမြောက်မူလစိတ်ဝိညာဉ်ထံသို့ ထိုးစိုက်လာကြသည်။
လောဘကြီး၏ ဒုတိယမြောက် မူလစိတ်ဝိညာဉ်က လွန်စွာ တောက်ပသွားကာ သူ့မျက်လုံးများက အလေးအနက် ဖြစ်လာ၏။သူက တူကို လေထဲသို့ ခုတ်ပိုင်း၏။သည့်နောက် လျှပ်စီးနဂါးများစွာ ပေါ်ထွက်လာပြီး သူ့အား ဝန်းပတ်သွားသည်။ဓားသုံးလက် ရောက်ရှိလာချိန်၌ မကောင်းဆိုးဝါးစိတ်ဝိညာဉ်သုံးခက ပျံသန်းထွက်လာပြီး ထိုလျှပ်စီးနဂါးများနှင့် စတင်တိုက်ခိုက်ကြလေသည်။
ဓားသုံးလက်က လှည်ပတ်နေကာ ရုတ်တရက် ရှေ့သို့ ထိုးစိုက်လာသည်။သို့ရာတွင် ၎င်းတို့က လျှပ်စီးနဂါးများ၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသဖြင့် လောဘကြီး၏ မူလစိတ်ဝိညာဉ်ကို ထိုးစိုက်လိုက်နိုင်ခြင်း မရှိတော့ချေ။
လင်းထျန်ဟူကိုယ်တိုင်၏ မူလဓားစွမ်းအင် သည်နေရာမှာ မရှိသ၍ လောဘကြီး၏ဒုတိယမြောက်မူလစိတ်ဝိညာဉ်က အများကြီး ဂရုစိုက်နေလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် သည်ဓားသုံးလက်ထဲရှိ ဓားစွမ်းအင်များကလည်း သူ့ကို အလွန်သတိထားရစေသည်သာ ဖြစ်သည်။သူက ထိုဓားစွမ်းအင်များကို သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခွင့် ပြုနိုင်မည် မဟုတ်ပေ။သူက ချက်ခြင်းပင် လျှပ်စီးနဂါးများကို အသုံးပြုကာ ဓားစွမ်းအင်များကို အားနည်းသွားအောက် ပြုလုပ်နေ၏။
လောဘကြီး၏ ဒုတိယမြောက်မူလစိတ်ဝိညာဉ် မျက်ခုံးနှစ်ခုကြားမှ အမှတ်အသားတစ်ခုက ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။သည်အမှတ်အသားက အလွန်နက်ရှိုင်းက ဖြည်းဖြည်းချင်း လင်းလက်နေ၏။
ဝမ်လင်းက သွေးအလင်းများဖြင့် ဖုံးလွှမ်းထား၏။လင်းထျန်ဟူ၏ ဓားစွမ်းအင်မရှိလျှင် သူ့အောက်ရှိ ပင့်တင့်နေသော ခုခံမှုအားက အလွန်အားကောင်းနေမည်ဟု သူက ခံစားမိ၏။သူက ထိုချောက်ထဲမှ ခုခံအားကို ငှားယမ်းကာ အပေါ်သို့ ဆန်တက်လိုက်သည်။သူက အရင်ထက် အဆများစွာ ပိုမြန်ဆန်သွားကာ လျှပ်စီးပိုက်ကွန်ကို ထွင်းဖောက်ပြီး ဒုတိယမြောက်မူလစိတ်ဝိညာဉ်ထံသို့ တိုက်ရိုက် တိုးဝင်လာသည်။
သူ့ပတ်လည်ရှိ သွေးအလင်းများစွာက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။သူက သွေးကျောက်စိမ်းပြားများကို ဆက်တိုက် ခွဲချေကာ သူ့ကိုယ်သူအား ဆက်တိုက် ကာကွယ်နေစေသည်။
သူက သည်သွေးအလင်းသာ အကာအကွယ်သာ မရှိပါက သည်လျှပ်စီးပိုက်ကွန်အတွင်း၌ သူ့တွင် အသက်ဓာတ်ချိပ်တံဆိပ်များ ရှိနေလျှင်တောင် သေရေးရှင်ရေး အခြေအနေ ဖြစ်တော့ပေမည်။
“အတိတ်တုန်းက မီးခိုးရောင်ဝတ်ရှေ့ဖြစ်ဟောသူက ဒီအသက်ဓာတ်ချိတ်တံဆိပ်တွေရဲ့ ခုခံအားက အလွန်အမင်းအားကောင်း တယ်လို့ ပြောခဲ့တယ်။ဒါက သာမန်မန္တာန်တွေနဲ့ ယှဉ်ရင်တော့ ဟုတ်လိမ့်မယ်။ဒါပေမဲ့ ငါ့ထက် သန်မာတဲ့လူနဲ့ ရင်ဆိုင်ရတဲ့ အခါကျတော့ ဒါက မလုံလောက်တော့ဘူး။ ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်က မပြည့်စုံတာလား…ဒါမှမဟုတ် မီးခိုးရောင်ဝတ်ရှေ့ဖြစ်ဟောသူက ငါ့ကို လှည့်ဖျားခဲ့တာလား…”
ဝမ်လင်းက ချက်ခြင်းပင် လောဘကြီး၏ဒုတိယမြောက် မူလစိတ်ဝိညာဉ် မျက်ခုံးနှစ်ခုကြားမှ အမှတ်အသားကို တွေ့မြင်လိုက်သည်။
“ဒါက လောဘကြီးရဲ့ သူ့ဒုတိယမြောက် မူလစိတ်ဝိညာဉ်ကို ထိန်းချုပ်ဖို့ ချိပ်တံဆိပ် ဖြစ်လိမ့်မယ်။ငါက ဒါကို ဖျက်စီးပစ်ဖို့ လိုတယ်…” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။လျှပ်စီးပိုက်ကွန်က အလွန်သိပ်သည်းလှ၏။သူ လှုပ်ရှားသည့်အခါ ယင်းလျှပ်စီးပိုက်ကွန်က ပို၍ပင် အားကောင်းလာနေခဲ့သည်။
သို့ရာတွင် သည်အခိုက်အတန့်၌ လောဘကြီး၏ ဒုတိယမြောက်မူလစိတ်ဝိညာဉ်၏ မျက်လုံးများက အေးစက်လာကာ ဝမ်လင်းပတ်လည်ရှိ လျှပ်စီးပိုက်ကွန်သည်လည်း ချက်ခြင်း ကျုံ့လာခဲ့၏။
မရေမတွက်နိုင်သော လျှပ်စီးတန်းများက ဝမ်လင်းထံသို့ စတင် စုစည်းလာသည်။
သည်အခိုက်အတန့်၌ ဝမ်လင်းက သူ့ခုခံမှုကို လက်လျော့လိုက်လေပြီ။ သူ့မျက်လုံးများကလည်း နီရဲလာကာ သူက အော်ပြောလိုက်သည်။ “ကောင်းပြီ..ဒီနေ့ မင်းသေမလား၊ ငါသေမလား…ကြည့်ရတာပေါ့…”
ဝမ်လင်း၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ခံစားမိလိုက်သည့်အခါ ဓားသုံးလက်က ပို၍ မြန်ဆန်လာ၏။လင်းထျန်ဟူ၏ ဓားစွမ်းအင်များကလည်း ထိုဓားသုံးလက်ထံကနေ ပျံ့နှံ့လာသည်။
“ရပ်တန့်ခြင်း…” ဝမ်လင်းထံမှ ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာ၏။သည်အခိုက်အတန့်၌ ကောင်းကင်ဘုံမန္တာန်ရပ်တန့်ခြင်းကို ဝမ်လင်းက အစွမ်းကုန် သုံးလိုက်ခြင်း ဖြစ်သည်။
လောဘကြီး၏ ဒုတိယမြောက်မူလစိတ်ဝိညာဉ်၏ လက်က ရုတ်တရက် တုံံ့ဆိုင်းသွားသည်။
ဝမ်လင်းမျက်လုံးများက လွန်စွာ တောက်ပလာကာ သူက အော်ပြောလိုက်သည်။ “သတ်…”
ချက်ခြင်းပင် ဓားသုံးလက်၏အော်ရာက အထွတ်အထိပ်သို့ ရောက်သွားပြီး လျှပ်စီးနဂါးများအား လျင်မြန်စွာ ဖြတ်ကျော်သွားသည်။သည်ဓားသုံးလက်လုံးက လောဘကြီး၏ ဒုတိယမြောက်မူလစိတ်ဝိညာဉ်ကို ထိုးစိုက်သွားပြီးနောက် သူ့ခန္ဓာကိုယ်အား ထွင်းဖောက်သွား၏။
လင်းထျန်ဟူ၏ဓားစွမ်းအင်က လောဘကြီး၏ဒုတိယမြောက်မူလစိတ်ဝိညာဉ်ကို ထိုးထွက်သွားသည့်အခါ၌ သူ့စိတ်ဝိညာဉ်ခန္ဓာကိုယ်ထဲ၌ ဝရုန်းသုန်းကား ဖြစ်သွား၏။
လောဘကြီး၏ဒုတိယမြောက်မူလစိတ်ဝိညာဉ် ခန္ဓာကိုယ်က တုန်ယင်သွားကာ သူ့မျက်ခုံးနှစ်ခုကြားရှိ ချိပ်တံဆိပ်အမှတ်အသားကလည်း ရူးသွပ်ဖွယ် တဖျပ်ဖျပ် ဖြစ်လာသည်။သည်ချိပ်တံဆိပ်က သူ့ခန္ဓာကိုယ်အနှံ့အား ပျံ့နှံ့စေကာ အဖျက်အစီးအားကို ခုခံရန် ကြိုးစားလာသည်။
သည်အခိုက်အတန့်၌ ဝမ်လင်းထံသို့ ကျုံ့လာသော လျှပ်စီးပိုက်ကွန်က ရုတ်တရက် ပျက်စီးလို့သွားသည်။ဝမ်လင်းက တစ်ဟုန်ထိုး တိုးထွက်ကာ သိုလှောင်အိတ်ကို ပုတ်လိုက်၏။ထိုအခါ နတ်ဆိုးမိစ္ဆာချပ်ဝတ်က သူ့ခန္ဓာကိုယ်ထက်၌ ပေါ်လာခဲ့၏။နတ်ဆိုးမိစ္ဆာစွမ်းအင်များက ပျံ့နှံ့လာကာ သူ့လက်ချောင်းအား ရုတ်တရက် ပင့်မြှောက်လိုက်၏။ သူက နတ်ဆိုးလက်ချောင်းကို အသုံးပြုလိုက်ခြင်းပင်။
တစ်ချိန်တည်းမှာပင် ဝမ်လင်းက နောက်ထပ် လက်ညွှိုးထပ်ညွှန်ကာ တစ္ဆေလောကမြစ်ကို အသုံးပြုလိုက်လေ၏။တစ္ဆေလောက လက်ချောင်းပေါ်ထွက်လာသည်နှင့် တစ္ဆေလောကမြစ်ကပါ ယင်းလက်ချောင်းနှင့်အတူ ထိုးတက်သွားလေသည်။
ဝမ်လင်းက မန္တာန်နှစ်ခု၏ အကူအညီဖြင့် နီးကပ်လို့လာ၏။သူ့အမြန်နှုန်းကလည်း အောက်ဘက်မှ ခုခံအားအကူအညီဖြင့် တိုးတက်လာခဲ့၏။ဝမ်လင်းက လောဘကြီး၏ ဒုတိယမြောက်မူလစိတ်ဝိညာဉ်နားသို့ ရောက်ရှိသွားကာ ထိုမန္တာန်နှစ်ခုကို သူ့အပေါ်သို့ ဖိနှိပ်ချလိုက်သည်။
ဝမ်လင်းမျက်လုံးများက နီရဲနေကာ သူက အော်ပြောလိုက်၏။ “ငါ့အတွက် ပေါက်ကွဲလိုက်စမ်း…”
လောဘကြီး၏ဒုတိယမြောက်မူလစိတ်ဝိညာဉ်၏ မျက်ခုံးနှစ်ခုကြားမှ ချိပ်တံဆိပ်အမှတ်အသားသည် ပြင်းထန်စွာ တုန်ယင်လာခဲ့ကာ ပုံမှန်အတိုင်း ပြန်ဖြစ်ရန် ကြိုးပမ်းလို့နေသည်။သို့ရာတွင် ဝမ်လင်းနှင့် မန္တာန်နှစ်ခုက နောက်ထပ် ချက်ကောင်းတိုက်ချက်ဖြင့် ကျရောက်လာသည့်အခါ ထိုချိပ်တံဆိပ်သည် ပျက်စီးသွားလေတော့သည်။
ထိုချိပ်တံဆိပ်နှင့်အတူ လောဘကြီး၏ ဒုတိယမြောက်မူလစိတ်ဝိညာဉ်သည်လည်း စတင် ပျက်စီးလာ၏။ ၎င်း၏ သလင်းခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သောအက်ကွဲကြောင်းများ ပေါ်ထွက်လို့လာခဲ့သည်။
သို့ရာတွင် သည်အခိုက်အတန့်၌ ဝမ်လင်းအသွင်က ပြောင်းလဲသွား၏။သူက ဓားသုံးလက်ကို ပြန်ဆင့်ခေါ်ကာ နောက်သို့ လျင်မြန်စွာ ပြန်ဆုတ်လေ၏။
ဒုတိယမြောက်မူလစိတ်ဝိညာဉ်ထံကနေ ကပ်ဘေးအော်ရာတစ်ခုက အရူးအမူး ပျံ့နှံ့လို့လာကာ နှိုးဆမရသည့်အော်ရတစ်ခုက အက်ကွဲကြောင်းများထဲကနေ စိမ့်ထွက်လာခဲ့သည်။သည်အော်ရာက သားရဲတစ်ကောင်၏အော်ရာပင်။
ဓားသုံးလက်ပေါ်ရှိ စိတ်ဝိညာဉ်သုံးခုက ချက်ခြင်း တုန်ယင်သွားကြသည်။
ချောက်နက်၏ ထွက်ပေါက်ရှိ ကျောက်ရီနှင့်တိုက်ခိုက်နေသော လောဘကြီးသည် ပြင်းထန်စွာ တုန်ယင်သွားကာ သွေးအန်ထုတ်လိုက်ရ၏။သူက သူ့အောက်ဘက်သို့ ကြက်သေသေသည့်ဟန်ပန်ဖြင့် ငုံ့ကြည်နေမိ၏။
“ဒါက…”
လောဘကြီး၏ဒုတိယမြောက်မူလစိတ်ဝိညာဉ်က ဘန်းကနဲ ပေါက်ကွဲထွက်သွားခဲ့၏။သို့သော် ထိုပေါက်ကွဲသွားသော အခိုက်မှာပင် အစိမ်းရောင်အလင်းတန်းတစ်ခုက ၎င်း၏မျက်ခုံးနှစ်ခုကြားကနေ ထွက်ပေါ်လာသည်။ယင်းအစိမ်းရောင်အလင်းထံကနေ ထူထဲသော ကပ်ဘေးအော်ရာတစ်ခု ပျံ့နှံ့လို့လာ၏။
အစိမ်းရောင်အလင်းတန်းက ပေါ်ထွက်လာသည်နှင့် အစိမ်းရောင်နဂါးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားချေသည်။
သည်နဂါး ပတ်လည်၌ လျှပ်စီးများက စီးပတ်နေကာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။သည်အကောင်က ရှေးဟောင်းမိုးကြိုးနဂါးပင် ဖြစ်ကာ အလွန်ကျော်ကြားလှ၏။အတိတ်တုန်းက လောဘကြီး အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ရှိစဉ် သူက အငူစွန်းတစ်ခုအတွင်းသို့ ပြုတ်ကျခဲ့ကာ သည်မိုးကြိုးနဂါးပေါက်ကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ သူက ၎င်းကို သေချာ သိမ်းဆည်းထားပြီး အန္တရာယ်နှင့် ရင်ဆိုင်ရသည်နှင့် ထိုမိုးကြိုးနဂါး၏အော်ရာက သူ့ကို ကာကွယ်ပေးခဲ့ပေသည်။
သည့်နောက်တွင် လောဘကြီးက သာမန်မြို့လေးတစ်မြို့မှ အပျက်အစီးရတနာတစ်ခုကို ဝယ်ယူခဲ့ဖူး၏။သို့ရာတွင် ၎င်းရတနာကို သေချာ လေ့လာကြည့်သည့်အခါ ယင်းက အပျက်အစီးမဟုတ်ဘဲ ရှေဟောင်းနတ်ဆိုးမိစ္ဆာတစ်ကောင် ဖြစ်နေ၏။ လောဘကြီးက ယင်းကို အသုံးပြု၍ မိုးကြိုးနဂါးကို ဘယ်တော့မှ နိုးထမလာဘဲ သူ့ထိန်းချုပ်မှုအောက်တွင်သာ ရှိနေစေရန် ချိပ်ပိတ်ထားနိုင်ခဲ့သည်။
သည့်နောက် သူက အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိလာသည့်အခါ ၎င်းကို သူ့ဒုတိယမြောက်မူလစိတ်ဝိညာဉ် အဖြစ် သန့်စင်ပစ်ခဲ့၏။သို့ရာတွင် သူက ၎င်းကို များစွာ လှုံ့ဆော်ဝံ့ခြင်း မရှိပေ။သူက ၎င်းမိုးကြိုးနဂါး သူ့ထိန်းချုပ်မှုကနေ လွတ်၍ နိုးထလာမည်ကို စိုးရိမ်နေခဲ့ခြင်းကြောင့် ဖြစ်၏။
သည်အစိမ်းရောင်နဂါးက မျက်လုံးဖွင့်လာကာ အစစ်အမှန်နဂါးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်၏။
သည်အခိုက်အတန့်၌ ကောင်းကင်က အရောင်ပြောင်း၍ တိမ်များပင် စုဝေးသွားခဲ့ရသည်။ဒီလှိုင်းအသူတစ်ရာချောက်၏ အောက်ခြေမှ ခုခံမှုအားပင် တွန်းထုတ်ခံလိုက်ရလေသည်။
ဝမ်လင်းက ခါးသီးစွာပြုံးမိတော့၏။ သူက တုံ့ဆိုင်းခြင်းမရှိ သူ့ကိုသူ နောက်သို့ အတင်းဆုတ်၍ သည်အစိမ်းရောင်နဂါးနှင့် အဝေးတွင် နေလိုက်သည်။
“လောဘကြီး…လောဘကြီး…ဒီလူက ရတနာတွေနဲ့ ပြည့်နေတဲ့လူပဲ. သူ့ဒုတိယမြောက် မူလစိတ်ဝိညာဉ်ကတောင် ဒီလို နဂါးတစ်ကောင် ဖြစ်နေတယ်။ အတိတ်တုန်းက ရှေးဟောင်းနတ်ဘုရား ထူစီ သန့်စင်မွန်းမံထားတဲ့ မီးပြင်းဖိုတောင် သူ့လက်ထဲ ရောက်နေခဲ့တယ်။သူ့ကျင့်ကြံမှုအဆင့်ကလည်း မြင့်မားနေသေးတယ်။ ဒါ့ကြောင့်သူက ကောင်းကင်ဘုံက ကံကောင်းမှု ချီးမြင့်ခံထားရတဲ့လူအဖြစ်တောင် သတ်မှတ်လို့ ရနေပြီ…”
အစိမ်းရောင်နဂါးကတော့ ဟိန်းသံ ပြုလိုက်၏။ ၎င်း၏ အေးစက်စက်မျက်လုံးများက သည်ဧရိယာကို သိမ်းကြုံးကြည့်သွားသည်။သည့်နောက် ၎င်း၏အကြည့်က ဝမ်လင်းထံသို့ ကျရောက်လာသည်။၎င်းက နိုးထလာကာစ ဖြစ်သော်လည်း မည်သို့ ဖြစ်ပျက်ခဲ့သည်ကို မှတ်မိလို့နေ၏။၎င်း၏ခန္ဓာကိုယ်က အစိမ်းရောင်အလင်းတန်းအဖြစ် ပြောင်းကာ ဝမ်လင်းထံသို့ တိုက်ရိုက် တိုးဝင်လာတော့သည်။
ဒီလှိုင်းအသူတစ်ရာချောက်၏ အောက်ခြေသို့ ပြေးသွားနေရင်း ဝမ်လင်းက အောက်ခြေဗဟိုရှိ တွင်းနက်ကြီးကို တွေ့မြင်လိုက်ရတော့သည်။ တွင်းနက်ကြီးထံမှ စုပ်အားတစ်ခု ထွက်ပေါ်နေကာ ၎င်းက မြူများကို လွှမ်းခြုံထားသည်။
သူ့နောက်တွင်တော့ နဂါးကြီးက ဟိန်းဟောက်ကာ လိုက်ပါလာသည်။ဝမ်လင်းက ခါးသီးစွာပြုံး၍ အဆုံးမဲ့သည့်တွင်းနက်ကြီးကို စူးစိုက်ကြည့်နေမိသည်။သူက အံတင်းတင်း ကြိတ်ကာ ထိုတွင်းနက်ထဲသို့ ခုန်ချလိုက်လေသည်။
သည်အခိုက်အတန့်၌ အစိမ်းရောင်နဂါးကလည်း တရကြမ်း တိုးဝင်လာနေ၏။သည်နဂါးက နိုးထာလာကာစ ဖြစ်သည့်အတွက် သူ့စိတ်က တည်တည်ငြိမ်ငြိမ် မရှိသေးပေ။၎င်းက အလိုလိုသိစိတ်ဖြင့်သာ လုပ်ဆောင်နေခြင်း ဖြစ်၏။၎င်းက ဝမ်လင်း တွင်းနက်ထဲသို့ ခုန်ချသွားသည်ကို တွေ့သည့်အခါ သူလည်း ချက်ခြင်းပင် လိုက်ခုန်ချလိုက်၏။
သည်နေရာရှိ စုပ်အားက အပြင်ဘက်နှင့် ခြားနားနေခဲ့ကာ များစွာ အားကောင်းလှ၏။သည်နေရာသို့ ရောက်လာသည်မှာ ဝမ်လင်းအတွက် ပထမဆုံးအကြိမ် မဟုတ်သဖြင့် သူက သည်စုပ်အားအကြောင်းကို သိထားပေ၏။သူက တွင်းနက်ထဲသို့ ခုန်ချလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို အသက်သွင်းကာ အငူစွန်းဘေးနားသို့ ကပ်လိုက်၏။
***