ချန်လုံက ရှေ့သို့ ထိုးတက်သွားရင်း လင်းထျန်ဟူ၏ ဓားစွမ်းအင်ကို သူ့လက်ထဲ၌ စုစည်းထား၏။ဓားစွမ်းအင်က သူ့လက်ထဲတွင် လှည့်ပတ်နေပြီးနောက် ဖိအားတစ်ခုက ပျံ့နှံ့လို့လာသည်။
ဝမ်လင်း မျက်လုံးသူငယ်အိမ်က ကျုံ့လို့သွား၏။သူက ချန်လုံပိုင်ဆိုင်ထားသည့် လင်းထျန်ဟူ၏ ဓားစွမ်းအင်နှင့် ပတ်သတ်၍ တစ်ခုခုမှားနေသည်ကို သတိပြုမိခဲ့ပြီး ဖြစ်သည်။သည် ဓားစွမ်းအင်ပေါ်လာသော အခိုက်အတန့်၌ ဝမ်လင်းက သူ့နှလုံးသားသည် ချက်ခြင်း တင်းကြပ်လာသည်ဟု ခံစားလိုက်ရသည်။
“ဒါက လင်းထျန်ဟူရဲ့အသက်ဓာတ်ဓားစွမ်းအင်ပဲ။ အလွန် စွမ်းအားကောင်းတယ်…”
ကျောက်ရီအသံက ဝမ်လင်းစိတ်ထဲသို့ ဝင်ရောက်လို့လာသည်။
ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်လာသည်။ သူက လှုပ်ရှားနေရာကနေ ရပ်တန့်လိုက်၏။သူက တုန်ကင်နောက်သို့ ဆက်လိုက်ခြင်း မပြုတော့ဘဲ သူ့လက်ထဲရှိ ကောင်းကင်ဘုံမန္တာန်ရပ်တန့်ခြင်းကို ကိုင်ဆောင်ထားကာ ချန်လုံထံသို့ အေးစက်စွာ ကြည့်နေ၏။
ချန်လုံက တုန်ကင်နားသို့ မြန်ဆန်စွာ ရောက်ရှိသွားသည်။သူ့မျက်လုံးထဲ၌ အပျော်နှင့်ပြည့်နေ၏။သူက ၎င်းကို မည်သည့်အရာမှန်း မသိချေ။သို့သော် လောဘကြီးက ၎င်းတုန်ကင်နှင့်ပတ်သတ်၍ အရေးစိုက်လွန်းနေသဖြင့် ယင်းတုန်ကင်က ရှားပါးရတနာတစ်ခု ဖြစ်ရပေလိမ့်မည်။
သို့ရာတွင် သူက တုန်ကင်ထံသို့ လက်လှမ်းလိုက်သည့်အခိုက်မှာပင် ခြင်သားရဲအုပ်စုထဲမှ လောဘကြီး၏ ဒေါသသံ ထွက်ပေါ်လာသည်။ “ဂျူနီယာချန်လုံ…ဒီအဘိုးအိုက မင်းကို သတ်ပစ်မယ်…မရဏဝါးမြိုသူ တတိယပုံစံ…”
လောဘကြီးအသံက လျှပ်စီးကဲ့သို့အလား။၎င်းအသံက အထည်ဒြပ်ရှိလာသည်ဟု ထင်ရကာ ခြင်သားရဲအုပ်ကို ထွင်းဖောက် ဝမ်လင်းကို ဖြတ်ကျော်ကာ ချန်လုံထံသို့ တိုက်ရိုက် ဦးတည်သွားလေသည်။
ဝမ်လင်းမျက်လုံးများက အေးစက်လာခဲ့၏။သူကနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ ခြင်သားရဲအုပ်ထဲက အော်သံက ထွက်ပေါ်လာပြီးနောက် ယင်းအသံက အထည်ဒြပ်ပုံစံအဖြစ်သို့ စတင်ပြောင်းလဲသွားသည်။ရုတ်တရက် သလင်းလိုကြည်ရှင်းနေသည့် လူသေးလေး တစ်ယောက်က လေထဲ၌ ပေါ်လာလေ၏။
သည်လူက လောဘကြီးနှင့် ဆင်တူခြင်း မရှိသော်လည်း ၎င်း၏ခန္ဓာကိုယ်က လောဘကြီး၏အော်ရာကို ပေးစွမ်းလို့နေသည်။
“ဒုတိယမြောက်မူလစိတ်ဝိညာဉ်…” ဝမ်လင်းက လေတစ်ချက် ရှိုက်သွင်းလိုက်မိရင်း ထိုလူသေးသေးလေးကို စူးစိုက်ကြည့်နေမိသည်။
လောဘကြီးက အလွန်ဒေါသထွက်နေခဲ့ချေပြီ။သူ့မူလခန္ဓာကိုယ်က ခြင်အုပ်စုခဲ၌ ပိတ်လှောင်ခဲ့ထားရကာ အကူအညီမဲ့နေပြီ ဖြစ်သဖြင့် သူ့ဒုတိယမြောက်မူလစိတ်ဝိညာဉ်ကို စေလွှတ်ခဲ့တော့သည်။သူ့ပတ်လည်ရှိ အပ်ခုနစ်ချောင်းကလည်း မြန်ဆန်စွာ လှည့်ပတ်လာလေ၏။၎င်းတို့က သူ့ကို အနည်းငယ်သာ ကာကွယ်ပေးထားနိုင်ပေသည်။
သည်ခြင်သားရဲများ၏ ခန္ဓာကိုယ်က အလွန်အမင်း မာကြောလှ၏။အထူးသဖြင့် ၎င်းတို့၏ ပါးစပ်နှုတ်သီးများပင်။သည်လောက်ဆိုလျှင်တောင် သူ့အတွက် အရမ်းအခြေအနေမဆိုးသေးပေ။သို့သော် ခြင်သားရဲတစ်ကောင်က အသက်ခံလိုက်ရတိုင်း ၎င်းတို့က ချက်ခြင်း အနီရောင်တိမ်အဖြစ် ပြောင်းလဲသွားသည်။သည်အနီရောင်တိမ်က နောက်သို့ ဆုတ်ကာ ခြင်သားရဲတစ်ကောင်အဖြစ် ပြန်လည်ဖွဲ့စည်းသွားနေခြင်းပင်။၎င်းက အားနည်းသွားသော်လည်း နောက်တစ်ဖန် သူ့ကို ကြမ်းကြုတ်စွာ ခြင်နှုတ်သီးဖြင့် ခုန်ပေါက် ထိုးနှက်လာနေ၏။
သည်လူသေးလေး ပေါ်လာသည်နှင့် သူက အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားသည်။သူ့လက်က ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေ၍ အနက်ရောင်အလင်းများက သူ့ခန္ဓာကိုယ်ပတ်လည်၌ ပေါ်လာခဲ့တော့သည်။သည့်နောက် အနက်ရောင်လျှပ်စီးများက ချန်လုံထံသို့ တဟုန်ထိုး တိုးဝင်သွားကြသည်။
ချန်လုံအသွင်က ပြောင်းလဲသွား၏။သူက တုန်ကင်ကို လှမ်းနေသည့် သူ့ညာလက်ကို ပြန်မရုတ်သိမ်းလျှင် သည်အနက်ရောင်လျှပ်စီးများ၏ ထိမှန်ခြင်းကို ခံရပေတော့မည်။သို့ရာတွင် ထိုသို့ လက်ပြန်ရုတ်သိမ်းလိုက်ပါကလည်း သူလုပ်ခဲ့သမျှက အလကား ဖြစ်သွားပေလိမ့်မည်။
“စွန့်စား ကြည့်ရတော့မှာပဲ…” ချန်လုံက အံတင်းတင်း ကြိတ်ကာ လင်းထျန်ဟူ၏ ဓားစွမ်းအင်ကို ပစ်လွှတ်လိုက်တော့သည်။ ဓားစွမ်းအင်က လေထဲသို့ ဖြတ်သန်းကာ ကောင်းကင်နှင့်မြေကြီးကိုပင် တုန်ခါစေနိုင်သည်။
လောဘကြီး၏ ဒုတိယမူလစိတ်ဝိညာဉ်က ဖန်တီးထားသော လျှပ်စီးတန်းများက ဓားစွမ်းအင်နှင့် ထိမိသည့်အခါ တစ်ခုပြီးတစ်ခု ပျက်စီးကုန်သည်။ပြင်းထန်သောအားတစ်ခုက အရပ်မျက်နှာအနှံ့ကနေ ပြန့်ကျဲလို့လာသည်။
အသက်ဓာတ်ချိပ်တံဆိပ်များကို သူ့အား ဝန်းရံထားစေကာ ဝမ်လင်းက နောက်သို့ ဆုတ်၏။သို့သော် သူ့မျက်လုံးများကတော့ တောက်ပလျက် ရှိနေသည်။
သူ့ဆရာ၏ဓားစွမ်းအင်ကို ထုတ်လွှတ်ပြီးသည့်နောက် ချန်လုံက တုန်ကင်နောက်သို့ တုံ့ဆိုင်းခြင်းမရှိ လိုက်ပါသွား၏။သူ့မျက်လုံးထဲ၌ ကျေနပ်မှုတို့နှင့် ပြည့်နေသည်။သူက အထက်သို့ ချက်ခြင်းဆန်တက်ကာ ထွက်ပြေးလေ၏။
လောဘကြီး၏ဒုတိယမူလစိတ်ဝိညာဉ်က မာန်သွင်းကာ နောက်ကနေ လိုက်ပါ၏။သို့ရာတွင် လင်းထျန်ဟူ၏ ဓားစွမ်းအင်က သန်မာလွန်းလှသည်။၎င်းက ချန်လုံ၏ နတ်ဘုရားအာရုံပါ ပါဝင်နေသဖြင့် သူက ၎င်းစွမ်းအင်ကို လွယ်ကူစွာ ထိန်းချုပ်နိုင်နေသည်။ ဓားစွမ်းအင်က ဒုတိယမူလစိတ်ဝိညာဉ်၏ လမ်းကြောင်းကို ပိတ်ဆို့လေ၏။လောဘကြီး၏ ဒုတိယမူလစိတ်ဝိညာဉ်က ထိုဓားစွမ်းအင်ကို မထိဝံ့ပေ။သူက သူ့ဒုတိယမူလစိတ်ဝိညာဉ်က သည်ဓားစွမ်းအင်နှင့် ထိသည်နှင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားနိုင်ကြောင်းကို သိနေပေ၏။ထို့ကြောင့် သူက ဓားစွမ်းအင် ပျောက်ကွယ်သွားမည့် အချိန်ကိုသာ စောင့်နေရန် ရှိတော့သည်။
ခြင်သားရဲများ၏ ပိတ်လှောင်ခြင်းကို ခံထားရသော လောဘကြီး၏မျက်လုံးထဲ၌ ဆုံးဖြတ်ချက် ပြတ်သားဟန်များ ဖြစ်ပေါ်လာသည်။သူ့နှလုံးသားကတော့ တစစ်စစ်နာကျင်နေရသည်။သို့သော် သူက ချက်ခြင်းပင် သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ လက်ချောင်းအရွယ် စန္ဒကူးသစ်သားပိုင်းတစ်ခု ထွက်ပေါ်လာလေ၏။
၎င်း ထွက်ပေါ်လာသည်နှင့် ၎င်းက မွှေးရနံ့တစ်ခုကို ထုတ်လွှတ်လသည်။သည်စန္ဒကူးသစ်သားက သာမန်ဟုသာ ထင်ရသော်လည်း လောဘကြီး၏မျက်လုံးထဲတွင်တော့ ဝမ်းနည်းမှုတို့နှင့် ပြည့်လို့နေသည်။
“ကောင်လေး မင်းက ဒီအဘိုးအို ကောင်းကင်ဘုံကမ္ဘာရဲ့ရတနာတစ်ခုကို အသုံးပြုဖို့ အတင်း လုပ်စေခဲ့ပြီ။ ကောင်းကင်ဘုံစိတ်ရှုပ်ထွေးခြင်းအမွှေးတိုင်။ ဒီအဘိုးအိုက မင်းကို အပိုင်းပိုင်း လုပ်ပစ်မယ်…”
လောဘကြီးက အံတင်းတင်းကြိတ်ကာ သူ့ဘယ်လက်ကို မြှောက်လိုက်သည်။သူက ချက်ခြင်းပင် ထိုအမွှေးတိုင်းကို ထွန်းလိုက်ရာ အပြာရောင်မီးခိုးငွေ့တစ်ခုက ၎င်းထံကနေ မြင့်တက် လာခဲ့တော့သည်။
သည်အခိုးငွေ့ တော်တော်လေး ထူးဆန်းလှ၏။၎င်းက ပျံ့နှံ့လာသည်နှင့် ချက်ခြင်းပင် တိမ်ထုတစ်ခုလို ဖြစ်တည်လာသည်။ ခြင်သားရဲများက ထိုတိမ်ထုထဲ၌ ပိတ်လှောင်ထားခြင်း ခံလိုက်ရတော့သည်။တစ်ချိန်တည်းမှာပင် လောဘကြီးက ခြင်သား ရဲအုပ်ထဲကနေ ထိုးထွက်လာခဲ့၏။သူက ထိုအခိုးငွေ့ပေါ်သို့ ခြေချကာ ချန်လုံနောက်သို့ အတင်း လိုက်ပါသွားတော့သည်။
“စီနီယာလောဘကြီး…ရောင်းရင်းဝမ်…ငါက ဒီတုန်ကင်ကို
ယူသွားပြီ…ကျေးဇူးအများကြီး တင်ပါတယ်” ချန်လုံက ရယ်မောလိုက်သည်။ သူက ထွက်ပေါက်သို့ မြင်နေရပြီ ဖြစ်၏။
ဝမ်လင်းက အကွာအဝေးတစ်ခုရှိ ချန်လုံကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။သူ့မျက်လုံးများက တစ္ဆေဆန်သောအလင်းကို ပေးစွမ်းလာကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ရပ်တန့်ခြင်း…”
အဆင့်နိမ့်ကောင်းကင်ဘုံမန္တာန်အစစ်တစ်ခု၏ စွမ်းအာက ကောင်းကင်ဘုံနှင့်မြေကြီးကိုပင် အေးခဲတောင့်တင်းသွားစေနိုင်ပေသည်။ထူးဆန်းသောအားတစ်ခုက သည်ချောက်နက်ထဲပ ချက်ခြင်း ပြည့်နှက်လာခဲ့သည်။အားကောင်းသော ကျင့်ကြံသူတစ်ယောက်သာ သည်နေရာမှာ ရှိနေလျှင် သူက သည်ဧရိယာသည် မမြင်ရသော အမျှင်တန်းများနှင့် ပြည့်နေသည်ကို တွေ့မြင်ရပေလိမ့်မည်။သည်မမြင်ရသော အမျှင်တန်းများက ချက်ခြင်းပင် ချန်လုံအား ထွေးခြုံသွား၏။
ချန်လုံက သူ့ခန္ဓာကိုယ်သည် ရပ်တန့်သွားသည်ဟု ခံစားလိုက်ရ၏။သူ့မူလစိတ်ဝိညာဉ်ပင် ထိုနည်းလည်းကောင်း ခံစားလိုက်ရပေသည်။သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များပင် လှုပ်ရှားနိုင်ခြင်း မရှိတော့ချေ။
ချက်ခြင်းပင် သူက မလှုပ်မယှက်ဖြစ်လို့သွား၏။သည့်နောက် တုန်ကင်က သူ့လက်ထဲကနေ လွတ်ကျသွားသည်။
လောဘကြီးက အလွန်ပျော်ရွှင်သွားကာ သူက အခိုးငွေ့ကို ထုတ်လွှတ်၍ ချန်လုံကို ဝန်းရံစေလိုက်သည်။သည့်နောက် သူက တုန်ကင်ထံသို့ တိုက်ရိုက် ဦးတည်သွားသည်။
သည်အခိုက်အတန့်၌ ဝမ်လင်းက လှုပ်ရှားလာ၏။သူ့ခြေထောက်အောက်ရှိ ကျောက်ရီ၏ကောင်းကင်ဘုံဓားက တစ်ဟုန်ထိုး ထိုးတက်သွားသည်။ကောင်းကင်ဘုံဓား၏ အမြန်နှုန်းက အံ့မခနးပင်။ထို့ကြောင့် လောဘကြီး၏ အသွင်က ကြီးစွာ ပြောင်းလဲသွားသည်။
“ဝမ်လင်း…မင်းက ဒီအဘိုးအိုလက်ထဲက ရတနာကို လုယူဖို့ အရည်အချင်း မမှီသေးဘူး…”
လောဘကြီးက တုန်ကင်နှင့် အလွန်နီးကပ်နေခဲ့၏။သူနှင့် တုန်ကင်က လက်တစ်ကမ်းလောက်သာ လိုတော့သည်ဟု ထင်မှတ်ရသည်။
ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက တိုးညင်းစွာ ပြောလိုက်ပြန်သည်။ “ရပ်တန့်ခြင်း…”
လောဘကြီးက ခဏတာ တုံ့ဆိုင်းသွား၏။သူက ချက်ခြင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသော်လည်း ကောင်းကင်ဘုံဓား၏ အကူအညီကြောင့် ဝမ်လင်းက နီးကပ်လာခဲ့လေသည်။ဝမ်လင်းက လောဘကြီးကို ဖြတ်ကျော်ကာ တုန်ကင်ကို ယူဆောင်လိုက်ရာ လောဘကြီး၏မျက်လုံးက ပြူးကျယ်သွားတော့၏။
“ဝမ်လင်း…မင်း ဒီအဘိုးအိုရဲ့ ရတနာတွေကို ခိုးယူရဲတယ်လား…” လောဘကြီးမျက်လုံးများက နီရဲတွတ်နေကာ သူက မာန်သွင်း၍ ရှေ့သို့ ထိုးထွက်လိုက်သည်။
ချန်လုံက ပြန်လည်ကောင်းမွန်လာကာ သူ့အသွင်က သုန်မှုန်လို့နေသည်။သူက ချိပ်တံဆိပ်တစ်ခုကို ထုတ်ဖော်လိုက်၏။သူက သူ့အား ဝန်းရံထားသည့် အခိုးငွေ့များကို ချိုးဖျက်လိုက်သော်လည်း သူ့လမ်းကြောင်းကို ယင်းအခိုးငွေ့များက တားဆီးထားသဖြင့် သူက လွတ်မြောက်နိုင်စွမ်း မရှိ ဖြစ်လို့နေသည်။
သူတို့သုံးယောက်က မီးနတ်ဆိုးနိုင်ငံ၏ ထွက်ပေါက်နှင့် အလွန်နီးကပ်နေပြီ ဖြစ်သည်။ဝမ်လင်းက ကျောက်ရီ၏အမြန်နှုန်းကြောင့် ထွက်ပေါက်နှင့် ပိုနီးလို့နေသည်။သည်အခိုက်အတန့်၌ အပြင်ဘက်မှ နေရောင်ကိုပင် မြင်နေရပြီ ဖြစ်သည်။
လောဘကြီးက ရူးသွပ်လုနီးပါး ဖြစ်နေသည်။သူက မာန်သွင်းကာ သိုလှောင်အိတ်ထဲမှ ဧရာမမီးပြင်းဖိုကြီး တစ်ခုကို ထုတ်ယူလိုက်သည်။
သည်မီးပြင်းဖိုက လူတစ်ယောက်အရွယ်အစားလောက်ပင် ရှိကာ နက်မှောင်နေ၏။၎င်းအပေါ်၌လည်း မရေမတွက်နိုင်သော သားရဲပုံစံ စာလုံးများ ရှိလို့နေရာက ကပ်ဘေးအော်ရာကို ပေးစွမ်းကာ နေသည်။
လောဘကြီးက အော်ပြောလိုက်၏။ “စကြဝဠာ ပြန်ပြောင်းစီးဆင်းခြင်း။ ကောင်းကင်နှင့်မြေကြီး ပြန်ပြောင်းစီးဆင်းခြင်း…”
ထိုမီးပြင်းဖိုက တုန်ခါလာကာ အနက်ရောင်အလင်းတန်းတစ်ခု ထိုးထွက်လာ၏။အနက်ရောင်အလင်းက ကောင်းကင်နှင့်မြေကြီးအား လျင်မြန်စွာ ဖုံးအုပ်သွားသည်။သည်အခိုက်အတန့်၌ ကောင်းကင်နှင့်မြေကြီး၏ အနေအထားက ပြောင်းပြန် ဖြစ်လို့သွား၏။ကောင်းကင်က မြေကြီး၊မြေကြီးက ကောင်းကင် ဖြစ်လာချေသည်။
ဝမ်လင်း၊ချန်လုံနှင့် လောဘကြီးတို့၏ အနေအထားက ရုတ်တရက် ပြောင်းပြန် ဖြစ်လို့သွား၏။မူလတုန်းက ဝမ်လင်းက ရှေ့ဆုံးတွင် ရှိလို့နေသည်။သို့သော် ခုချိန်၌ အခိုးငွေ့များ ဝန်းရံထားခံရသည့် ချန်လုံက ဝမ်လင်းနေရာသို့ ရောက်သွားပြီး ဝမ်လင်းက ချန်လုံ၏ မူလနေရာသို့ ရောက်ရှိသွားလေသည်။
ချန်လုံက မှင်သက်သွားကာ သူ့က တော်တော်လေး ကြောက်လန့်မိသွားပြီး စကားတစ်ခွန်းမှ မဆိုတော့ဘဲ ထွက်ပေါ်ထံသို့ တဟုန်ထိုး ပြေးထွက်သွားချေ၏။
သူက ကြောက်လန့်နေမိလေပြီ။သူက သည်လောဘကြီးတွင် ခုလိုမျိုး အံ့မခန်း ရတနာများစွာ ရှိနေလိမ့်မည်ဟု မျှော်လင့်ထားမိခြင်း မရှိခဲ့ပေ။သည်ရတနာက လွန်စွာ သန်မာလွန်းလှ၏။၎င်းက စကြဝဠာကိုပင် ပြန်ပေါင်းစီးဆင်းစေခဲ့ပေသည်။
“ဒီလောဘကြီးက ဆရာ့ရဲ့မျိုးဆက်တူ ဖြစ်ဖို့ တော်တော်လေး ထိုက်တန်တာပဲ။သူ့ကျင့်ကြံမှုအဆင့်က ဆရာနဲ့ တော်တော်လေးကွာပေမဲ့ သူက ဆရာ့အာရုံကိုတောင် ဖမ်းစားနိုင်တော့ သူနဲ့ ပတ်သတ်လို့ ထူးထူးခြားခြား ဖြစ်နေတာ တစ်ခုခု ရှိကို ရှိနေလိမ့်မယ်..,”
ချန်လုံက လောဘကြီးသည် ရတနာများမရှိသည့် မည်သည့်နေရာကိုမျှ မသွားသည်ကို သိမထားခဲ့ပေ။မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကတည်းက လောဘကြီးက ကောင်းကင်ဘုံနန်းတော်နှင့် ယှဉ်နိုင်လောက်သည့် ရတနာများစွာကို လုံလောက်အောင် ရရှိထားခဲ့ပြီး ဖြစ်သည်။သို့ရာတွင် သူရရှိခဲ့သောရတနာများက သူကိုယ်တိုင်ပင် အသုံးမပြုနိုင်သည့်အရာများစွာ ရှိနေခဲ့၏။သူက သူ့ထံမှ ရတနာများကို လုယူခံရမှာ အလွန်စိုးရိမ်သဖြင့် အတော်လေး သတိထားတက်သူလည်း ဖြစ်နေခဲ့သည်။သူက တစ်ခုခုမှားသည်ဟု ခံစားမိသည်နှင့် ချက်ခြင်း ထွက်ပြေးတက်ပေ၏။
လောဘကြီးက အသက်ကို လေးပင့်စွာ ရှုလိုက်၏။ရုတ်တရက် သူ့ခေါင်းကို နောက်လှည့်ကြည့်သည်။သူက အခိုးငွေ့များကြား၌ ပိတ်လှောင်ထားခံရသော ဝမ်လင်းကို စူးစိုက်ကြည့်ကာ ညစ်ကျယ်ကျယ်ပြုံးလိုက်၏။
ဝမ်လင်းက လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်သည်။သူက မီးပြင်းဖိုအား စူးစိုက်ကြည့်နေမိ၏။သူ့မျက်လုံးထဲ၌လည်း ထူးဆန်းသောအလင်းတစ်ခု ရှိလို့နေသည်။သူက သည်မီးပြင်းဖိုကို သိရှိနေပေ၏။ချက်ခြင်းပင် ဝမ်လင်းက တုန်ကင်ကို သိုလှောင်အိတ်ထဲသို့ ထည့်သွင်းလိုက်၏။သူ့အောက်ရှိ ကောင်းကင်ဘုံဓားက ဓားတေးသံ ထုတ်လွှတ်လာကာ ကျောက်ရီ၏ နတ်ဘုရားအာရုံက သူ့စိတ်ထဲသို့ ဝင်လာခဲ့သည်။
“အားကောင်းလိုက်တဲ့ ရတနာ။ ဝမ်လင်း…မင်းကိုယ်မင်း လုံခြုံအောင် နေပါ…”
ကျောက်ရီ၏ကောင်းကင်ဘုံဓားက ဖျပ်ခနဲ ဓားစွမ်းအင်တန်းအဖြစ်ပြောင်းကာ ပျံသန်းထွက်သွားသည်။ဓားစွမ်းအင်များက ဓားကို ဝန်းရံထားပြီး ကောင်းကင်ဘုံဓားက စတင် တဝီဝီလှည့်ပတ်လာသည်။သူတို့ ပတ်လည်ရှိ အခိုးငွေ့များက စတင်ဖောင်းကြွလာ၏။သည့်နောက် ကျောက်ရီက အော်ပြောလိုက်သည်။ “ပွင့်သွားစမ်း…”
ပေါက်ကွဲသံတစ်ခုနှင့်အတူ အခိုးငွေ့ပေါ်၌ အပေါက်တစ်ခု ပေါ်လာ၏။ ကောင်းကင်ဘုံဓားက ထိုးထွက်လို့သွားသည်။ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူလည်း တဟုန်ထိုး ထိုးထွက်လိုက်၏။
ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က သာမန်ပဲ၊ဒါပေမဲ့ သူ့ရတနာတွေကတော့ ထူးဆန်းလွန်းလှတယ်။
“လူတစ်ယောက်က ဘယ်လိုများ ဒီလောက်များတဲ့ ရတနာတွေကို ရနိုင်ခဲ့ရတာလဲ…”
ကျောက်ရီထိုးထွက်သွားပြီးနောက် သူ့ကောင်းကင်ဘုံဓားက လောဘကြီးထံသို့ ထိုးစိုက်လာသည်။
လောဘကြီး၏မျက်လုံးများက တောက်ပလို့နေ၏။သူက နောက်သို့ ထပ်ဆုတ်ကာ သိုလှောင်အိတ်ကို ထပ်ပုတ်လိုက်သည်။သည်လုပ်ရပ်က ကျောက်ရီကို ရပ်တန့်သွားစေသည်သာမက ဝမ်လင်းနှလုံးကိုပါ ခုန်ပေါက်သွားစေ၏။
“ဝမ်လင်း…ဒီအဘိုးအိုက စစ်ထူနန်ကို ကျေးဇူးတင်တယ် ပြောလိုက်ပါ။သူ့ကြောင့်သာ မဟုတ်ရင် ငါက အစုတ်အပဲ့ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ နှစ်သောင်းနဲ့ချီပြီး နေထိုင်ခဲ့ရမှာ မဟုတ်ဘူး။ဒီနှစ်သောင်းနဲ့ချီကြာခဲ့တာကြောင့်သာ မဟုတ်ရင် ငါအရင်တုန်းက အသုံးမပြုနိုင်ခဲ့တဲ့ ရတနာတွေကို နားလည်နိုင်ခဲ့မှာ မဟုတ်ဘူး…”
လောဘကြီးက သူ့ညာလက်ကိုမြှောက်လိုက်ရာ သူ့လက်ပေါ်၌ အကာအရံ တစ်ခုပေါ်လာခဲ့၏။
ယင်းအကာအရံကို ပစ်လွှတ်လိုက်ရာ ၎င်းက ပေတစ်ရာလောက်ထိ ကြီးမား ကျယ်ပြန့်လာသည်။ ထိုအကာအရံ မျက်နှာပြင်ပေါ်၌ မှင်ဖြင့်ရေးဆွဲထားသည့် ကုန်းမြေပုံတစ်ခု ရှိလို့နေသည်။တောင်တန်းများက မြူများနှင့် ပြည့်နှက်နေကာ ကောင်းကင်ဘုံကမ္ဘာ၏အော်ရာကို ပေးစွမ်းလို့နေလေ၏။
“ဒီအဘိုးအိုက ကောင်းကင်ဘုံနယ်မြေရဲ့တောင်နဲ့မြစ်ပန်းချီကားကို ရှာတွေ့နိုင်စွမ်း မရှိခဲ့ပေမဲ့လည်း ဒီမျက်နှာပြင်ပေါ်မှာ ၎င်းကို ခပ်နှိပ်ထားတဲ့ဟာကိုတော့ ရှာတွေ့နိုင်ခဲ့တယ်။ ငါ့အတွက် စုစည်းလိုက်စမ်း…”
လောဘကြီးက ထိုသို့အော်ဟစ်လိုက်ရာ အကာအရံမျက်နှာပြင်ထံမှ အားကောင်းသော စုပ်အား တစ်ခု ထွက်ပေါ်လာသည်။
ကောင်းကင်ဘုံဓားပေါ်၌ ကျောက်ရီ၏ ပုံရိပ်က ပေါ်ထွက်လာသည်။သူက အလေးအနက် ဖြစ်လို့နေ၏။သူ့ညာလက်ကို ရှေ့သို့ ညွှန်လိုက်သည်။ချက်ခြင်းပင် သူက သူ့တွင် ကျန်နေသေးသော အသက်ဓာတ်ဓားစွမ်းအင်နှစ်ခုမှ တစ်ခုကို ထုတ်လွှတ်လိုက်လေသည်။
ဝမ်လင်းအသွင်က သုန်မှုန်သွား၏။သူက ချက်ခြင်းပင် သူ့ကိုယ်ထဲရှိ လင်းထျန်ဟူ၏ ဓားစွမ်းအင်ကို အသက်သွင်းလိုက်သည်။ဓားစွမ်းအင်က ထိုဖိအားကို ဖြတ်ကျော်ကာ လမ်းကြောင်းတစ်ခု ဖြစ်ပေါ်စေ၍ အောက်သို့ ဆင်းပြေးသည်။သူ့နောက်တွင်တော့ လောဘကြီး၏ လျှပ်စီးတန်းများ ဖုံးလွှမ်းနေသည့် ဒုတိယမြောက်မူလစိတ်ဝိညာဉ် ရှိလို့နေကာ ၎င်းက ဝမ်းလင်းနောက်သို့ လိုက်ပါလာ၏။
***