Switch Mode

အပိုင်း(၆၉၅)

ပြတ်ပြတ်သားသား

ခရမ်းရောင်မြူက ရူးသွပ်ဖွယ် ကျုံ့လာခဲ့၏။၎င်းမြူ၏ အစွန်းနားတွင်တော့ ခရမ်းရောင်အခိုးငွေ့အလွှာထု တစ်ခု ရှိလို့နေသည်။တာ့လော့ဓားကလန်မှ တပည့်များက မည်မျှကြိုးစားပါစေ သူတို့က ထိုခရမ်းရောင်အခိုးငွေ့အား ဖြတ်ကျော်နိုင်စွမ်း မရှိ ဖြစ်နေ၏။

တာ့လော့ဓားကလန်မှ တပည့်များထဲမှ တစ်ယောက်သည် လင်းထျန်ဟူ၏ ဓားစွမ်းအင်ကိုပင် အသုံးပြုခဲ့၏။သို့သော် မည်သို့မျှ သက်ရောက်မှု မရှိခဲ့ပေ။၎င်းက ခရမ်းရောင်အခိုးငွေ့၏ စုပ်ယူခြင်းကိုသာ ခံလိုက်ရသည်သာ ဖြစ်သည်။

ချန်လုံ အသွင်က ကြီးစွာ ပြောင်းလဲသွား၏။သူက နောက်သို့ဆုတ်နေသော ဝမ်လင်းထံသို့ လှည့်ကြည့်ရင်း လှမ်းအော်လိုက်သည်။ “အကိုဝမ်…ခုချိန်မှာ ငါတို့က သေရေးရှင်ရေးဖြစ်နေတာ သင်က မိတ်ဆွေတစ်ယောက်အနေနဲ့ ကူညီမပေးနိုင်ဘူးလား…”

“ဝမ်လင်း…ဒီအဘိုးအိုက မင်းကို စောစောစီးစီး မသတ်ချင်ခဲ့ဘူး။ဒါပေမဲ့ ခုမင်းက ဒီကိစ္စထဲကို ဦးတည်ပြေးဝင်လာတဲ့အတွက် ဘယ်သူ့မှမင်းကို မကယ်တင်နိုင်တော့ဘူး…”

လောဘကြီး၏ အသံက ခရမ်းရောင်မြူထဲသို့ ဖြည်းဖြည်းချင်း တိုးဝင်လာသည်။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက စကားပြန်မဆိုဘဲ နောက်သို့သာ အမြန်ဆုတ်လိုက်၏။ ထိုအခိုက်၌ ခရမ်းရောင်မြူကလည်း မြန်ဆန်လှသောနှုန်းဖြင့် ကျုံ့လာခဲ့သည်။သူက နောက်သို့ ခပ်ဖြေးဖြေးဆုတ်နေလျှင် သည်ခရမ်းရောင်အခိုးငွေ့များ၏ ကျူးကျော်မှုကို ခံရကာ အခြားအန္တရာယ်တစ်ခု ဖြစ်လာနိုင်ပေသည်။

တာ့လော့ဓားကလန်မှ တပည့်များကလည်း နောက်သို့ အမြန်ဆုတ်လာ၏။ ချန်လုံက ထပ်မံ အော်ပြောလိုက်ပြန်သည်။ “ရောင်းရင်းဝမ်…”

“ရောင်းရင်းချန်လုံ…ငါ့မှာ ငါ့ကိုယ်ငါတောင် ကယ်ဖို့ စွမ်းရည်မရှိဘူး။ဒါ့ကြောင့် ငါ့ကို ဒီလိုထပ်ထပ် ခေါ်မနေပါနဲ့…” ဝမ်လင်းက ခေါင်းယမ်းကာ ချက်ခြင်းပင် မြူများကြားမှ ပျောက်ကွယ်လို့သွား၏။ကျောက်ရီ၏ကောင်းကင်ဘုံဓားက သူ့ခန္ဓာကိုယ်အား ဝန်းရံပေးသွားသည်။

“မင်း…” ချန်လုံ၏ အသွင်က သုန်မှုန်လို့သွားသည်။သူက သက်ပြင်းချလိုက်၏။ ကောင်းကင်ကံကြမ္မာကလန်နှင့် တာ့လော့ဓားကလန်တို့က မီးနှင့်ရေလိုပင်။သူက ဝမ်လင်းသူ့ကို ကူညီပေးဖို့ ဘာကြောင့် ငြင်းဆန်သည်ကို နားလည်ထားပေ၏။

“ငါ အရမ်းတုံ့ဆိုင်းခဲ့တာကိုပဲ အပြစ်တင်ရတော့မယ်။ငါကသာ လောဘကြီးကို ပုန်ကန်ဖို့ စောစောဆုံးဖြတ်ခဲ့ရင် ငါတို့က ဆရာရဲ့ဓားစွမ်းအင်နဲ့ဆိုရင် ဒီလိုမျိုး အဆုံးသပ်မှာ မဟုတ်ဘူး…”

ချန်လုံမျက်လုံးထဲ၌ နောင်တတို့နှင့် ပြည့်လို့နေသည်။

သို့ရာတွင် လောကကြီးက သူ့ ဆရာ၏မျိုးဆက်မှ စီနီယာတစ်ယောက်ဖြစ်သည်။ထို့ကြောင့် သူက သူတို့၏ဓားစွမ်းအင်များအကြောင်း သိထားပေသည်။ချန်လုံက သူတို့ဆရာ၏ ဓားစွမ်းအင်ကို အသုံးပြုလျှင်ပင် လောဘကြီးက သည့်အတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်နေမည်ကို စိုးလည်း စိုးရိမ်ခဲ့ပေသည်။ထိုသို့သာ ဖြစ်လာပါက သူ့ဂျူနီယာညီလေးအားလုံးက သေဆုံးသွားရမည် ဖြစ်၏။

ထို့ကြောင့် သူက ထိုသို့သော တန်ဖိုးကို ပေးဆပ်လိုခြင်း မရှိသဖြင့် စောစောစီးစီး ဆုံးဖြတ်ချက်မချ ပေးဆပ်လိုခြင်း မဘဲ နှစ်တစ်ရာလောက် စောင့်ဆိုင်းခဲ့ခြင်း ဖြစ်လေ၏။

သည်အခိုက်အတန့်၌ ခရမ်းရောင်မြူက လျင်မြန်စွာ ကျုံ့လာခဲ့သည်။မျက်စိတစ်မှိတ်အတွင်း ၎င်းက အရင်ထက် ဆယ်ဆခန့်ပိုသေးငယ်လာခဲ့သည်။ခရမ်းရောင်မြူက ကျုံ့နေရင်း အစွန်းနားရှိ ခရမ်းရောင်အခိုးငွေ့ကလည်း ပိုသန်မာလာခဲ့သည်။တာ့လော့ဓားကလန်မှ လူများက နောက်သို့သာ ဆက်တိုက် ဆုတ်နေရ၏။

“ဝမ်လင်း…ငါတို့ ခု မထွက်သွားရင် ငါ့စွမ်းရည်နဲ့တောင် ထွက်ဖို့ ခက်ခဲသွားလိမ့်မယ်…”

ကျောက်ရီ၏စိုးရိမ်ပူပန်သောအသံက ဝမ်လင်းစိတ်ထဲ၌ ပဲ့တင့်ထပ်လို့နေလေသည်။

“ခဏလေး စောင့်ပါဦး…” ဝမ်လင်းမျက်လုံးများက လက်ခနဲဖြစ်သွား၏။သူက မြူလွှာထဲ၌သာ ရှိလို့နေသေးသည်။သူက အကွာအဝေးတစ်ခုရှိ တာ့လော့ဓားကလန်မှ တပည့်များကို ကြည့်နေရင်း မျက်လုံးများ အေးစက်လာခဲ့သည်။

“လူငါးယောက်…လင်းထျန်ဟူရဲ့ ဓားစွမ်းအင်တန်းလေးခု။ရတနာဓားငါးလက်…”

ဝမ်လင်းမျက်လုံးများက ပိုပို အေးစက်လာခဲ့ချေ၏။

ချန်လုံက သူ့ဘေးရှိ သူ့ဂျူနီယာညီများကို ဝမ်းနည်းသည့်ဟန်ပန်ဖြင့် ကြည့်လိုက်သည်။သူကမျက်လုံးမှိတ်ထားလိုက်သည်။သည့်နောက် ရုတ်တရက် သူကမျက်လုံး ပြန်ဖွင့်လာခဲ့၏။သူ့မျက်လုံးထဲ၌ ဆုံးဖြတ်ချက်ချပြီးသည့်ဟန်ပန်တို့ ဖြစ်ပေါ်လို့နေလေသည်။

“ရောင်းရင်း ဂျူနီယာညီလေးတို့…ငါ စိတ်မကောင်းပါဘူး။ ငါတကယ်ကို အသုံးမကျတဲ့ကောင်ပါ….”

ချန်လုံက အံတင်းတင်းကြိတ်လိုက်၏။သူက သူ့မျက်ခုံးနှစ်ခုကြားသို့ ခပ်မြန်မြန် လက်ညွှန်လိုက်သည်။ အနီရောင်အလင်းတန်းတစ်ခုက သူ့မျက်ခုံးနှစ်ခုကြားကနေ ချက်ခြင်းထွက်ပေါ်လာသည်။သည်အနီရောင်အလင်းက ဓားစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်။

သည်အရာက လင်းထျန်ဟူ၏ဓားစွမ်းအင်ပင်။သို့သော် ၎င်းက ဝမ်လင်းမြင်တွေ့ခဲ့ဖူးသော ဓားစွမ်းအင်များထက် အဆများစွာ ပို၍ အားကောင်းနေသည်။၎င်းက အခြားအရာများနှင့် မတူညီသော အဆင့်တစ်ခုတွင် ရှိလို့နေ၏။

သည်ဓားစွမ်းအင်က လင်းထျန်ဟူ ကမ္ဘာငယ်လေးခုကို ဓားလေးလက်အဖြစ် မွန်းမံသည့်အချိန်၌ ဖြစ်ပေါ်ခဲ့ခြင်းပင်။သူ့စိတ်ဝိညာဉ်ထဲ၌ သန့်စင်မွန်းမံထားသည့် အသက်ဓာတ်ဓားစွမ်းအင်များထဲမှ တစ်ခုလည်း ဖြစ်နေ၏။သူက အခြားတပည့်ဆယ့်တစ်ယောက်ကို ပေးခဲ့သော ဓားစွမ်းအင်အမျှင်တန်းများက သူ့လက်တစ်ချက် ဝှေ့ယမ်း၍ ဖန်တီးခဲ့ရုံသာ ရှိသည်။သို့သော် သည်ချန်လုံကို ပေးခဲ့သော ဓားစွမ်းအင်ကတော့ ကြီးမားစွာ ကွာခြားသွားခဲ့ပြီ ဖြစ်၏။

ဓားစွမ်းအင်ထွက်ပေါ်လာသည်နှင့် ကျုံ့နေသောခရမ်းရောင်မြူပင် အနည်းငယ် နှေးကွေးသွား၏။အပြင်ဘက်ရှိ လောဘကြီး၏ မျက်လုံးများက အေးစက်လာခဲ့သည်။ချန်လုံအပေါ် သူ့ထင်မြင်ချက်က မှန်ကန်နေခဲ့၏။

ချန်လုံက သက်ပြင်းချလိုက်သည်။ သူက သည်ဓားစွမ်းအင်ကို သူ့ခန္ဓာကိုယ်၌ ဝန်းရံကာ ခရမ်းရောင်အခိုးငွေ့များထံသို့ တဟုန်ထိုး တိုးဝင်သွားသည်။ခရမ်းရောင်အခိုးငွေ့နှင့် ဓားစွမ်းအင် ထိတိုက်သွးသည့်ခိုက်၌ ကျယ်လောင်သောအသံကြီး တစ်ခု ထွက်ပေါ်လာခဲ့၏။

သည့်နောက် ခရမ်းရောင်အခိုးငွေ့၌ အပေါက်တစ်ခု ပေါ်လာကာ ချန်လုံက ဓားစွမ်းအင်နှင့်အတူ ထိုးဖောက်ထွက်သွား၏။သူက သူ့ဂျူနီယာညီများကို သူနှင့်အတူ မခေါ်ဆောင်သွားလိုခြင်း မဟုတ်ပေ။သို့သော် သူက နောက်တစ်ယောက်ကို သူနှင့်အတူ ခေါ်သည်နှင့် သည်ခရမ်းရောင်အခိုးငွေ့ကို ထွင်းဖောက်နိုင်စွမ်း မရှိတော့မည်ကို သိနေခဲ့ပေသည်။

ချန်လုံ ထိုးထွက်သွားသည့်အခိုက်၌ ခရမ်းရောင်မြူက ချက်ခြင်း ပို၍ သိပ်သည်းလာခဲ့၏။ခရမ်းရောင်မြူက သိပ်သည်းလွန်းသဖြင့် တစ်ယောက်နှင့်တစ်ယောက်ပင် မမြင်ရတော့ပေ။

တာ့လော့ဓားကလန့်မှ တပည့်လေးယောက်၏ မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့မှုများ ဖြစ်ပေါ်လို့နေသည်။ဝူမူက ဒေါသတကြီး ကျယ်လောင်စွာ ပြောလာ၏။ “ဂျူနီယာညီလေးတို့…ငါတို့က ဒီလိုတောင် ဖြစ်နေမှာတော့ ဘာလို့ စိတ်ပျက်နေတော့မလဲ။ ဝမ်လင်း ဒီထဲမှာပဲ ရှိနေသေးတာ ငါသိတယ်။ဒီလူ့ကို သတ်ဖို့ ငါ့ကို ကူညီပါ…”

သူက ထိုသို့ပြောလိုက်ပြီးသည့်နောက် အခြားတာ့လော့ဓားကလန်မှ တပည့်သုံးယောက်သည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကို ချက်ခြင်း ထုတ်လွှတ်လိုက်ကြ၏။သူတို့က သေဆုံးရမည် ဆိုရင်ပင် ကောင်ကင်ကံကြမ္မာကလန်မှ တစ်ယောက်ကိုပါ သတ်ပစ်ခဲ့မည် ဖြစ်၏။သည်လူသာ မပေါ်ထွက်လာပါက သူတို့အတွက် အသက်ရှင်ရန် အခွင့်ရေးတစ်ခု ရှိကောင်းရှိနိုင်ခဲ့သည် မဟုတ်လား။

“ဝမ်လင်း…မင်းထွက်မသွားသေးဘူးလား…မင်းဘာကို စောင့်နေတာလဲ…” ကျောက်ရီအသံက ဝမ်လင်းစိတ်ထဲ၌ ထွက်ပေါ်လာပြန်၏။

“စီနီယာ…ဒီလူလေးယောက် အပေါ်မှာ သင့်ရဲ့ဓားနတ်ဘုရားအာရုံနဲ့ ပိတ်ဆို့ထားပေးဖို့ ငါ့ကို ကူညီပေးပါ…” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက လျှပ်စီးတန်းအလား ရွှေ့လျားလိုက်၏။ခရမ်းရောင်မြူထဲ၌ နတ်ဘုရားအာရုံက တားဆီးခံထားရာ သူက တစ္ဆေတစ်ကောင်လို့ လှုပ်ရှားလာခဲ့သည်။

“ဝမ်လင်း..အသက်ရှူစာဆယ်ကြိမ်အချိန်ရမယ်။ ပြီးရင် ငါက မင်းကို အတင်း အပြင်ဘက်ကို ခေါ်သွားရလိမ့်မယ်…”

ကျောက်ရီက ထိုသို့ပြောလိုက်ပြီးနောက် သူ့ဓားနတ်ဘုရားအာရုံဖြင့် တာ့လော့ဓားကလန်မှ လူလေးယောက်ကို ပိတ်ဆို့ထားလိုက်သည်။

ဝမ်လင်းက ထိုလေးယောက်ထဲမှ ကျင့်ကြံမှုအနိမ့်ဆုံး စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလယ်အဆင့်သာ ရှိသည့် လူထံသို့ အလင်းတန်းအလား ရွှေ့လျားသွားသည်။သည်ခရမ်းရောင်မြူထဲ၌ ထိုလူ၏ နတ်ဘုရားအာရုံက အသုံးမဝင်ပေ။

ဝမ်လင်း နီးကပ်လာသည့်အခါ သည်လူက လေပြေတစ်ခု ရိုက်ခတ်လာသည်ဟု ခံစားလိုက်ရ၏။သို့ရာတွင် ထိုလေပြက ချက်ခြင်းအေးစက်လာက သူ့ခေါင်းအား ဖြတ်တောက်လို့သွားလေ၏။

ဝမ်လင်းက ဓားစွမ်းအင်အတွင်း၌ ပိတ်လှောင်ထားသော ထိုခေါင်းကို ကိုင်ထားလိုက်၏။သည့်နောက် ရတနာဓားကိုပါ သိမ်းယူပြီးနောက် သူက နောက်ပစ်မှတ်တစ်ခုထံသို့ ဦးတည်သွားသည်။

စီရှီက သူ့ရတနာဓားကို ထိန်းချုပ်ထား၏။သို့သော် သူက ကြောင့်ကြနေကာ မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့နေခဲ့ချေပြီ။သူက မျက်လုံးကို အစွမ်းကုန်ဖွင့်လှစ်ထား၏။သို့သော် သူက သူ့ရှေ့ရှိ ခုနစ်ပေကိုသာ မြင်နိုင်စွမ်း ရှိနေသည်။

သူ့မျက်လုံးများက ရုတ်တရက် မှုန်ဝါးသွားကာ ပုံရိပ်တစ်ခုက သူ့ရှေ့သို့ ဖျပ်ခနဲ ရောက်ရှိလို့လာ၏။

“ဘယ်သူလဲ…” စီရှိနှလုံးသားက တုန်ယင်သွားသည်။သူက ချက်ခြင်းပင် လက်ထဲရှိ ဓားကို မြူထဲသို့ ပစ်လွှတ်လိုက်သည်။သို့ရာတွင် သူက ဓားကို ပစ်လွှတ်လိုက်သည်နှင့် အေးစက်စက်လက်တစ်ဖက်က သူ့ဇာတ်ပိုးအား ဖိချလာသည်ကို ခံစားလိုက်ရသည်။သူက သူ့မူလစိတ်ဝိညာဉ်ပင် တုန်ယင်သွားသည်ဟု ခံစားလိုက်ရ၏။သူ့ကိုယ်ထဲရှိ အသက်ဓာတ်များက သူ့ခန္ဓာကိုယ်ကနေ မြန်ဆန်စွာ ထွက်လို့သွားသည်။ ကြောက်လန့်စွာ အော်ဟစ်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်က မံမီအဖြစ်သို့ ရောက်ရှိသွားချေသည်။

သို့ရာတွင် သူက သေဆုံးခါနီးအချိန်၌ သူ့ကိုယ်ထဲရှိ လင်းထျန်ဟူ၏ ဓားစွမ်းအင်က ရုတ်တရက် ပေါက်ကွဲထွက်လာကာ သူ့ခန္ဓာကိုယ်နှင့်အတူ ပျက်စီးသွားစေသည်။

ဝူမူ၏ မျက်လုံးများက လုံးဝ နီရဲလို့နေသည်။သူ့ရတနာဓားကို ဆုံးရှုံးလိုက်ရသည့်အတွက် သူက ဝမ်လင်းကို အရိုးထဲကနေ မုန်းတီးနေပေသည်။ခုချိန်တွင် သူက လင်းထျန်ဟူ၏ ဓားစွမ်းအင်ကို အသက်သွားသွားပြီး ဖြစ်ကာ လေပြေတစ်ခု ရိုက်ခတ်လာသည်ဟု ခံစားမိလျှင်ပင် သူက ချက်ခြင်း ထိုစွမ်းအင်ကို ထုတ်လွှတ်လိုက်မည် ဖြစ်၏။

သည့်အခိုက်အတန့်၌ သူ့ရှေ့ရှိ ခရမ်းရောင်မြူက တစ်ယောက်ယောက် တိုးဝင်လာသကဲသို့ လှည့်လည်လာ၏။ဝူမူ၏ မျက်လုံးများက ကြမ်းတမ်းရက်စက်လာကာ သူက အော်ပြောလိုက်သည်။ “ဝမ်လင်း…သေစမ်း…”

သူက လင်းထျန်ဟူ၏ဓားကို ထုတ်လွှတ်တော့မည် အခိုက်မှာပင် သူ့ဂျူနီယာ ရှုကုံ၏အသံက ရုတ်တရက်ပေါ်လာခဲ့၏။

“စီနီယာအကို…ငါပါ…”

ဝူမူက မှင်သက်သွားကာ သူ့ညာလက်ကို ပြန်ရုတ်သိမ်းလိုက်၏။သို့ရာတွင် သူက စကားပြောဟန် ပြင်လိုက်စဉ်၌ သူ့ညာဘက်ခြမ်းမှမြူထဲမှ လက်တစ်ဖက်ကို တိတ်တဆိတ် ပေါ်ထွက်လာခဲ့သည်။သည့်နောက် လက်ညှိုးတစ်ချောင်းက ဝူမူ၏ မျက်ခုံးနှစ်ခုကြားသို့ ထိလို့သွားသည်။

ဝူမူ၏မျက်လုံးများက ပြူးကျယ်သွားကာ ပါးစပ်မှ သွေးများအပြည့် အန်ထုတ်လိုက်ရ၏။သူ့မျက်လုံးများက ငြင်းဆန်နေလိုမှုများ ပြည့်နေကာ သူက သူ့ပြန်ရုတ်သိမ်းလိုက်သည့် ဓားစွမ်းအင်ကို အသက်သွင်းချင်နေသည်။သို့သော် သူ့တွင် အခွင့်အရေး မရှိတော့ချေ။

အသက်ရှူစာဆယ်ကြိမ် ကြာပြီးသည့်နောက် ကျောက်ရီက ဝမ်လင်းကို အတင်းခေါ်၍ ခရမ်းရောင်မြူလွှာထဲကနေ ထိုးထွက်လိုက်လေသည်။

“ကံမကောင်းစွာနဲ့…ဒါတစ်လက်ကျန်ခဲ့သေးတယ်…” ဝမ်လင်းက သက်ပြင်းချလိုက်မိ၏။

တာ့လော့ဓားကလန်မှ တပည့်လေးယောက်ထံမှ ဓားစွမ်းအင်တန်းနှစ်ခုကို သူက အရယူနိုင်လိုက်၏။သူ့တွင် အရင်ရှိသည့်တစ်ခုနှင့်ပေါင်းလိုက်ပါက ခုဆို ဓားစွမ်းအင်တန်းသုံးခု ဖြစ်သွားခဲ့လေပြီ။

တာ့လော့ဓားကလန်မှလူများက စိတ်မရှည်ဖြစ်နေခြင်း၊မျှော်လင့်ချက် ပျက်သုန်းနေခြင်းတို့ကြောင့် မဟုတ်လျှင် ဝမ်လင်းက အသက်ရှူစာဆယ်ချိန်အတွင်း ဓားစွမ်းအင်များကို ယူဆောင်နိုင်မည် မဟုတ်ပေ။သည့်အပြင် သူတို့ထဲက တစ်ယောက်က ဓားစွမ်းအင်ကိုပင် အသက်သွင်းထားခဲ့၏။ကံကောင်းစွာနှင့် ဝမ်လင်းက ကြိုတင် ပြင်ဆင်ထားခဲ့ပေ၏။ထို့ကြောင့် သူက ဒဏ်ရာမရရှိခဲ့ပေ။

နောက်ထပ် တည်နေရာနှင့် အခြေအနေတို့ ကွာခြားသွားပါက ဝမ်လင်းသည် လင်းထျန်ဟူ၏ဓားစိမ်းအင် ရှိနေသော တပည့်လေးယောက်နှင့် ရင်ဆိုင်ရပါက သူက နောက်ဆုတ်ပေမည်။သူက ထိုလေးယောက်ကို ကြောက်ရွှံ့ခြင်းတော့ မဟုတ်ပေ။သို့သော် သူက သည်ဓားစွမ်းအင်များကို သေချာ သတိထားနေပေ၏။

ကျောက်ရီက သည်အဖြစ်အပျက်များကို မျက်မြင်တွေ့လိုက်ရသဖြင့် ဝမ်လင်းအပေါ် သူ့လေးစားမှုက ပိုတိုးလာခဲ့၏။ဝမ်လင်းက သွေးအေးစွာ၊ပြတ်သားစွာ လုပ်ဆောင်နိုင်ခဲ့ပေသည်။အခြားတစ်ယောက်ယောက်သာ ဖြစ်နေပါက သည်လိုအခြေအနေတွင် မြူကြားထဲမှ ထွက်နိုင်ဖို့သာ တွေးနေပေလိမ့်မည်။အခု ဝမ်လင်းလို့ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။

သည်မြူက ရူးသွပ်ဖွယ် ကျုံ့လာခဲ့၏။ခုချိန်၌ ၎င်းက ပေတစ်ထောင်အကျယ်ပင် မရှိတော့ချေ။

ခရမ်းရောင်မြူအပြင်ဘက်၌ ချန်လုံအသွင်က အလွန်သုန်မှုန်လျက် ရှိနေ၏။လင်းထျန်ဟူ၏ ဓားစွမ်းအင်က သူ့လက်ထဲတွင် ကိုင်ထားလျက်ရှိနေကာ စူးရှသောအလင်းကို ထုတ်လွှတ်လို့နေသည်။မရေမတွက်နိုင်သော ခြင်သားရဲများက သူ့ကို ဝန်းရံထားကာ တိုက်ခိုက်လျက် ရှိနေကြ၏။

“လောဘကြီး…ဒီကိစ္စကို နောက်အနာဂတ်မှာ သင် ငါ့ဆရာ့ကို ဘယ်လို ရှင်းပြမလဲ ငါ မြင်ချင်မိတယ်…”

လောဘကြီးက အကွာအဝေးတစ်ခုတွင ရပ်လို့နေကာ သူ့ကိုလည်း ခြင်သားရဲများက ဝန်းရံထား၏။သည်ခြင်သားရဲများက အလွန်ပင် ကြမ်းကြုတ်လှသည့်အသွင် ရှိနေ၏။အုပ်စုထဲမှ အဆက်မပြတ်ထွက်ပေါ်လာနေသော ဟိန်းသံကြောင့် မဟုတ်လျှင် သူတို့က လောဘကြီးကို ထိုးစိုက်ချနေပြီး ဖြစ်သည်။

ခြင်သားရဲဘုရင်ကို ထိန်းချုပ်ပြီးသည့်နောက် သူ့ကို သည်ခြင်အုပ်စုအား သွယ်ဝိုက်သောနည်းဖြင့် ကြိုးကိုင်ခွင့်ရသွားစေခဲ့သည်။ သို့သော် လောဘကြီးက ထိုအုပ်စုနားသို့ တိုးကပ် မသွားရဲပေ။သည်ခြင်သားရဲများ၏ သဘာဝက ပေါက်ကွဲလွဲကာ သွေးဆာတက်ပြီး ယဉ်ပါးတက်ခြင်း မရှိပေ။သူက အနည်းငယ် သတိလွတ်သွားသည်နှင့် သူ့ကို ရုတ်တရက် တိုက်ခိုက်လာနိုင်ပေသည်။

သူက ခြင်သားရဲဆယ့်နှစ်ကောင်လောက်ဆိုရင် ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ရာချီလျှင်ပင်လည်း ကိစ္စကြီးတော့ မဟုတ်သေးပေ။ထောင်ချီလျှင်ပင် သူ့အမူအရာအား ပြောင်းလဲသွားစေရုံလောက်သာ ရှိပေလိမ့်မည်။သို့ရာတွင် သည်နေရာ၌ သောင်းချီနေသောအုပ်စုကြီး ရှိနေခဲ့သည် မဟုတ်လား။

သည့်အတွက်ကြောင့် သူ့ဦးရေပြားက မထုံထိုင်းမိဘဲ နေပါ့မလား။သူက ထိုအုပ်စုကို ထိန်းချုပ်နိုင်နေသော်လည်း အလွန်သတိထားနေဆဲသာ ဖြစ်၏။

“မင်း ဆရာက ဒီကိစ္စကို သိသွားလည်း ငါ့မှာ ဖြေရှင်းချက်တစ်ခု ရှိပြီးသားပါ။ဒါ့အပြင် သူက ဒီကိစ္စကို ရှာတွေ့ သိရှိ နိုင်တော့မှာ မဟုတ်ပါဘူ…”

သည်အခိုက်မှာပင် ဝမ်လင်းပုံရိပ်က ခရမ်းရောင်မြူများကြားကနေ ပေါ်ထွက်လာခဲ့သည်။သူက ကောင်းကင်ဘုံဓားပေါ်၌ မတ်တပ်ရပ်နေကာ ပြင်းထန်သောဓားစွမ်းအင်ကို ထုတ်လွှတ်လျက် ရှိ၏။

ဝမ်လင်း၏ ထွက်ပေါ်လာသော ပုံပန်းသွင်ပြင်က လောဘကြီး၏ မျက်လုံးများကို အေးစက်သွားစေသည်။သူက နှာခေါင်းရှုံ့ကာ စိတ်ထဲ၌ အမိန့်ပေးလိုက်၏။ ခြင်သားရဲအုပ်စုကြီးက ချက်ခြင်း ဟိန်းသံများ ပြုကာ ဝမ်လင်းထံသို တိုးဝင်လာကြသည်။

လောဘကြီးက အေးစက်စက်နှာခေါင်းရှုံ့၏။သူက ဝမ်လင်းကိုချက်ခြင်း သတ်မပစ်လိုပဲ သူ့မူလစိတ်ဝိညာဉ်ကို ထုတ်ယူ၍ စစ်ထူနန်အကြောင်းကို ရှာဖွေချင်နေမိသည်။သူက ဝမ်လင်းကို အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်၌ ခဏတာ မြင်လိုက်ရချိန်တွင် သူက ဝမ်လင်းကိုယ်ပေါ်၌ စစ်ထူနန်၏ အော်ရာကို ခံစားမိခဲ့ပေ၏။

ဝမ်လင်းက သူ့ထံသို့ တိုးဝင်လာသော ခြင်သားရဲများကို ကြည့်ကာ ထူးဆန်းသောအသွင် ဖြစ်လို့သွား၏။

သည်အခိုက်မှာပင် ထိုခြင်သားရဲအုပ်စုထဲမှ စူးရှသောအော်သံ တစ်ခုက ရုတ်တရက် ထွက်ပေါ်လာကာ အရင်အသံများအားလုံးကို ဖုံးလွှမ်းသွား၏။တစ်ချိန်တည်းမှာပင် ခရမ်းရောင်ပုံရိပ်တစ်ခုက ဝမ်လင်းထံသို့ တဟုန်ထိုး တိုးဝင်လာခဲ့သည်။သည်ပုံရိပ်က ဝမ်လင်း၏ ခြင်သားရဲပင် ဖြစ်ချေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset